အောင်သူငြိမ်း-အရှိန်မြင့်ပြောင်းနေတဲ့ ခေတ်ကြီးအတွက် ပညာရေးစနစ်သစ်

July 8, 2017

အရှိန်မြင့်ပြောင်းနေတဲ့ ခေတ်ကြီးအတွက် ပညာရေးစနစ်သစ်
အောင်သူငြိမ်း
(မိုးမခ) ဇူလိုင် ၈၊ ၂၀၁၇

တလောက ကျနော် သောမတ် ဖရီးမင်း (Thomas L. Freidman) ရေးတဲ့ “နောက်ကျတဲ့အတွက် ကျေးဇူး တင်ပါတယ်။
အရှိန်မြှင့်တင် ပြောင်းလဲနေသောaခတ်တွင် အကောင်းမြင်သမားတဦး၏ လမ်းညွှန်” Friedman, Thomas L. (2016). THANK YOU FOR BEING LATE: An Optimist’s Guide to Thriving in the Age of Accelerations, New York: Farrar, Straus & Giroux. စာအုပ် မြည်းစမ်းဖတ်ကြည့်ရပါတယ်။ ဒါနဲ့ စိတ် ဝင်စားလာတာနဲ့ပဲ သူ့ရဲ့ဟောပြောချက်တွေ၊ ပညာရေးဆိုင်ရာအကြံပေးချက်တွေကို လိုက်နားထောင်မိပါ တယ်။

ဖရီးမင်းကတော့ အဲသည်စာအုပ်မှာ ကမ္ဘာကြီးရဲ့အရှိန်အဟုန်ပြင်းလှတဲ့ အပြောင်းအလဲ ၃-ခုကို ရှင်းပြပါ တယ်။ ဈေးကွက် (ဂလိုဘယ်လိုက်ဇေးရှင်း)၊ မိခင် သဘာဝတရားကြီး (တနည်း ရာသီဥတု ဖောက်ပြန် ပြောင်းလဲလာခြင်း)နဲ့ မိုး ဥပဒေသ(Moore’s law)တို့ ဖြစ်ပါတယ်။ ဒီ ၃-ခု ပြောင်းလဲလာပုံကလည်း အရှိန် အဟုန်ပြင်းစွာပြောင်းလဲလာနေပြီး၊ ကျနော်တို့နေထိုင်မှုဘဝတွေ၊ ကမ္ဘာကြီးတခုလုံးကိုပါ ရိုက်ခတ် သက် ရောက်ပြောင်းလဲနေခြင်း ဖြစ်ပါတယ်။ ကိစ္စ ၃-ခုလုံး အရှိန်အဟုန်ပြင်းစွာ (exponential accleration) ပြောင်းလဲနေတာ ဖြစ်ပါတယ်။ ဒီပြောင်းလဲပုံကို သူက ကြယ်တာရာတွေပေါက်ကွဲပြီး အတောမသတ် စွမ်း အင်တွေလွှတ်ထုတ်နေတဲ့ ဆူပါနိုဗာ (Supernova) လို့ တင်စားပြောပါတယ်။ ဒီလို ဖြစ်ရပ်တွေက ကျနော် တို့ရဲ့ နိုင်ငံရေး၊ ပထဝီနိုင်ငံရေး၊ ကျင့်ဝတ်တရားများ၊ လုပ်ငန်းခွင် (workplace)၊ ရပ်ရွာလူမှု အသိုက် အဝန်း (community) အထိပါ သက်ရောက်မှုတွေရှိနေပါပြီ။ ဒါဆိုရင် ကျနော်တို့ အနာဂတ်ပညာရေး အတွက်လည်း ဘယ်လိုသက်ရောက်မှုတွေ ရှိစေမှာပါလဲ။ ဆက်ပြီးတွေးမိပါတယ်။ ဒီနေရာမှာ သောမတ်စ် ဖရီးမင်း အကြံပေးချက်တွေကို နောက်ပိုင်းမှာ ဆက်လက်တင်ပြထားပါတယ်။

အခု အရှိန်မြှင့်ပြောင်းနေတဲ့ ပထမအင်အားစု ဈေးကွက် (ဂလိုဘယ်လိုက်ဇေးရှင်း) လို့ ပြောရာမှာ အရင် ခေတ်အခြေအနေမဟုတ်၊ အခု ခေတ် ဒစ်ဂျစ်တယ် ဂလိုဘယ်လိုက်ဇေးရှင်းကို ပြောတာပါ။
ကိစ္စအားလုံးဟာ ဒစ်ဂျစ်တယ်ပုံစံသွင်းတယ် (digitized)၊ ပြီးတော့ ကမ္ဘာလွှမ်းပတ်ဆက်သွယ်မှုသဘော ရောက်သွားပါတယ်။

