ဝေမြင့်မောင် ● ဂျီမေလ်းတစောင် ဖွင့်ဖတ်ခြင်း

June 5, 2017

● ဂျီမေလ်းတစောင် ဖွင့်ဖတ်ခြင်း
(မိုးမခ) ဇွန် ၅၊ ၂၀၁၇

နံနက်ရောက်ပြီ။ နေရောင်ခြည်သည်  တောင်ကုန်းကြီးပေါ်မှ တဖြည်းဖြည်း ပေါ်လာသည့်အကြောင်းကို ကျနော် ပြောနိုင်ပါ သည်။ ပြတင်းမှန်ချပ်များမှတဆင့် နေရောင်ခြည်တန်းကလေးများ ကျနေသည်ကို ကျနော်မြင်နေရသည်။ ငှက်ကလေး တချို၏ တကျိကျိ မြည်သံကို မကြားရပါ။ ငှက်တို့၏ တေးသီသံမပါသောနံနက်ခင်းသည် မည်သို့သော အဓိပ္ပါယ်ဆောင် ပါသနည်း။ ကျနော်မသိပါ။

“ငှက်ဟာ တေးမသီဘူး။ လူတွေဟာ  အားတိုင်း ယားတိုင်း ငှက်တွေအော်ကြတာကိုများ တေးသီတယ်လေး ဘာလေး ပြော ကြတယ်”

ထိုအသံမှာ ကျွန်တော့်အသံမဟုတ်ပါ။ ကျနော့်အနားတွင် မည်သူမျှ မရှိပါ။ အခန်းကလေးထဲတွင် ကျနော်တယောက်သာ ရှိသည်။ သို့သော် ထိုအသံကို ရှင်းရှင်းလင်းလင်းပီပီသသ ကြားရသည်။ အခန်းအပြင်မှ တယောက်ယောက်က ပြောနေခြင်း လား ကျနော်မသိပါ။ အခန်းတံခါးကိုဖွင့်ကာ ထိုအသံကို ရှာဖွေဖို့ရန်အတွက် ကျနော်တွင် စိတ်ကူးမရှိပါ။ ထို့ကြောင့် ထိုအသံ ကို အရှိအတိုင်း ထားလိုက်ပါသည်။ ထိုအသံသည် သူ့အလိုလို ပျောက်သွားပါလိမ့်မည်။ ဤမြို့လေးတွင် ငှက်ကလေးတို့၏ တေးသီသံများကို မည်သူမျှ မကြားနိုင်တော့ကြောင်း ကျနော် ကောင်းကောင်းကြီး သဘောပေါက်ထားပါသည်။ ကျနော် တို့ မြို့လေးရှိ  လူတို့သည်လည်း ငှက်သံမကြားရသောကြောင့် ရေးကြီးခွင်ကျယ် ပြောဆိုကြမည်မဟုတ်ကြောင်းကိုလည်း နား လည်ထားပါသည်။ သို့သော် တစုံတယောက်က ငှက်ကလေးတို့တေးသီသံမကြားရကြောင်း ပြောဆိုလာပါက ထိုသူကို ကျနော်လက်ဆွဲ နှုတ်ဆက်လိုသည်။ သူ့အသံနှင့် သူ့ရုပ်ပုံကိုလည်း ဂရုတစိုက် သိမ်းဆည်းထားချင်သည်။ နှစ်လများကြာ သောအခါ ထိုသူ၏ပုံတူကို ရုပ်တုထုကာ မြို့လမ်းဆုံ အနီးတွင် ထားလိုပါသည်။ ကျနော် သေဆုံးသောအခါ အခေါင်းထဲတွင် ထိုရုပ်တုကြီးကို ထားစေချင်ပါသည်။ ထိုရုပ်တုကြီး၏ အမည်ကို ၂၁ ရာစု၏ ထူးခြားဆန်းကျယ်သောပုဂ္ဂိုလ်ဟု ပေးပါမည်။ ထိုအကြောင်းကို စာတတန် ပေတတန် ကျနော်ရေးခဲ့ပါမည်။ သို့မှသာ ထိုပုဂ္ဂိုလ်ကြီးအကြောင်းကို နှောင်းလူများသိရှိကြ လိမ့်မည်။ မိတ်ဆွေကဗျာဆရာအချို့ကိုလည်း ထိုပုဂ္ဂိုလ်ကြီးအတွက် ဂုဏ်ပြုကဗျာ ရေးခိုင်းပါမည်။ သမိုင်းသည် ကြိုတင် ကြံစည်သောကိစ္စဖြစ်သည်ဟုဆိုကာ ကဗျာဆရာများက ကျနော့်ကို ဟားတိုက်နိုင်ကြပါသည်။ ကဗျာဆရာများသည် ထိကရုန်းပင်ကလေးများနှင့် တူကြသည်ဟု ကျနော်ဆိုချင်သည်။ ကြည့်ပါလော့။ ထိပါလော့။ ထိကရုန်းပင်ကလေးများကို ကြည့်ပါလေ။

ရုပ်တုအကြောင်း ပြောရအုံးမည်။ ယခု ကျနော်တို့မြို့တွင် တည်ထားသော ရုပ်တုကြီးတခုရှိသည်။ ထိုရုပ်တုကြီးသည် မည် သူနည်း။ ကျနော် မသိပါ။ မြို့သူ မြို့သားများလည်း မသိကြပါ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကရှိလာတာဟု မြို့နေ အသက်ကြီးကြီး လူတဦးထံမှ ကျနော် ကြားခဲ့ရသည်။ ထိုသို့ရုပ်တုတည် ထားရှိရခြင်း၏ အဓိပ္ပာယ်ကို လည်း ကျနော်မသိပါ။ ကျနော်ကတော့ ထိုရုပ်တုကြီးကို သနားမိပါသည်။ သနားရခြင်းမှာ မိုးထဲလေထဲမရှောင် တောင့်တောင့်ကြီး ရပ်နေရသော  ကြောင့်ဖြစ်သည်။ သို့ထက် ပို၍သနားရသည်မှာ ထိုရုပ်တုကြီး၏အကြောင်းကို မည်သူမျှမသိကြသောကြောင့်ဖြစ်သည်။ မြို့ သူ မြို့သားများကလည်း ထိုရုပ်တုကြီးကို မဖျက်ဆီးကြပါ။ ဒီအတိုင်းသာ ပစ်ထားကြသည်။ ရုပ်တုကြီးမှာ မြို့လေး၏လမ်းဆုံ မီးပွိုင့် နားတွင်ရှိသော ခြံလေးတခုထဲတွင် တောင့်တောင့်ကြီး ရပ်လျက်ရှိသည်။ ခြံကလေးအထဲတွင် ပေါင်းမြက်များ ပလတ် စတစ်အခွံများ ပန်းပင်များနှင့်အတူ ရုပ်တုကြီးကို တွေ့ နိုင်သည်။ ရုပ်တုကြီး၏ အနောက်တွင် ခြုံပုတ်ကလေးများ ရှိပါသည်။ ထိုခြုံပုတ်များကြားတွင် ရာဘာကွန်ဒုံးအခွံများ ဆေးထိုးအပ်များ နေကြာစေ့ခွံများကိုလည်း တွေ့နိုင်ပါသည်။ မြို့နယ်စည်ပင် သည် ထိုခြုံပုတ်များကို ရှင်းပစ်ရန် စိတ်ကူးမရှိကြောင်း  သိသာပါသည်။ ရုပ်တုကြီး၏မျက်နှာမှာ အမြဲပင် ပြုံးနေသည်။ သို့သော် ရုပ်တုကြီး၏မျက်နှာကြည့်ရသည်မှာ ရက်စက်ကြမ်းကြုတ်မည့်သူဖြစ်ကြောင်း ထင်ရှားပါသည်။ ရုပ်ထုသော ဆရာ များ မှားခဲ့ကြလေသလား။ ကျနော်မသိပါ။

