ဘာတေးလစ်တနာ – ၁၉၆၂ မှ ၁၉၇၈၊ ညီအကိုများ မဟုတ်တော့ပါ

June 2, 2017



ဘာတေးလစ်တနာ – ၁၉၆၂ မှ ၁၉၇၈၊ ညီအကိုများ မဟုတ်တော့ပါ
တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ – ဆွေမျိုးပေါက်ဖော် တင်မကသော ()
( ဘာသာပြန်)
မိုးမခ၊ ဇွန် ၂၊ ၂၀၁၇

တရုပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ရန်ကုန်တွင်ဖြစ်ပွားခဲ့တဲ့ ၁၉၆၇ခု နှစ် မှာ တရုပ် မြန်မာ ဆက်ဆံရေးဟာ အဆိုးဆုံး အခြေအနေသို့ လှည့်ပြောင်းသွား တယ်လို့ယျေဘူယျ အားဖြင့်ပြော၍ရပါတယ်။ တရုပ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးရဲ့ စိတ်တက်ကြွဖွယ်ရာများဟာ မြန်မာမြို့တော်က တရုပ်အသိုင်းအဝန်း ကို ဩဇာ သက်ရောက်လာပြီး မြန်မာပြည်ဖွား တရုပ်လေးများဟာ မော်စီတုန်း ရင်ထိုးတံဆိပ်လေးများတပ်ဆင်လာကြပါတယ်။ လူအများကြားမှာ နိုင်ငံရေး နဲ့သက်ဆိုင်တဲ့ အသွင်လက္ခဏာများ ပြသခြင်းကို မြန်မာနိုင်ငံက တရားဝင် စည်းမျဉ်းစည်းကမ်းများထုတ် တားမြစ်ထားတာမို့ ဒီလုပ်ရပ်ဟာ စည်းကမ်းဖောက်ရာရောက်ပါတယ်။ ဒါကြောင့် ‘တပ်နီလူငယ်’ လေးများကို သူတို့ရဲ့ ရင်ထိုးတွေ မတပ်ဆင်ဖို့ အမိန့်ထုတ်ပါတယ်။ အချို့က အမိန့် ကို အာခံကြတဲ့အတွက် ထိုနှစ် ဇွန်နဲ့ ဇူလိုင် မှာ တရုပ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေပေါ်ပေါက်လာပါတော့တယ်။ တရုပ် ဈေးဆိုင်များ ဟာ လုယက် ဖျက်ဆီးခံရပါတယ်။ မြန်မာနိုင်ငံသား တရုပ်အများအပြားအသတ်ခံရပါတယ်။ အခြေအနေများကို မထိန်းသိမ်းနိုင်ခင်မှာ ရမ်းကားတဲ့လူအုပ်ကြီး ဟာ တရုပ်သံရုံးကို တောင်တိုက်ခိုက်ကြပါတယ်။

ဒါပေမဲ့ ဒီအရေးအခင်း မှာ အာဏာပိုင်များရဲ့ အခန်းကဏ္ဍ ဟာ အငြင်းပွားစရာကိစ္စဖြစ်လာပါတယ်။ ရန်ကုန် တရုပ်တန်း အဓိကရုဏ်း ဖြစ်ချိန်ဟာ ရန်ကုန်မှာ ဆန်နဲ့ အခြေခံစားကုန်တွေ ရုတ်တရက်ပြတ်လပ်သွားချိန်မှာ ဖြစ်ခဲ့တာပါ။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ တရုပ်သံရုံး အတိုက်ခိုက်ခံ ရတဲ့ အချိန်အထိ သတ်ဖြတ် လုယက်မှုများကို ရဲတွေက ဝင်မထိန်းသိမ်းဘူးဆိုပါတယ်။ ထိုအချိန်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အကြပ်အတည်း ပြသနာကို အာရုံလွှဲချင်တဲ့အတွက် မြန်မာ စစ်အစိုးရ က အဓိကရုဏ်းများကို အားပေးအားမြှောက်ပြုခဲ့တယ်လို့လည်း အကျယ်အပြန့် ယုံကြည်ထားခဲ့ကြပါတယ်။ဒီအရေးအခင်း ဖြစ်ပြီးတဲ့နောက် နှစ်နိုင်ငံလုံး က သူတို့ရဲ့သံတမန်များကို ပြန်လည်ခေါ်ယူခဲ့ကြပြီး၊ တရုပ်ပြည်သစ် သတင်းအေဂျင်စီ (ဆင်ဟွာ) သတင်းထောက်ကိုလည်း ရန်ကုန်ကနေ နှင်ထုတ်ခဲ့ပါတယ်။ ဘေဂျင်းကလည်း ၁၉၆၀ ချစ်ကြည်ရေးစာချုပ်က ကတိပြုထားတဲ့ သူ့ ထောက်ပံကူညီမှုများကို ရပ်ဆိုင်းလိုက်ပါတယ်။ ဘေဂျင်းရေဒီယိုကလည်း နေဝင်းအစိုးရကို ဖက်ဆစ် လို့ ကင်ပွန်းတပ်ပြီး အကြီးအကျယ် တိုက်ခိုက်အသံလွှင့်ပါတယ်။

၁၉၆၈ခု ဇန္နဝါရီ မှာ လက်နက်ခဲယမ်း အပြည့်အစုံ တပ်ဆင်ထားတဲ့ ဗမာပြည်ကွန်မြူ နစ်ပါတီ ရဲ့ တပ်များဟာ တရုပ်နယ်စပ်ကိုဖြတ်ကျော်ပြီး ဗမာပြည် အရှေ့မြောက်ပိုင်းကို ဝင်ရောက်လာပါတော့တယ်။ သူ့ရဲ့ ညီနောင် ပါတီဖြစ်တဲ့ ဗမာကွန်မြူ နစ်ပါတီ ကို လုံးဝဥသုံ ကူညီဖို့ တရုပ်ကွန်မြူ နစ်ပါတီ က ဆုံးဖြတ်လိုက်ပါတယ်။

