ကိုသန်းလွင် ● ဆရာကြီးမင်းသုဝဏ် အမှတ်တရ

June 19, 2017

ကိုသန်းလွင် ● ဆရာကြီးမင်းသုဝဏ် အမှတ်တရ

(မိုးမခ) ဇွန် ၁၉၊ ၂ဝ၁၇


(၁)
မေလ (၃) ရက်နေ့ MRTV သတင်းတပုဒ်တွင် ဆရာကြီးမင်းသုဝဏ်၏ မွေးဖွားရာဇာတိ ကွမ်းခြံကုန်းမြို့၌ ဆရာကြီး အထိမ်း အမှတ်ရုပ်တုနှင့်စာကြည့်တိုက်တည်ဆောက်ရန်အတွက် ကော်မတီတခုဖွဲ့စည်းကြောင်းသတင်းကို မြင်လိုက်၊ ကြား လိုက်ရ ပါသည်။ ကွမ်းခြံကုန်းမြို့မှ ဆရာကြီး၏မိသားစုများအပါအဝင် လူငယ်အများအပြား စုပေါင်း၍ ဆရာကြီးအထိမ်းအမှတ် အဆောက်အဦးများကိုတည်ဆောက်ကြရန် ကြိုးစားကြခြင်းဖြစ်ပါသည်။ ယခင်က ဆရာကြီး၏ရုပ်တု ထုလုပ်ရေးအတွက် လုပ်ငန်းကော်မတီတစ်ခုဖွဲ့စည်းခဲ့ဖူးသည်။ အကောင်အထည်ပေါ်မလာခဲ့၊ ယခု တီဗွီသတင်းတွင် ဆရာကြီး၏သားကြီးဖြစ်သူဒေါက်တာဉာဏ်စိုး၊ ဆရာကြီးဦးမြဝင်းနှင့် ဆရာ မောင်ခင်မင်တို့ကိုပါ တွေ့လိုက်ရပါသည်။ လုပ်ငန်းကော်မတီဥက္ကဌက စကားပြောသည်ကိုလည်း ကြားလိုက်ရပါသည်။ ကျွန်တော်တို့ များစွာရွှင်လန်းဝမ်းသာ ဖြစ်ကြရပါသည်။

(၂)
လုပ်ငန်းကော်မတီဥက္ကဌက “ကျွန်တော်တို့ဟာဆရာကြီးတို့ထားခဲ့ကြတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို နောက်လူငယ်များ အတွက် လက်ဆင့်ကမ်းပေးရတာပါ” ဟု ဆိုလိုက်သည်။ ထိုစကားကို ကျွန်တော်စွဲနေအောင် မှတ်မိသွားပါသည်။ မြန်မာ့ ယဉ်ကျေးမှုကို လက်ဆင့်ကမ်းကြရမယ် ဆိုသောစကားမှာများစွာနားဝင်ချိုလှပါသည်။

ကျွန်တော်သည် ရွှေဘိုမြို့မြောက်ဖက် အညာရွာကြီးတရွာတွင် မွေးဖွားကြီးပြင်းလာခဲ့သူဖြစ်ပါသည်။ ကျွန်တော်တို့ သူငယ် တန်းကျောင်းသားအရွယ်က ဆရာမကြီးမှ ကျောက်သင်ပုန်းပြည့် ဆရာကြီးမင်းသုဝဏ်၏ကဗျာများကို တနေ့တပုဒ် ရေး ပေးလေ့ရှိပါသည်။ ကျွန်တော်တို့က ထိုကဗျာများကို မိမိကျောက်သင်ပုန်းသို့ ရေးကူးကာ အလွတ်ကျက်ကြရပါသည်။ ကဗျာကို အလွတ်ရပြီဆိုလျှင် ရေးထားသောကဗျာကို ဆရာမအားပြကာ အလွတ်ပြန်ဆိုပြကြရပါသည်။ ကျွန်တော်တို့ လေး တန်းရောက်သော် လေးကြောင်းမျဉ်းစာအုပ်တွင် အလယ်မျဉ်းနှစ်ကြောင်းအတွင်းသို့ စာလုံးလေးတွေ စိစိရီရီဝင်အောင် ထို ကဗျာများကိုပင် ရေးကြရပြန်ပါသည်။

