fbpx

စန်းသူ့မောင် – ရင်ထဲက ရွာတန်းရှည် (၂)

May 23, 2017

ပန်းချီ မမွှေးရဲ့ ဖေ့စ်ဘွတ်မျက်နှာက ကူးယူဖော်ပြပါတယ်

– ရင်ထဲက ရွာတန်းရှည် (၂)
(မိုးမခ) မေ ၂၃၊ ၂၀၁၇
ဒီနေ့ကလေးတွေကို ကြည့်မိတော့ ကျွန်မ ကရုဏာသက်မိသည်။ အထူးသဖြင့် တိုက်ခန်းလေးများတွင် နေထိုင်ရသော ကလေးများကိုမြင်လျှင် ပိုဆိုးသည်။ ကျွန်မတို့၏ငယ်ဘဝ ကံကောင်းလေစွဟု ခံစားမိသည်။ တကယ်တော့ ကျွန်မတို့မိသားစုသည် လက်လုပ်လက်စားမျှသာ။ သို့သော် ကျွန်မတို့သည် ကိုယ်ပိုင်ပျဉ်ထောင်အိမ် လေးနှင့် ကိုယ်ပိုင်ခြံကြီးထဲတွင် ကြီးပြင်းခဲ့ရသည်။ နေထိုင်စားသောက်မှုက အကောင်းစားကြီးမဟုတ်သည့်တိုင် ကလေးတို့ဘဝအတွက် အတောင့်တဆုံးဟု ကျွန်မယူဆမိသည့် ကစားစရာနေရာနှင့် ကစားဖော်များ စုံစုံလင်လင် ရှိလှသည်။

ကျွန်မတို့ ရွာတန်းရှည်ရွာလေး၏ သဘာဝခြံစည်းရိုးများက ကျွန်မတို့ကစားကွင်းကို အဆုံးသတ်မဲ့ ကျယ်ဝန်း စေခဲ့သည်။ ဝါးပင်၊ ပုဏ္ဏရိက်ပင်တို့ဖြင့်ပြီးသော ခြံစည်းရိုးများကို ဖြတ်သန်းပြေးလွှား၍ ကျွန်မတို့ ကစားခွင့်ရခဲ့ သည်။ ဆက်ပြီးတွေးကြည့်လိုက်တော့ ထိုစဉ်က မိဘများသည် သားသမီးဦးရေကို မထိန်းချုပ်ခဲ့ကြ။ ကျွန်မတွင် မောင်နှမ (၇)ယောက်ရှိသည်။ ကျွန်မ သူငယ်ချင်းများမှာလည်း ညီအစ်ကိုမောင်နှမ မနည်းကြပါ။ သည်တော့ ကျွန်မတို့ ကစားဖော်မရှားခဲ့။
ကျွန်မတို့တွင် အချိန်မရွေး ကစားဖော်ရှိသည်။ တစ်ယောက်မအား တစ်ယောက်အားကြသည်မို့ လူ အနည်းအများကိုလိုက်၍ ကစားနည်းရွေးရသည်။ လူ ၄-၅ ယောက်လောက်သာရှိလျှင် အငြိမ့်ကကြသည်။ လူရွှင်တော် လုပ်သူလည်းရှိ၊ မင်းသမီးလုပ်သူလည်းရှိ။ အငြိမ့်သီချင်းကို အလွတ်ရစရာမလို။ ပါးစပ်ထဲရှိရာကို ကြိုက်ရာတေးသွားထည့်ဆိုရင်း ကကြသည်သာ။

ခြံတိုင်းရှိ သစ်ပင်ကြီးငယ်များကို ကျွန်မတို့ မိန်းကလေးများပင် အသီးခူးရင်၊ အပွင့်ခူးရင်း၊ ပုန်းခိုရင်း တက်ခဲ့ကြသည်။ တစ်ခါက ကျွန်မသည် သစ်ပင်တစ်ပင်ကို အပြေးအလွှား တက်ခဲ့မိသည်။ ပြန်ဆင်းရာတွင် မဆင်းတတ်တော့။ သူငယ်ချင်းများကလည်း ဆင်းပေးဖို့ မကူနိုင်ကြ။ ပြဿနာက အမေ့ဆီထိ ရောက်သွားသည်။ အမေက ကျွန်မရှိရာသစ်ပင်သို့ ရောက်လာသည်။ အမေ့ကိုမြင်တော့ အားတက်သွားမိသည်။

