ဇင်လင်း ● ရိုးရှင်းသည့် ရေးဟန်ဖြင့် အောင်မြင်ထင်ရှားခဲ့သူ

June 15, 2017

ဇင်လင်း ● ရိုးရှင်းသည့် ရေးဟန်ဖြင့် အောင်မြင်ထင်ရှားခဲ့သူ
(ဗြိတိသျှ စာရေးဆရာ ‘ဂျေ-ဘီ ပရိ စ် တ် လေ’)
(မိုးမခ) ဇွန် ၁၅၊ ၂ဝ၁၇

စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ် ဗြိတိသျှ စာပေလောကတွင် အထူးထင်ရှားခဲ့သော စာပေပညာရှင်များအနက်  ‘ဂျေ-ဘီ ပရိ စ် တ် လေ’ John Boynton Priestley လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ ‘ပရိစ်တ်လေ’ သည် အင်္ဂလန်နိုင်ငံ ဘရက်ဖိုဒ်မြို့၌ စက်တင်ဘာ ၁၃ ရက်နေ့ ၁၈၉၄ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ ၁၉၈၄ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့ အသက် ၉ဝ အရွယ်၌ စထရက်ဖို့အပွန်အေဗွန်မြိ့ Stratford-upon-Avon တွင် ကွယ်လွန်ခဲ့သည်။ ဗြိတိန်နိုင်ငံ၏ စာဖတ်ပရိသတ် အများစုကြီး က လေးစားချစ်ခင်သော စာရေးဆရာအနည်းငယ် တွင် Priestley  ပါဝင်သည်။ သူသည် စာပေရေးဖွဲ့မှု အတတ်ပညာ ကျွမ်းကျင်သူဖြစ်သည့်အလျောက် ရေးဟန်နှင့် စကားဝေါဟာရအသုံးအနှုန်းများ သိမ်မွေ့သဖြင့် သူ့အတွေးအမြင်များကို စာဖတ်သူထံ ကူးလူးခံစားနိုင်အောင် ရေးနိုင်စွမ်း သည်ဟု ဆိုသည်။ ထို့ကြောင့် ပရိသတ်အပေါ် သြဇာကြီးသော စာရေး ဆရာအဖြစ် သမိုင်းမှတ်တမ်းဝင်သော စာရေးဆရာ ဖြစ်သည်။ အများပြည်သူ၏ အကျိုးစီးပွားဘက်က ဒိုင်ခံရပ်တည် ပြောဆိုရမည့် ကိစ္စမှာ သူ့အလုပ်ဟု ခံယူထားသူဖြစ် သည်။ လူထုကိုယ်စားလှယ်အဖြစ် ရွေးကောင်တင်မြှောက်ခံထားရ သော နိုင်ငံရေးသမားများ မဟုတ် မတရားလုပ်လာပါက မထောက်မညှာ ဖွင့်ချဝေဖန်တတ်သူအဖြစ် Priestley ကို လူသိများသည်။ သူ၏ ဝတ္ထုများ၊ ပြဇာတ်များ၊ ရသစာတမ်းများ၊ ဆောင်းပါးများနှင့် ဟောပြောချက်များသည် ကြောင်းကျိုး ဆီလျော်၍ ရိုးသားပွင့်လင်းမှုရှိသည်ဟု ပရိတ်သတ်အများစုကြီး က အသိအမှတ်ပြုကြသည်။ ဒုတိယ ကမ္ဘာစစ်ကြီး အတွင်းက သူ၏ မျိုးချစ်စိတ် လှုံ့ဆော်သည့် ရေဒီယိုအသံလွှင့် ဟောပြောချက်များကြောင့် သူ့ကို ဗြိတိန်ရှိ ပရိသတ် အမြောက်အများက အားပေးထောက်ခံ ချစ်ခင်လေးစားကြသည်။

