မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၉)

May 27, 2017

မောင်ရင်ငတေ ● ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ – အပိုင်း (၉)

(မ ယ့်ေ ခါ င် မြ စ် ဆုံ … တြိ ဂံ ရွှေ မြေ )
(မိုးမခ) မေ ၂၇၊ ၂၀၁၇

ဘန်ကောက်- မယ့်ဆောက်မှတဆင့် ၁၃၇၀ ကီလိုမီတာ ခရီးပေါက်လာခဲ့ပါပြီ။ မယ့်ဆောက်ကနေ ထွက်လာခဲ့တဲ့ တတိယ နေ့ ခရီးရဲ့ နောက်ဆုံးဦးတည်ရာပါ။ မယ့်ဆိုင်မြို့ကနေစထွက်လို့ တြိဂံမြစ်ဆုံ မရောက်မီမှာကိုဘဲ စိတ်ထဲ အတော်လေးကို ပီတိဖြာလို့ သာယာနေပါပြီ။ ဒီခရီးကို လွန်ခဲ့တဲ့ခြောက်လလောက်ထဲက စိတ်ကူးယဉ် စီစဉ်ခဲ့ရတာမှလား၊ အခုလို ချောချော မွေ့မွေ့ ခရီးပန်းတိုင်သို့ ရောက်ဖို့ နီးလာလို ကျေနပ်နေမိတာပါ။

ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့  စာစုများရဲ့ဂိတ်ဆုံး ဦးတည်ရာနေရာကို ရောက်ရှိလာခဲ့ပါပြီ။ မြောက်ဘက် စွန်းကဦးတည်ရာ မယ့်ခေါင်မြစ်ဆုံ တြိဂံရွှေမြေပါ။ ဒီနေရာကနေမှ လာရာ လမ်းတောင်ဘက်ဆီက ဘန်ကောက်ရွှေမြို့တော်သို့ ချင်းရိုင် ချင်းမိုင်တို့မှာ တခဏနားပြီး ပြန်ကြရပါမယ်။ ခြောက်လနီးပါးလောက် ကြိုတင်ပြင်ဆင်စီစဉ်ထားတဲ့ ဒီခရီး အထ မြောက်အောင် ကူညီပံ့ပိုးကြသူများကို ဒီတသက် မေ့နိုင်ဘွယ်ရာ မရှိပါဘူး။ အထူးသဖြင့်ကတော့ တကူးတက အပင်ပန်းခံ၍ ကိုယ့်ကားကိုယ်မောင်း လိုက်လံပို့ဆောင်ပေးခဲ့ပါသော ကိုကျော်ကျော်နဲ့မမီးမီးကို ကျေးဇူးမှတ်တမ်းပြုရပါတယ်ခင်ဗျား၊ ကျန်ရှိသော မယ့်ဆောက် ချင်းမိုင်က ဘော်ဒါအပေါင်းကိုလည်း အထူးကျေးဇူးတင်ရှိရပါကြောင်း မောင်ရင်ငတေ ထပ် လောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

ဒီ တြိဂံမြစ်ဆုံဒေသကို လာရခြင်းရည်ရွယ်ချက်က သိပ်ထူးထူးခြားခြား ရည်ရွယ်ချက်မရှိပါဘူး။ တြိဂံမြစ်ဆုံ ရွှေမြေကိုရောက် ရင် မယ့်ခေါင်မြစ်ရေပြင်ကို လှမ်းမြင်ရတဲ့ မြစ်နဘေးက ဆိုင်တဆိုင်မှာ ထိုင်မယ်။ မြစ်ရေပြင်ကို ခံစားကြည့်ရှုရင်း ရသမျှလေး အတွေးပွားမယ်။ အဲနောက် မယ့်ခေါင်မြစ်ထဲ လှေတပတ်စီးချိန်ရရင် စီးမယ်။ သွားလို့ရတယ်ဆိုတဲ့ လာအိုဘက်ကမ်းကို ခဏတက် လေ့လာမယ်။ အဲဒီလောက်သာပါ။ ဘာ စီးပွားရေး ကြီးပွားရေး အမျိုးသားရေး နိုင်ငံရေး တစိုးတစိမှ မပါပါဘူး။

မယ့်ဆိုင် တြိဂံမြစ်ဆုံ လမ်းအမှတ် ၁၂၉၀ (ဓါတ်ပုံ မရငတ)

မယ့်ဆိုင် တြိဂံမြစ်ဆုံ လမ်းက လမ်းအမှတ် (၁၂၉၀) ပါ။ လမ်းအမှတ် (၁၂၉၀) ဦးတည်ရာက Chiang Saen မြို့လေးဆီသို့ပါ။ မယ့်ဆိုင်ချက်ပွိုင့်ကနေ နောက်ကြောင်းပြန်လှည့်လာပြီး အမှတ်တစ်လမ်းမကြီးနဲ့ (၁၂၉၀) လမ်းတို့ဆုံရာ အဆိုတော်မင်းသား ဟောင်းကြီး ထုံချိုင်းရဲ့ မြောက်ပိုင်းစံအိမ် Bird Hotel နားမှာ ဘယ်ဘက်သို့ချိုးကွေ့ ဆက်ထွက်လာခဲ့ကြပါတယ်။ ထုံချိုင်းပိုင် မပိုင်ကတော့ သေချာမသိပါဘူး။ အဲဒီ ရွှေရောင် ရုပ်တုပြောင်လက်လက်နဲ့ အိမ်ကြီးမဟာ Bird Hotel ကတော့ နန်းတော်ကြီး သဖွယ်ပါ။ ဒါပေမယ့်လို့မောင်ရင်ငတေ့ရဲ့ စိတ်ထဲမှာတော့ အဲဒီလိုနေရာမျိုး အလကားပေးတည်းမယ် ဆိုလာခဲ့ရင်တောင်မှ စာမလိပ် စိတ်မလာပါဘူး။ လမ်းနဘေး တောကြိုအုံကြားမှာသာ စိတ်လက်အေးစွာ တည်းချင်တာပါ။

ထုံချိုင်းဟော်တယ်ကြီး ကျော်လာတာနဲ့ သိပ်မကြာပါဘူး။ အိမ်ဆက်နည်းနည်း ကျဲလာပြီး မြို့ပြင်သို့ ရောက်လာပါပြီ။ လမ်း အမှတ် (၁၂၉၀) ဘေးနှဘက်မှာတော့ လယ်ကွင်းတချို့ရယ် ဆောက်လက်စ မြေညှိလက်စတွေ အများအပြား တွေ့မြင် ရပါတယ်။ ဒီဒေသရဲ့ လမ်းနဘေးမြင်ကွင်းကတော့ တနှစ် ထက်တနှစ် ပြောင်းလဲခြင်းတွေ များစွာနဲ့သာလို့ ပြောရပါမယ်။ နောင်ဆိုရင် ဒီလို သာမန်တောလမ်းလေးတွေတောင်မှ ပျောက်ကွယ်သွားမှာ စိုးရပါတယ်။ ကားလမ်းတွေ နဘေး နဂိုရှိရင်းစွဲ အိမ်ခြေများထက် နောက်ပေါ်အိမ်ခြေတိုက်တာတွေ များလာခြင်းကလည်း အဆမတန် ဖြစ်လာခဲ့ရင် မကောင်း လှပါဘူး။ မောင်ရင်ငတေ ရောက်ခဲ့ဖြတ်သန်းခဲ့ဖူးတဲ့ ဥရောပ ကျေးလက်လမ်းများဟာ ဒီလိုအချက်တွေကိုလည်း ထည့်သွင်းစဉ်းစား ထားဟန် တူပါတယ်။ ထိုင်းကျေးလက် လမ်းမများထက် ဥရောပရဲ့ တချို့သော ကျေးလက်လမ်းတွေဟာ ကျေးလက်သဘာဝ ပိုဆန်လာနေတာကို သေချာကြည့်မယ် လေ့လာမယ်ဆိုရင် သိသိသာသာကြီးကို မြင်နိုင်တွေ့နိုင်ပါတယ်လို့ မောင်ရင်ငတေ ပြောချင်ပါတယ်။ တောတောင်ရေမြေတွေရဲ့ အလကားရတဲ့ သဘာဝကို မဖျက်စီးပေသော်လည်း ပျက်စီးသွားစေတာက တော့ လူတဦးချင်း အလိုအလျောက် အသိစိတ်ထိမ်းတတ်မှု ကွာဟနေခြင်းလို့သာ ပြောပါရစေ။