ဤနည်းဖြင့် သပြေသီးကောက်၊ ဆွမ်းအုပ်နီနီ၊ လယ်စောင့်တဲ၊ ဥပုသ်သည် စသည့်ကဗျာများမှာ မြန်မာ့ယဉ်ကျေးမှုဆိုသည့် အကြောင်းကိုဘာမှ မသိရခင်မှာပင် ကျွန်တော်တို့ရင်ထဲတွင် စွဲမြဲကိန်းအောင်းနေခဲ့ကြပြီးဖြစ်ပါသည်။ “ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ ရွတ် ကွဲ့၊ သရဲလွှတ်လို့ ပြေးလိမ့်မယ်” ဟုဆိုသောကြောင့် ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်း ကပ်ကြရမည်ဟု နားလည်ခဲ့ကြ ပါသည်။

ကျွန်တော်တို့မြို့နှင့် ရှစ်မိုင်အကွာတွင် ဝေဘူဆရာတော်ကြီး၏ ကျောင်းသင်ခန်းရှိသည်။ ဆရာတော်ကြီးကျောင်းသို့အသွား ကျွန်တော် တို့အခေါ် “မူးရိုးလမ်း” တလျှောက်မှာ သပြေသီးပင်ကြီးတွေရှိပါသည်။ နေပူပူကုန်းခေါင်ခေါင်မှာ သပြေပင်ကြီး များအောက်သို့ရောက်တိုင်း သပြေသီးကို ကောက်ကြစားကြရပါသည်။ စိမ်းဖန့်ဖန့်အရသာနှင့် သပြေသီးကို စားရသည်မှာ ရေငတ်ပြေသည်။ သပြေသီးစားထားသူ၏ မျက်နှာကြည့်လိုက်ရင် သပြေသီးရောင် မရမ်းရောင်ရင့်ရင့် အရည်များဖြင့် ပေကျံ နေလေ့ရှိသည်။

ကဗျာက သပြေသီးကောက်ချိန်၊ ဝါဆိုဝါခေါင် ရေတွေကြီးချိန်တွင် “မျှော့နက်မဲကြီး တွယ်တတ်တယ်” ဟုဆိုသောအခါ ရုတ် တရက်နားမလည်နိုင်၊  ဆရာမက ရှင်းပြသည်၊ မပြသည်ကို မမှတ်မိတော့သော်လည်း အသက်ကြီးလာခါမှ ဆရာကြီးသည် မြစ်ဝကျွန်းပေါ်သားဖြစ်ကြောင်း၊ သူတို့အရပ်မှာ မြစ်ရေနှင့်ကွင်းရေ ဖွေးဖွေးတို့သည် နေရာတကာမှာရှိကြောင်း နားလည်ခဲ့ ရပါသည်။ ဆရာကြီး၏မိဘများအိမ်ရှိရာ နာတာပူချိုးတွင် အဒေါ်ဖြစ်သူ၏ ခြံရှိသည်။ သပြေသီးချိန် ရေကြီးသောအခါ ထိုခြံ ထဲတွင် ရေတွေဖွေးနေလေသည်။ ဆရာကြီးကိုယ်တိုင်မှာ သပြေသီးကောက်ချိန်တွင် ရေထဲမှ မျှော့နက်မဲကြီးများကို မြင် တွေ့ခဲ့ပါလိမ့်မည်၊

“မိုးကုပ်အောက်မှာတည်” ဟု ကဗျာကဆိုသောအခါ “တည်” ဆိုသောစကားကို နားမလည်၍ အချင်းချင်း အငြင်းအခုန်ဖြစ်ရသည်များကိုလည်း ကျွန်တော်မှတ်မိပါသည်။

