မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၂၇)

May 22, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၂၇)

(မိုးမခ) မေ ၂၂၊ ၂၀၁၇

● မုန်းကိုး နိုင်ငံရေးဌာန

မုန်းကိုးကွင်း မန်ပန်ရွာအနီးအခြေစိုက်ထားသော မုန်းကိုးနိုင်ငံရေးဌာနဟုခေါ်ကြသည် အရှေ့မြောက်စစ်ဒေသမြစ်အနောက်ဖက်ကမ်းရုံးခွဲတွင် မိမိ ၁၉၇၆ အောက်တိုဘာမှ ဒီဇင်ဘာအထိ ၄ လခန့် ကြာမြင့်ခဲ့သည်။ မျက်မှန်တဝင်းဝင်းတပ်ထားသော မိမိနှင့် ကိုမြင့်ထွန်းအား ရှေ့တန်းနှင့် မသင့်လျော်ဟုလည်းကောင်း ကိုဇော်ကိုတော့ မြေပေါ်ဆက်သားအဖြစ်အသုံးပြု ရန် ရည်ရွယ်၍လည်းကောင်း ရှေ့တန်းတပ်မဟာ ၂ မှ နောက်တန်းသို့ပြန်ခေါ်ပြီး မိမိနှင့်ကိုမြင့်ထွန်းက နိုင်ငံရေးဌာနသို့လည်း ကောင်း ကိုဇော် (ကျဆုံး) ကတော့ ကြွက်တွင်းသို့လည်းကောင်း ပြန်လည်ရောက်ရှိသွားသည်။

နိုင်ငံရေးဌာနကို ဦးစီးသည်က ရဲဘော်စိုးသိန်းဖြစ်သည်။ သူ၏တရုတ်အမည်က လင်ထင်ဟုခေါ်ပါသည်။ စစ်ချွမ်းရဲဘော် ဟောင်းဖြစ်သည်။ ၁၉၅၀ ဝန်းကျင် တရုတ်ပြည်ရောက် CPB ရဲဘော်များသည် တရုတ်ပြည် စစ်ချွမ်းပြည်နယ်တွင် နေထိုင် ခဲ့ရပြီး ဗိုလ်နော်ဆိုင်း၏တပ်မှရဲဘော်များမှာ ကွေ့ကျိုးပြည်နယ်တွင် နေထိုင်ခဲ့ကြသည်။ သူတို့နေထိုင်ခဲ့ကြသည်တရုတ်ပြည် အတွင်းမှ ပြည်နယ်များကိုအစွဲပြု၍ CPB မှရဲဘော်ဟောင်းများကို စစ်ချွမ်းရဲဘော်ဟောင်းဟူ၍လည်းကောင်း ယခင်ဗိုလ် နော် ဆိုင်းတပ်မှရဲဘော်ဟောင်းများကို ကွေ့ကျိုးရဲဘော်ဟောင်းများဟုလည်းကောင်း ခေါ်ဝေါ်ကြပါသည်။ ရဲဘော်စိုးသိန်း၏ ဇနီးကတော့ စစ်ချွမ်းသူ တရုတ်အမျိုးသမီးဖြစ်သည်။ သားနှစ်ယောက် သမီးနှစ်ယောက်ရှိသည်။ သား ၂ ယောက်ကတော့ တရုတ်ပြည်တွင်းရှိ ၁၈၂ ကျောင်းသို့ရောက်နေသဖြင့် မိမိတို့ရောက်ရှိစဉ်ကာလက သမီးငယ် ၂ ယောက်သာရှိသည်။

