ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ

May 30, 2017

ခိုင်အေး ● ဒီလမ်းကနေ ပြန်တဲ့အခါ
(မိုးမခ) မေ ၃ဝ၊ ၂ဝ၁၇

ကိုယ်က ရာဇဝင်ထဲက အိုးလည်းမဟုတ်ပါဘူး။ ရာဇဝင်တွင်မယ့် အိုးလည်းမဟုတ်ပါဘူး။ ခေါမက ကျောက်အိုးကွဲလည်း မဟုတ်ပါဘူး။ စိနတိုင်းက လက်ရာမြောက်ကြွေပန်းအိုးလည်း မဟုတ်ရပါဘူး။ ဧည့်ခန်းဆောင်မှာ ငေးမောကြည့်ရှုကြရတဲ ပန်းအလှအိုးလည်း မဟုတ်ပါဘူး။ ပေါက်တဲ့အိုးလည်း မဟုတ်ပါဘူး။ လှုပ်တဲ့အိုးလည်း မဟုတ်ပါဘူး။ လမ်းနံဘေးရေချမ်းစင်က အိုးလည်းမဟုတ်ရပါဘူး။ အိမ်တိုင်းမှာရှိတဲ့ မရှိမဖြစ် သောက်ရေအိုးလည်းမဟုတ်ရပါဘူး။ အညတြအိုးလေးတလုံးပါ။ အထင်တော့ မသေးလိုက်နဲ့နော်။ အိုးတော့ အိုးပါပဲ။ ဒါပေမဲ့ မိသားစုတစုရဲ့မီးဖိုချောင်စရိတ်ကိုအတိုင်းအတာတခုထိ ဖြည့် ဆည်းပေးနေတဲ့အိုးလေးပါ အဲဒီအတွက် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတယ်။ ဂုဏ်ယူတယ်။ ဒီခေတ်ကြီးထဲမှာ မီးဖိုချောင် စရိတ်ဆိုတာလည်း သိတယ်မဟုတ်လား။ လွယ်တာမှတ်လို့။ ကိုယ်က အဲဒီတာဝန်ကို ထမ်းနေရတာ။ ကြီးကြီး ကျယ်ကျယ် လျှောက်ပြောနေတယ်ထင်နေပြီလား။ မှားသွားမယ်နော်။ ဆုံးဖြတ်ချက်ဆိုတာ အလျင်စလိုဆုံးဖြတ်ရင် မှားတတ်တာချည်း ပဲလေ။ ဟုတ်တယ်မဟုတ်လား။ ခင်ဗျားကလည်း တကွေ့မဟုတ်တကွေ့တော့ အဲသလိုအမှားမျိုးကြုံဖူးမှာပါ။ အတွေ့အကြုံ ကနေသင်ခန်းစာယူပေါ့ဗျာ။ ရှေးလူကြီးတွေလည်း ဆိုခဲ့ဖူးတာပဲ။ အတွေ့အကြုံဆိုတာ အကောင်းဆုံးဆရာတဲ့။ ခင်ဗျားကို ဆရာလုပ်တာ မဟုတ်ဘူးနော်။ အညသြအိုးလေးတလုံးက အကြံပေးတာပါ။ ယူချင်လည်းယူ၊ မယူချင်လည်းနေပေါ့။ အဲဒါ ကတော့ ခင်ဗျားတို့အပိုင်းပဲ။

အင်း …. ကိုယ့်အကြောင်းကိုယ်ပဲပြောတာ ကောင်းပါတယ်။ သူများအကြောင်းပြောတော့ အတင်းတုပ်တယ် ဖြစ်ဦးမယ်။ ကိုယ့်အကြောင်း ကိုယ်ပြောတော့လည်း ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်ဖြစ်ဦးမယ်။ ခင်ဗျားတို့ လူတွေကြားထဲ နေရတာ လည်း သိပ်မလွယ်ဘူး။ မလွတ် လပ်ဘူး။ အပြောကျပ်၊ အဆိုကျပ်၊ အနေကျပ်နဲ့။ နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်မှ။ မနေတတ်မထိုင်တတ်၊ မပြောတတ်မဆိုတတ်လို့ အများသူတကာ ဝိုင်းသမကြတာ မြင်ဖူးကြား ဖူးတယ်မဟုတ်လား။ လောကမှာ ကိုယ့်ကိုယ်ကိုယ် ဟုတ်လှပြီထင်ပြီး လျှောက်ပြောမယ်မကြံနဲ့။ ကိုယ့်ထက်ဟုတ်တဲ့သူတွေက ကိုယ့်ပတ်ဝန်း ကျင်မှာ တလှေကြီးရှိတတ်တယ်။ ငါ့အခြေအနေနဲ့ ငါ့တော့ ဘယ်သူမှဆန့်ကျင်ရဲမှာမဟုတ်ဘူးထင်ပြီး မဟုတ်တာ ပြောဖို့ လည်း စိတ်မကူးလေနဲ့။ တခါနှစ်ခါ ရချင်ရမယ်။ အကြောက်တရားကနေ ဘာကိုမှမကြောက်တော့တဲ့ စိတ် ပေါက်သွားရင် မကြောက်တရား ပြောင်းသွားရင် ဘာတွေဖြစ်သွားလဲဆိုတာ သိတယ်မဟုတ်လား။ လူတွေကို လျှော့မတွက်နဲ့။ အိုးမှာ စိတ် မရှိပေမယ့် လူတွေမှာ စိတ်ဆိုတာရှိတယ်။ ဒုက္ခပါပဲ ပြောရင်းနဲ့ဘယ်တွေရောက်သွားပါလိမ့်။ အိုးက အိုးလိုမနေဘူး။ လူတွေ ကြားထဲ ဝင်ပါချင်တယ် ပြောခံရတော့မယ်။ ကဲပါ … အိုးလိုနေပြီး အိုးလိုပဲပြောပါတော့မယ်။ အိုးပါးလည်း မဝတော့ပါဘူး။

