ဇင်လင်း ● မော်ကွန်းတင် ဂုဏ်ပြုခံခဲ့ရတဲ့ အမေရိကန် အမျိုးသမီးသတင်းထောက် နယ်လီ ဘလိုင် (Nellie Bly)

June 18, 2017

ဇင်လင်း ● မော်ကွန်းတင် ဂုဏ်ပြုခံခဲ့ရတဲ့ အမေရိကန် အမျိုးသမီးသတင်းထောက် နယ်လီ ဘလိုင် (Nellie Bly)  
(မိုးမခ) ဇွန် ၁၈၊ ၂၀၁၇
I was too impatient to work at the usual duties assigned women on newspapers.
<Nellie Bly> – Six Months In Mexico (1888)

Nellie Bly:  A pioneering 19th Century Investigative Journalist – (Born May 5, 1864 – died January 27, 1922)

အဲလစ်ဇဘက် ကော့ခရိန်း(Elizabeth Cochrane) ဟာ သတင်းစာလောကထဲကို အစောဆုံး ရောက်ရှိလာတဲ့ အမေရိကန် အမျိုးသမီး သတင်းစာဆရာမတစ်ဦးလို့ ဆိုနိုင်ပါတယ်။ သူမရဲ့ကလောင်နာမည်က နယ်လီ ဘလိုင် (Nellie Bly) လို့ ထင် ရှားပါတယ်။ အဲလစ်ဇဘက်ဟာ သတင်းစာ ဆရာမအဖြစ်သာမက စာရေးဆရာမ၊ စက်မှုလုပ်ငန်းရှင်၊ တည်ထွင်ပညာရှင်၊ လူမှုကယ်ဆယ်ရေးလုပ်သူ စသည်ဖြင့်လည်း လူသိများပါတယ်။  အဲလစ်ဇဘက်ကို ၁၈၆၄ ခုနှစ် မေလ ၅ ရက်နေ့မှာ မွေး ဖွားတယ်လို့ ဆိုပါတယ်။ ပင်ဆီဗေးနီးယား ပြည်နယ်မှာရှိတဲ့ သူမရဲ့ဖခင် Michael Cochran ရဲ့ စက်ရုံဝင်းထဲမှာ ဖွားမြင် ခဲ့တယ်။ သူမရဲ့ ဖခင်မိုက်ကယ်ဟာ ပထမအိမ်ထောင်နဲ့ သားသမီး ၁၀ ယောက်ရှိတယ်။ နယ်လီရဲ့မိခင် မေရီ ဂျိန်း ကော့ခရန် က မိုက်ကယ် ကော့ခရန်ရဲ့ ဒုတိယအိမ်ထောင်ဖြစ်ပြီး သားသမီး ၅ ယောက် ထပ်ရပါတယ်။ အဲလစ်ဇဘက်ဟာ ငယ်စဉ် ကတည်းက စာရေးဆရာမဖြစ်ဖို့ အမြဲတမ်းလို ဆန္ဒရှိနေခဲ့တယ်လို့ဆိုပါတယ်။ မိသားစုထဲမှာလည်း သူမဟာ မဟုတ်မခံ ပုန်ကန်လိုစိတ်ရှိ သူလို့လည်းပြောစမှတ်ရှိတယ်။ သူမဟာ လွတ်လပ်လိုတဲ့ အမြင်အယူအဆရှိသူဖြစ်ကြောင်း ထင်ရှားတာ တစ်ခုရှိတယ်။ သူ့ဖခင်မျိုးရိုးနာမည်က Cochran ဖြစ်တယ်။ ဒါပေမယ့် အဲလစ်ဇဘက်က သူမရဲ့အမည်မှာ နောက်က ‘e’ တစ်လုံးထပ်ပေါင်းပြီး Cochrane လို့ ပြောင်းရေးခဲ့တယ်။

