ညိုထက်ညို- ခင်ပွင့်ဖြူအတွက် အလွမ်းပွင့်များ

July 11, 2017

ခင်ပွင့်ဖြူ အတွက် အလွမ်းပွင့်များ

ညိုထက်ညို
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇

အဲဒီနေ့ နေ့လယ် တစ်နာရီထိုးဖို့ ဆယ်မိနစ်လောက်အလိုမှာ ကျွန်တော် ရန်ကုန်တက္ကသိုလ် ကျောင်းဝင်း ထဲကိုရောက်တယ်….
ရောက်ရောက်ချင်းပဲ မန္တလေးဆောင်ဝင်းထဲမှာ ကားကိုထိုးပြီး ဝင်းအပြင်ကိုကျွန်တော် ပြန်ထွက်လာခဲ့ တယ်…..
ပြီးတော့ အဓိပတိလမ်းကိုဖြတ်ပြီး အောင်ကျော်ကျောက်တိုင်ရှိရာ အဓိပတိလမ်းရဲ့ညာဘက်ခြမ်းက သမဂ္ဂဝင်းထဲကို ကျွန်တော်ဝင်လာခဲ့တယ်….
သမဂ္ဂဝင်းထဲက အောင်ကျော်ကျောက်တိုင်ပေါ်မှာ ခွပ်ဒေါင်းအလံလွှမ်းထားတယ်….
ကျောက်တိုင်ရဲ့အောက်ခြေမှာတော့ ၅၅ နှစ်မြောက် ဆဲဗင်းဂျူလိုင် July 7 အထိမ်းအမှတ်အဖြစ် မနက်က လာချသွားခဲ့တဲhပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့အပါအဝင် အခြားအဖွဲ့အစည်းတွေရဲ့ ပန်းခွေတွေနဲ့ ပြည့်နေတယ်….
ဒီလိုနေ့မျိုး ဒီနေရာမှာ အခြားလူတွေကို ကျိန်းသေပေါက်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် ဘယ်သူ့ကိုမှမတွေ့ရဘဲ ကျွန်တော် တယောက်တည်းဖြစ်နေတာနဲ့ ကျွန်တော် အံ့သြနေမိတယ်….
ဝင်းအပြင်ဘက်ကို ကြည့်လိုက်တော့ ဝင်းကိုကာထားတဲ့ သံတိုင်တွေရဲ့တစ်ဖက်ခြမ်းမှာ ခပ်ငယ်ငယ် ဦးပဉ္စင်းတပါး ရပ်နေတယ်….
ဒါနဲ့ ကျွန်တော်အပြင်ထွက်သွားပြီး ဦးပဉ္စင်းကို ကျွန်တော့်ကိုဓာတ်ပုံရိုက်ပေးဖို့ သွားလျှောက်တယ်….
ဦးပဉ္စင်းလိုလိုချင်ချင် ကျွန်တော်နဲ့အတူ သမဂ္ဂဝင်းထဲ ပြန်ဝင်လာပြီး အောင်ကျော်ကျောက်တိုင်ကို နောက်ခံထားပြီး ကျွန်တော့်ကို ဓာတ်ပုံရိုက်ပေးတယ်….
ဦးပဉ္စင်းက မိုးကုတ်ကနေ ရန်ကုန်ကို ခဏလာလည်တာတဲ့ ….
အဲဒီမှာပဲ ဝင်းထဲကို မျက်မှန်တပ်ထားတဲ့ အသက်ခြောက်ဆယ်ကျော်အရွယ်လူကြီးတယောက် ဝင်လာ တယ်….
ဦးပဉ္စင်းဆီက ကျွန်တော့်ဖုန်းကို ကျွန်တောပြန်ယူပြီး လူကြီးနဲ့ စကားပြောကြည့်လိုက်တော့ ၇၄ ဦးသန့် အရေးအခင်းမျိုးဆက်ကျောင်းသားဟောင်းနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းကြီး ဖြစ်နေတယ်…
နာမည်က ဦးခင်မောင်ညွန့်တဲ့….
ဒီနေ့ ဒီနေရာမှာ တယောက်မဟုတ် တယောက်တော့ တွေ့မှာပဲဆိုတဲ့ စိတ်ကူးနဲ့ ဒီရောက်လာတာပါတဲ့….
အဲဒီမှာပဲ ရှပ်အင်္ကျီလက်ရှည်နဲ့ ဘောင်းဘီရှည်ဝတ်ထားတဲ့ မျက်မှန်နဲ့ လူတယောက် ဝင်းထဲကို ထပ်ဝင် လာတယ်….
ကျွန်တော်နဲ့ ဦးခင်မောင်ညွန့် ပြောနေတဲ့ ဦးသန့် အရေးအခင်းအကြောင်း ကြားလိုက်တာနဲ့ ဝင်လာ တာပါတဲ့….
ပြီးတော့ သူ့ကိုယ်သူ ကိုစိုးနောင်လို့ မိတ်ဆက်တယ်….
သူ့နာမည်က ကိုစိုးနောင်တဲ့ ။