”ငါ နင့်ကို ဘာပြောထားလဲ။ မိန်းကလေးတန်မဲ့ သစ်ပင်တက်ရလား။ ပြုတ်ကျလို့ ကျိုးပဲ့ကုန်ရင် ဒုက္ခများ ဦးမယ်။ နေ-ဒီအတိုင်း တစ်နေကုန်နေ။ နင့်အဖေပြန်လာမှဆင်း။ နင် ထမင်းလဲ မစားနဲ့။”

သည်လိုနှင့် အဖေ ရုံးက ပြန်လာမှ ကျွန်မသစ်ပင်က ဆင်းနိုင်ခဲ့သည်။ နေ့လည်စာထမင်းငတ်သည်။ အဖေကတော့ ဘာမှမပြောပါ။ ရီနေပါသည်။ သည်အထိ ကျွန်မတို့စိတ်ထင်တိုင်း ကစားခဲ့ကြသည်။ ကျွန်မတို့ ကစားသည့်နေရာတိုင်းရှိ အပင်များသည် အရိပ်ကိုသာပေးသည်မဟုတ်။ သီးပင် ပန်းပင်များ ဖြစ်ကြသည်မို့ တစ်ခါတစ်ရံ ကစားရင်း ခူးကြဆွတ်ကြနှင့် အိမ်ကိုပင် ယူဖြစ်ကြသေးသည်။
ကျွန်မတို့ လူစုံပြီဆိုလျှင် လူကြီးများကြောက်ကြသည်။ ရန်ဖြစ်တတ်သည်။ အသံတွေ ကျယ်လောင်ဆူညံ လွန်းလှသည်မို့။ ကျွန်မတို့ မည်မျှ ဆူညံကြသနည်းဆိုလျှင်

”နည်းနည်းလောက်ထိန်းပေးပါဦး လူမမာရှိလို့ပါ။”
”နည်းနည်းလောက်ထိန်းပေးပါဦး မီးနေသည်ရှိလို့ပါ” စသည်ဖြင့် လာတားရသည်။

ကစား၍မောလျှင် ဆီးသီး၊ သရက်သီး၊ မရမ်းသီးများ ခူးစားကြသည်။ မိဘအများစုက ဘာမှမပြောကြပါ။ အချို့ကမကြိုက်။ သည်တော့ ကျွန်မတို့က ခိုးခူးစားကြသည်။ ပျော်လိုက်သည့်ဖြစ်ချင်း။ ဆီးသီးခိုးလျှင် လူအနည်းဆုံး (၃-၄)ဦးလိုသည်။ တစ်ဦးက ကိုင်းကို၊ အပင်ကို လှုပ်ခါပေးပြီး၊ ကျန်လူများက တဖြုတ်ဖြုတ်ကျလာသော ဆီးသီးများ ကို အချိန်တိုအတွင်း အမြန်ဆုံးကောက်ရသည်။ ပြီးလျှင်ပြေးကြ။ အပြေးမလျင်လျှင် ခြံရှင်နှင့် တွေ့မည်။