ဆရာကြီးက ကျွန်တော်တို့ အညာ အခေါ် “အိန်းဂျီင်္”ဟု အသံထွက်သည်ကို “အင်းဂျီ” ဟုခေါ်ရမည်ဆိုသဖြင့် အင်္ဂလိပ်လူမျိုး မစ္စတာ စကီးဝပ်က ဆရာကြီးကို အညာကအသုံးအနှုန်းတွေအကြောင်း ပြောရသည်ဟု မှတ်သားရဖူးသည်။ ကျွန်တော်တို့ ဆီက ရေပုံးကို “သံချောင်” ဟု သာခေါ်သည်။ “ပုံတော်ရင်” ဟု အမြဲသုံးသော ကျွန်တော်တို့စကားကို အကြေသားတွေက နားမလည်၊ နန်းဆန်သောအမျိုးသမီးငယ်များက သူတို့ကိုယ်သူတို့ “ကျွန်တော်” ဟု သုံးသည်။ ရတနာပုံခေတ်ကို သိမှီလိုက် သောအဖိုးအဖွားများမှာ ကျွန်တော်တို့နှင့် အလှမ်းမဝေးပါ၊ ထီးသုံး၊ နန်းသုံးထိုအမွေအနှစ်များကြောင့် အညာအရပ်က ကျွန် တော်တို့ယဉ်ကျေးမှုသည် အကြေအရပ်ထက်သာပါသည်ဟု ဆရာကြီးကို ပြောပြရမည်ဟု အတွေးရောက်ခဲ့ဘူးသည်။ အခွင့်မသာခဲ့ပါ။

ကျွန်တော်တို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ချိန်ရောက်ပြီဆိုလျင် အမေကကျွန်တော်တို့ကိုဆရာတော် ဘုန်းကြီးကျောင်း သို့ပို့ သည်။ ကျောင်းအိပ်ကျောင်းစားလုပ်၍ထိုအချိန်ကကျွန်တော်တို့အခေါ် “ဘုန်းကြီးစာ” ဆိုသည်တို့ကို သင်ယူရပါသည်။ နေ့စဉ် ရှေ့က ကိုရင်ဆွမ်းခံကြွရာသို့ ကျွန်တော်တို့နောက်က ဆွမ်းခွက်တွေ တင်ထားသည့် ဆိုင်းထမ်းကို ထမ်း၍လိုက်ကြရပါ သည်။

ဘုန်းတော်ကြီး၏ ရှေ့မှောက်တွင် မင်္ဂလသုတ်၊ ပရိတ်ကြီးသုတ်၊ မေတ္တာသုတ် ဆရာတော်ခိုင်းသမျှကိုအရကျက် ၍ အလွတ် ပြန်ဆိုကြရပါသည်။ “ဆွမ်းအုပ်နီနီအမေရွက်လို့” အမေကျောင်းသို့ရောက်လာချိန်တွင်အမေ့ ဆွမ်းအုပ်ကိုယူပြီး ဘုန်းကြီးပွဲ ကို ပြင်ပေးကြရပါသည်။ “နင့်သားကတော်သဟေ့” ဟု ဆရာတော်ကြီးကမိန့်လျှင် ကျွန်တော်တို့ ပီတိဖြာကြရသလို “နင့် သားကတော့လုပ်ပြန်ပြီ”ဟု ဆရာတော် အလိုမကျတာကို လုပ်မိလျှင် အမေ့ရှေ့မှာ ကျွန်တော်တို့ မျက်နှာငယ်ခဲ့ကြရပါသည်။

ဤနည်းဖြင့် ဂါရဝ၊ နိဝါတတရား၊ ကိုယ်ချင်းစာစိတ်တရား ပြည့်ဝခြင်းတို့ဖြင့် မြန်မာ့ယဉ်ကျေးမှုဆိုသည်ကို ကျွန်တော်တို့ သင်ကြားနာယူခဲ့ရပါသည်။

