ကိုသန်းလွင် ● လွတ်လပ်ခြင်းနှင့် ပညာရေး

May 29, 2017

ကိုသန်းလွင် ● လွတ်လပ်ခြင်းနှင့် ပညာရေး
(မိုးမခ) မေ ၂၉၊ ၂ဝ၁၇

(၁)
ကျွန်တော့်တွင်တက္ကသိုလ်တက်ခါစ သားနှစ်ယောက်ရှိပါသည်။ ကလေးများကို စာသင်ကျောင်းများသို့ပို့၊ ပညာ သင်ပေး ရသော မိဘတစ်ယောက်အနေဖြင့် ပြည့်ဝလိုသောဆန္ဒတခုမှာ ကျွန်တော့်သားများသည် ပညာပြည့်စုံ၍ အလုပ်ခွင်ဝင်ကြ ချိန်တွင် ပြင်ပလူအုပ်စုနှင့်အတူတကွ အလုပ်လုပ်တတ်သော လုပ်သားကောင်းတယောက် ဖြစ်လာစေရန်ပင်ဖြစ်ပါသည်။ တနည်းအားဖြင့် ရင့်ကျက်တည်ငြိမ်မှုနှင့် ပတ်ဝန်းကျင်ကို မှန်မှန်ကန်ကန်မြင်တတ်စေရန်၊ မိမိပြဿနာကို မိမိဘာသာဖြေရှင်း တတ်စေရန် အရည်အချင်းများ ရှိစေချင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။

(၂)
ကျွန်တော်သည် အထက်အညာဒေသ ရွာကြီးတရွာတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပါသည်။ ဆယ်တန်းအထိ ရွာကျောင်းမှာ ပညာသင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ရပါသည်။ ၁၉၇ဝ ခုနှစ်က ရန်ကုန်သို့ ရောက်ခဲ့ပြီး ကျွန်တော့်အစ်ကိုဖြစ်သူက နေထိုင်ရမည့်ကျောင်းဆောင်အရောက် လိုက်ပို့ရပါသည်။

တက္ကသိုလ်တွင် အဆောင်ကျောင်းသားအဖြစ် နေဖူးသူတိုင်းက ရုတ်တရက် လွတ်လပ်သွားခြင်း၏သဘောကို သိနိုင်ကြပါ သည်။ အထက်တန်းကျောင်းသားဘဝက အစားအသောက်၊ အဝတ်အစားအတွက်ကို ပူစရာမရှိ အမေနှင့်အိမ်က စီစဉ်ပေး သည်။ အချိန်မှန်မှန်ကျောင်းတက်၍ အချိန်မှန်မှန်အိမ်သို့ ပြန်ရပါသည်။ မိဘများက ဆရာ ဆရာမများနှင့် အဆက်အသွယ် အမြဲရှိပြီး သူတို့အုပ်ထိမ်းမှုအောက်တွင် ကြီးပြင်းခဲ့ရသည်ဟု ဆိုနိုင်ပါသည်။

တက္ကသိုလ်ကျောင်းဆောင်ရောက်သည်နှင့် လွတ်လပ်သောဘဝကို တွေ့ရပါသည်။ နံနက်စာကို ဘယ်အချိန်တွေမှာစား၍ ကျောင်းတက်ချိန်တွင် ဘယ်ကိုသွားပြီးကျောင်းတက်ရမည်ဆိုသည်ကို မိမိဘာသာ သိရ သွားရပါသည်။ ပြောပေးမည့်သူ၊ နှိုးဆော်မည့်သူမရှိ၊ မိမိကိစ္စကို မိမိဘာသာဖြေရှင်းရပါသည်။ မိမိအစားအသောက်၊ ပတ်ဝန်းကျင်၊ သူငယ်ချင်း၊ မိမိအချိန် စသည့်အရာအားလုံးမှာ မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များသာဖြစ်လာပါ၏။

