နိုင်ဝင်းသီ ● လိုဏ်ခေါင်း

June 10, 2017

● လိုဏ်ခေါင်း
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၇

ပထမဦးဆုံး သတိပြုမိသည်​မှာ စွတ်​စိုထိုင်းမှိုင်းမှု ဖြစ်​သည်​။ စွတ်​စိုထိုင်းမှိုင်းမှုနှင့်အတူ တိတ်​​ဆိတ်​မှုကိုလည်း သူဂရုပြုမိ သည်။ တိတ်​ဆိတ်​မှု အား​ကောင်းလွန်း၍ပဲလား၊ ဒါမှမဟုတ်​ သူ့ရဲ့ ကြားနိုင်​မှုစွမ်းရည်​ကပဲ ပုံမှန်​ထက်​မြင့်​တက်​သွားလို့ပဲလား​တော့ မသိ။ သူ့နားထဲမှာ ​သေးမျှင်​စူးရှ​သော အသံတချို့ကို ကြား​နေရ​လေသည်​။ တစီစီနှင့်​ စူးစူးရှရှ ​အော်​မြည်​​နေ​သော အ သံများဟာ ပိုး​ကောင်​ မွှား​ကောင်​​တွေရဲ့ အသံဗလံ​တွေများလား။

တစီစီနှင့်​ အာ​ခေါင်​ကွဲလုမတတ်​ စူးစူးဝါးဝါး​ ခြစ်​​အော်​နေ​သော အသံများဟာ တခါတခါ​တော့လည်း သူနှင့်​ ခပ်​လှမ်းလမ်းမှာ။
တစ်​ခါတစ်​ခါ​တော့လည်း သူနှင့်​ နီးကပ်​သည့်​​နေရာမှာ။ တ​ခါတခါမှာ ထိုအသံများဟာ သူနှင့်​နီးကပ်​လွန်းသည့်​အတွက်​ သူ့ အ​ရေပြားထဲက တိုးထွက်​လာသည့်​ အသံများ​ပေလားဟု ထင်​​ယောင်​ထင်​မှားဖြစ်​ရ​လေသည်​။

အလင်း​ရောင်​နည်းနည်းနှင့်​ ​အေးစက်​ထိုင်းမှိုင်းသည့်​ လိုဏ်​​ခေါင်းထဲကို ​ရောက်​ရှိ​နေသူတဦးထံမှာ ထိုအသံမျိုး ထွက်​မလာ နိုင်​ဘူးလား။ သူ့ရဲ့ အာရုံသိစိတ် တမျိုးမျိုးထဲကပဲဖြစ်​ဖြစ်​။ ​ချွေး​စေး​တွေ စိမ့်​ထွက်​​နေတဲ့ အ​ရေပြားထဲကပဲဖြစ်​ဖြစ်​ တမျိုးမ ဟုတ်​ တ​မျိုး​ပေါ့။

ရှည်​လျားလွန်း​သော လိုဏ်​​ခေါင်းထဲကို​ရောက်​​နေလို့နှင့်​ တူသည်​။ အလင်း​ရောင်​မှာဆံခြည်​တ​မျှင်​မျှ​လောက်​ပင်​ မရှိ​လေ​တော့မြင်​​နေသမျှအရာအားလုံးမှာ  ပြာမှုန်​လို့​နေသည်​။ မြင်​ကွင်းထဲမြင်​​နေသမျှ သဲသဲကွဲကွဲတခုတ​လေပင်​ မရှိ။ အားလုံးဟာ ​မှောင်​​မှောင်​ရီရီ။

တချို့​နေရာ​တွေမှာ​တော့ ပြာမှုန်​​သော အလင်းစလေး​တွေ။ ပြိုးခနဲ ပြက်​ခနဲနှင့်​။ အဲဒီ မှုန်​မှုန်​ရီရီ အလင်းစ ​သေး​သေး​လေး​အောက်​မှာ သူ့လက်​​ချောင်း​တွေကို ​ကွေးချည်​ဆန့်​ချည်​လုပ်​ကြည့်​​တော့  လက်​​ချောင်း​လေး​တွေကို သူ ​သေ​သေချာချာမြင်​​နေရ​သေးသည်​။ တချို့​နေရာ​တွေ ​ရောက်​လို့ သူ့လက်​​ချောင်း​တွေကို ​ ​ကွေးချည်​ဆန့်​ချည်​လုပ်​ကြည့်​​တော့ သူ့လက်​​ချောင်း ရှည်​ရှည်​သွယ်​သွယ်​​လေး​တွေကို မမြင်​ရ​တော့ပြန်​။ ဝန်းကျင်​သည်​ အ​မှောင်​ထု​အောက်​မှာ နစ်​မြုတ်​ငြိမ်​သက်လျက်​။

