မြန်မာပြည်ရဲ့ဆင်းရဲခြင်းကို လှုပ်နှိုးလိုက်တဲ့ကာရန်များ- ကိုနိုင်း

June 30, 2017

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၁၇ )

မြန်မာပြည်ရဲ့ဆင်းရဲခြင်းကို လှုပ်နှိုးလိုက်တဲ့ကာရန်များ- ကိုနိုင်း

 

(သူရိယနေ၀န်း၊ သစ်ခက်သံလွင်) မိုးမခ၊ ဇွန် ၃၀၊ ၂၀၁၇

 

         မြန်မာပြည်ကလူတွေအတွက်မဆန်းတော့ပါဘူး။ 

ဒါပေမဲ့လည်း တခါတခါကြားလိုက်တဲ့အသံတွေက ရင်ထဲထိ
ပြင်းပြင်းထန်ထန်လာထိမှန်တဲ့အခါ၊ မခံစားနိုင်လောက်အောင် နှလုံးသားထဲ
စူးစူးနစ်နစ်။ လူသားတွေအတွက် သေခြင်းဟာ လည်း မထူးဆန်းပါဘူး။ ဒါပေမဲ့
ငယ်ရွယ်တဲ့အချိန်၊ မရောက်သင့် တဲ့နေရာမှာ ကိုယ့်ဘဝကိုအဆုံးစီရင်သွားတာကို
ကြားလိုက်ရတဲ့ အခါ….။

 

          ဒီလို ဘဝတွေရောက်အောင်ဘယ်သူတွေကဆွဲခေါ်သွား ကြတာလဲ။ တရားခံတွေက ဘယ်သူတွေလဲ။ 

ပြောနိုင်တာကတော့ လူကိုလူချင်းမစာနာနိုင်တဲ့လူ့အတ္တ၊ လူ့ ဗာလတွေကို လက်ညှိုးထိုးရပါလိမ့်မယ်။ 

ဒီလူ့ဘဝရုပ်အလောင်းတွေ ခေတ်မြေပြင်မှာ မမြင်ရက်စရာ ကောင်းအောင်ပြန့်ကြဲခဲ့ကြ၊ ပြန့်ကြဲနေကြ၊ အခု ထက်ထိလည်း တဖြုတ်ဖြုတ် ကြွေကျနေတုန်းပါပဲ။ 

နာမယ်ရှိတဲ့အလောင်းတွေ၊နာမယ်မရှိတဲ့အလောင်းတွေနဲ့ မြန်မာပြည်ကြီးဟာ အနိဋ္ဌာရုံပန်းချီကားတချပ်လိုဖြစ်နေပါတယ်။ 

ဒီမြင်ကွင်းကို ကဗျာဆရာမ ရွှေပိုးအိမ် (ပဲခူး) က ရုပ်အလောင်းများ နဲ့ မြင်အောင်ပြသွားပါတယ်။

ဟိုး အမြင့်ကြီးကနေ တဖြည်းဖြည်း

ဝဲကျလာခဲ့ရတယ်

ခရေပန်းတပွင့်ကို မိခင်ပင်စည်မှ

အဆက်ဖြတ်လိုက်ပုံချင်းနဲ့ ဆင်တယ်

ငါ့ သခင်ဆိုသူကို တွေ့ရတော့မှာလား

ဘဝရဲ့ဂိတ်တံခါးကိုဖြတ်ရတော့မှာလား

မြေပြင်ပေါ်ရောက်တော့

ငါ့ကို ရှာနေသူတို့တွေ့တယ်

ငါ့ကိုယ်ငါလည်း မတွေ့ဘူး

တရှိန်းရှိန်းတက်နေတဲ့အပူငွေ့တွေထဲ

နောက်တဖန်

မမြင်ရတော့မယ့် ချစ်ရသူတွေရယ်။

ဘဝတခုကကြွေသွားခဲ့ရရှာပြီ။ ဘဝကဆင်းရဲသလိုကံကြမ္မာကပါလိုက်ဆင်းရဲနေတဲ့ဘဝတွေအားလုံးကို မြန်မာ ပြည်မှာမွေး၊မြန်မာပြည်မှာကြီးပြင်းခဲ့ပေမယ့်
သူတပါးနိုင်ငံမှာကျွန်အဖြစ်သွားပြီး မိသားစုကို ကျေးဇူး ပြန်ဆပ်ဖို့အတွက်
ဘဝပါ စွန့်လွှတ်လိုက်ရသူ မဇင်မာဦးဆိုတဲ့ မိန်းမငယ်လေးက မီးမောင်းထိုးပြ
လိုက် သလိုပါပဲ။


