မောင်နောင်မွန် ● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း

May 26, 2017

● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း
(မိုးမခ) မေ ၂၆၊ ၂ဝ၁၇

အခန်းအပြင်ဘက်ကိုပျံသန်းထွက်ဖို့ အားယူနေ ဆဲအချိန်မှာပင် မျက်လုံးတွေ ဝေဝါးလာသည်။ အရာရာကို အခိုး အငွေ့သာမြင်နေရသည်။ ကမ္ဘာကြီးသည် ချာချာလည်နေချေပြီ။

တကယ်တော့ ကျနော်သည် အတ္တကို ရှေ့တန်းတင်လေ့ရှိသည့် တောင်ပံခတ်သတ္တဝါတကောင်ဟု ဆိုချင်ဆိုနိုင်သည်။ ဘဝ သုံးခုကို ပိုင်ပိုင်နိုင်နိုင်ဖြတ်ကျော်ခဲ့ရတဲ့ ကျောရိုးမဲ့ တနည်းအားဖြင့် အင်းဆက်ပိုးလေးတကောင်။

ကျနော်တို့မျိုးရိုးစဉ်ဆက်ကလား။ တခါတရံ ပန်းဝတ်ရည်တွေကိုစားသုံးတတ်တာမျိုးရှိသလို တခါတရံတော့ ဝတ်ရည်ချိုအီ တို့ရဲ့ ဆန့်ကျင်ဘက် အသွေးတွေကိုစုတ်ယူစားသုံးတတ်သူများပေါ့။ ဒါပေမဲ့ ကျနော်တို့ဟာ မစင်ကြယ်တဲ့ လာဘ်လာဘ လိုဟာမျိုး ဘယ်သောအခါမှ မစားတတ်ခဲ့ချေ။ ကိုယ့်ဝမ်းစာအတွက် ကိုယ့်အသက်နဲ့ လဲယူစွန့်စားရတဲ့ သမာအာဇီဝ သန့်သန့်နဲ့သာ အသက်ရှင်ရပ်တည်နေတဲ့ မျက်လုံးပြူးပြူး တောင်ပံတပ်သတ္တဝါမျိုးတွေပါ။ ကျနော်တို့ဦးခေါင်းထဲက ဦး နှောက်တွေက သေးငယ်သော်လည်း ဘဝအဓိပ္ပါယ်အရ ကိုယ့်ဝမ်းစာအတွက် ခက်ခဲတဲ့တိုက်ပွဲတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်ပြီး နေရတဲ့အတွက် အချိန်စီး လေးနက်လှတ တိရစ္ဆာန်တွေလို့ပဲ ကိုယ့်ကိုယ်ကိုယ် ခံယူတတ်ကြပါတယ်။

ဆန့်ကျင်ဘက်အမြင်တွေနဲ့ ပြောမယ်ဆိုရင်တော့ ဖြူနက်ကျားဆေးရောင်ခြယ်ထားတဲ့ အတ္တကျေးကျွန် (သို့မဟုတ်ရင်လည်း) နှမ်းတစေ့သာသာမျှသာရှိတဲ့ ဝမ်းဖြည့်ရာ ပရိယေသန ကျေးကျွန်တွေပေါ့။ ဟုတ်ကဲ့၊ ကျနော်က အဲဒီမျိုးနွယ်ထဲက ကောင်ပါ။

