ညိုထက်ညို ● အောင်ဘညို (သို့မဟုတ်) ဘဝကို တစစီ လိုက်စမ်းသူ

June 13, 2017

ညိုထက်ညို ● အောင်ဘညို (သို့မဟုတ်) ဘဝကို တစစီ လိုက်စမ်းသူ
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၇

မှတ်မှတ်ရရ အဲဒီ ၂၀၁၃ စက်တင်ဘာလဆန်းပိုင်းမှာ ကျနော် ပြည်ပမှာ ခြောက်နှစ်ခွဲလောက် ခွဲနေခဲ့ရသော ရန်ကုန် သို့ ပြန်ရောက်သည်။

နောက်တစ်ပတ်လောက် နေတော့ ၃၃ လမ်း အထက်လမ်းက ‘လေထန်ကုန်း’ သို့ ရောက်သွားသည်။
လေထန်ကုန်းတခုလုံး အရင်ကလို စာရေးဆရာတွေတယောက်မှမရှိတော့ဘဲ ခြောက်သွေ့နေသည်။
စာရေးဆရာတွေ ‘လေထန်ကုန်း’ ကနေ ဘယ်စကြဝဠာထဲသို့ လွင့်စင်သွားကြသည်မသိ။

လေထန်ကုန်း၏တည်နေရာကလည်း အရင်လို ဓမ္မာရုံကလေး ရှေ့အုတ်ခုံပေါ်တွင်ရှိမနေတော့ဘဲ မျက်နှာချင်း ဆိုင်တိုက်က အုတ်ခုံပေါ်သို့ ရောက်နေသည်။

ကျနော်အံ့သြနေရင်းနှင့် အုတ်ခုံပေါ်မှာချထားသော စားပွဲကလေးတလုံးရှေ့မှာဝင်ထိုင်ရင်း လက်ဖက်ရည် ဖျော် သည့်နေရာတွင်ရှိနေသော ဟိုးအရင်တုန်းကရှိခဲ့သည့် လေထန်ကုန်းပိုင်ရှင် ညီအစ်ကိုနှစ်ယောက်အနက်မှ ညီ ဖြစ်ဟန်ရှိသည့် ဖျော်ဆရာကို မေးလိုက်သည်။

ဖျော်ဆရာက စာရေးဆရာတွေ လေထန်ကုန်းမှာမထိုင်တော့တာ ကြာပြီဖြစ်ကြောင်းနှင့် ကာတွန်းဆရာတွေ သာ နေ့လယ် တခါတခါ လာတတ်ကြောင်း ဖြေသည်။

စာရေးဆရာတွေ ဘယ်မှာပြောင်းထိုင်နေကြလဲဟု ကျနော်မေးတော့ ဗိုလ်ချုပ်လမ်းပေါ် ၃၄ လမ်းထိပ် က ‘လပြည့်ဝန်း’ လက်ဖက်ရည်ဆိုင်တွင် ကဗျာဆရာ တချို့တော့ နေ့လယ်ဘက်ပိုင်း ရှိတတ်သည်ဟု ဖြေသည်။

ခဏနေတော့ ကျနော်ထိုင်ရာက ပြန်ထလာခဲ့သည်။
………………………………       ……………………………       ………………………….

အဲဒီတရက် ပြီးတော့ ကျနော်နောက် တစ်လလောက်ကြာသည်အထိ ‘လေထန်ကုန်း’ က နတ်လမ်းညွှန် လိုက် သော ‘လပြည့်ဝန်း’ သို့ မရောက်သေးဘဲ ဖြစ်နေသည်။

ဒီလိုနှင့် တရက်ကျတော့ နေ့လယ်ပိုင်း ကျနော်ရွှေဘုံသာလမ်းရှိ သွားဆေးခန်းကအပြန် ဗိုလ်ချုပ်လမ်းအတိုင်း လမ်းလျှောက်ပြန်လာရင်း ၃၃ လမ်းထိပ်သို့ ရောက်လာသည်။

ဒီတော့မှ ‘လပြည့်ဝန်း’ ကို ကျနော် ပြန်လည်သတိရသည်။

ဆက်လျှောက်လာရင်း ၃၄ လမ်း ထိပ်ကိုရောက်တော့ ဗိုလ်ချုပ်လမ်းကိုမျက်နှာမူ၍ဖွင့်ထားသော ‘လပြည့်ဝန်း’ လက်ဖက်ရည်ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့သည်။

