ညီစောလွင်- မြန်မာမကျော်တဲ့ ကမ္ဘာကျော် စာတအုပ်

May 22, 2017

မြန်မာမကျော်တဲ့ ကမ္ဘာကျော်စာတအုပ် 

ညီစောလွင်

(မိုးမခ) မေ ၂၁၊ ၂၀၁၇

 

အင်စတီကျူးရှင်း INSTITUTION ဆိုတဲ့အင်္ဂလိပ်စာလုံးကို အမျိုးမျိုးဘာသာပြန်ကြတယ်။ ချောမွေ့တဲ့မြန်မာဝေါဟာရရယ်လို့တော့ ကျနော်ဘဝင်ကျတာမရှိသေးပါဘူး။  အဖွဲ့အစည်း မူဘောင် စသဖြင့် ဘာသာပြန်ကြပါတယ်။ ထားတော့။ ကျန်ခဲ့တဲ့နှစ်တွေမှာ ကျနော်တို့ပါးစပ်ဖျားက မချကြတဲ့စကားလုံးပေါ့။  ဒီနာမည်နဲ့စာအုပ်တအုပ်စာစာမူတွေ ကျနော်စုထားပေမယ့်မထုတ် ဖြစ်ပါဘူး။ 


အဓိကအိုင်ဒီယာကိုတော့ WHY NATIONS Fail စာအုပ်ထဲက တချို့စာအုပ်ကိုဝေဖန်ချက်တွေ မူရင်း စာရေးဆရာနှစ်ယောက်ရဲ့တခြားစာမူတွေကို အမြီးဖြတ်ခေါင်းဖြတ် တချို့ လည်းလုံးစေ့ပတ်စေ့ ဘာသာပြန် ရေးခဲ့တဲ့စာမူတွေပါ။ 
စာအုပ်ဝေဖန်ရေးတွေကို အရင်ဖတ်ရင်း၊ အွန်လိုင်းမှာလိုက်ဖွရင်း နောက်ဆုံး ပီဒီအက်ဖိုင်ရခဲ့ပါတယ်။ ကျားကုတ်ကျားခဲ ကြိုးစားဖတ်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ အဲ့အချိန်က သမ္မတကြီးဦးသိန်းစိန်ကို စာပေသမား လည်းဟုတ် ပညာတတ်စီးပွားရေးသမားတယောက်က လက်ဆောင်ပေးဖို့ရည်ရွယ်နေတဲ့ သတင်းဆောင်း ပါးတပုဒ်ဖတ်ရပါတယ်။ နောက်တော့ ဘာဆက်ဖြစ်လဲမပြောတတ်ပါ။

နာမည်ကျော်ဖွံဖြိုးရေးပညာရှင် နှစ်ယောက်ရဲ့ အာဘော်ကို ကျနော်နားလည်သလို ပြန်ပြောရရင်
စီးပွားရေးကို နိုင်ငံရေးရဲ့လက်အောက်ခံသွင်းထားတာဖြစ်လို့တချို့ ဆရာတွေက သဘောကျမယ် မထင်ပါဘူး။ ဒါကြောင့် ကျနော်တို့ဆီမှာ ဒီစာအုပ်က ငုတ်သလိုဖြစ်နေခဲ့ပါတယ်။ 
စီးပွားရေး ဖွံ့ဖြိုးရေးအရင်လား? နိုင်ငံရေးအရင်လား? ဒါက ကြက်ဥအစ ရှာသလို ဘုရားသခင်ကို ဘယ်သူ ဖန်ဆင်းသလဲ မေးခွန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ 

ပညာရှင်နှစ်ယောက်ရဲ အယူအဆကတော့ သိပ်ရှင်းပါတယ်။ နိုင်ငံရေးကသာလျှင် အရာရာပြဋ္ဌာန်းပါ တယ်။ စီးပွားရေးမှာ အခွင့်အရေးမညီမျမှုကို မွေးဖွားပေးတာဟာ နိုင်ငံရေးပဲ။ သူတို့အဆိုအရ ‘အင်စတီ ကျူးရှင်း ‘ တွေပါပဲ။ သူတို့အသုံးအတိုင်း ‘inclusive institutions’ နဲ့  ‘extractive institutions တွေက ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတနိုင်ငံရဲ့ တည်နေရာ၊ ရာသီဥတု၊ လူဦးရေ၊ ယဉ်ကျေးမှု ဒါတွေဟာ အဓိကမကျလှဘူး။ အင်စတီကျူးရှင်းတွေကတဖက်စောင်းနင်းမဖြစ်ဖို့သာ ပဓာနလို့
ရပ်ခံတင်ပြပါတယ်။ နိုင်ငံတွေရဲ့ နမူနာတွေနဲ့  နှိုင်းယှဉ်ပြပါတယ်။