ဒုတိယအင်အားစုကတော့ မိခင်သဘာဝ တရားကြီး (Mother nature) လို့ သူက ဆို ပါတယ်။ အခုအခါမှာ သဘာဝကပ်ဘေး၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ ဇီဝမျိုးကွဲစုံလင် ထွေပြားမှု ကျဆင်းလာခြင်း (Loss of bio diversity)၊ ကမ္ဘာ့လူဦးရေ ပေါက်ကွဲတိုးပွားလာခြင်းတွေက အလျှင်အမြန် ဖြစ်ပေါ်နေပါတယ်။ ဒီအခြေအနေတွေက ဘယ်ခေတ်နဲ့မှ မတူပါဘူး။ အခုနောက်ပိုင်း မြန်မာပြည်ပညာရေး မှာ ကစလို့ sustainability (ရေရှည်တည်တံ့ခိုင်မြဲမှု) ကို ထည့်သွင်းစဉ်းစားသင်ကြားဖို့ ဖြစ်လာရပါတယ်။

တတိယ အချက်တော့ မူးစ် ဥပဒေဿ (Moore’s law) လို့ ခေါ်ပါတယ်။ ဆယ်မီကွန်ဒတ်တာ (ချစ်ပ်) တွေ စွမ်းဆောင်ရည်ဟာ ၁၈-လတိုင်းမှာ နှစ်ဆတိုးတက်လာနေပါတယ်။ ပစ္စည်းတွေကပိုသေးလာ၊ စွမ်းဆောင် ရည်ပိုကောင်းလာ၊ ဈေးချိုလာဖြစ်လာကြပါတယ်။ အရင်က ကွန်ပြူတာရဲ့အလုပ်တွေကို လက်တဝါးစာ ဖုန်းကလေးက လုပ်ဆောင်နေနိုင်ပါပြီ။ ဒီအချက်ဟာလည်း တော်လှန်ရေးသဖွယ် အပြောင်းအလဲပါ။
အခုလို အရှိန်အဟုန်ပြင်းစွာနဲ့ အပြောင်းအလဲကြီး ဖြစ်ပေါ်စေဖို့ ပံ့ပိုးမှု ၂-ချက် ရှိပါတယ်။

ဆက်သွယ်ရေးကုန်ကျစားရိတ် (Price of connectivity) ဈေးနှုန်းလုံးဝကျဆင်းသွားနဲ့ ဒေတာသိုလှောင်မှု ဈေးနှုန်းလုံးဝကျဆင်းသွားတာ ဖြစ်ပါတယ်။ ဆက်သွယ်မှုဝိုင်ဖိုင် (wifi) စသည်ဖြင့်နဲ့ သိုလှောင်မှု (Cloud လို အခမဲ့သိုလှောင်ရာ)တွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကိစ္စတွေက အခုအခါ မြန်-အခမဲ့-လွယ်ကူ ဖြစ် သွားပါပြီ။ ဘယ်နေရာကမဆို၊ ဘယ်အချိန်မဆို၊ ဘယ်လိုနေရာမဆို ဆက်သွယ်လို့ ရသွားပါပြီ။

သာမန်၊ ပျမ်းမျှခေတ် မရှိတော့ပါ။

ခုလို အရှိန်မြင့်ပြောင်းလဲနေမှု(acceleration)မှာ သောမတ်ဖရီးမင်းကတော့ သူ့ရဲ့ရှုမြင်ပုံကိုရှင်းပြပါတယ်။  ပထမစဉ်းစားမိတာက ခွန်အားအာဏာ(power) ပါ။ ပါဝါက ဘယ်ကလာပါသလဲ။ သူက စီးပွားရေးစနစ် (Economy) ကို ဆက်ကြည့်ပါတယ်။ စီးပွားရေးဆိုတာကလည်း ကုန်ထုတ်လုပ်ငန်းကြီးများ (Industry) နဲ့ ဆက်စပ်နေပါတယ်။ ကုန်ထုတ်လုပ်ငန်းဆိုရင် လုပ်ငန်းခွင်တခုချင်း (workplace) က အရေးပါလာပါ တယ်။ လုပ်ငန်းခွင်အတွက် ကျွမ်းကျင်မှု အရည်အချင်း (skills) တွေ က အရေးပါလာလို့ ဒါတွေကို သူက ဆက်စပ်ကြည့်မိတယ်လို့ ဖရီးမင်းက ပြောပါတယ်။