(၁)
အခန်းမျက်နှာကြက်ပေါ်ရှိပန်ကာသည် တဝီဝီလည်နေသည်။ ပန်ကာ၏အောက်ခြေတွင်စွဲထားသောမူလီများက ချောင်ကာ တဝီဝီ အသံကြားတွင် တကျွတ်ကျွတ်အသံလေး စွက်နေသည်။ ပန်ကာ၏ဘေးနားနှင့် အခန်းနံရံပေါ်တွင်ကပ်ငြိနေသော မီးခိုးကျပ်ခိုး မှိုင်းများသည် ပန်ကာလေအရှိန်ကြောင့် တဝေ့ဝေ့ တဝဲဝဲ လွင့်နေသည်။ အခန်းမျက်နှာကြက်ထက်တွင်မူ ဝါဝါ ကျင့် ၂ဝ ဗို့အား မီးလုံးလေးက လင်းနေသည်။ အခန်းထောင့်တွင် ပုံထားသောအဝတ်တွေဆီမှ အောင့်သက်သက်နံ့က တချက်တချက် တိုးဝင်လာသည်။ ဘယ်သောအခါမှမဖွင့်သော အခန်းပြတင်းပေါက်တွင် ခြင်လုံဇကာတို့က အပြည့်တပ်ထား သည်။ ထို့အတွက် နေ့လားညလားဟူ၍ ဘယ်တော့မှ မခွဲခြားနိုင်ချေ။ အခန်းနံရံထက်က နာရီ၏လက်တံတိုရှည်တို့ ညွှန်ပြ ချက်ကသာ နေ့နှင့်ညကို ကတ္တားခွဲခြားနိုင်ပေလိမ့်မည်။ ဒါတောင် တခါတလေ မှားတတ်သေးသည်။ အခန်းထဲတွင် မီးလုံး လေး၏ အလင်းရောင်မှလွဲ၍ ပြင်ပအလင်းရောင်လုံးဝမရှိချေ။ ဤအရာသည်က အခန်းလေး၏ ကိုယ်ပိုင်ရပ်တည်ပုံ အမှတ်အသားတခုဖြစ်နေပြီး မြေပြင်ထက်ပေ တစ်ရာကျော်ခန့်မြင့်သော နေရာတွင် တည်ရှိသည်။ သို့သော် ဤနေရာအထိ ကမ္ဘာဆွဲအားသည် ထိရောက်မှုရှိနေလေသည်။ အဘယ်ကြောင့်ဆိုသော် အရာဝတ္ထုတခုချလိုက်တိုင်း အောက်ဘက်သို့ သာကျသွားသည်ကို မြင်နိုင်သော ကြောင့်ဖြစ်ပါသည်။

(၂)
အခန်းအပြင်ဘက်တွင် မိုးနတ်သားသည် အငြှိုးတကြီးရွာသွန်းနေလေသည်။ လူသားတွေဆိုလေ့ရှိသည့် ရာသီဥတုက အားကစားသမားအကြိုက်ဆိုသည့် ရာသီဥတုမျိုး ဖြစ်သည်။ သို့သော် အချိန်အခါက နွေခါင်ခေါင်သာဖြစ်ပေသည်။ အစိုးမရ သောရာသီဥတု၏ သစ္စာမရှိပုံမျိုးဟု ဆိုချင်သည်။ မိုးရေတို့သည် အိမ်ခေါင် မိုးသွပ်ပေါ်ကို လာရောက်ထိခတ်သည်။ အသံ တို့က တေးသွားသီချင်သူများအဖို့တော့ သာယာနားပျော်ဖွယ် ဖြစ်ကောင်းဖြစ်မည်။ ခံစားချက်မရှိသောသူတွေအတွက်ရာမူ ဆူညံသံမျှသာ ဖြစ်နေပေသည်။