 တောင်နဲ့ မြောက်ကိုရီယားထက်ရှင်းတဲ့ဥပမာ မရှိနိုင်ပါဘူး။ တည်နေရာ၊ ရာသီဥတု၊ ယဉ်ကျေးမှုတွေထက် မတူခြားနားတဲ့နိုင်ငံရေးစနစ်တွေကသာ တောင်ပိုင်းနဲ့မြောက်ပိုင်း မိုးနဲ့မြေကွာခြားတယ်လို့ ကောက်ချက်ချ ရင် ငြင်းဖို့ခက်ပါတယ်။

တကယ်တော့ ဘာလင်တံတိုင်းကြီးရဲ့  အရှေ့ နဲ့ အနောက်မှာ ဒီလိုဇာတ်လမ်းရှိတာ က သမိုင်းရဲ့ အလှည့်အပြောင်းကိုဦးတည်ခဲ့တာပဲ မဟုတ်လား။

 နိုဂါးလိစ်ဆိုတဲ့ အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်က မြို့ကလေးဆိုရင် နယ်နိမိတ်မျဉ်းကြောင့်သာ နှစ်ခြမ်းကွဲ ပေမယ့် နာမည်လည်းအတူတူ။ နေထိုင်ကြတဲ့လူတွေလည်းအတူ။ ပျံနှံ့နေတဲ့ ပိုးမွားတွေလည်း အတူတူ ပါပဲ။ ဒါပေမဲ့ မက္ကဆီကိုဘက်က နိုဂါးလိစ်က ရောဂါထူ၊ ရာဇဝတ်မှုထူ၊ ဆင်းရဲမွဲ တေပါတယ်။

 ‘ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းမှာ မီးမှိန်မှိန် ‘ ဒီဇာတ်လမ်းမျိုးတွေကို ထိုင်း-မြန်မာ နယ်စပ် မြို့တွေ၊ တရုတ်- မြန်မာနယ်စပ်မြို့တွေမှာ တွေ့နိုင်တာပါပဲ။

ဒါဟာ မြန်မာတွေက တခြားအိမ်နီးချင်းတွေထက် ယဉ်ကျေးမှုညံ့လို့ ဆင်းရဲ ဇာတာပါတာကြောင့်လို့ပြောရင် လက်ခံနိုင်ပါသလား။

 နာမည်ကျော် ဂျာနယ်လစ်စာရေးဆရာ ဇာကရီယာက ယဉ်ကျေးမှုဆိုတာ ဘုန်းကြီးကျောင်းက ဟင်းပေါင်း အိုးလိုပဲ ကောင်းတာလည်း ရှိမယ်။ မကောင်းတာလည်း ရှိမယ်။ ဒါကြောင့် တခုခုဖြစ်တိုင်း ယဉ်ကျေးမှုထဲ က နမူနာကို ထုတ်ယူကိုးကားပြရင် ဒါက ပညာသားပါလှတယ်လို့မမြင်ပါဘူး။ ကွန်ဖြူးရှပ်ယဉ်ကျေးမှု အကြောင်းပြောရင် နိုင်ငံဖွံ့ ဖြိုးရေးကို အားပေးတာလည်းရှိသလို အားမပေးဘူးလို့ယူစရာအကြောင်းတွေလည်း ရှိပါတယ်။ အရေးကြီးတာက ယဉ်ကျေးမှုမဟုတ်ဘူး။ တည်နေရာမဟုတ်ဘူး။ မိုးလေဝသမဟုတ်ဘူး။ ရောဂါပိုးမွား တွင်းထွက် သံယံဇာတတခုမှမဟုတ်ဘူး။ နိုင်ငံရေးစနစ်သာ ဖြစ်တယ်။
အဲ့ဒီနိုင်ငံရေးစနစ်က ဖန်တီးပေးတဲ့စီးပွားရေး၊ ပညာရေးစနစ်တွေနဲ့သာ ဆိုင်တယ်။