အခုလို ဂလိုဘယ်လိုက်ဇေးရှင်းအသစ်နဲ့ နည်းပညာပေါက်ကွဲမှု ပေါင်းစပ်လိုက်တဲ့ ၂၁-ရာစုအဆန်းပိုင်းမှာ ကျနော်တို့ရဲ့ပညာရေးစနစ်သစ်တွေကအလုပ်ဖြစ်ပါသေးသလား။ ဆက်စပ်မှု(connected)၊ အလွန်အကျူး ဆက်စပ်မှု(Hyper-connected)ဖြစ်နေတဲ့ခေတ်မှာ ကျနော်တို့ပညာရေးစနစ်က အလုပ်ဖြစ်ပါသေးသလား။

ဖရီးမင်း ‘ကမ္ဘာပြားပြီ’ (The World is Flat, 2004) ရေးတဲ့အချိန်က ကွန်ပြူတာ ကောင်းကောင်းအလုပ် ဖြစ်နေပါပြီ။ ပထမအချက်က ကိုယ်ရေးချင်တာကို ဒစ်ဂျစ်တယ်ပုံစံ ပြောင်းနိုင်တယ်။ အင်တာနက် ချိတ် ဆက်နိုင်တယ်။ လုပ်ငန်းခွင်ကို ချိတ်ဆက်မယ့် ဆော့ဖ်ဝဲယား တွေ (work-flow software) တွေ ပေါ် လာတယ်။ ဒီလိုကိစ္စတွေကို အင်တာနက်ပေါ်ရှာဖို့ Google ဂူးဂဲလ်လို ရှာဖွေစက်အင်ဂျင်(Search engine) တွေ ပေါ်လာပါတယ်။ ဒီကိစ္စတွေအားလုံးဟာ နောက်ပိုင်း အခမဲ့နီးပါး အားလုံး ဖြစ်သွားပါတယ်။ ဒီအခြေအနေက ဆင်းရဲသူ တွေ၊ ဆင်းရဲတဲ့နိုင်ငံတွေကို တစုံတရာ မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၇ ခုနှစ်ကတော့ အပြောင်းအလဲရဲ့ ‘ချက်မ’လို့ သူက ပြောပါတယ်။ ဖေ့စ်ဘုတ်ပေါ်လာတယ်။ အိုင်ဖုန်း ပေါ်လာတယ်။ သိုလှောင်မှုစနစ် (Cloud) ပေါ်လာတယ်။ ဖုန်းပေါ်သုံးတဲ့စနစ် (app) တွေ ပေါ် လာတယ်။ မြန်နှုန်းမြင့်ဆက်သွယ်ရေးစနစ် (4G) လို ဟာတွေ ပေါ်လာပါတယ်။ ခုအခါ မြန်နှုန်းမြင့်- ပို သေးငယ်- ပိုလို့ လူတိုင်းထိတွေ့နိုင်တဲ့စနစ် ဖြစ်သွားပါပြီ။ ဖုန်းဟာ ကွန်ပြူတာရဲ့လုပ်ငန်းအတော်များ များကို လုပ်ပေးနေပါပြီ။ ကျနော်တို့ မသိတဲ့ ရှုပ်ထွေးပွေလီတဲ့လုပ်ငန်းတွေကို (ဥပမာ- UBER နဲ့ တက္ကစီ ခေါ်သလိုမျိုး) ‘One Touch’ ခလုတ် တချက် နှိပ်ရုံနဲ့ လုပ်နိုင်သွားပါပြီ။ ဒီလိုခေတ်အခြေအနေက စား သုံးသူ (consumer) လုပ်ဖို့ သိပ်ကောင်းတယ်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင် (entrepreneur) လုပ်ဖို့ သိပ် ကောင်းတယ်လို့ သူက ဆိုပါတယ်။ ခေတ်က တဖက်သတ် ဆက်သွယ်ရေးစနစ် (One way communi- cation) စနစ် အဆုံးသတ်သွားပါပြီ။ (One-way communication is over.) [Facebook မှာ လူတိုင်းက တက် ဝေဖန်၊ နိုင်ငံရေး တက်ပြောနေတာကို ဥပမာပေးရမှာပါ]။ ပျမ်းမျှ သာမန်လုပ်မယ်ဆိုတဲ့ ခေတ်လည်း ကုန်သွားပါပြီတဲ့။ (Average is over.) ကိုယ်က ပိုထူးချွန် ပိုကောင်းမှ ရပါတော့မယ်။ လခမြင့်- အလယ် အလတ်ကျွမ်းကျင်ဆိုတဲ့ခေတ်လည်းကုန်သွားပါပြီတဲ့။ (တော်ရုံကျွမ်းကျင်မှုနဲ့ အရင်ကအခြေအနေကောင်း တရပ်မှာ လခမြင့်မြင့်ယူထားကြတာလည်း ခေတ်ကုန်သွားပါပြီတဲ့။ (High-wage middle-skilled is over.)