ဗျာ …. ကိုယ့်ရဲ့မိဘနဲ့ဇာတိဟုတ်လား။ မနောက်နဲ့ဗျာ။ အိုးဆိုမှတော့ မိဘတွေဇာတိတွေ မေးနေရသေးလား။ မေးနေဖို့လို သေးလား။ တော်ကြာနေရင် မှတ်ပုံတင်ပါ တောင်းဦးမလား မသိဘူး။ ခင်ဗျားတို့လူတွေ အကျင့်ကိုက ဘယ်လိုလဲမသိဘူး။ ဟဲဟဲ နောက်တာပါဗျာ။ အိုးရဲ့ မိဘဆိုမှတော့ မြေကြီးပေါ့ဗျာ။ အိုးကိုမြေကြီးကလွဲရင် ဘယ်သူက မွးဖွားပေးနိုင်မှာလဲ။ ဇာတိ ကတော့ ဖိုပေါ့ဗျာ။ အိုးဖိုထဲက ထွက်မလာလို့ ဘယ်ထဲက ထွက်လာရမှာလဲ။ ဟား ….. ဟား….ဟား ကျွဲမြီးတိုသွားပြီ။ ကိုယ်လည်း တခါတခါ ပျော်ချင်လို့ ပျက်ချော်ချော် ပြောကြည့်တာပါ။ ကိုယ့်ဇာတိက “မြင်းဒေါင်း” တဲ့သိလား။ မသိဘူး မ ဟုတ်လား။ ဘယ်သိနိုင်ပါ့မလဲဗျာ။ သာမန်ရွာလေးတရွာကိုး။ တိုင်းပြည်ကိုကယ်တင်တဲ့သူလည်းမပေါ်ထွန်းဖူးတဲ့ရွာ။ တိုင်းပြည် တည်ထောင်တဲ့နေရာမှာ ခေါင်းဆောင်လည်းမထွက်ဖူးတဲ့ရွာ၊ တိုင်းကျော်ပြည်ကျော် ထွက်ကုန် လည်း မထုတ် လုပ်နိုင်တဲ့ရွာ။ ဘယ်လိုလုပ်သိကြမှာလဲ။ ဒါမထူးဆန်းပါဘူး။ အဲ ဒါပေမဲ့ တခု တော့ဂုဏ်ယူစရာဆိုပြီး ကြံဖန်ပြောလို့ရတယ်။ ဘာလဲသိလား။ တိုင်းပြည်ဖျက်ဆီးတဲ့သူ၊ အမျိုးဘာသာသာသနာအပေါ် သစ္စာဖောက်တဲ့သူလည်း ကိုယ့်ရွာက မမွေးဖွား ပေးခဲ့ဘူး။ ရေဦးနားက ရွာလေးပါဗျာ။ ဒါလည်းမသိသေးဘူးဟုတ်လား။ အဲဒါဆို နည်းနည်းလေး နယ်ချဲ့စနစ်သုံးပြီး ပြော ကြည့်မယ်။ တန့်ဆည်တို့၊ ဒီပဲယင်းတို့ဆိုရင်ကောသိလား။ သြော် … အဲဒီကျသိ တယ်ဟုတ်လား။ ရေဦးတို့ တန့်ဆည်တို့၊ ဒီပဲယင်းတို့ အဲဒီနယ်ထဲက ရွာလေးတရွာပေါ့ဗျာ။ မြင်းဒေါင်းတဲ့။

ကိုယ်တို့ဒေသဘက်ကျသောက်ရေအိုးဆို မြောင်နဘက်အိုးတို့ စစ်ကိုင်းအိုးဘိုအိုးတို့မှ ကြိုက်ကြတာ။ ဒါတောင် ပြာသိုအိုး ကမှ ပိုအေးဆိုပဲ။ လူတွေလူတွေ ခက်ပုံပြောပါတယ်။ အိုးပဲဗျာ စက်ရုံကြီးတွေကထုတ်တဲ့ပစ္စည်းမှမဟုတ်တာ။ ဘယ်မှာထုတ် လုပ်ရက်စွဲ သက်တမ်းကုန် ဆုံးရက်စွဲပါနိုင်မှာလဲ။ လူတွေ ဒီလောက်တဏှာလောဘကြီးနေကြတာ လိမ်ခံရတာ ဘာဆန်း လဲ၊ ဟုတ်ဘူးလား။ အိုးရောင်းတဲ့သူကလည်း သူရောင်းတဲ့အိုး၊ ဘယ်တုန်းကဖိုထဲက ထုတ် လိုက်မှန်းတောင်သိမှာမဟုတ်ဘူး။ ဒါပေမဲ့ အိုးဝယ်သူလာရင်တော့ ပြာသိုအိုးက တရက်တမိ နစ်မှစွန်းမှာမဟုတ်ဘူး။ ပြာသိုတောင်လပြည့်မကျော်ခင် ဖုတ်ထား တဲ့အိုးလို့ ပြောမှာ။ ကိုယ်က ပြောတဲ့သူ အပြစ်မမြင်ချင်ပါဘူး။ သူရောင်းရဖို့ ပြောမှာပဲ၊ ဇီဇာကြောင်တဲ့လူတွေကိုပဲ ရယ်ချင် တာပါ။ အိုးပဲ …. အိုးလောက်ပဲအေးမှာပေါ့။ ရေခဲသေတ္တာထဲက ရေလောက်တော့ ဘယ်မှာ အေးနိုင်ပါ့မလဲ။ အိုး အမျိုးချင်းမို့ သောက်ရေအိုးတွေအကြောင်းပြောတာပါ။ ကိုယ်က အဲသလို သောက်ရေအိုးလည်း မဟုတ်ပါဘူး။ အိမ်တိုင်း အတွက် မရှိမဖြစ်လိုအပ်နေတဲ့အိုးမဟုတ်ပါဘူး။ မရှိလည်းဖြစ်ပါတယ်။ ရှိနေလည်း အမြဲအသုံးဝင်နေတာမှ မဟုတ်တာ။ အဲဒီတော့လည်း မရှိမဖြစ်အိုးမဟုတ်တာ ဘာဆန်းလဲ။ ဘာလဲ ပြောမှာပေါ့။ ကိုယ့်အကြောင်းကိုယ်ပြောနေတာပဲ ဥစ္စာ။ ဋီကာချဲ့နေလို့စိတ်မရှည်တော့ဘူးလား။ သည်းခံပါဦးဗျာ။ စကားကြောရှည်လိုက်ပါဦးမယ်။ ရေထည့်လှောင်ကြတဲ့ ရာဝင် အိုး လည်း မဟုတ်ပါဘူး။ ဆီထည့်တဲ့ဆယ်ဝင်အိုးလည်း မဟုတ်ပါဘူး။ အဲလို အိုးတွေကျ ကျောက်မြောင်းနွယ်ငြိမ်းဘက်ကလာတာ။ ကိုယ့်အရပ်က မဟုတ်ဘူး။ အဲဒီအိုးတွေက သူဌေးအိုးတွေ၊ အင်္ကျီတွေ ဆေးမင်ကြောင်တွေပါတယ်။ ဘာရယ်တာလဲ။ အိုးကိုအင်္ကျီတွေ ဆေးမင်ကြောင်တွေနဲ့လို့ ပြောလို့လား။ ဟုတ်တယ်လေ။ သူတို့က စဥ့်တွေဘာတွေ သုတ်ထားသေးတာ။ အရုပ်တွေလည်း ဆွဲထားဖော်ထားသေးတာလေ။ ကိုယ်တို့ကတော့ မိမွေးတိုင်းဖမွေးတိုင်းပဲ။ ဘာပကာသနအလှအပမှ မရှိပေမယ့် ကိုယ်တို့ ကလည်း အသုံးချတန်ဖိုးအပြည့်နဲ့ပါ။ လူတိုင်းအတွက်မဟုတ်ပေမယ့် ကိုယ့်ဘော့ (စ်) အတွက်တော့ ကိုယ်က မရှိမဖြစ်ဘဲ။