နယ်လီ ၆ နှစ်သမီး အရွယ်မှာ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးတဲ့နောက်မှာ အဲလစ်ဇဘက်ရဲ့ မဟုတ်မခံစိတ်ဓါတ်ကပိုမို ရင့်သန် လာတယ်လို့ဆိုတယ်။ သူမရဲ့ မိခင်ဖြစ်သူဟာ မုဆိုးမတစ်ဦးဖြစ်တဲ့အတွက် အဲဒီခေတ်ကာလက သားသမီးတွေ လူလား မြောက်အောင် ကျွေးမွေး စောင့်ရှောက်ဖို့ အလွန်ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် သူမရဲ့ မိခင်က မိသားစုအတွက် အထောက် အကူရလိုတာကြောင့် နောက်အိမ်ထောင်ပြုခဲ့တယ်။ ဒါပေမယ့် နောက်အိမ်ထောင် ပထွေးဖြစ်သူက မိသားစုအပေါ် နှိပ်စက် ရမ်းကား တယ်လို့ ဆိုတယ်။ ဒါကြောင့် နောက်ဆုံးမှာ အဲလစ်ဇဘက်ရဲ့ မိခင်က တရားရုံးမှာ ကွာရှင်းဖို့ကြိုးစားခဲ့တယ်။ အဲဒီခေတ်က ရုံးတွေက လွယ်လွယ်နဲ့ ကွာရှင်းခွင့် မပေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် တရားရုံးတော်မှာ အဲလစ်ဇဘက်က မိခင်ကိုယ်စား သက်သေထွက်ဆိုပြီး ကွာရှင်းခွင့်ရအောင် လုပ်ခဲ့တယ်။ ‘ကျမရဲ့ ပထွေးဟာ ကျမအမေနဲ့ အိမ်ထောင် ကျပြီးကတည်းက အမြဲတမ်းလိုလို မူးယစ်သောက်စားနေသူ ဖြစ်ပါတယ်’ လို့ တရားရုံးမှာ သက်သေထွက်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး အမျိုးသမီးတစ်ယောက်အနေနဲ့ ငွေရေးကြေးရေးအရ လွတ်လပ်ခွင့်ရရှိရေးဟာ အလွန်ခက်ခဲတဲ့ ကိစ္စဖြစ် တာကို အဲလစ်ဇဘက် နားလည်သဘောပေါက်ခဲ့တယ်။

၁၈၈၀ ခုနှစ် အဲလစ်ဇဘက် ဆယ်ကျော်သက်အရွယ်မှာ အီလီနွိုက်စ် ဆရာအတတ်သင်ကျောင်းမှာ စာရင်းသွင်း ကျောင်း တက်ခဲ့တယ်။ စာသင်နှစ် တစ်နှစ်ပြီးဆုံးတဲ့နောက် ကျောင်းလခ မပေးနိုင်တော့လို ကျောင်းထွက်ခဲ့ရတယ်။ နောက်တော့ မိခင်နဲ့အတူ ပစ္စဘာ့ဂ်မြို့ကို ပြောင်းရွှေ့ခဲ့တယ်။ အဲဒီ မြို့က ဘော်ဒါကျောင်းတစ်ခုမှာ ကူညီလုပ်ကိုင်ခဲ့တယ်။ ဒီ့အပြင် အဲလစ်ဇဘက်ဟာ သူမရဲ့ စာရေးသားတဲ့ ၀ါသနာကို ဘယ်တော့မှ မစွန့်လွှတ်ခဲ့ဘူး။ ၁၈၈၅ ခုနှစ် အဲလစ်ဇဘက် အသက် ၁၈ နှစ်အရွယ်လောက်မှာ ပစ္စဘာဂ် သတင်းစာ (Pittsburg Dispatch) ရဲ့ အယ်ဒီတာ့ထံပေးစာ ကဏ္ဍကနေ အမျိုးသမီး တွေကို နှိမ်ချရေးသားထားတဲ့ ဆောင်းပါးတစ်စောင်ကို ရှုံ့ချဝေဖန်စာ ရေးခဲ့ပါတယ်။ အီရပ်စမတ် ၀ီလ်ဆင် (Erasmus Wilson) ဆိုသူ ရေးတဲ့ ‘အမျိုးသမီးတွေ ဘယ်နေမှာ အသုံးဝင်သလဲ’ ဆိုတဲ့ဆောင်းပါးကို တုန့်ပြန်ထားတာ ဖြစ်ပါတယ်။ ၀ီလ်ဆင်က အလုပ်လုပ်တဲ့ အမျိုးသမီးကို ယုတ်ညံ့တဲ့သတ္တ၀ါလို့ရေးသားခဲ့တာကြောင့် အဲလစ်ဇဘက်က တုန့်ပြန်ရှုံ့ချ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့စာရဲ့အောက်ခြေမှာ ‘အထီးကျန် မိဘမဲ့ သမီးပျို’ လို့ အမည်ဝှက် ပေးထားပါတယ်။ သတင်းစာအယ်ဒီတာ ဂျော့ မက်ဒင် (George Madden) က အဲလစ်ဇဘက်ရဲ့ ပေးစာအရေးအသားကို သဘောကျ နှစ်သက်တဲ့အတွက် သတင်းစာကနေ ကြော်ငြာထည့်ပြီး လာတွေ့ဖို့ခေါ်ပါတယ်။ ဒါကြောင့် အဲလစ်ဇဘက် သတင်းစာ တိုက်ကို သွားရောက်ပြီး အယ်ဒီတာနဲ့တွေ့ပါတယ်။ အယ်ဒီတာနဲ့ တွေ့ပြီးနောက် ချက်ချင်းဆိုသလို သူမကို အလုပ်ခန့်ခဲ့ တယ်။ ကလောင်နာမည်အဖြစ် နယ်လီ ဘလိုင် (Nellie Bly) လို့အသုံးပြုခဲ့တယ်။