အလင်း​ရောင်​ဟာ  ဟိုးခပ်​လှမ်းလှမ်းမှာလား။ ဒါမှမဟုတ်​ သူနှင့်​ အနီးဆုံး​နေရာမှာပဲ ဖျတ်ခနဲဆို ​ပျောက်​ဆုံးသွား​ခဲ့လေ သလား။ ​အေးစက်​​နေ​သော နံရံများကို ထိစမ်းပွတ်သပ်​ရင်း အ​မှောင်​ထဲမှာ သူ ​တွေး​နေမိသည်​။ လိုဏ်​​ခေါင်း၏နံရံများက​တော့ မည်​သည့်​အချိန်​ ပွတ်​သပ်​ပွတ်​သပ်​။ ​အေးစက်​ကြမ်းရှလျက်​။ တချို့​နေရာ​တွေဆို လက်​ကြား ထဲမှာ ​ရေများပင်​ စိမ့် ထွက်​နေ​သေးသည်​။

သည်​လိုအချိန်​မျိုးဆိုလျှင်​ သူ ရင်​​တွေ တဝုန်းဝုန်းခုန်​သွားပါသည်​။ သူ​ရောက်​ရှိ​နေ​သော လိုဏ်​​ခေါင်းအ​ပေါ်မှာ ပင်​လယ်​တ စင်း​ ရောက်​ရှိ​နေခဲ့ပြီလား။ အဲဒီပင်​လယ်​ဟာ သိမ်​မွေ့နူးညံ့မှုမရှိဘဲ ဟိုယိမ်းဒီယိမ်းနှင့်​ မုန်​ယို​နေ​ခဲ့ပြီလား။ အဲဒီအချိန်​မှာ ကြား​နေရတဲ့ အသံ​တွေဟာ လှိုင်းရိုက်​သံ​တွေများလား။လှိုင်းရိုက်​သံတဝုန်းဝုန်းနှင့်​အတူ  စိမ်းစိမ်းရီရီ လ​ရောင်​ကို​ရော မြင်​​နေရ ပါသလား။ ဆွတ်​ဆွတ်ြ​ဖူ​နေ​သော တိမ်များဟာ ကျောက်တုံးကျောက်စိုင်​တွေလို  အေးစက်​​လေးကန်​စွာနှင့်​​ ရွေ့လျား​နေပါ သလား။ အ​မှောင်​ထဲမှာ စမ်းတဝါးဝါး ​လျှောက်​​နေရင်းနှင့်​ ပင်​လယ်​ကို သူသတိရသွားသည်​။ လ​ရောင်​ကို သတိရသွားသည်။ လှိုင်းရိုက်​သံကို သူ သတိရသွားသည်​။ ပုန်းညက်​ပန်းရနံ့ကို သတိရသွားပါသည်​။ ပင်​လယ်​။ လိုဏ်​​ခေါင်းအ​ပေါ်မှာ ဖြတ်​စီး​ နေ​ သောပင်​လယ်​ကြီးဟာ ဝေါခနဲ ပြိုကျလာနိုင်​ပါသလား။ သူ မွန်းကျပ်​သလိုလို ဖြစ်​သွားသည်။