ရုပ်တုကြီးမှာ တခါက  ပြည်သူပြည်သားတို့၏အကျိုးကို စွမ်းစွမ်းတမံ  ထမ်းရွက်ခဲ့သူလား။ ကျနော်မသိပါ။ မြို့နေ မြို့သူမြို့ သားတို့ကလည်း သေချာမသိကြပါ။ တခုခု ထူးချွန်ပြောင်မြောက်မှ ရုပ်တုထုခြင်းခံရသည် မဟုတ်လော။ သို့ဆိုလျှင် ထိုရုပ် တုကြီးမှာ တစုံတခုမှာတော့ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ခဲ့သူ ဖြစ်နိုင်ပါသည်။ ထိုရုပ်တုကြီးမှာ မည်သူမည်ဝါဖြစ် ကြောင်းကိုလည်း ကျနော်တို့ မသိရပါ။ သို့တိုင် မိုးရွာသောအခါ၌လည်းကောင်း နေပူသောအခါ၌လည်းကောင်း တောင့် တောင့်ကြီးရပ်ကာ ပြုံးမြဲပြုံးနေသော ရုပ်တုကြီးကို သနားသလိုလိုဖြစ်မိသည်ကတော့ အမှန်ဖြစ်သည်။ လူဆိုသော သတ္တဝါသည်  မိမိကိုယ်မိမိ သနားရမည်ကိုတော့ မေ့သလိုလို ဖြစ်တတ်သည်မဟုတ်လော။ ထိုအတန်းစားထဲတွင် ကျနော် ပါဝင်မည် ထင်သည်။ တခါတလေတော့လည်း အော် ငါကလေးဟာ ငါ့ကိုယ်ငါတောင် မသနားနိုင်ဘဲ ရုပ်တုကြီးကိုသနားမိတယ် သောက်ရေးမပါတာတွေ ဟူ၍ ကျွန်တော် တွေးဖူးပါသည်။ သို့သော် တခါတလေတော့လည်း အော် ရုပ်တုကြီးဟာ ရေဆာ နေရှာမှာပဲဟုလည်း တွေးမိတတ်သည်။ ကြီးကျယ်မြင့်မြတ်တဲ့ လူမှရုပ်တု ထုခံရတာလား မကြီးကျယ်မမြင့်မြတ်တော့ကော ထုလို့မရဘူးလားဟူ၍ လည်းတွေးမိသည်။

စားပွဲတင်နာရီ၏ အဆက်မပြတ် ကလင်လင်အော်သံကြားရမှ ကျနော်ထလိုက်သည်။ စောင်ခေါက်သည်။ ပျော်ရွှင်ဖွယ် ကောင်းတဲ့ နံနက်ခင်းပါဟု ကျနော် မပြောဖြစ်ပါ။ ပြောဖို့လည်း မလိုအပ်ပါ။ စောင်ခေါက်သည်ဆိုသော်လည်း စနစ်တကျ မဟုတ်။ လုံးထွေးကာထားပစ်ခြင်း ဖြစ်သည်။ ရပ်ကွက်အတွင်းမှ လူသံဆိုင်ကယ်သံ ကားသံများကြားရသည်။ နာရီ လှမ်း ကြည့်တော့မှ နံနက် ၈ နာရီ ထိုးနေပြီ ဖြစ်ကြောင်း ကျနော်သိလိုက်ရသည်။ ပြတင်းပေါက်ကို ဖွင့်လိုက်မှ နေရောင်ခြည်သည် အငမ်းမရအခန်းအတွင်းသို့ဝင်ရောက်လာသည်။ ကျနော်ရယ် ပစ်ချင်သည်။ ဒီလိုဆိုတော့လည်း နေရောင်ဟာ သနားစရာပါ လား။ ကျနော်၏အခန်းထဲတွင် မျက်နှာဖုံးများစွာ ရှိသည်။ တချို့ မျက်နှာဖုံးများမှာ နံရံတလျှောက်ချိတ်ဆွဲထားလျက်။ တချို့ မျက်နှာဖုံးများမှာမူ ခုတင်အောက်နှင့် ကြမ်းပြင်ပေါ်တွင် လုံးထွေးနေကြသည်။အခန်း၏နေရာအနှံ့တွင် မျက်နှာဖုံးများရှိနေကြကြောင်းကို ကျနော် သိပါသည်။ ကျနော် မလိမ်မညာချင်ပါ။ ဟော ကျနော်လိမ်နေပြန်ပြီ။ ထားတော့။ ထို မျက်နှာဖုံးများမှာ ကျနော်၏ ကိုယ်ပိုင် မျက်နှာဖုံးများ ဖြစ်ကြပါသည်။ မျက်နှာဖုံးများကို ကျနော် မဝယ်ပါ။ ကိုယ်တိုင်လည်း မလုပ်တတ်ပါ။ သူ့ အလိုလို ပေါ်လာတတ်သော တခါသုံးမျက်နှာဖုံးများ သာဖြစ်သည်။

ပြောပြရအုံးမည်။ ကျနော် အထက်အရာရှိတဦးက ကျနော့်ကို ဒီကိစ္စ မင်းပိုင်တာ သေချာတယ်နော်ဟူ၍ မေးဖူးသည်။ ထို အချိန်က ကျနော့်မျက်နှာတွင် မျက်နှာဖုံး တခုစွပ်လျက်သားဖြစ်သွားသည်ကို ကျနော် သိလိုက်ရသည်။ မျက်နှာဖုံးပုံမှာ ရိုး သားဖြူစင်သော မျက်နှာပုံကလေးတခုဖြစ်သည်။ အလိုအလျောက်ပင် သေချာပါတယ်ဆရာဟု ကျနော်ဖြေခဲ့သည်။ ထိုသို့ ထိုပုံဖြင့် ကျနော့်တွင် မျက်နှာဖုံးများစွာ ရှိလာပေသည်။ တချို့ မျက်နှာဖုံးများသည် ပြဲပေါက်ကာ ဆွေးမြေ့ ပျောက်ကွယ် သွားတတ်ကြသော်လည်း အသစ်အသစ်သော မျက်နှာဖုံးများမှာ တောင်ပုံရာပုံ ဖြစ်နေပြီ။ အထူးသဖြင့် လူအများနှင့် ထိ တွေ့ဆက်ဆံရသော နေ့များတွင် ကျနော်ထံ၌ မျက်နှာဖုံးများစွာ အသစ်အသစ် ရှိနေတတ်သည်။ တခါတရံတော့လည်း မှန် ထဲမှာပေါ်တဲ့ ငါ့မျက်နှာဟာ ငါ့ပုံကောဟုတ်ရဲ့လားဟူ၍ တွေးဖူးသည်။ ယုတ်စွအဆုံး အခန်းထဲတယောက်တည်းနေချိန်၌ ပင် မျက်နှာဖုံးအသစ်အသစ်များ ကျနော့်မျက်နှာတွင် ပေါ်လာတတ်ကြသည်။ ထိုမျက်နှာဖုံးများကို သေချာခွဲကြည့်မည်ဆိုပါ က ကျနော်၏  အချိန်များ ငွေကြေးများကို တွေ့ ရပါမည်။ သို့သော် ထိုမျက်နှာဖုံးများကား တန်ဖိုး မရှိတော့ပါ။ မျက်နှာဖုံးတခုကို ဒေါ်လာတရာရမယ်ဆို ငါကလေးဟာ ဒီကမ္ဘာပေါ်မှာ အချမ်းသာဆုံးစာရင်းထဲ ဝင်မယ်ထင်တယ်ဟူ၍လည်း ကျနော် တွေး ဖူးသည်။ သို့သော် ထိုမျက်နှာဖုံးများကို ရောင်း၍မရပါ။ ဝယ်သူလည်း မရှိပါ။ တနေ့ကျရင်တော့ ရောင်းလို့ရလာနိုင်တယ် ဟူ၍လည်း ကျနော် မတွေးဖူးပါ။ ကျနော့်ကိစ္စမဟုတ်ပါ။ ရောင်း၍ရသောအခြေအနေ ရောက်လာသောအခါ ရှိလာသောအခါ ကျနော်ရောင်းပစ်ပါမည်။ သို့မဟုတ် ရောင်း၍ရသော်လည်း မရောင်းဘဲ မီးရှို့ကာ ဖျက်ဆီးကောင်း ဖျက်ဆီးနိုင်ပါသည်။ ကြိုပြော၍ မရပါ။