လမ်းမထက်တွင်လူသွားလူလာများ ရှိနေသေးသည်။ သို့သော် ခါတိုင်းထက်တော့ နည်းနေသည်။ မြို့ကြီးပြကြီးတခု၏အဂါင်္ရပ်နှင့်အညီ လူပြတ်သွားသည်တော့ မရှိချေ။ ဘတ်စ်ကားများ၏ ဘရိတ်ဆွဲသံ ဂီယာထိုးသံများသည် အခန်းထဲထိတိုင် ကြားနေရသည်။ စပါယ်ယာလေးများ၏အော်သံများကတော့မူ မိုးသံနှင့် မိုးရေများအကြားတွင် ပျောက်လွင့်သွားကြလေသည်။
အခန်းထဲတွင် အေးစက်နေသည်။ အပြင်ဘက်ကမိုးရွာနေသောကြောင့်လည်း ဖြစ်မည်ထင်သည်။ သို့တည်းမဟုတ် ပန်ကာကြောင့်လည်း ဖြစ်မည်ထင်သည်။ ပန်ကာလည်သံနဲ့မိုးရေကျသံသည် အလွန်ပနံ တင့်သည်ဟု ကျနော်ထင်မိသည်။ အခန်းထဲတွင်လူသားတဦးထိုင်နေလေရာ သူပုံကိုကြည့်ရသည်မှာ တစုံတရာကို အလေးအနက်တွေးနေဟန်မျိုးနှင့်ဖြစ် သည်။ သူသည် တခါတရံ ခေါင်းခါလိုက်၊ တခါတရံ အိပ်ရာပေါ်လဲချလိုက် လုပ်နေသည်။ အခန်းထဲတွင် အိပ်ရာတခုနှင့် ဗီဒိုတလုံးရှိကြောင်း ကျနော်ပြောဖို့ မေ့သွားသည် ထင်သည်။ ဤအခန်းကိုပိုင်သောသူသည် လူငမွဲတယောက်သာ ဖြစ်ပါ လိမ့်မည်ထင်သည်။ သို့မဟုတ် လွတ်လပ်စွာနေတတ်သောသူတယောက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။  အခန်းထဲတွင် ဗီဒို တလုံး၊ အိပ်ရာတခု၊ အဝတ်ပုံတပုံနှင့် အခန်းထောင့်တွင် အမှိုက်တွေနဲ့ပြည့်နေသော အမှိုက်ပုံးတပုံးတို့ ရှိသည်။

ထိုလူ တစုံတခုကိုအလေးအနက်တွေးနေပုံက အသည်းကွဲနေပုံမျိုးနှင့်လည်း တူသည်။ လူသားတို့သဘာဝ အချစ်ရေး အချစ်ရာ ထင်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူ၏ပတ်ပတ်လည်တွင် ပုလင်းတွေ အစီအရီ ရှိနေသည်။ သို့သော် ယင်းတို့အကုန်လုံးမှာ ပုလင်းအလွတ်တွေသာ များသည်။ ထိုသူလက်ထဲတွင်တော့ ပုလင်းတလုံးကိုင်ထားသည်။ ထိုပုလင်း ထဲတွင် မဟော်ဂနီအရောင်အရည်တွေ ပုလင်းတစ်ဝက်ခန့် ရှိနေသည်။ ထိုသူသည် ပုလင်းကိုမော့လိုက်၊ တွေတွေကြီးငေး နေလိုက်၊ ပါးစပ်က တခုခုကိုရေရွတ်နေလိုက်နှင့် လုပ်နေသည်။ ထို့အပြင် ရုပ်ရှင်ဇာတ်လမ်းများတွင် စိတ်ညစ်သမားများ ကိုပြသောအခန်း၌ သရုပ်ဖော်တတ်သော ပုံစံမျိုးအတိုင်း ထိုသူကိုယ်တွင် အပေါ်အဝတ်မပါချေ။ ဆံပင်ကို ဘုတ်သိုက်ချ ထားသည်။ ထို့ကြာင့် ဤလူသား အသည်းကွဲနေကြောင်း ကျနော်ကောက်ချက်ချမိသည်။

(၃)
အခန်းထဲရှိတခုတည်းသော ဗီဒိုဘေးနားမှအငွေ့တွေ တထောင်းထောင်းတက်နေသည်။ ထိုအငွေ့နှင့်အတူ အနံ့တခု နှာ ခေါင်းထဲ ပါလာသည်။ ထိုအနံ့ထဲတွင် ကာဗွန်မိုဒ်နောက်ဆိုဒ်အနံ့တွေ ပါလာသည်။  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဖန်လုံအိမ်အာနိသင် လျော့ချရေးအော်နေတဲ့လူတွေ။ ထိုကာဗွန်မိုဒ်နောက်ဆိုဒ်ရဲ့အငွေ့တွေကြောင့် သေသွားတဲ့သတ္တဝါတွေ ဒုနဲ့ဒေး မြင်ဖူးခဲ့သည်။