ထိုအရာများကို ဘဝအတွေ့အကြုံဟုခေါ်ရမည်ဆိုလျင် တက္ကသိုလ်ပုရဝုဏ်မှ ကျောင်းအိပ်ကျောင်းစား ပတ်ဝန်းကျင်က ကျွန်တော်တို့ စိတ်နေစိတ်ထား ပြုပြင်ခြင်းနှင့် ရင့်ကျက်ခိုင်မာစေရန်၊ တနည်းဆိုသော် မိမိကိစ္စကို မိမိတာဝန်ယူတတ်စေရန် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ပါသည်။

ကျောင်းသားလူငယ်တဦး၏ ကျောင်းသားဘဝမှ ပြင်ပလူအုပ်စုအတွင်းသို့ ဝင်ရောက်ရှက်နွယ်ပြီး အံဝင်ဂွင်ကျ ဖြစ်သွားရန် အရေးမှာ သူ၏ပညာသင်ရာအတွေ့အကြုံများနှင့် ပတ်သက်ခြင်းအကြောင်းကို အလွယ်တကူမြင်နိုင်ကြပါသည်။ နတ်မောက်ဘုန်းတော်ကြီးကျောင်းသားဘဝ၊ ရေနံချောင်းအမျိုးသားကျောင်းမှ ရန်ကုန်တက္ကသိုလ်သို့ရောက်လာသော သခင်အောင် ဆန်းသည် မြန်မာပြည်မှ ကိုလိုနီအစိုးရကို ထွက်ခွာသွားအောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါသည်။ ထိုပညာသင်ရာဌာနများမှ ကိုအောင်ဆန်းကို မိမိဆန္ဒအောင်မြင်စေရန် မည်သို့ဆောင်ရွက် ရသည်ဆိုသောအသိကို ပေးပါသည်။ ဆံပင်ကိုမဖြီး မသင်သောကြောင့်၊ တိုက်ပုံအင်္ကျီကို မဖွတ်မလျှော်သော ကြောင့်အရည်အချင်းမရှိဟုဆုံးဖြတ်လျှင် မှားယွင်းပါသည်။

ကိုအောင်ဆန်းနည်းတူ ပညာသင်ခဲ့ကြသည့် ကျောင်းသားများရာထောင်ချီ၍ရှိရာမှ သူကဲ့သို့ စွမ်းဆောင်နိုင်စွမ်း မရှိသူများ လည်း ရှိကြပါသည်။ တက္ကသိုလ်အထိ မရောက်လာတော့ဘဲ ရွာမှာသာ အထက်တန်းကျောင်းသား ဘဝနှင့် ပြင်ပသို့ ရောက် သွားသူတွေက တိုက်ပိုင်၊ စက်ပိုင်တွေဖြစ်ပြီး ချမ်းသာနေကြသူများလည်းရှိကြပါသည်။ ပညာမပြည့်စုံဘဲ အရက်စွဲ ဆေးစွဲပြီး ငယ်ငယ်နှင့် ဘဝတစ်ခမ်းရပ်သွားရသူများ လည်းရှိကြပါသည်။

ထို့ကြောင့် ပညာသင်ကြားရသည်ဆိုခြင်း၏ အကျိုးကျေးဇူးဆိုသည်ကို ပုံသေကားကျ ခန့်မှန်း၍ကား မရနိုင်ပါ။ ၁၈၇ဝ ခုနှစ် တွင် ဂျာမနီပြည် စထရာဘဂ် (Stragbourg) တက္ကသိုလ်မှ ခရိုမိုဆုံး (Chromosone) ကိုတွေ့ခဲ့သူ ပါမောက္ခ Wilnem Waldeyer က သူတွေ့ခဲ့ဘူးသော ကျောင်းသားတယောက်အကြောင်းကို ရေးခဲ့ဘူးသည်။ ထိုကျောင်းသားမှာ Paul Ehrlich ဟုခေါ်သည်။ ခန္ဓာဗေဒ ပါမောက္ခကြီးကလူ့ခန္ဓာကိုယ် ခွဲစိတ်ခြင်းအကြောင်းနှင့် တစ်သျှူးများကို မိုက္ကရိုစကုပ်နှင့်ကြည့်ရှု လေ့လာရခြင်းများကို သင်ကြားပို့ချပါသည်။ ဆေးကျောင်းသား ပေါလ်က ထိုခွဲစိတ်မှုများကို စိတ်ဝင်စားဟန်မတူ။