နဂိုကတည်းက အသက်​ရှူရတာ မွန်းကျပ်​ ​နေရသည့်​ကြားထဲ လိုဏ်​​ခေါင်းကျဉ်းကျဉ်းလေးထဲကို စီးဝင်​လာမည့်​ပင်​လယ်​​ရေလှိုင်း​များဆီ သူ အာရုံ​ရောက်​သွား​သောအခါ …. .. ပင်​လယ်​ဟာ သူ့အ​ပေါ်မှာ တရိပ်​ရိပ်​နှင့်​စီး​နေတာ ဟုတ်​ချင်​မှဟုတ်​မှာပါ။ ဒါဟာ  ပင်​လယ်​ကိုအစွဲအလမ်းကြီးခဲ့သောသူ့အတွက်​ အာရုံရဲ့ ဖြား​ယောင်းမှုတ​ခုခု ဖြစ်​​နိုင်​ပါသည်​။ ဟိုဖက်​နှစ်​ကာလ​တွေတုန်းက ပင်​လယ်​ဟာ သူ့ဘဝရဲ့အစိတ်​အပိုင်းတခုလိုတောင်​ဖြစ်​ခဲ့ရတာ မဟုတ်​လား။ အဲဒီတုန်းက သူဟာ ပင်​လယ်​ကို ဘယ်​​လောက်​​တောင်​ စွဲလမ်းတပ်​မက်​ခဲ့သလဲဆိုရင်​ ညဘက်​အိပ်​လျှင်​​တောင်​ လှိုင်းရိုက်​သံကို ဝုန်းခနဲ ဝုန်းခနဲကြား​နေရမှ။
အခု​တော့လည်း ပင်​လယ်​ဟာ သူ့ဘဝထဲက ထွက်​ခွာသွားခဲ့ပြီဖြစ်​သည်​။ ပင်​လယ်​နှင့်​အတူ သူ့ကိုချစ်​​သော မိန်းမတ​​ယောက်​ဟာလည်း သူနှင့်​အနီးဆုံး​နေရာက​နေ ထွက်​ခွာသွားခဲ့ပြီဖြစ်​သည်​။ တချိန်​တုန်းက​တော့ ပင်​လယ်နှင့်ထိုမိန်းမသာမရှိခဲ့လျှင် သူ့ဘဝဟာ ရူးသွပ်ရွဲ့စောင်းသွားနိုင်​သည်​ဟု သူ့ကိုယ်​သူ ယုံကြည်​ခဲ့ဖူးပါသည်​။

ထိုအ​ကြောင်း​တွေကို သူ့မိတ်​​ဆွေတ​ယောက်​အား​ပြောပြ​တော့ ထိုမိတ်​​ဆွေက ရယ်​​မောပါသည်​။ ထို​နေ့က သူတို့ နှစ်​​ယောက်​ ​ရောက်​​နေ​သော​နေရာမှာ ခြုံနွယ်​ပိတ်​​ပေါင်း ထူထပ်​​သော မြို့က​လေး၏အ​ရှေ့ဘက်​ခြမ်း​မှာဖြစ်​သည်​။

ထို​နေရာ​လေးမှာ နွယ်​ရိပ်​သစ်​ရိပ်​နှင့်​ ခြုံနွယ်​များထူ​ပြောရုံမက လျှိုများ၊ ​ချောက်​များလည်းရှိ​နေလေရာ လူအသွားအလာကျဲပါး
ပြတ်​​တောက်​လွန်းလှသည်​။ သူ သတိပြုမိသ​လောက်​ ထို​နေရာမှာ ဘယ်​တုန်းကမှ လူရိပ်​လူ​ခြေ မ​တွေ့ခဲ့ရပါ။

“မိန်းမတို့ ပင်​လယ်​တို့ဟာ စိတ်​ဝင်​စားစရာမ​ကောင်းလှပါဘူးဗျာ။ ကျနော်က​တော့ ကိုယ်​စိတ်​ဝင်​စားမှုမရှိတဲ့ ဘာသာရပ်​ထဲ မှာ ဘယ်​တုန်းကမှ အချိန်​ကုန်​ခံ​လေ့မရှိဘူး”

ဒါ​ပေါ့။ ဒီလိုပဲ ဖြစ်​ရမှာ​ပေါ့။ ကိုယ်​စိတ်​ဝင်​စားမှုမရှိတဲ့ အ​ကြောင်းအရာထဲမှာ ဘယ်​သူက အချိန်​ကုန်​ခံပြီး ပိတ်​​လှောင်​မွန်း ကြပ်ခံမှာလဲ။

“​ရောက်​​နေတဲ့သက်​တမ်းနဲ့ တွက်​ချက်​လိုက်​ရင်​ နှစ်​​တွေဆိုတာ ဘယ်​နည်းလိမ့်​မှာလဲ။ ကျနော် တစိုက်​မတ်​မတ်​ရှာခဲ့တာ​ပေါ့ ”