ကျနော်သည် စောင်ခေါက်ပြီးသောအခါ သွားတိုက် မျက်နှာသစ်ရန်အတွက် ရေစင်သို့ ထွက်လာခဲ့သည်။ ရေစင်သို့သွားရာ တလျှောက်တွင် မျက်နှာဖုံးများကို နင်းမိပါသည်။ သို့သော် မတတ်နိုင်ပါ။ မျက်နှာဖုံးများကိုရှင်းပစ်ရန်မှာ ထမင်းစားရေသောက်သကဲ့သို့လွယ်ကူသော ကိစ္စမျိုး မဟုတ်ပါ။ ကျနော်၏အခန်းကလေးကို မျက်နှာဖုံးသင်္ချိုင်းဟု ခေါ်ဆိုမည်ဆိုပါက မှားမည် မထင်ပါ။ စိတ်လည်း မဆိုးပါ။ နင်းမိသော မျက်နှာဖုံးတချို့မှာ ကွဲအက်သွားကြသည်။ ပြုံးနေသော မျက်နှာဖုံးများ။ မဲ့နေသော မျက်နှာဖုံးများ။ ဆရာကြီးအထာနှင့် မျက်နှာဖုံးများ။ မတတ်နိုင်ပါ။ ကျနော်နင်းပစ်လိုက်သည်။ ရေစင်သို့ရောက်သောအခါ သွားတိုက် မျက်နှာသစ်ပါသည်။ သွားတိုက်ရင်း သွားဟာ တိုက်စရာလိုလို့လား မလိုဘူးလား တွေးနေမိသည်။သို့သော် ပြီး အောင်တော့ ကျနော်သွားတိုက်ပါသည်။ သွားတိုက်ရခြင်း၏ ကောင်းကျိုးများဖြစ်သော သွားခံတွင်း သန့်ရှင်းခြင်း ဖြူဖွေးနေ သောသွားများကို ပိုင်ဆိုင်ရခြင်း ကျန်းမာသန်စွမ်းသော သွားများကို ပိုင်ဆိုင်ရခြင်း စသည့် ကောင်းကျိုးများကို သွားတိုက်ရင်း မစဉ်းစားမိသကဲ့သို့ဆိုးကျိုးများဖြစ်သော သွားတိုက်တံ ဝယ်ရခြင်း သုံးလတခါ လဲပေးရခြင်း သွားတိုက်ဆေး ခဏခဏ ဝယ်ရခြင်း အချိန်ကုန်ခြင်း ငွေကုန်ခြင်းတို့ကိုလည်း မစဉ်းစားမိပါ။ ဘာလို့ ငါသွားတိုက်နေရတာလဲ မတိုက်လို့ကော မဖြစ် ဘူးလားဟူ၍သာ ထပ်ခါ ထပ်ခါ စဉ်းစားရင်း သွားတိုက်နေမိသည်။ အခန်းအတွင်းသို့ပြန်ရောက်သောအခါ အော် ငါ အခန်း ထဲရောက်ပြီပဲဟုသာ သတိထားမိသည်။

ယနေ့သည် အလုပ်နားရက်။ စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းသော စက်ရုံကြီးလို အဆောက်အဦထံသို့ မသွားရသောနေ့ရက်။ ကျနော် ပျော်သွားသည်။ ယနေ့ရောက်ရှိလာသော နေ့ကလေးသည် ကျနော်မျှော်လင့်နေသောနေ့ကလေး ဖြစ်သည်။ စိတ်ပျက်ဖွယ်ကောင်းသော နေ့များကို ကျနော်နေ့ ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ပေသည်။ ယနေ့လို အလုပ်နားရက်ကလေး များတွင် ကျနော် နားအေး ပါးအေး အနားယူလိုပါသည်။ ရုပ်ရှင်ကြည့်မည်။ သို့မဟုတ်ပါက ငါးမျှားထွက်မည်။ ဘုရားကျောင်း သွားမည်။ သို့မဟုတ်လျှင် ယနေလိုနေ့ကလေးတွင် လယ်ကွင်းပြင်ကြီးများရှိရာသို့ ကျနော်သွားနေတတ်သည်။ တခါတလေ တော့လည်း  မိတ်ဆွေပန်းချီဆရာထံသို့သွားကာ စကားပြောနေတတ်သည်။ ကျနော်နားလည်ပါသည်။ လူသားတဦးဖြစ်မှန်း သိစကပင် ဖြစ်လာကတည်းကပင်  ကျနော်သည်လည်း အခြားသူများကဲ့သို့ ကိုယ်ပိုင်နေ့ရက်များကို ဆုံးရှုံးရသည်။ ပြန်ရ သည်ကတော့ မျက်နှာဖုံးများသာ ဖြစ်သည်ဟု  ပြောရပါလိမ့်မည်။ ကျနော်သည် လူသားတဦးဖြစ်သောကြောင့်  ကျနော်ပိုင် သောနေ့ရက်များကို အလုပ်ဟူသော စကားလုံးနှစ်လုံးကြားတွင် ပစ်ချချိုးနှိမ်ပစ်ရသည်။ ကျနော်သည်သာ ကိုယ်ပိုင် နေ့စွဲ များကို တဦးတည်းဆုံးရှုံးရသူမဟုတ်ကြောင်းကိုလည်း နားလည်သဘောပေါက်ပါသည်။ တကယ်တော့ ကိုယ်ပိုင်နေ့စွဲဟူ သောစကားလုံးမှာ မရှိတော့ပါ။ ရှိလည်း မရှိသင့်ပါ။ အစကတည်းကမရှိသော စကားလုံးပင်ဖြစ်သည်။ လူသား၏ဉာဏ် ပညာကြီးမားမှုသည် သံသယဖြစ်ဖွယ် ဖြစ်သည်။ ကြီးမားသောခံ့ညားသော စကားလုံးများသည် အစွယ်တဖွေးဖွေးနှင့် ကိုက်ဖြတ်စားသောက်တော့မည့် ခွေးကြီးများလို။ သေနတ်ပြောင်းဝမှ ထွက်ခွာသွားသော ကျည်ဆန်တောင့်များလို။ ရယ် စရာကောင်းသောကိစ္စများနှင့် ဘဝများ။ ကျနော်သည်  ၁၆ နှစ်လုံးလုံး အတန်းပညာသင်ခဲ့သည့်အချိန်များကို သယ်ဆောင် ကာ အလုပ်ရုံတခုသို့ရောက်ခဲ့ပါသည်။ ထိုအလုပ်ရုံသည် ကျနော်၏ ကိုယ်ရေးအချက်အလက်များကိုဖတ်ရှုကာ မေးခွန်းများ မေးကာ ကျနော့်ကို ဝယ်လိုက်ပါတော့သည်။ ထိုအချိန်မှစ၍ ကျနော်သည် ထိုအလုပ်ရုံထဲသို့ရှိရှိသမျှ ကျနော်အချိန်များကို လူအားဉာဏ်အားနှင့်တကွ ပေးဆပ်ရပါသည်။ တနည်းဆိုသော ထိုအလုပ်ရုံမှ ကျနော်အား ပိုင်ဆိုင်လိုက်ပြီဖြစ်သည်။ ထိုအ လုပ်ရုံကြီး၏ တဗျိဗျိနှင့်လည်ပတ်နေသော ခွေးသွားစိပ်များတွင် ခွေးသွားစိပ်တခုအဖြစ် ကျနော်လည်ပတ်ရသည်။ ထိုသို့ လည်ပတ်နေရင်း တခြားခွေးသွားစိပ်များကို လှောင်ပြောင်နေတတ် သနားနေတတ်ပါသည်။ ရယ်စရာ အလွန်ကောင်းသော ကိစ္စပင်ဖြစ်ပါလိမ့်မည်။ ရယ်စရာမရှိရင် ကမ္ဘာကြီးဟာ ပျင်းစရာကြီးဖြစ်နေမှာဟု ဖတ်ဖူးသည်။ ထိုသိမှုကြောင့်လည်း ဖြစ်နိုင် ပါသည်။