အထဲကိုလှမ်းကြည့်လိုက်တော့ အထဲမှာ နှစ်ဝိုင်းသုံးဝိုင်းလောက်ကလွဲ၍ လူတွေ ပြည့်နေသည်။
ကျနော် အုတ်လှေကားထစ်လေးပေါ်တက်ပြီး ဆိုင်ထဲဝင်ခဲ့သည်။
………………………………….      ……………………………….    …………………………

ဆိုင်ထဲရောက်တော့ လွတ်နေသောဆိုင်အလယ်က ဝိုင်းတဝိုင်းမှာ ဗိုလ်ချုပ်လမ်းဘက်ကို မျက်နှာမူရင်း ကျနော် ဝင်ထိုင်သည်။

ခဏနေတော့မှာလိုက်သောလက်ဖက်ရည် ကျဆိမ့်တခွက် ကျနော့်ရှေ့ ရောက်လာသည်။

ဘယ်ဝိုင်းမှာများ ကဗျာဆရာတွေထိုင်နေသလဲဟု ကျနော်ဘေးဘီကိုအကဲခတ်ကြည့်တော့ ကျနော့်ဘယ်ဘက် မျက်စောင်းထိုး ဆိုင်ဝကကောင်တာနှင့် ကပ်လျက်ဝိုင်းမှာ အခုလမှထွက်ဟန်တူသော စာအုပ်အသစ်စက်စက် တွေ စားပွဲပေါ်မှာချလျက်ထိုင်နေသော လူသုံးလေးယောက်ကို လှမ်းတွေ့သည်။

ထိုစဉ် ကျနော့်ကို ကျောပေးလျက်ထိုင်နေသော သူက ခုံကိုရွှေ့ထိုင်လိုက်သောကြောင့် သူနှင့် ခုနက ကွယ်နေ သည့်ကောင်တာနှင့် ကပ်လျက်ချထားသောခုံမှာ ဆိုင်နံရံကိုကျောပေးရင်း ထိုင်နေသောသူကို ကျနော်လှမ်းမြင် သည်။

လေးထောင့်စပ်စပ် မျက်မှန်ကော်ကိုင်းအနက်ရောင်နှင့် နီညိုရောင် အသားအရေပိုင်ရှင် ဖြစ်သူက ဖြူတဝက် နက်တဝက် ဖောင်းဝတ်ရောင်ဆံပင် မတိုမရှည်နှင့် ဖြစ်သည်။ ထိုသူ၏ ရှည်သည်ဟုဆိုနိုင်သော နှုတ်ခမ်းမွေး တွေကတော့ အောက်သို့ ကုပ်ကျနေသည်။

ဆရာအောင်ဘညိုဟု ကျနော့်နှုတ်မှရေရွတ်မိရင်း ရှေ့ကလက်ဖက်ရည်ခွက်ကိုကိုင်၍ ထိုဝိုင်းရှိရာ ထွက်လာခဲ့ သည်။

…………………………………………..    …………………………………..   ……………………………..

ကျနော် သူထိုင်နေရာ ခုံရှေ့ရောက်တော့ သူက စားပွဲဟိုဘက်ခြမ်းကလူနှင့် စကားပြောနေရာက ကျနော့်ကို မော့ကြည့်သည်။

‘ဆရာအောင်ဘညိုလားခင်ဗျ၊ ကျနော်ထိုင်ပါရစေ’ ဟု  ပဋိသန္ဓာရစကားဆိုရင်း ခုံတလုံးကိုဆွဲပြီး သူ့ရှေ့မှာ ကျနော်ဝင်ထိုင်လိုက်သည်။

သူက ကျနော့်ကို တချက်ထပ်ကြည့်ရင်း ‘သြော် ထိုင်ပါ ထိုင်ပါ ရပါတယ်’ ဟု တုံ့ပြန်သည်။

ကျနော်သူ့ရှေ့ခုံမှာဝင်ထိုင်ရင်း ကျနော့်လွယ်အိတ်ထဲမှာအသင့်ပါလာသည့်စက်တင်ဘာလထုတ် မဟေသီ မဂ္ဂဇင်းကလေး အား လှန်လိုက်ရင်း ထိုလမဟေသီ၏အဖွင့်ကဗျာကို လက်ညှိုးညွှန်ပြကာ

