ရဲခေါင်မဲမောင် – “ရှူး…တိုးတိုးရဲ့ ဆူညံနေတဲ့အသံ”

June 25, 2017

– “ရှူး…တိုးတိုးရဲ့ ဆူညံနေတဲ့အသံ”
(စံတော်ချိန်သတင်းစာမှ ဆရာရဲခေါင်မဲမောင် (နေမျိုးအေး)၏ဆောင်းပါးအား ကူးယူဖော်ပြပါသည်။)

မိုးမခ၊ ဇွန် ၂၅၊ ၂၀၁၇ခေတ်ကတောင်းဆိုတာကို ဘယ်အနုပညာရှင်ကမှ လွန်ဆန်လို့ ရနိုင်တာမဟုတ်ဘူး။ ဒါပေမဲ့ကိုအော်ပီကျယ်ရဲ့အမှာစာထဲမှာ ရေးထားသလို ‘ အသံတစ်ခုခုကြားတာနဲ့ အလောတကြီးဝိုင်းဆွဲကြတာပဲ။ အချို့ကိစ္စတွေက အဝေးအနီးမှန်အောင်ကြည့်နိုင်ဖို့၊ ဓမ္မဓိဋ္ဌာန်ကျဖို့၊ ပုဂ္ဂိုလ်စွဲ ဆန္ဒမပါဖို့၊ အချိန်စောင့်ဖို့လိုတယ် ‘ ဆိုတဲ့အတိုင်း စဉ်းစားချင့်ချိန်ရမယ့်ကိစ္စတွေ အများကြီးရှိတယ် ဆိုတာကို သဘောပေါက်ရလိမ့်မယ်။

ပြီးခဲ့တဲ့ ၁၁-၆-၂၀၁၇ ရက်က ပန်းဆိုးတန်းလမ်း (အောက်)မှာရှိတဲ့ ပြန်/ဆက်ရုံးခန်း (တတိယထပ်)မှာ (၄၁) ကြိမ်မြောက် ကာတွန်းဆရာကြီးတွေကို ကန်တော့ပွဲအခမ်းအနား တစ်ခုကျင်းပခဲ့တယ်။ အဲဒီ ကန်တော့ပွဲကျင်းပဖို့အတွက် ဇွန် ၁၀ ရက် ညဘက်မှာ အခမ်းအနား ပြင်ကြ၊ ဆင်ကြတော့ ရန်ကုန်မှာရှိကြတဲ့ ကာတွန်းဆရာတွေအပြင် ပြည်နဲ့မန္တလေးမှာ နေထိုင်ကြ တဲ့ ကာတွန်းဆရာလူငယ်တွေပါ အုံနဲ့ကျင်းနဲ့ဆိုသလို ရောက်လာကြတော့ စုစုစည်းစည်း တက်တက်ကြွကြွနဲ့ပျော်စရာကောင်း သွားတယ်။

အခမ်းအနားအားလုံး ပြင်ဆင်ပြီးသွား တော့ အတော်လေးပင်ပန်းသွားကြပြီ။ ဗိုက်တွေကလည်း တဂွီဂွီနဲ့ အစာတောင်းလာပြီ ဆိုတော့ စားသောက်ဆိုင်လေးတစ်ဆိုင်ဆီ ပြေးကြတာပေါ့လေ။ စားကြ၊ သောက်ကြတုန်းမှာ ကာတွန်းဆရာ ဇာနည်ဇော်ဝင်းက ထိုင်နေရာက နေထလာပြီး ကျွန်တော်နဲ့ ကိုရွှေထူး(ပြည်)ကို စာအုပ်လေးတစ်အုပ်စီ လက်ဆောင်ပေးပါ တယ်။

‘ ကျေးဇူးကွာ ‘ လို့ပြောပြီး စာအုပ်လေးကို ကြည့်လိုက်တော့ ‘ ရှူးတိုးတိုး ‘ လို့ နာမည်ပေးထားတဲ့ ကာတွန်းစာအုပ်လေးမှန်း တွေ့လိုက်ရတယ်။ စာအုပ်ထဲမှာပါတဲ့ ကာတွန်းတွေဟာ စာမဲ့ကာတွန်းတွေဖြစ်ပြီး စုစုပေါင်းကာတွန်းပုံ ၁၆၀ ပါတာကို တွေ့ရပါတယ်။