အဲဒီခေတ်က စာရေးဆရာအများစုဟာ အမည်ဝှက်တွေကို သုံးလေ့ရှိကြတယ်။ အမျိုးသမီးတွေကတော့ စာရေးတဲ့အခါ အမည်ဝှက်ကို ပိုပြီး အသုံးပြုကြတယ်။ အကြောင်းကတော့ စာရေးသားရတဲ့ အလုပ်မျိုးဟာ အမျိုးသမီးများနဲ့ မသင့်တော် ဘူးလို့ အဲဒီခေတ်တုံးက ထင်မြင်ကြလို့ ဖြစ်တယ်။ နယ်လီ ဘလိုင် (Nellie Bly) လည်း သူမ ၀ါသနာပါတဲ့ အလုပ်ကို Pittsburg Dispatch သတင်းစာမှာ စတင်လုပ်ကိုင်ခွင့်ရခဲ့တယ်။ နယ်လီ ဘလိုင်ရေးတဲ့ သတင်း ဆောင်းပါးတွေ ဟာ လူမှုရေးတရားမျှတမှုကို ရည်ရွယ်ရေးသားခဲ့တာ ဖြစ်တယ်။ သူမ တင်ပြတဲ့ သတင်းဆောင်းပါးတွေမှာ ‘အလုပ်သမား ဥပဒေ’ ကို ဖေါ်ပြပြီး အမျိုးသမီး အလုပ်သမားတွေကို ကာကွယ် ရေးသားလေ့ရှိတယ်။ ဒီအပြင် ပင်ဆီဗေးနီးယား ပြည်နယ် ရဲ့ လင်မယားကွာရှင်းခွင့် ဥပဒေ ပြုပြင်ပြောင်းလဲရေးကိုလည်း ဝေဖန်ရေးသားခဲ့တယ်။ အဲဒီ ဥပဒေက လင်ယောင်္ကျား ဖြစ်သူများကို အသာစီးပေးလွန်းတာကြောင့်လို့ဆိုပါတယ်။