………………………………….. ……………………………. ………………………………


ကျွန်တော်တို့သုံးယောက် စကားလက်ဆုံကျနေတုန်း ဘောင်းဘီရှည်နဲ့လူငယ်နှစ်ယောက်ဝင်လာတယ်….
ပြီးတော့ အောင်ကျော်ကျောက်တိုင်ကို နောက်ခံထားပြီး ဓာတ်ပုံရိုက်နေကြတယ်….
အဲဒီမှာပဲ ကျွန်တော်၊ ဦးခင်မောင်ညွန့် နဲ့ ကိုစိုးနောင်တို့သုံးယောက် နှစ်ယောက်စီတွဲပြီး ဖုန်းကိုယ်စီနဲ့ အပြန်အလှန်အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်….
ပြီးတော့ ဝင်းအပြင်အဝမှာ ထိုင်နေတဲ့ လူတယောက်ကို အကူအညီတောင်းပြီး သုံးယောက်တွဲ ဓာတ်ပုံ ရိုက်ကြတယ်….
ပြီးတော့ ကျွန်တော်တို့သုံးယောက် စကားပြောဖို့ ရာမညဆောင် ရှေ့နားက ကင်တင်းဘက်ကို ထွက် လာခဲ့ကြတယ်….


……………………………………… ………………………………….. …………………………………


ရာမညဆောင် ရှေ့နားက အတွဲလိုက် ဆက်လျက် ဖွင့်ထားတဲ့ကင်တင်းတန်းထဲက ဘယ်ဘက်အစွန်ဆုံး ‘ထွန်းတောက်’ မှာ ကျွန်တော်တို့ ဝင်ထိုင်လိုက်ကြတယ်….
တစ်နာရီလောက် စကားပြောပြီး နှစ်ချက်ခွဲခါနီးတော့ ကျွန်တော်တို့ဆိုင်က ထကြတယ်….
အင်္ဂလိပ်စာပြနေတဲ့ ကျူရှင်ဆရာဖြစ်သူကိုစိုးနောင်က ပြန်ရမယ်….
ဒါနဲ့ပဲ ဘာမှလုပ်စရာမရှိဘဲ အရှင်လတ်လတ်ကြီးကိုအားနေတဲ့ ကျွန်တော် နဲ့ ဦးခင်မောင်ညွန့် ကျောင်းထဲ ကျန်ခဲ့ကြတယ်….
အဲဒီမှာပဲ ကျွန်တော် Facebook ဖွင့်ကြည့်မိတယ်….
Facebook က သတင်းတွေထဲမှာ ဒီနေ့ နေ့လယ် တစ်နာရီက ထောက်ကြန့်မှာ YBS ကားနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိကြတဲ့ သတင်းတွေတက်နေတယ်….
တိုက်မိတာက YBS ၅၅ နဲ့ YBS ၃၇ တဲ့ ….
ထောက်ကြန့်ကနေ မင်္ဂလာဒုံဘက် ပြန်တဲ့ ၅၅ နဲ့ ထောက်ကြန့်ဘက်ကိုလာနေတဲ့ ၃၇ တိုက်ကြတာတဲ့….
လူကိုးယောက်ပွဲချင်းပြီးသေဆုံးပြီး လူအများအပြား အပြင်းအထန်ဒဏ်ရာရကြပါသတဲ့….
တဆက်တည်း အဲဒီသေဆုံးတဲ့ လူစာရင်းထဲမှာ အင်းစိန်မှာနေတဲ့ မှော်ဘီနည်းပညာ တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အင်ဂျင်နီယာ ကျောင်းသူလေးတယောက်ပါသွားမှန်းလည်း အင်းစိန်မှာနေတဲ့ သူငယ်ချင်းတယောက် ရဲ့ Facebook မှာ တက်လာတယ်….
ကျောင်းသူလေးနာမည်က ခင်ပွင့်ဖြူတဲ့ ….
ခင်ပွင့်ဖြူ တဲ့ ….။


