ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ပြန်ချိန်မတန်သေးတဲ့ အိမ်ဆီသို့

June 25, 2017

ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ပြန်ချိန်မတန်သေးတဲ့ အိမ်ဆီသို့
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၇

ချစ်သူငယ်ချင်းတို့ရေ

လနဲ့ချီ စာမလာသတင်းမကြားလို့ မျှော်တလင့်လင့် ဖြစ်နေကြလား။ တကယ်ဆို ပြောင်းလဲနေပြီဆိုတဲ့ ဒို့ပြည်ကြီးရဲ့  အခြေအနေကို စောင့်ကြည့်ပြီး ပြောချင်တာတွေ ရင်နဲ့အပြည့်ရှိနေပေမယ့် ဒီနေ့ရေးမယ် ဟိုနေ့ပြောမယ်လို့ စဉ်းစားပြီး နေ့တဓုဝ အရှုပ်အလုပ်တွေနဲ့ ရှုပ်နေလို့ Facebook ကနေပဲ သူငယ်ချင်းတချို့ ကို တို့ကနန်းဆိတ်ကနန်း ဟိုရေးဒီရေး ရေးပြောနိုင်ခဲ့တယ်။ အခုတော့ မပြောမဖြစ်ကိစ္စတခု ပေါ်လာလို့ အချိန်ယူပြီး ဒီစာကို ရေးလိုက်တာပါ။ ဒီစာကိုဖတ်ပြီး၊ ငါ့မေတ္တာရပ်ခံချက်ကို တတ်နိုင်သလောက် အကြံပြု၊ ဝိုင်းဝန်းကူညီစေချင်တယ်။

ငါ့အနေနဲ့ ပြည်ပရောက်နေတဲ့ သူငယ်ချင်းတွေကိုယ်စား ပြည်တွင်းမှာ ရုန်းကန်လှုပ်ရှားနေကြတဲ့ မင်းတို့ (မျိုးဆက်ဟောင်း၊ မျိုးဆက်သစ်) တွေကို အသိပေး၊ တောင်းဆိုချင်တဲ့ အကူအညီက – ဒီနေ့အထိ ပြည်တွင်းမီဒီယာတွေ ရေးသားဖော်ပြခြင်း မရှိသေးတဲ့၊ မင်းတို့ အများစု သတိမထား၊ ဂရုမပြုမိတဲ့ (သတင်း) – ကနေဒါ (Canada) နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့်ရရှိဖို့ နှစ်ပေါင်းများစွာ ကြိုးစားနေခဲ့တဲ့ ဒို့ ရှစ်ဆယ့်ရှစ် ရဲဘော်တယောက်ကို ကနေဒါ အစိုးရက ခိုလှုံခွင့် လျှောက်ထားမှုကို ငြင်းပယ်လိုက်ပြီး မြန်မာနိုင်ငံကို သူ့ဆန္ဒမပါဘဲ (အတင်းအဓမ္မ) မကြာခင် ပြန်ပို့နိုင်ဖို့ကို စီစဉ်နေတဲ့အကြောင်းပါ။ ကနေဒါနိုင်ငံမှာ တရားဝင်နေထိုင်ခွင့် နိုင်ငံရေး ခိုလှုံခွင့် အငြင်းပယ်ခံရတဲ့ ဒို့ရဲဘော်ကြီးက ကိုသန်းစိုး (ခေါ်) ရဲရင့် ပါ။ သူကိုတော့ ဒို့ရှစ်ပူးမျိုးဆက်တွေ သိကြပေမယ့်၊ မျိုးဆက်သစ်တွေကတော့ သိကြမှာမဟုတ်ဘူး။