ရဲဘော်စိုးသိန်းသည် အရှေ့မြောက်စစ်ဒေသ ဒုနိုင်ငံရေးမှူးနှင့် CPB အရန်ဗဟိုကော်မတီဝင်ဖြစ်သည်။ သူ့အား နိုင်ငံရေးမှူး ဟုလည်းကောင်း တရုတ်အမည် ရှေ့စာလုံးအားယူ၍ ရဲဘော်လင်ဟုလည်းကောင်း ခေါ်ကြသည်။ CPB မသုံးလုံးဒေသမှ တရုတ်ပြည်သို့ ပညာတော်သင်စေလွှတ်ခံရသည် ပါတီကေဒါတဦးဖြစ်သည်။ သူသည် နိုင်ငံရေးစကားပြောရာတွင် အာ ဘောင်အာရင်းသန်သူဖြစ်သည်။ စစ်ချွမ်းပြည်တွင် တရုတ်ကဖွင့်လှစ်သည့် မတ်နင်ဝါဒ သင်တန်းကျောင်းတက်စဉ်က ၁၉၆၃ ခုနှစ်တွင် ဘေကျင်းမှ ပဲခူးရိုးမပြန်သွားသည့် ဘေကျင်းပြန် ဗိုလ်ထွန်းငြိမ်းနှင့်ရဲဘော်စိုးသိန်းသည် နိုင်ငံရေးသဘော တရားများကို ထမင်းမေ့ ဟင်းမေ့ ဆွေးနွေးငြင်းခုံလေ့ရှိသည်ဟု စစ်ချွမ်းရဲဘော်ဟောင်းများက ပြောကြလေ့ရှိပါသည်။

ရဲဘော်စိုးသိန်း၏ တာဝန်မှ သံလွင်မြစ်အနောက်ဖက်ကမ်းရှိ တပ်မဟာ ၂ ကွတ်ခရိုင် နမ့်ခမ်းခရိုင်တို့၏ နိုင်ငံရေး စစ်ရေး ထောက်ပံ့ရေးကိစ္စရပ်များကို စစ်ဒေသ၏ညွှန်ကြားချက်နှင့် တာဝန်ယူသည်။ ဒေသအုပ်ချုပ်ရေးထက် တပ်မဟာ ၂ ၏ နိုင်ငံ ရေး စစ်ရေးကိစ္စများကို ပို၍တာဝန်ယူသည်။ ခရိုင်နှစ်ခုနှင့်ပတ်သက်လျှင် စစ်ရေးကိစ္စနှင့်ပတ်သက်သည့်ကိစ္စကိုသာ တွဲဖက် တာဝန်ယူသည်။

● နယ်စပ်ဒေသအုပ်ချုပ်ရေးရုံး

မုန်းကိုးကွင်း နောင်ခမ်းရွာအနီး၌ ရုံးစိုက်သည်။ နောင်တွင် မြောက်ပိုင်းဗျူရိုရုံးဖြစ်လာပြီး ယခုတော့ မြန်မာစစ်ဖက်၏ စစ်ဗျူ ဟာရုံး ရုံးစိုက်သည်ဟု ဆိုပါသည်။ ၁၉၇၅ ခုနှစ် မေလ သခင်ဗသိန်းတင်ဦးဆောင်သည့် ဗဟိုကော်မတီတက်လာပြီးနောက် ဖွဲ့စည်းလိုက်သည့်ရုံးဖြစ်သည်။ နယ်စပ်ဒေသများ၏ အုပ်ချုပ်ရေးအား အစိုးရတရပ်၏လုပ်ဆောင်ချက်အတိုင်း ကွပ်ကဲနိုင်ရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပုံရသည်။ သို့သော် လက်တွင် နယ်စပ်ရှိခရိုင်များကို ကွပ်ကဲနေသည့် စစ်ဒေသများ၏လုပ်ပိုင်ခွင့်နှင့် ခွဲခြားသတ်မှတ်နိုင်ခြင်းမရှိခဲ့သဖြင့် ၁၉၇၉ ဗဟိုကော်မတီအစည်းအဝေးပြီးနောက် ပြန်လည်ဖျက်သိမ်းခဲ့သည်။