ဒါပေမယ့် တရုပ် မြန်မာ ဆက်ဆံရေး ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရင်၊ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး ကို တရုပ် တိုက်ရိုက်ဝင်စွက်ဖက်ဖို့အတွက် ၁၉၆၇ တရုပ်ဗမာအရေးအခင်းဟာ သက်တောင့် သက်သာ ရလာတဲ့ အကြောင်းပြချက် တခုထက် နည်းနည်းလေးပဲ သာပါတယ်။ လက်တွေ့မှာ ၁၉၆၂ ခု ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးစကတည်းက တရုပ် မြန်မာ ဆက်ဆံရေးဟာ ခေတ်သစ်တခု စတင်ခဲ့ပါတယ်။ အားနည်းပေမယ့် ကြားနေလမ်းစဉ်လိုက်တဲ့ မြန်မာ ဒိမိုကရေစီအစိုးရရဲ့အမျော်အမြင် ကြောင့် တည့်တံ့ ခဲ့တဲ့ ဒေသတွင်းတည်ငြိမ်မှု ဟာ စစ်အာဏာသိမ်းအစိုးရကြောင့် ကမောက်ကမဖြစ်ခဲ့ရပါတယ်။ ပိုဆိုးတာ က အလိုကြီးပြီး၊ ခန့်မှန်းရခက်တဲ့ မြန်မာစစ်ဗိုလ်ချုပ်များကို တရုပ် က စိတ်ကုန်လာတာ အတော် ကြာခဲ့ပြီဖြစ်လို့ပါပဲ။ ရန်ကုန်မှာ အာဏာသိမ်းပွဲ ဖြစ်ပြီးပြီးချင်း အရေးကြီးတဲ့ ဖြစ်ရပ် ခြောက်ခု ဖြစ်ပွားခဲ့ပါတယ်။

၁။ ၁၉၅၀ခုများ အစောပိုင်းမှာ ဗမာပြည်ကွန်မြူ နစ်ပါတီက ကေဒါအစုအဖွဲ့ အတော်များများဟာ တရုပ်ပြည်ကို ကုန်းကြောင်းသွားရောက်ခဲ့ပြီး မြန်မာပြည်က သူတို့ရဲ့ လက်နက်ကိုင်ပုန်ကန်မှု အတွက် အကူအညီပေးဖို့ သွားတောင်းခံခဲ့ကြပါတယ်။ ဒါပေမယ့် ဦးနု အာဏာရှိစဉ် ကာလတလျောက်လုံး ဒီ ဗမာကွန်မြူ နစ်များကို – အားလုံး ၁၄၃ယောက်ပါ – စစ်ချွင်းနယ်က အိမ်များမှာပဲပေးနေထားပါတယ်။ အဲဒီမှာ သူတို့ ကွန်မြူနစ်ပါတီ သင်တန်းကျောင်းတက်ရပါတယ်။ အခြားအကူအညီ ဘာမျှမရပါဘူး။ စစ်သင်တန်း နဲ့ စစ်လက်နက်ပစ္စည်းအကူကတော့ ဝေလာဝေးပေါ့။ ပြည်ပရောက် ဗကပ များရဲ့ခေါင်းဆောင်က နောင်ဗကပဥက္ကဋ္ဌ ဖြစ်လာမယ့် သခင်ဗသိန်းတင်ပါ။ သူကတော့ ဘေဂျင်း မှာ အနေများပါတယ်။ မော်စီတုန်း နဲ့ နီးစပ်သွားပါတယ်။ သူတို့နှစ်ယောက် ရဲ့ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးမှုဟာ အရှည်တည်တန့်ခဲ့တယ်ဆိုပါတယ်။

နေဝင်း အာဏာသိမ်းပြီးတဲ့နောက် ဗကပ ဟာ သူ့ရဲ့ ဝါဒဖြန့်ချီရေး စာရွက်စာတမ်းများနဲ့ အခြား စာအုပ်များကို ဘေဂျင်း မှာ ပထမဦးဆုံးအကြိမ် ပုံနှိပ်ခွင့်ရလာပါတယ်။ ၁၉၆၂ ဩဂုတ် ၁ရက်မှာ အာဏာသိမ်းစစ်အစိုးရ ကို ရှုံချထားတဲ့ ” နေဝင်း စစ်အစိုးရရဲ့ သရုပ်သကန်အချို့” ဆိုတဲ့ စာတမ်းကို ဘေဂျင်း နဲ့ စစ်ချွမ်း အခြေစိုက် ဗကပများက ထုတ်ဝေခဲ့ပါတယ်။