မယ့်ဆိုင် တြိဂံမြစ်ဆုံ လမ်းအမှတ် ၁၂၉၀ (ဓါတ်ပုံ မရငတ)

မြေပြန့်လွင်ပြင်အတိုင်း မောင်းနှင်လာခဲ့ကြရာက ခရီးတဝက်ကျော်ခန့်အရောက်မှာတော့ အဝေးက တောင်စဉ်တန်းစိမ်းစိမ်း တွေကို မြင်တွေ့လာရပြန်ပါတယ်။ ကီလိုမီတာ ထောင့်သုံးရာကျော်တဲ့ ဒီခရီးတလျှောက် တောင်တွေနဲ့နီးလာလိုက် တောင် တွေကို ကျောခိုင်းလိုက်နဲ့ အကြိမ်ကြိမ်အခါခါသာပါ။ Ban Mae Ma Check Point လမ်းဆုံကို ကျော်ဖြတ်လာတော့ တောင်တန်းတွေနဲ့ ပိုမို၍နီးလာသလို စိုက်ပျိုးခင်းစိမ်းစိမ်းညို့ညို့နဲ့ ရွှေအိုရောင်စပါးခင်းတွေကြောင့် မောင်ရင်ငတေ တ ယောက် ကင်မရာတလုံး ဖုန်းတလုံးနဲ့ လက်များသည်လည်းမအား မျက်စေ့များသည်လည်းမနား ရတော့ပါဘူး။

မယ့်ဆိုင် ရွှေတြိဂံနဲ့ ချင်းဆန်နယ်အကြား ထိုင်းမြေကြီးကတော့ မြေပြန့်လွင်ပြင်ဖြစ်သလို စိုက်ထားပျိုးထားတာတွေကို တွေ့ မြင်ရတာ ဟိုးရှေးယခင် ခေတ်ကာလတွေထဲက ဆန်ရေစပါး ပေါများကြွယ်ဝရာဒေသလို့ မှတ်တမ်းမှတ်ရာတွေမှာ ပါဝင်ခဲ့ တာတွေက မှန်ပါပေတယ် ပြောရပါမယ်။

တြိဂံရွှေမြေသို့ အဝင် (ဓါတ်ပုံ မရငတ)

ကားလမ်းအရှေ့ လှမ်းလို့မြင်တွေ့နေရတဲ့ တောင်တန်းတွေကတော့ ထိုင်းကမ်းဘက်မှာ မဟုတ်ဘဲ မယ့်ခေါင်မြစ်ကို အလယ် ကထား ပိုင်းခြားထားတဲ့ ရှမ်းတောင်တန်းတွေနဲ့ လာအိုကမ်းဘက်ခြမ်းက တောင်စဉ်တောင်တန်းတွေပါ။ မကြာခင်မှာတော့ မယ့်ခေါင်မြစ်ဆုံ တြိဂံရွှေမြေ ဧရိယာထဲ ဝင်လာပြီဖြစ်လို့ အနည်းငယ်မြင့်တက်လာသလို ကားလမ်းကလည်း နှစ်လမ်းသွားမှ လေးလမ်းသွား ဖြစ်လာပါပြီ။ ခပ်ပြေပြေ တောင်ဆင်းလမ်းတလျှောက် ပြန်ဆင်းအလာမှာတော့ တောင်တန်းတွေ နောက်ခံ လာအိုကမ်းက ရွှေဝါရောင် အမိုးခုံးကြီးနဲ့ အဆောက်အဦးတခုကို လှမ်းလို့ မြင်တွေ့ရပါတော့မယ်။

မယ်ခေါင်မြစ်ဆုံကတော့ သိပ်မကျယ်လို့လေလားမသိ အဝေးက လှမ်းမျှော်ကြည့်ပေမယ့် မြင်တွေ့မိရခြင်း မရှိပါဘူး။ တောင် ကုန်းဆင်းလမ်းဆိုပေမယ့် မယ့်ခေါင်မြစ်ဆုံမြင်ကွင်းကို သစ်ပင်ကြီးတွေက ဖုံးကွယ်နေလို့ ထင်ပါတယ်။ သစ်ပင်ကြီးတွေအနား ရောက်လာတော့ ကားလမ်း ဘယ်ဘက်ခြမ်းမှာ ရေချောင်းသေးသေးတခု တွေ့လိုက်ရတော့ အဲဒါပေါ့ Ruak River မယ့် ဆိုင်မြစ်ဆိုတာနဲ့ အတူတူပါလို့ လိုက်ပို့ပေးသူ မောင်ရင်ငတေရဲ့ မိတ်ဆွေကြီးက ပြောပါတယ်။

Maenam Sai (သို့) Ruak မြစ်နဲ့ မယ့်ခေါင်မြစ်တို့ ဆုံဆည်းရာ Sop Ruak (ဓါတ်ပုံ မရငတ)         

ထိုင်းကမ်းဘက် ဆိုင်ကြိုဆိုင်ကြားကနေ တကူးတက ရိုက်ခဲ့တဲ့ ပုံလေးပါ။ Ruak River ရဲ့ ဟိုဘက်ကမ်းပါး လှေဆိပ် လှေခါးကို တက်လိုက်ရင်တော့ ရွှေမြန်မာမြေ ကျွန်းဆွယ်အငူလေးပါ။ ကမ်းပါးပေါ်မှာတော့ အဆောက်အဦးကြီးကြီး မားမားရယ်လို့ မရှိပါဘူး။ ဇရပ်ငယ်တခုနဲ့ ဆိုင်ကယ်သုံးလေးငါးစီး ကားသုံးလေးစီး ရပ်ထားတာကို လှမ်းမြင်ရပါတယ်။

အဲဒီ ကျွန်းဆွယ်ကုန်းမြေရဲ့ ဟိုတဘက် မယ့်ခေါင် မြစ်ရေပြင်အကျော် တောင်ခြေအနီးမှာ လှမ်းမြင်နေရတဲ့ ရွှေရောင်အမိုး ခုံးနဲ့အဆောက်အဦး တည်ရာကတော့ လာအိုမြေပါ။ မောင်ရင်ငတေကတော့ အဲဒီရွှေတြိဂံရဲ့ဗဟိုချက် ကုန်းမြေအငူစွန်းလေး ကို လှမ်းကြည့်လိုက် တယ်လီဖုန်းကနေ ဂူဂဲလ်မြေပုံကို ပြန်ကြည့်လိုက်လုပ်မိရင်း ထူးခြားတာ ဘာတွေရှိမလဲလို့ ရှာကြည့်နေ မိပါတယ်။

အဲဒီ လှေဆိပ်ကနေ သုံးလေးပြလောက်မှာတော့ Golden Triangle Paradise Resort အမည်ရတဲ့ ဟော်တယ်တလုံး ရှိပါ တယ်။ ဂူဂဲလ်မြေပုံမှာတော့ Paradise Casino လို့သာ ရေးထားတာကို တွေ့ရမှာပါ။ ဘယ်လူ လူစားမျိုးတွေက အဲဒီ စီးပွား ရေးတွေကို ပိုင်ဆိုင်ကြပြီး ဘယ်လိုလူတန်းစားတွေက လာရောက်ဆော့ကစားကြ တည်းခိုနေထိုင်နိုင်ကြပါသလဲ ဆိုတာက တော့ မောင်ရင်ငတေ ဆက်၍မလေ့လာ ဖြစ်သေးပါဘူး။ သေချာတာတခုကတော့ အဲဒီလို မယ့်ခေါင်မြစ်ဆုံ ကမ်းနဘေးမှာ တကူး တက ခက်ခက်ခဲခဲ သွားလာမှ ရောက်ရှိနိုင်မယ့် နေရာမျိုးကို လာရောက်နိုင်ကြသူတွေက ပေါ့ပေါ့နဲ့ သေးသေးတော့ မဖြစ်နိုင်ပါဘူး။ မောင်ရင်ငတေတို့ကတော့ အဲဒီ အနီရောင်ခေါင်မိုးနဲ့ နန်းတော်ကြီးတခုလေလား အသွင်ရပါတဲ့ အဆောက် အဦးကြီးကို မယ့်ခေါင်မြစ်လယ် လှေစီးရင်းနဲ့ ခပ်လှမ်းလှမ်းကနေ သွားကြည့်ဖြစ်ခဲ့ရုံပါခင်ဗျား။