ဒီစာအုပ်ကလေးရဲ့အမှာစာမှာ ကိုအော်ပီ ကျယ်က- ‘ ကာတွန်းမှာ လုံးဝ မမဲ့သင့်တာက စေတနာပဲ။ လူ့လောကကြီးကို ကောင်းကျိုးပြု ရမယ်။ လူ့အဖွဲ့အစည်းကို ကူညီရမယ်။ မတရားမှု၊ မမျှတမှု၊ မမှန်ကန်မှုတွေကို ထောက်ပြရမယ်။ အနည်းဆုံး ပျော်ရွှင်ရယ်မောမှု၊ ကျေနပ်ရောင့်ရဲမှုကိုပေးရမယ်။ ဘ၀အသိ၊ ဘ၀အမြင်အထိ ပေးနိုင်ရင် သိပ်ကောင်းတာပေါ့ ‘ လို့ ပေးနိုင်ဖို့၊ အသိအမြင်ကျယ်ဖို့ လိုတယ်။ ပုံဆွဲခုံမှာပဲထိုင်မနေ ဘဲ စာဖတ်၊ ခရီးသွား၊ မိတ်ဆွေတွေနဲ့ အတွေ့အကြုံ အသိဖလှယ်ဖို့လိုတယ်။ ၀မ်းရေးအတွက် နေ့စဉ်ရက်ဆက် ပုံတွေကိုပဲဖိဆွဲနေရတဲ့ဘ၀ကို နားလည်ပေမယ့် အခန်းကျဉ်းကလေးထဲက မထွက်ရင် အသိတွေကုန်ခန်းလာတတ်တယ်။ အတတ်ပညာ ဘယ်လောက်ကောင်းကောင်း စေတနာမပါရင် ကာတွန်းကောင်းတစ်ပုံ မဖြစ်နိုင်ဘူး။ ကာတွန်းဆရာဟာ အမှန်တရားကို အသိပညာအတွေ့အကြုံတွေကနေရှာပြီး တင်ပြတဲ့အခါ ကျွမ်းကျင်တဲ့အနုပညာနဲ့ ဖန်တီးရတယ်။

ကာတွန်းကောင်းတွေများလာဖို့ ကာတွန်း ဝေဖန်ရေးတွေ အများကြီး လိုအပ်နေသေးတယ်။ အားနည်းချက်၊ အားသာချက်တွေ ကို ဆစ်ပိုင်းထောက်ပြတတ်တဲ့ဝေဖန်ရေးတွေကို ကြိုဆိုရမယ်။ မိမိကာတွန်းအပေါ်၊ ဝေဖန်မှုကို ခံနိုင်ဖို့လိုတယ်။ ကိုယ့်ကာတွန်းဟာ စာမျက်နှာပေါ်၊ ဖန်သားပြင်ပေါ်ရောက်သွားရင် ပရိသတ်ကပိုင်သွားပြီ။ ကြိုက်ချင်ကြိုက်မယ်၊ မကြိုက်ချင်လည်း နေမယ်။ ဝေဖန်ပိုင်ခွင့်သူတို့မှာရှိတယ်။ ကိုယ်ရေးသမျှ ကြိုက်ရမယ်လို့ ထင်လာရင်တော့ ကာတွန်းဆရာရဲ့ ကျဆုံးခန်းပဲ။ အဝေဖန်မခံချင်ရင် ကိုယ့်ဘာသာသိမ်းထားပေါ့။ သူများကိုဆော်လိုက်လို့ ပွဲဆူပြီးနာမည်ကြီးအောင်လုပ်တဲ့ ဝေဖန်ရေးတွေ ကိုတော့ လျစ်လျူရှုဖို့လိုမယ်။