သည်သို့သည်ပုံ ကစားသန်ခဲ့သော ကျွန်မ ယနေ့ကလေးငယ်များ၏ အနေအထားကိုတွေ့ရတော့ ကရုဏာ သက်မိခြင်းဖြစ်သည်။ ကျွန်မတို့တွင် နွေမိုးဆောင်း ရာသီအလိုက် အမှတ်အသားများရှိကြသည်။ နွေကျောင်းပိတ်ပြီ ဆိုလျှင် ကိုရင်ဝတ်သူတွေဝတ်ကြ၊ တောပြန်သူတွေပြန်ကြ နှင့် ကစားဖော်နည်းသွားပြီ။ သင်းတို့ပြန်လာမှ လူစုံသည်။နွေကျောင်းပိတ်ရက်ဆိုတော့ ကစားချိန်သည် မိုးလင်းမှမိုးချုပ် အကန့်သတ်မဲ့။ ကစားနည်းများကလည်း မျိုးစုံသည်။ အောင်စာရင်းတွေထွက်အပြီးမို့ အောင်သူအောင်၊ ကျသူကျ အဖြစ်က စုံလှသည်။

မိုးဦးလေဦးတွင်မတော့ မုတ်သုန်လေအဝှေ့ြွေကကျလာသော အသီးများ လုကောက်ကြသည်။ ကျောင်းဖွင့် လျှင် တက်ရမည့်အတန်းအတွက် ပြင်ဆင်ရသည်။ ကျွန်မတို့ခေတ်က ကျောင်းစာမေးပွဲသည် အကျအရှုံးရှိသည်။ သည်တော့ မကျအောင် ကြိုးစားကြသည်။ ကျွန်မတို့အုပ်စုတွင် စာမေးပွဲကျသူနည်းသည်။ မိုးရေထဲတွင်လည်း ကျွန်မတို့ ပြေးလွှားဆော့ကစားကြသည်။ ယောကျာ်းလေးများက မိုးရေထဲ ဘောလုံးကန်ကြသည်။

ဆောင်းတွင်းကာလတွင် မြူနှင်းထုအကြား ကျွန်မတို့အုပ်စုလိုက် အင်းလျားကန် (တံတားဖြူ)အထိ ပြေး သူပြေး၊ လမ်းလျှောက်သူလမ်းလျှောက်ကြသည်။ မလွှပွင့်များကောက်ကြသည်။ သည်ကာလတွင် တွေ့ရသမျှ အားကစားပြိုင်ပွဲများကို တစ်ခုမကျန် ကျွန်မတို့ ဝင်ပြိုင်ကြသည်။ လွတ်လပ်ရေးနေ့လို နေ့များတွင် ကလေးများ အတွက် အားကစားပြိုင်ပွဲများကျင်းပရာ အပြေးတာတို မီတာ ၅၀၊ ၁၀ဝ တာဝေးမီတာ ၂၀ဝ စသည်များ၊ အလံ ကိုင် လက်ဆင့်ကမ်းပြေးပွဲများ၊ အာလူးကောက်ပြိုင်ပွဲများ၊ ဂုံနီအိတ်စွပ်ပြေးပွဲများ စသည်ဖြင့် အမျိုးစုံလှသည်။ သည်ပွဲ များသည် ကျွန်မတို့အတွက် အဆန်းမဟုတ်။ ကိုယ့်ကိုကိုယ်ယုံကြည်ကြသည်။ ပွဲရှိလျှင်လည်း ဝင်ပြိုင်လိုက်ရုံသာ။ ပြေးလွှားဆော့ကစားနေကျမို့ အထူးလေ့ကျင့်ရန် မလိုတော့။ ကျွန်မတို့အားလုံးလိုလို အပြေးသန်ကြသည်။ အမောခံနိုင်ကြသည်။ ကြံ့ခိုင်စွမ်းရည်မနည်းကြ။ သည့်နေ့ကလေးတွေ ကျွန်မတို့လောက် သက်လုံမကောင်းကြဟုထင်သည်။

လူလတ်ပိုင်းများအတွက်လည်း အားကစားပြိုင်ပွဲများနှင့်အတူ မိုးရာသီဘောလုံးပြိုင်ပွဲများရှိသည်။ ရပ်ကွက် ပြိုင်ပွဲများမှတဆင့် မြို့နယ်/တိုင်းအဆင့်များသို့ ဝင်ပြိုင်ရသည်။ နှစ်စဉ်မဟုတ်သော်လည်း ကျွန်မတို့ရွာအသင်း က ဒိုင်းဆုကို နှစ်စဉ်လိုလို ရရှိခဲ့သည်။ ပွဲစဉ်တလျှောက် ဘောလုံးကန်ပြီးသည့်ညတွင် ဘောလုံးသမားများကို အမဲရိုးနှင့် ပဲဟင်းချက်ကျွေးကြသည်။ စေတနာရှိသူများက စရိတ်လှူဒါန်းကြသည်။

