မောင်မောင်စိုး ● ဆရာမြအား လွမ်းမိပါသည်

July 12, 2017

မောင်မောင်စိုး ● ဆရာမြအား လွမ်းမိပါသည်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇

ယခုရက်ပိုင်း ကျနော်နေ့စဉ် မနက်တိုင်းစာရေးဖြစ်သည်။ မနက်တိုင်း စာရေးဖြစ်ပြီး online ပေါ်တွင် post တွေတင်ဖြစ်ပါသည်။ စာရေးပျင်းသော ကျနော်ရေးရင်းနှင့် သိပ်မပျင်းတော့။ ဤသို့နေ့စဉ် စာရေးဖြစ်ရင်း ဆရာမြအား လွမ်းမိပါသည်။ ကျနော် လွမ်းမိသော ဆရာမြဆိုသူမှာ လွန်ခဲ့သော ၁၅ နှစ်ကျော်က ကွယ်လွန်သွားရှာပြီဖြစ်သော စာရေးဆရာ ဦးမြသန်းတင့်ဖြစ် ပါသည်။

ဆရာမြနှင့်ကျနော် စတင်ဆုံဘူးစဉ်ကာလက ၁၉၇၃ လောက်ဖြစ်သည်။ ထိုစဉ်က ဆရာမြ ကိုးကိုးကျွန်းက လွတ်ခါ စကာလလည်း ဖြစ်သည်။ ဆရာမြ၏ “ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်” စာအုပ် ဂယက်ကြီးစွာထနေဆဲ ကာလ လည်းဖြစ်သည်။ ဆရာမြ၏သားငယ် ဖိုးလမင်း မွေးခါစကာလလည်း ဖြစ်သည်။ ထို့အတူ ကျနော် တက္ကသိုလ်မြေ ခြေချ စကာလလည်းဖြစ်သည်။ ၁၉၇၄ ဇွန် အလုပ်သမားအရေးအခင်း ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း ၁၉၇၅ ဇွန် ကျောင်း သားအရေးအခင်းတို့ မတိုင်မီ လေပြေညှင်း တိုက်ခတ်နေစဉ်ကာလလည်း ဖြစ်ပါသည်။

ကျနော့်အား ဆရာမြအိမ်သို့ ခေါ်သွားပြီး မိတ်ဆက်ပေးသူမှာ ဆရာမြနှင့်အတူ ကိုးကိုးကျွန်းမှ ပြန်လွတ်လာသူ ကိုအောင် မေသုဖြစ်သည်။ ကိုယ့်ကိုကိုယ် ရဲဘော်နီအောင်မေသုဟု ကင်းပွန်းတပ်သူ ကိုအောင်မေသုမှာ ကျနော်၏ မိတ်ဆွေ လည်းဖြစ်သည်။ အကိုဟု၍လည်း ဆို၍ရသည်။ ဆရာဆိုရင်လည်း မမှား။ ပြီးတော့ ကျနော်၏ ရဲဘော်ရဲဘက်လည်း ဖြစ် သည်။

ကိုအောင်မေသုမှာ စာထူးချွန်သူတစ်ဦးဖြစ်သည်။ အလယ်တန်းကျောင်းသားကာလကထဲက စကောလားရှစ် ရသူဖြစ်သည်။ ထို့ပြင် သာယာဝတီခရိုင် ဗကသ ကျောင်းသားခေါင်းဆောင်လည်းဖြစ်သည်။ ဗကသ ခေါင်းဆောင်တဦးအနေနှင့် ထောင်မှ တကျွန်းသို့ရောက်ရှိကာ ဆရာမြတို့နှင့်အတူ ပြန်လွတ်လာသူဖြစ်ပါသည်။ ကိုးကိုးကျွန်းမှ ပြန်လွတ်ပြီး မကြာခင် မင်းလှမြို့၌ ကျင်းပသော ကိုအောင်မေသု၏ မင်္ဂလာဆောင်သို့ လာရောက်သော ခရီးစဉ်ကို “ကျနော်ဆက်ရေးချင်သော ဝတ္ထုများ” အပိုင်းတခု၏ ဇတ်ဝင်ခန်းအဖြစ် ဆရာမြရေးဖွဲ့ခဲ့ဘူးသည်။