မျက်နှာသစ်သွားတိုက်ပြီးသောအခါ အဝတ်စားတချို့ကို ကျနော်ဝတ်လိုက်သည်။ ကိုယ်လုံးတီးနှင့်နေရသောအရသာသည် ကောင်းစွ။ အဝတ် ဝတ်လိုက်သောအခါ အိုက်သလိုလို ဘာလိုလို မအီမသာ  ခံစားရသည်။ စားပွဲပေါ်တွင်ရှိသော ပိုက်ဆံ အိတ်ကို အိတ်ထောင်ထဲတွင်ထည့်ကာ ပြတင်းပေါက်ကို ကျနော်ပိတ်လိုက်သည်။ ယနေ့အားလပ်ရက်ကို မည်သို့မည်ပုံ အသုံးချရန် ကျနော့်တွင် စိတ်ကူးမရှိသေးပါ။ သေချာသည်ကတော့ ဗိုက်ဖြည့်ရပေမည်။ အခန်းတံခါးကို သော့ခတ်ကာ အိမ် အောက်သို့ကျနော်ဆင်းလာခဲ့သည်။ ယခု ကျနော်နေသော အိမ်ကလေးမှာ နှစ်ထပ်တိုက်ကလေး ဖြစ်သည်။ အပေါ်ထပ် တွင် ကျနော်နေပြီး အိမ်အောက်ထပ်တွင် အိမ်ရှင် အဘိုးကြီးတို့မိသားစု နေထိုင်ကြသည်။ လွန်ခဲ့သော တနှစ်မှစ၍  ယခုအိမ် ကလေးကို ကျနော် ငှားယူနေထိုင်ခဲ့ခြင်းဖြစ်သည်။ အိမ်အပေါ်ထပ်တွင် ရေချိုးခန်းအိမ်သာ အပြည့်အစုံရှိသည်။

ဈေးနှုန်းမှာလည်း သက်သာသည်ဟူ၍ ပင်ပြောရပါလိမ့်မည်။ အိမ်အောက်ထပ်တွင်နေသော အဘိုးကြီးတို့မိသားစု အ ကြောင်းကို ကျနော်မသိပါ။ သိရန်လည်း လိုအပ်သည်ဟုမထင်ပါ။ စပ်လည်း မစပ်စုဖူးပါ။ တခါတလေ ခြံဝင်းအတွင်း၌ လမ်းလျှောက်နေတတ်သော အဘိုးကြီးကို တွေ့ရတတ်သည်။ သူ၏ ပါးစပ်မှလည်း စာသားတစုံတခုကို ရွတ်နေတတ်သည်။ ဘုရားစာ ဖြစ်လိမ့်မည်ဟု ထင်ပါသည်။ အဘွားကြီးနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးငယ်လေးကိုလည်း ရံဖန်ရံခါ တွေ့ရတတ်သည်။ အဘွားကြီးကတော့ တွေ့လျှင်  ပြုံးပြတတ်သည်။ အဘိုးကြီးကတော့ ဆုံတိုင်း အများအားဖြင့် မျက်မှောင် ကုပ်ကာ ကျနော်ကိုကြည့်ပြီး မျက်နှာလွှဲသွားတတ်သည်။

အိမ်အပေါ်ထပ်မှ လှေကားအတိုင်း ကျနော်ဆင်းလာသောအခါ အိမ်အောက်မှ ဘုန်းကြီးတပါး၏ တရားဟောသံကို ကြားရ သည်။ အဘိုကြီးနှင့် အဘွားကြီးတို့က တရားခွေ ဖွင့်ကြခြင်းဖြစ်မည် ဟု ထင်ပါသည်။ အိမ်အပေါ်ထပ်နှင့် အိမ်အောက်ထပ်ကို ဆက်သွယ်ထားသော လှေကားကလေးမှာ သစ်သားလှေကားလေးဖြစ်ပြီး အိမ်အပြင်၌ထားသော လှေကားကလေးသာ ဖြစ်သည်။ ထိုသို့ လှေကားဆောက်ခဲ့ကြသည်ကို ကျနော်တော့ သဘောကျပါသည်။ တမင်ရည်ရွယ်ချက်ရှိ၍ ထားသည်လား မပြောတတ်။ အိမ်အတွင်း၌ လှေကားထားမည်ဆိုပါက ယခုအိမ်ကလေးတွင် ကျနော်နေဖြစ်မည်မဟုတ်ပါ။ လှေကားက လေး မှာ အိမ်နှင့်တဆက်တည်းဖြစ်၍ အမိုးလည်း ရှိသည်။ အိမ်ကလေးဆောက်ထားသည်မှာ သိပ်မကြာသေးကြောင်း ကြည့်ရုံဖြင့် သိနိုင်သည်။ မိုးလေပြင်းသောအခါ ၌ လှေကလေးသည် အနည်းငယ် စိုရွှဲနေတတ်သည်။ ထိုလှေကားပေါ်တွင် ဆင်းရတက်ရသည်မှာ ကျနော်၏ နေ့စဉ်အလုပ်တခုဖြစ်ပေသည်။ လှေကားကလေးတွင် လှေကားထစ်ပေါင်း မည်မျှရှိသည် ကို ကျနော် မသိပါ။ မရေတွက်ဖူးပါ။ အိမ်အောက်သို့ ကျနော်ရောက်သောအခါ ဇီဇဝါ ပန်းနံ့များ မွှေးနေသည်ကို သတိထားမိ သည်။ အဘိုးကြီးတို့မိသားစုသည် အိမ်ရှေ့အကွက်ကလေးတွင် ပန်းပင်များကို ဂရုတစိုက် စိုက်ပျိုးထားကြသည်။ အဘိုးကြီး သည် ပင်စင်စားအရာရှိကြီးလား မသိပါ။ သေချာသည်ကတော့ အဘိုးကြီးကိုကြည့်ရသည်မှာ အေးအေးဆေးဆေးပင် ဖြစ်သည်။ သားသမီးများထောက်ပံ့သလား မထောက်ပံ့ဘူးလား။ ကျနော်မသိပါ။ မေးလည်း မမေးဖူးပါ။

ကျနော် အသက် အရွယ်ရလာသောအခါ  အိမ်ရှင်အဘိုးကြီးကဲ့သို့အေးဆေးနားနိုင်ပါ့မလားဟု ကျနော် မတွေးဖူးပါ။ တွေးဖို့ အချိန်မရှိ၍ ဖြစ်ပါသည်။ ဇီဇဝါနံ့ကလေးများနှင့် အိမ်ကလေးသည် ခြံဝင်းအတွင်းတွင် ကျန်ခဲ့သည်။