သူ မျက်​​မှောင်​ကုပ်​သွားသည်​။ ထိုစကားတခွန်းဟာ သူ့အတွက်​ ပ​ဟေဠိသဖွယ်​ ဖြစ်​သွားသည်​။ မိတ်​​ဆွေရဲ့ မျက်​လုံးညိုညို​တွေကိုကြည့်​လိုက်​​တော့လည်း ​လေးနက်​တည်​ကြည်​မှု​တွေကို သူအ​သေအချာ မြင်​​တွေ့​နေရ​လေသည်​။ သူဟာ ဘာကိုများ​ပြောချင်​​နေတာပါလိမ့်​။

တိမ်​များဖြင့်​ လှပ​နေ​သော ည​နေခင်းသည်​ စက္ကန့်​အနည်းငယ်​ကြာ​အောင်​ တိတ်​ဆိတ်​သွားပါသည်​။ လျှို​တွေ ​ချောက်​​တွေ အနီးမှာ မှုန်​မှုန်​ရီရီဖြစ်​​နေ​သောအရာ​တွေဟာ နှင်းမြူရိပ်​​တွေများလား။

“ဒါ​ပေမဲ့ ကျနော်​ တကယ်​ရှာခဲ့ပါတယ်​။ ကျနော့်ဘဝ သက်​တမ်းတလျှောက်​လုံး အချိန်​​တွေ​ပေးပြီး​တော့ကို ရှာခဲ့တယ်​။ ဒီ စကားကိုလည်း တချိန်​ချိန်​မှာ လူတ​ယောက်​​ယောက်​ကို ​ပြောဖြစ်​​အောင်​ ​ပြောရမယ်​လို့လည်း စိတ်​ထဲမှာ ဆုံးဖြတ်​ချက်​ချခဲ့ တယ်​။ အဲဒီလိုဆုံးဖြတ်​ထားတဲ့အတိုင်းလည်း အခု လူတယောက်​ကို ​ပြောနိုင်​ခဲ့ပြီ​ပေါ့။ ခင်​ဗျားကို​ပေါ့”

မိတ်​​ဆွေရဲ့ မျက်​လုံး​တွေက သူ့ဆီကို​ရောက်​ရှိလာ​လေသည်​။

သူ ​ခေါင်းကို ဆတ်​ခနဲညိတ်​လိုက်​သလား။ မညိတ်​မိဖူးလားဆိုတာ သူ့ကိုယ်​သူလည်း ဇ​ဝေဇဝါ။ မိတ်​​ဆွေရဲ့နှုတ်​ခမ်း​တွေဟာ လှုပ်​လှုပ်​ရွရွဖြစ်​လာပြီး…..

“သူများ​တွေ​တော့ မ​ပြောတတ်​ဘူး။ ကျနော်က​တော့ အ​သေအချာကို ​ပြောနိုင်​ခဲ့ပြီ။ ကမ္ဘာ​လောကကြီးထဲမှာ ကျနော် စိတ်​အ ဝင်​စားဆုံးအရာဟာ ဘာလည်းဆိုတာ ကျွန်​​တော်​​ သေ​သေချာချာကို ​ရှာ​ဖွေ​တွေ့ရှိသွားခဲ့ပြီ”

မိတ်​​ဆွေရဲ့ မျက်​လုံး​တွေဟာ ဝင်​လုဆဲ​နေ​ရောင်​​အောက်​မှာ ​တောက်​ပလာသလိုပါပဲ။ ဒီစကား​လေးတခွန်း​ ပြောဖို့အ​ရေး ဘာဖြစ်​လို့များ ဒီ​လောက်​​တောင်​ စိတ်​​တွေလှုပ်​ရှား​နေရပါလိမ့်​။ လူတိုင်းလူတိုင်းဟာ တ​ခုမဟုတ်​တခု၊ တမျိုးမဟုတ်​ တမျိုး စိတ်​ဝင်​စားကြမှာပဲ​ပေါ့။ တခုခုအ​ပေါ်မှာ ရူးသွပ်​တိမ်း​မူးကြမှာ​ပေါ့။