ဒီလို ရုတ်ချည်း သူကို ဆိုင်းမဆင့်ဗုံမဆင့် ပြန်ပို့ဖို့ ဖြစ်လာတဲ့အကြောင်းက လက်ရှိ မြန်မာနိုင်ငံမှာ အာဏာတချို့ တဝက် မျှဝေရယူထားတဲ့ အရပ်သားအစိုးရက အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံရေး အပြောင်းအလဲတွေနဲ့အတူ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိနေပြီလို့ မောင်းခတ်ပြီး၊ နိုင်ငံတကာနဲ့ သံတမန်၊ စီးပွားရေး၊ ကုန်သွယ်ရေးတွေ လုပ်လာချိန်မှာ၊ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပျက်ပြယ်ခဲ့တဲ့ ကနေဒါနိုင်ငံနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး ပြန်လည်တည်ဆောက်ဖို့ နှစ်နိုင်ငံ အာဏာပိုင်တွေ တွေ့ဆုံချိန်မှာ ကနေဒါအစိုးရက လွန်ခဲ့တဲ့ (၁၅) နှစ်လောက်က ကနေဒါနိုင်ငံကို အမေရိကန်နိုင်ငံမှတဆင့် နယ်စပ်ကျော်ဖြတ် တရားမဝင် ဝင်ရောက်လာခဲ့ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုနေခဲ့တဲ့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကျောင်းသားတယောက်ကို ကနေဒါနိုင်ငံအနေနဲ့ နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ ငြင်းဆိုထားပြီး၊ မြန်မာပြည်ကို ပြန်လည်လွှဲပြောင်းပေးလိုကြောင်း ပြောဆိုတဲ့အခါ မြန်မာအာဏာပိုင်တွေက (ဘယ်သူဘယ်ဝါ အတိအကျမသိ) … ရဲရင့်နဲ့ မည်သူမဆိုကို ပြောင်းလဲပွင့်လင်းလွတ်လပ်လာတဲ့ မြန်မာနိုင်ငံကို ပြန်ပို့နိုင်ကြောင်း ပြောလိုက်လို့ အခုလို ကနေဒါနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရှိရတယ်။

ဒီမှာ မင်းတို့ (စာဖတ်သူတွေ) အနေနဲ့ မေးစရာရှိကောင်းရှိမယ် – သူက ဘယ်သူမို့လို့ ငါတို့တွေက ရှေ့ နေလိုက် သူ မြန်မာပြည် ပြန်မပို့ရေးကို စိုးရိမ်ပူပန်နေကြတာလဲ။ ဘာဖြစ်လို့ သူအနေနဲ့ တိုင်းပြည်ခေါင်းဆောင်ကြီးတွေ ပြောဆိုနေတဲ့ ပွင့်လင်းတိုးတက်ပြောင်းလဲလာပြီဆိုတဲ့ အမိမြန်မာပြည်ကို ပြန်မလာချင်တာလဲ။ မြန်မာပြည်ကို ပြန်ပို့မှာကို ဘာဖြစ်လို့ အကြောက်အကန် ငြင်းနေတာလဲ။ မင်းတို့က ဘာဖြစ်လို့ သူကို ဝိုင်းရံပေးရမှာလဲစတဲ့ မေးစရာတွေ ပြောစရာတွေ ရှိကြမှာပါ။ မင်းတို့ သိချင်၊ သိသင့်တာကို အသေးစိတ် အလုံးစုံ ပြောပြချင်ပေမယ့် (ပေ) စာရှည်မှာကြောင့်လို့ အတတ်နိုင်ဆုံးအကျဉ်းရုံးပဲ ပြောတော့မယ်။

ဦးစွာ မင်းတို့ (မေး) သိချင်တဲ့ … သူက ဘယ်သူမို့လို့ ငါတို့တွေက အခုလို အသဲအသန် စိုးရိမ်တကြီးနဲ့ သူ့ကို မြန်မာပြည် ပြန်မပို့ရေးအတွက် လှုံဆော်နေကြတာလဲဆိုတာကို ဖြေကြားရရင် သူက ရှစ်ဆယ့်ရှစ် အရေးအခင်းတုန်းက RIT ကျောင်းသား တက်ကြွလှုပ်ရှားသူ (ကို)သန်းစိုး။ ၁၉၈၈ စက်တင်ဘာလ (၁၈) ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အာဏာသိမ်း စစ်အစိုးရကို ဒေါင်းလံလွှင့် ထိပ်တိုက်ရင်ဆိုင် ဆက်လက်တိုက်ပွဲဝင်နေခဲ့တဲ့ မင်းတို့တွေကို စစ်ဘီးလူးတွေက ပိုးဆိုးပက်စက် သတ်ဖြတ်ဖမ်းဆီးနေချိန်မှာ ကိုသန်းစိုးအပါအဝင် ထောင်ပေါင်းများစွာသော (တောခို) ကျောင်းသားတွေက မြန်မာပြည်နယ်စပ်တကြောမှာ နှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်ကို တော်လှန်ပုန်ကန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့။ ဒါပေမဲ့ ဒို့တွေရဲ့  လက်နက်ကိုင်လှုပ်ရှားမှုက အကြောင်းအမျိုးမျိုးကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ဘူး။ ဒီလက်နက်ကိုင် တော်လှန်ပုန်ကန်မှုအကြောင်း နောက်ကြုံရင် ပြောတာပေါ့။ အခုတော့ ကိုသန်းစိုးအကြောင်း ဆက်ပြောရရင်…