၁၉၈၈ အရေးအခင်းပြီးနောက် ကိုအောင်မေသုတယောက် မင်းလှမြို့နယ် (သာယာဝတီ) NLD ဥက္ကဌ ဖြစ်လာသည်။ အလွန်အဟောပြောကောင်းသူအဖြစ် ဒေါ်စု ချီးမွမ်းခဲ့သည်ဟု ဆိုပါသည်။ ၁၉၉၀ ရွေးကောက်ပွဲပြီးနောက် NLD အများ နည်းတူ ကိုအောင်မေသုလည်း ထောင်ထဲဝင်ရသည်။ ဤတခေါက်၌ အရှင်ပြန်ထွက်၍မလာနိုင်တော့။ ၂၀၀၃ လောက်က အသေပြန်ထွက်လာသော ကိုအောင်မေသုအား လှိုင်သာယာထိန်ပင်၌ သင်္ဂြိုလ်ခဲ့သည်ဟု ကြားရသည်။ ကိုအောင်မေသူ၏ နောက်ဆုံးခရီးကို ဒေါ်အောင်ဆန်းစုကြည် လိုက်ပါပို့ဆောင်ခဲ့သည်ဟု ဆိုပါသည်။ ပြောရရင်တော့ လွမ်းစရာချည်းသာဟု ဆိုရပါသည်။

စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမပေါ်ရှိ သစ်သား ၂ ထပ်အိမ်အပေါ်ရှိ အပေါ်ထပ် အခန်းကျဉ်းလေးထဲတွင် မျက်မှန် ထူထူမဟာနဖူးနှင့် အရပ်ခပ်ပြတ်ပြတ်ရှိသော ဆရာမြအား စတင်တွေ့ဆုံခဲ့ပါသည်။ တကယ်တမ်း စတင်တွေ့ဆုံစဉ်က ကျနော်သည် ငယ်ရွယ်သူပီပီ နားထောင်သူသက်သက်သာဖြစ်သည်။ ဆရာမြနှင့် ကိုအောင်မေသုတို့ အပြန်အလှန်ပြော ဆိုကြသော နိုင်ငံရေးအယူအဆနှင့်တိုက်ပွဲများ စာပေအယူအဆနှင့်တိုက်ပွဲများ ကိုးကိုးကျွန်းတိုက်ပွဲများ စသည့် စသည့် ကျနော်အတွက် အသစ်အဆန်းများစွာ ထိတွေ့ခဲ့ရသည့် စကားဝိုင်းဖြစ်သည်။ ထိုနေ့က စကားစပ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသော တရုတ်ဝတ္ထု တပုဒ်ဖြစ်သည့် အိုဟန်ဟိုင်းတေးသံအား သူစာအုပ်စင်မှ ဆွဲထုတ်၍ လက်တမ်းပြန်ဆိုကာ ဆွေးနွေးပြခဲ့သေးသည်။

နောက်ပိုင်း ထိုနှစ်ပိုင်းများက တစ်ခါ နှစ်ခါတော့ ဆရာမြအိမ်သို့ရောက်ခဲ့သေးသည်။ သို့သော် ဧည့်သည် စာရေးဆရာများ များနေသဖြင့် ကောင်းမွန်စွာ စကားပြောခွင့်မရခဲ့ရပေ။ တခုတော့ မှတ်မိနေသေးသည်။ ဆရာမြသည် သူ့ထက်များစွာ ငယ်သော ဆယ်ကျော်သက်မျှသာရှိသေးသော ကျနော့်အား ထိုစဉ်ကထဲက ကျနော်နှင့် ခင်ဗျားနှင့် ပြောဆိုခဲ့သူဖြစ်သည်။ လူငယ်များကို လေးစားနွေးထွေးသူတယောက် ဖြစ်သည်။

၁၉၇၄/၇၅ နှစ်များအတွင်း ရန်ကုန်မြို့တော်တွင်လူပင်လယ်များဖြင့် လှိုင်းတန်ပိုးများထန်ပြီးသောသကာလ ကျနော်လည်း မြန်မာပြည် အရှေ့မြောက်ပိုင်းရှိ မြင့်မားမတ်စောက်သည့် တောင်စဉ်အထပ်ထပ်ဆီသို့ ခရီးရှည်ထွက်ခဲ့ရာမှ ဆရာမြနှင့်ဝေး ခဲ့သည်။ သို့ပေမဲ့ ဆရာမြ၏စာများကိုတော့ သတိရဆဲဖြစ်ပါသည်။ ဆရာမြသည် ဘာသာပြန်အလွန်ကောင်းသူဖြစ်သည်။ဆရာမြ၏ ဘာသာပြန်များမှာ ဖတ်၍ထောင်တောင့်တောင့်ရှိမနေပါ။ ရှောကနဲ ရှောကနဲနှင့် ဖတ်၍ ချေမွေ့လှသည်။