သို့သော်ပေါလ်ကို အမြဲတစေသူ၏စားပွဲတွင် ထိုင်ခါကြာရှည်လေးမြင့် အလုပ်လုပ်နေသည်ကို တွေ့မြင်ရသည်။ တစ်သျှူးများ ကို လေ့လာရာတွင် ဆေးရောင်ဆိုး၍ လေ့လာရခြင်းများပါဝင်ရာ သူ့စားပွဲမှာ တစတစ ဆေးရောင် အကွက်အပြောက်များကို မြင်လာရသည်။ တနေ့တွင် ဆရာလုပ်သူက တပည့်၏စားပွဲတွင် သက်တန့်ရောင်စုံဖြာနေသော ဆေးရောင်တွေနှင့်ဘာ လုပ်နေသလဲမေးသည်။ ပေါလ်က ရေရေရာရာမပြောနိုင်၊ ဝါးတားတားသာ အဖြေပေးသည်။ ပါမောက္ခကြီးက စဉ်းစားသည်မှာ ပေါလ်သည် ဆရာက ဦးဆောင်လမ်းပြပေးသည့်လမ်းကို လျှောက်မည့်သူမဟုတ်ဘဲ သူ့ဘာသာ သူလိုရာကို ရှာဖွေမည့်သူဟု ယူဆခါ အနှောင့်အယှက်မပေးဘဲ လွှတ်ထားလိုက်သည်။

စာမေးပွဲတွေ တတန်းပြီးတတန်းအောင်မြင်ပြီး ကျောင်းကဆင်းသွားသော်လည်း ဆေးကုသသည့်အလုပ်ဖြင့် အသက်မွေး ဝမ်းကြောင်းပြုလိမ့်မည်ဟု ဘယ်သူကမှမထင်ပါ၊ နောင်တွင် သူသည် ဗက်တီးရီးယားများကို အမျိုးအစားခွဲခြားသည့်နည်း ကိုတီထွင်သူ ဖြစ်လာသည်။ ယနေ့ကမ္ဘာပေါ်ရှိ ဆေးရုံမှန်သမျှ သူ့နည်းကိုသုံး၍ သွေး မျိုးအစားခွဲခြားကြရသည်။ ပါမော က္ခကြီးကစာပို့ချနေချိန်တွင် ဂရုတစိုက်နားမထောင်ဘဲ လုပ်ချင်ရာလုပ်နေသူ ကျောင်းသားကကမ္ဘာ့ကျေးဇူးရှင်ကြီးတဦး ဖြစ် လာခဲ့ပါသည်။

ထို့ကြောင့် တက္ကသိုလ်တွင် ကျောင်းသားများကို ဘယ်ဘာသာတွေကိုပို့ချပြီး၊ ကျောင်းသားတွေကို ဘယ်လို ပြုစုပျိုးထောင် ပေးသင့်သလဲဟု တွေးတောစဉ်းစားစရာ ဖြစ်လာပါသည်။ ကျွန်တော်တို့သည် အမေရိကန်ပြည် နယူးဂျာစီနယ်မှ အိုင်းစတိုင်း အလုပ်လုပ်သွားခဲ့သော ပရင်စတန်တက္ကသိုလ်ကျောင်းအကြောင်းကို အောက်ပါအတိုင်း ကြားဖူးကြပါသည်။

အမေရိကန်နိုင်ငံရှိ ပရင်စတန်တက္ကသိုလ်ကို Mr Louis Ramberger နှင့် သူ့ညီမဖြစ်သူတို့ပူးပေါင်း၍ ထူထောင် ခဲ့ကြပါ သည်။ နယူးဂျာစီနယ်မှာ သူတို့မွေးရာဇာတိဖြစ်သလိုပင် ပညာထူးချွန်သူများစွာကို မွေးထုတ်ပေးရာ ကောလိပ်ကျောင်းငယ်ကလေးတခုရှိခဲ့သည်။ ထိုကောလိပ်ကျောင်းကလေးကို ဗဟိုပြု၍ ၁၉၃ဝ ခုနှစ်တွင် ပရင်စတန်တက္ကသိုလ်ကို ထူထောင်ရန် စီစဉ်ခဲ့ကြပြီး ၁၉၃၃ ခုနှစ်တွင် စတင်ဖွင့်နိုင်ခဲ့သည်။