ကျနော်တို့ ပညာရေးတွေက အလုပ်ဖြစ်ပါသေးသလား

ပညာရေးနဲ့ ပတ်သက်လို့ ပြဿနာ ၃-ခုကို ဖရီးမင်းက ဆွေးနွေးပါတယ်။ အဲဒီအချက်တွေက ဗဟုသုတ (knowledge)၊ ကျွမ်းကျင်မှု (skills) နဲ့ စိတ်စေ့ဆော်မှု (motivation) ကိစ္စတွေ ဖြစ်ပါတယ်။

အခုခေတ်မှာ လူတိုင်းက အိုင်တီ (IT) နည်းပညာကို အခြေခံတော့ ‘အသုံးလုံး’ သဖွယ်သိထားဖို့ လိုနေပါ ပြီ။ ကျနော်တို့ ကျောင်းသားတွေ ကွန်ပြူတာ၊ ဆက်သွယ်ရေးနည်းပညာ(IT) တီးမိခေါက်မိရှိကြပါရဲ့လား။

ဗဟုသုတဆိုတဲ့နေရာမှာလည်း ဂူးဂဲလ်ကအကုန်သိထားသလိုဖြစ်နေပါပြီ။ (Google knows everything.) ခင်ဗျား ဘာသိထားသလဲက အရေးမကြီးတော့ပါဘူး။ ဂူးဂဲလ်ခေါက်လိုက်ရင် အကုန်တွေ့ နေပါပြီ။ ဗဟု သုတအတွက်ဆိုရင် ခင်ဗျားကိုဘာလို့ငှားရမှာလဲ။ ဂူးဂဲလ်ခေါက်ပြီး ရှာဖွေလိုက်ရင်(Search in google) အကုန်တွေ့နေ ရတာပါပဲ။ ဆက်စပ်စဉ်းစားမိတာက တလောက ကိုရဲမြတ်သူတို့ အိပ်ဆောင် ပိဋကတ် ၃ ပုံ အိပ်ဆောင်စက်ကလေးလုပ်တော့ ဘာဖြစ်လို့ ဒီပိဋကတ်တွေကို အာဂုံဆောင်အလွတ် ကျက်နေတော့မှာ လဲဆိုတော့ စဉ်းစားမိလိုက်ပါသေးတယ်။
ကျောင်းတွေက ကောလိပ်တက်ရင် အဆင်သင့်ဖြစ်ဖို့ ကျောင်းသားတွေကို မွေးထုတ်ကြမှာလားတဲ့ (College ready?)။ မဖြစ်သင့်တော့ဘူး။ စွန့်ဦးတီထွင် လုပ်ငန်းရှင်အတွက် အဆင်သင့်ဖြစ်အောင် (Entrepreneur ready)၊ စိတ်စေ့ဆော် စူးစမ်းမှုအတွက် အဆင်သင့်ဖြစ်အောင် (motivation ready) မွေးထုတ်ကြဖို့ လိုနေပါပြီလို့ ဖရီးမင်းက ပြောပါတယ်။