ကျနော်သည် ခြံရှေ့မှ ကားလမ်းကိုဖြတ်ကာ တဖက်ရှိ ပလက်ဖောင်းပေါ်သို့ တဖြည်းဖြည်း ကူးလာခဲ့ပါသည်။ နေရောင်ခြည် သည် ပို၍နွေးလာသည်။ လမ်းပေါ်တွင် ကားတချို့နှင့် ဆိုင်ကယ်များ။ ပလက်ဖောင်းပေါ်တွင် လူတချို့။ ကားလမ်းနားရှိ ကဖေးဆိုင်တချို့နှင့် ဆိုင်တချို့မှာ  ဖွင့်နေကြပြီ။ တကယ်တော့ နံနက် ၈ နာရီကျော်ဆိုသည်မှာ ကြီးပွားတိုးတက်လိုသော သူတို့အဖို့ မနောက်ကျပေဘူးလား။ ကျနော် မသိပါ။ ကဖေးဆိုင်တချို့မှ သီချင်းသံများ ပတ်ဝန်းကျင်ရှိ လေဟာနယ်အတွင်းသို့ ဝင်ရောက်ကာ ကခုန်လျက်ရှိပေသည်။ ကျနော်သည် ဆိုင်ဂုံအမည်ရှိသော လက်ဖက်ရည်ဆိုင်သို့ဝင်လိုက်သည်။ နံနက်စာ စားရန်ဖြစ်ပါသည်။ ဤဆိုင်ကလေးကို ကျနော် သဘောကျရသည်မှာ လူနည်း၍ ဖြစ်သည်။ ဤဆိုင်ကလေးတွင် အသံကျယ် ကျယ်ဖြင့် စကားပြောတတ်သော လူများလည်း မရှိပါ။ သီချင်းခွေများဖွင့်ပေးသော်လည်း တိုးတိုးကလေး ကြားရုံမျှသာ ဖြစ် သည်။ ထိုကြောင့် ဆိုင်ဂုံအမည်ရှိသော လက်ဖက်ရည်ဆိုင်ကလေးတွင် ကျနော်ထိုင်ဖြစ်သည်က များသည်။ အသစ် အသစ် သော ဂျာနယ်သတင်းစာများကိုလည်း ဤဆိုင်ကလေးတွင် ဖတ်ရှုနိုင်သည်။ ကျနော်ထိုင်ဖြစ်ပါက နံနက်စာစားရင်း ဂျာနယ် ဖတ်သည်။ မဟုတ်ပါကလည်း တခုခုကို ကျနော် ထိုင်စဉ်းစားနေတတ်သည်။ စဉ်းစားခြင်း၏အဓိက ရန်သူမှာ ဆူညံခြင်းဖြစ် သည်။ ဤဆိုင်ကလေးမှာ အခြားလက်ဖက်ရည်ဆိုင်ကလေးများလို မဟုတ်။ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်ဖြင့် နေနိုင်သော ရှားရှားပါးပါး လက်ဖက်ရည်ဆိုင်ကလေးဖြစ်သည်။ ဆိုင်ကလေးတွင် ကျနော်ထိုင်၍ စဉ်းစားခဲ့သောအကြောင်း အရာများကို မှတ်တမ်းရေးခဲ့မည်ဆိုပါက စာအုပ် လေးငါးအုပ်မကရှိမည်ဟု ထင်ပါသည်။ သို့သော် အကြောင်းအရာတို့မှာမူ ထပ်နေလောက်သည်။ ခွေးသွားစိပ်များ တဗျိဗျိ လည်ပတ်နေခြင်းများ။ အလုပ်ရုံများ။ ငြီးငွေ့မှုများ။ စိတ်ပျက်ခြင်းများ။ ဝမ်း နည်းခြင်းများ။ မျှော်လင့်ခြင်းများ။ အများအားဖြင့် ထိုအကြောင်းအရာများ ဖြစ်နေကြမည်ကို ကျနော် အာမခံသည်။ ကျနော်ဆိုင်ထဲသို့ဝင်သောအခါ လူသိပ်မရှိပါ။ ဆိုင်ထောင့်တွင် ထိုင်နေကြသော လူသုံးယောက်။ ဖုန်းပွတ်နေကြလို့။ ဆိုင် အ တွင်းချောင်ကျကျ၌ ထိုင်ကာ မုန့်စားနေကြပုံရသော မိသားစုတစု။ ဂျာနယ်တင်ထားသော စားပွဲတခုပေါ်သို့ ကျနော် ထိုင်လိုက်သည်။ စားပွဲထိုးကလေးရောက်လာသောအခါ ပေါင်မုန့်ကြက်ဥတပွဲ နွားနို့တခွက်မှာ လိုက်သည်။ ကျနော် ထိုင်နေ သော ခုံကလေးမှ အပြင်ဖက်ကို  ကြည်လင်ပြတ်သားစွာ မမြင်ရပါ။ ရံဖန်ရံခါ အသံတချို့ ကို ပြတ်တောင်းပြတ်တောင်း ကြား ရသည်။ စားပွဲတွင် တင်ထားသောဂျာနယ်ကလေးကို ကျနော် ဖတ်လိုက်သည်။ အမေရိကန်၏ သမ္မတသစ်မှာ ကြပ်မ ပြည့် ရှာဟု မြန်မာနိုင်ငံ၏ဒုတိယဝန်ကြီးချုပ်က ဝေဖန်လိုက်သည့်အကြောင်းကို အထူးတဆန်း ဖတ်လိုက်ရသည်။ ရယ်လိုက်သော် လည်း ကျနော် အသံထွက်မလာပါ။ စာမျက်နှာတနေရာတွင်မူ  မြန်မာနိုင်ငံ၏အရောင်းရဆုံး ဆယ်အုပ်ကို ဖော်ပြထားသည်။ အဆင့် တစ်မှ ငါး အထိ ဖော်ပြထားသော စာအုပ်များကို ကျနော်သေချာ ကြည့်လိုက်သည်။ ၁။ တရုတ် မြန်မာ စကားပြော စာအုပ်။၂။ ကြီးပွားတိုးတက်လိုသော်နှင့် အခြားအရေးအသားများစာအုပ်။ ၃။ ပရလောကမှ ဖြစ်ရပ်မှန် ဇာတ်လမ်းများစာအုပ် ။ ၄။ လိင်ဆက်ဆံနည်း စာအုပ်။ ၅။ မြန်မာဖြစ် ဒီမိုကရေစီစစ်စစ်ဆိုသည်မှာ။ အဆင့် ၆ မှ ၁၀ အထိ စာရင်းဝင်စာအုပ်တို့ သည်လည်း သိပ်ထူးမခြားနားပင်ဖြစ်ပါသည်။ စာမျက်နှာတနေရာတွင်မူ ဝရမ်းထုတ်ထားသော လူတဦး၏ပုံကို ဖော်ပြထား သည်။ သက်ဆိုင်ရာသို့ အကြောင်းကြားပေးပါရန်။ ဖမ်းမိပါက ဆုငွေ ချီးမြှင့်မည့်အကြောင်းကို ဖတ်လိုက်ရသည်။ ဝရမ်းထုတ် ထားခြင်းခံရသော ထိုသူ၏ပြစ်မှုမှာ အိမ်မှ အပြီးအပိုင်ထွက်ပြေးမှု ဖြစ်ပါသည်။