၂။ ဘေဂျင်း အခြေစိုက် ပြည်ပရောက် ဗကပ များရဲ့ အမြန်ဆုံး လုပ်ရမယ့်တာဝန်က ရန်ကုန်မြို့ ရဲ့ မြောက်ဘက် ဗမာပြည်အလယ်ပိုင်း ပဲခူးရိုးမ တောင်တန်းပေါ်မှာရှိနေတဲ့ အခြေခံဒေသဟောင်းက ဗကပ တပ်ဖွဲ့များနဲ့ အဆက်အသွယ်ရဖို့ နည်းလမ်းရှာရေးပဲ ဖြစ်ပါတယ်။ ၁၉၅၀ခုနှစ်များအစောပိုင်းကတည်း က ယူနန် ပြည်နယ်ကို ခြေကျင်ခရီးနဲ့ လာခဲ့ကြတာမို့ အဝေးရောက် ဗကပ များဟာ မြန်မာပြည်အတွင်းက ဗကပ များနဲ့ အဆက်အသွယ်မရှိ ကြပါဘူး။ ဒါပေမယ့် သမိုင်းဖြစ်စဉ်ရဲ့ ထူးဆန်းတဲ့အလှည့်အပြောင်းတခုလို့ဆိုရမှာပါ ။ တရုပ်ပြည်မှာရှိတဲ့ ပြည်ပရောက် ဗကပ များကို အဆက်အသွယ်ပြန်ရအောင် အမှုမဲ့ အမှတ်မဲ့ လုပ်ပေးမိသူက ရန်ကုန်မှာရှိတဲ့ စစ်အစိုးရသစ်ပဲဖြစ်ပါတယ်။

စစ်အစိုးရ ရဲ့ ကြီးမားတဲ့ စစ်အင်အားကို တေ့တေ့ဆိုင်ဆိုင်တွေ့ရင် သူပုန်တွေ လက်မြှောက်ကြလိမ့်မယ်လို့ မျော်လင့်ကောင်းမျှော်လင့်ပြီး ၊ နေဝင်း စစ်အစိုးရဟာ အာဏာရပြီး တနှစ်အကြာမှာငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ ၁၉၆၃ ဇူလိုင် ၁၄မှာ ဗမာပြည်ကွန်မြူ နစ်ပါတီ၊ သခင်စိုး ရဲ့ အလွန်အင်အားနည်းတဲ့ အလံနီကွန်မြူ နစ်ပါတီ၊ ကရင် ၊ ရှမ်း၊ မွန်၊ တိုင်းရင်းသားသူပုန်တပ်များနဲ့ အခြားအုပ်စုငယ်များဟာ ရန်ကုန်မှာကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ က ဘယ်လိုရလဒ်ပဲ ထွက်ထွက် ဆွေးနွေးပွဲ ကျင်းပရာသို့ အလာနဲ့အပြန်ကို စားရိပ်ကုန်စရာမလို၊ အန္တရာယ်လည်း မရှိစေရဘူးလို့ စစ်အစိုးရက အာမ ခံလို့ပါ။

စိတ်ဝင်စားစရာကောင်းတဲ့ သခင်စိုးဟာ ဆွေးနွေးပွဲကို ကာကီစစ်ဝတ်စုံများဝတ်ဆင်ထားတဲ့ မိန်းမပျိုလေးများခြံရံပြီးရောက်လာလို့ အများတကာရဲ့ အာရုံကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ သခင်စိုးဟာ သူ့ရဲ့ရှေ့ဆွေးနွေးပွဲစားပွဲပေါ်မှာ စတာလင်ရဲ့ ပုံကိုတင်ထားပြီး ဆိုဗီယက်ခေါင်းဆောင် ခရူးရှက် ရဲ့ ပြန်လည်ပြင်ဆင်ရေးဝါဒ၊ တရုပ်ပြည်ကမော်စီတုန်းရဲ့ အချောင်သမားဝါဒ တွေကို စတင်တိုက်ခိုက်ဝေဖန်ပါတယ်။ ( သခင်စိုး ဟာ မကြာခင်ပဲ ဆွေးနွေးပွဲက ဖယ်ရှားခံရပါတယ်။ )
တရုပ်ပြည်မှာရှိတဲ့အဝေးရောက် ဗကပ ရဲဘော်ဟောင်း ၂၉ ယောက်ဟာလည်း ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ကုန်သို့ ရောက်လာပါတယ်။ ” ပီကင်းပြန်” လို့ နောက်ပိုင်းမှာ ခေါ်ဝေါ်ကြတဲ့ ဒီသူများထဲမှာ ရဲဘော်အောင်ကြီး၊ သခင်ဘို၊ ဗိုလ်ဇေယျနဲ့ သခင်ဗသိန်းတင်တို့လည်း ပါဝင်ပါတယ်။ သခင်ဗသိန်းတင်ဟာ ဆွေးနွေးပွဲမှာ တကယ် မပါဝင်ခဲ့ပေမယ့် ဒီအခွင့်အရေးကိုအရယူပြီး ပဲခူးရိုးမက ဗကပဋ္ဌာနချုပ်ကို အလည်သွားရောက်ခဲ့ပါတယ်။ သူနဲ့အတူ ရေဒီယို ဆက်သွယ်ရေးစက် နဲ့ တရုပ်ကပေးလိုက်တဲ့ အခြားအထောက်အကူပစ္စည်းများပါလာပါတယ်။ဗကပ ရဲ့ မှတ်တမ်းများအရ၊ ကွန်မြူ နစ်တွေကို သူတို့ရဲ့တပ်တွေနဲ့ ပါတီဝင်တွေဟာ အာဏာပိုင်တွေက သတ်မှတ်ပေးထားတဲ့ နယ်နိမိတ်အတွင်းမှာ စုစည်းနေရမယ်လို့ မြန်မာအစိုးရက တောင်းဆိုခဲ့တယ်ဆိုပါတယ်။ ကျန်နေသေးတဲ့ ပျောက်ကျားတပ်သားတွေ၊ အခြားနေရာရောက်နေတဲ့ ကေဒါတွေရဲ့ စာရင်းတွေကိုလည်း ပေးရမယ်၊ ပါတီရဲ့ လှုပ်ရှားမှုအားလုံး ရပ်ဆိုင်းပစ်ရမယ်၊ အခွန်ကောက်ခံမှုလည်း မလုပ်ရဘူးလို့ တောင်းဆိုတယ်ဆိုပါတယ်။ စစ်အုပ်ချုပ်သူတွေရဲ့ ခေါင်းမာမှုက ဗကပ အတွက် ရုပ်ဖျက်ထားတဲ့ ကောင်းချီးမင်္ဂလာပါပဲ။ နိုဝင်ဘာမှာ ဆွေးနွေးပွဲများပျက်သွားတော့ သူပုန် အဖွဲ့များဟာ သူတို့နဲ့သက်ဆိုင်ရာ တောတွင်းစခန်းများကိုပြန်သွားကြပါတယ်။ သခင်ဗသိန်းတင်နဲ့ အခြားဗကပကေဒါ တယောက်သာ ဘေဂျင်းကိုပြန်သွားပြီး၊ကျန်တဲ့ ၂၇ယောက်က ပဲခူးရိုးမမှာ ကျန်နေရစ်ပါတယ်။ ပြည်တွင်းပါတီရဲ့ ခေါင်းဆောင်မှုနေရာကို သူတို့ ရယူလိုက်ပါတယ်။