လူလေးကြီးလာရင် ဘာဖြစ်ချင်သလဲမစဉ်းစားပါနဲ့တော့တဲ့။ အဲသည်အလုပ်က သူကြီးလာရင် ရှိချင်မှ ရှိပါ တော့မယ်။ တလောက ဂူးဂဲလ် က မောင်းသူမဲ့ကားတွေထုတ်ဖို့ စဉ်းစားနေတော့ ကြာရင် ကားဒရိုင်ဘာ အလုပ်တောင် ပျောက်ကွယ်သွားနိုင်တယ်ရေးထားတာဖတ်ရပါသေးတယ်။ အဲသည်တော့ နည်းပညာက ဖယ်ထုတ်ပစ်လိုက်မယ့် လုပ်သားတွေကို မွေးထုတ်ပစ်မယ့်အစား၊ နည်းပညာနဲ့ လိုက်လျောညီထွေ ကျွမ်း ကျင်မှုအရည်အသွေးတွေကို ပျိုးထောင်ပေးဖို့ လိုအပ်လာပါတယ်။ သူဘယ်လို ကြီးပြင်းချင်သလဲပဲ မေးခွန်း ထုတ်ရပါတော့မယ်။
လုပ်ငန်းခွင်အနေနဲ့ ၃-မျိုး ၃ စားရှိတယ်ဆိုတာ ဖရီးမင်းကခွဲပြပါတယ်။ ပုံမှန်ဆန်တဲ့အလုပ်တွေ (routine)၊ ပုံမှန် မဟုတ်သော အလုပ်များ (Non-routine)၊ တိကျတဲ့ ဒေသဆိုင်ရာ နယ်ပယ်တခုက အလုပ်များ (specific local works) တွေ ဖြစ်ပါတယ်။ စက်ရုံမှာလုပ်တဲ့ပုံမှန်အလုပ်မျိုးက ကြာရင် နည်းပညာက ဖယ် ပစ်သွားပါလိမ့်မယ်။ ပုံမှန်မဟုတ်သောအလုပ်များ (ဥပမာ- ရှေ့နေ၊ ကျွမ်းကျင်မှုတစုံတရာ လိုအပ်တဲ့ အလုပ်မျိုး) တောင် ပြဿနာရှိလာပါပြီ။
ဖရီးမင်းက Neota Logic ကုမ္ပဏီ (https://www.neotalogic.com/industry/legal-services/) ကို ဥပမာပေးပါတယ်။ ရှေ့နေ အကြံပေးဝန်ဆောင်ပေးတဲ့ လုပ်ငန်းမျိုးတွေမှာတောင် နည်းပညာက အစားထိုး ဝင်ရောက်လာနေတာကို သူက ထောက်ပြပါတယ်။ ဒေသဆိုင်ရာ တိကျတဲ့နယ်ပယ်တခုက အလုပ်များ (ဥပမာ-သွားစိုက်ဆရာဝန်) လို အလုပ်မျိုး တွေတော့ လူတွေဆက်ဆံရေးလိုအပ်ချက်အရ ဆက်ရှိနိုင်ပါ သေးတယ်။ ဒါပေမဲ့ ပြိုင်ဆိုင်မှုတွေ တိုးတက်လာမှာ အမှန်ပါ။ သည်တော့ တန်ဖိုးမြှင့် (value-added) ဘယ်လို ဝန်ဆောင်ပေးမှာလဲဆိုတာက ပိုလို့အခရာ ကျလာပါတယ်။

ဖရီးမင်းကတော့ ခုလို အပြောင်းအလဲမြန်နှုန်းမြင့်ကာလမှာ အဆင့်မြင့် ပညာရေးအတွက် ဒီအချက်တွေကို အကြံပြုပါတယ်။

ပြောင်းရွှေ့အခြေချသူ တယောက်လို တွေးပါ။ (Think like an immigrant!)

မြင်သာအောင်ပြောရရင် သူများနိုင်ငံထဲ အလုပ်သွားလုပ်ကြတဲ့ ကျနော်တို့ နိုင်ငံသားတွေလို၊ ဒုက္ခသည် စခန်းကနေ အခြားနိုင်ငံအခြေချ သွားကြသူတွေလိုပါ။ စိတ်ပူပန်လှုပ်ရှားနေရပြီး အကောင်းမြင်ထားဖို့ လိုပါ တယ်။ (paranoid optimist) သူတို့က ရသမျှ အခွင့်အရေး ကို လက်လွတ်မခံဘဲ ဆုပ်ကိုင်နိုင်ဖို့ ကြိုးပမ်း ကြရပါတယ်။ ပြိုင်ဆိုင်ဖို့ လုံးပန်းကြရပါတယ်။ သူများရှေ့ရောက်အောင်လုပ်နေကြရပါတယ်။
အောင်မြင်မှုတွေပေါ်မှာ သာယာမနေနိုင်ကြပါဘူး။ ဇိမ်ခ ဖို့ကိစ္စတွေမှာမသုံးစွဲနိုင်ကြသလို၊ အကောင်းမမြင် ရင်တော့ ကျရှုံးသွားဖို့ပဲ ရှိပါတယ်။

ဆာလောင်နေပါ (Be hungry.)