အဆိုပါ နယ်စပ်ဒေသအုပ်ချုပ်ရေးရုံးတွင် ဗဟိုကော်မတီဝင် ရဲဘော်ရဲထွန်း အရံဗဟိုကော်မတီဝင်များဖြစ်သည့် ရဲဘော်ဖရန် ဂန်ဒီး ရဲဘော်မောင်မောင်စိန် စသည့် ဗဟိုခေါင်းဆောင် ၃ ဦးရုံးထိုင်သည်။ ရဲဘော်ရဲထွန်းက CPB တွင် အသက်အကြီးဆုံးဗဟိုကော်မတီဝင်ဖြစ်သည်။ CPB ၏ လက်နက်ကိုင်တိုက်ပွဲအစ ပျဉ်းမနား လယ်ဝေးသူပုန်ထဲကထဲက ပါဝင်ခေါင်း ဆောင်ခဲ့ သူဖြစ်သည်။ ရဲဘော်ဖရန်ဂန်ဒီးကတော့ ဗိုလ်နော်ဆိုင်းတပ်မှ ဖြစ်သည်။ ၁၉၄၈ ခုနှစ်လောက်ထဲက ကချ င်သနက ၁ တွင် ဗိုလ်ကြီးနော်ဆိုင်းလက်အောက်မှ တပ်စုမှူးအရာရှိတဦးဖြစ်သည်။ ကချင်မျိုးနွယ်စုထဲမှ ခနုံတိုင်းရင်းသားဖြစ်သည်။ ရဲဘော် မောင်မောင်စိန်ကတော့ ပဲခူးရိုးမက လူဟောင်းဖြစ်ပြီး မြို့ပေါ်တွင်ရောက်နေသည့် သူ့မိသားစုသည်လည်း မိမိတို့နှင့် မရှေး မနှောင်းတွင်မှ အခြေခံဒေသကိုရောက်လာသည်ဟုသိရသည်။ သူ၏ဇနီးနှင့်အတူ ကိုကျော်ထင် (ယခု ကွယ်လွန်) ကိုသက် အောင် ကိုဝေမိုး (ကွယ်လွန်) ကိုအောင်မိုး (ကွယ်လွန်) ဆိုသည့် သားလေးယောက်လည်းပါဝင်သည်။ သားတွေလည်း CPB တပ်ဖွဲ့ဝင်များ ဖြစ်လာတော့သည်။

● ဗဟိုဌာနများ

မုန်းကိုးကွင်းအတွင်း မန်ပန်နှင့်နောင်ခမ်းကြား လမ်းမဘေးတွင်ဗဟိုမှ ဌာနအချို့ တန်းစီနေသည်။ တခုကတော့ ဗဟို ဘာ သာပြန်နှင့် ပုံနှိပ်တိုက်ဖြစ်သည်။ ဒုတိယတခုက ပြည်သူအသံဆိုင်းအဖွဲ့ဖြစ်သည်။ တတိယတခုကတော့ ကြွက်တွင်းဟု ခေါ်ကြသည့် မြေအောက်လုပ်ငန်းအဖွဲ့ဖြစ်သည်။ ထိုသုံးဌာနက တဆက်တည်းဖြစ်သလို ရဲဘော်တွေကလည်း အားလုံးဝိုင်းလုပ်နေရသည့် သဘောဖြစ်သည်။

ဗဟိုဘာသာပြန်နှင့် ပုံနှိပ်တိုက်တာဝန်ခံက ရဲဘော်လွင်ခေါ် ဗိုလ်သိန်းအောင်ဖြစ်သည်။ ဂျပန်ခေတ် စတုတ္ထပတ် ဗိုလ်သင် တန်း ကျောင်းဆင်းဖြစ်ပြီး မဆလခေတ်ဝန်ကြီးချုပ်များဖြစ်ခဲ့သည့် ဦးမောင်မောင်ခ ဦးထွန်းတင် () တို့နှင့် အပတ်စဉ် တူဖြစ်သည်။ ရဲဘော်လွင်က တရုတ်ပညာတော်သင်မဟုတ်ခဲ့ပေ။ သူက ရုရှားပြန်ဖြစ်သည်။ ရုရှားတွင် ဂျာနယ်လစ်ဇင်နှင့်

ပတ်သက်၍ မဟာဘွဲ့ယူခဲ့သည် သိရသည်။ လက်ရှိ CPB ၁၉၇၅ ဗဟိုကော်မတီတွင် အရံဗဟိုကော်မတီဝင်ဖြစ်သည်။

ရဲဘော်လွင်သည် စာရေးဆရာမကြီးဒေါ်ခင်မျိုးချစ်၏မောင်ဖြစ်သည်။ မျက်ခုံးကောင်းကောင်း ခပ်ပိန်ပိန် ထိပ်အနဲငယ်ပြောင် စပြု နေပြီဖြစ်သည့် ရဲဘော်လွင်သည် ကျန်းမာရေးတော့သိပ်မကောင်းလှပေ။ သို့သော်လည်း မုန်းကိုးကွင်းထဲရှိ ဌာနပေါင်းစုံ သို့ လျှောက်သွားနေတတ်သည်။ သို့သော် တနေရာတွင်ကြာကြာမနေ လှစ်ကနဲဆို ပျောက်သွားတတ်သည်။ ဌာနပေါင်းစုံ ရောက်တတ်ပြီး ရဲဘော်အားလုံးနှင့် ခင်မင်ရင်းနှီးသူဖြစ်သည်။ ထိုစဉ်က မော်စီတုန်းလက်ရွေးကျမ်း အတွဲ ၅ ကို ဘာသာပြန် ရန် ဦးစီးနေသည်။ သို့သော် နောက်ပိုင်းတွင် တရုတ်ပြည်အပြောင်းအလဲနှင့်အတူ ထိုဘာသာပြန်အစီအစဉ် ပျက်သွားသည်။