အဲဒီလို စစ်အာဏာရှင်လက်အောက်မှာ ဒုက္ခပင်လယ်ဝေနေတဲ့ ပြည်တွင်း-နယ်စပ် ဒို့ကျောင်းသားတွေရဲ့  အခြေအနေကို နိုင်ငံတကာနဲ့ ကမ္ဘာကြီးက ဘာဆိုဘာမှ မကြားသိဘူး၊ စိတ်မဝင်စားဘူး။ နှစ်ကာလရှည် အာဏာရှင်ဗိုလ်နေဝင်းက မြန်မာနိုင်ငံကို ကမ္ဘာကြီးနဲ့ ဖြတ်တောက်၊ အမှောင်တိုက်သွင်းခဲ့တာကြောင့် ရှစ်ဆယ့်ရှစ် လူထုအရေးတော်ပုံကြီးမှာ သို့လောသို့လောနဲ့ နောက်ဆုံး ၁၉၈၉ ခုနှစ် တရုတ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုအောက်မှာ ပျောက်ကွယ်သွားသလို ဖြစ်နေခဲ့တယ်။ အဲဒီလို နိုင်ငံတကာ အလေးပေး၊ စိတ်ဝင်စားမှု မရှိတာကို အခွင့်ကောင်းယူပြီး စစ်အစိုးရက ပြည်တွင်းလှုပ်ရှားမှုတွေကို ထင်တိုင်းကြဲ ရက်ရက်စက်စက် ဖြိုခွဲခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မင်းတို့အားလုံး ဖမ်းဆီးချုပ်နှောင်းခံရပြီး တနိုင်ငံလုံး ပြားပြားဝပ်နေတာကို ငေးမောလက်ပိုက်ကြည့်နေတဲ့ နိုင်ငံတကာသိအောင်၊ ကမ္ဘာသတင်းမီဒီယာတွေ စိတ်ဝင်စားလာအောင် နယ်စပ်နဲ့ ထိုင်းနိုင်ငံမှာ ခိုလှုံလှုပ်ရှားနေကြတဲ့ ဒို့တတွေ နည်းမျိုးစုံရှာ ကြံဖန်ကြိုးစားခဲ့ကြတယ်။

အဲဒီလို တောင်မင်းကို မြောက်မင်း ကယ်ဖို့ ဒေါင်းဆားချက် ကြိုးစားနေချိန်မှာ ထိုင်းနယ်စပ်ကနေ အခက်အခဲ၊ အတားအဆီး၊ အန္တရာယ်တွေကို ကျော်လွှားပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှာ မြန်မာနိုင်ငံအတွင်းကို လျှို့ ဝှက်ဝင်ရောက်ပြီး၊ ၁၉၈၉ အောက်တိုဘာ (၆) ရက်နေ့မှာ  ရဲရင့်အမည်နဲ့ ရဲသီဟနဲ့အတူ တောင်ပိုင်းမြိတ်မြို့ ကနေ ရန်ကုန်မြို့ ကို ပျံသန်းတဲ့ လေယာဉ်ဝန်ထမ်း နဲ့ ခရီးသည် (၈၅) ဦးပါတဲ့ မြန်မာ့လေကြောင်းပိုင် လေယာဉ်ပျံကို ဗုံးအတု (ဆပ်ပြာဗူးတစ်ဗူးကို ဗုံးဟု လိမ်ညာလျက်) နဲ့ လေယာဉ်မှူးနဲ့ ခရီးသည်များကို မေတ္တာရပ်ခံပြီး ထိုင်းနိုင်ငံကို လေယာဉ်ပြန်ပွဲဆွဲပြီး ကမ္ဘာ့သတင်းမီဒီယာတွေကနေ မြန်မာစစ်အစိုးရရဲ့  လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖွင့်ချဖော်ထုတ်လိုက်တယ်။