အယ်ဒီတာစားပွဲ၊ ဆင်ဆာရုံးခန်းတွေ သိပ်ဖြတ်စရာမလိုတဲ့ခုကာလမှာ ကာတွန်းဆွဲတဲ့ သူတွေများလာတာ အားရစရာကောင်းတယ်။ ရေးစရာတွေအပြည့်၊ နေရာတွေလည်းကျယ်၊ အပြောင်းအလဲတွေလည်း များတယ်။ လူငယ်တွေ အတွေးရဲ၊ အရေးရဲ၊ အမြင်ရဲကြတယ်။ ပြည်သူတွေရဲ့ခံစားမှုကို ထင်ဟပ်နိုင်တယ်။ သတိထားသင့်တာကတော့ အသံတစ်ခုခုကြားတာနဲ့ အလောတကြီးဝိုင်းဆွဲကြတာပဲ။ အချို့ကိစ္စတွေက အဝေးအနီးမှန်အောင်ကြည့်နိုင်ဖို့၊ ဓမ္မဓိဋ္ဌာန်ကျဖို့၊ ပုဂ္ဂိုလ်စွဲဆန္ဒမပါဖို့၊ အချိန်စောင့်ဖို့လိုတယ်} လို့ ရေးထားတာဖတ်ရပါတယ်။ ကာတွန်းဆရာတွေ အထူးသဖြင့် လူငယ်ကာတွန်းတွေနဲ့ ကာတွန်း ကလောင်သစ်တွေ မှတ်ရမယ့်စကားတွေပဲ။ မြန်မာနိုင်ငံကို ‘ ကာတွန်း ‘ ဆိုတဲ့ ပြည်သူလူထုရဲ့ လက်ကိုင်တုတ် စပြီးရောက်ရှိလာတာ ၁၉၁၅ ခုနှစ်က ဖြစ်လေတော့ အခုဆိုရင် အဲဒီလက်ကိုင် တုတ်ရဲ့သက်တမ်းဟာ နှစ်ပေါင်း ၁၀၂ နှစ် လောက်ရှိသွားပြီ။ ဖြတ်သန်းကျော်လွှားခဲ့ရတဲ့ ခေတ်တွေဆိုရင်လည်း နည်းနည်းနောနော မဟုတ်ဘူး။ ပြည်သူ့လက်ကိုင်တုတ်ပီပီ ခေတ် အဆက်ဆက်မှာ ပြည်သူနဲ့အတူရပ်တည်ပြီး အမြင်မတော်တာမှန်သမျှကို ‘ ဆော်ခဲ့ ‘ ၊ ‘ ကလော် ‘ ခဲ့တာချည်းပဲ။

မဆလနဲ့ န၀တ၊ နအဖခေတ်တွေမှာတော့ ကာတွန်းဟာ စစ်ဖိနပ်နဲ့နင်းတာကို ပြည်သူနဲ့ အတူခံခဲ့ရတယ်။ စိတ်ရှိသလောက် ခရီးမရောက် နိုင်ခဲ့ဘူး။ လက်ကိုင်တုတ်တွေထဲကလည်း တစ်ချောင်းစ၊ နှစ်ချောင်းစဆိုသလို အာဏာရှင် လက်ထဲရောက်ပြီး ပြည်သူတွေရဲ့ခေါင်းဆောင်တွေနဲ့ ပြည်သူတွေကို ပြန်ရိုက်ခဲ့ကြတာမျိုးရှိခဲ့တယ်။ ဒါမျိုးကိုတော့ သမိုင်းကဘယ်ကြည့်နေ လိမ့်မလဲ။ ပြည်သူတွေရဲ့ရှေ့မှောက်မှာ ရှက်ရွံ့သိမ်ငယ်နေရတဲ့ဘ၀မျိုး ဖြစ်စေခဲ့တော့တာပေါ့။

၂၀၁၂ ခုနှစ် သြဂုတ် ၂၀ ရက်မှာ စာပေစိစစ်ရေးဆိုတာကြီးကို ဖျက်သိမ်းလိုက်တော့ စာနယ်ဇင်းတွေ အထိုက်အလျောက်ရေး လို့၊ သားလို့ရလာတယ်။ သတင်းစာနဲ့ ဂျာနယ် ထုတ်ဝေခွင့်တွေပါ ရရှိလာခဲ့လေတော့ အဲဒီ သတင်းစာနဲ့ ဂျာနယ်တွေရဲ့ အသက်လို့ဆိုရမယ့် ကာတွန်းတွေက အတော်နေရာရလာတယ်။ လူထုကလည်း သတင်းစာဖြစ်ဖြစ်၊ ဂျာနယ်ဖြစ်ဖြစ် ကောက်ကိုင်လိုက်တာနဲ့ ကာတွန်းကို အရင်ဆုံး လှန်ပြီး ဖတ်ကြတာကိုး။ ကာတွန်းက အဲဒီလို ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်လာတော့ ‘ နှင်းဆီခိုင် ‘ ဖြစ်ချင်တဲ့သူတွေလည်း ကြိုးစားလာကြတာကို ကျွန်တော်တွေ့နေရတယ်။