ကဲ…. ပြောပြီ၊ ကိုယ်က ချဉ်ဖတ်အိုးလေ။ ဟုတ်တယ်။ ကိုယ်က အချဉ်တည်တဲ့အိုး၊ ချဉ် ဖတ်အိုး၊ အချဉ်အိုးလေးတလုံးပဲ။ ကိုယ့်မှာ အိုးမောင်နှမတွေလည်းရှိတယ်။ ပဲတီချဉ်လည်း တည်တယ်။ မုန်လာချဉ်လည်း တည်တယ်။ သခွားချဉ်လည်း တည်တယ်။ ဘူးသီးချဉ်လည်း တည်တယ်။ ကိုယ်လား။ ကိုယ်ကပဲတီ ချဉ်တည်တဲ့အိုးပါ။ ဒါပေမဲ့ ပဲပင်ပေါက်တစ်မျိုးတည်း ချဉ်သွားတာမဟုတ်ဘူးနော်။ တခြား ဘယ်အသီး ဘယ်အနှံလာလာ ကိုယ့်အထဲရောက်လို့ကတော့ မူလအရသာ ကွယ် ပျောက်ပြီး အချဉ်ဘဝရောက်သွားစေရမယ်။ မချဉ်ဘဲပြန်ထွက် သွားလို့မရစေရဘူး။ မူလအရသာအချိုအဆိမ့်တွေ အကုန် ပျောက် အချဉ်ဘဝ ပြောင်းသွားစေရမယ်။ ဟုတ်တယ်။ ရဲရဲကြီးအာမခံရဲတယ်။ မယုံလို့လား။ ဝင်ကြည့်လိုက်လေ။ ခင်ဗျားပါ ချဉ်သွားမယ်။ အလကား ပြောနေတာမဟုတ်ဘူး။ အတွေ့အကြုံအရ ပြောတာဗျ။ အပြောကြီးတာ မဟုတ်ဘူး။ မယုံရင် စမ်းလို့ရတယ်။
×××××

ကိုယ်မြို့ရောက်လာပုံလား။ ဟဲ …. ဟဲ ခေတ်တွေ ပြောင်းသွားပြီလေ။ လှည်းခေတ် လှေခေတ်မှမဟုတ်တော့တာ။ ကိုယ်တို့ ဘိုးဘွားတွေ လက်ထက်ကတော့ လှည်းတွေနဲ့သွားခဲ့ကြရတာ။ သက်ကြီးစကားကြားခဲ့ကြရတာတော့ သိပ်ပျော်စရာကောင်း ဆိုပဲ။ အိုးလှည်းတွေရယ်၊ ထင်းလှည်းတွေရယ် တပ်စုလိုက်သွားကြတာ။ ရေဦး၊ ခင်ဦး၊ ရွှေဘိုဘက်တွေပေါ့။ ရွှေဘို သွား ရောင်းရင် နွားတွေပန်းမှာစိုးလို့ လမ်းမှာတညအိပ်ကြရသတဲ့။ လမ်းမှာချက်ပြုတ်စားသောက်နဲ့ ခုခေတ်လိုဆို ပျော်ပွဲစားထွက် သလိုနေမှာပေါ့။ ဒါပေမဲ့ အသွားတော့ ရွာကထွက်လာတော့ ဘယ်မှာစားကောင်း သောက်ဖွယ်ပါနိုင်မှာလဲ။ အိမ်မှာရှိတာလေး ထည့်လာရတာပေါ့။ မြို့မှာရောင်းချပြီး ပြန်လာရင်တော့သိတယ်မဟုတ်လား။ ငွေစကြေးစလေးတွေနဲ့လေ။ အသားတွဲ၊ ငါးတွဲတွေ စုပေါင်းချက်ပြုတ်ပြီးတော့ လက်ရည်တပြင်စီး စားကြ သောက်ကြ တော့တာ။ တခါ တခါ ညညဆို အတီးအမှုတ်လေးတောင်ပါလိုက်သေးသတဲ့။ ကိုယ်ဖြင့် ဘိုးဘွားတွေ ပြော သံ ပြန်ကြားပြီး ပျော်စရာကောင်းခဲ့တဲ့ သူတို့ခေတ်ကိုတောင် ပြန်သွားချင်သေးတယ်။ ကိုယ်တို့ ခေတ်ကျ အဲသလိုတွေမဟုတ်တော့ဘူး။ သုတ်သုတ်သွက်သွက် ခေတ်ထဲရောက်နေပြီ။ စားသုတ်သုတ် သွားသုတ်သုတ် လာသုတ်သုတ်နဲ့ အားလုံး မြန်နှုန်းမြင့် နရီခေတ်ထဲ ရောက်နေပြီ။ ခင်ဗျားလည်း သုတ်သုတ် သွက်သွက်ပဲမဟုတ်လား။ ခင်ဗျားက လူဆိုတော့ အိုးထက်ပိုဆိုးမှာပေါ့။ သုတ်သုတ်မလုပ်ရင် သွက်သွက်ခါသွားမှာနော။ သုတ်သုတ်ခေတ်မှာ ကိုယ်လည်း ဒိုင် နာကားပေါ် ရောက်ရတာပေါ့။ အိုးဘဝကလည်း မလွယ်လှပါဘူးဗျာ။ ဖိုထဲတုန်းကလည်း မီးခိုး တွေနဲ့မွန်းကျပ်နေခဲ့ရသလို ဒိုင်နာပေါ်ရောက်တော့လည်း ကောက်ရိုးတွေကြားထဲ အသက် ဝအောင်တောင် မရှူခဲ့ရ ပါဘူး။ လမ်းဘေး ဘယ်ညာ သဘာဝအလှခံစားဖို့ဆိုတာ ဝေးရော။