တချို့က ဂီတ၊ တချို့က နည်းပညာ၊ တချို့က အားကစား၊ တချို့က အနုပညာ၊ တခုမဟုတ်​တခု​တော့ တပ်​မက်​ခုံမင်​ကြမှာ​ပေါ့။ အဲဒီအ​ကြောင်းအရာ​လေးကို ​ပြောပြရုံမျှနှင့်​ သူ့ရဲ့မျက်​လုံး​တွေဟာ ဒီလောက်တောင်​​တောက်​ပလာရပါသလား။

“ကျနော်စိတ်​အဝင်​စားဆုံးက ဘာလဲ။ သိလား”

မိတ်​​ဆွေဟာ မျက်​နှာချင်းဆိုင်​ရပ်​​နေရာက သူ့ကို​ကျောခို​င်းလိုက်​သည်​။ သူစိတ်​အဝင်​စားဆုံးအရာဟာ ဘာများဖြစ်​​နေပါ လိမ့်​။ သူ မ​ပြောတတ်​ပါ။

“ကျနော်​စိတ်​အဝင်​စားဆုံးအရာဟာ”

မိတ်​​ဆွေရဲ့စကားသံဟာ ရပ်​တန့်​ငြိမ်​သက်​သွားပြန်​သည်​။ တ​အောင့်​​နေ​တော့ ရုတ်​တရက်​ သူ့ဖက်​သို့လှည့်​လိုက်​ပြီး………

”ကမ္ဘာ​လောကကြီးထဲမှာ ကျနော်စိတ်​အဝင်​စားဆုံးအရာဟာ လိုဏ်​​ခေါင်းပဲဗျ။ သိလား။ လိုဏ်​​ခေါင်းပဲ”

ည​နေခင်းဟာ ​သွေးဆုတ်​ပြီး ဖြူဖတ်ဖြူ​လျှော်​ဖြစ်​သွားသလိုပါပဲ။ လူတစ်​​ယောက်​ဟာ ဘာကိုမဆို စိတ်​ဝင်​စားခွင့်​ ရှိပြီးသားပါ။ သို့​သော်​လည်း ထိုမိတ်​​ဆွေက လိုဏ်​​ခေါင်းကို စိတ်​အဝင်​စားဆုံးဟုဖွင့်​​ပြောလာ​သောအခါ..

မိတ်​​ဆွေ၏မျက်​နှာကို အံ့အားသင့်​စွာ သူကြည့်​လိုက်​သည်​။ မိတ်​​ဆွေဟာ သူ့ရဲ့မျက်​လုံး​တွေကို စူးစူးရဲရဲ ပြန်​ကြည့်​လိုက်​ပြီး …. ….

“လိုဏ်​​ခေါင်း​တွေကို ဘာဖြစ်​လို့စိတ်​ဝင်​စားရတာလည်းလို့ တစုံတယောက်​က ​မေးလာခဲ့ရင်​လည်း ပြန်​​ဖြေဖို့အ​ဖြေက ရှိပြီး သားပါ။ ကျနော်လိုဏ်​​ခေါင်း​တွေကို ဘာ့​ကြောင့်​ စိတ်​ဝင်​စားရတာလဲ… သိလား ”

မိတ်​​ဆွေက​တော့ ဘယ်​လို​နေသည်​မသိ။  သူ့ကိုယ်​ထဲမှာ​တော့ ပူ​နွေးသွားပြီး သူ့ရင်​က တဒိတ်​ဒိတ်​နှင့်​ လှုပ်​ခုန်​လာ​လေသည်​။

မိတ်​​ဆွေက တ​ချက်​ပြုံးလိုက်​ပြီး…..

“ကျနော် လိုဏ်​​ခေါင်း​တွေကို ဘာလို့စိတ်​ဝင်​စားရတာလဲဆို​တော့”

သူ့ခန္ဓာကိုယ်​က ဆတ်​ခနဲလှုပ်​သွားသည်​။ ကဲ….​ ပြောစမ်းကိုယ့်​လူ။ မြန်​မြန်​​ပြော​ပစ်​လိုက်​စမ်း။ လိုဏ်​​ခေါင်း​တွေကို ဘာဖြစ်​လို့​စိတ်ဝင်စားရသလဲဆိုတာ။ မိတ်​​ဆွေဟာ တည်​ငြိမ်​စွာပြုံးလိုက်​ပြီး..