လေယာဉ်ပျံ ပြန်ပေးဆွဲတာကို ကြီးလေးတဲ့ အကြမ်းဖက်လှုပ်ရှားမှုလို့ နိုင်ငံတကာက သတ်မှတ်ထားပေမယ့် သူတို့နှစ်ယောက်ရဲ့  လှုပ်ရှားမှုက ဗုံးအတုနဲ့ ခြိမ်းခြောက်ပြီး၊ ခရီးတလျှောက်လုံး လေယာဉ်မှူးများနဲ့ ခရီးသည်များကို သူတို့ ဘယ်သူဘယ်ဝါ၊ ဘာကြောင့် အခုလို လေယာဉ်ပျံပေးဆွဲရသလဲ ဆိုတာကို တလေးတစား ရှင်းလင်းပြောပြပြီး၊ မေတ္တာရပ်ခံ တောင်းပန်စကား ဆိုခဲ့တာကို ခရီးသည်တချို့ က ပြောဆိုကြတယ်။ ရဲရင့် ပြောဆိုခဲ့တဲ့ မှတ်တမ်းအရ ထိုင်းအာဏာပိုင်များ၏ တောင်းဆိုချက်အရ လေယာဉ်ကို ဘန်ကောက်မြို့အစား U-Tapao ထိုင်းရေတပ်စခန်းတွင် ဆင်းသက်ရန် သဘောတူခဲ့ပြီး ရေတပ်စခန်းကို ည​နေ (၅) နာရီ (၄၅) မိနစ်ခန့်မှာ ဆင်းသက်ခဲ့သည်။

လေယာဉ်ဆင်းသက်ပြီး စေ့စပ်သဘောတူညီမှုတွေ လုပ်ဆောင်ပြီးနောက် ထိုင်းအစိုးရ ကိုယ်စားလှယ်တစ်ဦး လေယာဉ်ပေါ်သို့ ရောက်ရှိလာခဲ့ပြီး မြန်မာစစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် လုံခြုံရေးကောင်စီ (SLORC) ထံသို့ အချက် (၇) ချက်ပါသော နိုင်ငံရေး တောင်းဆိုမှု ကြေညာစာတမ်း ထုတ်ပြန်ခဲ့တယ်။ တောင်းဆိုချက်တွေက …

(၁) ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်

(၂) နိုင်ငံရေး အကျဉ်းသားများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်

(၃) စစ်ဘက်ဆိုင်ရာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ကို ပြန်လည် ရုတ်သိမ်းပေးရန်

(၄) စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး စစ်တန်းလျားပြန်ရန်

(၅) မြန်မာနိုင်ငံတွင် နိုင်ငံတော် ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းမှုများကို တည်ဆောက်ရာ၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ အကောင်အထည်ဖော်မှုများကို ခွင့်ပြုရန်။ နိုင်ငံတော်၏ ဆယ်စုနှစ်များတိုင် ရှည်ကြာခဲ့သည့် တိုင်းရင်းသား ပြည်တွင်းစစ်များကို ဟန့်တားရပ်စဲရန်နှင့် တစ်နိုင်ငံလုံးအတွက် ရေရှည်ခံသော ငြိမ်းချမ်းရေးရရှိစေရန်၊

(၆) SLORC နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူ အုပ်စုများအကြား နိုင်ငံရေးအရ ကျေအေးမှုကို ကမ္ဘာ့ကုလသမဂ္ဂ မှ စောင့်ကြည့်ကြီးကြပ်ခွင့်ပြုရန်

(၇) လူထုအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နှင့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ပြုရေး အာမခံ ကတိပြုရန်

တို့ဖြစ်တယ်။ အဲဒီနောက် ထိုင်းအစိုးရနဲ့ အပေးအယူ၊ သဘောတူညီမှုတွေ ရယူပြီး၊ လက်နက်ချ အဖမ်းခံခဲ့တယ်။ ထိုင်းအစိုးရက တရားဥပဒေနဲ့အညီ လနဲ့ချီ စစ်ဆေးမေးမြန်းပြီး၊ ၁၉၉၀ မတ်လ (၂၁) ရက်နေ့မှာ ထိုင်းနိုင်ငံတော်ဝင် တရားရုံးမှ သူတို့နှစ်ဦးကို ထောင်ဒဏ် (၆) နှစ် ပြစ်ဒဏ်ချပြီး ဘန်ကောက်မြို့  အထူးထိန်းသိမ်းစောင့်ရှောက်ရေး စင်တာ (Special Detention Center) မှာ ထိန်းသိမ်းထားရှိခဲ့ပြီး အကျဉ်းကျခံနေစဉ်ကာလမှာ သူတို့ရဲ့  အကျင့်စာရိတ္တ၊ တည်ကြည်ရိုးသားမှုကြောင့် အပြစ်ဒဏ်ကို လျှော့ပေါ့ပြီး၊ ထိုင်းမိဘုရား၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သြဂုတ် ၁၉၉၂ ခုနှစ်မှာ လွှတ်ပေးခဲ့တယ်။ ထောင်ကလွတ်လာပြီးနောက် ဘန်ကောက်မြို့ တဝိုက်မှာ ကုလသမဂ္ဂ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ခဲ့ကြတယ်။