Priestley သည် ရသစာတမ်းရေးသူအဖြစ်ဖြင့် စာစရေးခဲ့သည်။ သူ၏ စကားလုံး ဝေါဟာရ အသုံးအနှုန်းနှင့် စာရေးသား ဟန်မှာ အရောင်အသွေးစုံ၍ သိမ်မွေ့လှပသည်ဟု ချီမွမ်းခံရသည်။ Priestley သည် ဗြိတိသျှစာဖတ်ပရိတ်သတ်အပေါ်တွင် သြဇာရှိရုံမက၊ ပရိတ်သတ်၏ ယုံကြည်လေးစား အားထားခြင်းခံရသော စာရေးဆရာတစ်ဦးအဖြစ် သမိုင်းမှတ်တမ်း တင်ခြင်းခံရသည့် စာရေးဆရာဖြစ်ပေသည်။ ၁၉၄၉ ခုနှစ်လောက်က ‘ဂျေ-ဘီ ပရိ စ် တ် လေ’ ၏ Delight ဆိုသည့် ရသစာတမ်းစာအုပ်တစ်အုပ် ထွက်ခဲ့ဖူးသည်။ စာအုပ်အမည်ကို ‘ပိတိသုခ’ ဟု ဆိုရမည်ထင်သည်။ Priestley က ၎င်း စာအုပ်တွင် သူစာရေးသည့်အခါ ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် ပရိသတ် နားလည်လွယ်သော အရေးအသားမျိုး ရေးသားနိုင်အောင် လုံ့လ ဥဿာဟ စိုက်ထုတ်အောင်မြင်သည့်အခါ ‘ပိတိသုခ’ (Delight) ခံစားရပုံကို ပြောပြထားသည်။
သူ ပြောပြပုံမှာ အောက်ပါအတိုင်းဖြစ်သည်။

“ကျွန်တော့် အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ လောက်ကဆိုရင် ဟောဒီ ဗြိတိန်နိုင်ငံမှာ စာရေးဆရာ တွေဟာ အခုခေတ် စာရေးဆရာတွေထက် များစွာသာလွန်ရုံမက၊ အရေးပါအရာရောက်သူတွေလည်း ဖြစ်ခဲ့ကြတယ်။ အဲဒီ စာရေးဆရာတွေဟာ လူထုရဲ့ယုံကြည်လေးစားခံရသူများဖြစ်တဲ့အလျောက် သူတို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါ အရာရောက်ပါတယ်။ သူတို့ရဲ့ ပြောကြားချက် ထင်မြင်ယူဆချက်တွေဟာ ထပ်တလဲလဲ ကိုးကားဖေါ်ပြတာ ခံရပါတယ်။ အဲဒီတုံးက စာရေးဆရာတွေ ဟောပြောမယ်ဆိုရင်၊ ဒါမှမဟုတ် ခေါင်းစဉ်တစ်ခု အယူအဆတစ်ရပ်အတွက် စကားစစ်ထိုး ရာမှာ စာရေးဆရာတွေ ပါတယ်ဆိုရင်၊ ပရိတ်သတ်တွေဟာ အလုအယက် အပြေးအလွှားရောက်လာကြတော့တာပဲ။ စာရေးဆရာတွေကို တွေ့ဖူးမြင်ဖူးချင်တာလည်းပါသလို၊ သူတို့ပြောတာဟောတာကို ကြားချင်ကြလို့လည်း အပြေး အလွှား လာကြတာ ဖြစ်ပါတယ်။ အဲဒီခေတ်ဟာ ဘားနတ်ရှော (Barnard Shaw)၊ အိပ်ခ်ျဂျီဝဲလ်စ် (H.G. Wells)၊ ဂျီကေ ချက်စ်တာတန် (G.K. Chesterton)၊ ဟီလယ်ရေ ဘဲလော့ (Hilaire Belloc) အစရှိတဲ့ ဆရာကြီးတွေရဲ့ခေတ်ပေါ့။ ဒီနေ့ခေတ်နဲ့နှိုင်းယှဉ်ပြောရရင် ရုပ်ရှင်မင်းသမီး မင်းသားနဲ့ အဆိုတော်တွေနောက်ကို လူငယ်တွေ တရုန်းရုန်းနဲ့ လိုက်ပြီး အားပေးနေကြသလိုပေါ့။ အရင် နှစ်ပေါင်း ငါးဆယ်လောက်က စာရေးဆရာကြီးတွေနောက်ကိုလည်း သူတို့ ပရိတ်သတ် တွေ တကောက်ကောက်လိုက်ခဲ့ကြတယ်။ ကျွန်တော်ဟာ အဲဒီလို သဘာဝက ဖန်တီးပေးခဲ့တဲ့ လက်တွေ့ဘဝ လောက ကြီးထဲမှာ ရှင်သန်ကြီးပြင်းခဲ့ရသူပါ။ ဒါပေမယ့် ကျွန်တော် ယုံကြည်တာ တစ်ခုရှိပါတယ်။ စာအုပ်နဲ့ စာရေးဆရာတွေ ရဲ့အခန်းကဏ္ဍကို မှေးမှိန်စေတဲ့ ခေတ်ရေစီးကြောင်းဟာ နောက်ဆုံးမှာတော့ အလှည့်အပြောင်းဖြစ်သွားရမှာ ဖြစ်ပါတယ်။ စာအုပ်…အထူးသဖြင့် ရည်ရွယ်ချက် အနှစ်သာရကောင်းတဲ့ စာအုပ်တွေနဲ့ အလေးအနက် စာဖတ်တဲ့ အထုံဝါသနာတွေ ဟာ တစ်ကျော့ပြန်လာနေပါပြီ။ စာပေဟာ အသစ်တဖန် ပြန်လည်တိုးတက်မြင့်မားလာနေပါပြီ။”