စားပွဲထိုးကလေးလာချပေးသော ကြက်ဥပေါင်မုန့်နှင့် နွားနို့ကို ကျနော် ခပ်မြန်မြန်ရှင်းလိုက်သည်။ ဒီနေ့ ဘယ်သွားရရင် ကောင်းမလဲဟု ကျွန်တော် တွေးနေမိသည်။ မိတ်ဆွေ ပန်းချီဆရာကလေးမှာ ခရီးထွက်နေသည်။ သူ့အိမ်သို့သွား၍ အဆင် မပြေပါ။ ပိုက်ဆံရှင်းကာ ဆိုင်အပြင်သို့ကျနော် ထွက်လာခဲ့သည်။ ဘယ်သွားရ ကောင်းမလဲ တွေးကာ တဖြည်းဖြည်း ကျနော် လျှောက်နေမိသည်။ အိမ်ခန်းကလေးသို့လည်း မပြန်ချင်သေးပါ။ ကျနော်တွင် ချစ်သူမိန်းကလေးမရှိပါ။ ထို့ကြောင့် ရုပ်ရှင် ရုံသွားရန် စိတ်ကူးလည်း မရှိပါ။ ဘယ်သွားရမည်ကို စဉ်းစား၍မရသေးဘဲ တဖြည်းဖြည်း ကျနော်လျှောက်နေသည်။ ပန်းရနံ့ အထည်ဆိုင်ကြီးသည် ကျနော်၏အနောက်တွင် တဖြည်းဖြည်း ကျန်ခဲ့သည်။ ဟုတ်ပြီ။ ဒီနေ့တော့ ဦးတည်ရာမရှိဘဲ ကျနော် လျှောက်သွားမည်။ ဗိုက်ကိုလည်း ဖြည့်ထားပြီ။ ပိုက်ဆံအိတ်ကလေးလည်း ပါလာသည်။ ဘယ်သွားသွား ဘယ်ရောက်ရောက် ကိစ္စ မရှိ။ ကျနော်သည် လူများ ဆိုင်များကို ဖြတ်ကျော်လာသည်။ နေရောင်သည် ကောင်းမွန်စွာ ကြီးထွားနေပေပြီ။ လမ်းဆုံ နားသို့အရောက်တွင် ရုပ်တုကြီးကို ကျနော်လှမ်းမြင်ရသည်။ ရုပ်တုကြီးကား ပြုံးမြဲ ရပ်မြဲ။ ရုပ်တုကြီးကို ပြုံးပြပြီး ကျနော်ဆက် သွားနေမိသည်။ မြို့ကလေးမှာ သိပ်မကျယ်၍ တနေရာတွင် ကျနော် လမ်းဆုံးရပေမည်။ လမ်းဆုံးသောအခါ အိမ်ပြန်မည်ဟု ကျနော် ဆုံးဖြတ်လိုက်သည်။ လွတ်လပ်ရက်ဟူသော အရသာသည်  အရသာမရှိတော့ကြောင်းကို ကျနော် သဘောပေါက် လိုက်မိသည်။

မြို့ကလေး၏ လမ်းများတွင် ဦးတည်ချက်မရှိဘဲ ကျနော်လျှောက်နေသည်။ တခါတရံတွင် လူအုပ်များရှိရာ ဈေးတို့ကိုလည်း ကျနော် ဖြတ်ရသည်။ ကျနော်နှင့် ရင်းနှီးသောလူတချို့ကို မတွေ့ရပါ။ ထို့ကြောင့် ကျနော့်ကို နှုတ်ဆက်သောသူမရှိပါ။ မြို့ ကလေးသို့ ကျနော်ရောက်သည်မှာ သိပ်မကြာသေးပါ။ အလုပ်ရုံကြီးက ကျနော်အား ခွေးသွားစိပ်တခုအဖြစ်လည်ပတ်ရန် အတွက် ဝယ်ယူလိုက်သည်မှစ၍ မြို့ကလေးသို့ ကျနော်ရောက်လာခဲ့ရသည် ခွေးသွားစိပ်အဖြစ် လည်ပတ်ရသော ကျနော်သည် အခြား ဘဝတူ ခွေးသွားစိပ်များနှင့် ရင်းနှီးမှု မရှိသေးပါ။ အကြောင်းမှာ အချိန်မရှိ၍ ဖြစ်ပါသည်။ သိရုံသာ သိကြသည်။ ခေါင်းညိတ်နှုတ်ဆက်ကြသည်။ ဤသည်မှာ ကျနော်တို့ခွေးသွား စိတ်များ၏ ရင်းနှီးမှု ဖြစ်သည်။ ထိုထက်ပိုသော ရင်းနှီးမှုကို ရရှိရန် ကျနော်တို့တွင် အချိန်မရှိ။ညနေစောင်းသောအခါ ခွေးသွားစိပ်ကလေးများ၏ လည်ပတ်မှု ရပ်သွား သည်။ ထိုအခါတွင် ခွေးသွားစိပ်များမှာ ပင်ပန်းနွမ်းနယ်ကြချေပြီ။ နှုတ်ဆက်စကားပြောရန်ပင် ခွန်အား မကျန်တော့ပါ။  မြို့ရှိ တခု တည်းသောဘဏ်ကလေးကို ကျနော်ကျော်ဖြတ်လာသည်။ ပုပုလုံးလုံး ဘဏ်ကလေးမှ လူတချို့ ဝမ်းသာအားရ ဝင်သွားကြ သည်။ ပြန်ထွက်လာသူတွေလည်း ရှိသည်။ ဝမ်းနည်းပင်ပန်းနေသော လူတချို့ ကိုလည်း ကျွန်တော် မြင်လိုက်သည်။ပုပုလုံးလုံး ဘဏ်ကလေးမှာ ချစ်စရာ ကောင်းနေသော်လည်း အခြားတဖက်၌မူ သနားစရာကောင်းနေလေသည်။ ဘဏ်ဓါးပြများ မဝင်ဖူးသောမရှိသော မြို့ကလေး၌ ချစ်စရာဘဏ်ကလေးမှာ ကျနော့်လိုပင် ပျင်းရိနေလိမ့်မည်။ ဘဏ်ကလေးတွင် နှလုံးသား ရှိသော်လည်း ထိုဘဏ်ကလေး၏ နှလုံးသားမှာ မခုန်တော့ပါ။ ကောင်းမွန်စွာ မလည်ပတ်တော့ပါ။ ဘဏ်ကလေးကို ကျနော်သနားမိသည်။ ကိုယ်ချင်းစာမိသည်။ ဘဏ်ကလေးကို ကျော်လာသောအခါ စာကြည့်တိုက်ကြီးတခုကို ကျနော်ဖြတ်ရ သည်။ စာကြည့်တိုက် တံခါးမှာ ပိတ်ထားလျက်။ အော် ယနေ့ကဲ့သို့ကျောင်းပိတ်ရက် အလုပ်ပိတ်ရက်ကလေးများတွင် စာ ကြည့်တိုက်သည် ပွင့်နေသင့်သည် မဟုတ်ပါလော။ အော်…စာကြည့်တိုက်ဝန်ထမ်းတို့သည်လည်း အနားယူကြရပေမည်။ စာကြည့်တိုက် ကျော်လာသောအခါ ကားလမ်းကို ကျနော်ဖြတ်ကူးလိုက်သည်။ ကားလမ်းဖြတ်ရင်း ကျနော့်မျက်နှာပေါ်မှ မျက်နှာဖုံးတခု ပြုတ်ကျလာကာ လမ်းပေါ်တွင် ကျန်နေခဲ့သည်။ ကျနော်လှည့်ကြည့်သောအခါ ကားတစီးသည် တစုံတခုကို စဉ်းစားပုံပေါ်နေသော မျက်နှာဖုံးကို ဖြတ်ကြိတ်ပစ်ပါသည်။ မျက်နှာဖုံးမှာ  ပြားချပ် ကွဲအက်လျက်။ ကျွန်တော် မတတ်နိုင်ပါ။ ကျနော်ရှေ့သို့ ဆက်သွားနေမိသည်။