Sop Ruak သို့မဟုတ် မယ့်ခေါင်မြစ်ဆုံ (ဓါတ်ပုံ မရငတ)

နေ့လည်စာစားရင်းနားကြဖို့ ဗျူးကောင်းကောင်းနဲ့ ဆိုင်တဆိုင်ရွေးဖို့ မောင်ရင်ငတေ့မိတ်ဆွေကြီးကို ပြောလိုက်ပါတယ်။ သူကဘာမှပြန်မပြောဘဲ တဆိုင်ပြီးတဆိုင် အခြေအနေအကဲခတ် ဝင်ထိုင်လိုက်ပါတယ်။ အသေအချာ အမှန်အကန် ဗျူး ရှိရာ နေရာပါ။ မယ့်ခေါင်မြစ်ရယ် မယ့်ဆိုင်ချောင်းလေးရယ် ရွှေကျွန်ဆွယ်အငူလေးရယ်ကို ထင်းထင်းကြီးမြင်နေရတဲ့ နေရာ လေးပါ။ ညာဘက်ကမ်းက လောတို့ ရဲ့မြေ၊ ဘာမှမရှိတဲ့ သဘာဝအရိုင်း အလယ်ကျွန်းအငူစွန်းလေးက မောင်ရင်ငတေတို့ရဲ့ ရွှေမြေပေါ့၊ သွားလမ်းသာလို့ လာလမ်းဖြောင့်တဲ့ မသေခင် တနေ့မှာတော့ အဲဒီအငူစွန်းလေးရဲ့ မြေကြီးပေါ်မှာ ခြေဆန့်လက် ဆန့်နဲ့ ထိုင်လိုက် အညောင်းအညာပြေ လမ်းလေးလျှောက်လိုက် မယ့်ခေါင်မြစ်ကြီးကို လာရောက်ကြည့်ရှုကြသူများကို ငေးမောရင်း တွေးတောချင်မိပါသေးတယ်။

ဆိုင်ကလေးမှာ ဝင်ထိုင်လိုက်ကြပြီး နေပူပူမှာ တမနက်နဲ့ တနေ့လည်လုံး ချွေးတပြိုက်ပြိုက်နဲ့မို့လို့ စင်းဂါးဗူးကြီး တယောက် တဗူးမှာ ရေငတ်ပြေမော့သောက်ရင်း မယ့်ခေါင်ရဲ့အလှတရားမှာ စီးမျောခံစားရင်း မှာထားတဲ့ စားနေကျ ထိုင်းစာများ ရောက်လာအောင် စောင့်ရတာပေါ့။ တာဝန်အကျေလွန်ပါတဲ့ ကိုကျော်ကျော်နဲ့ မမီးမီးတို့ကတော့ လှေငှားစီးဖို့လည်း တပြိုက်နက် စီစဉ်နေလေရဲ့။

Sop Ruak သို့မဟုတ် မယ့်ခေါင်မြစ်ဆုံ (ဓါတ်ပုံ မရငတ)

မယ့်ခေါင်မြစ်ဆုံ ဆိုတာက တိဗက် ကုန်းပြေမြင့်ကနေ မြစ်ဖျားခံ စီးဆင်းလာတဲ့ Lancang အမည်ရ မယ့်ခေါင်မြစ်ကြီးနဲ့ ရှမ်းရိုးမအရှေ့ဖျား တောင်တန်းတွေက မြစ်ဖျားခံစီးဆင်းလာတဲ့ Sai (သို့) Mae Sai (သို့) Maenam Sai (သို့) Mae Lawa (သို့) Ruak River လို့ အမည်ရပါတဲ့ မယ့်ဆိုင်ချောင်းတို့ ဆုံဆည်းရာပါ။ တချို့စာတွေမှာ မယ့်ဆိုင်ချောင်းနဲ့ Ruak River တို့ဟာ တမြစ်စီလို့လည်း ဆိုကြပြီး တာချီလိတ်လေဆိပ်တောင်ဘက်မှာ ပေါင်းဆုံစီးဆင်းကြတာပါတဲ့၊ ဒါပေမယ့် မောင်ရင်ငတေ လက် လှမ်းမှီသမျှ ရှာဖွေကြည့်ရာမှာတော့ အဲဒီရေချောင်းနှစ်ချောင်းဟာ တဆက်စပ်တည်း စီးဆင်းတယ် လို့သာ ထင်မိရကြောင်းပါ။ နွေရာသီတွေမှာ သောင်ထွန်းတတ်ပြီး မိုးရာသီမှာ ဒေါသတကြီးနဲ့ ရေစီး တတ်ပါတဲ့ အဲဒီ Ruak River ခေါ် မယ့်ဆိုင်ချောင်းဟာ မောင်ရင်ငတေတို့ ရောက်ခဲ့တဲ့ နိုဝင်ဘာလ အလယ်မှာတော့ ရေစီးက ညင်ညင်သာသာသာနဲ့ မယ်ခေါင်မြစ်ထဲ စီးဝင်နေပုံပါ။

အဲဒီမယ့်ဆိုင်မြစ်လေးနဲ့ တရုတ်တွေအခေါ် Lancang ခေါ် Mekong River မြစ်ကြီးတို့ ဆုံဆည်းရာ နေရာရဲ့ နာမည်ကြီးရတဲ့ အချက်တွေကတော့ မြစ်နှစ်စင်း ဆုံတွေ့ရာသာမက နိုင်ငံသုံးခုရဲ့ ဆုံချက် တခုလည်း ဖြစ်နေတာပါ။ အဲဒီလို ရွှေပြည်ကြီးက ရှမ်းပြည်ရယ် လာအိုခေါ်လောနိုင်ငံရယ် ထိုင်းမြေ ရယ် ဆုံတွေ့ရာ အဲဒီ မယ့်ခေါင်မြစ်ဆုံက တြိဂံရွှေမြေ Golden Triangle အဖြစ်လည်း ကမ္ဘာတလွှား ထင်ပေါ် ကျော်ကြားခဲ့တာ အတော်ကြာခဲ့ပြီ ဆိုရပါမယ်။ ကျော်ကြားရမယ့် အကြောင်းရင်းကလည်း သုံးလေးငါးချက်မကတော့ ရှိပါလိမ့်မယ်။

အဲဒီထဲက အရေးကြီးတဲ့ အချက်ကတော့ ပြင်သစ်လို Triangle d’Or လို့ခေါ်တဲ့ အဲဒီ မယ့်ခေါင်မြစ်ဆုံ တြိဂံရွှေမြေကို အင် တာနက်စာမျက်နှာတွေပေါ်မှာ ရှာဖွေကြည့်မယ်ဆိုခဲ့ရင် One of Asia’s Two Main Opium-Producing Areas ဆိုပြီး အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်မှာပါ။ အာရှ ခြောက်နိုင်ငံကို ဖြတ်သန်းစီးဆင်းသွားတဲ့ ကမ္ဘာသိ မြစ်တစင်းဖြစ်တဲ့ မယ့်ခေါင်မြစ် ကြီးရဲ့ အလယ်ဗဟိုလ်မှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လို့ World’s Second Largest Producer of Illicit Opium, after Afghanistan ဆိုတဲ့ နာမည်ဆိုးကြီးက ရွှေပြည်ကြီးနဲ့သာပတ်သက်ခဲ့ပြီး ခွန်ထိုင်းမြေနဲ့ ဘာမှမပတ်သက်သလို ပြောလို့ရ နေတာကတော့ မဟုတ်လှပါဘူး။ တရား မဝင် ထုတ်လုပ်တဲ့နေရာနဲ့အတူ တရားမဝင်ရောင်းဝယ်တဲ့နေရာကိုပါ ထည့်တွက်ဖို့သင့်ပါတယ်။ အဲဒီလိုထည့်တွက်ပါက သူတို့မြေဖြစ်တဲ့အတွက် သူတို့လည်း ထို့အတူတူသာပါ။ ခွန်ထိုင်းတွေရဲ့ ရှောင်တိမ်းချက်ကတော့ အတော်လေးကို လှပပါ ပေတယ်။