”ငါကွာ – ဟိုကောင်ကို ပြောရတယ်။ ဘယ့်နှယ် ဘောလုံး မကစားဘူး။ ငါ့ကို သူ့တံတောင်နဲ့ လိုက်တွန်းနေ တယ်။ ဟေ့ကောင် အေးအေးဆေးဆေးကစား၊ မင်းရန်ဖြစ်ချင်ရင် ကွင်းပြင်ထွက်လို့”
”လူချဖို့ စိတ်မကူးနဲ့။ မညစ်နဲ့၊ သန့်သန့်ရှင်းရှင်းနဲ့ နိုင်အောင်ကြိုးစား သက်လုံကောင်းအောင် ကျန်းမာရေး ဂရုစိုက်၊ မှန်မှန်လဲ လေ့ကျင့်ကြဟေ့”
”မင်းတို့ကွာ အသင်းအင်္ကျီကို ပွဲချိန်ပဲ ဝတ်သင့်တယ်။ ခု မင်းတို့ဟာက အိမ်နေရင်းလဲ ဝတ်ကြတော့ တကယ် ကန်မယ်လဲဆိုရော မင်းတို့အင်္ကျီက ဟောင်းနေပြီ”
”ကိုနီ ခေါင်းကြီးငုံပြီး ဘောလုံးကို တစ်ယောက်တည်း မသယ်နဲ့၊ ဘေးဘီလဲ ကြည့်ဦး”
စသည်ဖြင့် တစ်ဦးချင်းအလိုက်၊ အသင်းအလိုက် လိုအပ်ချက်များကို ထမင်းစားရင်း ပြောကြဆိုကြသည်။

သည်ဘောလုံးပွဲများကို ကျွန်မတို့တစ်ရွာလုံးရှိ ကလေးလူကြီး ကျားမ မရွေး အားပေးကြသည်။ သည်အားကစား လှုပ်ရှားမှုများကို တစ်ရွာလုံးလိုလို လုပ်နိုင်ကြသဖြင့် ကျေနပ်မိသည်။ ဘောလုံးကွင်းက ကျွန်မတို့ စာသင်ကျောင်း အနောက်ဘက်တွင် ရှိပါသည်။ ရွာရှိ ကလေးလူကြီးများ အချိန်မရွေး ပြေးလွှားဆော့ကစားနိုင်ကြသည်မို့ ကျွန်မတို့ ကံကောင်းခဲ့ကြသည်ဟု ဆိုရပါမည်။