သူတို့သည် အမေရိကန်နိုင်ငံတဝှမ်းမှ နာမည်ကျော်ထူးချွန်သည့် ပါမောက္ခများကို လာရောက်အလုပ်လုပ်ရန် ဖိတ်ခေါ်ခဲ့ကြပါ သည်။ ပရင်စတန်တက္ကသိုလ် စာကြည့်တိုက်နှင့်၊ ဓါတ်ခွဲခန်းတို့ကို တည်ဆောက်ပြီးကြသောအခါ Institute for Advanced Study ဟုဖြစ်လာသည့် ဟစ်တလာ၏ကျေးဇူးကြောင့် အိုင်းစတိုင်းအပါအဝင် ဂျူးလူမျိုး ပညာရှင်အများအပြား ရောက်ရှိ လာကြသည်။

အဖွဲ့အစည်းတခုအနေဖြင့်ကြည့်မည်ဆိုလျှင် ကျောင်းကိုဖွဲ့စည်းထားပုံမှာ စည်းကမ်းနည်းလမ်းဟူ၍ သတ်သတ် မှတ်မှတ် မရှိ၊ ဤကျောင်းတွင်ဌာနကြီးသုံးခုရှိသည်။ ‘School of Mathematics’  ‘School of Humanity’ နှင့် ‘School of Economics and Politics’ ဟူ၍ရှိကြသည်။ ကျောင်းတွင်အမြဲခန့်ထားသည့် ဆရာများရှိသလို အမြဲ တစေ နေရာရွှေ့ပြောင်းခါ အချိန်အ ကန့်အသတ်နှင့်လာပြီး နေသူတွေရှိသည်။ ဆရာများ တစ်ဦးစီအနေဖြင့် မိမိအချိန်ကို မိမိဘာသာ အဆင်သင့်သလို စီစဉ်နိုင် သည်။ ကျောင်းတက်ချိန်၊ ဆင်းချိန်ဟူ၍မရှိ။

အမြဲလိုလို နိုင်ငံပေါင်းနှစ်ဒါဇင်ခန့်မှ ဧည့်ပါမောက္ခများလာရောက်တွဲဖက်လာနေလေ့ရှိသည်။ ပါမောက္ခများ အချင်းချင်း ကျောင်းသားနှင့် ဆရာအချင်းချင်း အဆင်ပြေသလိုဆက်သွယ်၍ စာပို့ချခြင်း စမ်းသပ်မှုသုတေသနလုပ်ငန်းများကို စိတ် ကြိုက် လုပ်ပိုင်ခွင့်ရှိသည်။ လိုက်နာကြရန် စည်းကမ်းဟူ၍ ရေးမထား၊ ဘယ်သူ့ကို မဆက်ဆံရဆိုသော အတားအဆီးမရှိ၊ ကျောင်းသားနှင့် ကျောင်းဆရာအဆင့်အတန်းခွဲခြားခြင်း၊ ရာထူးအနိမ့်အမြင့်မရှိ။

သင်ယူတတ်မြောက်ခြင်းဆိုသည်မှာ မိမိဘာသာဖန်တီးယူရသောအရာဖြစ်သည်။ ကော်မတီဖွဲ့ထားခြင်းမရှိ၊ အစည်း အဝေးထိုင်ရခြင်းမရှိ၊ လူတိုင်းက မိမိစိတ်ဝင်စားရာဘာသာရပ်ကို ရေဆုံးမြေဆုံး လိုက်ပိုင်ခွင့်ပေးထားသည်။

တခါက ဟားဗတ်တက္ကသိုလ်မှ သင်္ချာပရော်ဖက်ဆာတယောက်ကိုဖိတ်ခေါ်ခဲ့ရာ “ကျွန်တော့်လုပ်ငန်းတာဝန်တွေကဘာလဲ” ဟုကျောင်းအုပ်ချုပ်ရေးအဖွဲ့သို့ လှမ်းမေးသည်။ အဖြေမှာဤကျောင်း၌ တာဝန် (Duty) ဟူ၍ သီးခြားမရှိ၊ အခွင့်အလန်း (Opportunities) များသာရှိသည်ဟု စာပြန်လာသည်။