မယ့်ခေါင်မြစ်ဆုံနားက  Ruak River (ဓါတ်ပုံ မရငတ)

Confluence of Mekong and Ruak (ဓါတ်ပုံ မရငတ)

အဲဒီ Asia’s Main Opium-Producing ဒေသကြီးရဲ့တလွဲ နာမည်ဆိုးနဲ့ကျော်ကြားလာခဲ့မှုကို အခွင့်ကောင်းယူပြီး ခွန်ထိုင်းတွေက ဟိုနေရာလည်းရောက်ချင် ဒီနေရာလည်း ရောက်ချင်ကြတဲ့ ခရီးသွားတွေကို ဆွဲဆောင်သိမ်းသွင်းခဲ့တာ ဒီကနေ့ဆိုရင် အတော့်ကိုခရီးပေါက်လာပြီ ဖြစ်ပါတယ်။ အတိတ်နာမည်ဆိုးတွေကို မေ့လျော့သွားကြတာလား သိကို မသိကြတာလေလား ကမ္ဘာလှည့်ခရီးသည်တွေ ခြေခြင်းလိမ်ရာ နေရာတနေရာအဖြစ် ပြောင်းလဲလို့ လာနေပါပြီ။ ရွှေပြည် ကြီးရဲ့ အရှေ့ဖျားစွန်းက ရှမ်းမြေပေါ်မှာလည်း ကာစီနိုရုံကြီး တခုကတော့ ဟီးနေအောင် တည်ရှိနေပါပြီ။

สามเหลี่ยมทองคำ (Saam Liam Thong Kham) (Golden Triangle) (ဓါတ်ပုံ မရငတ)

လွန်ခဲ့တဲ့ ၂၀၁၄ ခုအကုန်ပိုင်း ရောက်ခဲ့တုန်းက ဒီနေရာမှာဒီလိုမျိုး ရင်ပြင်ကျယ် မရှိသေးပါဘူး။ နဂို ချောက်ကမ်းပါး အဟောင်းကြီးအတိုင်းသာ ရှိပါသေးတယ်။ Sop Ruak သို့မဟုတ် မယ့်ခေါင်မြစ်ဆုံရဲ့အလှတွေကို ဒီနေရာကနေ ကောင်းကောင်း မြင်တွေ့နိုင်တာမို့ ကျေနပ်စရာပါ။

အို မယ့်ခေါင်  “Mae Nam Khong” သို့မဟုတ် “Mekong River” မဲခေါင် လား၊ သို့မဟုတ် မယ့်ခေါင်လား၊ ငြင်းရမယ့် စကားတော့ မဟုတ်ပါဘူး။ ထိုင်းဘာသာစကားမှာ Mae ဆိုတာ အမေ Nam ဆိုတာ ရေ (သို့မဟုတ် မြစ်ပေါ့) အဲလို အနက် ဖွင့်ကြတော့ “Mae Nam Khong” ဆိုရင် ထိုင်းစကားနဲ့ဆို မယ့်က ပိုမိုနီးစပ်ပါတယ်။
အို မယ့်ခေါင်

၂၇၀၃ မိုင် ၄၃၅၀ ကီလိုမီတာ ရှည်တဲ့မြစ် …
ပြင်သစ်ဝီကီက ဒဿမမြောက် အရှည်ဆုံးမြစ် …
အင်္ဂလိပ်ဝီကီမှာတော့ ၁၂ စင်းမြောက် အရှည်ဆုံးမြစ် …

(တချို့ တိုင်းတာသူများ ခန့်မှန်းချက်အရကတော့ ၄၃၅၀ ကနေ ၄၉၀၀ ကီလိုမီတာအထိ ရှည်လျားနိုင်ကြောင်းပါ။ မြစ်တို့၏ မာယာဆိုတဲ့အတိုင်း မြစ်တွေရဲ့အရှည်မှန်ကို သဘာဝအရ လွယ်လွယ်နဲ့တိုင်းတာဖို့ မရနိုင်ပါဘူး။ ခန့်မှန်းချက်တွေသာ ရနိုင်ပါတယ်။)

အို မယ့်ခေါင်
ရွှေပြည်တော်ကြီး အရှေ့စွန်းဖျားထိပ်က
ရှမ်းပြည်နဲ့ တရုတ် နယ်နမိတ်စည်းမှာ ၃၁ ကီလိုမီတာ
ရှမ်းပြည်နဲ့ လာအိုမြေ နယ်စပ်တလျှောက် ၂၃၄ ကီလိုမီတာ
တိဗက်မြေ ရှမ်းမြေ လာအိုမြေ ထိုင်းမြေ ကမ္ဘောဒီးယားမြေ ဗီယက်နမ်မြေ စုစုပေါင်း နိုင်ငံ ခြောက်နိုင်ငံကို ဖြတ်သန်း စီးဆင်း သွားတဲ့ နာမည်ကျော် မြစ်ကြီးတစင်း၊ (တရုတ်-လာအို-မြန်မာ) (ထိုင်း-လာအို-မြန်မာ) တြိဂံဆုံချက်နှစ်ခုကို ဖြတ်သန်းစီးဆင်း သွားတဲ့မြစ်၊ အီဂျစ်က နိုင်း၊ တောင်အမေရိက အမာဇုံ၊ မြောက်အမေရိက မစ္စစ္စပီ၊ တရုတ်က ယန်ဇီနဲ့ မြစ်ဝါမြစ်၊ နောက်ပြီး သိပ်လူမသိကြတဲ့ ရုရှားနဲ့ တောင်အမေရိကက မြစ်ကြီးသုံးလေးစင်းပြီးရင် အရှည်ဆုံးမြစ်၊


 အို မယ့်ခေါင် (ဓါတ်ပုံ မရငတ)

အို မယ့်ခေါင်
တိဗက်နဲ့ တရုတ်ပြည်တွင်း မိုင်ပေါင်း တထောင့်နှစ်ရာကျော် ဖြတ်သန်းစီးဆင်းလာတဲ့ ဒီ မြစ်ကြီးကို တိဗက်တွေက rDza-chu (Zá Qū) တရုတ်တွေက Lancang (Láncâng Jiâng) ခေါ်ကြပါတယ်။

ဗမာလိုတော့ မဲခေါင်မြစ်၊ ထိုင်းတွေက Mae Nam Khong (แม่น้ำโขง) လာအိုက Mènam Khong (ແມ່ນ້ຳຂອງ) ခမာလိုတော့ Tonlé Mékôngk (ទន្លេមេគង្គ) ဗီယက်နမ်တွေက Sông Cửu Long (Cửu Long Giang) အမျိုးမျိုး အဖုံဖုံ ခေါ်ဝေါ်ကြတဲ့ မြစ်ကြီးပါ။