……………………………… …………………………… …………………………….


ဇာတ်လမ်း ရဲ့အစကို ပြောရရင်တော့ ၁၉၉၆ ကို ပြန်သွားရလိမ့်မယ်….
၁၉၉၆ ဒီဇင်ဘာမှာ ကျွန်တော်တို့စက်မှုတက္ကသိုလ်ကနေစပြီး အရေးအခင်းဖြစ်အပြီးမှာ တပြည်လုံးက ကျောင်းတွေ ပိတ်သွားတယ်….
၁၉၉၉ ဒီဇင်ဘာမှ ကျောင်းတွေ ပြန်ဖွင့်ပြီး ကျွန်တော်တို့ စက်မှုတက္ကသိုလ် ကျာင်းကို လှိုင်သာယာကို ရွှေ့လိုက်တယ်….
နယ်က ကျောင်းသားတွေ အတွက်တော့ ပြည်နားမှာ PTU ဆိုပြီး ဖုတ်ပူမီးတိုက် အဆောက်အဦတွေ ဆောက်ပြီး ပြည်ကို ရွှေ့ လိုက်တယ်….
နောက်တော့ GTI ကို ဖျက်သိမ်းပြီး GTC (Government Technological College) ဆိုပြီး မှော်ဘီ နဲ့ တညင်မှာပါ ထပ်ဖွင့်တယ်….
ဆယ်တန်းထပ်အောင်လာတဲ့ကျောင်းသားသစ်တွေကို သူပသက်ဆိုင်ရာ မြို့နယ်အလိုက် မှော်ဘီနဲ့ တညင်ကို ခွဲပို့တယ်….
တဆက်တည်း YIT လည်း ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်ကနေ အသစ်ထပ်ပေါ်လာတဲ့ ‘သိပ္ပံ နှင့် နည်းပညာဝန်ကြီးဌာန’ ရဲ့ လက်အောက်ကို ရာက်သွားပြီး YTU (Yangon Technological University) ရယ်လို့ ဖြစ်သွားတယ်….
နောက်ပိုင်း တပြည်လုံးမှာ ကြို့ကုန်းက မိခင်စက်မှုတက္ကသိုလ်ကြီး ရဲ့ ပုံစံတူကိုယူပြီး နေရာခပ်ကျဉ်း ကျဉ်းမှာ တိုင်လုံးကြီးတွေနဲ့ဆောက်ထားတဲ့ စပ်ဖြဲဖြဲဒီဇိုင်းနဲ့ နည်းပညာတက္ကသိုလ်တွေ မှိုလိုပေါက်အောင် ပေါ်လာတယ်…..
ကျွန်တော်တို့ခေတ်အနေနဲ့ပဲပြောရရင် ကွန်ပြူတာကျောင်းသားတွေက ရွှေပြည်သာနားက ဝါးတစ်ရာကို ရောက်သွားတယ်….
စီးပွားရေးတက္ကသိုလ်က ရွာသာကြီးကို ရောက်သွားတယ်….
အရင် RC 1, 2, 3 တွေက တညင်ဘက်က တာဝကို ရောက်သွားတယ်….
အဲဒီကစပြီး မြန်မာနိုင်ငံတဝှမ်းလုံးက တက္ကသိုလ်ကျောင်းသားတွေ မြို့တွေနဲ့ ဝေးလံခေါင်ဖျား မြစ်ကူး ချောင်းခြား အပင်တပင်မှမရှိတဲ့ လယ်ကွက်ပပ်ကြားအက်ကြီးတွေပေါ်မှာ ဖြစ်သလိုဆောက်ထားတဲ့ ခါတော်မီတက္ကသိုလ်တွေမှာ ပညာစသင်ကြားရတယ်…..
ရည်ရွယ်ချက်ကတော့ နောင်မှာ ဘယ်အခါမှာမှ ကျောင်းသားအရေးအခင်းတွေ ထပ်မပေါ်ပေါက်ဖို့ပဲ….
ရှင်းလည်းရှင်းတယ်… ပြတ်လည်းပြတ်တယ်….
လှိုင်သာယာ ကပဲ ၂၀၀၂ မှာ ကျွန်တော် ဘွဲ့ရတယ်။