ဆရာမင်းသုဝဏ်သည် အလုပ်မှအပြန် အိမ်ရှေ့ပက်လက်ကုလားထိုင်တွင် အမောအပမ်းဖြေရင်း အိမ်ရှေ့မှ ကလေးတွေ ဆော့ကစားကြသည်ကို မြင်ရကြားနေရသည်။ ကလေးတစ်ဦးက “ခြံစည်းရိုးကို ဝင်မတိုးနဲ့ ချိုကျိုး တတ်တယ်” ဟုအော်နေ သည်။ နောက်တစ်ဦးကမူ “အဖိုးကြီးနဲ့ အမယ်ကြီး နှံပြည်စုတ်ကိုဝယ်လို့စား ဂျိမ်းတုတ်၊ ဂျိမ်းတုတ်” ဟုအော်သည်။ ထိုအခါ ဆရာကြီးက ကာရံကလေးနှင့် အသံသာသာကလေးများ ဖွဲ့ဆိုနိုင်လျင် ကလေးတွေက သံပြိုင်ဆိုတတ်ကြလိမ့်မည်ဟု တွေး မိခဲ့ဟန်တူသည်။ ဆရာကြီး၏ ပဌမဦးဆုံး ကဗျာ နှစ်ပုဒ်မှာ ၁၉၃၁ ခု ဂျွန်လ ၁၁ ရက် တရက်တည်းမှာ စပ်ခဲ့သည်ဟုဆရာကြီး ၏ သားသမီးများက ပြောကြပါသည်။ ထိုကဗျာတွေ၏သက်တမ်းမှာ အနှစ် ၈ဝ ကျော် ၉ဝတန်းမှာ ရှိနေကြပါပြီ်၊ ကျွန်တော် တို့ကြီးပြင်းခဲ့ရသော ပါတ်ဝန်းကျင် ယဉ်ကျေးမှုအပေါ်ထိုကဗျာများ၏ သြဇာမှာ ကြီးမားလှပါသည်။

ကျွန်တော့်တွင် ၁၉၉၂ နှင့် ၁၉၉၈ ခုနှစ်တို့တွင်မွေးသော သားနှစ်ယောက်ရှိပါသည်။ ကျွန်တော်ကိုယ်တိုင် ငယ်စဉ်က ကြီးပြင်းခဲ့ရသော ပတ်ဝန်းကျင်ကို သူတို့နားလည်အောင် ရှင်းပြနိုင်စွမ်း ကျွန်တော့်မှာ မရှိတော့ပါ၊ သူတို့သည် ကြက်တွန် သံကြားရလျင် မိုးလင်းတော့မည်ဆိုခြင်းကိုသိဘို့မဆိုထားဘိ၊ ကြက်တွန်သံဆိုသည်ကိုပင် မသိကြတော့ပြီ၊ လူကြီးသူမများ၏ ဆုံးမစကားကို နားထောင်တတ်ရန်၊ အရိုအသေပေးတတ်ရန်၊ မြန်မာတို့၏ ပြူံးချိုနေသောမျက်နှာထားနှင့် ရိုင်းပင်းကူညီကြသောဓလေ့ထုံးတမ်းတွေအကြောင်းကို ရှင်းပြရန်လည်း မလွယ်ကူတော့ပါ။

သူတို့သည် ကန်တော့ ဆိုသည်ကိုမသိ၊ ကောက်ပင်စိမ်းစိမ်းနှင့်ပန်းတွေဝေနေအောင်ပွင့်သော ရာသီနှင့် ရာသီ အလိုက် ပွဲတော်ကြီးတွေ ဆင်ယင်ကျင်းပကြပုံအကြောင်းတွေကိုလည်းမသိကြတော့ပါ၊ စည်သံ၊ ဗြောသံနှင့် အလှူပွဲ ထမင်းရေစီး ကြောင်းဆိုတာတွေကိုလည်း သူတို့မတွေ့မကြုံရတော့ပါ၊ သူတို့သည် အင်တာနက်မရှိလျင် မနေတတ်သလို ဟန်းဖုံးပေါ်မှ ဖေ့စ်ဘွတ်ပေါ်တွင် ပုံမတင်နိုင်လျင် ဘဝကြီးမှာ မျှော်လင့်ချက်မရှိသလို ဖြစ်နေတတ်ပါသည်။ သူတို့ငယ်စဉ်က ကျွန်တော်တို့ လက်တွဲခေါ်သလို လိုက်ခဲ့ကြသော်လည်း ယခုအချိန်မှာ သူတို့သည် ကျွန်တော်တို့လှမ်းရမည့်လမ်းကိုရှေ့မှရောက်၍ ဦး ဆောင် နေကြပါပြီ၊
ဆရာကြီးကို ၁၉ဝ၉ခုနှစ်တွင် မွေးဖွား၍ဆရာကြီးသိတတ်ချိန်မှစ၍ သူ့ဘဝတလျောက်လုံးကို မြန်မာစာပေ ရှင်သန်စေရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါသည်။ ဂန္တလောက မဂ္ဂဇင်းတွင် ဆရာကြီးအယ်ဒီတာ လုပ်နေချိန်တွင် ကျွန်တော်တို့ကို မမွေးသေး၊ “အမှောင်ခွင်း၍ အလင်းဆောင်အံ့” ဟု စာပေဗိမာန်ဆောင်ပုဒ်ကို ဆရာကြီးဖန်တီးနေချိန်တွင်လည်းကောင်း ပါဠိပါတ်သားမဖက်ဘဲ မြန်မာသံစစ်စစ် ဂါထာ ၆ဝ ကဗျာကိုရေးဖွဲ့ချိန် မှာလည်းကောင်း ကျွန်တော်တို့လူမဖြစ်ကြသေး၊ ကျွန် တော်တို့ မွေးဖွားချိန်တွင်မူ ဆရာကြီးရေးဖွဲ့သော ကဗျာများ၏သက်တမ်းမှာ အနှစ် ၂ဝ ကျော်သာသာ သာရှိသေးသည့်တိုင် မြန်မာတပြည်လုံးမှာ ရွတ်ဆိုနေကြပါပြီ။