မယ့်နမ်ခေါင်မြစ် … အဲဒီမြစ်ကြီးကို သူဖြတ်သန်းခဲ့ရာတလျှောက် သူ့ဒေသ သူ့လူမျိုးတွေက အမည်အမျိုးမျိုး အသံထွက် ကွဲပြားမှုမျိုးစုံနဲ့ ခေါ်ခဲ့ကြတာမို့ နီးစပ်ရာမှန်ပါလိမ့်မယ်။ မောင်ရင်ငတေကတော့ ထိုင်းနိုင်ငံအတွင်း လှည့်လည်သွားလာရင်း ခွန်ထိုင်းတွေရဲ့အခေါ် Maenam Khong ဆိုတာကို ပိုမိုနှစ်ခြိုက် သဘောကျမိပါလို့ ထိုင်းနိုင်ငံတွင်း တွေ့သမျှ မြို့ရွာ မြစ် အမည် Mae မှန်သမျှကို မယ့်* ဟုလို့သာ ရေးဖြစ်ခဲ့ရင်း မယ့်ခေါင်မြစ်လို့သာ ခေါ်ပါရစေ။ Ngoen Yang သို့မဟုတ် Chiang Saen ဒီ တြိဂံမြစ်ဆုံ ရွှေမြေ Sop Ruak ဆိုတာက Chiang Saen ချင်းဆန်နယ်မြေထဲပါ ပါဝင်ပါတယ်။ အဲဒီ Chiang Saen ဆိုတာက သူ့ သမိုင်းနဲ့သူ ထင်ရှားကျော်ကြား သမိုင်းကြီးမားခဲ့တဲ့ ဒေသတခုပါ။

Chiang Saen ချင်းဆန်သမိုင်းကို နောက်ကြောင်းပြန် လေ့လာကြည့်မယ်ဆိုရင် အတော်လေး ရှည်လျားလှမှာ သေချာပါ တယ်။ ဒီကနေ့ ချင်းဆန်မြို့လယ်နဲ့ တြိဂံမြစ်ဆုံက ငါးမိုင်နီးပါးမျှ ဝေးပါတယ်။ အဲဒီ သုံးနိုင်ငံဆုံတွေ့ရာ တြိဂံမြစ်ဆုံဒေသကို ဟိုးရှေးရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းတထောင်ကျော်ကာလ မတိုင်မီက Ngoen Yang လို့ခေါ်ခဲ့ပြီး အေဒီ ၈၅၀ ဝန်းကျင်မှာ မြို့တော် ဖြစ်လာခဲ့ပါတယ်တဲ့။

Chiang Saen เชียงแสน ဆိုတဲ့ အမည် အသံထွက် ချင်းဆန်န်ကို မောင်ရင်ငတေ စိတ်မဝင်စားလှပါဘူး။ Ngoen Yang ဆိုတာကတော့ အတော်စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပါပြီ။ အဲဒီ Ngoen Yang စကားလုံးရဲ့အသံထွက်က ငိုအော်ဝ်ရန်း ငြောင်ရန်း ညောင်ရမ်းပါ။ ဒါကို မောင်ရင်ငတေ စိတ်ဝင်စားမိတာပါ။ အဲဒီလို ဒီကနေ့ သာမန် ထိုင်းတောကျေးလက် မြို့လေးတမြို့ ဖြစ်နေတဲ့ ဒီ Chiang Saen ချင်းဆန်န်မြို့ ဆိုတာက ဟိုးဟိုးအရင်က Ngoen Yang ညောင်ရမ်း ဖြစ်နေတာက စိတ်ဝင်စားစရာ မောင်ရင်ငတေ့အတွက် ကောင်းနေတာပါ။ မောင်ရင်ငတေတို့ ရွှေပြည် သမိုင်းမှာလည်း ညောင်ရမ်းဆို တာကြီးက ရှိခဲ့တာကိုး၊ အဲဒီ ညောင်ရမ်းချင်း ဘယ်လို ပတ်သက်သလဲ စိတ်ဝင်စားမိတာပါ။ Kingdom of Hiran သို့မဟုတ် Kingdom of Ngoenyang ဆိုတာက ၇ ရာစု လယ်ကနေ ၁၃ ရာစု ပုဂံခေတ်နှောင်းပိုင်းအထိ ဒီကနေ့ ခွန်ထိုင်းတို့ရဲ့မြေ အဲဒီ Chiang Saen နယ်ကို အလယ်ဗဟိုပြုလို့ တိုင်းပြည်တပြည်အဖြစ် တည်ရှိခဲ့ဖူးပါတယ်တဲ့။

ချင်းမိုင်အစ ချင်းဆန်က (ဓါတ်ပုံ မရငတ)

Hiran နဝမမြောက်ဘုရင် Lao kiang ဆိုသူက အေဒီ ၈၅၀ ခန့်မှာ Ngoenyang (ဒီကနေ့ Modern Chiang Saen) ကို မြို့တော်ပြု တည်ထောင်ခဲ့ပြီး Kingdom of Ngoenyang ရဲ့ ပထမဦးဆုံးဘုရင် အဖြစ်ခံယူခဲ့တာပါတဲ့။ ညောင်ရမ်းမင်းဆက်ရဲ့ ၂၅ ယောက်မြောက်ဘုရင် ဖြစ်လာသူကတော့ ထိုင်းသမိုင်းမှာ နာမည်ကြီးခဲ့တဲ့ King Mangrai (1238-1311) ပါ။ Ngoen Yang မြို့သား မန်ဂရိုင်းဟာ အေဒီ ၁၂၆၁ ခုနှစ်မှာ ညောင်ရမ်းဘုရင် ဖြစ်လာပြီး အင်အားကြီးမားလာသူပါ။ ၁၂၉၂ ခုနှစ်မှာတော့
Lanna Kingdom (Mangrai dynasty 1292-1558) ကို စတင်ထူထောင်ပြီး ဒီကနေ့ ထိုင်းမြောက် ပိုင်းဒေသရဲ့ ဘုရင်တဆူ ဖြစ်လာသူပါ။ လန်နာတိုင်းပြည်ဆိုတာ ယွန်းပြည် သို့မဟုတ် ဇင်းမယ်ပြည်ဆိုပြီး မောင်ရင်ငတေ ကျောင်းတက်တုန်းက သင်ယူခဲ့ဖူးတဲ့ ရွှေသမိုင်းထဲမှာ ပါဝင်နေကျ တိုင်းပြည် တခုပါ။ ဇင်းမယ်မြို့ကိုတည်ထောင်ပြီး မင်းလုပ်ခဲ့သူက အဲဒီ ညောင် ရမ်းဘုရင် မန်ဂရိုင်းပါ။ ချင်းရိုင်မြို့ကို တည်ဆောက်ခဲ့သူဟာလည်း အဲဒီမန်ဂရိုင်းဘုရင်ပါ။ မန်ဂရိုင်းမင်းဆက် ၁၈ ဆက် နောက်ပိုင်း ၁၅၅၈ ခုနှစ်ကစတင်ပြီး မန်ဂရိုင်းရဲ့ ဇင်းမယ်ပြည်ဟာ ဘုရင့်နောင် လက်အောက်ကျရောက်ခဲ့တာ နှစ်ပေါင်း နှစ်ရာကျော် ၁၇၇၅ ခုနှစ်ထိတိုင်အောင်ပါ။ ဒါကြောင့် ဇင်းမယ်ဆိုတာ ညောင်ရမ်းပြီးမှပေါ် ပေါက်လာခဲ့တဲ့ တိုင်းပြည် သို့မဟုတ် မြို့တော်ကြီးလို့ ပြောလို့ရပါတယ်။ ဇင်မယ်ထက်စောခဲ့ပါတဲ့ ညောင်ရမ်းက ဇင်းမယ်လောက် လူသိမများခဲ့တဲ့ သမိုင်းမြို့ဟောင်းတခုသာဖြစ်ခဲ့သလို တြိဂံမြစ်ဆုံ ရွှေမြေခေတ်မှာလည်း Chiang Saen ခေါ် သာမန်မြို့လေးတမြို့ အဖြစ် သာ ရပ်တည်နေပါတယ်။