Pittsburg Dispatch သတင်းစာမှာ လုပ်သက်တစ်နှစ်ရှိတဲ့အခါ သူမရဲ့သတင်းစာတိုက် သူဌေးက သူမကို နိုင်ငံခြား သတင်းထောက်အဖြစ် မက္ကဆီကိုသို့ စေလွှတ်တာဝန်ပေးခဲ့တယ်။ မက္ကဆီကိုနိုင်ငံမှာ သတင်းထောက်အဖြစ် တာဝန်ယူစဉ် နိုင်ငံရေးလောကနဲ့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကို နယ်လီဘလိုင်က ဖေါ်ထုတ်ရေးသားခဲ့တယ်။ သတင်းပေးပို့ချက် တစ်ခုမှာ အစိုးရကို ဝေဖန်တဲ့ နယ်ခံ သတင်းထောက်တစ်ယောက်ကို မက္ကဆီကိုအာဏာပိုင်တွေက ဖမ်းဆီးတဲ့အတွက် နယ်လီဘလိုင်က ဆန္ဒပြကန့်ကွက်ခဲ့တယ်လို့ဆိုတယ်။ ထိုစဉ်က မက္ကဆီကိုနိုင်ငံဟာ အာဏာရှင် ‘ပေါ်ဖီရီယို ဒီယက်ဇ်’ (Porfirio Díaz) အုပ်ချုပ်နေတဲ့ ကာလဖြစ်တယ်။ သူမရဲ့ သတင်းဆောင်းပါးတွေမှာ  Porfirio Díaz ကို ဆိုးသွမ်းတဲ့ ဇာဘုရင်သဖွယ် အာဏာရှင်အဖြစ်ဖေါ်ပြထားတယ်။ မက္ကဆီကို ပြည်သူလူထုကို ဖိနှိပ်မှုနဲ့ သတင်းစာ လွတ်လပ်ခွင့် ချုပ်ချယ်ကန့်သတ်မှုတွေအတွက်လည်း အာဏာရှင်  Porfirio Díaz ကို ရှုံ့ချဝေဖန်ခဲ့တယ်။

၁၈၈၈ ခုနှစ်မှာ မက္ကဆီကို မှာ သတင်းလိုက်ခဲ့တဲ့အတွေ့အကြုံတွေကို “မက္ကဆီကို မှာ ၆ လကြာ” (Six Months in Mexico) ဆိုတဲ့ စာအုပ်ရေးသားထုတ်ဝေခဲ့တယ်။ သတင်းစာတိုက်က နောက်ပိုင်းမှာ နယ်လီဘလိုင်ကို ဘေးကင်း လွယ်ကူတဲ့ သတင်းမျိုးကိုသာ ရေးခိုင်းခဲ့တယ်။ ပန်းပြပွဲ၊ ဖက်ရှင်ပြပွဲ အစရှိတဲ့ သတင်းမျိုးတွေကိုပဲ ရေးနေရတာကြောင့်  နောက်ဆုံးတော့ စိတ်ပျက်ငြီးငွေ့လာတယ်။ ဒါကြောင့် သတင်းစာအယ်ဒီတာကို နယူးယောက်မြို့တော်ဆီ ထွက်သွားပြီ ဖြစ်ကြောင်း စာတိုလေးတစ်စောင် ရေးထားခဲ့တယ်။ နယူးယောက်ကို ပြောင်းရွှေ့ခဲ့စဉ်က နယ်လီ ဘလိုင် ဟာ အသက် ၂၃ နှစ်ပဲ ရှိသေးတယ်။ နယူးယောက်မှာလည်း နယ်လီဘလိုင် နာမည်နဲ့ပဲ စာတွေ ဆက်ရေးခဲ့တယ်။ ကံကောင်းချင်တော့ ၆ လ လောက်အကြာမှာ နာမည်ကျော် သတင်းစာထုတ်ဝေသူ သူဌေးကြီး ဂျိုးဇက် ပူလစ်ဇာ (Joseph Pulitzer) က သူ့သတင်းစာ The New York World မှာ အလုပ်လုပ်ဖို့ နယ်လီဘလိုင်ကို ငှားရန်းခဲ့တယ်။