ဒါပေမဲ့ စောစောကပြောသလို သတင်းခေတ်၊ သတင်းစာခေတ်ဖြစ်လာတော့ ကာတွန်းတွေ အားလုံးနီးပါးလောက်ကလည်း သတင်း ကာတွန်းချည်းလိုလို ဖြစ်လာကြတော့တယ်။ ငါးပွက်ရာ ငါးစာချဆိုတဲ့အတိုင်းပဲ အစိုးရနဲ့ တာဝန်ရှိလူကြီးတွေ တစ်ခုခုပြောမှား ဆိုမှား မဖြစ်လိုက်နဲ့၊ လုပ်မှား ကိုင်မှားမဖြစ်လိုက်နဲ့ အဲဒီ အဖြစ်အပျက်အကြောင်းအရာကို ကာတွန်း ဆရာအားလုံးနီးပါးက ၀ိုင်း ‘ တွယ် ‘ ကြတော့တာပဲ။

‘ နယ်လှည့်ပါးရိုက် ‘ ဆိုတုန်းကလည်း ‘ နယ်လှည့်ပါးရိုက် ‘ ကာတွန်းတွေ အင်နဲ့အားနဲ့ထွက်လာသလို ‘ ထမင်းတစ်နပ်လျှော့ စား ‘ ဆိုတုန်းကလည်း ‘ ထမင်းတစ်နပ်လျှော့စား ‘ ကာတွန်းတွေ ဒုနဲ့ဒေး ထွက်လာတာပဲ။’ စောက်ရူး ‘ ဆိုတုန်းက ‘ စောက်ရူး ‘ ကာတွန်းတွေ မှိုလိုပေါက်သလို ‘ ဂျက်ပါဝါ ‘ ကျပြန်တော့လည်း ‘ ဂျက်ပါဝါ ‘ လိုက်ကြပြန်တာပဲ။ ‘ ဘူဒိုဇာ ‘ နဲ့ တဲအိမ်တွေ ဖျက်တော့လည်း ‘ ဘူဒိုဇာ ‘ ကာတွန်းတွေထွက်လာသလို ‘ ဦးထုပ်ဝါ ‘ တွေနဲ့ အိမ်တွေဖျက်ပြန်တော့လည်း ‘ ဦးထုပ်ဝါ ‘ ကာတွန်းတွေ ပေါ်လာပြန်တာပဲ။ ဒါခေတ်ပဲ။

ခေတ်ကတောင်းဆိုတာကို ဘယ်အနုပညာရှင်ကမှ လွန်ဆန်လို့ရနိုင်တာမဟုတ်ဘူး။ ဒါပေမဲ့ ကိုအော်ပီကျယ်ရဲ့ အမှာစာထဲမှာ ရေးထားသလို ‘ အသံတစ်ခုခုကြားတာနဲ့ အလောတကြီး ၀ိုင်းဆွဲကြတာပဲ။ အချို့ကိစ္စတွေက အဝေးအနီး မှန်အောင်ကြည့်နိုင်ဖို့၊ ဓမ္မဓိဋ္ဌာန်ကျဖို့၊ ပုဂ္ဂိုလ်စွဲဆန္ဒမပါဖို့၊ အချိန်စောင့်ဖို့ လိုတယ် ‘ ဆိုတဲ့အတိုင်း စဉ်းစားချင့်ချိန်ရမယ့်ကိစ္စတွေ အများကြီးရှိတယ် ဆိုတာကို သဘောပေါက်ရလိမ့်မယ်။