တောင်အန္တာတိကမှာ ရေခဲပြင်တွေ ပျော်ကျကုန်သည်။ ဤလူသား အပြစ်မကင်းနိုင်တော့။

လူဆိုတဲ့အမျိုးက ခြေနှစ်ချောင်းကိုအားကိုးကာ သွားလာလှုပ်ရှား ရုန်းကန်ရသည်။ ထိုနှစ်ချောင်းထဲနှင့် အဆင်ပြေနေသည်။ ထိုအရာသည်က အခြားသက်ရှိတွေနဲ့ ကွာခြားချက်ဖြစ်သွားလေသည်။ ဘုရားသခင်က အခြားသတ္တဝါတွေနည်းတူခြေတံလက်တံတွေ ဖန်ဆင်းပေးခဲ့သည်။ အခြားသတ္တဝါတွေက ထိုခြေတံလက်တံတွေကိုအသုံးချကာ သွားလာမှုပြုကြသည်။ သို့သော် လူတွေက လက်တံတွေကို သွားလာ လှုပ်ရှားမှုအတွက်အသုံးပြုရန်မလိုပေ။ ထိုအခါ လူတို့သည် ပိုနေသောလက်ကို အစားထိုးအသုံးချကြသည်။ ထိုအရာသည် သူတပါးအပေါ် လက်ညှိုးထိုးအပြစ်ပုံချရန်နှင့် လိင်မှုပြုစဉ် လေးဘက်ထောက်ရန် ဖြစ်သည်။ ယခု ထိုလူသားအား အိုးဇုန်လွှာပေါက်သွားမှုသည် ခင်ဗျားကြောင့်ဟု ပြောကြည့်ပါလား။ သူမဟုတ်ကြောင်း ငြင်းချက်ထုတ်လိမ့်မည်။ အခြားသူတွေကြောင့်ဖြစ်ကြောင်း ပြောလိမ့်မည်။ ထိုအရာသည်ကား လူသဘာဝ ဝန်းကျင်တွင် အမှန်တရားတခုဖြစ်နေသည်။ လူသားတို့အတွက် အမှန်တရားသည် တခါတရံ အမှားတရာမှ ဆင်းသက်လာသည်။ အလွဲအမှားကြီးသည် လူအများစု၏ အမှန်တရား ဖြစ်သည်။ လူသားအတွက်ဆေးခါးကြီးသည် အမှန်တရားဖြစ်ကာ ထိုဆေး ကြီးကိုသောက်ရန်မူ ဝန်လေးကြလေသည်။ ထို့ကြောင့် လူသားတို့သည် တဖြည်းဖြည်း ရောဂါဘယထူပြောလာကြလေသည်။

ယခုကာဗွန်မိုဒ်နောက်ဆိုဒ်သည် အခန်းထဲတွင် ပြင်းအားတဖြည်းဖြည်း များလာသည်။ ကျနော်နဲ့အတူအခန်းထဲတွင်ရှိနေသော အကြင်လူသားသည် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ ခုတင်ပေါ်တွင် လက်ထဲကပုလင်းကိုချလိုက်သည်။ ပုလင်းထဲတွင်ကပ် ကျန်နေသော အရည်ဝါကျင့်ကျင့်သည် ထိုသူကို ငေးမောနေသည်။ အခန်းထောင့်တွင်ချိတ်ထားသောဂျင်းဘောင်းဘီအိတ်ကို ဘယ်ညာစမ်းနေသည့် သူ့ပုံမှာ အမှုစစ်ပုလိပ်၏ပစ္စည်းရှာဖွေမှုပုံစံမျိုးနှင့် ဆင်တူနေလေသည်။