အထက်ပါ စကားရပ်မှာ ဒုတိယ ကမ္ဘာစစ်ကြိုခေတ်က ဗြိတိန်နိုင်ငံတွင် အထူးထင်ရှားခဲ့သော စာရေးဆရာများအနက် တစ်ဦးဖြစ်သည့်  ‘ဂျွန်ဘွိုင်တန် ပရိ (စ်)(တ်) လေ’ John Boynton Priestley ၏ ဟောပြောချက်တစ်ခုမှ ကောက်နှုတ်ချက် ဖြစ်သည်။ ဗြိတိန်နိုင်ငံ စာဖတ်ပရိသတ်အများစုကြီး ချစ်ခင်လေးစာမှုခံရသော စာရေးဆရာအနည်းငယ်တွင် ‘ဂျေ-ဘီ ပရိ စ် တ် လေ’ လည်း တစ်ဦး အပါအဝင်ဖြစ်သည်။ ‘ဂျေ-ဘီ ပရိ စ် တ် လေ’ သည် ရသစာတမ်းဆရာအဖြစ် စတင် ထင်ရှားခဲ့ သော်လည်း ဝတ္ထုနှင့် ပြဇာတ် အများအပြားလည်း ရေးသားအောင်မြင်ခဲ့သည်။ အောင်မြင်ထင်ရှားသော စာပေဝေဖန်ရေး ဆရာလည်းဖြစ်သည်။ အောင်မြင်သော စာပေဝေဖန်ရေး စာအုပ်များမှာ The English Novel (1927), English Humour (1929)နှင့် Literature and Western Man (1960) တို့ဖြစ်သည်။

၁၉၅ဝ ခုနှစ်လောက်က ‘ဂျေ-ဘီ ပရိ စ် တ် လေ’ ၏ ပီတိသုခ (Delight) ဆိုသည့် စာအုပ်ထွက်ခဲ့ဖူးသည်။ ထို စာအုပ်တွင် ‘ပရိ စ် တ် လေ’ က သူစာရေးသည့်အခါ ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် ပရိသတ် နားလည်လွယ် သော အရေး အသားမျိုးကို ရေးနိုင်အောင် အထူးလုံ့လစိုက်ထုတ်ရေးခဲ့ကြောင်း၊ သူ့အရေးအသားအောင်မြင်သည့် အခါ သူ့အနေဖြင့် မည်သို့ ပီတိသုခ ခံစားရကြောင်းကို ဖေါ်ပြထားသည်။ သူရေးသားတင်ပြပုံကို စကားပြောဟန်ဖြင့် ကောက်နှုတ် တင်ပြလိုက်ပါသည်။