သင်္ချာဆရာတယောက်က ကျောင်းတော်ကြီးတွင် တနှစ်တာနေထိုင်ပြီး လာရောက်နှုတ်ဆက်လာသည်။  “သည်တနှစ်အ တွင်းမှာ သင်္ချာဘာသာတိုးတက်လာပုံဟာ အံ့မခန်းဘဲ၊ ကျွန်တော် ပီအိပ်ခ်ျဒီရခဲ့တာ ဆယ်နှစ်ရှိပါပြီ၊ သင်္ချာကိုမှီအောင် လိုက်နိုင်ဘို့ အတော်ကြိုးစားရတယ်၊ ဒီကျောင်းရောက်တော့မှ ကုလားကာတွေ၊ ပြူတင်းပေါက်တွေဖွင့်ပေးလိုက်သလိုဘဲ” “ကျွန်တော်စာတမ်းနှစ်စောင်ရေးရမယ်” ဟု ဆိုသည်။ ဘယ်လောက်ကြာမလဲဟု မေးသောအခါ “ငါးနှစ် ဆယ်နှစ်ပေါ့” ဟု ဆိုသည်။ သင်ကြားနာယူခြင်းဆိုသည်မှာ ဘဝတသက်တာလုံး လုပ်ရမည်ဆိုသော အချက်ကိုဖေါ်ပြ နေပါသည်။

ထိန်းချုပ်မှုကင်းမဲ့ပြီး လွတ်လွတ်လပ်လပ် အလုပ်လုပ်ခွင့်ရခြင်းသည် လူကိုပျင်းရိစေသည်။ အလုပ်ကို နှေးကွေးစေသည်ဟု ဆိုလျှင်မမှန်ပါ၊ ပရင်စတန်တက္ကသိုလ်တွင် အလုပ်တွေများလွန်း၍ ဝန်ပိနိုင်သော အန္တရာယ်သာ ရှိပါသည်။

တက္ကသိုလ်ကြီးကဘယ်လိုကတိမျိုးကိုမှပေးမထားပါ၊ အကျိုးရှိသည်။ အကျိုးမဲ့သည်ဘာမျှသိရန်မလို မိမိစိတ်ဝင်စားရာ သိလိုရာ အချက်အလက်များနောက်သို့ လိုက်နေရန် အခွင့်အရေးကိုပေးထားသည်။

(၃)
ပရင်စတန်တက္ကသိုလ်မှ သင်ကြားရေးဒါရိုက်တာတစ်ဦးဖြစ်သူ Mr Abraham Flexner က တက္ကသိုလ်၏စာ သင်ကြားရာတွင် လွတ်လပ်မှုရှိရန် လိုအပ်ခြင်းများနှင့်ပတ်သက်၍ ၁၉၃၉ ခုနှစ်က  “Usefulness of Useless Knowledge” ဟူ၍ စာတမ်း တစောင် ရေးခဲ့ပါသည်။ သူက တက္ကသိုလ်အောင်မြင်ရခြင်းမှာ ထိုလွတ်လပ်မှုများကြောင့်ဟု ရေးခဲ့ပါသည်။ ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက အမှတ်စဉ်သတ်မှတ်ထားသော ထိုင်ခုံများတွင် ထိုင်ခဲ့ရပုံများကို အမှတ်ရမိသည်။ သင်ကြား ပို့ချသောဆရာက ထိုင်ခုံကွက်လပ်ဖြစ်နေလျင် အတန်းတက်ရန် ပျက်ကွက်သည်ဟု စာရင်းမှတ်ပါသည်။ ကျောင်းသားများကို ဆရာက အတန်းမှန်မှန်တက်ရန် ထိမ်းချုပ်ခြင်း ဖြစ်ပါသည်။