ဆမ်ဆောင်းကုမ္ပဏီကို မြောက်ကိုရီယားကနေထွက်မလာနိုင်ဘူး။ အက် ဒီဆင်၊ အိုင်စတိုင်၊ ဘေဂိတ်၊ ဇူကာဘတ်တို့ဟာ အနောက်တိုင်းစနစ် အနောက်တိုင်းအင်စတီကျူးရှင်တွေက မွေးထုတ်ပေးလိုက်တဲ့ လူရည်ချွန်တွေ ဖြစ်ပါတယ်။  မြောက်ကိုရီယားမှာမွေးရင် အာဟာရချို့တဲ့လို့ ငယ်ငယ်ကတည်းက လူမသိသူမသိ အသက်ဆုံးသွားတာ လည်း ဖြစ်မယ်။ မြန်မာပြည်က တိုင်းရင်းသားနယ်မြေမှာဆိုရင် စစ်ပြေးကလေးဖြစ်မလား။ ကလေးစစ်သားဖြစ်မလား။ မြိုမှာ မွေးလည်း ပညာရေးအင်စတီကျူးရှင် အကန့်သတ်တွေအောက်မှာ အတောင်ပေါက်နိုင်မလား။ မသေချာပါဘူး။ အာဏာရှိ၊ ကြေးရတတ် အထက်တန်းလွာ အခွင့်ထူးခံမိသားစုကဆိုရင်တော့ တမျိုးပေါ့။

ဒါတွေက why nations fail မှာ ပညာရှင်နှစ်ယောက်တင်ပြတဲ့ သီအိုရီ အယူအဆကို ကျနော်နားလည် သလောက် ဘာသာပြန်ကြည့်တာပါ။

တခုတော့ရှိပါတယ်။ ကြောင်ကိုဘယ်သူ ခြူဆွဲပေးမလဲဆိုတဲ့ ဆရာမောင်သာရစကားအတိုင်း နိုင်ငံရေး စနစ်ကို ဘယ်သူကပြောင်းမှာလဲ။ ဘယ်လိုပြောင်းမလဲ။ ဒီစာအုပ်ထွက်စဉ်က အားတက်စရာ အာရတ် နွေဦးဟာ အခု တော့ အနာဂတ်မှုန်ဝါးနေဆဲပါပဲ။  သူတို့ဆီက အင်စတီကျူးရှင်းအပြောင်းအလဲကြိုးပမ်းချက်က ရှေ့ မတိုးနိုင်ပါဘူး။  ရွေးကောက်ပွဲဖွဲ့ စည်းပုံလမ်းကြောင်းလိုက်နေတဲ့ မြန်မာပြည်ရဲ့  နိုင်ငံရေးအင်စတီကျူးရှင်း စီးပွားရေး အင်စတီ ကျူးရှင်းတို့ကို ပိုပြီးတရားမျှတအောင် လူတိုင်းအတွက် အခွင့်အရေးတန်းတူဖြစ်အောင် ဆောင်ရွက်နေရတာ ထင်သလောက်မလွယ်သေးပါဘူး။

ဒါပေမဲ့ ပိုပြီးအရေးကြီးတာ ရှိပါသေးတယ် ။  တဖက်စောင်းနင်းအင်စတီကျူးရှင်းဟာ ကင်ဆာရောဂါနဲ့တူပါတယ်။ ပထမတော့ လူ့အဖွဲ့အစည်းရဲ့ ကုတ်ကိုခွစီးပြီး အသွေးကိုယူ၊ အသားကိုယူ ဝါးမြို စားသောက်ရင်း အဆုံးတနေ့မှာတော့ လူ့အဖွဲ့အစည်း လည်း သေဆုံး၊ ကင်ဆာလည်းလိုက်ပါ သေဆုံးတာမျိုးပါပဲ။  ပိုလွယ်အောင်ပြောရရင် ဖုတ်ဝင်နေတဲ့လူနာသေဆုံးတဲ့အခါ ဖုတ်လည်း လိုက်ပါသေဆုံးသွားသလို ဖြစ်ပါတယ်။

Why Nations fail စာအုပ်ဟာ အစဆုံး မြန်မာဘာသာပြန်ရှိသင့်တဲ့ စာအုပ်ဖြစ်ပေမယ့် မြန်မာပြည်မှာ တော့ လူကြိုက်မများလှပါဘူး။ အနှစ်ချုပ် ဘာသာပြန်ရေးပေးတဲ့ ဒေါက်တာအောင်မြင့်ကို ကျေးဇူးတင်ရ မှာပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, ညီစောလွင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်