လူငယ် စာပေဝေဖန်ရေးဆရာတစ်ဦးနဲ့ အချိန်အတော်ကြာ စကားလက်ဆုံကျ ဖြစ်တယ်။ စကားအဆုံးမှာ သူ့ရဲ့ ရိုးသားမှုအတွက် သူ့ကို လူပုဂ္ဂိုလ်အရ လေးစားသွားမိတယ်။ ဒီလို ပြောတာဟာ သူ့ကို တန်ဖိုး သင့်လိုက်တာ မဟုတ်ဘူး နော်။ သူက ကျနော့်ကို စိုက်ကြည့်ရင်း ဖြည်းဖြည်းပြောပုံက… “ခင်ဗျား စကားပြောတာ နားထောင်ရတာ ခက်ခဲနက်နဲလွန်း တယ်။ သဘောပေါက်အောင် အတော် ကြိုးစားရတယ်။ ဒါပေမယ့် ခင်ဗျားရဲ့စာတွေ ဖတ်ကြည့်တော့ ရိုးရှင်းလွယ်ကူနေပြန် တယ်။ ကျနော်တော့ ခင်ဗျားကို နားမလည်နိုင်အောင်ပါပဲဗျာ..” တဲ့။

ဒီတော့ ကျနော်က အခုလို ပြန်ပြောရတယ်။ “အဲဒီလို စာတွေကို ရိုးရိုးရှင်းရှင်းလွယ်လွယ်ကူကူရေးနိုင်ဖို့ ကျနော် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရတာကို ခင်ဗျား သိနိုင်မယ် မထင်ဘူး။ ခင်ဗျားက အပြစ်လို့ မြင်နေတဲ့ ကိစ္စကို ကျနော်က သန့်စင်မွန်မြတ်မှုလို့ မြင်နေတယ်လေဗျာ။” လို့ ပြန်ပြောဖြစ်တယ်။

အမှန်တော့ ဒါဟာ သူနဲ့ ကျနော်နဲ့ကြားမှာ မျိုးဆက်ကွာဟမှုရှိနေပြီဆိုတာကို ဖေါ်ပြနေတာဖြစ်တယ်။ သူနဲ့ ခေတ်ပြိုင် မျိုးဆက်ဟာ ၁၉၃ဝ ခုနှစ် စောစောပိုင်း နှစ်တွေအတွင်မှာ ရင့်ကျက်လာကြသူတွေဖြစ်တယ်။ စာကောင်း ပေကောင်းဆိုတာ ခက်ခဲရမယ် နက်နဲရမယ်လို့ ထင်မြင်နေကြသူတွေဖြစ်တယ်။ သူတို့မျိုးတက်ဟာ လူထုဆက်သွယ်ရေး စနစ် အဆန်း တကျယ် တိုးတက်ဖြစ်ထွန်းလာတဲ့ ခေတ်ကာလကြီးကို အတိုက်အခံပြု မွေးဖွားလာကြသူတွေ ဖြစ်တယ်။ သူတို့မျိုးဆက်ဟာ လူထုကြီးနဲ့ မျှဝေခံစားချင်တဲ့ သဘောထားမရှိဘူး။ နားလည်ရခက်ခဲတဲ့ အရေးအသားမျိုးဟာ သူတို့လူမှုအသိုက်အဝန်းလေး ထဲမှာ စကားဝှက်သဘောဆောင်နေတယ်။ ပရိသတ်ကို ဦးနှောက်စားစေပြီး ပင်ပမ်း ချွေးပြန်အောင်လုပ်နိုင်မှ စာရေးဆရာ ကောင်းလို့ သူတို့မျိုးဆက်က သတ်မှတ်ချင်ကြတယ်။ အလွန်လျှို့ဝှက်နက်နဲပြီး ကြီးကျယ်ခမ်းနာအောင် ရေးတတ်မှ သူတို့ က အထင်ကြီးကြတာ။ နိုင်ငံရေးခေါင်းဆောင်ကြီးများနဲ့တူတဲ့ ကဗျာဆရာတွေလိုပဲ ဝေဖန်ရေးဆရာများဟာလည်း ဘုရင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးများသဖွယ် စာပေလောကထဲ ဝင်လာတတ်ကြတယ်။ ငွေရဖို့သက်သက် အပျော်ဖတ် စာရေး ဆရာ တွေနဲ့ မတူခြားနားတဲ့ တကယ့်စာပေအနုပညာရှင်စစ်စစ်တွေက  သူတို့တင်ပြချင်တဲ့ အတွေးအမြင်တွေကို လွယ်ကူရိုး ရှင်းစွာ ရေးသားတင်ပြခြင်းနဲ့ အစပျိုးတတ်ကြတယ်။ သူတို့အနေနဲ့ စာဖတ်သူတွေကို အရူးလုပ်လိုတဲ့ သဘောထားမရှိဘူး။ သိမ်မွေ့နက်နဲတဲ့ သူတို့အမြင်ကို ရိုးရိုးရှင်းရှင်းပဲ တင်ပြလေ့ရှိတယ်။