သွားရင်းသွားရင်း စိန်မိုင်ကယ်လ် ကက်သလစ်ဘုရားရှိခိုးကျောင်းနားသို့ ကျနော် ရောက်လာသည်။ ဘုရားကျောင်းအဝင် မုဒ်ဦးတွင် စိန်မိုင်ကယ်လ်ဘုရားရှိခိုး ကျောင်းတော် ဟူ၍ စကားလုံးအကြီးကြီးကို သစ်သားများထွင်းကာ ရေးထားသည်။ ဟုတ်ပြီ။ ဒီနေ့သည် တနင်္ဂနွေနေ့  မဟုတ်ပါလား။ ကြည့်စမ်း။ ကျနော် မေ့နေသည်။ ကျနော်သည် ကက်သလစ် ဘာသာဝင် ခရစ်ယာန်တဦး ဖြစ်သည်။ နာရီကိုကြည့်တော့ ကိုးနာရီခွဲရှိပြီ။ ကျနော်သည် ဘုရားကျောင်းရှေ့တွင် စိုက်ထားသောပန်းခင်းများ အုံ့မိုးနေသော သစ်ပင်ကြီးတို့ကို အငမ်းမရ ကြည့်နေမိသည်။ ဘုရားကျောင်းသို့ကျွန်တော် မရောက်သည်မှာ လေးငါးခြောက် လပင် ရှိပြီမဟုတ်ပါလား။ ဘုရားကျောင်းဝတ်ပြုချိန်က  ဆယ့်တစ်နာရီတွင် စမည်။ သို့သော် ကိစ္စမရှိ။ ကျနော်အာပတ် ဖြေရမည်။ အာပတ်ဖြေပြီး သခင်ယေဇူး၏ အသွေးတော်နှင့်အသားတော်ကို ပင့်ယူရမည်။ ဘုရားကျောင်းဝင်းထဲတွင် ကလေးငယ် တဦးစ နှစ်ဦးစကို မြင်ရသည်။ သူတို့ကတော့ ထူးဆန်းသောအကြည့်မျိုးဖြင့် ကျွန်တော့်ကို ကြည့်နေကြသည်။ ကလေးငယ်များပင်ဖြစ်ကြသော်လည်း သူတို့၏အကြည့်မှာ တမျိုးထူးဆန်းသည်။ ထိုအကြည့်မျိုးကို ကျနော်မမြင်ဖူးပါ။ မလိုသောအကြည့်လည်း မဟုတ် မမြင်ဖူး၍ အံ့အားသင့်နေသော အကြည့်မျိုးလည်း မဟုတ် ဝမ်းသာသော အကြည့်လည်း မဟုတ်ပါ။ ထိုအကြည့်များသည် ကျနော့် ရိုးတွင်းချဉ်ဆီအထိ ရောက်သွားကြသည်ဟု တွန့်ခနဲ ခံစားလိုက်ရသည်။ ကျနော်သည် မျက်နှာလွှဲကာ ဘုရားကျောင်းထဲသို့ ဝင်လိုက်သည်။ ကျောစိမ့်သလိုလို ဘာလိုလို ခံစားရသည်။ ယခုလို ခံစားမှုမျိုး ကျွန်တော့်တွင် မရှိဖူးပါ။ မခံစားဖူးပါ။ ဘုရားကျောင်းထဲတွင် လူမရှိသေးပါ။ အာပတ်ဖြေ ရသည့် ခုံနောက်တွင် ဘုန်းတော်ကြီးတပါးထိုင်နေသည်ကိုတွေ့ရသည်။ ဘုန်းတော်ကြီးသည်လည်း အာပတ်ဖြေသူများကို စောင့်နေပုံရသည်။

ခုံတနေရာတွင် ဝင်၍ ဒူးထောက်ကာ ကျွန်တော်ဆုတောင်းနေလိုက်သည်။ ဆုတောင်းပြီးနောက် ကျွန်တော်ကျူးလွန်ခဲ့သော အပြစ်များကို ပြန်စဉ်းစားနေမိသည်။အာပတ်ဖြေသောအခါ ကျွန်တော်ကျူးလွန်ခဲ့သည့်အပြစ်များကို တခုပြီးတခု ဘုန်းတော် ကြီး အား ပြောပြရမည် မဟုတ်ပါလား။ ဟုတ်ပြီ။ တစ်အချက် ကျနော်အာပတ်မဖြေသည်မှာ ငါးလခြောက်လခန့် ရှိပြီ။ တိတိ ကျကျ ဖြေရသော် အာပတ်မဖြေသည်မှာ  ခြောက်လအတွင်းဝင်နေပြီ။ ကိုယ်တော်မြတ် စက္ကရမင်းတူး မပင့်သည်မှာလည်း ခြောက်လအတွင်း ဝင်ပြီ။ ဒုတိယ ပြစ်ချက်။ ကျနော် ဘုရားကျောင်းမတက်ဖြစ်ပါ။ လွန်ခဲ့သောငါးလကျော်က တခါသာ ဘုရားကျောင်းတက်ခဲ့သည်။ တတိယပြစ်ချက် ကျနော် ညညဆုမတောင်းဘဲ အိပ်သည်။ ထို့နောက်တွင်မူ များလှသော ပြစ်ချက်များကို ကျနော် စဉ်းစားမိသည်။ ကျနော်၏ ပြစ်ချက်များမှာ ယခုအိမ်တွင်ရှိသော အဘိုးကြီးတို့၏ မြေးလား ဘာလား မသိပါ။ အသက် ၂၅ အရွယ် အမျိုးသမီးငယ် တဦးရေချိုးနေသည်ကို မထင်မှတ်ဘဲ မြင်ခဲ့ရသည်။ ထို့နောက် အငမ်းမရှုမ်းကာ ခိုးကြည့်ခဲ့သည်။ အလုပ်ရုံတွင်ရှိသော အထက်အရာရှိတဦးကို စိတ်ထဲမှ နေ့တိုင်း ကျိန်ဆဲနေခဲ့မိသည်။ မနာလို ဝန်တိုသော ကောက်ကျစ်စဉ်းစားလဲသော စိတ်များလည်း ကျနော့်တွင်ရှိခဲ့သည်။ ထို့နောက်တွင်မူ  မပြီးမဆုံးနိုင်သော ကျနော်ကျူးလွန်ခဲ့ သော  ပြစ်မှုများကို ပြန်စဉ်းစားရသည်။

စဉ်းစားပြီးသောအခါတွင် အာပတ်ဖြေရန် ကျနော်အဆင်သင့်ဖြစ်နေပြီ။ အာပတ်ဖြေရာခုံသို့ ကျနော်သွားလိုက်သည်။ ဘုန်း တော်ကြီး၏မျက်နှာတော်ကို သေချာ မမြင်ရပါ။ ဇကာပေါက်ကလေးများတွင် ဝိုးတားတားပေါ်နေသော ဘုန်းတော်ကြီး၏ မျက်နှာကို မြင်ရသည်။ ဘုန်းတော်ကြီးသည် ကျနော်ပြောမည့် ပြစ်ချက်များကိုနားစွင့်ရန် အသင့်ရှိနေပုံရသည်။

“ခမည်းတော် သားတော် သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်မြတ်၌ အာမင်”

ဒူးထောက်ကာ ကျနော်ပြောလိုက်သည်။ ဘုန်းတော်ကြီးသည်လည်း ခရစ္စတူးပုံစံ လက်ကိုရွှေ့ကာ ပါးစပ်မှ တစုံတခုကို  ရွတ်နေသည်။

“အပြစ်ရှိသော တပည့်တော်ကို ကောင်းချီးမင်္ဂလာပေးတော်မူပါ။ ကျနော်၏ အပြစ်များမှာ   … ။ ယခု တောင်းလျှောက်သော အပြစ်များနှင့် မေ့လျော့သောအပြစ်များအတွက် အခွင့်ချမ်းသာ ပေးသနားတော်မူပါဘုရား”

ကျနော်သည် ကျူးလွန်ခဲ့သောအပြစ်များကို ဆက်တိုက်ပြောချလိုက်ပါသည်။ စဉ်းစားခဲ့သလို အစီစဉ်တကျတော့ မဟုတ် ပေ။ စဉ်းစားခဲ့သော ပြစ်မှုတချို့ကို ကျနော်မေ့ကျန်ခဲ့သည်လည်း ရှိပေသည်။

“ဘုရားသခင်ဟာ မင်းရဲ့အပြစ်ကို ခွင့်လွှတ်လိုက်ပြီ ဒါပေမဲ့ မင်းရဲ့မျက်နှာဖုံးကို ချွတ်ထားလိုက်ပါ ဒကာလေး”

