ကျော်မောင် (တိုင်းတာရေး) ● မြို့ကြီးသို့ ….

May 26, 2017

● မြို့ကြီးသို့ ….
(မိုးမခ) မေ ၂၆၊ ၂၀၁၇

ရန်ကုန်သားတစ်ယောက် ၂၀၁၇ ဧပြီ ၂၈ တွင် ရန်ကုန်အလည်ပြန်ရောက်သည့်အခါ ရန်ကုန်မြို့ကြီးသည် သူ့အတွက် မေး ခွန်းပုစ္ဆာဖြစ်နေသည်။ ရေခြားမြေခြား တပြည်မကခြားသော်ငြား သတင်းအဆက်မပြတ်စေရန် သတင်းအမြဲတမ်းစောင့် ဖတ်ခြင်း၊ ရန်ကုန်တွင်နေထိုင်သော အိမ်သားများနှင့် အင်တာနက်မှတဆင့် စကားပြောခြင်း၊ လူမှုကွန်ယက်တွင် တက်လာ သမျှသော ရန်ကုန်သတင်းများကို အလွတ်မပေးဘဲ ဖတ်ရှုခြင်းစသည်တို့ပြုလုပ်သော်လည်း ရန်ကုန်မြို့ကြီးသို့ သည်တ ခေါက်ပြန်ရောက်သည့်အခါ ရန်ကုန်သည် လက်တွေ့တွင် သူ့အတွက် တစိမ်းဆန်လှသည်။

ကားလမ်းတဖက်သို့ လမ်းကူးမည်ဆိုလျှင် သူက မကူးခင် သူ့ကိုယ်သူ ပြောလေ့ရှိမှာ “ငါ ဟိုဘက်ရောက်အောင် ကူးမယ်။ ဒါပေမယ့် အလျင်မလိုဘူး။ အလျင်မလိုတဲ့အတွက် အေးအေးဆေးဆေးလမ်းလျှောက်ကူးရမယ်။ မပြေးရဘူး။ အဲဒီလို အေး အေးဆေးဆေးကူးဖို့အတွက် လမ်းပေါ်မှာ ကားရှင်းတာကို စောင့်ရမယ်။ ကားရှင်းတဲ့အထိ စောင့်ပြီးမှကူးမယ်” ဟူ၍ဖြစ် သည်။

ထိုသို့ ကြွေးကြော်သောရန်ကုန်သားအဖို့ ဟိုမှာဘက်ကမ်းရောက်ရန်မှာ ကားများကို ဟိုင်းဖိုက်လုပ်ပြ လက်မထောင်ပြဟူ သော ရန်ကုန်မြို့ရှိလမ်းကူးသူများလိုက်နာရန်နည်းလမ်းနည်းနာအဖြာဖြာကို သုံးရလေသည်။ တချို့ကားများမှာ သဘော ကောင်းရှာသည်လား သနားသည်လားမသိ၊ မမြန်သောအရှိန်ကို ပိုနှေးပေးခြင်း ခေတ္တရပ်ပေးခြင်းဖြင့် ကူညီကြကုန်သည်။ တစ်ခြားကားများမှာလည်း ဟိုင်းဖိုက်ဟူသော လက်ဝါးပြသင်္ကေတကို လက္ခဏာဖတ်ဆရာများမဟုတ်သောကြောင့် သ ဘောမကျ၍ထင့်၊ ရှေ့မီးကြီးများဖွင့်လိုက်ပိတ်လိုက်လုပ်ကာ လမ်းမကူးရန် သတိပေးကြပြီး အတင်းမောင်းကြလေသည်။ လမ်းကူးသူများ ဖြတ်ကူးပါစေတော့ဟူ၍ ၎င်းတို့မှ စောင့်ဆိုင်းပေးခြင်းမရှိကြကုန်။ ထိုအကြောင်းများကြောင့် လမ်းကူးခြင်း သည် သူ့အတွက် စွန့်စားမှုကြီးတရပ်ကဲ့သို့ ဖြစ်နေပေတော့သည်။

ရန်ကုန်သားအား လမ်းများစွာကို ကျင်လည်စွာ ကူးဖြတ်တတ်စေရန် အကြံပေးကြသည်တွင် ထိုသူတို့ကိုယ်တိုင် လှစ်ကနဲ လှပ်ကနဲ ပြေးကူးကြခြင်းဖြင့် လက်တွေ့ပြကြလေ၏။ သူတို့၏ ကိုယ်ဖော့ပညာအဆင့်မှာကား လေ့ကျင့်သား အားကောင်း နေ၍ပေလားမသိ၊ လိုက်၍မမီအောင်ပင် အတော်မြင့်မားနေကြောင်းတွေ့ရလေသည်။ ရွေ့နေသော ကားအမျိုးမျိုးများကြားမှ ထိုသူတို့ လမ်းဖြတ်ကူးသည်ကို ကြည့်ရသည်မှာ ရသကိုးပါးထဲမှ တပါးထက်ပိုသော ရသများကို ရလေ၏။ ရန်ကုန်တွင်သာ ရနိုင်သော ရသများဟု တင်စားနိုင်သည်။

ထို့အပြင် လမ်းမကူးခင်တွင် အတွေးနှစ်ခု အမြဲဝင်လေ့ရှိသေးသည်။ ၎င်းတို့မှာ လူကူးမျဉ်းကျားမှ ကူးမည်ဆိုတာနှင့် လူကူး ဂုံးတံတားပေါ်မှ ကူးမည်ဆိုတာတို့ဖြစ်သည်။ ကားလမ်းမတလျှောက် တော်တော်ရှာယူရသောလူကူးမျဉ်းကျားဆိုသည် မည်သည့်ကားကြီးကားငယ် အနှေးယာဉ်များသော်မှ အရှိန်လျှော့ရပ်တန့်ပေးခြင်းမရှိသည်ကို သည်းခံကာ ဖော်ပြခဲ့သော နည်းများအတိုင်း အဆင်ပြေသလို ကူးရခြင်းဖြစ်သော သည်းခံတရားပွားများမျဉ်းကျားဖြစ်ကြောင်းသိရှိသွားသောအခါ လူကူးမျဉ်းကျားမှ ကူးမည်ဟူသော အဆိုပါ ပထမအတွေးမှာ စိတ်ထဲမှ ပျောက်ကွယ်သွားလေ့ရှိ၏။ လူကူးဂုံးတံတားများ ကိုတော့ သူသဘောကျသော်လည်း မီးရထားသံလမ်းများပေါ် လူတွေ မကြောက်မရွံ့ ဖြတ်ကူးသည်ကိုမြင်လျှင် ဘယ်နေရာ တွေ ဘယ်အရပ်တွေမှာ မီးရထားလမ်းကျော်လူကူးဂုံးတံတားဆောက်ထားသနည်းဟု သူ့ကိုယ်သူ ပြန်မေးနေမိသည်။

ကားမောင်းသူများအတွက် ကားလမ်းမများပေါ် ကားလမ်းပိတ်နေလျှင် ရေရွတ်ကြသော စကားလုံးများသည် အများအားဖြင့် တူညီလေ့ရှိသည်ကို အံ့သြစွာတွေ့ရသည်။ ဒီကားတွေကြောင့်ပေါ့ကွာ ကြပ်မှာပေါ့ဟူသော အသံဖြစ်ပေသည်။ ကားလမ်း ကြပ်သည်ကိုအကြောင်းပြု၍ ထောမနာမျိုးစုံပြုကြသည်ကိုလည်း ကိုယ်တိုင်ကြုံလိုက်ရ ကြားလိုက်ရပေသည်။ အငှားယာဉ် တစီးပေါ်တွင် ယာဉ်မောင်းဖြစ်သူအား ပြောခဲ့သည့်စကားကို ညီဖြစ်သူတစ်ယောက်က ယခုလို  ပြန်လည်ပြောပြသည်။

“ကားလမ်းတွေကြပ်တယ်ဆိုတာ မြို့ကြီးပြကြီးတွေရဲ့ ဂုဏ်အင်္ဂါတရပ်ပဲဗျ” ဟူသော စကားဖြစ်ပေသည်။ မှတ်သားဖွယ်ပင်။
ညီတစ်ယောက်သည် အဝေးပြေးကားဂိတ်သွားဖို့ရန် ကားမှတ်တိုင်တွင် ကားစောင့်နေရာသို့ ရန်ကုန်သားလည်း လိုက်ပါသွား ၏။ သူက အဲဒီကားရောက်တယ်ဟု လက်ညှိုးထိုးကာ ပြောသည်။ ထိုကားတွင် ကားမောင်းသူပါသည်။ စပယ်ယာခေါ် လက်မှတ်ရောင်းသူ မပါ။ ဆိုက်လာသော ထိုကားပေါ် ကားဘီးလှိမ့်နေဆဲမှာပင် ဒရိုင်ဘာရှိရာ ရှေ့ဘေးပေါက်မှ ပေါ့ပေါ့ပါးပါးခုန်တက်လိုက်သွား၏။ ပုံးတပုံးထဲသို့ နှစ်ရာကျပ်တန်တစ်ရွက်ထည့်လိုက်ကာ ကားပေါ်မတ်တပ်ရပ်လိုက်ပါသွားသည်ကို လှမ်းမြင်လိုက်ရသည်။ ပုံးထဲကို ခပ်တည်တည်နဲ့ ကားခမထည့်ရင် ဘာဖြစ်နိုင်သနည်းဟုမေးကြည့်ရာ ကားပေါ်က ခရီးသည် တွေ အဲဒီလူကို ကြည့်ကြမှာပေါ့ဟူသော အဖြေကိုရသည်။

အမျိုးသားပြတိုက် (ရန်ကုန်) သည် အဖိုးတန်ပစ္စည်းများ၊ ရှားပါးပစ္စည်းများ၊ ရှေးဟောင်းလက်မှုပညာများ၊ အသုံးအဆောင် ကိရိယာများ၊ ရှေးဟောင်းတူရိယာများ၊ နာမည်ကျော် ပန်းချီဆရာများ၏ ပန်းချီကားများ အစရှိသည် လေ့လာနိုင်သော ပြတိုက်ဖြစ်သောကြောင့် ထိုနေရာကို “ဒါ ငါတို့နိုင်ငံရဲ့အမျိုးသားပြတိုက်တခုပဲကွဲ့” ဟု ဂုဏ်ယူချင် ဝံ့ကြွားချင်သောကြာင့် အချိန်ပေးကာ ထိုထိုပစ္စည်းများကို တကူးတက သွားကြည့်ဖြစ်သည်။

ကလေးငယ်များ လူငယ်လူရွယ်များ ကြည့်ရှုလေ့လာနိုင်ရန် လူကြီးမိဘများ၊ စာသင်ကျောင်းများ၊ ဆိုင်ရာဆိုင်ရာများမှ ကြိုးပမ်းကြပါလျှင် အမျိုးသားပြတိုက်(ရန်ကုန်)သည် ပိုမိုအသက်ဝင်လာလေမည်လားဟု မျှော်လင့်မိပေသည်။ ထိုသို့လာ ရောက်ခွင့်ရသော ကလေးသူငယ်များထဲမှ ရှေးဟောင်းသုတေသီများ၊ သမိုင်းပညာရှင်များ၊ ပန်းချီအကျော်အမော်များ ဖြစ် လာမည် မဖြစ်လာမည်မှာလည်း မည်သူ့အပေါ်တွင် မူတည်နေမှန်း ရန်ကုန်သား မခန့်မှန်းတတ်။ သူတို့လေးများသည် ရှေး ဟောင်းပစ္စည်းများကို တန်ဖိုးထားတတ်သူများဖြစ်လာလျှင်ပင် ထိုထိုပြတိုက်များသို့ ကြည့်ရှုလေ့လာစေလိုသော ရည်ရွယ် ချက် တဝက်မက အောင်မြင်နိုင်ပေလိမ့်မည်။

ထိုပြတိုက်တွင်ဖွင့်လှစ်ထားသော အမျိုးသားစာကြည့်တိုက်ခွဲ (ရန်ကုန်) သို့လည်း ဝင်ရောက်လေ့လာဖြစ်သည်။ စာကြည့် တိုက်ပြင်ပသို့ စာအုပ်ငှားရမ်းခွင့် မရသေးသော်လည်း စာကြည့်တိုက်တွင်ပင် စာအုပ်စာတမ်းများ အေးအေးလူလူဖတ်ရှု လေ့လာနိုင်သော သပ်ရပ်ကောင်းမွန်သော အနှီစာကြည့်တိုက်မျိုးများသည် လူသွားလူလာများသော ကုန်တိုက်ကြီးများတွင် ဖွင့်လှစ်နိုင်ခဲ့သော် မည်သို့ဖြစ်လာမည်နည်းဆိုသည်ကို သိချင်စိတ်များ ပေါ်ပေါက်လာပေသေးသည်။ ပြတိုက်လာရင်း စာကြည့်တိုက်ဝင်ကာ စာဖတ်နိုင်အောင် တချက်ခုတ် နှစ်ချက်ပြတ်သဘောမျိုး စီစဉ်ထားတာလည်းဖြစ်နိုင်သည်ဟု ဆိုပါ လျှင် ကုန်တိုက်ကြီးများသို့ ဈေးဝယ်လာရင်း စာအုပ်စာတမ်းများ သွားရောက်ဖတ်ရှုကြ ငှားရမ်းကြလုပ်နိုင်ကြတာပဲဟု တွေး မိပါသည်။

မြို့လယ်ကောင်ရှိ ဖွင့်သစ်စ နိုင်ငံတကာ အဆင့်မီ ကုန်တိုက်ကြီးတစ်ခုသို့ မျက်စိလည်ကာ ရောက်သွားသောအခါ ကုန် တိုက် ကြီး အ၀င်ဝမှာပင် လူအများအပြားရှိနေကြသည်ကို တွေ့ရ၍ ထူးဆန်းနေမိချိန် “ဟဲ့ ဟိုကောင်လေး ဟိုကောင်မ လေးတွေ မ၀င်နဲ့ဦး၊ ဒီလောက်အပြင်မှာ ပူပြင်းနေတာ၊ အထဲကို ချက်ချင်းဝင်လိုက်ရင် ဟိုမှာ အဲယားကွန်းတွေက အရမ်း အေးနေတာနဲ့ တခါတည်း ချွေးငုတ်ပြီး ဖျားနာနေကြဦးမယ်၊ ခဏနေကြဦး ဒီနားမှာ” ဟူသော ကုန်တိုက်ကြွလာ ဈေး ၀ယ်သဟာတစ်ဦး၏ ပြောသံဆိုသံ မြည်တွန်တောက်တီးသံကြားမှ “ဟုတ်ပေသားပဲ ဒို့လည်း ဒီအ၀မှာ ခဏလေး နေကြ တာပေါ့”ဟု ပါလာသူ အမျိုးအပေါင်းအား အကြံပြုရသည်။ ထိုအခါမှပင် ကုန်တိုက်အ၀င်တွင် အဘယ်ကြောင့် လူစည်ကား သည်ကို သဘောမိခဲ့လေသည်။

သည်လိုကုန်တိုက်ကြီးထဲတွင် အခမဲ့စာကြည့်တိုက်သေးသေးလေးတစ်ခုဖွင့်ဖို့ နေရာတစ်နေရာစာလောက်ငှားရမ်းနိုင်ရန် ငါးရာတန်ထီကလေးများ ပေါက်ဖြစ်ခဲ့လျှင်ကောင်းမှာပဲဟု အတွေးကုသိုလ်ပွားခဲ့ပါသေးသည်။ သာဓုခေါ်ကြပါကုန်။ ထီအကြောင်း ပြောနေ ဆိုနေ ရှင်းပြနေသည်များ တီဗီအစီအစဉ်တစ်ခုမှ ပြသသည်ကို ကြည့်မိရာမှ ဘောလုံးကစားရာမှာသာ အရန်ကစားသမားများထားရှိသည်ကို သိသောရန်ကုန်သားအဖို့ အရန်ထီဆိုသည်ကို မျက်လုံးအနည်းငယ်ပြူးကာ သိရှိခဲ့ရလေသည်။ ကံစမ်းဖို့ အခွင့်မရခဲ့။

တရက်တွင် ညီတော်မောင်အား အတင်းခေါ်ကာ Yangon Book Plaza သို့ နေပူကျဲကျဲအောက်တွင် အပြေးနှင်ခဲ့သေးသည်။ စာဖတ်သူတွေကတော့ စာအုပ်တွေရှိရာ လာကြည့်ကြ၊ ကြိုက်ရာစာအုပ်တွေ့လျှင် ၀ယ်သွားကြနှင့် အေးအေးချမ်းချမ်းရှိကြတာတွေ့ရသည်။ ရေအိမ်ဝင်သည်တွင် ရေအိမ်တံခါးအတွင်းပေါ်ကပ်ထားသော ဝိုက်ချ မောက်ချရေးထုံးစာရွက်ကို အပြန် ပြန်အလှန်လှန်ဖတ်ခြင်းဖြင့် စာဖတ်ဝါသနာအိုး ရန်ကုန်သားအတွက် ဗဟုသုတကို ပွားများစေသောကြောင့် ကျေးဇူး တင်မိသည်။