“ကိုယ်လူတို့က တယ်ခေတာကိုး” ဟူသောစကားက သူ၏လက်သုံးစကားဖြစ်သည်။ မိမိတို့ မြို့ ပေါ်မှလာသောရဲဘော်များ အလွဲလွဲအချော်ချော် လုပ်လျင်ပြောသည့် လက်သုံးစကားဖြစ်သည်။ သူ၏ “ခေသည်” ဆိုသည်က ညံ့သည်ကို ဆိုလိုခြင်းဖြစ် သည်။ သူမည်သို့ပြောသည်ဖြစ်စေ မည်သူမှ သူ့ကို စိတ်မဆိုးကြပေ။ ရဲဘော်လွင်ဟုလည်းကောင်း ဦးလွင်ဟူ၍လည်းကောင်း ခေါ်ဝေါ်၍လေးလေး စားစားဆက်ဆံကြပါသည်။

သူ၏ပုံနှိပ်တိုက် အမြဲတမ်းလုပ်သားရဲဘော်များမှာ ဗန်းမော်မှကိုအောင် ပန်းနှင့် ကိုအိုက်ထွန်းတို့သမီးယောက္ဖဖြစ်သည်ဘာသာပြန်များအခြားဌာန မှသူများဖြင့် အားဖြည့်ပေးထားသည်။ တရုတ်ဘာသာပြန်များအဖြစ် ဗဟိုမှ ကိုဟန်စိန် (ရဲဘော် ထွန်း၏ယောက်ဖ ယခု အမေရိက)၊ ကွတ်ခိုင်ခရိုင်မှ ရုံးအုပ် ရှောက်အိုး (ဟွာချောင်အမျိုးသမီး)၊ အင်္ဂလိပ်ဘာသာပြန်များအဖြစ် ရဲဘော်မြင့်ထွန်း (ကွယ်လွန်)၊ ရဲဘော်စိုးနိုင် (ယခုစာရေးဆရာသန်းစိုးနိုင်)၊ ရဲဘော်မြမောင် (ဗိုလ်ကျော်ဇော၏သား ကို အောင်ကျော်ဇော) တို့ဖြစ်သည်။

ဆိုင်းအဖွဲ့အား မြေအောက်လုပ်ငန်းအဖွဲ့နှင့်တွဲထားသည်။ မန္တလေးမှ စည်းရုံးခေါ်ဆောင်လာသည် ဆိုင်းဆရာကြီးတဦးဖြစ် သော ဦးသက်ရှည်အား အခြေတည်၍ ကျန်သည့်တူရိယာများအား မြေအောက်လုပ်ငန်းလုပ်ကိုင်ရန် ပြင်ဆင်နေကြသည့် ရဲဘော်များက ဝိုင်းဝန်းတီးခတ်ပေးကြသည်။