အဲဒီ Chiang Saen ခေါ် Ngoen Yang ခွန်ထိုင်းတို့ရဲ့ ညောင်ရမ်း မြို့တော်ဟောင်းကြီးနဲ့ မင်းဆက်တွေဟာ  ပုဂံနှောင်းပိုင်း မြင်စိုင်း ပင်းယ စစ်ကိုင်း အင်းဝ တောင်ငူ ညောင်ရမ်းတို့နဲ့ ဘယ်လိုနည်းနဲ့ ဆက်စပ်ပတ်သက်နေမလဲဆိုတာက စိတ်ဝင် စားစရာပါ။ ညောင်ရမ်းနယ်ကို အပိုင်စားခဲ့ရတဲ့ အဲဒီ ညောင်ရမ်းမင်းတရားကြီး (၁၅၅၅-၁၆၀၅) ဆိုတာကလည်း ပေါ့သေး သေးမဟုတ်ပါဘူး။ နာမည်ကြီး ဘုရင့်နောင်ဘုရင်ရဲ့ သားတဦးဖြစ်သလို နာမည်ကျော် အနောက်ဘက်လွန်မင်းနဲ့ သာလွန် မင်းကြီးတိုရဲ့ဖခင်လည်း ဖြစ်ပါတယ်။ ၁၅၇၉ ခုနှစ်ကနေ ၁၆၀၇ ခုနှစ်ထိ ဇင်းမယ်ပြည်ကို အုပ်ချုပ်မင်းလုပ်ခဲ့သူ ပထမဆုံး ဗမာဘုရင်ဖြစ်သူ King Saravadi ခေါ် နော်ရထာမင်းစော (၁၅၅၁-၁၆၀၇) ကလည်း တောင်ငူဘုရင် ဘုရင့်နောင်ရဲ့ သား တော်တဦးပါ။ နော်ရထာမင်းစော တည်ထားခဲ့တဲ့ စေတီနဲ့ သူ့ရဲ့ အုတ်ဂူကတော့ ဒီကနေ့ ချင်းမိုင်မြို့လယ် တနေရာက Wat Ku Tao ပါတဲ့။

Nyaungyan & Ngoen Yang “Sister Cities” and “Twin Town” (ဓါတ်ပုံ မရငတ)

ညောင်ရမ်းမြို့ညောင်ရမ်းစားနဲ့ ညောင်ရမ်းမင်းဆက်အကြောင်းကို စဉ်းစားနေမိရင်း မောင်ရင်ငတေ ဆယ်တန်းကျောင်းသား ဘဝကရောက်ခဲ့ဖူးတဲ့ မိတ္ထီလာမြို့အရှေ့ဘက် သာစည်ရဲ့တောင်ဘက်နား ပျော်ဘွယ်သို့မရောက်ခင် မန္တလေး-ရန်ကုန် ရထားသံလမ်းနဘေးက ညောင်ရမ်းဆိုတဲ့ မြို့မဟုတ် ရွာမဟုတ်လေးကိုတောင်မှ ပြန်လည်သတိရမိလိုက်ရတာ အမှန်ပါ။

အဲဒီတော့ မောင်ရင်ငတေ့ စိတ်ကူးထဲပေါ်လာပြန်တာက သာစည်နားက ညောင်ရမ်း NyaungYanတောမြို့လေးနဲ့ မယ့် ခေါင် ကမ်းနဖူးက Chiang Saen ခေါ် Ngoen Yang ညောင်ရမ်းမြို့ဟောင်းနဲ့ အမွှာမြို့ သို့မဟုတ် မြို့ညီအမအဖြစ် သတ် မှတ်ပေးဖို့ ဘယ်သူ့ကိုများ အကြံပြုရမလဲဆိုတာကိုပါ။

အဲဒီလို သမိုင်းကြောင်းတွေ ဆက်စပ် တွေးတောလို့ရတဲ့ နေရာကို ရောက်ခဲ့ရတာမို့ မောင်ရင်ငတေ့ အတွက် တန်လှပါတယ်။ အဲသမိုင်းတွေနဲ့ ပတ်သက်တာတွေကို မောင်ရင်ငတေရဲ့ မူရင်းဘာသာစာ စကားနဲ့ လုံးစေ့ပတ်စေ့ ရှာဖွေဖတ်ရှု ရဖို့ကလည်း မလွယ်လှတာမို့ အဲဒီလောက်နဲ့သာ ခရီးသွားရင်း တွေးမိနေတဲ့ အတွေးစိတ်ကူး သမိုင်းတွေပထဝီတွေကို ဤနေရာမှာ ရပ် နားလိုက်တာ အကာင်းဆုံးဖြစ်ပါလိမ့်မယ်။ ဆက်လက်သိချင်ကြရင်တော့ သမိုင်းစာအုပ်တွေကိုသာ ရှာဖွေ၍ ဖတ်ရှုကြပါ တော့ ခင်ဗျာ၊ မောင်ရင်ငတေ သိသမျှကလည်း ဒီလောက်လေးသာပါ။

မောင်ရင်ငတေတို့လည်း လှေတစီး ဘတ် ၅၅၀ ပေးငှားလို့ သွားခွင့်ရှိတဲ့ လာအိုမြေကို နင်းရအောင် ထွက်လာခဲ့ကြပါတယ်။ အသွား ၁၅ မိနစ် အပြန် ၁၅ မိနစ် မယ့်ခေါင် မြစ်ရေပြင်အလှကို အနီးကပ် ခံစားကြည့်ဖို့ လှေစီးခဲ့ခြင်းသဘောပေါ့လေ။

 



မယ့်ခေါင်မြစ် – မဲခေါင်မြစ် – Mékong – Mekong (ဓါတ်ပုံ မရငတ)

မယ့်ခေါင်မြစ်ရေပြင်ကတော့ ကြည်စိမ်းလဲ့နေတဲ့ရေပြင်မျိုးတော့ မဟုတ်ပါဘူး။ ရွှံ့နှစ်ရောင်မျှသာပါ။ အဲဒီနေရာဒေသမှာ ကြီးကြီးကျယ်ကျယ် စက်မှုဇုံတွေလည်း သမိုင်းတလျှောက် ရှိခဲ့ဟန် မတူပါဘူး။ မြစ်ပြင်ကတော့ ဧရာဝတီလောက် ကျယ် ပြန့်ခြင်း မရှိပါဘူး။ နွေမရောက်သေးလို့ထင်မိပါရဲ့၊ သောင်တွေဘာတွေထွန်းခြင်းလည်း မရှိပါဘူး။

ထိုင်း လာအို ဗမာ သုံးနိုင်ငံနယ်စပ် (မယ်ခေါင်မြစ်အတိုင်း ဆန်တက်သွားရင် တရုတ်နယ်စပ်ကို မိုင် တရာ့ငါးဆယ်ခန့်မျှသာ ရှိတာမို့ လေးနိုင်ငံနယ်စပ်လို့တောင် ပြောရင်ရနိုင်တဲ့နေရာ) ဖြစ်တာကြောင့် ဥပဒေ လက်တလုံးခြားရှောင်ချင်သူများ အ မှောင် ကြိုက်သူများကြီးစိုးလာခဲ့တဲ့ အမည်းရောင်နယ်မြေအဖြစ် သမိုင်းကွေးခဲ့ရပါတဲ့ ဒီနေရာကို ထိုင်းတွေကတော့ ကြိုး စားပြောင်းတာ အတော်ခရီးရောက်ခဲ့ပါပြီ။ ပြောင်းလဲခြင်းတွေ ငြိမ်းချမ်းရေးတွေ အော်နေကြသူ သက်ဆိုင်ရာများလည်း အော်နေတာကို ရပ်ပြီး ဒေသခံတွေအကျိုး ရှေ့တင်လို့ မြန်မြန်လုပ်ကိုင်နိုင်ခွင့် ရကြပါစေခင်ဗျား။

မယ့်ခေါင်မြစ်ကြောင်းတလျှောက် အစုန်အဆန် အပျော်စီး သင်္ဘောတွေနဲ့ ခရီးသွားချင်သူတွေရှိပေမယ့်လည်း အဲဒီ နယ်စပ် စည်းပြဿနာတွေကြောင့် အဲဒီလို အလွန်သာယာလှပတဲ့နေရာမှာ လုပ်ခွင့် ကိုင်ခွင့်မရသေးတာမို့ လုပ်ချင်ကိုင်ချင် အကွက် မြင်တတ်ကြတဲ့ ခရီးသွား စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်း လုပ်ခွင့်ရသမျှ ထိုင်းပိုင်ရေပြင်မှာသာလုပ်နေကြရင်း အချိန် ကောင်းကို စောင့်မျှော်နေမှာ အခွင့်အခါကောင်းကို မျှော်မှန်းနေကြမှာ ဧကန်မလွဲပါခင်ဗျာ။