ဒါကြောင့် ကာတွန်းဆရာတစ်ယောက် အနေနဲ့ လက်ရှိအစိုးရနဲ့ တာဝန်ရှိသူတွေရဲ့ အပြောအဆိုအလုပ်အကိုင်တွေရယ် အပြင် ဘက်မှာဖြစ်ပေါ်လာတဲ့ အပြောအဆိုအလုပ်အကိုင်တွေဟာ ဘယ်လိုကျိုးကြောင်းဆက်နွှယ်မှု တွေရှိတယ်ဆိုတာကို နားလည်ဖို့အရေးကြီးပါတယ်။ ဒီကနေ့ခေတ်လောက၊ ပြီးတော့ မြန်မာနိုင်ငံရေးလောက ရှုပ်ထွေးပွေလီတာ၊ ကောက်ကျစ်တာ၊ အောက်တန်းကျတာ မရှိဘူး။

အဲဒါကြောင့် ကာတွန်းဆရာဟာ ကာတွန်းချည်းပဲ ထိုင်ဆွဲနေလို့ မဖြစ်ဘူး။ စာဖတ်ဖို့လိုတယ်။ ကျွန်တော်တို့ရဲ့ ကာတွန်းဆရာကြီး ဦးဘဂျမ်းတောင် ကွန်မြူနစ်ဆိုတာကို သိပ်မသိဘဲ ကွန်မြူနစ်တွေကို ‘ လှိမ့်တွယ် ‘ ခဲ့သေးတယ်မဟုတ် လား။ အများကပြောတော့မှ ‘ ဟေ့…. ငါ့လည်းပြောထားကြဦးလေကွာ ‘ လို့ ပြောတာ။ ပြီးတော့ သတင်းကာတွန်းဆိုတာ ‘ သတင်း ‘ အပေါ်မှာ အခြေခံစဉ်းစားတာမို့ ကိုယ့်ရဲ့အနုပညာအစစ်မဟုတ်ဘူး။

ဝတ္ထုတွေ၊ ကဗျာတွေကို သရုပ်ဖော်အပ် လိုက်သလိုပဲ စာရေးဆရာ၊ ကဗျာဆရာရေးထားတဲ့ ၀တ္ထုနဲ့ကဗျာကိုဖတ်ပြီးမှ သရုပ်ဖော်ရတာမို့ ပန်းချီဆရာရဲ့ ပန်းချီစစ်စစ်လို့ ပြောဖို့ ခက်သလိုပဲ သတင်းမရှိရင် ကာတွန်းရှိမှာ မဟုတ်တော့ဘူး။ ကာတွန်းဆရာရဲ့ ဘ၀အမြင်၊ လောကအမြင်ကို ‘ သတင်းကာတွန်း ‘မှာ ရှာလို့မရနိုင်ဘူး။

အခု ‘ ရှူးတိုးတိုး ‘ ကာတွန်းစာအုပ်လေးထဲ မှာဖော်ပြထားတဲ့ ကာတွန်းကလေးတွေကတော့ သတင်းကို အခြေခံထားတာမျိုးမရှိတဲ့အတွက် ကျယ်ပြန့်တဲ့အတွေးအခေါ်တွေနဲ့ ပြည့်စုံနေတယ်လို့ ပြောရမယ်။ အကြောင်းအရာတွေကလည်း စုံမှစုံပါပဲ။ ကိုယ်ဖတ်မှတ်လေ့လာထားသလောက် ကိုဆင်ခြင်တုံတရားလက်ကိုင်ထားပြီး လွတ်လွတ် လပ်လပ်ရေးဆွဲထားကြတာကို သတိပြုမိပါတယ်။ ကာတွန်းပုံအားလုံး စာမဲ့တွေဖြစ်ပေမယ့် တစ်ပုံစ၊ နှစ်ပုံစဆိုသလို စာလေးတစ်လုံး၊ နှစ်လုံးရေးထားတာတွေ့ရတယ်။ ဒါကလည်း အဲဒီစာလေး တစ်လုံး၊ နှစ်လုံးမှမထည့်ရင် ကာတွန်းဖတ်တဲ့သူ သဘောမပေါက်နိုင်တဲ့ အခြေအနေမျိုးမို့ ဖြစ်ပါလိမ့်မယ်။