၃။ ၁၉၆၃ နိုဝင်ဘာ နိုင်ငံတကာ ကွန်မြူ နစ်လှုပ်ရှားမှု အတွင်း တရုပ်-ဆိုဗီယက် ကွဲကြပြီးနောက် မကြာမီမှာ ဆိုဗီယက်ပြည်ထောင်စု မှာ ပညာသွားသင်နေကြတဲ့ ဗကပ ကေဒါများ- ခင်မောင်ကြီး၊ စံသူ၊ သိန်းအောင်- တို့ဟာ ဘေဂျင်းကိုပြန်လာခဲ့ကြပါတယ်။ တရုပ်ပြည်တွင်းက လုပ်ငန်းတွေကို ညွှန်ကြားဖို့ “ဦးဆောင် ငါးဦးအဖွဲ့” ကိုလည်း သခင်ဗသိန်းတင် ရန်ကုန် ငြိမ်းချမ်းရေးဆွေနွေးပွဲ ကအပြန်၊ ဘေဂျင်းမြို့မှာ ဖွဲ့စည်းလိုက်ပါတယ်။ ၁၉၆၀ခုနစ်များအတွင်း ပေါ်ပေါက်လာမယ့် ဗကပ ခေါင်းဆောင်သစ်များ အတွက် အမြုတေဖြစ်လာမယ့် ဒီအဖွဲ့မှာ သခင်ဗသိန်းတင် ကခေါင်းဆောင်ဖြစ်လာပြီး၊ ခင်မောင်ကြီး က သူ့ကိုယ်ရေး အတွင်းရေးမှူးဖြစ်လာပါတယ်။ ခင်မောင်ကြီး ဟာ ဗကပ ရဲ့ အဓိက သဘောတရားရေးဆရာကြီးလည်းဖြစ်လာပါတယ်။

၎။ ၁၉၆၃ခု နှောင်းပိုင်းမှာ မော်စကိုပြန်တယောက်ဖြစ်တဲ့ စံသူကို ယူနန်ပြည်နယ်ကနေ မြန်မာပြည်အရှေ့မြောက်ထဲ ထိုးဖောက် ဝင်ရောက်ဖို့ ဖြစ်နိုင်တဲ့လမ်းကို စတင်ကွင်းဆင်းလေ့လာတဲ့အဖွဲ့ရဲ့ ခေါင်းဆောင် အဖြစ်ခန့်အပ်ပါတယ်။ ဒီကာလအတွင်းမှာပဲ တရုပ်ဟာ ကူမင်းကနေ တရုပ်မြန်မာနယ်ခြားတလျောက် နဲ့ တရုပ် လာအို နယ်ခြားတလျောက် နေရာအမျိုးမျိုးကိုရောက်နိုင်တဲ့ အဝေးပြေး ကတ္တရာလမ်းမကြီးများ ကွန်ရက်ကို ဖောက်လုပ်ပါတယ်။ လာအိုမှာလည်း ကွန်မြူ နစ် လှုပ်ရှားမှုတခု ရှိနေခဲ့ပါတယ်။