‘ဒါ ကျနော်ကဗျာပါဆရာ၊ ကျနော်ညိုထက်ညိုပါ’ ဟု ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

ကျနော့်ခေါ်ဖဲ မှန်သွား၍ ထင်သည်။ သူ့ထံမှ ချက်ချင်း ဖဲ ပြန်ကျလာသည်။

သူ ကျနော်ပေးသော မဟေသီကိုယူ၍ ကျနော့်ကဗျာကို တထိုင်တည်းဖတ်ပြီး ‘သြော် ဟုတ်ကဲ့ တွေ့ရတာ ဝမ်း သာပါတယ်’ ဟုကျနော့်ကို ပြောရင်း မဟေသီစာအုပ်ကလေးကို ကျနော့်ကို ပြန်ပေးသည်။

ကျနော့်အတွေးတွေက လွန်ခဲ့သော နှစ်နှစ်ဆယ်လောက်သို့ ပျံ့လွင့်သွားသည်။
………………………………..    ……………………………   …………………………….

အဲဒီတုန်းက ကျနော်ဆယ်တန်းအောင်ပြီးကာစ ၁၉၉၄ ခုနှစ်တဝိုက်လောက် ဖြစ်မည်ထင်ပါသည်။ အဲဒီတုန်းက ကျနော်အားလျှင် အားသလို ၃၃ လမ်း ထဲက ‘လေထန်ကုန်း’ ကို သွားသွားထိုင်တတ်သည်။

ကျနော်တွင် ဘာရည်ရွယ်ချက်မှတော့ မရှိ။

စာဖတ်ဝါသနာပါသူပီပီ ကိုယ်ဖတ်နေသောစာတွေကို ရေးနေသည့်စာရေးဆရာတွေကို အပြင်မှာ လူကိုယ်တိုင် မြင်ဖူးချင်စိတ်တခုသာ ရှိပါသည်။

တကယ်ရောက်တော့လည်း အုပ်စုလိုက်အုပ်စုလိုက်နှင့် ခုံလေးတွေမှာထိုင်နေကြသော ကိုယ့်ဆရာတွေကို ကျနော်တယောက်မှ မသိ။

ဒါပေမဲ့တရက်ကျတော့ ထိုင်နေသည့်ဆရာတယောက်က နောက်မှရောက်လာသော လူတယောက်ကို ‘ကိုအောင်ဘညိုလာဗျို့’ ဟု လှမ်းခေါ်သည်။

အရပ်ခပ်ပြတ်ပြတ်နှင့် လွယ်အိတ်တလုံးလွယ်ထားသော ကြေးညိုရောင်အသားအရေပိုင်ရှင် ထိုလူက နှုတ်ခမ်း မွှေးစစနှင့် ခြင်္သေ့လည်ဆံမွေးလို ဂုတ်မှာဝဲနေသောဆံပင်တွေကို နောက်ကို သိမ်းချထားသည်။

သြော်…ကျနော်တစ်ပုဒ်စနှစ်ပုဒ်စဖတ်ဖူးသော ကဗျာများ၏ပိုင်ရှင်ဖြစ်သော ကဗျာဆရာအောင်ဘညိုပါကလား။
လွန်ခဲ့သော နှစ်နှစ်သုံးနှစ်လောက်က ထွက်ခဲ့သည့် ‘ကမ်းလွန်လေ’ ကဗျာမဂ္ဂဇင်းကလည်း သူစီစဉ်သည် ထင် သည်။

နောက်ပိုင်း သုံးလေးငါးခါ သူ့ကိုလေထန်ကုန်းမှာထိုင်နေတာတွေ့ပြီးနောက်ပိုင်း ကျနော်လည်း သူ့ကို ကောင်း ကောင်း မှတ်မိသွားသည်။
………………………………………     …………………………………   ……………………………..