ဆရာဦးထင်ဖတ်က မင်းသုဝဏ်သည် လောကကိုခင်မင်သူဖြစ်သည်။ လောက၏သာယာခြင်းကိုခံစားတတ်သူ ဖြစ်သည်ဟု ဆိုခဲ့သည်။ မေတ္တာဓါတ်ခံရှိသူဟုလည်းရေးခဲ့သည်။ သမိုင်းပညာရှင် လုစ်ကမူ ရိုးသားနှိမ့်ချပြီး အေးအေး ဆေးဆေးနေ တတ်ခြင်းတို့မှာ ဆရာကြီး၏ အရည်အချင်းများဖြစ်ပြီး ၄င်းတို့ကို ချို့ယွင်းချက်ဟု မထင်လိုက်ပါနှင့်ဟု သတိပေးခဲ့သည်။ ကျွန်တော်ကမူ မိမိ၏ရေးလက်စ တက္ကသိုလ်များအဘိဓာန်စာအုပ်ကြီးကို အထက်အာဏာပိုင်အရာရှိများက သဘာမတူ၍ စာအုပ်မထုတ်ပေးနိုင်ပါဆိုခြင်းကို အေးအေးဆေးဆေး ခံယူရှာသည့် ဒေါသကင်းသော ဆရာကြီး၏ ရုပ်ပုံလွှာကိုမြင်မိသည်။

ဆရာကြီး၏ ရုပ်တုနှင့်စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီဥက္ကဌက “ကျွန်တော်ဟာ ဆရာကြီးကိုမချီးကျူးရဲ မချီးကျူး တတ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဘုရားလောင်းကို နွားကျောင်းသားက ချီးကျူးသလိုဖြစ်မှာစိုး၍ပါ” ဟုဆိုခဲ့သည်။

(၃)
ဆရာကြီးတို့အုတ်မြစ်ချခဲ့ကြသော ရန်ကုန်တက္ကသိုလ်ဓမ္မာရုံကြီးတွင် ကျင်းပခဲ့သော ဆရာကြီး၏ ရုပ်တုနှင့် စာကြည့်တိုက် ဖြစ်မြောက်ရေးအစည်းအဝေးမှာလိုက်ဖက်လှပါသည်။ ထိုအထိမ်းအမှတ်အဆောက်အဦးများ ပြီးမြောက်ပါလျင် ကွမ်းခြံကုန်း မြို့၏အမည်မှာ မြန်မာပြည်မြေပုံတွင် ထင်ရှားလာမည်မှာသေချာပါသည်။ မြန်မာပြည်တွင်မက ကမ္ဘာ့မြေပုံပေါ်တွင်ပါ ထင်ရှားလာစေရန်မူ ဤကော်မတီတွင်ပါဝင်သောအဖွဲ့ဝင်များနှင့် တိုင်းပြည်တဝှမ်းမှပြည်သူလူထု၏ဝိုင်းဝန်း စည်းရုံးမှုအပေါ် တွင်မူတည်ပါသည်။ ကျွန်တော်ကမူထိုစာကြည့်တိုက်သို့ ကျွန်တော်၏သားနှစ်ယောက်ကို ခေါ်၍သွားလိုလှပါပြီ၊

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်