နယ်လီဘလိုင် ကို ပထမဆုံးပေးတဲ့ တာဝန်က ဘလက်ဝဲလ်ကျွန်းပေါ်မှာရှိတဲ့ စိတ္တဇဝေဒနာသည်ဂေယာရဲ့ အခြေအနေကို သတင်းထောက်လှမ်းပေးပို့ဖို့ ဖြစ်တယ်။ ဒါကြောင့် နယ်လီကိုယ်တိုင် စိတ္တဇဝေဒနာသည် အယောင်ဆောင်ခဲ့ရတယ်။ အဲဒီ ဂေဟာမှာ နယ်လီ ၁၀ ရက်ကြာ နေထိုင်ခဲ့တယ်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ရက်စက်မှုတွေ၊ အေးစက်နေတဲ့ ရေနဲ့ ရေချိုး ခိုင်းတာတွေ၊ သိုးနေပြီဖြစ်တဲ့ စားစရာတွေကို အတင်းအဓမ္မ စားခိုင်းတာတွေ စသဖြင့် နယ်လီကိုယ်တိုင် လေ့လာတွေ့ရှိခဲ့ တယ်။ နယ်လီဘလိုင်ရဲ့ နှိပ်စက်မှုနဲ့ပတ်သက်တဲ့ သတင်းပေးပို့အစီရင်ခံချက်ဟာ လူထုကို လှုပ်ရှားထကြွလာစေပြီး နိုင်ငံရေးအရလည်း အောင်မြင်တဲ့ သတင်းဖြစ်ခဲ့တယ်။ နောက်ဆုံးမှာ ဒီသတင်းအစီရင်ခံစာကြောင့် တရားရေးဌာနက ဂျူရီလူကြီးအဖွဲ့ တစ်ဖွဲ့ စေလွှတ်ပြီး အခြေအနေကိုလေ့လာစေခဲ့တယ်။ ဂျူရီအဖွဲ့က နယ်လီ ဘလိုင်ရဲ့ သတင်းအချက် အလက်တွေ မှန်ကန်ကြောင်း ထောက်ခံတင်ပြခဲ့ကြတယ်။ ဒါကြောင့် စိတ္တဇဝေဒနာသည် ဂေယာကို ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့ရတယ်။ လူမှုကယ်ဆယ်စေင့်ရှောက်ရေး အသုံးစရိတ် ဘတ်ဂျက်ကိုလည်း ဒေါ်လာ ရှစ်သိန်းခွဲအထိ တိုးမြှင့်ပေးခဲ့ တယ်လို့ဆိုတယ်။ အဲဒီတုံးက သတင်းထောက်လှမ်းခဲ့ပုံ အတွေ့အကြုံတွေကို ရေးသားထားတဲ့ စိတ္တဇဝေဒနာသည်ဂေယာ မှာ ၁၀ ရက်ကြာ Ten Days in a Madhouse (1887) ဆိုတဲ့ စာအုပ်ဟာ နယ်လီဘလိုင်ရဲ့ ပထမဆုံး စာအုပ်ဖြစ်ပါတယ်။
အဲဒီ စိတ္တဇဂေဟာ အကြောင်း သတင်းပေးပို့ချက်ဟာ ထိုခေတ်ထိုအခါက ခေတ်ပြိုင် သတင်ထောက်တွေအဖို့ အသစ် အဆန်း သတင်းပေးပို့နည်းလို ဖြစ်နေခဲ့တယ်။ တချို့က နယ်လီဘလိုင်ရဲ့ သတင်းရေးသားဟန်ဟာ စတန့်ထွင်ရေးသား တာ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြတယ်။ ဒါပေမယ့် ဒီနေ့ခေတ်အခါမှာတော့ အဲဒီလို သတင်းရေးသားနည်းကို စုံစမ်းဖေါ်ထုတ် သတင်းပေးပို့ခြင်း “Investigative Journalism” လို့ ခေါ်နေပါပြီ။ ဒါကြောင့် အကြောင်းအကျိုးညီညွတ်တဲ့ ဂုဏ်ယူစရာ သတင်းရေးနည်း အစဉ်အလာတစ်ရပ် ဖြစ်နေပါပြီ။