စာသင်ရာတွင်လွတ်လပ်ခြင်းဆိုသောသဘောကို ကျွန်တော်တို့တက္ကသိုလ်များသို့ အရောက်ပို့ပေးရန် လိုအပ်ပါသည်။ မြန် မာနိုင်ငံလွတ်လပ်ရေးရအပြီး ကျွန်တော်တို့တက္ကသိုလ်များ၏သမိုင်းကိုကြည့်လိုက်လျင် ကျောင်းသားများနှင့် အုပ်ချုပ်သူတို့ အကြား ပဋ္ဋိပက္ခများကို အမြဲတွေ့ခဲ့ကြရပါသည်။ ကျောင်းဆောင်များတွင်မလိုအပ်ဖဲ စည်းကမ်းသတ်မှတ်ခြင်း၊ ကျောင်းသား ထုက လက်မခံနိုင်သောအယူဝါဒများကို အတင်းသွတ်သွင်းခြင်းများသည် မလိုလားအပ်သော ဆိုးကျိုးများကိုသာ ဖြစ်စေ ခဲ့ကြပါသည်။ မိမိတို့အပေါ်အာဏာပိုင်များက ဖိနှိပ်ချုပ်ချယ်ရန် အမြဲနည်းလမ်းရှာနေကြသည်ဆိုသောအယူအဆမှာ ကျွန် တော်တို့၏စိတ်တွင် အဆိပ်အတာက်များသာဖြစ်ပါ၏။ ကျောင်းသားများကို လွတ်လပ်မှုအပြည့်အဝပေးလျင် လောင်း က စားဝိုင်းများ၊ မူယစ်ဆေးပြဿနာများ တိုးပွားလာမည်ဟုစိုးရိမ်ကြသော မိဘများရှိကြပါသည်။ ထိုပြဿနာများကို ကျောင်းမှ ပါမောက္ခဆရာကြီးများကသာ ဖြေရှင်းပေးရပါမည်။ အမှန်တရားကိုရှာဖွေမှုများသည် လွန်ခဲ့သောကာလများက လူတို့၏ ကောင်းကျိုးကိုဖန်တီးပေးခဲ့သလို နောင်တွင်လည်း ဖန်တီးပေးမှာသေချာပါသည်။ ကဗျာဆရာ၊ သီချင်းရေးဆရာနှင့် သိပ္ပံ ပညာရှင်များသည် မိမိ၏စိတ်ကူးပေါ်ရာနောက်သို့ လွတ်လွတ်လပ်လပ်လိုက်ခဲ့ကြသလို ကျောင်းသားများကိုလွတ်လပ်ခွင့်ပေးထားရန်လိုအပ်ပါ၏။

တက္ကသိုလ်ကဲ့သို့သော ပညာဆည်းပူးရာဌာနကြီးများမှာ လိုအပ်သည်မှာ လွတ်လပ်ခြင်းဘဲဖြစ်ပါသည်။ မိမိသိလိုရာ စိတ် ဝင်စားမိရာ ဘာသာရပ်အနောက်သို့ တစိုက်မတ်မတ်လိုက်နာရန် အခွင့်အရေးများ ရှိရပါမည်။

ကျွန်တော်တို့၏သားသမီးများ လူလားမြောက်၍လုပ်သားကာင်းများဖြစ်လာကြစေရန်၊ ကျွန်တော်တို့ကိုယ်တိုင် ဥပဒေဘောင် အတွင်းမှာ စိတ်အေးချမ်းသာနေထိုင်တတ်စေရန်၊ ကိုအောင်ဆန်းကို ကာကွယ်ရေးဝန်ကြီးနှင့် ဗိုလ်ချုပ်ကြီးဖြစ်လာပြီး တိုင်း ပြည်ကို ကျွန်ဘဝမှ ကယ်တင်နိုင်စေရန်၊၊ သိပ္ပံပညာရှင်များက ရင်သတ်ရှုမော အံ့သြဘွယ်ရာ သဘာဝ၏လျှို့ဝှက်ချက်များ ကိုဖေါ်ထုတ်နိုင်ကြစေရန် ကျောင်းနှင့် တက္ကသိုလ်စသော ပညာသင်ရာဌာနကြီးများက လွတ်လပ်စွာတွေးတော လုပ်ကိုင် တတ်သော အလေ့အထကို သင်ကြားပေးရန်လိုအပ်သည်ဟု ထင်မြင်မိပါသည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)