သြော် … အိုးဆိုင်ရောက်တော့လည်း ဝယ်တဲ့သူနောက် လိုက်သွားရတာပေါ့ဗျာ။ ဟိုအိမ် မလိုက်ဘူး။ ဒီလူနဲ့မလိုက်ချင်ဘူးမရောင်းပါနဲ့၊ နေပါဦးပြောလို့ဘယ်ရမှာလဲ။ ကိုယ်က အိုးပါဆိုနေမှ။ လူတွေတောင် သိပ်မငြင်းဆန်နိုင်တဲ့ခေတ်မှာ အိုးတွေက ရော ဘာမို့တုန်း။ ပိုဆိုးတာပေါ့။ မရနိုင်တဲ့ကိစ္စ။ မဖြစ်နိုင်တဲ့အနေအထားမှာ ငြင်းမနေအားပါဘူး။ လျောလျောရှူရှူ လိုက် သွားလိုက်တာပေါ့။ ဗျာ… ကိုယ့်လိုချဉ်ဖတ်အိုးကို ဘယ်သူဌေးက ဝယ်မှာလဲ။ ခင်ဗျားကလည်း ပိန်းလိုက်တာ။ စဉ်းစဉ်းစားစား လေး မေးမှပေါ့။ ချဉ်ဖတ်အိုး ချဉ်ဖတ်သည်ဆီပဲ ရောက်ရတာပေါ့။ ဒါသဘာဝတရားတခုပဲ။ ဟုတ်တယ် မဟုတ်လား။ ပြောပြ မှာပေါ့ဗျာ။ ခင်ဗျားက တော်တော်သိချင်ပြီး တော်တော်လောတဲ့သူပဲ။ ဘယ်ချဉ်ဖတ်သည်များ မြို့လယ်မှာ တိုက်ဆောက် အိမ်ဆောက်နေနိုင်လို့လဲ။ တွေးတွေးဆဆလေးလုပ်မှပေါ့။ တိုးချဲ့ကွက်သစ်ထဲမှာပဲ နေရတာပေါ့။ ဒါပေမဲ့ ကိုယ့်ဘော့ (စ်) က မြေပိုင်တဲပိုင်နဲ့ပါ။ ဘာပဲပြောပြော ကိုယ့်အိုးကိုယ်တဲနဲ့ နေနိုင်တယ်ဆိုတာကိုက ချဉ်ဖတ်သည်တယောက်အတွက် နည်း တဲ့ဂုဏ်ဒြပ်လား။ မြို့စွန်စွန် မြို့ဖျားဖျားဗျာ ကွက်သစ်ဆိုမှတော့ မြို့ထဲလုပ်လို့ရမလား။ ခင်ဗျားနဲ့တော့ ဒုက္ခပါပဲ။

ဘယ်ဗျာ ဒီလိုပဲပေါ့။ လက်လုပ်လက်စားရပ်ကွက်က လက်လုပ်လက်စားသဘောအတိုင်းပဲပေါ့။ ဒီတရပ်ကွက်လုံး တပုံစံ တည်းပဲ။ ပုံစံကျလှုပ်ရှားရုန်းကန်မှုတွေပဲ။ သူတို့တတွေရဲ့အဓိက အရင်းအနှီးက သူတို့ပိုင်ဆိုင်တဲ့ ခွန်အားပဲ။ ဈေးထဲမှာ ကားဂိတ်တွေမှာ တွန်းလှည်းဆွဲတဲ့သူတွေ ကုန်ထမ်းတဲ့သူတွေရှိတယ်။ ဆိုက်ကားနင်းတဲ့သူတွေရှိတယ်။ ပလတ်စတစ် ကောက်တဲ့ သူတွေရှိတယ်။ ကုန်စိမ်းရောင်းတဲ့သူတွေရှိတယ်။ သူတို့အားလုံးဟာ ဝင်ငွေနည်းတဲ့အလုပ်ကို မရမကကြိုးစား ပမ်းစား လုပ်နေကြရတဲ့သူတွေချည်းပဲ။ မီးဖိုလေး မီးခိုးမတိတ်စေဖို့ ရင်မောနေ ကြရတဲ့သူတွေချည်းပဲ။ မနက်ဆို အားလုံး လက်ဗလာနဲ့ ထွက်သွားကြ၊ ဈေးရောက်မှ ဆိုင်ကြီးတွေကနေ ဟိုဟာနည်းနည်း ဒီဟာနည်းနည်း အကြွေးယူပြီး၊ အကြွေး တွေနဲ့ သူတို့ဈေးဗန်းကို အသက်သွင်းလိုက်ကြရတာ။ အကြွေးဟာ သူတို့အရင်းအနှီးလို့လည်း ပြောလို့ရတယ်။ မနက် ခင်းရောင်းလို့ရတဲ့ထဲကမှ အကြော်လေး၊ လက်ဖက်လေးဝယ် အိမ်ကယူလာတဲ့ထမင်းနဲ့ တနပ် ပြီးလိုက်ကြရော။ ဈေးပေါင် ကျိုးချိန်မှ အသားတိုအသားစတွေကို ညနေစာအတွက်ဝယ် ပိုတာလေး အကြွေးဆပ်နဲ့၊ သံသရာလည်နေကြတော့တာ။ အကြွေးဆိုတဲ့ စနစ်တစ်ခုသာ မပေါ်ပေါက်ခဲ့မရှိခဲ့ရင် သူတို့တတွေ ဘယ်လိုများခရီး ဆက်ကြမလဲလို့ တွေးမိတယ်။ အဖြေမရဘူးသိလား။