ခက်ခဲနက်နဲတဲ့ စာပေအရေးအသားမျိုးကို ပရိသတ်က တောင်းဆိုတာမျိုး ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရွေးစင် လူတစ်စု လောက်သာ နားလည်နိုင်တဲ့ အရေးအသားမျိုး၊ ခေါင်းစားစေတဲ့ အရေးအသားမျိုး၊ လျှို့ဝှက်လှည့်စားတဲ့ အရေး အသားမျိုးတွေ ဆိုရင် ပြန်လည် ရှင်းလင်းဖွင့်ဆိုပေးရမှာ စာပေရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ တကယ်တော့ လူနားမလည် အောင် ရေးထားတဲ့ စာပေမျိုးမှာ အခြေခံ သဘောတရားရယ်လို့လည်း ရှိတာမဟုတ်ပါဘူး။ ဒါကြောင့်လည်း သူတို့ရဲ့ နောင်တော်ကြီးများက သူတို့မျိုးဆက်အပေါ် အကောက်အယူလွဲတာပေါ့။ သူတို့ရဲ့ အမြင်ကျဉ်းမြောင်းမှု၊ မာန်မာန ထောင်လွှားမှုတွေ အတွက် သူတို့အပေါ် ပြောကြဆိုကြတာတွေဟာ မတော်မတရား စွပ်စွဲတာတော့ မဟုတ်ပါဘူး။ သူတို့ကို မရိုးဖြောင့်ဘူးလို့လည်း မဆိုကြပါဘူး။ သူတို့က ရိုးလိုက်သမှ စိတ်ပျက်စရာကောင်းလောက်အောင်ကို ရိုးကြတာ။ ဘယ်လိုရိုးသလဲဆိုရင် ဆူးတွေထူထပ်လှတဲ့ တောခြုံတွေနောက်မှာ ပုန်းအောင်နေတတ်တဲ့ စာပေ အနုပညာသမားတွေ သာလျှင် စစ်မှန်တဲ့ စာပေအနုပညာရှင်တွေဖြစ်တယ်လို့ ယုံကြည်နေတာမျိုးပေါ့။ သူတို့မျိုးဆက်ဟာ ပရိတ်သတ်ကို ကြောက်ကြောက်လန့်လန့်နဲ့ ကြီးပြင်းလာကြပုံပါပဲ။ အစွန်းမရောက်တဲ့ အလယ်အလတ်နှုန်းစံ တန်ဖိုး တွေဟာ လက်ရှိ လူထုခေတ်သစ်ကြီးရဲ့ ခြောက်လှန့်မှုကို ခံနေကြရတယ်လို့ သူတို့က ထင်နေကြပုံပဲ။