သူမအဖြစ်ကကြားတဲ့လူတွေကိုရင်ထဲနင့်နေအောင်ကြေကွဲရစေပါတယ်။ ရခိုင်ပြည်နယ်မှာ မိခင်ကလည်း စောစီးစွာလူ့ဘဝကထွက်ခွာသွားခဲ့ရသလို၊ ဖခင်ကလည်း နောက်အိမ်ထောင်ပြုသွားတော့ အသက် ၈၀ နီးပါး ဖြစ်နေတဲ့အဘိုး အဘွားလက်ထဲမှာ ကြီးပြင်းခဲ့ရတဲ့မဇင်မာဦး။ စင်ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် သွား လုပ်ကိုင်ပြီး အိမ်ရှင်တွေရဲ့ လူမဆန်စွာ၊ နှိမ့်ချ ကျွေးမွေးဆက်ဆံတာကိုမခံနိုင်တဲ့အဆုံး တိုက်အမြင့်ကြီး အပေါ်ကနေ ခုန်ချပြီး သေဆုံးသွားခဲ့ရပါပြီ။

 

ဒီအဖြစ်အပျက်ဟာ မဇင်မာဦးလို သူတပါးနိုင်ငံမှာ ဘဝတွေပျောက်ကွယ်ခဲ့ရသူတွေ ဘယ်လောက်များ ရှိမလဲဆိုတာတွေးမိရင် ကြေကွဲစရာဖြစ်ရပါတယ်။ ဒီလိုပျောက်ကွယ်ခဲ့ရရှာတဲ့ဘဝတွေအတွက် ပြန်တရားစွဲ ဖို့ စဉ်းစားမိတော့ တရားခံရှာမတွေ့နိုင်ပါဘူး။ ဒီအကြောင်းကို ကဗျာဆရာမ အိန်ဂျယ်လင်းက တရားခံမရှိ ခေတ်ထဲက ခေါင်းစဉ်ပျောက်ကဗျာ နဲ့ မြန်မာပြည်ဟာ သူတပါးတိုင်းပြည်မှာသေဆုံးသွားပြီလို့ ရေးဖွဲ့လိုက် ပါတယ်။

ဗုန်း မည်သံ

အဆင့်မြင့်အထပ်ပေါ်က

ပြုတ်ကျသွားတဲ့

စတေးခံနှလုံးသားတွေ

သေချာတယ်

သန်းခြောက်ဆယ်ဟာ လူသားတွေဟုတ်ရဲ့လား

ညီမလေးရေ  အဲဒီအချိန်ပေါ့

မြန်မာနိုင်ငံဟာ

စင်ကာပူမှာ သေဆုံးသွားခဲ့ပြီ။

ကျနော်တို့မြန်မာနိုင်ငံဟာလွတ်လပ်ရေးကိုတကယ်ရခဲ့ပြီလား။ သူ့ကျွန်ဘဝက အမှန်တကယ်လွတ်မြောက် ခဲ့ပြီလား။ ကျနော်တို့အတွက် အခုအချိန်မှာစဉ်းစားစရာဖြစ်နေပါပြီ။ 

နိုင်ငံအနေနဲ့ အမည်နာမအရ လွတ်လပ်တဲ့ နိုင်ငံတခုဖြစ်နေပေမယ့် မြန်မာပြည်သူပြည်သားထောင်သောင်း နဲ့ချီအောင် သူတပါးတိုင်းပြည်မှာ ကျွန်သွားခံနေရတာကို ပြန်စဉ်းစားမိရင် အရမ်းရင်နာစရာကောင်းပါ တယ်။ နိုင်ငံကလွတ်လပ်ပေမယ့် ပြည်သူတွေကတော့ ဆင်းရဲမှုနွံထဲက မလွတ်မြောက်နိုင်သေးပါဘူး။

 

          သူတပါးနိုင်ငံမှာ အနှိမ်ခံလူတယောက်အနေနဲ့ ရှင်သန်မှုအတွက် ရုန်းကန်နေရတာကို လူသား အချင်းချင်း မစာနာနိုင်ကြတာတွေ ကြားနေမြင်နေရတော့ ကျနော်တို့နိုင်ငံကိုအမြန်ဆုံးဆင်းရဲတွင်းထဲက လွတ်မြောက်စေချင်စိတ် ပြင်းပြစွာဖြစ်မိပါတယ်။

 

          ဒီအကြောင်းကို လူမှုကွန်ယက်ပေါ်က သွေးပျက်ဖွယ်အနာတရများ ကဗျာကို ကဗျာဆရာမ၊ စာရေးဆရာမ ဆွေရည်လင်းက ရေးဖွဲ့တာ တွေ့ရပြန်ပါတယ်။

Oh my god !!! Oh my god !!!

အထိတ်တလန့် အာခေါင်ခြစ်အော်လိုက်သံ

စင်ကာပူ ၁၉ လွှာပေါ်က

ခုန်ချ ဖောက်ထွက်

အပူသည် မြန်မာအိမ်ဖော်မလေးအတွက်

အဖန္ငါးရာ ငါးကမ ၻာ

မကြောက်ရှာလို့ အပြစ်မတင်ရက်

သူ့မျက်ဝန်းတွေမှာ ဗလာဖြစ်လို့

လူ့ဘဝ ငရဲအပူ

ခံနိုင်ရည်မရှိတော့ဘူးလားမိန်းကလေးရယ်။

အဖိုးထိုက် သားနား

မော်ဒယ်မြင့် ကားလှလှပေါ်က

ပုရိသတို့ ငေးမောကြတဲ့

ကျော့ရှင်း သပ်ရပ်

လုပ်ငန်းရှင် သူဌေးမလေးဘဝ

သူ အဝေးကတောင် ငေးမောဖူးပါရဲ့လား

ဘဝတွေက လွန်ခြားနားနေရ။

         လူတွေရဲ့ကံကြမ္မာတွေက အရမ်းကိုကွာခြားလွန်းပါတယ်။ လူတွေရဲ့ ကံကြမ္မာတွေကိုပဲ အပြစ်ဖွဲ့ရ လေမလား၊ လူ့လောကမှာ ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်တွေကိုပဲ အပြစ်ပြောရမလား။ 

စာရေးဆရာမကြီး စမ်းစမ်းနွဲ့(သာယာဝတီ) နှစ်ပေါင်းများစွာက ကဗျာတပုဒ်ရဲ့အပိုဒ်တပိုဒ်ကို ပြန်တွေးမိလိုက်တယ်။

 

လောကဓံ ရေဆိုင်ဝဲပေမယ့်

စုပ်ဝဲနဲ့မှုတ်ဝဲ

မြုပ်ဆဲနဲ့ ပေါ်ဆဲ

အတော်ပဲခြားနားပါတယ်

စားစရာမရှိသူနဲ့ ထားစရာမရှိသူ

မရှိသူချင်းတူရိုးလား၊

 

 

မတူညီနိုင်ပါဘူး။ ကျနော်တို့နိုင်ငံမှာ စားစရာမရှိတဲ့လူတွေ အရမ်းများပါတယ်။ ထားစရာမရှိသူအနည်းစုပါ။ 

ဒီလိုစားစရာမရှိတဲ့လူတွေများနေတာ၊ ထားစရာမရှိတဲ့လူရေတွက်လို့ရနိုင်အောင် နည်းနေတာ ကံကြမ္မာတွေရဲ့ ဒဏ်ခတ်မှုလား။ လူတစုရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကြောင့်လား။ လူလည်တွေချမ်းသာပြီး၊ လူအတွေဆင်းရဲနေကြတာလား။ ဒါဆိုရင်တော့ ကျနော်တို့တိုင်းပြည်မှာ လူအတွေပိုများနေပါတယ်။

 