ထို့ကြောင့် စစ်နှင့်ငြိမ်းချမ်းရေးလို ဝတ္ထုရှည်ကြီးကိုပင် မြန်မာစာဖတ်ပရိတ်ရင်ထဲအရောက်ပို့ပေးနိုင်ခဲ့သည်။ ကိုင်း … ကောင်း ကြသေးရဲ့လားဟူသော စစ်နှင့်ငြိမ်းရေးစာအုပ်၏ အဖွင့်စာကြောင်းကို ယနေ့တိုင် ကျနော်မှတ်မိနေသေးသည်။

ဆရာမြနှင့် လူချင်းအဆက်အသွယ်ပြတ်တောက်ခဲ့ပေမဲ့ ဆရာမြ၏စာများနှင့်တော့ လုံးဝပြတ်မသွားပါချေ။ မကြာခဏဆို သလို ထိတွေ့နေရဆဲဖြစ်သည်။

၁၉၈၀ လောက်ကထင်သည်။ ဝ နယ်တောင်တန်းများအား ရစ်ခွေစီးဆင်းနေသည့် နမ့်ခချောင်းဘေး တနေရာတွင် ကျနော် သည် ဆရာမြ၏ လေးရူးသုန်သုန်ကို ဖတ်ခဲ့ရသည်။ ရက်ဘတ်တလာနှင့် စကားလက်အိုဟာရာတို့၏ ပြတ်သားသောစိတ်ဓါတ် ကြံ့ခိုင်မှုတို့နှင့်အတူ အမေရိကန်ပြည်တွင်းစစ်ကို ဖြတ်သန်းခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။

၁၉၈၅ လောက်ကထင်ပါသည်။ ရှမ်းပြည်မြောက်ပိုင်းရှိစိမ်းသော ပြာသော မှိုင်းဝေသော တောင်တန်းကြီး၏တနေရာတွင် ဆရာမြ၏ ပါရီကျဆုံးခန်းကို ဖတ်ခဲရသည်။ အကျင့်ပျက်ပြင်သစ်နိုင်ငံရေးသမားများနှင့် ယိုင်နဲ့နေသော ပြင်သစ်အုပ်ချုပ်ရေးယန္တယားများကြောင့် ပါရီမြို့ကြီးကျဆုံးသွားသည်ကို တွေ့ခဲ့ရသည်။

၁၉၈၉ လောက်ကထင်သည်။ ကချင်ပြည်နယ်မြောက်ဖျားရှိ ဖြူဖွေးအေးခဲနေသော ရေခဲတောင်ကြားတနေရာ မီးဖိုတခုဘေး တွင် ကချင်အရက်ပြင်းပြင်းတွက်နှင့်အတူ ဆရာမြ၏ ခန်းဆောင်နီအိပ်မက်ကို ဖတ်ခဲ့ရသည်။ ပေါက်ယုတို့ ထိုက်ယုတို့လို တရုတ်မြေရှင်ကြီးများ၏ သားသမီးများပြုလုပ်သည့် ခန်းနားသောလဘက်ရည်ပွဲများနှင့် ကဗျာရွတ်ဆိုမှုများကို တွေ့ခဲ့သည်။ ထို့အတူ မြေရှင်ကြီးသားသမီးများ၏ တညနေစာ လဘက်ရည်ဝိုင်းကုန်ကျစားရိတ်သည် တရုတ်ဆင်းရဲသားအိမ်ထောင်တခု တနှစ်စာ စားနိုင်ဟုဆို၍ အံ့သြ ထိတ်လန့်မိခဲ့ဘူးသည်။