မနက်ခင်းကတည်းက မချောမောခဲ့တဲ့ သူတို့ဘဝတွေဟာ ညနေဆည်းဆာမှာလည်း မလှပပါဘူး။ စိတ်ညစ်စရာပါဗျာ။ နွမ်းပါးတဲ့ ဘဝတွေမှာ မိသားစု သာယာအဆင်ပြေမှုဆိုတာ ခပ်ဝေးဝေးကို ထွက်ပြေနေကြသလား မသိပါဘူး။ ခင်ဗျားညနေ စောင်းရင် ရပ်ကွက်ထဲလာခဲ့ပါလား။ လမ်းတိုင်းလမ်းတိုင်းမှာ အနည်းဆုံးလင်မယားရန်ပွဲတပွဲတော့ ရှိနေတတ်တယ်။ ကိုယ့် ဘော့(စ်)လား၊ ဒီပုတ်ထဲရောက်နေမှတော့ ဒီပဲ ပဲပေါ့။  ဒီအခြေအနေပေမယ့် အထင်တော့ မစမောနဲ့နော်။ ဒီလိုအကြပ် အတည်းတွေကြားထဲကနေကို နေ့တိုင်း နှစ်လုံးထိုးတယ်။ အပတ် စဉ်မပျက် သုံးလုံးထိုးတယ်။ စားစရာမကျန်ပေမယ့် ထိုးစရာချန်ထားမယ်ဆိုတဲ့ မူဝါဒနဲ့ပေါ့။ သူတို့ ဒါတွေလုပ်နေတာလည်း ကိုယ်တော့ကြာတော့ အပြစ်မမြင်ချင်တော့ပါဘူး။ သူတို့ဘဝ တွေထဲမှာ နေ့စဉ်နဲ့အမျှဖြတ်သန်းနေရတော့ စာနာတတ်လာပြီ။ သူတို့ကို ပေါက်ကြေးမျှော် ထိုးတယ်လို့တောင် မထင်တော့ဘူး။ အလျော်ရဖို့ ပေါက်ဖို့ထက် စိတ်ကူးယဉ်ဖို့ သက်သက်ထိုး နေကြသလိုပဲ။ ဘးအမြင်ကတော့ ဒီလောင်း ကစားတွေလုပ်မနေနဲ့၊ ဒီငွေနဲ့ တခြားတခုခုလုပ်ပေါ့။ စုဆောင်းပြီး အရင်းအနှီးလုပ်မလား။ အကြွေးတွေဆပ်မလား၊ ကလေး တွေအတွက် စားကောင်းသောက်ဖွယ် အာဟာရဖြစ်မှာလေးတွေ ချက်ကျွေးမလား။ တခုခုပေါ့။ ဒါလည်း ဟုတ်တာပဲ။ သူတို့ အတွက်ကျတော့လည်း စိတ်ထွက်ပေါက်ပေါ့။ ဂဏန်းမထွက်မချင်း စိတ်ကူးယဉ် ကြတော့တာလေ။ ခင်ဗျားက ဈေးရင်းဖို့ ကြွေးဆပ်ဖို့လောက်ပဲပြောတာ။ သူတို့စိတ်ကူးက ခင်ဗျားတို့ထက် သာတယ်။ ဒီတခါပေါက်လို့ကတော့ဆိုပြီး နည်းနည်းထိုး နိုင်တဲ့နေ့ တီဗွီလောက်ဝယ်ပြီး များများထိုးနိုင်တဲ့နေ့ကျ ဘဝကိုပြောင်းပြန်လှန်ပစ်ပြီးပြီ။ ဒါဂဏန်း မထွက်မချင်းဘဲ။ သူ ဟာနဲ့သူတော့ စိတ်ကူးယဉ်ရတာနဲ့တင် တန်နေပြီလို့ ဈေးတွက်တွက်နေမှာ။ သူတို့ရဲ့ စိတ်ကူးတွေ မုန်းတိုင်းမိခံရတဲ့နေ့တွေ မှာတော့ စိတ်ကူးတွေရိုင်းကုန်ပြီး အနီးအနားမှာရှိတဲ့ ကလေးတွေ ဒဏ်ခံရတော့တာပဲ။

သူတို့ရဲ့ထွက်ပေါက်ကလည်း ဒါပဲရှိတော့တာထင်ပါရဲ့။ လွဲတော့ လွဲနေတာပေါ့လေ။ ပညာဆိုတာ အမှားအမှန်ကိုခွဲခြားနိုင်ခြင်းဆိုရင်တော့ အရင်းခံပြဿနာက အဲဒါပဲ။ ဟုတ်တယ် မဟုတ်လား။ ပြီးတော့ ဒီဆင်းရဲခြင်းကပ်ရောဂါကြီး မလျော့ပါးသွား သေးသရွေ့တော့ ဒီလိုတွေရှိနေဖြစ်နေဦးမှာပဲ။ သူတို့တတွေကလည်း နောက်ဆုံးအင်္ကျီတစုံကျန်တဲ့အထိ ထိုးသွား မယ်ဆို တဲ့ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချထားပြီးပုံပဲ။ ကိုယ့်ဘော့ (စ်) ကလည်း ဒါမျိုးကျ သိပ်ပြတ်သားတာ။ ခုတောင် အိမ်ထဲမှာဘာမှသိပ်ကျန်တော့တာမဟုတ်ဘူး ကိုယ့်ဘောစိလင်မယားက ဒါတွေကျ ရှေ့သွားနောက်လိုက်မညီဘူး။ မိန်းမက ဇွဲနပဲနဲ့ ထိုးသလောက် ယောက်ျားက စိတ်ကိုမဝင်စားဘူး။ တခါတခါရလိုက် ပြန်ပြန်ပါသွားလိုက်နဲ့ သူတို့ဘဝကလည်း ပူစီဖောင်း သည် ပါးစပ်လိုပဲ။ ဒါလည်း သူတို့အတွက် အရေးတကြီးကိစ္စလို့ ထင်မနေနဲ့နော်။ ဒီအခြေအနေမျိုးတွေက သူတို့နဲ့ အသား ကျနေပြီ။ ခင်ဗျားလည်း ဘယ်လိုမှကယ်တင်နိုင်မှာမဟုတ်ဘူး။ သူတို့ကလည်း ကယ်တင်ရှင်ဆိုတာမျိုးတွေကို မျှာ်နေမှာ မဟုတ်ဘူး။ သူတို့တကယ်လိုနေတာ က ဟဲ… ဟဲ.. ခင်ဗျားက ဒီလိုကျတော့လည်း လှပ်လှပ်ကလေးပါလား။ သိလွယ်သားပဲ။ သူတို့ မျှော်နေတာက ရောက်မလာသေးတဲ့ ကံတရားပဲ။ ကံအလှည့်သင့်ရင်ဆိုတဲ့ အတွေးတွေနဲ့ သူ တို့ရှင်သန်နေတယ် ထင်တာပဲ။ သြော် ကိုယ်လည်း တတောလုံးတော့ ဘယ်သိနိုင်ပါ့မလဲ။ ယေဘုယျကို ပြောရတာလေ။ ကိုယ့်မှာ မနက်လင်း တာနဲ့ ကိုယ့်ဆရာမနဲ့ဈေးထဲ ရောက်သွား ရတာလေ။ ညနေသုံးလေးနာရီမှ အိမ်ပြန်ရောက်တာ။ နေကုန်နီးပါးဈေးထဲနေရတာ ဈေး အကြောင်းမသိဘဲရှိ၊ သိတာပေါ့။ ဈေးဆိုတာ ရောင်းသူနဲ့ဝယ်သူတို့ ဆုံတွေ့ရာနေရာတို့ ဘာတို့ဆိုပြီး စာအုပ်ထဲကစာပိုဒ်တွေရွတ်ပြရင်ကိုယ်ကို ခင်ဗျားက ဂျိုထိုးတော့မယ်။ ကိုယ့်ဘော့ (စ်) လင်မယားမှာ မိန်းမက ချဉ်ဖတ်ရောင်းတယ်။ ယောက်ျားက ဆိုက်ကားနင်းတယ်။ ဆိုက်ကားကိုလည်း ကိုယ်ပိုင်လို့မထင်လိုက်နဲ့ဦး။ ကိုယ့်ဆရာမကောင်းမှုနဲ့ ကိုယ်ပိုင်ဘဝ ကနေ အငှားဘဝပြောင်းသွားတာကြာပြီ။ ကိုယ့်ဆရာက စာလေးဘာလေးဖတ်တော့ သူဖတ်တာ ကိုယ်နည်း နည်းသိနေလို့ ကြားဖူးနားဝနဲ့ပြောကြည့်တာပါ။ ကိုယ့်ဆရာက ညနေဆိုက်ကားသိမ်းပြီဆိုရင် နည်းနည်းတော့ကစ်တယ်။ ကစ်တယ်ဆိုမ တော့ တခြားဘယ်ဟုတ်မှာလဲ၊ ထွေးညိုလေးပေါ့။ အညောင်းပြေအညာပြေ ကျန်းမာရေးအတွက်ဆို အကြောင်းပြတာပဲ။ အဲဒီအချိန်ကတော့ ကိုယ့်ဆရာက ဆက်ရက်မင်းစည်းစိမ်အပြည့်ယူတော့တာ။ ဘက်ထရီမီးရောင်မှိန်မှိန်အောက်မှာ စာအုပ် တအုပ် အရက်တပုလင်းနဲ့ ပတ်ဝန်းကျင်တခုလုံးကို မေ့နေအောင်ကို ယူလိုက်တော့တာ။ ဒါလည်း သူတို့ရဲ့ဘဝပဲပေါ့။
×××××