နောက်ပိုင်းလည်း သူ့ကဗျာတွေကို မဂ္ဂဇင်းတွေမှာ ကြိုကြားကြိုကြားအဆင့်မှ မကြာမကြာ တွေ့လာရသည်။

သူ့ကဗျာတပုဒ်အမည်ဖြစ်သော ‘ပင်လယ်အော်သံ’ကိုယူ၍ အမည်ပေးထားသော လေးဖြူ၏ဒုတိယမြောက် စီးရီး ထွက်လာသည်။

နောက် ဟန်သစ်မဂ္ဂဇင်း မှာ သူကဗျာအယ်ဒီတာလုပ်နေတာ ကြားရသည်။

နောက် မောင်အောင်ပွင့်အပါအဝင် သူလည်းပါဝင်ရေးသားသော ‘ဧကစာ မီးခိုးများ’ ထွက်လာသည်။

ဒီလိုနှင့် ၂၀၀၂ ခုနှစ် ရောက်တော့ ဆရာ ဆွေမင်း(ဓနုဖြူ) ၏ ‘ဘဝတစ်ခု အမှတ်တရ’ အမည် ဖြင့် သူ့ ကိုယ်ရေး အတ္ထပ္ပတ္တိဟု မခေါ်ထိုက်သော်လည်း သူ့ကိုယ်ပိုင်ဘဝတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကလေးတွေကို ရေး ထားသည့် စာအုပ်ကလေး ထွက်လာသည်။

အဲဒီစာအုပ်ကလေးမှာ ဆရာဆွေမင်း(ဓနုဖြူ) နှင့် သူ မန္တလေးမှာ ပထမဆုံးစတင် ဆုံစည်းရပုံကို ရေးထားသည့် ဆောင်းပါးတပုဒ် ပါသည်။

ဆောင်းပါး၏အမည်က ‘ငှက်ကြီးတောင် နှင့် ကဗျာဆရာ’ တဲ့ ….

ဖတ်ကြည့်လိုက်တော့ ၁၉၈၈ ခုနှစ်ဆန်းတွင် ဆရာဆွေမင်း(ဓနုဖြူ) နှင့် သူ မန္တလေးက မင်းတဲအီကင်း ရပ်ကွက် မှာ စတင်သိကျွမ်းခင်မင်ရပုံ ဖြစ်နေသည်။

ပြဿနာက ကဗျာဆရာ ဖြစ်သည်။

ဆရာဆွေမင်း(ဓနုဖြူ)နှင့် မောင်ဝင်းအောင်(မန္တလေး) မင်းတဲအီကင်းရပ်ကွက်ထဲသို့ ရောက်သွားချိန်တွင် ရပ် ကွက်ထဲမှာ ရန်ပွဲ ဖြစ်နေသည်။

ထိုအခင်းအကျင်းမှာ ငှက်ကြီးတောင်ဓားကို ကျောနောက်မှာဝှက်ထားသောသူနှင့် ဆရာဆွေမင်း (ဓနုဖြူ) အသိ အကျွမ်း ဖြစ်ရသည်။

ကဗျာဆရာဆိုလျှင် သေးလှီညှက်ပိန်ပြီး မျက်မှန်တပ်ကာ ပုံဖော်လေ့ရှိသော ကျနော်တို့ဝန်းကျင်တွင် သူသည် နှလုံးရည်သာမက လက်ရုံးရည်သမားတဦးလည်း ဖြစ်ပုံရသည်။
……………………………….    ……………………………….   ………………………………

ကျနော်တို့စကားဝိုင်းကိုပြန်ဆက်ကြတော့ ကျနော်က သူ့ကို သူ့ကဗျာထဲမှ တဆင့်သိနေသည့် သူ့ ‘ချစ်ဇနီးလေး မိနန်း’ အကြောင်း မေးသည်။

သူက နေကောင်းပါသည်ဟု ဖြေသည်။ ပြီးတော့ ယခုယုဇနဥယျာဉ် မြို့တော်တွင် နေထိုင်နေပါသည်ဟု ဆို သည်။

သူ့သားသမီးတွေအကြောင်းအထိတော့ ကဗျာဆရာဘဝ၏ အာဝေဋိကဒုက္ခတွေအကြောင်း သိပြီးဖြစ်သည့် ကျနော်မဆက်တော့ဘဲ ဟိုဟိုသည်သည် ထွေထွေရာရာတွေပဲ ဆက်ပြောဖြစ်ကြသည်။

အဲဒီမှာပဲ ကျနော်နယူးဇီလန်မှာနေတာသိသွားသည့် သူက ကျနော့်လိုပဲ နယူးဇီလန်မှာ ရောက်နေသည့် ကဗျာ ဆရာ အယ်ဒီတာ ဆရာခင်လွန်းအကြောင်း တခုတ်တရ မေးသည်။

သူ မေးနေတာကို ကြည့်ပုံအရတော့ ဆရာခင်လွန်းနှင့်သူ တကွေ့ကွေ့မှာ အတော်ပတ်သက်ဖူးပုံ ပေါ်သည်။

ကျနော်သူ့ကိုပြန်ဖြေပြီး ခဏနေတော့အိမ်ပြန်ရန် သူနှင့်တကွ ဝိုင်းထဲမှာထိုင်နေသည့် အခြားကဗျာဆရာများကို ပါ နှုတ်ဆက်ရသည်။

ပြီးတော့ ကျနော်အိမ်ကို ပြန်ခဲ့သည်။
…………………………………….    …………………………………   ……………………………….