ကျနော်က ၁၉ ရာစုနှစ်ထဲမှာ လူဖြစ်ခဲ့တာဆိုတော့ ကျနော့်အတွေးအခေါ် အယူအဆတွေအပေါ် သြဇာသက် ရောက်မှု အရှိဆုံးနှစ်တွေက ၁၉၁၄ ခုနှစ် မတိုင်မီ နှစ်တွေဖြစ်တယ်။ မှားတယ်ဆိုဆို မှန်တယ်ပြောပြော ကျနော်ကတော့ လူထုပရိတ် သတ်ကို ကြောက်စရာလို့ မမြင်ဘူး။ ကျနော့်အမြင်မှာ အနုပညာဆိုတာ ကိုယ့်အတွင်း အဇ္ဈတ္တနဲ့ တသားထဲ ကျရမယ်ဆို တာမျိုး မဟုတ်ဘူး။  အနုပညာဆိုတာ မိမိရဲ့ အတွင်း အဇ္ဈတ္တနဲ့ ထပ်တူကျဖို့လိုတယ် ဆိုတဲ့ အယူအဆဟာ ကျနော်တို့ခေတ်ရဲ့ ပဓါနကျတဲ့ အမှားကြီးတစ်ခုဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျနော်ဟာ ဒီကနေ့ လူအများသတ်မှတ် တဲ့  “ပညာတတ်” တစ်ယောက်ဖြစ်လို့ပဲ။ ကျနော့်ထက်ငယ်ရွယ်တဲ့ လူငယ်မျိုးဆက်ထဲက “ပညာတတ်”တွေနဲ့ကျနော်ဟာ  ဘာမှခြားနားမှု မရှိပါဘူး။

ကျနော်တို့ အနီးအနားပတ်ဝန်းကျင်မှာ ရှိတဲ့ စက်ရုံ အလုပ်ရုံတွေ၊ ဈေးဆိုင်တွေ စားသောက်ဆိုင်တွေထဲမျာ ရှိနေကြတဲ့ လူတွေနဲ့ ကျနော့်ကြားမှာ ဖန်သားတံတိုင်းကြီးတစ်ခု ခြားနေတယ်လို့ ကျနော် မခံစားမိရိုး အမှန်ပါ။ ဒါကြောင့် ပိုမိုကျယ်ပြန့်တဲ့ လူထုဆက်သွယ်ရေး လမ်းကြောင်းမျိုးကို ကျနော်ပိုပြီး လိုလားတောင့်တတာ ဖြစ်ပါတယ်။  ဒီ သဘောနဲ့ ကျနော်ဟာ နားလည်ရလွယ်ပြီး ရိုးရှင်းတဲ့ အရေးအသားမျိုးကို ရည်ရွယ်ချက်ရှိရှိ အာရုံစိုက်ရေးသားခဲ့တာ ဖြစ်ပါတယ်။ ခက်ခဲနက်နဲပြီး နားလည်ရ မလွယ်ကူတဲ့ အရေးအသားမျိုးကို ရှောင်ရှားခဲ့တာဖြစ်ပါတယ်။ လက်ငင်း ရေးလို ပြောလိုတဲ့ အကြောင်းအရာက ဘာအကြောင်းအရာပဲ ဖြစ်ဖြစ် လူအများဆီ ဆက်သွယ်ရောက်ရှိနိုင်မယ့် နည်းလမ်းဟာ စားသောက်ဆိုင်ထဲမှာ အော်ကြီးဟစ်ကျယ် ဖတ်ပြမှ ဖြစ်နိုင်မယ်ဆိုရင်တောင် အဲဒီနည်းလမ်ဒကိုပဲ ကျနော် သုံးမယ်။ ဆုင်ပေါင်းများစွာမှာ ကျနော့်အသံကို နားထောင်ကြ နားလည်ခံစားကြမယ့် အချိန်တော့ ရောက်လာမှာပါပဲ။