၅။တရုပ်ကိုရောက်နေတဲ့ ဗကပ ကေဒါများအားလုံးနီးပါးဟာ ပညာ အသိနှံ့စပ်တဲ့ မတ်ဝါဒီပညာတတ်များ ဖြစ်ပြီး စစ်ရေးအတွေ့အကြုံ အနည်းငယ်သာရှိသူ သို့မဟုတ် လုံးဝမရှိသူများသာဖြစ်ပါတယ်။  ဒါပေမယ့် ၁၉၅၀မှာ တိုင်းရင်းသား ကချင်သူပုန်ခေါင်းဆောင် နော်ဆိုင်းဟာ သူ့နောက်လိုက် ၂၀၀နဲ့ ၃၀၀ကြား နဲ့အတူ တရုပ်ပြည်ထဲသို့ဆုတ်ခွာလာတော့ သူတို့ကို ကွေ့ကျိုးပြည်နယ်မှာ သာမန်ပြည်သား များအနေနဲ့နေရာချပေးထားပါတယ်။ နော်ဆိုင်းဟာ ဆုတံဆိပ်များ ရထားတဲ့ ဒုတိယကမ္ဘာစစ်ပြန်သူရဲကောင်း တယောက်ပါ။ ဂျပန်များကို သူ ရွံရွံချွန်ချွန်တိုက်ခဲ့ပါတယ်။ ဗကပပညာတတ်များလိုချင်နေတဲ့ စစ်ရေးခေါင်းဆောင်မျိုးနဲ့ အံကိုက်ပါပဲ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မစခင် ၁၉၆၃အစောပိုင်းကတည်းက နော်ဆိုင်း ကို စစ်ချွင်းနယ်ကို ခေါ်ထားပြီးပါပြီ။ သခင်ဗသိန်းတင်နဲ့ သူ့ကိုမိတ်ဆက်ပေးပြီး၊ ဗမာပြည် ပြန်သွားပြီး တိုက်ပွဲဝင်ဖို့ အချိန် ကျပြီလို့ပြောပါတယ်။ ကွေ့ကျိုးနယ် ပြည်သူ့ဘုံအဖွဲ့ကနေ ထွက်ချင် စိတ်ပြင်းပြနေတဲ့ နော်ဆိုင်း က အလွယ်တကူသဘောတူပါတယ်။  သူ့လူတွေ သူစုစည်းပြီး ယူနန်ပြည်နယ်မှာ စစ်သင်တန်းစပေးတော့ ၁၉၆၅ခုမှာပါ။ ၁၉၆၈ ဇန္နဝါရီ ၁ရက်မှာ နော်ဆိုင်းရဲ့ ကချင်စစ်သည်တွေဟာ တရုပ်ကနေ မြန်မာပြည်အရှေ့မြောက်ဒေသ ကို နောက်ဆုံးမှာဝင်ရောက်နိုင်ခဲ့ပါတယ်။ သူနဲ့အတူ ခင်မောင်ကြီး နဲ့ ဗကပ က အခြားနိုင်ငံရေးမှူးတွေပါလာခဲ့ပါတယ်။

၆။ ၁၉၃၀ခုနှစ်များကတည်းက မြန်မာပြည်ပေါက် တရုပ်လူမျိုးကွန်မြူ နစ်များဟာ မြန်မာပြည်အလယ်ပိုင်းက မြို့များမှာလှုပ်ရှားနေခဲ့ကြပါတယ်။ ဒါပေမယ့် ပင်မရေစီးဖြစ်တဲ့ မြန်မာကွန်မြူနစ်များရဲ့ လှုပ်ရှားမှုများနဲ့ လုံးဝ သီးခြားဖြစ်ပါတယ်။ ၁၉၆၀အစောပိုင်းမှာ ဒီသီးခြားအုပ်စုလေးတွေဟာ ဗကပ နဲ့ ပထမဦးဆုံးအကြိမ် ဆက်သွယ်မိပါတယ်။ သူတို့ဟာအရေအတွက်အနည်းငယ်သာရှိပေမယ့် ရန်ကုန် တရုပ်သံရုံးကရန်ကုန်မြို့တော်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် မြို့လေးများမှ လိုလားသူ တရုပ်လူမျိုးများကို ရွှေလီမြစ်ရိုးတလျောက်က ဗကပ အခြေခံစခန်းများဆီ ပို့ပေးခဲ့ပါတယ်။

( နောက်ပိုင်းမှာ ၁၉၆၈ခုပြီးနောက် တည်ထောင်ခဲ့တဲ့ အရှေ့မြောက်အခြေခံဒေသများသို့ သွားရောက်ရန်စီစဉ်ပေးပါတယ်။ ) ၁၉၆၇ တရုပ်ဆန့်ကျင်ရေးအဓိကရုဏ်းများ ရန်ကုန်မှာ ဖြစ်ပွားပြီးတဲ့နောက် ဗကပ အင်အား တိုးပွားလာခဲ့ပါတယ်။ တရုပ် မြန်မာ အဓိကရုဏ်းများဟာ ဗကပ ရှမ်းပြည်နယ်ထဲသို့ တရုပ်အကူအညီနဲ့ ထိုးဖောက်ဝင်ရောက်ရေး ရှိနှင့်ပြီးသားအစီအစဉ် ကို ထပ်ပြီး မြေတောင်မြှောက်ပေးလိုက်သလိုဖြစ်သွားပါတယ်။ ဒါပေမယ့် ဗမာ ကွန်မြူ နစ်တွေကို တရုပ် ကူညီတာ ဒီတရုပ်ဗမာ အရေးအခင်းကြောင့်တော့မဟုတ်ပါဘူး။

နောက်ပိုင်းဆယ်စုနှစ်အတွင်း တရုပ် ဟာ ဗကပ ကို ရိုင်ဖယ်သေနတ်များ၊ စက်သေနတ်များ၊ ဒုံးပစ်လောင်ချာများ၊ လေယာဉ်ပစ် အမြောက်များ၊ ရေဒီယို ပစ္စည်းများ၊ ဂျစ်ကားများ ထရပ်ကားများ နဲ့ ဓာတ်ဆီ ကအစ ထောက်ပံပေးခဲ့ပါတယ်။ ထို့ပြင် ဆန်၊ အခြား စားစရာများ၊ ဟင်းချက်ဆီ နဲ့ မီးဖိုချောင်သုံးပစ္စည်းများကို ၊မြန်မာပြည်အရှေ့မြောက်က တရုပ် မြန်မာ နယ်စပ်တလျောက် အသစ်တည်ဆောက်ထားတဲ့ ဗကပတော်လှန်ရေးအခြေခံစခန်းများထံ နယ်စပ်ဖြတ်ကျော်ပြီး ပို့ပေးခဲ့ပါတယ်။ ဒီဒေသ အတွင်းမှာပဲ ရေအားလျပ်စစ်စက်ရုံများ နဲ့ လှို့ဝှက်အသံလွှင့် ရုံတခုကို တရုပ်က တည်ဆောက်ပေးခဲ့ပါတယ်။ ” ဗမာပြည်ပြည်သူ့အသံ ” ဟာ ၁၉၇၁ ခုနှစ် ဧပြီမှာ နယ်စပ်ယူနန်ပြည်နယ် ဘက်အခြမ်းကနေ စတင်အသံလွှင့်ပါတယ်။ တရုပ် ” အကူအညီပေးရေး” တပ်သားထောင်ပေါင်းများစွာ – (တရုပ်ကတပ်နီလူငယ်များလည်း ဖြစ်သလို၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် က အမြဲတမ်း တပ်သားများလည်းဖြစ်တဲ့) – ဟာ သူတို့ရဲ့ ဗမာရဲဘော်များနဲ့ ရင်ဘောင်တန်း တိုက်ပွဲဝင်ဖို့ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြပါတော့တယ်။