“လိုဏ်​​ခေါင်းထဲမှာ ​ပျော်​ရွှင်​မှု​တွေ ရှိလိမ့်​မယ်​ထင်​လို့ လိုဏ်​​ခေါင်း​တွေကို ကျနော်စိတ်​ဝင်​စားခဲ့တာပဲ”

ဘုရား…ဘုရား။ သူ့ တကိုယ်​လုံး ​အေးစက်​​တောင့်​တင်းသွားလေသည်​။ လိုဏ်​​ခေါင်း​တွေထဲမှာ ​ပျော်​ရွှင်​မှုဆိုတာဟာ ဘယ်​လိုလုပ်​ပြီး​တော့များ ဖြစ်​တည်​နိုင်​ပါမည်​နည်း။ သူ ​ခေါင်းကို ခါယမ်းလိုက်​သည်​။

လိုဏ်​​ခေါင်းများနှင့်​ ​ပျော်​ရွှင်​မှု………
ပျော်​ရွှင်​မှုများနှင့်​ လိုဏ်​​ခေါင်းများ…..

ထို​နေ့ ည​နေခင်းမှာ သူ့မိတ်​​ဆွေပဲ ရူးသွားခဲ့တာလား။ သူပဲ သွက်​သွက်​ခါ​အောင်​ ရူးနှမ်းခဲ့​လေသလား။ ဒါမှမဟုတ်​ ရူးသွပ်​ရွဲ့​စောင်းခြင်းကပဲ သူတို့နှစ်​​ယောက်​ထံကိုဆိုက်​ဆိုက်​မြိုက်​မြိုက်​ ​ရောက်​​လာခဲ့တာလား​တော့မသိ။ လိ​မ္မော်​​ရောင်​ည​နေခင်းသည်​ ​တော်တော့်​ကို စိတ်​ပျက်​စရာ ​ကောင်းသွားခဲ့ပါသည်​။

ထူးဆန်းမှုတခုမှာ ​ သူ့မိတ်​​ဆွေဟာ ​နောက်​တနေ့ကစပြီး သူတို့မြို့က​လေးမှ ​ပျောက်​ဆုံးသွားခြင်းပင်​ဖြစ်​သည်​။ ​ပြောမည်​ဆို
လျှင်​ ထိုရက်​ကစပြီး လိုဏ်​​ခေါင်း​တွေထဲမှာ​ပျော်​ရွှင်​မှုရှိနိုင်​ပါသလားဟူ​သော ​မေးခွန်းသည်​ သူ့​သွေး​ကြောမြွှာ​တွေထဲကို ဗိုင်း ရပ်​စ်​ပိုးတမျိုးလို စိမ့်​ဝင်​ပြန့်​နှံ့လာ​တော့သည်​။ သူ့ ဦး​ခေါင်းဟာလည်း ထို​မေးခွန်းတခုတည်းဖြင့်​ အမြဲတ​စေ မူးရီကိုက်​ခဲခဲ့ရ သည်​။

ဘာပဲ​ပြော​ပြော ​ပျော်ရွှင်​မှုကို​တော့ သူစိတ်​ဝင်​စားပါသည်​။ ​ပျော်​ရွှင်​မှု​တွေဟာ သူ့ဘဝထဲက ဆုတ်ခွာသွားခဲ့တာ ကာလ အတန်​ ကြာမြင့်​ခဲ့ပြီမဟုတ်​လား။ ထိုစိတ်​ကို အ​ခြေခံပြီး​တော့ပဲ လိုဏ်​​ခေါင်း​တစ်​ခုထဲသို့ သူ​ရောက်​ရှိလာခြင်းပင်​။ ကနဦး အစက လိုဏ်​​ခေါင်းတစ်​ခုထဲသို့ ဝင်​ဝင်​ချင်း သူ့ရင်​ထဲမှာ သံသယစိတ်​​တွေ ဖြစ်တည်​လိုက်​​သေးသည်​။ လိုဏ်ခေါင်း​​​တွေထဲမှာ ​ပျော်​ရွှင်​မှုဆိုတာဟာ ဖြစ်​တည်​နိုင်​ပါ့မလား။ ​အေးစက်​တိတ်​ဆိတ်​​နေ​သော လိုဏ်​​ခေါင်းများနှင့်​ ​ပျော်​ရွှင်​မှုဆိုတာဟာ မည်​သည့်​​နေရာမှာများ တွဲဆက်​​နေပါသလဲ။