စိတ္တဇဂေဟာသတင်း ပေးပို့ပြီးနောက် ၂ နှစ်အတွင်းမှာ တရားမျှတမှု မရှိတဲ့ လူမှုကိစ္စရပ်တွေကို လျှို့ဝှက်စုံစမ်းပြီး သတင်းတွေ ရေးသားခဲ့တယ်။ သူမရဲ့ စွန့်စားမှုတွေထဲမှာ ထောင်အကျခံပြီး ထောင်တွင်းက အမျိုးသမီးအကျဉ်းသူတွေ မတရားနှိပ်စက် ခံရတဲ့ အကြောင်းတွေကို ဖေါ်ထုတ် ရေးသားခဲ့တယ်။ ဒီ့အပြင် လုပ်ခအလွန် နည်းပါးပြီး အလုပ်ချိန် အလွန်များတဲ့ အလုပ်ရုံ တစ်ခုမှာလည်း ၀င်ရောက် အလုပ်လုပ်ခဲ့ပြီး အလုပ်သမားတွေ အပေါ် မတရား ဖိနှိပ်ခိုင်းစေ အမြတ်ထုတ်တဲ့ အကြောင်းတွေကို သတင်းဆောင်းပါးရေးသားတင်ပြခဲ့တယ်။

နယ်လီဘလိုင်ရဲ့အကျော်ကြားဆုံး စွန့်စားမှုက စာရေးဆရာကြီး ဂျူးဗန်း (Jules Verne) ရဲ့ နာမည်ကျော် ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် (Around the World in Eighty Days – 1872) ၀တ္ထုစာအုပ်နဲ့ ပြိုင်ဆိုင်ခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ ၁၈၈၈ ခုနှစ်မှာ  ဂျူးဗန်းဝတ္တုထဲက အတိုင်း သူမအနေနဲ့ ကမ္ဘကို လက်တွေ့ပတ်ပြီး ခရီးသွားလိုကြောင်း The New York World အယ်ဒီတာကို တင်ပြခဲ့တယ်။ ၁၈၈၉ ခုနှစ် နိုဝင်ဘာ ၁၄ မှာ ခရီးစထွက်ခဲ့တယ်။ သူမဟာ သင်္ဘော၊ မီးရထား၊ မိုးပျံ ဘော်လုံး၊ မြည်း …စသဖြင့် ကြုံသလို ရှာဖွေ စီးနင်းပြီး ကမ္ဘာပတ်ခဲ့တယ်။ သူမရဲ့ ခရီးဟာ မိုင်ပေါင်း ၂၄, ၈၉၉ ရှိကြောင်း သိရတယ်။ လမ်းစရိတ်အနေနဲ့ ဗြိတိသျှ ပေါင်စတာလင်ငွေ ၂၀၀၊ အမေရိကန် ဒေါ်လာအနည်းငယ်နဲ့ ရွှေအနည်းငယ် ယူသွားခဲ့တယ်လို့ဆိုတယ်။ နယ်လီ ဘလိုင်ဟာ နေ့ချင်းညချင်း နိုင်ငံတကာမှာ လူသိများထင်ရှားတဲ့ ကြယ်တစ်ပွင့် ဖြစ်လာခဲ့တယ်။ သူမဟာ ၇၂ ရက် ၆ နာရီ ၁၁ မိနစ်နဲ့ ကမ္ဘာကို တစ်ပတ် အောင်မြင်စွာ ပတ်နိုင်ခဲ့တယ်။ ၁၈၉၀ ခုနှစ် ဇန္န၀ါရီ ၂၅ မှာ နယူးဂျာစီ က နေအိမ်ကို ပြန်ရောက်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရတယ်။ ဂျူးဗန်းရဲ့ ဇာတ်လိုက်ကို တောင် ဖြတ်ကျော် အနိုင်ရခဲ့တယ်။ သူမခရီးစဉ် အတောအတွင်း သန်းပေါင်းများစွာသော ပရိတ်သတ်က နယ်လီ ဘယ်ဒေသရောက်နေပြီလဲ ဆိုတဲ့ ကြေးနန်း သတင်းကို စောင့်ပြီးဖတ်ခဲ့ကြတယ်။ နယ်လီရဲ့ သတင်းကြောင့် သတင်းစာ ပရိတ်သတ်တိုးများလာပြီး  သတင်းစာတွေ စောင်ရေ အတော်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ စွန့်စားခန်းအကြောင်း (Nellie Bly’s Book:  Around the World in Seventy-Two Days) စာအုပ်ကို ၁၈၉၀ ပြည့်နှစ်မှာ ရေးသားထုတ်ဝေ ခဲ့တယ်။