အဲဒီကာလအတွင်းမှာ ကိုသန်းစိုး – ရဲရင့် က စာဖတ်လေ့လာမှုတွေလုပ်ပြီး အမေရိကန်နိုင်ငံကပေးတဲ့ ပညာတော်သင်ဆု စာမေးပွဲကို အောင်မြင်ကာ၊ အမေရိကန်နိုင်ငံ တက္ကသိုလ်များမှာ ပညာသင်ကြားခွင့် အခွင့်အလမ်းကို ရရှိခဲ့တယ်။ ၁၉၉၆ ခုနှစ်မှာ ငါ စာသင်ကြားနေတဲ့ အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်း အင်ဒီးရားနားပြည်နယ်မှာရှိတဲ့ အင်ဒီးရားနား တက္ကသိုလ် ဘလူးမင်တန် (Indiana University Bloomington) ကို ရောက်ရှိလာခဲ့တယ်။အသောက်အစား၊ အပျော်အပါးကင်းရှင်း ရည်ရွယ်ချက် ခိုင်ခိုင်မာမာနဲ့ ကျောင်းစာကို တခုတ်တရ ကြိုးစားသင်ယူခဲ့တဲ့ စာတော်စာကြိုးစားတဲ့ ကျောင်းသားတယောက်လို့ သိခဲ့ပြီး၊ တနှစ်လောက် အခန်းဖော် အတူနေချိန်မှာ သူ့ရဲ့  ရိုးသားတည်ကြည်မှု၊ ခိုင်မာတဲ့စိတ်ဓါတ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ် ထားရှိတဲ့ စေတနာတွေကို ပိုသိရှိခဲ့ရတယ်။ တကယ်ကို စိတ်ထားဖြူစင်ပြီး ချစ်ခင်လေးစားဖို့ကောင်းတဲ့ ရဲဘော်ရဲဖက်တယောက် ဖြစ်တယ်။ ဒီလိုနဲ့ ၁၉၉၇ ပညာသင်နှစ်မှာ ကံဆိုးစွာနဲ့ အမေရိကန်နိုင်ငံမှာ နေထိုင်ခွင့်ကို ပယ်ချခံရပြီး၊ အမေရိကန်အစိုးရက လေယာဉ်ပျံပေးဆွဲတာနဲ့ ပတ်သက်ပြီး သူကို စစ်ဆေးမေးမြန်းဖို့ ပထမအကြိမ် တစ်လနီးပါး ထိန်းသိမ်းခဲ့ရပြီး၊ ၂၀၀၁ စက်တင်ဘာလ (၉) ရက်နေ့ နယူးရော့ခ် နဲ့ ဝါရှင်တန်ဒီစီတို့ကို မူစလင်စစ်သွေးကြွတွေ တိုက်ခိုက်ပြီးနောက်ပိုင်းမှာ ရဲရင့် ကို အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးအဖွဲ့ကြီး (Homeland Security) က ဒုတိယအကြိမ် ဖမ်းဆီးထိန်းသိမ်းပြီး တနှစ်နီးပါးခန့် ထောင်များစွာကို ပြောင်းရွှေ့ ချုပ်ခဲ့ပြီး၊ ပြန်လည်လွှတ်ပြီးတဲ့နောက်ပိုင်းမှာ အကျယ်ချုပ်ပုံစံနဲ့ သွားလာလှုပ်ရှားမှုကို အနီးကပ်စောင့်ကြည့်နေခဲ့တယ်။