ဘုန်းတော်ကြီး၏အသံသည် ဇကာပေါက်ကလေးများမှတဆင့် တိုးညင်းစွာ ကျွန်တော့်နားထဲသို့ ရောက်လာသည်။ ကျနော် ဘာပြောရမှန်း မသိပါ။ မျက်နှာဖုံးမှာ ချွတ်ချင်တိုင်း ချွတ်၍ မရပါ။ ကျနော်၏မျက်လုံးတို့သည် ပြူးကျယ်သွားကြ၏။ ခြေဖျား လက်ဖျားတို့မှာလည်း တဆတ်ဆတ်တုန်ကာ အေးစက်နေပြီ။ သို့သော် ရင်ထဲ၌ကား ပူစွ။

“ဘယ်မျက်နှာဖုံးကိုပြောတာလဲ ဘုန်းဘုန်း”

ကျနော်၏ ပါးစပ်ဖျားမှ ရုတ်တရက်ထွက်သွားသည်။

“ဘယ်မျက်နှာဖုံးကို ပြောတာလည်း ဟုတ်လား။ ဒကာလေး သိပါတယ်။ ဘာလို့ မသိချင်ယောင်ဆောင်ရတာလဲ။ လူတွေဟာ ဒီကနေ အာပတ်ဖြေပြီးတဲ့အခါနောက် ထပ်ပြစ်မှုတွေကို ဆက်ပြီး ကျူးလွန်ကြတာပဲ။ မလုပ်တော့ပါဘူးလို့ ဘုရားကို ကတိ ပေးကြတာပဲ။ ပြီးတော့လည်း ထပ်လုပ်ကြတာပဲ။ အနည်းဆုံး ဘုရားသခင်ကို အားမနာရင်တောင်မှ ဒီက ဘုန်းတော်ကြီးကို အားမနာသင့်ပေဘူးလား”

ကျနော် ဘာပြောရမှန်း မသိပါ။ စနစ်တကျတွေးခေါ် စဉ်းစားရန်လည်း ကျနော် မတတ်နိုင်ပါ။

“ထားပါတော့ ဒကာလေး။ မင်းရဲ့မျက်နှာဖုံးကို ချွတ်ပါ။ ဘာကိုပြောချင်တာလဲဆိုတာ သေချာစဉ်းစားပါ။ ဒကာလေးရဲ့ ပြစ်မှုတွေအတွက် ကောင်းကင်ဘုံမေတ္တာကို ငါးကြိမ်ဆိုပါ။ အခု နာကျင်ခြင်း မေတ္တာရွတ်ပါ”

ဘုန်းတော်ကြီးသည် ထိုသို့ပြောရင်း ဘုရားစာများကို ရွတ်နေသည်။ ကျနော်လည်း နာကျင်ခြင်းမေတ္တာကို ရွတ်ဆိုပြီးနောက် ဘုန်းတော်ကြီးအား ကျေးဇူးတင်ကြောင်းပြောကာ ပြန်လာခဲ့ပါသည်။ ကျနော်၏အသံတို့မှာ အနည်းငယ် တုန်ယင်နေပါလိမ့် မည်။ သို့သော် ကျနော် မတွေးအားပါ။ လွတ်နေသောခုံတခုတွင်ဝင်ကာ ကောင်းကင်ဘုံမေတ္တာကို ငါးကြိမ်ရွတ်ဆိုကာ ဘုရားကျောင်းအတွင်းမှ ထွက်လာခဲ့ပါသည်။ ကျနော်၏ခန္ဓာအတွင်းတလျှောက် ဘုန်းဘုန်းပြောသော မျက်နှာဖုံးတို့မှာ ပလူ ပျံနေကြ၏။ ကျနော်မြင်သမျှမှာလည်း မျက်နှာဖုံးတို့သာ ဖြစ်သည်။ ကျနော် ဘုရားကျောင်း ဆက်တက်လိုစိတ်မရှိတော့ပါ။

“မျက်နှာဖုံး မျက်နှာဖုံး”

ပါးစပ်မှ တိုးတိုးရွတ်ကာ ဘုရားကျောင်းဝင်းထဲမှ ကျွန်တော် ထွက်လာခဲ့သည်။ ဘုန်းဘုန်းပြောသော မျက်နှာဖုံးကို ကျနော် နားမလည်ပါ။ ကျနော်ဘယ်လိုချွတ်ရမှာလည်း တွေးကာ တဖြည်းဖြည်း လျှောက်လာခဲ့သည်။ လူတို့ကိုလည်း ကျနော် မမြင် နိုင်တော့ပါ။ ကျနော်၏ဦးခေါင်းထဲတွင်လည်း မျက်နှာဖုံးကိစ္စသာ နေရာအပြည့် ယူပေပြီ။ လွတ်လပ်သော နေ့ကလေးကို သတိမရအားသကဲ့သို့  မကြာမီအချိန်တွင် ကျနော်သည် ခွေးသွားစိပ်တခုအဖြစ် လည်ပတ်ရမည့်အကြောင်းကိုလည်း မ တွေးအားပါ။

ကျနော်နေထိုင်ရာ ခြံကလေးအတွင်းဝင်မှ အိမ်ရောက်ကြောင်း သတိထားမိတော့သည်။ အဘိုးကြီးသည် ပန်းပင်ကလေးများ ကို တူးစွနေရင်း ကျနော်ကို အထူးတဆန်း လှည့်ကြည့်နေသည်။

“မကြည့်နဲ့ အဲဒီလို အကြည့်မျိုးနဲ့ ငါ့ကိုမကြည့်နဲ့”

သို့သော် ကျနော့်ပါးစပ်မှ အဆိုပါ စကားလုံးတို့မှာ ထွက်မလာပါ။ ဟုတ်ပြီ။ အကြံရသည်။ အဘိုးကြီးကို မေးကြည့်ရမည်။

“အဘိုး ကျနော့်မျက်နှာဖုံးကို မြင်ရလားတွေ့ရလား ”

အဘိုးကြီးသည် ကျနော်ကို ပြုံးပြီး ခေါင်းခါပြသည်။ ထို့နောက် ပန်းပင်ကလေးများ၏ အောက်ခြေကို ဆက်ဆွ ပေးနေသည်။ ကျနော်လည်း အိမ်အပေါ်ထပ်သို့လှေကားလေးမှ တဆင့် တက်လာခဲ့သည်။ အခန်းတံခါးကို ဖွင့်သောအခါ ခါတိုင်းမြင်ရသော မျက်နှာဖုံးများမှာ ရှုပ်ပွလျက်။ အို မျက်နှာဖုံးတွေ။ တချို့မျက်နှာဖုံးများသည် ကျနော်ခုတင်ပေါ်တွင် ရောက်နေကြသည်။

သွားကြဟေ့ … သွားကြ ….

အလောတကြီးအော်ကာ ခုတင်ပေါ်ရှိ မျက်နှာဖုံးများကိုတွန်းဖယ်ကာ ကျနော်လှဲနေလိုက်သည်။ မျက်လုံးများကို ကျနော်ပိတ် ထားသော်လည်း မျက်နှာဖုံးများသာ ကျနော်သိမှုထဲတွင် ပေါ်လာသည်။ မျက်လုံးပြန်ဖွင့်သောအခါ မျက်နှာဖုံးတခုသည် ကျနော့်မျက်နှာမှ ရုတ်တရက် ကွာကျသွားသည်။ အလွန်ဖြူစင်ပုံရသော နောင်တရနေပုံရသော မျက်နှာဖုံးလေးတခု။ ကျ နော်သည် အားပါးတရ ရယ်မောကာ ထိုမျက်နှာဖုံးကလေးကို  အစိတ်စိတ်အမွှာမွှာ ဆွဲဖြဲပြီး ခုတင်ပေါ်တွင် စိတ်ပါလက်ပါ လှဲချလိုက်ပါသည်။ ကျနော်၏ ခြေလက်များမှာ တုန်လျက်။ ပျော်ရွှင်ခြင်းလား။ ဝမ်းနည်းဒေါသ ထွက်ခြင်းလား မသိတော့ပါ။

ဝေမြင့်မောင်
ဇွန် ၂၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)