မြေအောက်လုပ်ငန်းတာဝန်ယူနေသူများ၌ ဦးဇော်ဝင်းအပြင် အရှေ့မြောက်သို့ အစောဆုံးရောက်လာကြသော မန္တလေး ပုလင်းဝင်းမှ ကိုသက်ခိုင် (ယခု မန္တလေး) ကိုအောင်ငွေ (ယခု ရွှေလီ) ကိုကျော်ရ (ယခု မိုင်းလား) တို့အပြင် နောက်ထပ် ရောက်လာသော လူသစ်များကိုလည်းစုစည်းထားသည်။ ထိုအထဲမှ အချို့ကို မြေအောက်လုပ်ငန်းတွင် တာဝန်ပေးရန် ဖြစ်သော်လည်း အချို့ကို အခြားဗဟိုဌာနများတွင် တာဝန်ပေးရန်ရည်ရွယ်ထားပုံရ သည်။ ထိုစဉ်က ထိုဌာနတွင် မန္တလေးမှ ကိုကျော်စိုး (ယခု စာရေးဆရာ နေဦးဝေ)၊ ကိုတင်ထွန်း (မန်းတက္ကသိုလ် ယခု မန္တလေး)၊ ကိုသန်းမောင် (ပုလင်းဝင်း၊ ကွယ်လွန်)၊ ကိုရန်နိုင် (ပုလင်းဝင်း၊ ကွယ်လွန်)၊ ကိုထွန်းအေး (ပုလင်းဝင်း၊ ကွယ်လွန်)၊ ကိုကျော်လေး (ရွှေလီ၊ ကွယ်လွန်) ကိုဝင်းသိန်း (RIT ယခုရွှေလီ)၊ ကိုဇင်ထက် ခေါ် စိုးထွဋ် (RIT ယခု မန္တလေး) ကိုသန်းမောင်ခေါ် ကိုကြည်စိန် (ကိုးကိုးကျွန်းပြန်၊ ကျဆုံး)၊ ကိုကျော်ကြီး (ကွယ်လွန်)၊ ကိုနေနိုင်( ကွယ်လွန်) တို့ရှိသည်။ ကိုနေနိုင်၏မိသားစုဝင်များဖြစ်သည့် သူဇနီးဖြစ်သူ မပြုံးကြည်နှင့် သမီးများဖြစ်ကြသည် နွယ်နွယ်၊ မာမာ၊ ဝေဝေ၊ ဆွေဆွေတို့လည်း ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပုံရသည်။

အစောဆုံးရောက်နေသော ကိုသက်ခိုင်၊ ကိုအောင်ငွေ၊ ကိုကျော်ရတို့မှအပ ကျန်သူများမှာ ၁၉၇၅/၁၉၇၆ တို့တွင်ရှေ့ဆင့် နောက်ဆင့်ရောက်လာကြသူများ ဖြစ်ကြသည်။

● ဦးလထော်တဲ

မိမိမုန်းကိုးနိုင်ငံရေးဌာနသို့ရောက်ရှိသော ၁၉၇၆ ခုနှစ် စက်တင်ဘာလ မတိုင်မီရော နောက်ပိုင်းမှာပါ ပြည်မမှ ရဲဘော်များ တဖွဲဖွဲရောက်လာမစဲ ဖြစ်သည်။ ၁၉၇၄/၇၅/၇၆ မြို့ပွဲ သပိတ်တိုက်ပွဲများ၏ အရှိန်အဝါကြောင့်ဟု ဆိုနိုင်သည်။ ထိုတိုက်ပွဲများ တွင်ပါဝင်လှုပ်ရှားပြီး လိုက်လံဖမ်းဆီးခံရသူများရော မြေအောက်လှုပ်ရှားမှုများတွင်ပါဝင်ပြီး စစ်ထောက်လှမ်းရေးမှ သိရှိသွား ၍ လိုက်လံဖမ်းဆီးခံရသူများပါဝင်သည်။ အချို့ လက်နက်ကိုင်တိုက်မှဖြစ်တော့မည်ဟူသော ဆုံးဖြတ်ချက်နှင့်ရောက်လာကြ သူများလည်း ပါဝင်သည်။

ထိုသို့ရောက်ရှိလာသောသူများအား ဗဟိုဌာနတွင်ထားသကဲ့သို့ မိမိရှိရာ မုန်းကိုးနိုင်ငံရေးဌာနသို့ ရောက်လာသူလည်း မနည်းလှပေ။ ထို့ပြင် မုန်းကိုးနိုင်ငံရေးဌာနလက်အောက်ခံ အခြားစခန်းတခုတွင်လည်း ထားရှိသည်။ စခန်းဆိုသည်ထက် လယ်တဲဟုလည်းဆိုနိုင်သည်။ မုန်းကိုးမှ မန်ကန်းတောင်အတက် တောင်ခြေတနေရာတွင် နိုင်ငံရေးဌာနမှ လှေခါးထစ်လယ် ဖေါ်ထားပြီးလည်းကောင်း၊ လယ်အပေါ်တွင် တဲနှစ်လုံးသုံးလုံးခန့်ရှိသည်။ တဲတလုံးတွင် ထိုလယ်ကိုတာဝန်ယူသည့် ဦးလ ထော်ဆိုသည့် ဗိုလ်နော်ဆိုင်းတပ်မှ ရဲဘော်ဟောင်းတဦးအမြဲနေထိုင်၍ ဦးလထော်တဲဟု အသိများကြသည်။