အဲဒီအချိန်ကာလမှာ အလုပ်လုပ်ကိုင်ခွင့်မရ၊ သွားရေးလာရေး၊ နေရေးထိုင်ရေး အစစအရာရာ တင်းကြပ်ခက်ခဲလာကာ ဖမ်းလိုက်လွှတ်လိုက် သံသရာမှ လွတ်ကင်းအောင် တခြားတိုင်းနိုင်ငံကို တရားဝင် ထွက်ခွါသွားဖို့ ကြိုးစားခဲ့ပေမယ့် အမေရိကန်အစိုးရက ခွင့်မပြုခဲ့တာကြောင့် နောက်ဆုံးတော့ အမေရိကန်တဘက်ကမ်း အိမ်နီးချင်းနိုင်ငံ ကနေဒါနိုင်ငံကို ၂၀၀၃ နိုဝင်ဘာ (၂၈) ရက်နေ့မှာ သူငယ်ချင်းအချို့  အကူအညီနဲ့ လျှို့ ဝှက်ဝင်ရောက်ခဲ့ပြီး သက်ဆိုင်ရာ အာဏာပိုင်များကို အကြောင်းကြားကာ နိုင်ငံရေး ခိုလှုံခွင့်ကို တောင်းဆိုခဲ့တယ်။ ကနေဒါအစိုးရအနေနဲ့ သူကို နိုင်ငံရေး ခိုလှုံခွင့် မပေးပေမယ့် ယာယီနေထိုင်ခွင့်ပေးခဲ့တယ်။ အဲဒီမှာရှိတဲ့ ကနေဒီယန် နဲ့ မြန်မာမိတ်ဆွေတွေရဲ့  ပြောဆိုချက်အရ အရင်အတိုင်းပဲ မပြောင်းမလဲ လူတိုင်းနဲ့ သဟဇာတဖြစ် ပေါင်းသင်းဆက်ဆံပြီး၊ ရိုးရိုးကုပ်ကုပ်၊ အေးအေးဆေးဆေး နေထိုင်ကြောင်း သိရတယ်။

အခုတော့ ကနေဒါနိုင်ငံက တရားဝင် နိုင်ငံရေးခိုလှုံခွင့်ပေးဖို့ စီစစ်စဉ်းစားနေချိန်မှာ ဒို့နိုင်ငံရဲ့  ခေါင်းဆောင်ကြီးတွေက ပွင့်လင်းလွတ်လပ်လာတဲ့ ဒီမိုကရေစီနိုင်ငံသစ်ဆီကို ပြည်ပနိုင်ငံများကို တိမ်ရှောင်သွားကြသူတွေ အချိန်မရွေး ပြန်လာနိုင်ကြောင်း။ ကနေဒါနိုင်ငံအနေနဲ့ ရဲရင့် ကို လက်ခံဖို့ မဆုံးဖြတ်နိုင်၊ သူ့မိခင်နိုင်ငံသို့ လက်လွှဲပြန်ပို့ချင်က ပို့နိုင်ကြောင်း ပြောဆိုချက်တွေကြောင့် အခုလို ရဲရင့် ကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ဖို့ ဖြစ်လာခဲ့တယ်။

ခေါင်းဆောင်ကြီးတွေ ပြောနေတဲ့ ပြောင်းလဲတိုးတက်လာတဲ့ အမိမြန်မာပြည်ကို ရဲရင့် ပြန်ဖို့ စိတ်ဆန္ဒမရှိ (အဆင်သင့် မဖြစ်သေး)၊ ဒို့တတွေအနေနဲ့ သူ့ကို ပြန်မပို့စေချင်တဲ့အကြောင်းက ပွင့်လင်းလွတ်လပ်၊ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲလာတယ်ဆိုတဲ့ မြန်မာပြည်မှာ တွေ့မြင်ရသလောက် တရားဥပဒေ စိုးမိုးရေးက မရေမရာ၊ အာမခံချက်မရှိ – ပြည်ထဲရေးက စစ်တပ်လက်ထဲမှာ ရှိနေသရွေ့  တပ်အနေနဲ့ သူတို့ ရှင်းချင်တဲ့လူ၊ အစာမကြေတဲ့လူဆိုရင် ဖမ်းဆီးအရေးယူ ရှင်းလင်းနေတော့ စစ်အာဏာရှင်တွေရဲ့  နဖူးကို ဖနောင့်နဲ့ပေါက်သွားခဲ့တဲ့ ရဲရင့်တို့ကို တပ်ချုပ်ကြီးအနေနဲ့ စာရင်းဖျက် ခွင့်လွှတ်မှာ မဟုတ်ဘူး။ဒီနေ့အထိ မင်းတို့အမြင် တွေ့နေတဲ့အတိုင်း ဒို့ရဲဘော်တွေဖြစ်ကြတဲ့ အလွတ်သတင်းထောက် ကိုပါကြီး ကို တပ်မတော်လျှို့ ဝှက်ချက်တွေကို ထောက်လှမ်းလို့ဆိုပြီး ရှင်းလင်းပြစ်ပြီး လက်သည်မဖော် (မပေါ်) အစအန ဖျောက်ဖျက်ထားခဲ့တယ်။ ABSDF ကျောင်းသားတပ်မတော် ရဲဘော်ကြီး ကိုမင်းသိန်း ကို တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လို့ဆိုပြီး ဖမ်းဆီးချုပ်နှောင်းထားတာ ဘယ်လိုအခြေအနေရှိမှန်း မသိရဘူး။ ဗိုလ်ချုပ်မှူးကြီး ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ခြေဥကို ထိပါးလို့ပြီး လက်မည်းကြီးတွေက ရှေ့ နေကြီး ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်လိုက်တာနဲ့ (ငါတို့ သိသလောက်) စစ်အာဏာရှင်တွေကို ကမ္ဘာ့အလယ် အရှက်ခွဲခဲ့တဲ့ ရဲရင့် နဲ့ ရဲသီဟ ကို အသေရရ၊ အရှင်ရရ ဖမ်းဆီးဖို့ ထိုင်းအစိုးရကို အပေးအယူလုပ်ပြီး၊ မြန်မာစစ်ထောက်လှမ်းရေးတွေ နှစ်ပေါင်းများတွေ ကြိုးပမ်းခဲ့တယ်။ပွင့်ပွင့်လင်းလင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရအနေနဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို ရာနှုန်းပြည့် မစွမ်းဆောင်နိုင်သေးဘူးဆိုတာ လူတိုင်းအသိ။ ဒီနေ့အထိ တိုင်းပြည်နဲ့လူထု အကျိုးစီးပွား မရှေ့ ရှုတဲ့ ဗိုလ်ချုပ်မှူးကြီး ကြိုးဆွဲရာ ကနေရတဲ့ စစ်တပ်အနေနဲ့ ပြည်ထဲရေး၊ ရဲ နဲ့ မြို့ နယ်ရပ်ကျေး ထွေအုပ်တွေကို ခါးပိုက်ထဲထည့်ပြီး ဥပဒေကို လိုရာဆွဲ လုပ်နေကြတာ မောင်းခတ်ပြောစရာ မလိုဘူး .. ပြည်သူတွေအတွက် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးဆိုတာ မရှိသေးဘူး။

ငါတို့ အကြွင်းမဲ့ ယုံကြည်တာက … NLD အစိုးရအနေနဲ့ ရဲရင့် ကို သူ ကျူးလွန်ခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲ ရာဇဝတ်မှုအတွက် တပ် (ပြည်ထဲရေး) က နောက်ကြောင်းပြန် အရေးမယူ၊ ဖမ်းဆီးခြင်း မလုပ်ဘူးလို့ အာမခံ မပေးနိုင်သလို၊ သူ့အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူး။ မင်းတို့ငါတို့အားလုံး အသိ၊ ကြားနေမြင်နေရတဲ့အတိုင်း … ရက်စက်ယုတ်မာခဲ့တဲ့ စစ်ထောက်လှမ်းရေးဟောင်းတွေကလည်း Mafia ပုံစံနဲ့ လူရှင်းပွဲတွေလုပ်၊ ဒါကို NLD အစိုးရအနေနဲ့ မရှုနိုင်မကယ်နိုင်၊ အမျိုးသားရင်ကြားစေ့ရေးအောက်မှာ ရေငုံနှုတ်ပိတ် လက်မှိုင်ချကာ မူမမှန်၊ စိတ်မချရတဲ့ ခြေဥအထက်က ဗိုလ်ချုပ်မှူးကြီး နဲ့ တပ်ကို အရိပ်တကြည့်ကြည့်နဲ့ ချောမော့ဆက်ဆံနေရတာ ဘယ်လောက် စိုးရိမ်စရာကောင်းလဲ။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ရဲရင့်အနေနဲ့ လွန်ခဲ့တဲ့အပတ် VOA သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ် – ဘာကြောင့် လတ်တလော အခြေအနေမှာ မြန်မာပြည်ကို ပြန်အခြေချဖို့ ဝန်လေးတုံ့ဆိုင်းနေရတဲ့အကြောင်း သူ့ပြောပြချက်ကို တချက်ကြည့်ပြီး (မင်းတို့) နားလည်လက်ခံမယ်လို့ မျှော်လင့်ပါတယ်။

“ကျနော် ထောင်ချခံရမှာကို မကြောက်ပါဘူး။ ဒါပေမဲ့ အမှန်တရားတွေ ဆုံးရှုံးသွားမှာကိုတော့ ကြောက်တာပေါ့။ အမှန်တရားအတွက် စွန့်စားသွားတဲ့လူတွေ အများကြီးရှိတယ်။ လက်ရှိမှာလည်း စွန့်စားနေတဲ့သူတွေ အများကြီးရှိသေးတယ်။ အမှန်တရားတွေမပေါ်ဘဲနဲ့ ပျောက်သွားမှာကို ကြောက်လို့ … အရေးကြီးတာက ဘာလဲဆိုတော့ ကျနော် ဖြစ်စေချင်တာက ကျနော့်ကိစ္စမဟုတ်ပါဘူး။ အားလုံးအတွက် လုံခြုံမှုမရှိသေးတာ။ သက်ဆိုင်ရာအစိုးရက ဥပဒေတွေ ပြဌာန်းပြီးတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ တရားဝင် ဂုဏ်သရေရှိစွာနဲ့ ပြန်လာဖို့လုပ်ပေးတာမျိုး မရှိကိုမရှိသေးတာ၊ မရှိသေးတဲ့အကြောင်းကလဲ ဒေါ်စုတို့အစိုးရအနေနဲ့ လုပ်ရကိုင်ရတာ ခက်ခဲမှုတွေ ရှိနေလို့ဖြစ်မှာပါ။”

နောက်ဆုံး ပြောချင်တာက အရပ်သားအစိုးရအနေနဲ့ … xx မနိုင်ဘဲ ပဲကြီးစားလုပ်ရပ်မျိုးနဲ့ သမိုင်းတရားခံ မဖြစ်ဖို့။ ပြောမယ်ဆို … စစ်အာဏာရှင်တွေကြောင့် တောခိုသွားသူတွေ၊ ပြည်ပတိုင်းနိုင်ငံတွေကို ရောက်ရှိသွားကြသူတွေ – ရောက်တဲ့အရပ်ကနေ စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးကို မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့သူတွေအားလုံး ငါတို့ချစ်တဲ့ အမိမြေကို ဂုဏ်သိက္ခာရှိစွာနဲ့ ပြန်ချင်ကြတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းရေး၊ တိုင်းကျိုးပြည်ကျိုးကို ဆက်လက်ထမ်းရွက်ဖို့ အမြဲအဆင်သင့် ရှိကြတယ်။ အတင်းအဓမ္မ ပြန်ပို့စရာမလိုသလို၊ (နှစ်) နိုင်ငံ အကျိုးစီးပွားအတွက် အလှယ်အလှဲလုပ်သလိုမျိုး မလုပ်ဘဲ၊

တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ပုံစံမျိုးနဲ့ ဖိတ်ခေါ်ကြိုဆိုမယ်ဆိုရင် ရဲရင့်နဲ့အတူ များစွာသော ဒီမိုကရေစီ အရေးတော်ပုံတပ်သားတွေ ဒေါင်းလံလွှင့်ပြီး ပြန်လာကြမှာပါ။

အခုတော့ ပြန်ချိန်မတန်သေးတဲ့အိမ်ကို မပြန်နိုင်သေးတဲ့ ရဲရင့်အတွက် မင်းတို့တွေ တတ်နိုင်သလောက် ဝိုင်းရံပေးကြဖို့ မေတ္တာရပ်ခံတယ်။ မင်းတို့တွေ အကောင်းဆုံး ရပ်တည်ဆောင်ရွက်ပေးကြမယ်လို့ မျှော်လင့်ယုံကြည်ပါတယ်။ မင်းတို့အားလုံး ကျန်းမာချမ်းမြေ့ကြပါစေ။

ချစ်ခင်စွာဖြင့် … မင်းတို့ရဲ့ 
ဇွန်မိုး

* ရဲရင့်ရဲ့  သူ့ဘဝတစိတ်တပိုင်း ပြောဆိုချက်ကို ဒီ ဘလော့စာမျက်နာ http://moethihaaung.blogspot.com/2017/04/blog-post_57.html မှာ ဖတ်ရှုနိုင်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မိုးမခကို ပေးတဲ့စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်