Nellie Bly’s Book: Around the World in Seventy-two Days (1890) – The Daring Nellie Bly

၁၈၉၅ ခုနှစ်မှာ နယ်လီဟာ စက်မှုလုပ်ငန်းရှင်ကြီး ရောဘတ် ဆီးမင်း (Robert Seaman) နဲ့ လက်ထပ်ခဲ့တယ်။ ဒီတုံးက နယ်လီက အသက် ၃၀ လောက်ဖြစ်ပြီး ရောဘတ်က ၇၂ နှစ် ရှိနေပြီ ဖြစ်တယ်။ ဒါပေမယ့် အိမ်ထောင်သည်ဘ၀ဟာ ပျော်ရွှင်ချမ်းမြေ့ခဲ့တယ်လို့ဆိုတယ်။ ငွေကြေးအရလည်း ပြည်စုံနေတာကြောင့်လည်း ဖြစ်တယ်။ သူ့ခင်ပွန်း ကွယ်လွန် တဲ့အခါ သူမကိုယ်တိုင် သံထည်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကို စီမံအုပ်ချုပ်ခဲ့တယ်။ အဲဒီကာလမှာ သတင်းရေးသားမှု အတန်ကြာအဆက်ပြတ်ခဲ့တယ်။ စက်ရုံလုပ်ငန်းမှာ သူမကိုယ်တိုင် တည်ထွင်ထုတ်လုပ်မှုတွေလည်း လုပ်နိုင်ခဲ့တယ်။ သံနဲ့ပြုလုပ်တဲ့ စည်တွေထုတ်လုပ်ခဲ့ပြီး ရှေးက သစ်သားစည်ပိုင်းတွေရဲ့နေရာမှာ အစားထိုးနိုင်ခဲ့တယ်။ သူမတည်ထွင်ခဲ့တဲ့ အထဲမှာ ယနေ့အထိ အသုံးတွင်ကျယ်နေတဲ့ ၅၅ ဂါလံဆန့်တဲ့ သံမဏိ စည် (တိုင်ကီ)တွေလည်း ပါဝင်တယ်လို့ ဆိုပါ တယ်။

သူမအမွေခံ ရရှိခဲ့တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ စက်ရုံမှာ လူမှုဘ၀ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့တယ်လို့ဆို တယ်။ အလုပ်သမားတွေကို လုပ်ခကောင်းကောင်းပေးခဲ့တယ်။ အဲဒီခေတ်က မကြားဖူးတဲ့ အလုပ်သမားတွေအတွက် အားကစားရုံတွေ၊ အလုပ်သမား စာကြည့်တိုက်တွေဆောက်ပေးခဲ့တယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း ဆောင်ရွက် ပေးခဲ့တယ်။ အဲဒီ လူမှုဘ၀ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကြောင့် နယ်လီရဲ့ အမွေရရှိထားတဲ့ ကြွယ်ဝမှုတွေ ကုန်ခမ်း ခဲ့ရတယ်လို့ ဆိုပါတယ်။ ပထမ ကမ္ဘာစစ်ကြီးအတွင်းမှာ The New York Evening Journal   အတွက် အရှေ့ဥရောပ နဲ့ ရုရှားစစ်မျက်နှာက သတင်းတွေကို နယ်လီရေးသားပေးပို့ခဲ့တယ်။ အမေရိကန်ပြည်သူတွေအနေနဲ့ မိဘမဲ့ကလေးတွေနဲ့ မုဆိုးမမိခင်တွေကို ကူညီစောင့်ရှောက်ကြဖို့ နယ်လီဘလိုင်က ပန်ကြားခဲ့တယ်။