ကျနော်ခရီးရှည်မှ ပြန်လည်ရောက်လာပြီး ဆရာမြနှင့်ပြန်ဆုံခဲ့ပါသည်။ အများအားဖြင့် ဆုံသည့်နေရာမှာ ရန်ကုန် ဘားလမ်းရှိ ဆရာဦးခင်မောင်အေး၏ ရုံးခန်တွင်ဖြစ်သည်။ ဦးခင်မောင်အေးမှာ ရှေ့နေကြီးတဦးဖြစ်ပြီး ကျနော်မိတ်ဆွေ ကိုသန်းစိုးနိုင် ၏အကိုဖြစ်ပါသည်။ ဒေါ်စု၏ ရှေ့နေအဖြစ်ဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး ယခုတော့ ကွယ်လွန်သွားရှာပြီဖြစ်၏။

ဦးခင်မောင်အေးသည် လူချစ်လူခင်များသူတဦးဖြစ်ပြီး ရှေ့နေနယ်သာမက နိုင်ငံရေးနယ်ပယ် စာပေနယ်ပယ်က လူအ တော်များများနှင့် သိကျွမ်းသူဖြစ်သည်။ ထို့ပြင် သူ၏ ရှေ့နေရုံးခန်းနေရာ ဘားလမ်းမှာ မြို့၏အချက်အခြာနေရာလည်းဖြစ်ရန် လူဆုံရန် အဆင်ပြေသည်။ သူနေရာတွင် လူဆုံကြ၍ စားသောက်ဆိုင်တခုသို့သွားကာ စားရင်းသောက်ရင်း တော အ ကြောင်း တောင်အကြောင်း အကြောင်းစုံ ပြောဖြစ်ကြသည်။ ထိုဝိုင်းများတွင် ဆရာမြအပြင် ဆရာပါရဂူ၊ ဆရာတင်မိုး၊ ရုပ်ရှင် မင်းသားကြီး ဦးထွန်းဝေ၊ ပိသုကာဦးကျော်မင်း၊ ပန်းချီ ယဉ်မင်းပိုက်၊ သန်းစိုးနိုင် စသူတို့နှင့် ဆုံဖြစ်ကြသည်။ ထိုသူများထဲတွင် ဆရာမြနှင့်ပိုဆုံဖြစ်သည်။

တရက် မန္တလေးမှ ကျနော်မိတ်ဆွေ ကိုမောင်မောင်မြင့် ရန်ကုန်သို့ရောက်လာခိုက် ဆရာမြ၊ ဆရာပါ (ပါရဂူ) တိုနှင့်ဆုံရန် ပြောလာသဖြင့် ညနေပိုင်းဆုံကြရန် ကျနော်တို့လာကြိုမည်ဖြစ်ကြောင်း ဆရာနှစ်ဦးထံ ဖုန်းဆက်အကြောင်းကြားအတည်ပြု လိုက်သည်။ ညနေစောင်းတော့ ထိုစဉ် ဗဟန်းတွင်နေသော ဆရာပါအား အရင်သွားကြိုလိုက်သည်။ ပြီးတော့ စမ်းချောင်း ဖျာပုံလမ်းရှိ ဆရာမြအိမ်သို့ သွားခေါ်ပါသည်။

ဆရာမြအိမ်သို့ရောက်လာတော့ ကျနော်ဆရာမြအားဆင်းခေါ်တော့ ဆရာမြအိမ်ရှေ့ထွက်လာသည်။ နောက်မှ စိတ်ရှုပ် သောမျက်နှာနှင့် ဆရာဇနီးလိုက်ပါလာသည်။ ဆရာမြအိမ်ရှေ့ရောက်လျင် ထိုင်ခုံငယ်တခုပေါ်ထိုင် ဖိနပ်စီးသောအခါမှ အ ကြောင်းရင်းကိုသိတော့သည်။ ဆရာမြ၏ ခြေထောက်တဖက်တွင် ကျောက်ပတ်တီးစီးထားသည်။ ညာဖက်ဟု ထင်သည်။ မနက်စောစောလမ်းလျောက်ရာမှ ခြေချော်လဲပြီး ခြေသန်းအက်သွား၍ ကျောက်ပတ်တီး စီးထားရသည်ဟု ဆိုသည်။ ကျောက်ပတ်တီးစီးထားသော ခြေထောက်ကို ကြွပ်ကြွပ်အိတ်နှင့်စွပ်၍ စီး၍ချည်ပြီး ကျန်တဖက်က ညှပ်ဖိနပ်စီးကာ ကျနော် တို့နှင့် လိုက်ခဲ့သည်။ ဆရာမြဇနီးက မသွားဘို့တားသေးသော်လည်း ဒီလူတွေနဲ့ တခါတလေမှဆုံပြီး စကားပြောရတာဆိုပြီး လိုက်ခဲ့ခြင်းဖြစ်၏။