တခါကတော့ အင်း … တခါကတော့လို့ ပြောတော့ မတိမကျဖြစ်ဦးမယ်။ တိကျချင်လို့တော့ မဟုတ်ပါဘူး။မှတ်မိနေသေးတဲ့မမေ့သေးတဲ့အဖြစ်မို့ပါ။ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကပေါ့။ ဘာစိတ်ကူးပေါက်ကြတယ်မသိဘူးး။ သူတို့အပေါင်းအသင်း တစု မူးပြီး အိမ်ပြန်လာပြီး အလောင်းအစား စမ်းသပ်မှုကြီးတခုပြုဖို့ ညှိနှိုင်းဆွေးနွေးကြတော့တာပဲ။ ကိုယ်လည်း ဘဝ ပျက်ရော။ ကိုယ့်ရဲ့မူလဂုဏ်သိမ်တွေ ပျောက်ဆုံးသွားရတော့တာပဲ။ ပြန်အဖတ်ဆယ်နိုင်လို့ တော်သေးရဲ့။ ခင်ဗျားသိရင် အံ့သြသွားမယ်။ ပြီးတော့ရယ်စရာလည်းကောင်းတယ်။ ကိုယ့်ဆရာကတော့ အာမခံချက်ပြင်းတယ်။ သူ့ပဲတီချဉ်အိုး (ကိုယ် ပေါ့လေ) ထဲကို ဘယ်အသီးအနှံပဲထည့်ထည့် မချဉ်ဘဲနဲ့ပြန်မထွက်စေရဘူးတဲ့။ သူ့ဘော်ဒါတွေကတော့မဟုတ်ဘူး။ ချိုတ အသီးက ချိုမှာပဲ။ ခါးတဲ့အသီးကခါးမှာပဲ။ ချဉ်ဖတ်အိုးထဲထည့်ထည့် တမာချဉ်အိုးထဲထည့်ထည့် ချဉ်မသွားနိုင်ဘူး။ ခါးမသွား နိုင်ဘူး မူလအရသာမပျက်နိုင်ဘူးတဲ့။ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ အတွေးအခေါ်အယူအဆနှစ်ရပ်ရဲ့ ပြင်းထန် တဲ့တိုက်ပွဲပေါ့။

လောင်းကြေးက ဘာလဲသိလား။ ကိုယ့်ဆရာနိုင်ရင် ဒီဂျစ်တယ်ရေဒီယိုတလုံးနဲ့ တဖွဲ့လုံး အရက်သောက်ဖို့ သူ့ဘော်ဒါတွေက တာဝန်ယူရမယ်။ ရှုံးရင်တော့ ကိုယ့်ဆရာက တဖွဲ့လုံးကို ကြက်သားဂွေးတောက်ဟင်းနဲ့ ထန်းရည်တိုက်ရမယ်။ ဘယ်သူနိုင်သွားတယ်လို့ခင်ဗျားထင်လဲ။ ကိုယ့်ဆရာက ရေဒီယိုတော်တော် လိုချင်နေရှာတာ။ သူ့ရေဒီယိုအဟောင်းလေးက ပြင်မရ အောင်ပျက်သွားတော့ သူ့ခမျာ မနက်မနက် ပါဆင်ဂျာစောင့်ရင်း နားမထောင်နိုင်တော့ဘူးလေ။ အသစ်လေးဝယ်ဖို့ပိုက်ဆံစုလိုက်ရင်လည်း ကိုယ့်ဆရာမက စိတ်ကူးယဉ်ဖိုးထဲထည့် ထည့်ပစ်လိုက်တော့ ဝယ်တဲ့ဆီိမရောက်နိုင်ဘူး။ စိတ်မပူဘဲရှိ၊ ကိုယ့်ဆရာအတွက် ပူပန်ရပါသော်ကော။ မတော်လို့များရှုံးသွားရင်ဒုက္ခ၊ ထန်းရည်ဝိုင်းဖိုးအပြင် ရန်ပွဲပါ ပါလာမှာလေ။ ဆရာ ကတော် ကိုယ့်ဆရာမက လွယ်တာမဟုတ်ဘူး။ ကိုယ့်ဆရာမအကြောင်း ကိုယ်သိတယ်။ ချဲမပေါက်ရင်တောင် ဘေးပတ်ရန် ရှာချင်တာ။ အခု သူ့ပဲတီချဉ်အိုးနဲ့လောင်းမှာတောင် သိပ် ကြည်ချင်တာမဟုတ်ဘူး။ သုံးရက်ဈေးမထွက်ရလို့ ဟိုလူတွေက အိုးငှားခငါးထောင်ပေးလို့ အသံမထွက်တာ။ ကိုယ်ကသာ ဈေးမလိုက်ရတော့တာ။ ကိုယ့်ဆရာမတော့ မုန်လာချဉ်အိုးနဲ့ ဈေးသွားမှာပဲ။ ဒါနဲ့ရင်းနှီး စားသောက်နေရတာကိုး။ ဘယ်ဈေးပျက် ဖောက်သည်ပျက်ခံပါ့မလဲ။ ဂဏန်းလေး ဘာလေးက လည်း ဈေးထဲကပို အဆင်ပြေတယ်လေ။ ရပ်ကွက်ထဲမှာက သွားထိုးမှရတာ၊ ဈေးထဲမှာကျ door to door စနစ်နဲ့ထိုးရတာ။ ဆိုင်ထိလာညှပ်တာ၊ ဘယ်လောက်အဆင်ပြေလဲ။ အဲဒီတော့ အဲဒါလေးနဲ့လည်း ပြတ်ပြတ်စဲစဲဖြစ်သွားလို့မဖြစ်သေးဘူး လေ။ နှစ်မျိုးမရောင်းဖြစ်လည်း တမျိုးတည်း တအိုးထဲနဲ့သွားမှာပေါ့။