 Golden Triangle Paradise Resort (ဓါတ်ပုံ မရငတ)

အဲဒီ ခေါင်မိုးနီနီ နှစ်ခုကတော့ ရွှေပြည်မြေက ကာစီနိုကြီးပါတဲ့၊ နိုးမန်းနီးသမား မောင်ရင်ငတေကလည်း ဝင်ကြည့်ချင်စိတ် မရှိသလို အခွင့်မရှိ ကမ်းကပ်ခွင့်မရှိပါတဲ့ တားမြစ်နယ်မြေ တခုသာပါ။ လှေမောင်းသူကတော့ မောင်ရင်ငတေတို့ကို ဘိလပ် စကားနဲ့ အဲဒါက ကာစီနိုရုံကြီးပါ။ မြန်မာပြည် ပိုင်နက်ထဲမှာ တည်ရှိပါတယ်။ ကမ်းကပ်ခွင့် မရှိသမို့ ဒီနေရာက နေသာ လှည့် ပြီး ကမ်းပေါ်တက် လည်ပတ်ခွင့်ရှိတဲ့ လာအိုကမ်းဆီကို လိုက်ပို့ပါမယ်လို့ ပြောလိုက်ပါတယ်။ ဘိလပ်စကားနဲ့သာ ပြောနေ ပေမယ့် သူ့ရဲ့ရုပ်က ရွှေရုပ်ရှမ်းရုပ် မောင်ရင်ငတေတို့လို ရုပ်မျိုးပါ။ အဲဒါ ကြောင့် မောင်ရင်ငတေလည်း ရွှေစကားနဲ့ ဆွေမျိုး စပ်လို့ နှုတ်ဆက်မယ် စဉ်းစားနေပေမယ့် လှေအမြန်နှုန်းနဲ့ လှိုင်းအလူးကြားမှာ လက်တဘက်က ကင်မရာကိုင် လက်တ ဘက်က လှေဘောင်ကိုင် ရေထဲပြုတ်မကျအောင်နေနေရလို့ မေးမြန်းချိန် မရခဲ့ပါဘူး။ ဒီနယ်မြေတကြောက လက်ညှိုးထိုးမလွဲ ရွှေပြည်တော်သားတွေ ရှိတတ်တဲ့ နေရာတွေသာပါ။ ရွှေကမ်းခြေဘက်မှာသာ ဤလိုမျိုးရှိတာ မဟုတ်ပါရဘူး။ လာအိုဘက် ကမ်းမှာလည်း ဤကဲ့သို့သော လုပ်ငန်းမျိုးတွေထင်ရပါတဲ့ ဟော်တယ်ကြီးတွေရှိနေခဲ့တာ ပိုတောင်စောလိမ့်မယ်လို့ ထင်ပါ တယ်။

Dome of Kings Romans (ဓါတ်ပုံ မရငတ)

လာအိုကမ်းဘက်က ရွှေရောင်တပြောင်ပြောင်နဲ့ အမိုးခုံးကြီးပါ။ ရုတ်တရက်ကြည့်ရင်တော့ ဘုရားကျောင်းကြီးလေလား ပုထိုးစေတီကြီးလေလားပါ။ မောင်ရင်ငတေကတော့ နောက်ခံ တောတောင်စိမ်းစိမ်းနဲ့ ပဏ္ဍာရလှသမို့ အဝေးကနေ မှတ်တမ်းပြု ခဲ့ပါတယ်။ လှေဆိပ်အတက် ထောင်ထားတဲ့ ဆိုင်းဘုတ် အကြီးကြီးမှာတော့ Golden Triangle Special Economic Zone လို့ရေးသားထားပါတယ်။ စက်မှုစီးပွားလုပ်ငန်းတွေရဲ့အောင်မြင်မှုမမြင်မှုတွေက ဘယ်လောက်အထိများ ရှိနေပါသလဲလို့ စိတ်ဝင်စားမိပြီး မောင်ရင်ငတေ အင်တာနက်ထဲ င်ခေါက်ကြည့်မိတော့ ပထမဆုံးထွက်ကျလာတာက ‘Lawless’ PlayGrounds of Laos ပါတဲ့၊ အဲဒါနဲ့ မောင်ရင်ငတေလည်း ကြောက်ပြီး ရှေ့မဆက်ဝံ့တော့ပါဘူး။

Un Temple des Excès pour Touristes Chinois (ဓါတ်ပုံ မရငတ)

တချို့ ထင်ကြေးပေးသူတွေက နာမည်ကျော် မကာအိုကိုတောင်မှ နောက်ကောက်ချလို့ ကျော်ဖြတ်သွားနိုင်မယ့် The Grand Macao ပါတဲ့ ခင်ဗျာ၊ လာရောက်အားပေးကြသူများကတော့ ကမ္ဘာလှည့် တချို့နဲ့ ယူနန်နယ်က ကြီးကြီးမာစတာ ပြည်ကြီးသားများပါတဲ့၊ သူတို့ဆီမှာ တားမြစ်ထားလို့ ထင်ပါ ရဲ့နော်၊ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ ဈေးကွက်စီးပွားရေးလုပ်ငန်းကြီးတခု ဖြစ်လို့ လာနေပြီလား မသိပါဘူး ခင်ဗျား။

မောင်ရင်ငတေတို့ကတော့ မယ့်ခေါင်မြစ်တပတ် လှေစီးပြီးတဲ့နောက် တက်ခွင့်ရတဲ့ လာအိုကမ်းခြေ ဈေးလေးရှိရာ မြေကို သာတက်ခဲ့ရင်း လာအိုမြေကြီးကို နင်းခဲ့ရပါကြောင်း။

Donsao Island လာအိုမြေမှ ကြိုဆိုပါ၏ (ဓါတ်ပုံ မရငတ)

လာအိုကမ်းပေါ်တက်တော့ တယောက်ကို ထိုင်းဘတ် သုံးဆယ် ပေးရပါတယ်။ ဗီဇာတုံးတွေထုစရာ မလိုတဲ့ ဗီဇာကြေး သ ဘောပေါ့လေ။ ကမ်းပေါ်တက်လာကြသူတွေကတော့ လူမျိုးစုံလင်လှပါတယ်။ တရုတ်မျိုးစုံ တွေ့ရှိရသလို အင်ဒီယန်းနွယ်ဖွား တွေ အဖြူတွေ အမည်းတွေ စုံလင်ပါတယ်။

လူတွေတော့ မနည်းလှပါဘူး။ မောင်ရင်ငတေတို့ ရောက်ရှိခဲ့တဲ့ နာရီဝက်ကျော်လောက် အချိန်တွင်းမှာကို လူ လေးငါး ခြောက်ရာမျှ မကပါဘူး။ နောက်ထပ် ရောက်ရောက်လာကြတဲ့ လှေတွေကလည်း တစင်းပြီး တစင်းပါ။ လူတယောက်ကို ဘတ်သုံးဆယ် တဒေါ်လာနီးပါးဆိုတော့ လူငါးထောင်ဆိုရင် ဒေါ်လာငါးထောင် ဝင်ငွေရှိပါပြီ။ ဘာမှ မလုပ်ရပါဘဲရတဲ့ ဝင်ငွေ ပါ။