လက်ထဲတွင် လေးထောင့်ပုံစံ ဇစ်ပိုတံဆိပ်ငွေရောင်သတ္တုဘူးလေးတခုပါလာသည်။ အခြားအိတ်ထဲမှာ အနီရောင်ဘူးလေး တဘူးကိုပါ ထုတ်လိုက်သည်။ ထိုအနီရောင်ဘူးအဖုံးပေါ်တွင် အနာရည်တရွဲရွဲဖြစ် နေသော လူသားပုံတဦးနှင့်အတူ စာသားလေးတကြောင်းကို ဖော်ပြထားသည်။  “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေသည်” ဟူ သော အဖြူရောင်စာလုံးလေးများက အနီရောင်ဘူးပေါ်တွင် ပနံတင့်နေသည်။
လက်ထဲတွင် အဖြူရောင်အတောင့်ကို အညိုရောင်အစီခံလေးနဲ့အနားသပ်ထားသော မာဘိုလို ဆေးလိပ် လေးတချောင်းပါ လာသည်။ လက်ညှိုးနဲ့လက်ခလယ်ကြားတွင်ညှပ်ကာ ဟန်ပါပါနှုတ်ခမ်းနဲ့တေ့ထားသည်။ ဇစ်ပိုမီးခြစ်ဆီကလိမ္မော်ရောင်မီးတောက်လေး တချက်အတောက်မှာ ဆေးလိပ်ထိပ်ဖျားတွင် မီးစွဲနေလေပြီ ဖြစ်သည်။

အဖြူရောင်မီးခိုးငွေ့အသစ်တခု ထွက်ပေါ်လာသည်။ ချောကလက်နံ့သင်းသင်းလေးအုပ်ထားသော မီးခိုးထဲတွင် နီကိုတင်း အနံ့က နောက်ကပ်ပါလာသည်။ ထို့နောက် ကာဗွန်မိုဒ်နောက်ဆိုဒ်အနံ့က ထွက်လိုက်လာသည်။ ထိုအနံ့သည် ကတ္တရာပြို ကွဲခြင်းမှရလာသည်ဟု ပညာရှင်တွေထွက်ဆိုကြသည်။ ထိုမီးခို့ငွေ့များသည် အဆိပ်အနံ့များဖြစ်သည်။ အဆိပ်ဓာတ်ငွေ့ များဖြစ် သည်။ အခန်းထဲတွင်အနံ့များ၏စုစည်းမှုက အားကောင်းလာသည်။ တဝီဝီလည်နေသောပန်ကာက အခန်းတွင်း လေထုထဲ အဆိပ်ဓာတ်ငွေ့များကို ရောသမမွှေနေသည်။ ကြပ်ခိုမှိုင်းများသည် ထိုအနံ့များဖြင့် ကပ်ငြိနေသည်။ ပင့်ကူ အိမ်များတွင်ထိုအနံ့များ စွဲနေသည်။ အခန်းထောင့်ရှိ အောက်နံ့ထွက်နေသော အဝတ် အဟောင်းပုံပင်လျှင် ထိုရန့က စွဲကပ်နေချပြီ။ အခန်းထဲရှိလေထုသည် သန့်ရှင်းမှုမရှိတော့ချေ။ အောက်စီဂျင်သည် ပမာဏတဖြည်းဖြည်းလျော့နည်းကာ လုံးပါး ပါးနေလေတော့သည်။ ထိုသူ၏အသက်ရှူမှုတွင် မောပန်းမှုပါလာသည်။

(၄)
အခန်းထဲတွင် ခုလောလောဆယ်သက်ရှိဟူ၍ ကျနော်နှင့်လူသားတဦးသာ ရှိသည်။ သက်ရှိနှစ်ဦးတွင် ထိုသူကအဆိပ်ဓာတ် ငွေ့ကို ထုတ်လုပ်သူ။ ကျနော်က ထိုအဆိပ်ငွေ့တွေကို ရှူရှိုက်နေရသူ။