……………………………. ……………………………. ………………………………


ဘွဲ့ရကတည်းက လှိုင်သာယာကို ကျွန်တော် ကျောခိုင်းခဲ့တယ်….
နောက်ပိုင်း ‘ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်’ လို့ အမည်ပြောင်းလိုက်တဲ့ လှိုင်သာယာဟာ ကျွန်တော်တို့ ကျောင်းသားတွေရဲ့အသည်းထဲမှာ စူးနေတဲ့ ဆူးပဲ….
ကြို့ကုန်းက မိခင်ကျောင်းတော်ကြီး မှာ အနည်းဆုံး တစ်နှစ်လေးပဲ ဖြစ်ဖြစ်တက်ခဲ့ရတဲ့ မျိုးဆက်တွေထဲ ဒီ ခံစားချက်ဟာ တသားတည်းပဲ….
ဘွဲ့ရပြီးနောက်ပိုင်း လှိုင်သာယာ ထိန်ပင်သုဿာန်အကျော်က အဲဒီတုန်းက ရန်ကုန်နည်းပညာတက္ကသိုလ် ကို ပြန်သွားတဲ့သူတယောက်တလေလောက်တောင် ကျွန်တော်မတွေ့ရတဲ့အထိ စိတ်ထဲ နာကြည်းခဲ့ရ တယ်….
ဒီလိုနဲ့ ၂၀၀၈ ၂၀၀၉ လောက်မှာ သတင်းတပုဒ် ကြားရတယ်….
လှိုင်သာယာမှာတက်နေတဲ့ကျောင်းသူလေးတယောက် ကျောင်းမှာမြွေကိုက်ခံရပြီး အင်းစိန်ဆေးရုံပို့တာ အချိန်မမီဘဲ ဆေးရုံမှာဆုံးပါးသွားရပါသတဲ့ ….
အဲဒီသတင်းကို ကြားကြားချင်းပဲ စိတ်ထဲမှာ ကြို့ကုန်းမှာဆို ဒီလိုဖြစ်မှာမဟုတ်ဘူးဆိုတဲ့ အတွေး ဝင်လာ တယ်….
အဲဒီ ကျောင်းသူလေးဟာ လယ်ကွင်းပြင်ထဲမှာ တည်ထားခဲ့တဲ့တက္ကသိုလ်အမည်ခံကျောင်းကြီးတွေရဲ့ ပထမဆုံးသားကောင် ဖြစ်ခဲ့တယ်။


………………………………….. ……………………………….. ………………………………….


ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဆယ်နှစ်ကျော်ကျော်လောက် မရောက်ဖြစ်ခဲ့တဲ့ ကျောင်းတော်ကြီးကို ကျွန်တော် ပြန်ရောက်သွားတယ်….
စိတ်ထဲမှာ မျှော်လင့်ထားခဲ့တဲ့အတိုင်း ကျောင်းကြီးထဲမှာ လူတွေရှင်းနေတယ်….
အီလက်ထရောနစ်ဌာနကိုလိုက်ရှာတော့ အရင်နေရာမှာမဟုတ်တော့ဘူးတဲ့ ….
ဒါနဲ့ပဲ မေးမြန်းစုံစမ်းပြီး ဟိုးနောက်ဘက် L 5 6 7 8 တွေရဲ့အကျော်မှာဆောက်ထားတဲ့ ဟိုးအရင်က မရှိခဲ့တဲ့အဆောက်အဦသစ်ကြီးနှစ်လုံးထဲက အီလက်ထရောနစ် ဌာန ရှိတဲ့ HRD အဆောက်အဦကြီးကို ရောက်သွားတယ်….
ဓာတ်လှေကားနဲ့ ကျွန်တော် အပေါ်တက်လာပြီး စာသင်ခန်းတွေ ဖြတ်လာတော့ ကျွန်တော့်ဆရာမ ဒေါ်မြမြအေးလက်ချာသင်နေတာကို တွေ့တယ်….
စာသင်ခန်းထဲကို ကြည့်လိုက်တော့ လူမှ တကယ့်နည်းနည်းလေးပဲ….
ဆယ့်ငါးယောက် အယောက်နျစ်ဆယ်လောက်ပဲ ရှိတယ်….
ကျွန်တော်တို့တုန်းက ကျူရှင်တက်တာ ကျနေတာပဲ….
ဒါနဲ့ပဲ Level 2 မှာ ရှိတဲ့ အီလက်ထရောနစ်ဌာနကိုရောက်ပြီး တွေ့တဲ့ကျွန်တော့်ဆရာမတွေကို မေးကြည့် တော့မှ အခု ကျောင်းတကျောင်းလုံးမှာမှ ကျောင်းသားတစ်ထောင်ကျော်လောက်ပဲရှိတော့မှန်းသိရတယ်… အရင်တုန်းက စာသင်နှစ် ခြောက်နှစ်မှာ တတန်းကို လူရှစ်ရာနှုန်းနဲ့ တွက်ကြည့်ရင် ကျောင်းသားငါးထောင် နီးပါးရှိခဲ့တယ်….
အခုတော့ တစ်ထောင်ကျော်တဲ့ ….။
ဘယ်လိုကျောင်းသားတွေက ဒီမှာတက်ရတာလဲမေးကြည့်တော့ အခု ကျွန်တော်တို့ ကြို့ကုန်းက ရန်ကုန် နည်းပညာတက္ကသိုလ်က ဆယ်တန်းမှာအမှတ်အမြင့်ဆုံးရတဲ့ ကျောင်းသားတွေသာ တက်ခွင့်ရတဲ့ တက္ကသိုလ်ဖြစ်ခဲ့ပြီတဲ့ …..
ဒီမှာတက်ဖို့ အမှတ်မမီတဲ့ ကျောင်းသားတွေက ကိုယ်နေထိုင်ရာ မြို့နယ်အလိုက် မှော်ဘီနဲ့ လှိုင်သာယာက ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှာတက်ရတာတဲ့….
ကျွန်တော်တို့တုန်း ကလိုပဲ စာသင်နှစ် ခြောက်နှစ် ပြန်ဖြစ်ခဲ့ပြီတဲ့…..
အခု လောလောဆယ်တော့ ပဉ္စမနှစ်အထိပဲ ရှိသေးတယ်တဲ့…..
နောက်လာမယ့် စာသင်နှစ်မှ ဆဌမနှစ်အထိ အပြည့်အစုံရှိတော့မှာတဲ့….
ကျွန်တော်တို့တုန်းက မိန်းကလေးဦးရေကို နှစ်ဆယ်ရာခိုင်နှုန်းသာ လက်ခံတဲ့စနစ်ကိုလည်း ပယ်ဖျက် လိုက်ပြီမို့ အခု ကျောင်းမှာ မိန်းကလေးဦးရေက ယောက်ျားလေးဦးရေထက်တောင် ပိုများပါသတဲ့….
ဆရာမပြောတာတွေကိုနားထောင်ပြီး လူတွေရှင်းနေတဲ့ကျောင်းဝင်းကြီးထဲ ကျွန်တော်ပတ်ကြည့်မိတယ်….
အတိတ်က အရိပ်တွေက ရင်ထဲပေါ်လာတယ်….
ပြီးတော့ ကျွန်တော် ကင်တင်းဆင်းထိုင်တယ်…..
ပြီးတော့ ကျွန်တော် အိမ်ပြန်လာခဲ့တယ်။