စာပါကာတွန်းတွေနဲ့ စာမဲ့ကာတွန်းတွေ ဘာကွာသလဲလို့မေးလာရင်တော့ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားဖြစ်နေကြလို့ ဘာမှမကွာဘူးလို့ ပြောရမယ်ထင်တယ်။ တစ်ခုရှိတာက စာမဲ့ကာတွန်းကိုကျတော့ ကိုယ့်ရဲ့တိုင်းရင်းသားဘာသာစကား ကို မတတ်တဲ့ လူတိုင်းကြည့်နိုင်၊ တွေးခေါ်နိုင်၊ သဘောပေါက်နားလည်နိုင်တာပေါ့။

ဒါပေမဲ့ စာမဲ့ကာတွန်းတွေမှာ စာသားတွေမပါတဲ့အတွက်ကြောင့် ‘ ရုပ်ပုံ ‘ တွေ ရှင်သန် အားကောင်းနေဖို့ အရေးကြီးတယ်။ စာပါတဲ့ ကာတွန်းမှာကျတော့ စာကိုဖတ်ပြီး နားလည်နေနိုင်တာကြောင့် အရုပ်တွေမရှင်နေရင်လည်း သိပ်ပြီးပြဿနာမရှိဘူး။ စာပါတဲ့ကာတွန်းတွေမှာ အရုပ်တွေရှင်သန်နေစရာမလိုဘူးလို့ ပြောတာမဟုတ်တာကို သဘောပေါက်စေချင်ပါတယ်။

စာလည်းပါ၊ အဲဒီစာကပြောတဲ့အဓိပ္ပာယ်အတိုင်း အရုပ်တွေကလိုက်ပြီး ရှင်သန်လှုပ်ရှားနေမယ်ဆိုရင်တော့ တကယ့် ကာတွန်းကောင်းပဲပေါ့။ စာမဲ့ကာတွန်းမှာကျတော့ ကိုယ်ပေးချင်တဲ့ Message ကိုရောက်အောင် အရုပ်တွေက ပံ့ပိုး မပေးနိုင်ဘူးဆိုရင်တော့ ခုတ်ရာတခြားရှရာတလွဲတွေ ဖြစ်သွားမှာ သေချာပါတယ်။

‘ ရှူးတိုးတိုး ‘ စာမဲ့ကာတွန်းများစာအုပ် ကလေးထဲမှာ လက်ရာနည်းနည်းကြမ်းနေသေးတာလေးတွေ၊ ကာတွန်းဆိုတဲ့အဆင့်ကို မရောက်သေးတဲ့ ရုပ်ပုံကလေးတွေ နည်းနည်းပါ နေတာတွေ့ရပေမယ့် အများကတော့ ခေတ်ကို ဖော်ပြသွားနိုင်ကြတာ တွေ့ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့တိုင်းပြည်မှာ အလွန်အရေးကြီးနေတဲ့ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး ကို သရော်လှောင်ပြောင်ထားတဲ့ ကာတွန်းကလေးတွေကို တွေ့ရတဲ့အတွက် ကျေနပ်အားရမိကြောင်းပါ။

ကာတွန်းကလေးတစ်ပုံမှာရေးထားတာ ကျောင်းသွားတဲ့လမ်းကလေးအပေါ် ဗုံးကြီးတစ်လုံးကျရောက်နေတဲ့ ပုံကလေးပါ။ ဒီကနေ့တိုင်းရင်းသားနယ်မြေတွေမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို မီးမောင်းထိုးပြထားတာပဲ ဖြစ်ပါတယ်။ စစ်မက်ဖြစ်ပွားနေ တဲ့ဒေသတွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေဟာ ကိုယ့်အိုးကိုယ့်အိမ်မှာ လုံခြုံစိတ်ချနေထိုင်လို့ မရကြပါဘူး။ အသက်ဘေး အတွက် လွတ်မြောက်ရာကို ထွက်ပြေးနေကြရပြီး စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ ဒုက္ခပေါင်းစုံရင်ဆိုင်ပြီး နေထိုင်နေကြရပါတယ်။