ကျန်တဲများတွင် မြို့ပေါ်မှရောက်ခါစရဲဘော်များကို ယာယီထားလေ့ရှိသည်။ မိမိနှင့်တပ်မဟာ ၂ တွင်တွေ့ခဲ့သော ကိုမောင် နိုင်တို့ ၄ ဦးမှာလည်း ထိုဦးလထော်တဲတွင် တလကျော်ခန့် နေခဲ့ရသည်။ သူတို့၏ ကိုယ်ရေးရာဇဝင်များကို စစ်ဆေးခြင်း အခြေခံစစ်ပညာသင်ပေးခြင်းကို ထိုတဲတွင်ပင် ပြုလုပ်ခဲ့ပြီးမှ တပ်မဟာ ၂ သို့ ပို့လိုက်ခြင်းဖြစ်သည်။

မိမိနိုင်ငံရေးဌာနတွင် ရောက်နေချိန်၌ ထိုဦးလထော်တဲတွင် ရဲဘော် ကိုအုန်းနှင့် ရဲဘော်ချစ်သန်းတို့ရှိကြသည်။ ကိုအုန်း၏ အမည်ရင်းမှာ ကိုကြည်ငွေဖြစ်သည်။ ၁၉၇၄ ဇွန် အလုပ်သမားအရေးတော်ပုံအပြီး အစိုးရသတင်းစာများတွင် ဗကပ အမာ ခံများအဖြစ် ဖေါ်ပြခြင်းခံရသည့် ဂုံနီစက်ရုံမှ ဝန်ထမ်းတဦးဖြစ်သည်။ နောက်တဦးဖြစ်သည့် ကိုကျော်သက်ကတော့ အဖမ်းခံ ရသည်ထင်သည်။ အရှေ့မြောက်သို့ရောက်မလာခဲ့ပေ။ ကိုကြည်ငွေက ထိုစဉ်ကထဲက အသက် ၃၅ ခန့် ရှိပြီထင်သည်။ မြို့ ပေါ်၌ ဇနီးနှင့် သားသမီး ၂ ဦးကျန်ခဲ့သည်။

သူ၏ ထူးခြားချက်မှာ ကွန်မြူနစ်တယောက်ဖြစ်လာသော်လည်း ဗုဒ္ဓဘာသာကျမ်းဂန်များကို နှံ့စပ်သူဖြစ်သည်။ ထိုစဉ်က နံမည်ရှိသည် ဘုန်းကြီးတပါးဖြစ်သည့် ရှင်အာဝါသဝ၏တပည့်ဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ဆိုစေ အရှေ့မြောက်ရောက် သူပုန်များထဲ၌ သူ့လောက် ဗုဒ္ဓဘာသာကျမ်းဂန်ကို ထဲထဲဝင်ဝင်လေ့လာခဲ့သူ ရွတ်ဖတ်သရဇ္ဇါယ်နိုင်သူ မတွေ့ခဲ့ချေ။ ခပ်ပိန် ပိန်ပါးပါးနှင့် လက်ပြင်ကိုင်းသော်လည်း အရွယ်တင်နုပျိုသည့် ကိုအုန်းသည် အလုပ်လုပ်စရာရှိရင်လည်း လေးပင်ခြင်းမရှိသကဲ့သို့စကားပြောလျှင်လည်း မမောနိုင်မပမ်းနိုင် လေအေးလေးနှင့် တရစပ်ပြောနိုင်သူဖြစ်သည်။ လူကြီးဆန်သူလည်းဖြစ် သည်။ ကိုအုန်းသည် ၁၉၉၄ နောက်ပိုင်းသူ့ဇာတိဖြစ်သည့် ကြံခင်းမြို့နယ် ဘက်ရဲရွာသို့ပြန်ရောက်သွားပြီး သတင်းမကြား ရတော့။