လူအတွေနေတဲ့တိုင်းပြည်ပေါ့။ ဒီတိုင်းပြည်ကိုဆင်းရဲတွင်းထဲက ဆွဲမထုတ်နိုင်ခဲ့ဘူးဆိုရင် လူအတွေ ပိုပိုပြီး များလာမှာပါ။ 

လူအတွေကို လူလည်တွေဖြစ်မလာစေချင်ပါဘူး။ ဒါပေမဲ့ လူကို လူချင်း ကူညီနိုင်ဖို့တော့ လို ပါတယ်။ လူလူချင်း ကိုယ်ချင်းစာ တရား ထားဖို့ကို တိုက်တွန်းနိုးဆော်လိုက်တဲ့ကဗျာကို လူသား ချင်းကူညီ စိတ်ထားတဲ့ ပရဟိတအမျိုးသမီးငယ် တယောက်က ရေးဖွဲ့လိုက်ပါတယ်။

 

ဝုန်း ဆိုတဲ့အသံက

အားလုံးကို လှုပ်နိုး

တာဝန်အသစ်တခု ထပ်ပေးတယ်။

 

ဆင်းရဲခြင်းရဲ့နောက်

နှိပ်စက်ခြင်းရဲ့နောက်

ပညာမတတ်ခြင်းရဲ့နောက်

စီးပွားရေးကျဆင်းခြင်းရဲ့နောက်။

 

အပျိုစင်ဘဝတွေ

စက္ကန့်အမျှ အဖျက်ဆီးခံနေရ

ရိုက်နှက်အငတ်ထား

မီးပူထိုးလက်ချိုး

ငရဲခန်းထဲက အော်ဟစ်သံ

တကမ ၻာလုံးမွာ

တို့နိုင်ငံသားတွေ ကယ်ရာမဲ့အတိ။

 

ထကြည့်ကြစမ်း။

 

ရည်းစားပြတ်လို့ငိုသူတွေ

စာမေးပွဲကျလို့ငိုသူတွေ

ဟင်းမကြိုက်လို့ငိုသူတွေ

နောက်ဆုံးပေါ်ဖုန်းမရလို့ ငိုသူတွေ

ထကြည့်ကြစမ်းပါ။

 

ငါတို့သွေးချင်းတွေ၊ ငါတို့ဆွေမျိုးတွေ

နေရာအနှံ့ ငိုယိုနေရ။

 

ကိုယ့်နိုင်ငံကောင်းမှ သူတို့ကောင်းမယ်

နိုင်ငံကောင်းမှ ငါတို့ကောင်းမယ်။

 

နိုင်ရာကစ စနစ်ကျစို့

စည်းကမ်းရှိစို့၊ နိုင်ငံအတွက် လက်တွဲညီစို့

ကူညီကြစို့။

 

စစ်ပွဲတွေရပ်ပါ၊ ဆင်းရဲခြင်းကိုရပ်ပေးပါ

စည်းကမ်းမဲ့ ကွမ်းသွေးရပ်ပါ

အမှိုက်တွေရပ်ပါ

လူရောင်းစားခြင်း ရပ်ပါ

ကိုယ်ချင်းစာတရားတို့ ထွန်းကားပေးပါ။

         ဒီလိုတိုက်တွန်းလိုက်တာကတော့ ခင်နှင်းကြည်သာ ဖြစ်ပါတယ်။ 

ကဗျာခေါင်းစဉ်ကလည်း ညီမလေးမှ တဆင့် တဲ့။ 

ဘဝကိုပါစတေးသွားရှာသူ မိန်းမငယ်လေး ဇင်မာဦး များကို နာကျင်စွာ ကြေကွဲမှတ်တမ်းရေး လိုက်ပါ တယ်။

          ကျနော့်ရဲ့နိုင်ငံတော်ကြီး ဆင်းရဲခြင်းမှလွတ်ကင်းနိုင်ပါစေ။

ကိုနိုင်း

သည်ကဗျာများကို သက်ဆိုင်ရာ ကဗျာရေးသူများ၏ ဖေ့ဘုတ်မှ ကူးယူခံစားရေးပါသည်။

သူရိယနေဝန်း –Vol 1.No 153. 24 June 2017


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်