ပတ်စ်ပို့စ် ဘာညာပြရတာလည်း မရှိပါဘူး။ လုံခြုံရေးတွေဘာတွေလည်း လူမြင်ကွင်းမှာ မတွေ့ရှိရပါဘူး။ သွားခွင့်ရတဲ့ နေရာက ဘယ်လောက်ကျယ်ပါသလဲ သေချာမသိရပေမယ့် ဈေးဆိုင်လေးတွေနဲ့ စားသောက်ဆိုင် တချို့သာ ရှိပါတယ်။ မောင်ရင်ငတေတို့လည်း လာအိုမြေမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ပတ်လည် လှည့်ပတ်မှတ်တမ်းတင်ရသလို တခြားသူများလည်း ဒီနေရာမှာသာ ပတ်ချာလည်နေကြ ပုံရပါတယ်။ ဒါပေမယ့် လာလည်ကြတဲ့သူတိုင်းကတော့ စိတ်ပျက်လက်ပျက် အမူအယာ မျိုး မတွေ့ရပါဘူး။ လာအိုမြေဆိုတာ ဒါပါလား ငါရောက်ဖူးပြီဟေ့ ပြောချင်ရင်ပြောလို့ရတဲ့ မျက်နှာပေးတွေနဲ့ပါ။ ခရီးသွား ခေတ်ရဲ့ ခရီးသွားသူတွေ အားလုံး ဒီသဘောဆောင်ကြမယ် ထင်မိပါတယ်။

လာအိုကမ်းပေါ်ရောက် လူဝီဗွီတွန် (ဓါတ်ပုံ မရငတ)

တွေ့မြင်ခဲ့ရတဲ့ ဆိုင်လေးတွေကတော့ အမှတ်တရ အရောင်းဆိုင်တချို့ရယ် နာမည်ကြီး လူဝီဗွီတွန် တံဆိပ်အတုအမျိုးစုံနဲ့ အိတ်ဆိုင်လေးတွေရယ် ဒေသထွက် အကောင်ဗလောင်တွေနဲ့ ဆေးစိမ်ချက် ထားတဲ့ တောချက်အရက် ပုလင်းတွေရယ် သာပါ။ ရောင်းချသူတွေကတော့ ရွှေစကား ပြောတတ်တဲ့ လာအိုသူ လာအိုသားတွေတော့ မဖြစ်နိုင်ကြဘူး ထင်ပါရဲ့ဗျာ။

ဘာဖျော်ဖြေရေး ဘာပွဲမှ မရှိတဲ့ တောဘုရားပွဲ စုတ်ချာချာ အဆင့်မျှသာပါ။ မောင်ရင်ငတေ့အတွက် အမြတ်ထွက်တာက လာအိုကမ်းပေါ် နာရီဝက်ကျော် နင်းခဲ့ပါတယ်ဆိုပြီး ရေးခွင့်ရခဲ့ခြင်းသာပါ။


မယ့်ခေါင်မြစ် – မဲခေါင်မြစ် – Mékong – Mekong (ဓါတ်ပုံ မရငတ)
Megaung Myit (မဲခေါင်မြစ်), แม่น้ำโขง (Maenam Khong), ແມ່ນ້ຳຂອງ, Mékôngk,
Tonle Thom (ទន្លេដ៏ធំ, ទន្លេមេគង្គ), Cửu Long (九龍), Mê Kông, 湄公 (Méigōng)

အို မယ့်ခေါင်
ခင်ဗျားရဲ့ အလှတရားတွေ
ခင်ဗျားရဲ့ သဘာဝတရားတွေ
ခံစားဖို့ ကျနော် အရောက်လာခဲ့ပါသည်၊
ခဏတဖြုတ်သာ အချိန်ပေးနိုင်ခဲ့လို့ ခွင့်လွှတ်စေချင်ပါသည် ခင်ဗျား၊ (မရငတ) နိုဝင်ဘာ နှစ်ထောင့်တဆယ့်ခြောက် မောင်ရင်ငတေလည်း စိတ်ကူးထဲမှာ အဲလိုရေရွတ်မိရင်း မယ့်ခေါင်မြစ်ရေပြင်ရဲ့ အလှကို ခံစားကြည့်နေမိတာ တကယ့်ကို ကြည့်မဝနိုင်ခဲ့ပါဘူး။

အချိန်မရလို့ ကသုတ်ကရက်သာ ပြေးပြေးလွှားလွှားနဲ့ ကြည့်ခဲ့ရပေမယ့် မျက်စေ့ထဲမှာတော့ မြစ်ရေစီးဆင်းနေပုံတွေကို အပြန်လမ်း တလျှောက် မြင်ယောင်လျှက်ပါ။ အေးအေးဆေးဆေးနဲ့ အချိန်ရယ် ငွေရယ်ရှိခဲ့ရင်တော့ မြစ်ဘေးတလျှောက် လမ်းလျှောက်ချင်မိပါသေးတယ်။

အထူးသဖြင့်တော့ မြစ်နှစ်ခွဆုံ ကြက်လျှာစွန်း မြေကြီးပေါ်ပေါ့၊ မောင်ရင်ငတေ ရောက်ခဲ့ချိန်တွေက မိုးတွင်းရာသီ မိုးနှောင်း ရာသီတွေမို့ အဝေးက လှမ်းမြင်ရတဲ့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ အဲဒီမြေကြီးက နွေရာသီ ရေကျလို့ ရာသီဥတုသာယာချိန်မှာ ပိုမိုလှပပါပေတယ် ထင်ရပါတယ်။ အဲဒီ နေရာလေးမှာ လွတ်လပ်စွာ ရယ်မောခွင့် လွတ်လပ်စွာ သွားလာခွင့် လွတ်လပ်စွာ ဆုံတွေ့ခွင့် ရလိုပါကြောင်းပြောကြားရင်း ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ (၉) (မယ့်ခေါင်မြစ်ဆုံ တြိဂံ ရွှေမြေ) စာစုကို နိဂုံးချုပ်လိုက်ရပါတယ်။ မောင်ရင်ငတေ ၁၇၁၁၂၀၁၆-၁၅၀၃၂၀၁၇ မောင်ရင်ငတေရဲ့ နိုဝင်ဘာ ၂၀၁၆ ခရီးသွားခြင်း အနုပညာ အမှတ်တရ ကျောက်ဖရား သောင်ရင်းမှသည် မယ့်ခေါင်ဆီသို့ စာစုများ ခေါင်းစဉ်တပ် ရေးသားခဲ့ တာမှာ ဘန်ကောက် ကျောက်ဖရား မယ့်ဆောက် သောင်ရင်း အခု မယ့်ဆိုင် တြိဂံရွှေမြေ မယ့်ခေါင်အထိ စာစု ကိုးခုရှိခဲ့ပါပြီ။

စာစု (၁) (ကျောက်ဖရားမှ သောင်ရင်းကမ်းပါး မယ့်ဆောက်သို့)
စာစု (၂) (မယ့်ဆောက်အလွန်က သောင်ရင်း)
စာစု (၃) (မယ့်ဆရီယန်-ခွန်ယွမ်း နေကြာရိုင်းများဆီသို့)
စာစု (၄) (နေကြာရိုင်းများဆီမှတဆင့် မယ့်ဟောင်ဆောင်)
စာစု (၅) (မယ့်ဟောင်ဆောင်မှ ပိုင်)
စာစု (၆) (ပိုင်-ချင်းမိုင်လမ်းဆုံမှသည် ဖန်း)
စာစု (၇) (မြောက်ဖျားစွန်းက မယ့်ဆိုင်ဆီသို့)
စာစု (၈) (မယ့်ဆိုင်-မြောက်ဖျားစွန်းကမြို့)
စာစု (၉) (မယ့်ခေါင်မြစ်ဆုံ တြိဂံရွှေမြေ)

ခေါင်းစဉ်အရ ဒီနေရာမှာ အဆုံးသတ်လို့ ရပါပြီ။

မယ့်ခေါင်မြစ်က အပြန်လမ်းနဲ့ အဲဒီ နိုဝင်ဘာ ဒီဇင်ဘာမှာ သွားဖြစ်ခဲ့တဲ့ ကျောက်ဖရားမြစ်အစ-နာခွန်ဆဝမ်၊ ရေးဗားကွေးမှ သေမင်းတမန်၊ ချား-အမ် ကမ်းခြေမှာ၊ တခြားသော ထိုင်းမြေပေါ်က ခရီးစဉ်များအကြောင်းကိုတော့ နောက်ဆက်တွဲအဖြစ် ရေးပါဦးမယ်။

ကျေးဇူးအထူးတင်စွာဖြင့်
မောင်ရင်ငတေ
၁၇၁၁၂၀၁၆-၁၅၀၃၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, မောင်ရင်ငတေ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်