အ​မှောင်​များ၊ ညှီစို့စို့ရနံ့များ၊ ​ချောက်​ချားဖွယ်​​ကောင်း​သော တိတ်​ဆိတ်​မှုများ။ သည်​လိုအရာ​တွေထဲမှာ အဘယ်​သို့​သော ​ပျော်​ရွှင်​မှုများဟာ ရုန်းထွက်​လာနိုင်​ပါသလဲ။ ​အမေးပုစ္ဆာများနှင့် သူ့တကိုယ်လုံးကိုက်​ခဲ​နေခဲ့​သော်​လည်း နာရီ​ပေါင်းများစွာ ကြာမြင့်​လာ​သောအခါမှာ​တော့ သူ့စိတ်​ဟာ တည်​ငြိမ်​စပြုလာပါသည်​။ ထိုစိတ်​နှင့်​အတူ ဘဝထဲမှ ဆွံ့အ​ပျောက်​ဆုံး​နေ​သော ​ပျော်​ရွှင်​မှုနှင့်​လည်း ပြန်​လည်​ဆုံ​တွေ့ရ​တော့မည်​ဟု ယုံကြည်​လာခဲ့သည်​။ေ​ပျာက်​ဆုံးသွား​သော သူ့မိတ်​​ဆွေကိုလည်း  လိုဏ်​​ခေါင်း၏ အတွင်းပိုင်းတ​နေရာရာမှာ ပြန်​လည်​ဆုံ​တွေ့ခွင့်ရလိမ့်​မည်​ဟု သူယုံကြည်​ထားပါသည်​။ ထိုမိတ်​​ဆွေဟာ လည်း သူ့လိုပဲ ​အေးစက်​မည်း​မှောင်​​နေ​သော လိုဏ်​​ခေါင်းတွေထဲမှာ  ​ပျော်​ရွှင်​မှုဆိုတာကို မွတ်သိပ်စွာနှင့်​ ရှာ​ဖွေ​နေခဲ့တဲ့လူ မဟုတ်​လား။ စိုထိုင်း​သောနံရံများကို ထိစမ်းပွတ်​သပ်ရင်း ​ခြေလှမ်း​တွေကို ​ရွေ့လျားလိုက်​သည်​။

ထူပြိန်း​သော အ​မှောင်​ထုထဲမှာ ​ရွေ့လျား​နေရင်းနှင့်​ ​ခွေ​အိပ်​နေ​သော​ ​မြွေတ​ကောင်​၏ပူ​နွေး​ပျော့​ပျောင်း​​သော ဝမ်းဗိုက်​သား ကိုပဲ ထိစမ်းမိ​လေမလား။ ဒါမှမဟုတ်​ ​ပျော်​ရွှင်​မှုဆိုတာဟာ အ​မှောင်​ထဲက​နေပြီး ဝုန်းခနဲ ခုန်​ထွက်​လာ​လေမလား။ ဒီလိုမှ မဟုတ်​ရင်​ သူ့​ရှေ့တည့်​တည့်​မှာ လူ့အရိုးစုကြီး​တွေ ဘွားခနဲပေါ်လာပြီး ​ဂျောက်​​ဂျောက်​ ဂျက်​ဂျက်​နှင့်​ လှုပ်​ယိမ်းပြ​နေ​လေ မလား။ စိ​တ်​လှုပ်ရှားစရာ​တော့ ​ကောင်းလှသည်​။

ဘာပဲ​ပြော​ပြော သူက​တော့ လိုဏ်​​ခေါင်း၏ အတွင်းပိုင်းတ​နေရာရာမှာ ​ပျောက်​ဆုံး​နေ​သော ​ပျော်​ရွှင်​မှုကို ပြန်​လည်​​တွေ့ရှိရ လိမ့်​မည်​ဟု မျှော်​လင့်​​ထားပါသည်​။ သူ့​ရှေ့တည့်​တည့်​မှာ​​တော့  လက်​​ချောင်းများဖြင့်​  ဆုပ်​ကိုင်​ထိစမ်း၍  မရနိုင်​​သော အ​မှောင်​များဖြင့်​ ​လေးလံ​အေးခဲနေဆဲ။

နိုင်ဝင်းသီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်