၁၉၆၈ ခု နှစ်သစ်ကူးနေ့ မှာ မြန်မာပြည်အရှေ့မြောက်ကို ပထမဦးဆုံး စတင်ထိုးဖောက်ဝင်ရောက်ချိန်က စလို့ လေးနှစ်အတွင်းမှာဗကပဟာတရုပ် မြန်မာ နယ်စပ်တလျောက် ၉၀၀၀ စတုရန်းမိုင်ကျော်တဲ့ နယ်မြေများကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ယဉ်ကျေးမှုတော်လှန်ရေးကာလ အတွင်းမှာ တရုပ်များဟာ သူတို့ကို သူတို့ ” ကမ္ဘာ့ပစ္စည်းမဲ့ တော်လှန်ရေး” ရဲ့ ခေါင်းဆောင်များအဖြစ် ရှုမြင်ခဲ့ကြပြီး၊ ဗကပ ကို သူတို့ အကြီးအကျယ်ပုံအော ကူညီခြင်းဟာလည်း ဒီပေါ်လစီကို အကောင်အထည်ဖေါ်ပြခြင်းများထဲက တခုသာဖြစ်ပါတယ်။
ဒါပေမယ့် ၁၉၇၀ခုနှစ်များနှောင်းပိုင်းထိ ဒီကူညီမှု တရုပ် ဗမာ ဆက်ဆံရေး ရဲ့ အဓိက အစိတ်အပိုင်းဖြစ်နေခဲ့ပါတယ်။ ၁၉၇၆ခုနှစ် ဥက္ကဋ္ဌ မော် ကွယ်လွန်ပြီးနောက် တရုပ်ကွန်မြူ နစ် ပါတီတွင်း အာဏာလွန်ဆွဲပွဲ ဖြစ်ပွားလာချိန်မှာ တရုပ်နိုင်ငံခြားရေးဝါဒဟာ အကြမ်းဖက်ရန်လိုမှုများ လျော့နည်းတဲ့ ဘက်ကို စတင်ပြောင်းလဲ လာခဲ့ပါတယ်။ ထိုနှစ် ဧပြီလမှာ တရုပ် ကွန်မြူ နစ်ပါတီတွင်းမှ လက်ဝဲစွန်းရောက်သူများဟာ သူတို့ဘာသာသူတို့ အာဏာရယူပြီး တိန့်ရှောင်ဖိန် ကို ပါတီမှ ထုတ်ပယ်လိုက်ပါတယ်။ ဒေသတွင်းက အခြားကွန်မြူ နစ်ပါတီများနဲ့မတူပဲ၊ ဗကပ ဟာ သဘောထားတင်းမာတဲ့ မော်ဝါဒီများကို ထောက်ခံကြောင်း လူသိရှင်ကြားကြေငြာခဲ့ပါတယ်။ ၁၉၇၆ ဇွန် တရုပ်ကွန်မြူ နစ်ပါတီရဲ့ ငါးဆယ့်ငါးနှစ်မြောက် နှစ်ပါတ်လည်နေ့မှာ ဗကပ က အောက်ပါဂုဏ်ပြု သဝဏ်လွှာ ကိုပေးပို့ခဲ့ပါတယ်။” လျူ ရှောက်ချီ ဦးဆောင်ပြီး၊ တိန့်ရှောင်ဖိန် ပါဝင်ဆက်နွယ်တဲ့ ပြန်လည်ပြင်ဆင်ရေးဂိုဏ်း ဟာ အခြေမှုန်းခံလိုက်ရပါပြီ။ ကောက်ချက်မှန်ပယ်လှန်ဖို့ကြိုးစားတဲ့ လက်ယာသွေဖီရေးသမားများကို ပယ်ရှားတဲ့ လှုပ်ရှားမှု နဲ့ လက်ယာဝါဒီ ထိပ်သီး တိန့်ရှောင်ဖိန် ကို အရေးယူတဲ့ တရုပ်ကွန်မြူ နစ်ပါတီ ဗဟိုကော်မတီ ရဲ့ လုပ်ရပ်ဟာ မတ်ဝါဒ၊ လီနင်ဝါဒ မော်စီတုန်း အတွေးအခေါ် များနဲ့ လုံးဝကိုက်ညီပါတယ်။ ”

၁၉၇၆ စက်တင်ဘာ မော် ကွယ်လွန်ခြင်းဝမ်းနည်းကြောင်းပေးပို့တဲ့ ဒုတိယ သဝဏ်လွှာမှာ ဗကပ ကအောက်ပါအတိုင်း ဖေါ်ပြခဲ့ပြန်ပါတယ်။