ကိုအုန်းနှင့်အတူ ဦးလထော်တဲတွင်ရှိနေသူတဦးမှာ ကိုချစ်သန်းဖြစ်သည်။ ကိုချစ်သန်း (ယခု မန္တလေး) သည် ကိုမောင်နိုင် တို့အဖွဲ့နှင့် အရှေ့မြောက်ရောက်လာပြီး ဦးလထော်တဲတွင် ရှေ့ဦးစွာတလခန့် နေထိုင်လေ့ကျင့်ခဲ့ရသူဖြစ်သည်။ တပ်မဟာ ၂ အမြောက်တပ်ရောက်ပြီးမှ သူလည်း မျက်မှန်တဝင်းဝင်းနှင့်သူမို့ နောက်တန်းပြန်ပို့ ခံထားရသူဖြစ်သည်။ ကိုချစ်သန်းသည် မန္တလေးမှ ဟင်ဒူ ဘင်္ဂါလီတဦးဖြစ်သည်။ သူ၏ဖခင်သည် အိန္ဒိယမှ မြန်မာပြည်သို့ အင်္ဂလိပ်မင်းများခေါ်လာသည့် အိန္ဒိယမှ ဆရာဝန်တဦးဖြစ်သည်။ မန္တလေးတွင် ထိုကာလကတော့ ဒေါက်တာ မဇွန်ဒါးဟု သိကြသည်။ လွတ်လပ်ရေးရပြီးခါစ မြန် မာပြည်၌ ပညာရှင်နည်းပါးသဖြင့် ဦးနုအစိုးရက အိန္ဒိယမပြန်ဘဲ မြန်မာပြည်တွင် ဆက်နေရန်ဆွဲဆောင်ပြီး မြန်မာပြည်သား အဖြစ်ပေးခဲ့သူများတွင် ပါဝင်သည်။

ကိုချစ်သန်းကတော့ မန်းတက္ကသိုလ်တွင် နောက်ဆုံးနှစ်ဖြေပြီး အရှေ့မြောက်ရောက်လာသူဖြစ်သည်။ အရပ် ၆ ပေကျော် ခန့်ရှိသည်။ ဆိုဒ်အကြီးဆုံးစစ်ဝတ်စုံပင် သူ့အတွက် အနည်းငယ် တိုတက်နေသည်။ သူ့အရပ် ထိုးထိုးထောင်ထောင်ကို အဝေးကပင်မြင်နိုင်သည်။ အင်္ဂလိပ်စာကောင်း၍ စာဖတ်အားလည်းကောင်းသည်။ ထိုစဉ်က သူနှင့်ကိုအုန်းသည် စစ်မြေပြင် မှ ဖမ်းဆီးရမိသည့် သုံ့ပန်းရဲဘော်များ ပညာပေးလုပ်ငန်းလုပ်ရင်း ဦးလထော်တဲရောက်နေကြသည်။ သုံ့ပန်းပညာပေးဆို၍ ထိုင်၍စကားပြောပညာပေးရသည်မျိုးတော့ မဟုတ်ပေ။ အတူတကွ လယ်လုပ်ရင်း ထင်းခွေရင်း ရေခပ်ရင်း ထမင်းချက်ရင်း ရှင်းလင်းပြောဆိုဆွေးနွေးရသည်မျိုးဖြစ်သည်။

မုန်းကိုးကွင်းမှ ဆင်ခြေလျော တက်လာသည့်နေရာအဆုံး မန်ကန်တောင်သို့ ထောင်၍ စတက်သည့်နေရာလေးရှိ ဦးလထော် တဲနေရာသည် သစ်ကြီးဝါးကြီးများ အုံ့အုံ့ဆိုင်းဆိုင်းနှင့် သာယာလှသည်။ မန်ကန်တောင်ကြောမှ စီးဆင်းလာသည့် စမ်း ချောင်းလေးသည်လည်း တဲနှင့်မလှမ်းမကမ်း ဖြတ်သန်းစီးဆင်းနေသဖြင့် စမ်းကျရေစီးသံ ချိုသည်။ ထိုနေရာလေးတွင် ပြည်မမှရဲဘော်အချို့ ဘဝအချိုးအကွေ့ကို စတင်ခဲ့ကြသည်။

“မန်ကန်တောင်တန်း သွင်ပြင်ဆန်းသမို့ တခါလှမ်း၍ ရောက်စမ်းချင်သည်” ဟူ၍ မော်စီတုန်း၏ ကျင်ကန်း တောင်တန်း ကဗျာအား မန်ကန်တောင်တန်းအစားထိုး၍ ရွတ်ခဲ့ကြဖူးသည်။

ဆက်လက်ဖေါ်ပြပါမည်။

မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments