ထွန်းဝင်းငြိမ်း ● မင်းတုန်းမင်း၊ ၆၆ (ဃ) နဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့်

June 25, 2017

ထွန်းဝင်းငြိမ်း ● မင်းတုန်းမင်း၊ ၆၆ (ဃ) နဲ့ လွတ်လပ်စွာထုတ်ဖေါ်ခွင့်

(မိုးမခ) ဇွန် ၂၅၊ ၂၀၁၇

● နှစ်ပေါင်း ၁၅၀ နီးပါးကြာခဲ့
“ငါမကောင်းရင် ငါ့ကို ရေး၊ ငါ့မိဖုရားတွေ မကောင်းရင် ငါ့မိဖုရားတွေကို ရေး၊ မင်းသားမင်းသမီးတွေမကောင်းရင် သူတို့ကို ရေး၊ အဲဒီအတွက် မင်းတို့ သတင်းစာတွေမှာ အပြစ်မရှိစေရ။ နန်းတော်အတွင်း သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င် ထွက်စေ” ဆိုတာ ၁၈၇၄ ခုနှစ် ရတနာပုံသတင်းစာ စတင်ထုတ်ဝေစဉ်က မင်းတုန်းမင်းကြီး ပြောခဲ့တဲ့စကားပါ။ မဏ္ဍိုင်ကြီး ၃ ရပ် မပေါ်သေးတဲ့ သက်ဦးဆံပိုင်ခေတ်က ပြောခဲ့ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာထုတ်ဖေါ်ရေးသားခွင့်နဲ့ ပတ်သက်ရင် ဒီနေ့ထိ ကိုးကားနေရဆဲ ဖြစ်ပါတယ်။ နှစ်ပေါင်း ၁၅၀ နီးပါးကြာခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ သတင်းစာဆရာတွေ၊ မီဒီယာသမားတွေဟာ လွတ်လပ်စွာ ထုတ် ဖေါ်ရေးသားခွင့်အတွက် ရုန်းကန်ကြိုးပမ်းနေရဆဲပါပဲ။

● ဖြောင့်ချက်နဲ့ “သည်တိုင်းမ်စ်”
မြန်မာပြည်ကိုဗြိတိသျှတွေသိမ်းပြီးစ ၁၈၈၇ ခုနှစ်လောက်မှာ သူ့ကျွန် မခံလိုတဲ့ မြန်မာတွေ တော်လှန်ပုန်ကန်ခဲ့ကြပါတယ်။ သူပုန်တွေကို ဗြိတိ သျှစစ်တပ်က ဖမ်းပြီး သေနတ်နဲ့ ချိန်ကာ ဖြောင့်ချက်ပေးခိုင်းတာတွေ လုပ်ခဲ့ပါတယ်။ ဒီသတင်းကို လန်ဒန်မြို့ထုတ် ‘သည်တိုင်းမ်စ်’ သတင်း စာက ဖော်ပြလိုက်တဲ့အခါ နေမ၀င်အင်ပါယာကြီး အုပ်စိုးနေတဲ့ ဗြိတိသျှပါလီမန်တစ်ခုလုံး ပွက်လောရိုက်သွားခဲ့ရဖူးပါတယ်။ တရားဥပဒေကို ကိုင်ပြီး ချယ်လှယ်နိုင်သူများကို သတင်းစာတွေက ရဲရဲဝံ့ဝံ့ ဖော်ထုတ်ကြတဲ့ အဖြစ်အပျက်တခုပါ။

● တရားဥပဒေဆိုတာ
တရားဥပဒေရဲ့ အခြေခံကိုယ်၌က အာဏာရလူတန်းစားကို အကာအကွယ်ပေးတဲ့ သဘောမှာ အခြေခံခဲ့တယ်လို့ မြင်ပါတယ်။ ဥပဒေ၊ တရား ရုံး၊ ထောင်၊ ပုလိပ်နှင့် စစ်တပ်တွေဆိုတာ အာဏာရ ကိရိယာတွေသာ ဖြစ်ကြပါတယ်။ အရင်းရှင်ခေတ်မှာ အရင်းရှင် လူတန်းစားက အရင်းမဲ့ တွေကို ဖိနှိပ်တဲ့ ကိရိယာ။ ဆိုရှယ်လစ်စနစ်မှာ မတရားခြယ်လှယ်သွေးစုပ်တဲ့ ဖောက်ပြန်တဲ့လူတန်းစားတွေအပေါ် အကြပ်ကိုင်တဲ့ ကိရိယာ လို့ ဆိုကြပါတယ်။ ဒါပေမယ့် ဘယ်စနစ်၊ ဘယ်ခေတ်မှာမဆို အုပ်စိုးသူလူတန်းစားဟာ သူတို့အုပ်စိုးနေစဉ်ကာလ တစ်လျှောက်လုံးမှာ တရား မျှတတယ်ဆိုတဲ့အဖြစ်မျိုးကို ဖန်တီးလိုကြတာပါပဲ။ အဲဒီလို ပြည်သူတွေထင်မြင်လာအောင် ဥပဒေနဲ့ မီဒီယာကို အသုံးချကြပါတယ်။

မြန်မာ့သတင်းစာလောကမှာ အယ်ဒီတာတစ်ဦး ပထမဆုံး အသတ်ခံရတာ မြန်မာ့အလင်းအယ်ဒီတာ ဆရာသင်ဖြစ်ပါတယ်။ လွတ်လပ်ရေး ရပြီးခေတ်မှာ နယူးတိုင်း အော့ဖ် ဘားမား(အင်္ဂလိပ်) သတင်းစာအယ်ဒီတာချုပ် ဦးတင်ထွဋ် ဗုံးခွဲလုပ်ကြံခံရပြီး အသက်ဆုံရှုံးခဲ့ရတယ်။ အဲဒီ ခေတ်ကစပြီး ဒီနေ့ခေတ်တိုင်အောင် အယ်ဒီတာ၊ သတင်းထောက်တို့ ဖမ်းခံ၊ သတ်ခံ၊ အနိုင်ကျင့်ခံရတာတွေဟာ ခေတ်အဆက်ဆက် မပြောင်းလဲသေးတဲ့ အခြေအနေတွေလို့ ဆိုရမယ် ထင်ပါတယ်။

● လွတ်လပ်ရေး လက်နက်
ဗြိတိသျှအစိုးရဟာ တွဲရေး၊ ခွဲရေး၊ ဒိုင်အာခီ၊ ၉၁ ဌာန အုပ်ချုပ်ရေးစတဲ့ ပိုက်ကွန်တွေနဲ့ နိုင်ငံရေးသမားတွေရဲ့ ညီညွတ်ရေးကို ဖြိုခွဲပြီး သူ့လူ ဖြစ်အောင် သိမ်းသွင်းခဲ့ပါတယ်။ လက်ဟောင်း နိုင်ငံရေး သမားကြီးတွေကလည်း သူ့ထက်ငါ အလုအယက် အပြိုင်အဆိုင် ရာထူးရရေးအတွက် အာဏာမက်ပြီး အလိုတော်ရိတွေ ဖြစ်ကုန်ကြပါတယ်။ ပါတီစွဲ ပုဂ္ဂိုလ်စွဲ သတင်းစာတွေအနေနဲ့ တစ်ဖွဲ့ကိုတစ်ဖွဲ့ တစ်ဦးကိုတစ်ဦး သိက္ခာချ ကြပါတယ်။ သူရိယသတင်းစာဟာ ပူးသတ်ခေါင်းဆောင် ဦးဘဘေဦးစီးတဲ့ ၂၁ ဦးလက်ကနေ ဂဠုန်ဦးစော လက်ကို ရောက်သွားသလို စီးပွား ရေးအမြင်သက်သက်နဲ့ ရေးသားခဲ့တဲ့ မြန်မာ့အလင်းဟာ ဦးချစ်မောင်၊ သခင်ဗဟိန်းတို့ ဦးဆောင်မှုနဲ့ ပြည်သူလူထုဘက်က ရပ်တည်တဲ့ အမျိုး သားနိုင်ငံရေးသတင်းစာအဖြစ် ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ၁၃ဝဝ ပြည့် အရေးတော်ပုံကစပြီး ဗြိတိသျှအစိုးရဟာ ဥပဒေ၊ ပုဒ်မ အမျိုးမျိုးနဲ့ ဖိနှိပ်လာခဲ့ရာမှာ တို့ဗမာအစည်းအရုံးခေါင်းဆောင်မှန်သမျှ ထောင်ထဲက ထွက်ရတာ မရှိတော့သလောက် ဖိနှိပ်ခြင်းခံခဲ့ ကြရပါ တယ်။ သတင်းစာတွေကိုလည်း အာမခံတောင်းတာ၊ တရားစွဲဆိုတာတွေ လုပ်ခဲ့ကြပါတယ်။

ဗြိတိသျှအစိုးရရဲ့ ဖိနှိပ်မှုပြင်းထန်ခဲ့ပေမယ့် တဖက်မှာ ပိုပြီးညီညွတ်စုစည်းလာခဲ့ပါတယ်။ ၁၉၄ဝ-၄၁ ခုနှစ်မှာ တချို့သတင်းစာတိုက်တွေက တို့ဗမာအစည်းအရုံး ခေါင်းဆောင်တွေရဲ့ ဘုံရိပ်သာ ဖြစ်လာသလို အယ်ဒီတာ ရုံးခန်းဟာလည်း ဗြိတိသျှ အစိုးရကို တော်လှန်ပုန်ကန်ဖို့ လျှို့ဝှက်လုပ်ငန်းအတွက် ချိန်းဆိုရာ၊ တွေ့ဆုံရာ၊ ဆွေးနွေးရာ နေရာဖြစ်လာခဲ့ပါတယ်။ အဲဒီလို နိုင်ငံရေးလောကနဲ့ သတင်းစာလောကတို့ ပူးပေါင်းမိခြင်းဟာ အုပ်စိုးသူ ဗြိတိသျှအစိုးရတို့ မျက်ဖြူဆိုက်ကိန်းဖြစ်ပါတယ်။။ သတင်းစာ အများစုဟာ လွတ်လပ်ရေး လက်နက်များ ဖြစ် လာကြတာကိုတွေ့ရပါတယ်။

● လွတ်လပ်စွာထုတ်ဖေါ်ခွင့်
ခိုးသားဓားပြတွေက အကာလ ညဥ့်အမှောင်ကို အကာအကွယ်ယူပြီး ခိုးဆိုးလုယက်သလို ဖောက်ပြန်သူ၊ အကျင့်ပျက်သူ၊ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေး၊ တာဝန်စည်းကမ်းပျက်သူတွေဟာလည်း ပြည်သူပိုင်ဆိုင်တဲ့ အာဏာ၊ အခွင့်အရေးနဲ့ ဓနဥစ္စာပစ္စည်းတွေကို ကိုယ်ကျိုးစီးပွား အတွက် မတရားသောနည်းတွေနဲ့ ထင်သလို ကြိုးကိုင် ခြယ်လှယ် သုံးစွဲနိုင်ဖို့ ပြည်သူကို နား မျက်စိတွေ ကန်းနေအောင် အမှောင်ချထား ချင်ကြပါတယ်။ ဒါမှမဟုတ် မီဒီယာတွေမှာ ပြည်သူတွေရဲ့ ဆန္ဒ သဘောထား ထင်မြင်ယူဆချက် အသံတွေ တိတ်နေစေလိုတာ အမှန်ပါပဲ။
သတင်းစာသမားတွေက အဲဒီလို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တရားလွန် တရားမဲ့ ဖောက်ပြန်လွန်ကျူးပျက်ကွက်မှုတွေ ကင်းစင်စေချင် ကြပါတယ်။။ သတင်းနဲ့ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်များဆိုတဲ့ အလင်းရောင်ကို အစဉ်သဖြင့် လင်းလက် ပျံ့နှံ့စေလိုပါတယ်။

သတင်းအမှောင်ကို ကြိုက်တဲ့ လူနည်းစုကတော့ စစ်မှန်တဲ့ သတင်းနဲ့ ထင်မြင်ယူဆချက်တွေကို ဟန့်တားပိတ်ဆို့ဖို့ အခြေအနေမပေးသေး တဲ့အခါ မှားယွင်းတိမ်းစောင်းတဲ့ သတင်းနဲ့ ထင်မြင်ယူဆချက်တွေကို အစားထိုး သွတ်သွင်းဖို့ ကြိုးစားတတ်ကြပါတယ်။ အမည်းကို အမည်းလို့ မပြောအောင် ပိတ်ပင် ဖုံးဖိလို့ မရတဲ့အခါ အမည်းကို အဖြူလို့ ထင်ယောင်ထင် မှားဖြစ်အောင် သတင်းလိမ်၊ သတင်းညာ၊ ထင်မြင်ချက်အမှား တွေကို အမိန့်အာဏာသုံးကာ၊ အကြမ်းဖက် အကြပ်ကိုင်ကာ၊ အခွင့်အရေး လာဘ်လာဘတွေနဲ့ သွေးဆောင်မြှူဆွယ်ကာ ဖော်ပြခိုင်းတတ် ကြပါတယ်။
သတင်းစာသမားနဲ့ ပြည်သူအများစုဟာ အဲဒီလို အလေ့အထ၊ အပြုအမူတွေကို လက်မခံ၊ ပစ်ပယ်၊ ငြင်းဆန်၊ တွန်းလှန် ကြပါ တယ်။ အဲဒီလို သတင်းသမားနဲ့ အုပ်စိုးသူတွေရဲ့ ကွဲပြားခြားနားမှုဟာ လွတ်လပ်စွာထုတ်ဖေါ်ခွင့်ဆိုတဲ့ ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ပါတယ်။

● မျက်ကွယ်ပြုခဲ့ကြ
လွတ်လပ်ရေးရပြီး ပါလီမန်အစိုးရလက်ထက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့် တစုံတရာရှိတယ် ဆိုပေမယ့် အာဏာရအစိုးရရဲ့ အသုံးချခံဖြစ်ခဲ့ တာ တွေ့ရပါတယ်။ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မှာတော့ မီဒီယာအမှောင်ခေတ် ကို ဖြတ်သန်းခဲ့ရတယ်။ စစ်အာဏာ ရှင်တွေက မီဒီယာဆိုတာ သူတို့ကိုဒုက္ခပေးတဲ့ ရန်သူအဖြစ် သဘော ထားကြတာ အခုချိန်ထိ အဲဒီအလေ့အထတွေ ရှင်သန်ကူးစက်နေဆဲပါ။

စစ်အာဏာရှင်တွေဟာ သူတို့အကျိုးစီးပွားထိခိုက်မှာစိုးပြီး စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် တည်ငြိမ်မှုကိုပျက်ပြားနိုင်တဲ့အရာ၊ တိုင်း ပြည်ပြိုကွဲအောင် သွေးထိုးလှုံ့ဆော်တာတွေ ဖြစ်လာနိုင်တဲ့အရာ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ထိခိုက်စေနိုင်တဲ့အရာစသဖြင့် ခေါင်းစဉ် အမျိုးမျိုး တပ်ပြီး မျက်ကွယ်ပြုခဲ့ကြတာဖြစ်ပါတယ်။

“သတင်းစာတို့၏ ဝတ္တရားကား၊ သတင်းများကို ထုတ်ဝေရုံမျှမက၊ တိုင်းပြည်အကျိုး အမျိုးသားအကျိုးအတွက် မိမိတို့ထင်မြင်ချက်များကို ထုတ်ဝေရလေသည်။ ထိုသို့မှ မထုတ်ဝေလျှင် သတင်းစာတို့၏ ဝတ္တရားများ ပျက်ပြားရာ ကျရောက်ချေမည်။” ဆိုပြီး ဦးဘလှိုင်ရဲ့ သတင်းစာ ရေးသားခြင်း ဆောင်းပါးမှာ ဆိုပါတယ်။ သတင်းသမားတွေမှာ မှန်ရာကို အကျိုးရှိရှိနဲ့ တင်ပြနိုင်တဲ့ သတ္တိလိုပါတယ်။ မတရားမှုကို တိုက်သည် ဟု ဆိုရာ၌ တရားမှုတို့၏ အင်အားတောင့်တင်းမှ မကောင်းသော ဘေးရန်အန္တရာယ်တို့ အလိုလိုပြိုမှာဖြစ်ပါတယ်။ မတော်မတရား ပြုကျင့် သမျှကို ငါနဲ့ မဆိုင်ဆိုပြီး မမြင်ချင်ယောင် ဆောင်နေကြသမျှ ကာလပတ်လုံး မတရားမှုတွေက လက်ပန်းပေါင်းခတ်နေဦးမှာဖြစ်ပါတယ်။

သတင်းစာလွတ်လပ်ခွင့်ဟူသည် ထိုလွတ်လပ်ခွင့်ကို မည်သူတို့၏ အကျိုးအတွက်၊ မည်သည့်နည်းဖြင့်၊ မည်သို့သောအတိုင်းအတာအထိ ကျင့်သုံးပါသနည်းဆိုတဲ့ ဦးတည်ချက်ရှိပါတယ်။ ဥပဒေပုဒ်မတစ်ခုရဲ့ အဓိပ္ပာယ်ကို ကောက်ယူတဲ့အခါ အဲဒီဥပဒေပုဒ်မကို မည်သည့် အတွက် ကြောင့် ပြဋ္ဌာန်းသည် ဟူသော ရည်ရွယ်ချက်ကို ခန့်မှန်းဖို့လို လာပါတယ်။

● ကြောက်စရာကောင်းသည့် ပုဒ်မ
“တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရ လုပ်ပုံကိုင်ပုံ၊ စီမံပုံတွေကို ဝေဖန်ရေးသားတာ ဟာ သတင်းစာရဲ့အရေးကြီးတဲ့တာဝန်ပဲ။ အစိုးရ လုပ်တာကိုင်တာ ကို လစ်လျူမရှုရဘူး။ လစ်လျူရှုပြီးဝေဖန်ရေးသားတာ မလုပ်ဘူးဆိုရင် အဲဒီသတင်းစာဟာ အရေးကြီးတဲ့ ၀တ္ထရားတခုပျက်ကွက်တာပဲ”ဆိုပြီး ဆရာကြီးရွှေဥဒေါင်းက ၁၉၅၂ ခုနှစ် ဇန်န၀ါရီ ၇ ရက်နေ့ထုတ် လူထုသတင်းစာခေါင်းကြီးပိုင်းကနေ ရေးသားခဲ့ပါတယ်။ ဆက်လက်ပြီး “အစိုး ရက တမင်ညစ်ပတ်တဲ့စိတ်နဲ့ ပြုလုပ်တဲ့အမှားတခုကို သတင်းစာတစောင်က ရေးသားတယ်ဆိုပါတော့၊ အစိုးရက အဲဒီသတင်းစာကို အကြီး အကျယ် အရေးယူတတ်တယ်”လို့ လည်းရေးပါတယ်။ အဲဒီမှာ ဆရာကြီးထပ်ပြောတာက “အစိုးရ၏ အမှားကို ဖော်ပြရာတွင် သတင်းစာများ အဖို့ အလွန်ကြောက်စရာကောင်း သည့် ပုဒ်မတခုသည်ကား အကြည်ညိုပျက်စေသော အရေးအသား ဆိုခြင်းပင်ဖြစ်၏။”လို့ရေးသားခဲ့ပါတယ်။

ဆရာကြီးရွှေဥဒေါင်း အဲဒီလိုရေးပြီးလို့ မကြာခင်မှာပဲ လူထုသတင်းစာ အယ်ဒီတာချုပ် ဆရာကြီးရွှေဥဒေါင်း၊ လူထုသတင်းစာ တာဝန်ခံ အယ် ဒီတာ လူထုဦးလှ၊ လင်းယုန်သတင်းစာနဲ့ ဂျာနယ်အယ်ဒီတာ ဗန်းမော်တင်အောင် တို့ကို ဖဆပလ အစိုးရက ဖမ်းတော့တာပါပဲ။ ဆရာ ဗန်းမော် တင်အောင်ရေး တဲ့ “ပြည်တော်သာ၏ နေ့တနေ့” “သူပုန်ကြီး” ၀တ္ထု၊ “”ဆောင်းပါးနဲ့ ပတ်သက်ပြီး အာမခံမပေးဘဲ ဖမ်းဆီးချုပ် နှောင်ပါတယ်။ အမှုစစ်တဲ့အခါ ဆရာဗန်းမော်တင်အောင် ဘက်က တရားခံပြသက်သေ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့အကို ဦးအောင်သန်းတို့က “ထိုစာများမှာ ပြည်တွင်း စစ်ရပ်စဲရေးနဲ့ တရုပ်ဖြူကျူးကျော်တိုက်ထုတ်ရေး၊ အမျိုးသား ညီညွတ်ရေး နဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေးရှုသော စာပေများသာ ဖြစ်တယ်”လို့ ထွက်ဆိုခဲ့ကြပေမယ့် ထောင် ၃ နှစ် ချခဲ့ပါတယ်။ အဲဒီလို စာနယ်ဇင်းသမားတွေကို နှိပ်ကွပ်တဲ့ နာမည်ကြီး ဥပဒေက အရင်ခေတ်ကတော့ ပုဒ်မ ၅ ပါ။ အခုခေတ် ဆိုရင်တော့ ၆၆ (ဃ) လို့ဆိုရမယ် ထင်ပါတယ်။

● မရှိသင့်တဲ့ ဥပဒေ
ဒီနေ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကရော ဘယ်လိုပါလဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာတော့ “နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဌာန်းထားသည့် ဥပဒေ များနှင့်မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားဖြန့်ချိခွင့်(ရှိသည်)” ဆိုတဲ့ စာသားက စာနယ်ဇင်းလွတ်လပ်ခွင့်ကို သားရေမျှော့ကွင်းလို လျှော့လို့ တင်းလို့ ရတာလားဆိုတဲ့ မေးခွန်းတွေ ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ လွတ် လပ်စွာပြောဆိုခွင့်ဆိုတာ လူ့အခွင့်အရေးရဲ့ တန်ဖိုးဖြစ်သလို လွတ်လပ်ခြင်း၊ တန်းတူခြင်း၊ တရားမျှတခြင်းဆိုတဲ့ ဒီမိုကရေစီ အခြေခံ သဘော တရားရဲ့ အုတ်မြစ်လည်းဖြစ်ပါတယ်။

ပုဒ်မ ၆၆(ဃ) ဆိုတာ ပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်တွေကို တားဆီးပိတ်ပင်ရာ ရောက်ပါတယ်။ အွန်လိုင်းသုံးတဲ့ သူတွေကို အချိန်မရွေး ထောင်ထဲ ပို့နိုင်တယ်။ ဒီလိုအားနည်းချက်ရှိတဲ့ ဥပဒေမျိုးကို အသုံးပြုပြီးတော့ လွဲမှားစွာ အသုံးချနေတာ ဥပဒေရဲ့ ရည်ရွယ်ချက်နဲ့ လွဲနေပါတယ်။။ အာဏာပိုင်တွေ မကျေနပ်တဲ့သူတွေကို အလွယ်တကူ ဒုက္ခရောက်သွားစေတဲ့ ဥပဒေတစ်ခုလည်းဖြစ်တယ်။ တရားရုံးက မှန်တာ၊ မှားတာ ဆုံးဖြတ်တာ နောက်မှ တရားခံ မဟုတ်သေးတဲ့ စွပ်စွဲခံရသူ ကို အာမခံမပေးဘဲ အချုပ်ထဲကို အရင်သွားရမယ်ဆိုတဲ့ ဥပဒေဖြစ်နေတဲ့အတွက် မီဒီယာကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်သလိုဖြစ်နေပါတယ်။ ဒါ့ ကြောင့် ဒီဥပဒေအပါအ၀င် ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ မီဒီယာကို ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်တဲ့ အလားတူ ဥပဒေမျိုး တွေဟာ မရှိသင့်တော့ပါဘူး။

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက် မှာ နိုင်ငံရေးဆိုင်ရာအခွင့်အရေးတွေ၊ ပြည်သူလူထုရဲ့ လွတ်လပ် စွာ ထုတ်ဖေါ်ခွင့်အတွက် မလွတ်လပ်သေးတဲ့အဆင့် မှာပဲ ရှိပါသေးတယ်။ ဒိထက်ပိုပြီး အရေးပါတဲ့ ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာအောင် တရား မျှတမှု ကို အခြေခံပြီး တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်မှသာ စစ်အာဏာ ရှင်စနစ်လောင်းရိပ်နဲ့ ကင်းလွတ်တဲ့ ဒီမိုကရေစီစနစ်ကို အမှန်တကယ် ရရှိမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ထွန်းဝင်းငြိမ်း (၁၄၊ ၆၊ ၂၀၁၇)

ကိုးကား
၁။ ပြည်သူတို့၏ စကားပြန် ကလောင်စုံ ပုဂံစာအုပ်တိုက် ၁၉၇၅၊ မတ်
၂။ နောက်ဆုံးရ သတင်းနှစ်ပုဒ်နဲ့ မောင်သစ်လွင်(လူထု) ခြူးခြူးစာအုပ်တိုက်
ဆက်စပ်သတင်းပုံရိပ်များ ၂၀၁၆၊ နိုဝင်ဘာ

၂၃၊ ၆၊ ၂၀၁၇ နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်မှ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ထွန်းဝင်းငြိမ်း, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်