စားရင်းသောက်ရင်းလွတ်လွတ်လပ်လပ် စကားပြောနိုင်ရန် မြေနီကုန်းအနီး ပြည်လမ်းမပေါ်ရှိ ခြံဝန်းကျယ်တခုထဲတွင် ဖွင့်ထားသော စားသောက်ဆိုင်တခုထဲသို့အရောက် ကားပေါ်ကဆင်းလာသော ကြွပ်ကြွပ်အိတ်စွပ်ထားသော ကျောက်ပတ် စီးထားသောဆရာမြအား တဆိုင်လုံးက ဝိုင်းကြည့်ကြသည် ထင်ပါသည်။

စားရင်းသောက်ရင်း စကားစုံပြောကြသည်။ နိုင်ငံရေးလည်းပါသည်။ စာပေရေးလည်း ပါသည်။ တောတောင်ထဲက ဖတ်ခဲ့ရ သော ဆရာမြ၏စာအုပ်များလည်း ပါသည်။ သွားရေးလာရေး ခက်ခဲသောထိုအချိန်ကာလက နယ်စွန်နယ်ဖျားဆီသို့ သူစာ အုပ်တွေပို့ရသည်ဆို၍ သူအံ့သြနေကြောင်း၊ လက်စသတ်တော့ ခင်ဗျားတို့ကိုဟု ဆရာမြက ဆိုသည်။ ဆရာပါက ပြုံးပြုံး ပြုံး ပြုံးဖြင့် ခင်ဗျားတို့က ကိုမြသန်းစာတွေဖတ်ကြတာပါဗျာ ကျနော့်စာတွေ မဖတ်ကြပါဘူးဟု ခနဲ့ဆိုသည်ကို ခံလိုက်ရသေး သည်။

ဆရာမြနှင့်ပြောဖြစ်သည့်အထဲတွင် ကျနော်တို့အား စာရေးဘို့တိုက်တွန်းသည်လည်းပါသည်။ စာရေးသားခြင်း အသားကျဘို့ အလေ့အကျင့်တရပ်ပြုလုပ်ရန်လိုကြောင်း၊ သို့မှသာ စာရေးမပျင်းတော့ကြောင်း၊ သူဆိုလျင် ယနေ့တိုင် မနက်စောစော လမ်းလျောက်ပြီး ပြန်လာလျင် စာရေးစားပွဲတွင် ထိုင်၍ စာတစ်ပုဒ်ပြန်ဆိုရေးသားခြင်းကို ပုံမှန်လုပ်လေ့ရှိကြောင်း မဂ္ဂဇင်း တိုက်၊ ဂျာနယ်တိုက်သို့ပို့ရန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပုံမှန်ရေးသားကြောင်း အလေ့အကျင့်တရပ်ဖြစ်စေပြီး စာရေး မပျင်းတော့ကြောင်း ပြေပြပါသည်။ ကျနော်တို့အား ဤသို့ပြုစေချင်ကြောင်းပြောပြပါသည်။ စာရေးခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုသွားသော စာရေးဆရာကြီတဦး Professional တဦး၏ အမှာစကားဖြစ်ပါသည်။

ထိုစဉ်က ဆရာမြစကားအား ကျနော်မလိုက်နာနိုင်ခဲ့ပေ။ ကျနော်မိတ်ဆွေ ကိုမောင်မောင်မြင့်ကတော့ အလုပ်က အနားယူပြီး နောက် ပြီးခဲ့သော ၂ နှစ်လောက်စပြီး ကိုကြီးတင်ဟူသောနာမည်ဖြင့် ဂျာနယ်များ ဆောင်းပါးများ ရေးလာသည်။ ကျနော်က တော့ မစနိုင်သေးပေ။