လူသားလေးသည် အခန်းထဲတွင်ကျနော်ရှိနေမှန်း မသိချေ။ သူသဘောနှင့်သူ နေနေသည်။ သို့သော် ဆေးလိပ်သောက် သူနှင့်စာလျင် သူ၏ဘေးနားမှာ ထိုအနံ့ကိုရှူနေရသူက နှစ်ဆမျှ ပိုထိခိုက်မှုရှိသည်။ ယခုလည်း ထိုနည်းလည်ကောင်းပင် ကျနော့်မှာ ခံစားနေရသည်။ အပြစ်မရှိဘဲ ခံစားနေရခြင်းဟု ထင်မိသည်။ အတိတ်ဝဋ်ကြွေးဆပ်နေသည်ဟုသာ မှတ်ထားရ လေတော့သည်။ သတ္တဝါတွေဆိုတာ ခန္ဓာရပြီးကတည်းက ဒုက္ခတရားတွေသာဖြစ်မှန်းမသိဘဲ တပ်မက်စွာစွဲလန်းမိသည့် ဝဋ်ကြွေးဆပ်နေသူတွေမှန်း ကြားဖူးနားဝတော့ ရှိဖူးသည်။

စင်စစ် ဤအခန်းကျဉ်းလေးထဲ ကျနော်ဘယ်လိုရောက်လာမှန်းမသိချေ။ အခန်းပြတင်းပေါက်ကိုဖြတ်ပြီးဝင်လာတာလား။ မဖြစ်နိုင်ချေ။ ခြင်လုံဇကာအထပ်ထပ်နဲ့ အမြဲတမ်းပိတ်ထားသောပြတင်းပေါက်တခုဖြစ်သည်။ ဘယ်ကဝင်မှန်း ကျနော်မသိ ချေ။ ကျနော်သတိရချိန်တွင် ကျနော်အခန်းထဲရောက်နေပါပြီ။ အခန်းထဲတွင် ကျနော် ထိုအနှီလူသားတဦးနှင့်အတူတူ ရှိနေသည်။ ကျနော့်နှာခါင်းထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေက တဝေါဝေါ ဝင်လာနေသည်။ ထိုအနံ့နှင့်အတူ လတ်ဆတ်သောသွေးစိမ်းနံ့တို့က ကပ်ပါလာသည်။ ကျနော်သည် သွေးစုပ်ကောင်ကောင်တပိုင်းဖြစ်လေရာ ထိုလတ်ဆတ် သွေးနံ့သည် ကျနော့်ကို မြူဆွယ်ဘိသကဲ့သို့ အာရုံကို နိုးကြားလာစေသည်။ သို့သော် ကျနော်စုပ်သောသွေးတို့သည် ကျ နော့်အတွက် မဟုတ်ချေ။ ရေကန်ထဲ ရေအိုင်ထဲတွင် ခြင်လားမမြောက်သေးသော ပိုးလောက်လန်းလေးတွေအတွက်ဟု အားတင်းထားရင်း  စိတ်ထဲက ထိုသို့သာ ခံယူထားမိသည်။

ယနေ့အတွက် ကျနော်အစာမစားရသေး။ တနည်းဆိုသော် သွေးမသောက်မစုတ်ရသေး။ နံရံမှာနားနေသော ကျနော်သည် ကာဗွန် ဒိုင်အောက်ဆိုဒ်အနံ့ရှိရာကို တူရူကြည့်လိုက်သည်။ လက်ထဲကစီးကရက်ကိုတဖွာဖွာနဲ့ ခုတင်ပေါ်ထိုင်နေသော အနှီလူသားကို တွေ့ရသည်။ ယင်းမှာ ကျနော့်အပြင် အခန်းထဲက အခြားသောသက်ရှိသတ္တဝါတကောင်။ စောစောက ကျနော့်အာရုံထဲသို့ လွင့်ပျံလာသော သွေးစိမ်းရနံ့သည် ထိုသူ့ဆီကမှန်း ကျနော်တထစ်ချက်ယုံလိုက်သည်။ ကျနော့်ဆာ လောင် မွတ်သိပ်မှုအရ ထိုလူသားကို ပစ်မှတ်အဖြစ် ရွေးလိုက်သည်။ အခန်းထဲတွင် သက်ရှိသတ္တဝါနှစ်ကောင်အတူရှိနေသော်လည်း ကမ္ဘာမြေမီးလောင်သော် သားကောင်ချနင်းရမည်ဘဲ မဟုတ်လား။