အခုလိုဆက်သွယ်မှုမြင့် အရှိန်မြင့်ပြောင်းနေတဲ့ခေတ်မှာ လူတိုင်းက ပြောင်းရွှေ့အခြေချနေသူ(immigrant) လိုပါပဲတဲ့။ ကမ္ဘာလုံးဆိုင်ရာပြိုင်ဆိုင်မှုက လက်တွေ့ရှိနေပါတယ်။ အဝလွန်-ပျော်ရွှင်နေတာက အောင်မြင်မှု အတွက် ဆေးနည်းကောင်းမဟုတ်ပါဘူးတဲ့။

လက်မှုပညာသည် တယောက်လို စဉ်းစားပါ (Think like an artisan!)

ကိုယ့်အလုပ်ကို တန်ဖိုးထား မြတ်နိုးနေဖို့ လိုအပ်သလို၊ ဂုဏ်ယူနေဖို့လည်းလိုပါတယ်။ အကောင်းဆုံးဖြစ်အောင် အမြဲ ကြိုးစားမယ်ဆိုတဲ့ စိတ်ကိုထားပါ။ ကိုယ့်တံဆိပ် (brand) ကို ထူထောင်ဖို့ လည်း လိုအပ်ပါတယ်။

အမြဲတမ်း လှုပ်ရှားပြင်ဆင်ပြောင်းလဲနေနိုင်တဲ့အခြေအနေကို ပြင်ထားပါ (Always be in beta mode!)

ဘယ်ကိစ္စမှ ပြီးဆုံးသွားပြီဆိုတာ မရှိပါဘူး။ ကမ္ဘာကြီးက အစဉ်သဖြင့်ပြောင်းလဲနေတော့ ရပ်နေလို့ မရပါ ဘူး။ ကိုယ့်ကိုချန်ထားပါလိမ့်မယ်။ လူအုပ်ရှေ့က ရောက်အောင်ဆိုရင် အမြဲတမ်း အသစ်အဆန်းတွေကို တီထွင်နေဖို့ လိုအပ်ပါတယ်။ စမ်းသပ်တီထွင်မှုတွေကိုလည်း မကြောက်ပါနဲ့လို့ ဖရီးမင်းက ဆိုပါတယ်။

(PQ + CQ) က IQ ထက် အမြဲသာပါတယ်။ (PQ plus CQ is always higher than IQ!)

ဆိုလိုတာက စူးစိုက်ချစ်မြတ်နိုးမှု (P.Q. passion quotient) နဲ့ စူးစမ်းရှာဖွေလိုစိတ် (C.Q. curiosity quotient) က ဉာဏ်ကောင်းတာတခုထဲထက် (I.Q. Intellgence quotient) ကို အမြဲသာလွန်တယ်လို့ ဆိုပါတယ်။ အိပ်မက် မက်ပါ။ အိပ်မက်ကို စူးစမ်းမှု၊ ရူးသွပ်မှုနဲ့ အကောင်အထည်ဖော်ပါ။

စားပွဲထိုးတယောက်လို စဉ်းစားပါ။ (Think like a waitress.)

ဖရီးမင်းက အိုင်အိုဝါပြည်နယ် ပါကင်းစ် (Perkins) ကို သွားလည်စဉ်က ကြုံရတဲ့ကျေနပ်စရာ စားပွဲထိုး တယောက်အကြောင်း ပြောပါတယ်။ သူ့မှာ ရွေးချယ်စရာများများစားစား မရှိသော်လည်း၊ ဖောက်သည် တွေကို ကျေနပ်အောင် လုပ်ဆောင်ပေးတဲ့သူပါ။ ကျနော်တို့ လုပ်ဆောင်တဲ့ကိစ္စတိုင်းမှာ စွန့်ဦးတီထွင်သူ တဦးလိုစိတ်ထားပြီး အမြဲမပြတ်ကြိုးပမ်းဖို့ ဆိုချင်တာပါ။ ကိုယ့်ဖောက်သည်အတွက် တန်ဖိုးမြှင့် ဝန်ဆောင် ပေးနိုင်အောင် တီထွင်ဆန်းသစ်မှုတွေ ဘယ်တော့မှမရပ်တန့်လိုက်အောင်ပါပဲ။ ဖောက်သည်တွေလိုအပ်ချက်ကို ဖြည့်ဆည်းပေးရုံသာမဟုတ်၊ သူတို့မျှော်လင့်ထားတာထက် ပိုလွန် ပေး ဆောင်ဖို့ပါပဲ။ ဒါမှပဲ ပြိုင်ဆိုင်မှုတွေကြားထဲက ထိုးထွက်ရပ်တည်နိုင်မယ် ဆိုပါတယ်။