ကျနော့်အနေနဲ့ သိမ်မွေ့နက်နဲပြီး နက်နက်ရှိုင်းရှိုင်း ထိုးထွင်းကြည့်မှ သိမြင်နိုင်မယ့် သဘောမျိုးတွေကို သိလေဟန် မဆောင်တတ်ဘူး။ ကျနော စာရေးတဲ့အခါ တကယ့် ပကတိ ရှိနေတဲ့ အခြေအနေထက် ပိုမို ရှင်းလင်း သရုပ်ပေါ်လာအောင်သာ ကြိုးစားပြီး ရေးဖွဲ့ပါတယ်။ စာဖတ်သူ လွယ်လွယ်ကူကူ ရိုးရိုးရှင်းရှင်း ခံစားနားလည်စေနိုင်ဖို့ ကျနော့်အနေနဲ့ ချွေးဒီးဒီးကျအောင် အားထုတ်ရေးသားခဲ့ရပါတယ်။ ခက်ခဲနက်နဲတဲ့ အကြောင်းအရာတွေကိုမှ ပြင်းပြင်းထန်ထန်အားစိုက်စဉ်းစားလိုကြတဲ့ ပညာရှိ သုခမိန်တွေအနေနဲ့ ကြည့်ရင်တော့ ကျနော်ဟာ သိပ်ရိုးလွန်းတယ်လို့ ထင်ကြမယ်ဆိုတာ သံသယမရှိပါဘူး။

“စာပေဆိုသည်မှာ ဦးနှောက်ပိုင်းဆိုင်ရာ စွမ်းဆောင်ချက် ဖြစ်သည်။” ဆိုတဲ့ အယူဝါဒမျိုးက ကျနော့ကို လွှမ်းမိုး နိုင်စွမ်း မရှိဘူးလို့ ဆိုပါရစေ။ တချို့သော ခေတ်ပြိုင် စာပေဝေဖန်ရေးဆရာတွေ အနေနဲ့ စစ်တုရင် ကွက်ကျပ်တွေကိုသာ နက်နက်နဲနဲ စဉ်းစားဖြေရှင်းနေဖို့ကောင်းတယ်။ “စကားဝှက်” တွေကိုအနက်အဓိပ္ပါယ် ဖေါ်နိုင်ဖို့ အာရုံစိုက်နေကြရင် ပိုတောင် ကောင်းဦးမယ်လို့ ကျနော် ထင်တယ်။ ကျနော်ရေးတဲ့ စာတွေဟာ သူတို့လို ပုဂ္ဂိုလ်တွေ ဖတ်ဖို့မဟုတ်တာတော့ သေချာတယ်။ သူတို့လို ဝေဖန်ရေးဆရာတွေ မျက်စေ့ကျဖို့ အတွက် ကျနော် စာပေရေးသားနေတာ မဟုတ်တာလည်း သေချာပါတယ်။

ကျနော်ကြိုးစားအားထုတ်ပြီး ရေးနေတဲ့ ရိုးရိုးရှင်းရှင်း ရေးဟန်မျိုးကို သိပ်လွယ်တယ်ထင်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ပြောလိုတာက၊ ခင်ဗျားတို့ကိုယ်တိုင် ရိုးရိုးရှင်းရှင်း ရေးဟန်ကို စမ်းကြည့်ကြစမ်းပါဦး၊ ကျနော့်အဖို့တော့ အရင်ကထက် ပိုပြီး အခု လွယ်လွယ်ကူကူ ရေးနိုင်လာပါတယ်။ ဒါပေမယ့် အဲဒီလို ရေးသားနိုင်ဖို့ဆိုတဲ့ ကျနော်ရဲ့ ရည်ရွယ်ချက် အမြင် အယူအဆကို နှစ်ပေါင်းများစွာ ကြိုးစားပမ်းစား အားထုတ်ပြီးမှ ရရှိခဲ့တာ ဖြစ်တယ်။ ကျနော် ရေးခဲ့တဲ့စကားပြေ တစ်ပုဒ် ဆိုပါတော့။ ကျနော့် တစ်သက်တာမှာ အကောင်းဆုံး ရိုးရိုးရှင်းရှင်းရေးဖွဲ့နိုင်ခဲ့တဲ့ ပရိတ်သတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ စာမျိုးကိုတောင် အခု ပြန်ရေးပါဆိုရင် ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလို ရေးဖွဲ့နိုင်ဖို့ကိုပဲ ကျနော့်မှာ နှစ်ပေါင်းများစွာ ဝိရိယ စိုက်ထုတ်ခဲ့ရတာပါ။ ရည်ရွယ်ချက် ထက်ထက်သန်သန်နဲ့ ကြိုးပမ်းခဲ့ရတာပါ။