နယ်လီဘလိုင်ဟာ အသက် ၅၈ နှစ်အရွယ် ၁၉၂၂ ခုနှစ် ဇန္န၀ါရီလ ၂၇ မှာ အဆုတ်အအေးမိရောဂါနဲ့ နယူးယောက်မြို့က St. Mark’s Hospital မှာ ကွယ်လွန်ခဲ့တယ်။ မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ နယ်လီဘလိုင်ဟာ သတင်းစာဆရာမ အဖြစ် ရပ်တည်သွားခဲ့တယ်။  သူမဟာ အမျိုးသမီး အခွင့်အရေးကာကွယ်စောင့်ရှောက်သူအဖြစ်လည်း ဆောင်ရွက်ခဲ့ တယ်။ သူမဟာ လူမှုရေးအခြေအနေပြောင်းလဲရေးအတွက်လည်း တိုက်ပွဲဝင်ခဲ့သူဖြစ်တယ်။ ထူးခြားတာကတော့ နယ်လီ ဘလိုင်ဟာ အမေရိကန်ပြည်ထောင်စုမှာ သတင်းထောက်တစ်ယောက်ရဲ့ လုပ်ဆောင်နိုင်ခွင့် နယ်ပယ်ကို ချဲ့ထွင်ပေးခဲ့တဲ့ Investigative Journalist တစ်ဦးလည်း ဖြစ်ခြင်းပါပဲ။ သူမဟာ တရားမျှတမှု မရှိတဲ့အတွက် ပြည်သူတွေ ဆင်းရဲမွဲတေ ကြရတဲ့ အကြောင်းနဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို ဖေါ်ထုတ်ဖွင့်ချခဲ့တဲ့ သတင်းစာဆရာမ တစ်ဦးလည်းဖြစ်ပါတယ်။ အကျဉ်းထောင်တွေမှာ အမျိုးသမီး အကျဉ်းသူတွေကို ရဲသားတွေက မတော်မတရားလုပ်တဲ့ သတင်းမျိုး၊ အစိုးရက ပြည်သူ လူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ ပျက်ကွက်တဲ့ သတင်းမျိုးတွေကိုလည်း သူမ ဖေါ်ထုတ် ရေးသားခဲ့တယ်။

၁၉၉၈ ခုနှစ်မှာ Nellie Bly ကို “အမေရိကန်ပြည်ထောင်စုရဲ့ ဂုဏ်ထူးဆောင် အမျိုးသမီးဆု” National Women’s Hall of Fame Award နဲ့ မော်ကွန်းတင်ဂုဏ်ပြုခြင်းခံခဲ့ရတယ်။ ဒီ့အပြင် ၂၀၀၂ ခုနှစ်မှာ နယ်လီဘလိုင် အထိမ်းအမှတ် စာပို့ တံဆိပ်ခေါင်း ထုတ်ဝေဂုဏ်ပြုခံရတဲ့ အမျိုးသမီးသတင်းထောက်လည်း ဖြစ်တယ်။ နယ်လီဘလိုင် အကြောင်း ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်တွေလည်း ထွက်ပေါ်ခဲ့တယ်။ The New York Press Club က နှစ်စဉ် ချီးမြှင့်တဲ့ သတင်းစာပညာ ဆုတွေထဲမှာ Nellie Bly Cub Reporter ဆုလည်း တစ်ဆု အပါအ၀င်ဖြစ်တယ်။ လုပ်သက် ၃ နှစ် မပြည့်သေးတဲ့ လူသစ်တန်း သတင်းထောက်တွေထဲက ထူးချွန်တဲ့ သတင်းထောက်ကို ရွေးချယ်ပြီး Nellie Bly Cub Reporter ဆု ချီးမြှင့် လေ့ ရှိပါတယ်။ Nellie Bly   ဆုကို နှစ်စဉ် မေလမှာ ရွေးချယ်ပြီး ဇွန်လမှာ ဆုပေးပွဲ ပြုလုပ်ပါတယ်။

# References စာကိုးစာရင်း
http://www.nytimes.com/learning/general/onthisday/bday/0505.html
https://www.nypressclub.org/awards.php
https://en.wikipedia.org/wiki/Nellie_Bly#cite_note-NYT-5
http://explorepahistory.com/hmarker.php?markerId=1-A-3C0


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