” မော်စီတုန်း ရဲ့ ပစ္စည်းမဲ့ တော်လှန်ရေးလမ်းကြောင်း က လမ်းညွှန်မှု အောက်မှာ တရုပ်ပြည်သူတွေဟာ မဟာ ယဉ်ကျေးမှုတော်လှန်ရေးကြီးအတွင်း၊ ဆိုရှယ်လစ်တော်လှန်ရေး နဲ့ဆိုရှယ်လစ်တည်ဆောက်ရေး မဟာအောင်ပွဲကြီးများ ရယူခဲ့ကြပါတယ်။ လျူ ရှောက်ချီရဲ့ တန်ပြန်တော်လှန်ရေး ပြန်လည်ပြင်ဆင်ရေး လမ်းကြောင်း ကိုဝေဖန်ရှုံချရာမှာ၊ လင်းပြောင်နဲ့ ကွန်ဖျူးရှပ် ကို ဝေဖန်ရေးမှာ၊ တိန့်ရှောင်ဖိန် ကိုဝေဖန်ပြီး၊ ကောက်ချက်မှန် ပယ်လှန်ဖို့ကြိုးစားတဲ့ လက်ယာသွေဖီရေးသမားများကို ဖယ်ရှားရာမှာ အောင်ပွဲများရခဲ့တယ်။ ပစ္စည်းမဲ့အာဏာရှင်စံနစ်ကို ခိုင်မြဲစေခဲ့တယ်။ ဤနည်းအားဖြင့်ကမ္ဘာ့ပစ္စည်းမဲ့တော်လှန်ရေးရဲ့ အားထားရာ တံတိုင်းကြီးဖြစ်တဲ့ တရုပ်ပြည်သူ့သမ္မတနိုင်ငံ ကိုတောင်တင်းခိုင်မာ စေခဲ့တယ်။”

နောက်နှစ် ဘေဂျင်းမှာ တိန့်ရှောင်ဖိန် အာဏာပြန်ရလာချိန်မှာ ဗကပ ဟာ ဒီတံတိုင်းကြီးရဲ့ အားထားရမှု ကို ပြန်လည်ဆန်းစစ်ဖို့ အကြောင်းဖန်လာပါတယ်။ တချိန်ကမိမိရဲ့ ပါတီတွင်းမှာ ပြန်လည်ပြင်ဆင်ရေးသမား ဆိုပြီး ရဲဘော်ဋ္ဌေး နဲ့ ရဲဘော် ဂိုရှယ်တို့ကို ဗမာပြည်ရဲ့ တိန့်ရှောင်ဖိန် နဲ့ ဗမာပြည်ရဲ့ လျူ ရှောက်ချီ အဖြစ် တံဆိပ် ကပ်ခဲ့တဲ့ ဗကပဟာ နှုတ်ဆိပ်နေခဲ့ရပါတယ်။ ရဲဘော်ဋ္ဌေး နဲ့ ဂိုရှယ်တို့ဟာ ဗမာပြည်ကွန်မြူ နစ်ပါတီကို တည်ထောင်ခဲ့သူများ ဖြစ်ပြီး ၆၀ခုနှစ်များနှောင်းပိုင်း ပါတီတွင်းသွေးစွန်းတဲ့ အပုပ်ချပွဲများ အတွင်းမှာ အသတ်ခံခဲ့ကြရပါတယ်။

ယခင်က ဗကပ ရဲ့ တိုက်ပွဲသတင်းများနဲ့ ထုတ်ပြန်ချက်များကို ဖေါ်ပြလေ့ရှိတဲ့ ဘေဂျင်းရီဗျူး စာစောင် နဲ့ တရုပ်အစိုးရက တရားဝင် ထုတ်ဝေတဲ့အခြားစာစောင်များမှာ ဗမာပြည်ကတော်လှန်ရေး တိုက်ပွဲများအကြောင်းဖေါ်ပြခြင်းကို ရပ်ဆိုင်းလိုက်ပါတယ်။ ဗကပသတင်းကိုနောက်ဆုံး ဖေါ်ပြခဲ့တာ ၁၉၇၆ နိုဝင်ဘာမှာ ဖြစ်ပါတယ်။ သခင်ဗသိန်းတင်နဲ့ ဒု ဥက္ကဋ္ဌ သခင်ဖေတင့် တို့ ကို တရုပ်ကွန်မြူ နစ်ပါတီဥက္ကဋ္ဌသစ် ဟွကိုဖုန်း က ဘေဂျင်းမှာလက်ခံတွေ့ဆုံတဲ့သတင်းကို ဖေါ်ပြခဲ့တာပါ။ ဟွကိုဖုန်းလည်း မကြာခင်ပဲအရှက်တကွဲဖြစ်ပြီး
ပြုတ်ပါတယ်။ သူတို့တွေ့ဆံမှု သတင်းအသေးစိတ်ကို မဖေါ်ပြပါဘူး။ ဒါပေမယ့် ဗမာကွန်မြူ နစ်ခေါင်းဆောင်နှစ်ဦးဟာ မော် အလွန်ကာလမှာ ဗကပကို တရုပ်က ဆက်လက်ထောက်ပံ့ပေးဖို့ ဆန္ဒရှိခဲ့မယ်လို့ သုံးသပ်ရင် ဖြစ်နိုင်ခြေရှိပါတယ်။