ကလေးတွေရဲ့ စာသင်ကျောင်းတွေလည်း စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးသွားကြပြီး ပညာသင်ကြားရေးနဲ့ အလှမ်းဝေးကြရပါတယ်။ ပညာသင်ကြားရေးနဲ့ ဝေးကွာတာဟာ အနာဂတ် ပျောက်ဆုံးတာဖြစ်လို့ တိုင်းပြည်နဲ့လူမျိုးအတွက် အင်မတန် နစ်နာကြရပါတယ်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ချင်ရင် စစ်ပွဲတွေအမြန်ဆုံးရပ်မှ ဖြစ်နိုင်သလို ကလေးအားလုံးလည်း စာသင်ခန်းတွေထဲ ရောက်ရှိပြီး ပညာကို အေးအေးချမ်းချမ်းသင်ယူ နိုင်ဖို့လိုတယ်ဆိုတာကို ပြောတာပါပဲ။

နောက်တစ်ပုံမှာတော့ ‘ အလုပ် ‘ လို့ရေး ထားတဲ့ ငါးကလေးတစ်ကောင်ကို ဘွဲ့ရပညာတတ် ၁၀ ယောက်လောက်က ၀ိုင်းပြီး ‘ မျှား ‘ နတဲ့ ပုံကလေး ရေးထားပါတယ်။ ဒါကတော့ ဒီကနေ့ ကျွန်တော်တို့တိုင်းပြည်မှာ လတ်တလောဖြေရှင်းရမယ့် အလုပ်လက်မဲ့ပြဿနာကို ဖော်ပြတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ လူဦးရေဟာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅၁ သန်းကျော်ရှိပါတယ်။ အလုပ်လုပ် နိုင်တဲ့လူဦးရေရဲ့ ၆၆ ရာခိုင်နှုန်းလောက် အလုပ်လုပ်နေကြတာကြောင့် အလုပ်လက်မဲ့ဦးရေဟာ ၃၄ ရာခိုင်နှုန်းရှိနေတာ တွေ့ရမှာပါ။ အဲဒီအထဲမှာ အလုပ်လုပ်နိုင်တဲ့ အသက် ၁၅ နှစ်နဲ့ ၃၅ နှစ်ကြားအရွယ်တွေမှာ ခြောက်ယောက်ရှိတဲ့အထဲ ခြောက်ယောက်က အလုပ်လက်မဲ့ဖြစ်နေပါတယ်။

ဒီအရေအတွက်ဟာ တိုင်းပြည်တစ်ပြည် အတွက် အလွန်အန္တရာယ်ကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ အလုပ်လက်မဲ့များနေရင် စာရိတ္တပျက်ပြားပြီး ရာဇ၀တ်မှုထူပြောနိုင်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေ များပြားလာပြီး တိုင်းပြည်ရဲ့ အဖိုးတန်လူသားအရင်းအမြစ်တွေ ဆုံးရှုံးပါတယ်။ ပညာကို တန်ဖိုးထားလေးစား အထင်ကြီးမှုတွေ ပျောက်ဆုံးပြီး ကုန်ထုတ်လုပ်မှု တွေ ကျဆင်းပါတယ်။ ကာတွန်းကလေးက ဒီအချက်တွေကို ထောက်ပြသွားပါတယ်။

ခြုံပြီးပြောရရင်တော့ ‘ ရှူးတိုးတိုး ‘ စာမဲ့ ကာတွန်းများ စာအုပ်ထဲမှာပါတဲ့ ကာတွန်းဆရာတွေရဲ့ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာကို အထင်အရှားတွေ့ရပါတယ်။ ဒါကလည်း အနုပညာရှင်တိုင်းမှာ ရှိသင့်ရှိထိုက်တဲ့ အလှတရားပါ။ စေတနာဆိုတဲ့ အလှတရား ကင်းမဲ့နေရင် အဲဒီကင်းမဲ့နေတဲ့ အနုပညာရှင် ဖန်တီးလိုက်တဲ့ ဘယ်လိုအနုပညာမျိုးမဆို အရောင်မတောက်နိုင်ပါဘူး။

အရောင်မထွက်၊ အရောင်မတောက်တဲ့ အနုပညာဟာ တိုင်းပြည်နဲ့ ပြည်သူလူထုကို အလင်းရောင်မပေးနိုင်ပါဘူး။ ‘ ရှူးတိုးတိုး ‘ မှာ တော့ စေတနာရဲ့အသံက ဆူညံနေကြောင်းပါ။

ရဲခေါင်မဲမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်