ကျနော် စဉ်းစားသည်။ ထိုလူသား၏အပေါ်ဘက်အကာအကွယ်မရှိသောအပိုင်းကို ကျနော့်နှုတ်သီးချွန်လေး ဖြင့်ထိုးစိုက်ကာ ချွေးထွက်ပေါက်တွေမှတဆင့် သွေးတွေကို စုပ်ယူမည်။ ကျနော့်အတွက်လုံလောက်သောပမာဏရလျှင် ထပြန်မည်ဖြစ်သည်။ သို့သော် ထိုလူသား၏ကိုယ်ပေါ်က တက်တူးအချို့ကြောင့် ကျနော့်ကို တွေဝေသွားစေသည်။ ရောဂါအကြီးအမားတွေရမှာ စိုးသည်။ တက်တူးထိုးသောလူသားများမှာ ထိုတက်တူးကြောင့်ပင် ဂုဏ်သရေကိုထိပါးသော ရောဂါဆိုးကြီးများ ဖြစ်စေ ကြောင်း ကျနော်ကြားဖူးထား၍ ဖြစ်သည်။။ အကယ်၍ ထိုရောဂါအကြီးအမားကြီးသာ ထိုလူသားထံမှ ကျနော့်ဆီကူးစက် လာလျှင် ကျနော်တို့အသိုင်းအဝိုင်းထဲ၌ ကျနော်တကောင် အများတံထွေးခွက်ထဲ ပက်လက်မျောသွားနိုင်ပေသည်။ ကျနော် တို့တတွေက အရှက်နဲ့ဂုဏ်သိက္ခာကို တန်ဖိုးထားကြသည်မဟုတ် လား။

(၅)
ကျနော်ထိုးဆင်းသွားသည်။ ကျနော်ပစ်မှတ်ဆီသို့သေချာစွာချိန်ဆပြီးမှ ထိုးဆင်းလိုက်ခြင်းဖြစ်သည်။ ကျနော်တို့၏မျက်လုံး များသည် စနှိုက်ပါသေနတ်သမား၏ မှန်ဘီလူးထက်ပိုမြင်ရသည်။ တောင်ပံတခတ်ခတ်နဲ့ ကျနော်ပျံဆင်းလာခြင်းဖြစ်သည်။ သို့သော် ကာဗွန် မိုနောက်ဆိုဒ်ဓာတ်ငွေ့အနံ့က နှာခေါင်းထဲစူးဝင်လာသည်။ မီးခိုးငွေ့ဖြူဖြူတွေက ဦးနှောက်ဆီကို တန်း ဝင်လာသည်။ ကျနော်နီးစပ်ရာ နံရံပေါ်ကပ်နားလိုက်သည်။ ခုတင်အောက်မှထွက်လာသော ဓာတ်ငွေ့အချို့နှင့် လက်ထဲမှ ဆေးလိပ် ဓာတ်ငွေ့အချို့တို့ ပေါင်းစပ်ကာ အင်အားကြီးမားလွန်းသော အငွေ့တပ်ဖွဲ့တခု ဖြစ်နေချေသည်။ ထိုဓာတ်ငွေ့တပ် ပေါင်းစုသည် အသေခံတပ်သားသဖွယ် ကျနော့် နှာခေါင်းဆီသို့ တိုးတိုးဝင်လာတော့သည်။ အပေါ်စီးမှမြင်နေရသောအခါက အမှုမဲ့အမှတ်မဲ့သာ သဘောထားခဲ့သော ကျနော့်အပြစ်သာ ဖြစ်လေသည်။