ဗကပ နဲ့ တရုပ် ခွာအပြဲကို မြန်မာစစ်အစိုးရက ပါးနပ် လျင်မြန်စွာ အခွင့်ကောင်းယူပါတယ်။ အင်ဒိုချိုင်းနား အိမ်နီးချင်းအပေါ်ထားတဲ့ ဗီယက်နမ်ရဲ့ ရည်ရွယ်ချက် ဆီသို့ တရုပ်က သူ့ရဲ့ အလေးထားမှုကို ပြောင်းလိုက်ပါတယ်။ စစ်အစိုးရက ကမ္ဘောဒီးယားမှာရှိတဲ့ သူ့ရဲ့ ရုံးခန်းကောင်းကောင်း များကို တရုပ်ကိုငှါးပေးလိုက်ပါတယ်။ ၁၉၇၇ နိုဝင်ဘာ ခမာနီများ ဖနွမ်းပင်မှာ အာဏာရလာပြီး ပထမဆုံးအလည်အပတ်လာရောက်တဲ့ နိုင်ငံခေါင်းဆောင်ဟာ ဗိုလ်ချုပ်နေဝင်း ဖြစ်လာပါတယ်။ ဒီသွေးရိုးသားရိုးမဟုတ်တဲ့ အလည်အပတ်ခရီးရဲ့ နောက်ကွယ်မှာ ခမာနီတွေကို သံတမန်ရေးအရ အထီးကျန်ဘဝကနေ ဆွဲထုတ်ချင်တဲ့ တရုပ် ရှိနေမှာ မလွဲပါဘူး။ နေဝင်း ကတော့ သူကျရာနေရာကနေ လိုက်ကစားပါတယ်။ ဗကပ အပေါ် ဘေဂျင်း ရဲ့ ထောက်ပံ့မှုတွေ ရှေ့လျောက် လျော့ချပစ်ပေးဖို့ ရည်ရွယ်ချက်နဲ့ပါ။ သူ စိတ်မပျက်ခဲ့ရပါဘူး။၁၉၇၈ မှာ တရုပ်မြေထဲမှာ လုံးလုံးလျားလျားရှိနေတဲ့ ဗကပ ဗဟို ဋ္ဌာနချုပ်၊ ပြည်သူ့အသံ အသံလွှင့်ရုံ တို့ဟာ ယူနန်ပြည်နယ်စပ်ရဲ့ တဘက် ပန်ဆန်း သို အတင်းအကြပ်ပြောင်းရွှေ့ခံရပါတယ်။ ၁၉၆၈ခု ကတည်းက ဗကပ နဲ့ လကတွဲတိုက်လာတဲ့ တရုပ်အကူအညီပေးရေး တပ်ဖွဲ့တွေကိုလည်း ပြန်လည်ခေါ်ယူသွားခဲ့ပါတယ်။

၁၉၇၉ နိုဝင်ဘာ မှာ ဘက်မလိုက်လှုပ်ရှားမှု အဖွဲ့ကနေ မြန်မာပြည် နှုတ်ထွက်ပါတယ်။ ဒီအဖွဲ့ ဟာ ၁၉၅၀ခုနှစ်များက မြန်မာနိုင်ငံ ပါဝင်ကူညီဖွဲ့စည်းပေးခဲ့တဲ့အဖွဲ့ပါ။ ဟာဗာနာမြို့ မှာ ဘက်မလိုက်ထိပ်သီးညီလာခံကျင်းပတော့ ဥက္ကဋ္ဌလုပ်တဲ့ကျူးဘာ နိုင်ငံက ခမာနီတွေကို ကမ္ဘောဒီးယားကို ကိုယ်စားပြုပြီးတက်ခွင့်မပြု တာကို ဆန့်ကျင်တဲ့အနေနဲ့ အဖွဲ့ကနေ ထွက်ခဲ့တာပါ။ ဟာဗာနာ ညီလာခံအပြီး ဗမာကိုယ်စားလှယ် ခေါင်းဆောင်ဦးစန်းယု က လွှတ်တော်မှာ အစီရင်ခံပါတယ်။

” နိုင်ငံတခုစီမှာ အခြားနိုင်ငံတခုက မည်သည့် ပုံစံဖြင့်ဖြစ်စေ၊ ဝင်ရောက်စွက်ဖက်ဖို့မလိုတဲ့ နိုင်ငံရေး၊ စီးပွားရေး ၊ လှုမှုရေး နဲ့ ယဉ်ကျေးမှု စသည်များကိုလွတ်လပ်စွာရွေးချယ် နိုင်တဲ့ လွှဲပြောင်းလို့မရတဲ့ အခွင့်အရေးရှိပါတယ်။ မြန်မာ နိုင်ငံဟာ ပြဿနာ များကို ဖြေရှင်းရာမှာ ချိန်းခြောက်ခြင်း၊ အင်အားသုံးခြင်းနည်း များထက်၊ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းလမ်းကိုပဲ ခိုင်ခိုင်မာမာရပ်တည် ထောက်ခံထားပါတယ်။ ”

ဦးစန်းယု ရဲ့ ပြောကြားချက်ဟာ ၁၉၇၈ ဒီဇင်ဘာ ၂၅မှာ ဗီယက်နမ်က ကမ္ဘောဒီးယား ကို ကျူးကျော်ဝင်ရောက်တာကို မသိမသာ ရည်ညွှန်းထားပေမယ့်၊ ဒီပြောကြားချက်ဟာ ဘေဂျင်း ကို အချက်ပြချက် တခုလည်းဖြစ်ပါတယ်။ တရုပ်ပြည်ရဲ ဗမာပြည်ကွန်မြူ နစ်ပါတီ ကို ဆက်လက် ထောက်ပံ့နေမှု ဟာ၊ ဘယ်လောက်ပဲအကန့်အသတ်နဲ့ ဖြစ်ပါစေဦး၊ မြန်မာ နိုင်ငံ က သဘောမတူ၊ မနှစ်သက်နိုင်ဘူး ဆိုတာပါပဲ။

( ဆက်လက်ဖေါ်ပြပါမည်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်