နောက်တခါထပ်တွေ့ကြတော့ ကျနော်နယူးဇီလန်သို့ ပြန်ခါနီး တပတ်လာက်အလိုမှာ ဖြစ်သည်။ ကျနော်ထိုနေ့ နေ့လယ်ပိုင်းမှာ ‘လပြည့်ဝန်း’သို့ ရောက်သွားတော့ သူနှင့်တည့်တည့်တိုးသည်။ သူက ကျနော့်ကို ထိုနေ့မှာပဲ သူ ကမကထလုပ်ပြီး ထုတ်ဝေဟန်ရှိသည့် ကဗျာဆရာတယောက်ရေးသော ကဗျာစာအုပ် တအုပ်ကို လက်ဆောင် ပေးရင်း ကျနော်နှင့်အတူ ဆရာခင်လွန်းထံသို့ စာတစောင်ထည့်ပေးလိုက်ချင်ကြောင်း ပြောသည်။ ကျနော် လို လိုလားလားခေါင်းညိတ်မိတော့ နောက်သုံးရက်လောက်ကြာလျှင် ‘လပြည့်ဝန်း’ မှာပဲလာယူပေးပါရန် သူက ပြော သည်။ ကျနော်လည်း ပြန်ခါနီး၍ အလုပ်တွေရှုပ်နေသောကြောင့် ကြာကြာမထိုင်နိုင်တော့ဘဲ ခဏကြာတော့ သူ့ကိုနှုတ်ဆက်ပြီး ‘လပြည့်ဝန်း’ မှ ထရသည်။ သူကတော့ ဆိုင်ထဲမှာပဲ ထိုင်ကျန်ရစ်ခဲ့သည်။
……………………………………….   …………………………………….  …………………………………

သို့သော်… သို့သော်… သို့သော်… မြောက်မြားလှစွာသော သို့သော်တွေနှင့် ပြီးပြည့်စုံလှသော ကျနော်တို့ ဘဝ တွေထဲ သူ့ထံမှ ဆရာခင်လွန်းထံပေးလိုက်မည့် စာကလေးကို သွားယူရမည့်ကိစ္စလည်း ပါသွားသည်။ ကျနော် ပြန်ခါနီး အလုပ်အလွန်များနေသောကြောင့် သူ့ဘက်သို့ခြေဦးမလှည့်နိုင်ဘဲ ဖြစ်ခဲ့သည်။ ဒီလိုနှင့် ကျနော် သူ့ ထံသို့ ပြန်မရောက်ဖြစ်ဘဲ နယူးဇီလန်သို့ ပြန်ရောက်သွားသည်။ ပြန်ရောက်သွားပြီး လေးငါးလအကြာ ၂၀၁၄ ဧပြီလကျတော့ ဆရာခင်လွန်းနေထိုင်ရာ ဟယ်လ်မင်တန်မြို့ကလေးမှာကျင်းပသော မြန်မာသင်္ကြန်မှာ ကျနော် နှင့် ဆရာခင်လွန်း တွေ့မိကြသည်။ ဆရာခင်လွန်းကို သူနှင့် တွေ့ခဲ့ရသည့်အကြောင်းနှင့် သူ့ထံမှ စာကလေး ယူ မလာနိုင်ခဲ့သည့်အကြောင်း ပြောမိတော့ ဆရာခင်လွန်းက ခေါင်းညိတ်ရင်း ကျနော့်ကို နားလည်ကြည့်ဖြင့် ကြည့် နေသည်။ ပြီးတော့ ကျနော်တို့ နှစ်ယောက်လည်း လမ်းခွဲခဲ့ကြသည်။
……………………………………..   ………………………………………   ……………………………….