သူတို့တတွေ လောင်းကြေးတွေဘာတွေညှိ၊ အားလုံးသဘောတူပြီးတဲ့နောက် တစ်ရက်နှစ်ရက်လောက်နေတော့ ရာက်လာ လိုက်ကြတာ။ ချိုမြိန်လှစွာသော သစ်သီးအမျိုး အစား စုံလင်စွာနဲ့။ တယောက်တမျိုးနှစ်မျိုးနဲ့။ ကိုယ့်ဆရာကတော့မိုက်တယ်။ သူ့ဘက်မှာ တယောက်မှမရှိဘူး။ ဒါပေမဲ့ တစ်လက်မမှ နောက်မဆုတ်ဘူး။ ကိုယ့်အပေါ်သိပ်ယုံတဲ့မျက်နှာ ထားနဲ့။ သူ့လူ တွေကလည်းဝယ်လာလိုက်ကြတာ အမျိုးအမည်တွေကို စုံသလားမမေးနဲ့။ ကိုယ်ဝယ်လာတဲ့အသီးကို အမွှမ်းတင်ပြော လိုက်၊ ကိုယ့်ထဲကို ပလုံပလုံနဲ့ ပစ်ပေါက်ထည့်လိုက်ကြနဲ့ ဘယ်နှစ်မျိုးမှန်းတောင်မမှတ်မိတော့ဘူး။ ဟောဒါက မူဆယ်ဘက် ကဝင်တဲ့ ပန်းသီး၊ ဟောဒါက တီးတိန်က သစ်တော်သီး၊ ဟောဒါက အောင်ပန်း မက်မွန်သီး၊ မြစ်ကြီးနားက လိုင်ချီး၊ မော်လမြိုင်က ကြက်မောက်သီး၊ သံတောင်ကမင်းကွတ်သီး၊ ကျောက်ဆည်က သခွားမွှေးနဲ့ ဂုဏ်ဒြပ်တွေဖော်ဖော်ပြီး မူးမူးနဲ့ထည့်လိုက်ကြတာ ဗြောင်းဆန်နေတာပဲ။ ခြံစည်းရိုးက ကြက်ဟင်းခါးသီးနဲ့ ကင်းပုံသီးတောင်အဆစ်ပါသွားသေးတယ်။ နောက်ဆုံးထည့်တဲ့ပန်းသီးကတော့ ရဲမှည့်နေတာပဲ။ ကြည့်ရမြင်ရတာနဲ့ သွားရည်ယိုစရာ။ မူးမူးနဲ့ပြောနေသေးတယ်။ ဘယ် လောက်တန်ဖိုးကြီးတယ်မှတ်လဲ၊ လာခဲ့ရတဲ့ခရီးနဲ့တင် တန်ဖိုးကမနည်းလှတော့ဘူး။ နာမည်ဖိုး ထည့်တွက်မထား သေးဘူး။ ဒါဝါရှင်တန်ပန်းသီး ဘာမှတ်လို့လဲ၊ ဗီဇာပိတ်ထားလို့ အောက်လမ်း ကလှည့်ဝင်လာတာ။ ဘယ်အိုးထဲထည့်ထည့် မချဉ်ဘူးကွ။ သံပုရာပင်အောက်သွားထားရင် သံပုရာသီးချိုသွားစေမယ့် ဝါရှင်တန်ပန်းသီးဆို အလုံးလိုက်ပစ်ထည့်လိုက်မယ်လုပ်တော့ ကိုယ် ဖြင့်နှမျောလိုက်တာ၊ တော်ပါသေးရဲ့၊ သူတို့ထဲက တယောက်က တခြမ်းပဲထည့်ပါ။ စားဖူး တယ်ရှိအောင် ကျန်တဲ့တခြမ်းကို နည်းနည်းစီစားရအောင်ဆိုပြောတာနဲ့ တစ်ခြမ်းပဲထည့်လိုက်တယ်။ ဝါရှင်တန်ပန်းသီးစားပြီးတော့ တယောက်က ပြောသေးတယ်။ ဒီလောက် မွှေးမြချိုစိမ့်တဲ့အသီးကတော့ ဘယ်နည်းနဲ့မှချဉ်သွားမှာ မဟုတ်ဘူးတဲ့။ ကိုယ့် ဆရာကတော့ မိန့်မိန့်ကြီး ပြုံးပြီး နားထောင်နေတယ်။ ဘာတခွန်းမှပြန်မပြောဘူး။ ကြိုက်ရာပြော၊ လွှတ်ထားတယ်။ သူ့ ပုံစံက မျက်လှည့်ဆရာတယောက် ကိုယ့်ကိုယ်ကိုယ်ယုံတဲ့ မျက်နှာပေးနဲ့။ ကိုယ့်မှာတော့ စိုးရိမ်စိတ် ဒီရေတွေတက်လို့။ ကိုယ့်ဆရာရှုံးရင်ကိုယ်တောင်အသက်နဲ့ ကိုယ်နဲ့အိုးစား ကွဲသွားနိုင်တယ်။ ကိုယ်ကမှအိုးစားကွဲတာ အစစ်နော်။ ခုတော့ အိုးစား ကွဲတာမကွဲတာ အပထား။ ဘဝကတော့ ပျက်နေပြီ။ ပဲတီချဉ်အိုးဘဝကနေ ရောင်းစားမရတဲ့ သီးစုံချဉ်အိုး ဖြစ်နေပြီလေ။