အားကစားဘက်တွင်သာမက ကျွန်မတို့ရွာကလေးသည် သာမန်ရွာကလေးဖြစ်သော်လည်း အနုပညာ စွမ်းရည်ရှိကြသည်။ ထိုစဉ်က ရွာတန်းရှည်ရွာမှ တချို့သည် အေဝမ်းဖလင် တွင် (ှနအအငညါ) ဆက်တင်တည်ဆောက် သူများ၊ ဇာတ်ရန်များအဖြစ် သရုပ်ဆောင်သူများ ဖြစ်ကြသည်။ အနုပညာ အငွေ့အသက် ဆက်နွယ်လေသလား မပြောတတ်။ ထိုစဉ်က ကျွန်မတို့ရွာတွင် ဒိုးပတ်ဝိုင်းရှိသည်။ ရွာသူရွာသားများပါဝင်သော ပြဇာတ်လေးများ ထွက် ပေါ်ခဲ့သည်။ ဇာတ်ရှေ့ပိုင်းတင်ဆက်ရသော ယိမ်းအဖွဲ့တွင် ပါဝင်သော ယိမ်းသမများမှာ ရွာမှ ထိုစဉ်က အပျိုငယ် လေးများဖြစ်ကြသည်။ ဇာတ်ဆရာဟောင်း ဘကြီး ဦးဖိုးသက်နှင့် ဖွားဖွား ဒေါ်အုံးမြ တို့ ဇနီးမောင်နှံက သင်ကြား ပြသပေးပါသည်။ ပြဇာတ်များ အောင်မြင်သင့်သလောက် အောင်မြင်ပါသည်။ ကျွန်မမှတ်မိသလောက် ”ရပ်ဝေးသူ” ပြဇာတ်ဆိုလျှင် ရုံတင်ဇာတ်ကြီးတစ်ဖွဲ့က လာငှားဖြစ်၍ ကမ္ဘာအေးဘုရားပွဲတွင် ရှေ့ပိုင်းပြဇာတ်အဖြစ် ကဖြစ်ခဲ့ သည်။ လူကြိုက်များကြောင်း ကြားသိရသဖြင့် ရွာသားများ ဂုဏ်ယူဝမ်းသာကြသည်။ သည့်ထက် တည့်တည့်ပြောရ လျှင် ယင်းပြဇာတ်တွင် ဒါရိုက်တာနှင့် မင်းသားလုပ်သူသည် ကျွန်မဖခင် ”ဦးလူသွင်” ဖြစ်ပါသည်။

ကျွန်မတို့ ငယ်စဉ်က ညပိုင်းများတွင် ဝါသနာပါသူ လူကြီးလူရွယ်များက မယ်ဒိုလင်၊ ဘင်ဂျိုများဖြင့် သီချင်းများဆိုကြ တိုက်ကြလေ့ရှိသည်။ မည်သူမဆို ဝင်ရောက်ဆိုနိုင်သည်။ ဘာပြောပြော သည်အခွင့်အရေး ရသည်ကိုက တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကျေနပ်စရာဟု ထင်မိပါသည်။ သည်ကာလသည် ဒုတိယ ကမ္ဘာစစ်ပြီးစကာလ ဖွံ့ဖြိုးမှုနည်းသေးသော ရွာလေးတစ်ရွာ၏ အနေအထားမို့ ကျေနပ်မိသည်ဟု ကျွန်မပြောခဲ့ခြင်း ဖြစ်ပါသည်။

သည်နေရာတွင် ကျွန်မအတွေးများရပ်ဆိုင်းသွားပြီး တစ်စုံတစ်ခုက လှန့်နှိုးလိုက်သလို ဖြစ်သွားသည်။ ယခုကာလ ကျွန်မတို့လက်ထက်တွင်ကော၊ အနုပညာလှုပ်ရှားမှုက လုံးဝမရှိသလောက်ပင်။ ဒိုးပတ်ဝိုင်းလေးတစ်ခုသာ လူငယ် ၃-၄ ယောက်က ဝါသနာအရ လုပ်ကိုင်နေပါသည်။ အားကစားနှင့်ပတ်သက်၍တော့ မတွေ့မိသလောက်ပင်။ လူနေမှုဘဝတစ်ခု တိုးတက်ဖွံ့ဖြိုးရန်မှာ ထိုကာလရှိ လူတို့၏ စွမ်းရည်ရှိမှု၊ မရှိမှု၊ တာဝန်ကျေမှု၊ မကျေမှုတို့နှင့် ဆိုင်သည်ဟု ယူဆမိ ပါသည်။ ကျွန်မ အတော်တုန်လှုပ်သွားပါသည်။ သူများမပြောနှင့် ကိုယ်ကိုတိုင်ပင် ကျွန်မချစ်သော ရွာတန်းရှည် ရွာလေးအတွက် ဘာတွေများ ကြိုးစားပေးဆပ်ခဲ့ပါသနည်း။

အဖြေရှာစရာတွေ ကျွန်မအတွက်များစွာ … …. ။         ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)