ဒီလိုနှင့် နောက်တစ်နှစ်ထပ်ကြာသွားပြီး ၂၀၁၅ ဇွန်လထဲလောက် ထင်သည်၊ တစ်ရက် ဗြုန်းခနဲ အင်တာနက် မှာ သူကွယ်လွန်ကြောင်း သတင်းတက်လာသည်။ ဘယ်ကဘယ်လို ကွယ်လွန်သွားမှန်းတော့မသိ။ ကျနော်က ကတော့ သူ ဆရာခင်လွန်းကိုပေးလိုက်မည်ဟုဆိုသော စာကလေးကို ဖျတ်ခနဲ သတိရမိသည်။ သူရေးပြီး ကျနော်သွားမယူဖြစ်သောကြောင့် မပေးဖြစ်ခဲ့သောစာကလေး ဘာဖြစ်သွားလဲမသိ။ မဆုံးခင် အင်တာနက်မှ တဆင့် ဆရာခင်လွန်းနှင့်သူ အဆက်အသွယ် ရသွားမရသွားလည်း ကျနော်မသိ။ ကျနော်သိလိုက်တာက သူ နှင့် ဆရာခင်လွန်းအပေါ် ကျနော်တာဝန်မကျေသလို ဖြစ်သွားခဲ့ရတာကိုပဲ ဖြစ်သည်။

……………………………………….   ………………………………………   …………………………………

ပြီးခဲ့တဲ့ နှစ်လကျော်ကျော်လောက်က ကျနော်ရန်ကုန်သို့ ပြန်ရောက်သည်။ ပြန်ရောက်ပြီး တစ်လခွဲလောက် ကြာတော့ ၃၄ လမ်းထိပ်က ‘လပြည့်ဝန်း’ သို့ နေ့လယ်ဘက် ပြန်ရောက်သွားသည်။ ‘လပြည့်ဝန်း’ တွင် ဟို အရင်တခါရောက်ခဲ့စဉ်က တွေ့ခဲ့သောကဗျာဆရာများ တယောက်မှမရှိဘဲ ပျောက်နေသည်။ ဆိုင်ကောင်တာမှာ ထိုင်နေသော ဆိုင်ပိုင်ရှင်ကိုမေးကြည့်တော့ ပူလွန်းသောကြောင့် ဘယ်သူမှမလာနိုင်တော့ဟု ဖြေသည်။ တဆက်တည်း ကျွဲကူးရေပါ သူ့အကြောင်းရောက်သွားတော့ ဆိုင်ရှင်လုပ်သူက ‘သူကတော့ ဘယ်သူ့မှ ဒုက္ခ မပေးသွားဘူးဗျာ…မုန့်ဟင်းခါးစားပြီး ခဏကြာတော့ ဦးနှောက်သွေးကြောပြတ်သွားတာ…ခေါက်ခနဲပဲ… အိမ်မှာ ပဲဆုံးသွားတာ’ ဟု သူ့ အဆုံးသတ် နိဂုံးကို ကျနော့်ကို ပြောသည်။ ပြီးတော့ ‘သူ မရှိကတည်းက ဒီမှာလည်း လူတွေသိပ်မရှိတော့ဘူး’ ဟု စကားဆက်ပြန်သည်။ ခဏနေတော့ ကျနော်လည်း ထိုင်ရာမှထပြီး အိမ်ကိုပြန်ခဲ့ သည်။

တနေ့ကတော့ Facebook ပေါ်က ဆရာခင်လွန်း၏စာမျက်နှာမှာ ဆရာခင်လွန်း ဖြတ်သန်းခဲ့သည့် သူ့ အကြောင်းနှင့် သူ့လက်ရုံးရည် ဇာတ်လမ်းတပုဒ် ဖတ်လိုက်ရသည်။ ကျနော်ကတော့ သူ့ကိုလူချင်း စတင်သိ ကျွမ်းခဲ့ရသည့်တရက်နှင့် နောက်ထပ် ထပ်တွေ့သည့်တရက်ကိုပဲ ပြန်မြင်ယောင်ရင်း မောင်ချောနွယ်၏ ကဗျာ တပုဒ်ထဲက ‘ဘဝကို တစ်စစီ လိုက်လိုက်စမ်းရ’ ဆိုသော စာကြောင်းကလေးကို သတိရနေမိသည်။ ကြည့်ရ တာတော့ သူလည်း နောက်ဆုံးမှာကဗျာကို တွေ့သည်အထိ သူ့ဘဝသူ တစစီ လိုက်စမ်းသွားခဲ့ဟန်တူပါသည်။။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်