အစ ပြန်ကောက်ရရင် အဲဒီလို ရိုးရိုးရှင်းရှင်း ရေးနိုင်အောင် ကျနော်အားထုတ်ခဲ့တာကိုပဲ ကျနော့်မိတ်ဆွေ လူငယ်စာပေ ဝေဖန်ရေးဆရာက ကျနော့်အပေါ် နားမလည်နိုင်ဘူးလို့ ပြောနေတာပါ။ အများနဲ့မတူတဲ့ ကျနော့် ရိုးရိုးရှင်းရှင်း ရေးဟန်ကိုပဲ သူက သဘောမတွေ့နိုင် ဖြစ်နေခဲ့တာပါ။ အဲဒီလို ရိုးရိုးရှင်းရှင်း ရေးဖွဲ့တတ်တဲ့ “ဝသီ”ကလေး မှာကိုပဲ သူ့ကိုယ်ပိုင်အားထုတ် အောင်မြင်မှုသဘောကလေး ရှိပါတယ်။ ဒီလိုပါ။ စီ-ဂျီ-ယွန်း(ဂ်) မွေးနေ့ပွဲမှာ ကျနော့်ကို လေလှိုင်းကနေ ဂုဏ်ပြုစကား အနည်းငယ် ပြောပေးဖို့ တောင်းဆိုလာပါတယ်။ ကျနော်က ယွန်း(ဂ်)ရဲ့ ဆောင်ရွက်ချက် များနဲ့တကွ သူ့ရဲ့ကိုယ်ကျင့် သိက္ခာတို့ကို အလွန်ကြည်ညိုလေးစားသူ ဖြစ်ပါတယ်။ စီ-ဂျီ-ယွန်း(ဂ်) လို ပုဂ္ဂိုလ်တစ်ဦး အကြောင်းကို ၁၃ မိနစ်ခွဲလောက်နဲ့ ပြောရမှာဆိုတော့ ဘယ်အချက်ဟာ လိုအပ်တယ်။ ဘယ်အချက်ဟာ မလိုအပ်ဘူး ဆိုတာကို သာမန်သောတရှင်တစ်ဦးတောင် သိနိုင်တဲ့ ကိစ္စပါပဲ။ ဒါပေမယ့် ကျနော်မိတ်ဆွေ ဝေဖန်ရေးဆရာကတော့ ဒါဟာ မဖြစ်နိုင်တဲ့ ကိစ္စလို့ ဝေဖန်ပါတယ်။ စိတ်ပညာရှင်များကလည်း ဒါဟာ ဖြစ်နိုင်ဖွယ်ရာ မရှိဘူးလို့ ဆိုကြပြန်ပါတယ်။

ဒါပေမယ့် ပထမတန်းစား အချက်အလက် အထောက်အထားတွေကို ကျောထောက်နောက်ခံပြုပြီးတော့ ကြောင်း ကျိုး လျော်ကန်သင့်မြတ်အောင် ကျနော် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ခက်ခဲတယ်ဆိုပေမယ့် မပြောပလောက်တဲ့ တာဝန်ကလေးတစ်ခုပါပဲ။ ဘာပဲပြောပြော ဒီတာဝန်ကို ဆုံးခန်းတိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း ဟာ “ကျောက်ခဲထဲက ပျားရည်ရ” ဆိုသလိုပါပဲ။ ပိတိသုခရဲ့ ချိုမြတဲ့ ရသကို တွေ့ထိခံစားခွင့် ရရှိလိုက်တာပဲ….လို့…ဆိုပါရစေ။

Reference:
– Making Writing Simple by  J. B. Priestley
– British Authors by Richard Church, Longmans Green and Co. London.
– https://www.britannica.com/biography/J-B-Priestley


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်