……………………………….. …………………………… ……………………………


တကယ်တော့ ကြို့ကုန်းက ကျောင်းတော်ကြီးဟာ ကျွန်တော်တို့ရဲ့ဘူမိနက်သန်ပဲ….
၁၉၉၉ ဒီဇင်ဘာမှာ ကိုယ့်ကျောင်းကိုခွဲပြီး လှိုင်သာယာမှာ ကျောင်းစတက်ရတော့ ရင်ထဲမှာ နင့်နေတာပဲ….
မီးလောင်သလို ပူနေတဲ့နေရောင်တွေအောက်မှာ အမြင့်ဆုံးအပင်ဟာ ကျွန်တော့်အရပ်သာသာလောက်ပဲ ရှိတယ်….
ကျွန်တော်နေရာ ရန်ကုန်မြို့ထဲနဲ့ဆို ၂၈ ကီလိုမီတာ ဝေးတယ်….
အဲဒီ လှိုင်သာယာမှာ နောက်ဆုံးနှစ်စာမေးပွဲရဲ့နောက်ဆုံးဘာသာကိုဖြေအပြီး နောင် ဘယ်တော့မှ ပြန် မရောက်တော့တဲ့အထိ လှိုင်သာယာကို ကျွန်တော်တို့ နာကြည်းခဲ့ကြတယ်….
ဒါပေမဲ့ ကျွန်တော် ဘယ်လိုနာကြည်းနာကြည်း ကြို့ကုန်းကျောင်းတော်ကြီးရဲ့ တံခါးတွေ ပိတ်မြဲပိတ်ထား ပြီး တနှစ်ပြီးတနှစ် အထက်တန်းအောင်လာတဲ့ မျိုးဆက်သစ်ကျောင်းသားလေးတွေ မြို့နဲ့ ဝေးလံခေါင်ဖျား က တက္ကသိုလ်မဟုတ်တဲ့ တက္ကသိုလ်တွေမှာပဲဆက်တက်ရရင်း အခုဆို နှစ်နှစ်ဆယ်တောင် ကြာခဲ့ရပြီပဲ….
အခု နောက်ဆုံးသားကောင်ရဲ့ အမည်လေးက ‘ခင်ပွင့်ဖြူ’ တဲ့ ….
ရန်ကုန်မြို့ထဲက ကောင်းပေ့ဆိုတဲ့အကွက်အကွင်းကျတဲ့နေရာကြီးတွေ မြေကွက်လပ်ကျယ်ကြီးတွေမှာ ကွန်ဒိုအိမ်ရာစီမံကိန်းကြီးတွေ တခုပြီးတခု ပေါ်လာတယ်….
လူတွေ တကယ်နေထိုင်နိုင်ခြင်းမရှိတဲ့ ဟီးထနေတဲ့ ကွန်ကရစ်အဆောက်အဦကြီးတွေ တခုပြီးတခု ပေါ် လာတယ်….
အဲဒီ သွားရလာရအဆင်ပြေတဲ့နေရာကြီးတွေမှာ ကျွန်တော်တို့ ဘာလို့တက္ကသိုလ်တွေ မဖွင့်နိုင်ရတာလဲ….
ကျွန်တော်တို့ ဘယ်လောက်မိုက်မဲလိုက်သလဲ….
ကြို့ကုန်းက ကျောင်းတော်ကြီးမှာလည်း အရင်က ကျောင်းသားငါးထောင်နီးပါးကို တပြိုင်နက် စာသင် ပေးနိုင်ခဲ့တာပဲ….
မှော်ဘီ နဲ့ လှိုင်သာယာကို တနေ့တနေ့ အဝေးကြီး ဆင်းရဲဒုက္ခကြီးစွာ သွားလာနေကြရတဲ့ ကိုယ့်သားသမီး အရွယ် လူငယ်လေးတွေကို ဘာလို့ စာသင်မပေးနိုင်ရမှာလဲ…..
အဲဒီလို ဝေးလံခေါင်းပါးတဲ့နေရာတွေမှာ ကျောင်းသွားတက်နေရတဲ့လူငယ်လေးတွေ အားလုံး ရန်ကုန်မြို့ ထဲမှာပဲ နေကြတာပါပဲ….