ဆရာမြနှင့်နောက်ဆုံးတွေ့ခဲ့သည်မှာ ဖျာပုံလမ်းက ဆရာမြအိမ်တွင်ဖြစ်သည်။ ထိုစဉ်က ဆရာမြပေါက်ကွဲနေသည်။ အ ကြောင်းမှာ ဆရာမြထံသို့ အစီအစဉ်စာရွက်တခု ဂျာနယ်ဆရာတစ်ဦးမှ တဆင့်ရောက်လာသည်။ ထိုစဉ် စစ်တပ်မှ ရုပ်သံ အစီအစဉ်ထုတ်လွှင့်ရန် ပြင်ဆင်နေဆဲကာလ ဖြစ်သည်။ မြဝတီရုပ်သံအတွက် ခန့်အပ်ထားသည့် ဝန်ထမ်းများအား ဟော ပြောပေးရန် ဘယ်နေ့ဘယ်ရက် ဘယ်နာရီ ဘယ်နာရီအထိဟူ၍ အစီအစဉ် ရေးဆွဲပြီးဖြစ်သည်။ ဟောပြောမည့်နေ့ ဘယ် နာရီမှာ သူတို့ကားလွှတ်ကြိုမည်ဟု ဆိုသည်။

“ကြည့်ဗျာ စစ်ဗိုလ်တွေက လူတိုင်းကို သူတို့အမိန့်ပေးတိုင်းလုပ်ရမယ်လို့ ထင်နေကြတာဗျ။ ကျနော့်ကို ဆရာ ဟောပေး နိုင်မလား ဘယ်နေ့အားလဲ တချက်မမေးဘူး။ ကျနော်က အဲဒီရက် ကသာဘက်စာပေဟောပြောပွဲသွားစရာရှိတာဗျ” ဟု ဆိုသည်။ သူ့ကို အစီအစဉ်စာရွက်လာပို့သူ ဗိုလ်မှူးမြသန်းစံနှင့်ရင်းနှီးသူ ဂျာနယ်ဆရာအားလည်း “ဒီကောင် အာမခံပြီးပွဲစား လုပ်နေတာ ဖြစ်မယ်” ဟု ဆိုပါသည်။

နောက်ကြားရသည်မှာ ဆရာမြကား သူအစီအစဉ်အတိုင်းကသာဘက်သို့ ခရီးထွက်သည်။ မြဝတီက သတ်မှတ်ထားသော နေ့တွင် စစ်ကားတစီးဖြင့် မြသန်းစံ ဆရာမြအား လာကြိုသည်ဟု ဆိုသည်။ သို့သော် ထိုစဉ်က တရားမရရှာသေးသော မြသန်းစံတစ်ယောက် မည်သည့်စိတ်ခံစားချက် မည်သို့သော မျက်နှာပေးနှင့် ပြန်သွားသည်တော့ မသိလိုက်ပါ။

ကျနော်တို့မိသားစု ၁၉၉၇ တွင် ရန်ကုန်သို့ပြောင်းရွှေ့အခြေချပါသည်။ သို့သော် ကျနော် အိမ်မမြဲ ခရီးထွက်နေသည်က များသည်။ တရက် ရန်ကုန်ပြန်ရောက်ခိုက် မနက်စောစောပုသိမ်အိမ်မှ ဖခင်ဖြစ်သူ ဖုန်းဆက်လာသည်။ မနေ့ညက ဆရာမြဆုံးပြီ ဆိုတဲ့ … ကျနော် ဘာသိလဲလှမ်းမေးခြင်းဖြစ်သည်။ တကယ်တော့ BBC နေ့စဉ်မှန်မှန် နားထောင်သည့် ဖခင် ဖြစ်သူကမှ သိသေးသည်။ ကျနော်က ဘာမှမသိသေး။ သို့နှင့် ဆရာပါဆီ ဖုန်းဆက်မေးတော့ ဟုတ်တယ်တဲ့ မနက်စောစော လမ်းလျောက်ရန်အိမ်ပေါ်မှ အဆင်း လှေခါးမှပြုတ်ကျကာ ဦးဏှောက်ထိ သတိမေ့မြောပြီးနောက် အသက်ပါသွားသည်ဟု
ဆိုပါသည်။