ရန်ကုန်မြို့ကြီးရှိ ဈေးဆိုင်များတွင် ကြုံခဲ့ရသည်မှာ ငါးရာတန်ကိစ္စပင်ဖြစ်သည်။ ဈေးနှုန်းများသည် ၁၅၀၀ ကျပ်၊ ၁၈၀၀ ကျပ်၊ ၂၅၀၀ ကျပ်၊ ၃၅၀၀ ကျပ်ဟူ၍ အစွန်းထွက်အား ၅၀၀ ကျပ်ထားကာ ရှိကြသည်။ အဖိုးအခပေးချေသောအခါ ငါးရာ တန်ပါသလားဟု မေး၏။ ပြန်အမ်းရန် ငါးရာတန်မရှိကြ။ ငါးရာတန်အကြွေလေးများ မပါဘူးလားဟု အမေးခံရသည်တွင် ငါးရာတန်သည် ဘယ်တုန်းကများ အကြွေဖြစ်သွားပါလိမ့်ဟု ပြန်လည်မမေးမိ။ တခါတုန်းက သင်ယူဖူးခဲ့ရသော “၀င်ငွေ လည်ပတ်စီးဆင်းမှု” ဆိုသော ဘောဂဗေဒဘာသာရပ်မှ ခေါင်းစဉ်ကို သတိရဖြစ်အောင် ရလိုက်သည်။

ရန်ကုန်မှပြန်သောနေ့ ၂၀၁၇ မေ ၁၅တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရ၏။ လမ်းဘေးဝဲယာတစ်လျှောက် တိုက်တာအဆောက်အအုံများကို ကြည့်နေရင်း အမြင်မှုန်ဝါးနေသကဲ့သို့ ခံစားမိသည်။ မျက်လုံးများကို ပွတ်၍ သေသေချာ ချာကြည့်မှ တိုက်ကြီးများ တာကြီးများသည် အပြင်ဆေးရောင်များ ပြယ်လွင့်နေပြီဖြစ်ကြောင်း ဂရုပြုမိသည်။ စိတ်ကူးဖြင့် ဖုံခါ၊ ရေပတ်တိုက်ချေးချွတ်ပြီး ဆေးရောင်လှလှခြယ်ကြည့်သည်။ ရန်ကုန်မြို့ကြီး သစ်လွင်ဖို့ သင်္ဘောဆေးရောင်းလျှင် ကိုယ်လည်း အကျိုးအမြတ်ရ ရန်ကုန်ကြီးလည်း ရောင်စုံမြို့ကြီးဖြစ်သွားပေမည်။ စိတ်ကူးဟူသည် အသုံးမကျသေးမီ သေ သေချာချာ ထုပ်ပိုးထားသင့်သည့်အရာပေလားဟု မဆိုတတ်။

လေဆိပ်အရောက် လိုက်ပါပို့ဆောင်သူများကို နှုတ်ဆက်ပြီးသော် နိုင်ငံကူးလက်မှတ်ပြ လေယာဉ်လက်မှတ်ပြပြီး ကောင် တာတွင် တန်းစီ၏။ မီးကမပျက်။ သို့သော် လေအေးပေးစက်များ ပန်ကာများက ကွက်ကြားပျက်နေရှာပုံရသည်။ အလုပ်လုပ် နေသော ၀န်ထမ်းများ၊ တိုင်းခြားပြည်ခြားသို့ လေယာဉ်ပျံဖြင့် သွားရန် တန်းစီနေသောခရီးသည်များမှာ ချွေးသီးများနှင့်။ “အဲယားကွန်းကြီးတွေလည်း မလည်ဘူးနော်”ဟု ရန်ကုန်သား၏ ပါရမီဖြည့်ဖက်မှ စောဒက မ၀ံ့မရဲတက်ကြည့်သော် “ဟုတ် တယ် အမရယ် ရန်ကုန်က ဒီလိုပါပဲ”ဟူ၍ တဖက်မှ ယဲ့ယဲ့ကလေးပြုံးကာ ပြန်ပြောရှာသည်။ “လာပါကွာ အိမ်ရှင်မရာ လေ ယာဉ်ပျံပေါ်မှာတော့ အေးမှာပါ” ဟုနောက်ပြောင်ပြောဖို့ အားအင်မရှိခဲ့။

ရန်ကုန်မြို့ကြီးသည် ယခုတခေါက်တွင်လည်း ရန်ကုန်သားအတွက် မိတ်ဆွေတစ်ယောက်အဖြစ် ရောက်မလာသေး။ လေ ယာဉ်ပျံသည် လေယာဉ်ပြေးလမ်းပေါ်မှ ဝေဟင်သို့ ပျံဝဲလိုက်သည်တွင် ရန်ကုန်မြို့ကြီးအား အပေါ်မှစီး၍ကြည့်မိပြန် လေ သည်။

ရန်ကုန်သည် ရန်ကုန်သားအတွက် တစိမ်းဆန်နေပေသေးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်