ဘာလို့ ကျွန်တော်တို့ ဘာအဓိပ္ပာယ်တခုမှမရှိပါဘဲ နိုင်ငံခြားကနေ နိုင်ငံခြားငွေနဲ့ ဝယ်နေရတဲ့ ဓာတ်ဆီတွေ ကို ဖြုန်းတီးပစ်နေရတာလဲ….
အဲဒီထက် အဖိုးတန်တဲ့ကျောင်းသားကျောင်းသူတွေရဲ့အချိန်တွေကို ဘာလို့ ဖြုန်းတီးပစ်နေရတာလဲ….
ဒါတွေဟာ အရင်းစစ်ကြည့်လိုက်ရင် အတိတ်ရဲ့ ဆိုးမွေတွေပါပဲ….
ခု ဆုံးပါးသွားခဲ့ရတဲ့ညီမလေး ခင်ပွင့်ဖြူ နေတဲ့နေရာကို ကျွန်တော်ဖတ်ကြည့်လိုက်တော့ အင်းစိန်မှာတဲ့…..
ညီမလေးက အင်းစိန်မှာ နေတာတဲ့ ….
ရင်ထဲမှာ နင့်သွားတာပဲ….
ညီမလေး နတဲ့ အင်းစိန် နဲ့ ကျွန်တော်တို့ရဲ့ကျောင်းတော်ကြီး တည်နေရာ ကြို့ကုန်းဟာ နီးနီးလေးပါပဲ….
ခုတော့ မိနစ်ပိုင်းသာသာ သာ လာရမယ့်ကြို့ကုန်းက ကျောင်းတော်ကြီးအစား ညီမလေးခမျာ မှော်ဘီကို သွားခဲ့ရရှာတယ်….
ဒီခရီးဟာ ညီမလေးအသက်ကို ဆွဲနှုတ်သွားခဲ့တာပဲ….
ဒီခရီးဟာ ညီမလေးအတွက် ကိုက်လမ်း ဖြစ်သွားခဲ့တာပဲ….
တကယ်တော့ ရန်ကုန် မြို့ပြင်ဘက်ကိုသွားရတဲ့ ခရီးတွေမှာသာ ဒီလို ပြင်းထန်တဲ့ မတော်တဆမှုတွေဟာ ဖြစ်နိုင်တာပါပဲ….
ညီမလေးရဲ့အသက်ကိုကြည့်လိုက်တော့ ၂၁ နှစ်တဲ့….
ညီမလေးက ခုမှ ၂၁ နှစ်တဲ့ ….
ခုတော့ ကြို့ကုန်းက စက်မှုတက္ကသိုလ်ကြီးရဲ့ ကျောင်းတံခါးတွေပိတ်သွားတဲ့ ၁၉၉၆ မှာ လူ့လောကထဲ ရောက်ခဲ့တဲ့ညီမလေးတယောက် သူ ဘာမှမသိလိုက်ရတဲ့အတိတ်ရဲ့ဆိုးမွေတွေအတွက် ရန်ကုန်စက်မှု တက္ကသိုလ်ကြီးရဲ့ ကျောင်းတံခါးတွေ လူတိုင်းအတွက် ပြန်မဖွင့်ခင်မှာ လူ့လောကထဲက ထွက်သွားခဲ့ရ ပြီပဲ….
ရေးနေရင်းနဲ့ ခင်ပွင့်ဖြူ ရဲ့ဓာတ်ပုံကလေးကိုကြည့်ရင်း ကျွန်တော်တွေးနေမိတယ်….
ခင်ပွင့်ဖြူ က ကျွန်တော့်ကို ပြောနေတယ်….
‘အဲဒီ့မှော်ဘီက ကျောင်းတံခါးကြီးပိတ်သွားအောင် လုပ်ပေးပါလားအစ်ကိုရယ်’ တဲ့ ….
အဲဒီကျရင် သူ ငြိမ်းချမ်းစွာနားနေပါတော့မယ် တဲ့….
သူ တကယ်ပဲ နားပါတော့မယ် တဲ့။ ။

ညိုထက်ညို

သရုပ်ဖော်ကာတွန်း ATH


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မျက်မှောက်ရေးရာ, ဥရောပ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်