ယခုတော့ ထိုဓာတ်ငွေ့၏အနံ့သည် ဦးနှောက်ထဲရှိ အာရုံခံထိန်းချုပ်စနစ်ကို စတင်ဖျက်ဆီးနေလေပြီ။ ကျနော့်မျက်လုံးတွေ ပြာလဲ့လဲ့ ရောင်စဉ်များကို မြင်လာရသည်။ ခြေတွေလက်တွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့။ နှလုံးခုန်နှုန်းတွေက မြန်လိုက် နှေးလိုက်ဖြစ်နေသည်။ အသက်ရှူနှုန်းက သာမန်ထက် သုံးလေးဆ မြင့်တက်လာသည်။ ဘဝ၏နေဝင်ချိန်ဖြစ်မည်ထင်သည်။ ကျနော်တခါမှမတွေးဖူးထားသော ဘဝနေဝင်မှုဖြစ်သည်။ အခန်းကျဉ်းလေးထဲတွင် ဓာတ်ငွေ့အနံ့တချို့ကြောင့် သေဆုံးရ မည်ဟု ကျနော်တခါမှ မတွေးဖူးချေ။ ကျနော် ပျံထွက်သွားဖို့အားယူကြည့်လိုက်သည်။ မျက်လုံးထဲတွင် ဝါးတားတားတွေသာ မြင်နေရသည်။ သို့တိုင် အားယူပြီး ပျံသန်းကြည့်သည်။ ကမ္ဘာ့ဆွဲအားအတိုင်း အောက်ကြမ်းပြင်သို့ ကျလာသည်။ ဖုတ် လိုက်ဖုတ်လိုက်ဖြစ်နေသည်။ မျက်လုံးထဲတွင် ရေမှာကူးလူးမြူးနေသော ပိုးလောက်လန်းတွေကို မြင်နေသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းရဲ့ကြား ပုဝါးပါးပါးလေးတချပ်ကိုဖြတ်သန်းလိုက်သည်။ အရာရာသည်လေဟာနယ်တခုအဖြစ်သာ ကျန်နေခဲ့ သည်။

(၆)
ကျနော်ဆိုတာလား…
ဘဝတခုရှင်သန်ဖို့အတွက် ခန္ဓာကိုယ်သုံးခုကိုစတေးခဲ့သည်။ မျက်လုံးပြူးပြူး တောင်ပံတစုံနဲ့အစွယ် တချောင်းပိုင်သည်။ ထိုအစွယ်သည် ကျနော်တို့အတွက်တော့ ဘုရားပေးတဲ့ဆုလာဒ်တခုဖြစ်သည်။ တောင်ပံသေးသေးငယ်ငယ်လေးတွေက ကမ္ဘာတပတ်စာအတိကို တာဝန်ယူနိုင်သည်။ သို့သော် ကျနော်တို့ သက်တမ်းကတော့ ကမ္ဘာပတ်နိုင်လောက်အောင် မရှည် ချေ။ ကျနော်တို့အမျိုးတွေက အတ္တကြီးသော သတ္တဝါမျိုး ဖြစ်သည်။ မာနကြီးသော သတ္တဝါမျိုးဖြစ်သည်။ အန္တရာယ်ကြား အသက်ကိုလောင်းကြေးထပ်သလို စွန့်စားကစားချင်သော သတ္တဝါမျိုး ဖြစ်သည်။ ကျနော်တို့၏အမဲလိုက်ခြင်းခံရသောသတ္တ ဝါတို့သည် အသက်အန္တရာယ်မဖြစ်သော်လည်း ကျနော်တို့ကို ပြန်အမဲလိုက်ခံရသောအခါ၌မူ ကျနော်တို့၏ အသက်များကို အပုံလိုက်အထပ်လိုက် ပေးဆပ်ကြရသည်။

ကျနော်တို့သည် ပန်းဝတ်မှုန်စားသော သွေးသောက်သတ္တဝါတမျိုး ဖြစ်သည်။ ကျနော်တို့သည် လူသားတို့နှင့် အနီးကပ်ဆုံး သွေးစုတ်ဖုတ်ကောင်တမျိုး။ သို့သော် လူသားအချင်းချင်းကြား စကားဆိုတတ်သလို မတရားဂုတ်သွေးစုပ်တတ်သည့်သတ္တဝါမျိုတော့မဟုတ်သည်မှာ အသေအချာပင်ဖြစ်ပေသည်။ ။

မောင်နောင်မွန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်