ကောင်းကောင်း နားထောင်ပါ။ (Listen well!

အမှန်တကယ် နားထောင်ဖို့ လိုအပ်ပါတယ်။ နှလုံးသားကိုဖွင့်၊ စူးနစ်တဲ့ စိတ်နဲ့ (တဖက်သားကို လေးစား၊ ဆက်စပ်လိုတဲ့ စိတ်) နဲ့ နားထောင်ဖို့ လိုအပ်ပါတယ်။ အိုင်ဒီယာအသစ်တွေအတွက် တံခါးဖွင့်ထားပါ။ ပိုလို့ လေ့လာမှုအသစ်ဖြစ်ပါလိမ့်မယ်ဆိုပါတယ်။

ကျနော်တို့ပညာရေးစနစ်က အလုပ်ဖြစ်ပါသေးသလား။
ပြောရရင် ကျနော်တို့ပညာရေးက အလွတ်ကျက်မှတ်မှုဘက် သန်ပါတယ်။ ဖရီးမင်း ဆွေးနွေးထားသလို ကျနော်တို့ပညာရေးက ‘ဗဟုသုတ’ ဖက်ကို ပိုများပါတယ်။ ပိုဆိုးတာက ကျက်စာတွေက နောက်တတန်း တက်ရင် မေ့သွားပြန်ပါတယ်။ သူ ဆွေးနွေးထားသလို (power) ပါဝါ၊ စီးပွားရေးစနစ် (Economy)၊ (Industry) လုပ်ငန်းကြီးများ၊ (workplace) လုပ်ငန်းခွင် ဘာမှချိတ်ဆက်မှုမရှိနေပါဘူး။ တခါ ကျွမ်းကျင်မှု အရည်အချင်း (skills) ကိုလည်း မပေးစွမ်းနိုင်ပါဘူး။ ခုလို အလွန်အမင်းဆက်သွယ်နေတဲ့ခေတ်ကြီး (hyper-connected world) အတွက်လည်း ဆက်သွယ်မှုက ရှိမနေပြန်ပါဘူး။

သောမတ်ဖရီးမင်းက ဆွေးနွေးပါတယ်။ အောင်မြင်ချင်တဲ့သူတယောက်ဟာ တန်ဖိုးမြှင့် ဝန်ဆောင်မှုကို ဘယ်လိုပေးမှာလဲ (စားပွဲထိုးတယောက်လို စဉ်းစားပါ)၊ သာမန်ပျမ်းမျှတွေက အလုပ်မဖြစ်တော့ဘူးဆိုတဲ့ ခေတ်မှာ ကျနော်တို့က သာမန်၊ စိတ်စေ့ဆော်မှုမရှိတဲ့လူငယ် (Motivation divide) ကို မွေးထုတ်နေပါ သလား…  စဉ်းစားမိပါတယ်။ စူးစိုက် ချစ်မြတ်နိုးမှု (passion) နဲ့ စူးစမ်းစပ်စုလိုစိတ် (curiousity) ကိုလည်း ထည့်သွင်းပေးလိုက်ပါသလား။

၂၁-ရာစုအတွက် အဆင်သင့်ဖြစ်အောင် ကျနော်တို့ ဆက်လက်ပြင်ဆင်ကြဖို့ တိုက်တွန်းပါကြောင်း။

စာကိုး
——-
• Friedman, Thomas L. (May 10, 2017). Owning Your Own Future. The New York Times.
• Friedman, Thomas L. (Jan 29, 2013). It’s P.Q. and C.Q. as Much as I.Q.. The New York Times.
• Friedman, Thomas L. (May 10, 2017). Owning Your Own Future. The New York Times.
• Thomas L. Freidman’s talk on “Globalization and Higher Education”, https://www.youtube.com/watch?v=Xww6-KEBPTE


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, အမေရိက

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်