ဗျာ …..ဘယ်လိုဖြစ်သွားလဲ ဟုတ်လား။ ဘယ်လိုမှမဖြစ်ဘူး၊ ခင်ဗျားလည်း စိုးရိမ် သွားသလား၊ ဘာမှမစိုးရိမ်ပါနဲ့ဗျာ။ ခင်ဗျား မနက်စောစော ဈေးထိပ်က ဆိုက်ကားဂိတ်ကို သွား ကြည့်လိုက်။ ရေဒီယိုလေးတလုံးနဲ့ ဆိုက်ကားဆရာတယောက်ကိုတွေ့ရင် ကိုကိုစိန်ရေလို့သာ လှမ်းခေါ်လိုက်။ ရေဒီယိုလေးတလုံး နားနားကပ်နားထောင်ရင်း လှည့်ကြည့်လိမ့်မယ်။ အဲဒါ ကိုယ့်ဆရာပဲ။ အဲဒီလောင်းကြေးစားကြေးပွဲ ပြီးတော့ ကိုယ်လည်းအရင်ကထက်ပိုပြီး မာန်တက်သွားသေးတယ်။ သွေးနားထင်ရောက်သွား သေးတယ်။ ဘာလာမလဲ။၊ လာချင်တာလာခဲ့။ ကိုယ့်ထဲက အချဉ်ရည်တွေနဲ့တွေ့ရင် ဘာမဆိုချဉ်သွားစေရမယ်လို့လေ။ ချဉ်ဖတ်အိုးရဲ့ သစ္စာတရားဟာ ဘယ်သောအခါမှ မပျက်ယွင်းပါဘူး။
×××××

ပြောလက်စနဲ့ခင်ဗျားကိုတော့ ပြောပြရဦးမယ်။ ဒီကိစ္စ ဘယ်သူမှမသိသေးဘူး။ ကိုယ့်ဆရာရော ဆရာကတော်ရော မသိ သေးဘူး။ မနေ့ကမှဖြစ်သွားတာ။ မနေ့မနက်က ဈေးထဲမှာပေါ့။ အမျိုးသမီးတယောက် မုန်လာချဉ်လာဝယ်တာဗျ။ ရှစ်နှစ် ကိုးနှစ်အရွယ် ကလေးတယောက်နဲ့။ ကလေးလက်ထဲမှာ မြေပဲယိုထုပ် လေးပါတယ်။ မြေပဲယို ခင်ဗျားသိတယ်မဟုတ် လား။ နာမည်ကြီးတံဆိပ်ပဲဥစ္စာ။ ကလေးက သူံအမေမုန်လာချဉ်ဝယ်နေတုန်း မြေပဲယိုထုပ် ဖောက်စားတယ်၊ သွားလေးနဲ့ကိုက်ပြီးဆွဲဖောက်လိုက်တာ ချော်ပြီး ကိုယ့်အထဲပြုတ်ကျပြီး ပဲတီချဉ်တွေကြားထဲ မြှုပ်သွားတယ်။ ကလေးကလည်း အဲဒီအထုပ် ပြန်မတောင်းဘဲနဲ့ နောက်ထပ် တထုပ်ဖောက်စားတယ်။ ကိုယ့်ဆရာမကလည်း ဈေးရောင်းနေတုန်းဆိုတော့ ဘာမှမသိ လိုက်ဘူး။ ညနေအိမ်ပြန်ရောက်တော့ ကျန်တဲ့ပဲတီချဉ်တွေထုတ်ပြီး ပဲပင်ပေါက်အသစ်တွေ ထည့် တော့လည်း မြေပဲယိုလေး က ကိုယ့်အထဲမှာမြှုပ်နေဆဲပဲ။ ကိုယ်လည်း အသာငြိမ်နေလိုက် တယ်။ စမ်းသပ်ကြည့်ချင်လို့ပါ။ မြေပဲယိုလေးချဉ်သွားမလား။ ချိုမြဲအရသာ မပြောင်းသည် သာပင်ပဲလားလို့။ သူကတော့ ထန်းလျက်တွေအများကြီးနဲ့ဆိုတော့ ချဉ်ချင်မှချဉ်သွားမှာ ပါ နော်။ ဒါပေမဲ့ စောင့်ကြည့်ရဦးမှာပါဗျာ။ လောကကြီးက ဘာမှယုံကြည်စိတ်ချရလို့ရတာမှ မဟုတ်တာ။ ချဉ်သွားမှာပဲလို့ ဆုံး ဖြတ်ချက် စောစောချပြီးတော့ မပြောချင်ပါဘူး။ ခင်ဗျား သန် ဘက်ခါလောက် ဈေးကိုလာခဲ့ပါလား။ ကူညီစမ်းပါဗျာ။ မြေပဲ ယိုလေး စားကြည့်ပြီး ဘယ်လိုဖြစ် သွားလဲဆိုတာ ပြောပြစမ်းပါ။ ကိုယ်ကအိုးဆိုတော့ ချိုချဉ်စပ်ခါးအရသာဘာမှ သိနိုင်တာ မဟုတ်ဘူးလေ။ လာခဲ့မယ်မဟုတ်လား။ စောင့်နေမှာနော်။

ဒီလောက်ထန်းလျက်နိုင်းချင်းနဲ့ မြေပဲယိုသာ ချဉ်သွားလို့ကတော့ ပွဲသိမ်းပြီ။ ဇဗ္ဗူတလူ ငါလိုလူ အဲ….ဟုတ်ပေါင်၊ ငါလိုအိုး ရှိသေးလားလို့ လက်ခမောင်းခတ်လို့ရပြီ။

(ကိုကျော်ကျော်ဝင်း (ကိုကျောက်) နဲ့ ကိုကျော်ဆွေမြင့်သို့ ….)

ခိုင်အေး
(ဟေသီ – မေလ-၂ဝ၁၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်