ထို့နောက် ဆရာမြအိမ်သွားရန် ဆရာပါလည်း လိုက်မည်ဆို၍ ဆရာပါအားသွားခေါ်ပြီး ဆရာမြအိမ်သို့ သွားခဲ့သည်။ ဆရာ မြအိမ်သို့ရောက် တော့ သတင်းမေးလာသူများရောက်နေကြပြီ။ ဆရာမြ မိသားစုကတော့ သက်ပျောက်ဆွမ်းကပ်နေကြသည်။ ထိုထဲတွင် ထိုစဉ်က ယဉ်ကျေးမှု ဒုဝန်ကြီးလား ဘာလားဖြစ်နေသည့်စစ်ဗိုလ် ကဗျာဆရာထီလာစစ်သူကို တွေ့ရသည်။ သူကိုတွေ့တော့ ခန်းဆောင်နီအိပ်မက်ကို သတိရသည်။

ဆရာမြ မကွယ်မီလေးက တရုတ်ပြည်မှ ခန်းဆောင်နီအိပ်မက်နှင့်ပတ်သက်သည့် အထိမ်းအမှတ်နှင့် စာတမ်းဖတ်ပွဲပြုလုပ် သည်။ ခန်းဆောင်နီအိပ်မက်ကို ဘာသာပြန်ထားသည့် နိုင်ငံတိုင်းမှဘာသာပြန်သူများအားလည်း ဖိတ်သည်။ မြန်မာနိုင်ငံသို့ လည်း ယဉ်ကျေးမှုဝန်ကြီးဌာနမှတဆင့် ဖိတ်သည်။ ခန်းဆောင်နီအိပ်မက်နှင့်ပတ်သက်ပြီး စာတမ်းဖတ်ကြားရန်ပင် ဆရာမြ ပြင်ဆင်ထားခဲ့သည်။ သို့သော် ပီကင်း၌ ကျင်းပသော တရုတ်ပြည်က စားရိတ်ငြိမ်းဖိတ်သော ထိုပွဲသို့ ဆရာမြအားသွားခွင့် မပြုခဲ့။ ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာရှိများသာစေလွှတ်ခဲ့သည်။ မိမိတိုင်းပြည်မှလူတော်များအား တန်ဘိုးထားရကောင်းမှန်း နေရာပေးရမှန်းမသိ အရာရာ အရောင်ဆိုးကြည့်သော သေမှလာလွမ်းပြသော ထိုစစ်ဗိုလ်ဝန်ကြီးအား ကြည့်၍ ကျနော်စိတ် ပျက်မိသည်။

ဆရာမြ သတင်းလာမေးသူထဲတွင် မင်းသားကြီး အကယ်ဒမီမြတ်လေး အားလည်းတွေ့ရသည်။ ဆရာမြဆေးရုံတွင်မြောနေစဉ် ကာလက သူ ဗိုလ်တထောင်ဘုရားတွင် ဆရာမြအတွက်ရည်စူးပြီး စာကလေး သက်စေ့သွားလွှတ်ကြောင်း ထိုထဲမှ တ ကောင်ကမပျံနိုင်သဖြင့် သူစိတ်ထင့်ခဲ့ရကြောင့် ပြောပြသည်။ လက်ဝဲစာရေးဆရာဟု နာမည်ကြီးသော ဆရာမြသန်းတင့် အတွက်ငယ်စဉ်က လက်ဝဲတိုးတက်ဟု နာမည်ရသော ကိုမြတ်လေးက ယတြာချေသည်ဆို၍ ယခု မဝဲတဝဲ ကျနော်ပြုံးမိပါ သည်။

လူတွေများသထက်များလာတော့ ကျနော်တို့ပြန်ကြရာချစ်ဦးညိုက ကားနားအထိ ဆရာပါအားလိုက်ပို့ရင်း ဆရာမြနဲ့ ဆရာ ပါဟာ စာပေနယ်မှာ ကျနော်ရဲ့မိဘတွေပါဘဲဗျာဟု မျက်ရည်လည်ရွဲနှင့် ဆိုသည်။ လက်ကိုင်ပုဝါမပါဘူးလားဗျဟု ကျနော့်ကို လှမ်းမေး၍ မပါဘူးဗျဟု ဆိုလိုက်ရသေးသည်။ ဤသို့နှင့် ဆရာမြတယောက် ကျနော်တို့အား အပြီးအပိုင်နှုတ်ဆက်ထွက်ခွာသွားပါတော့သည်။

တကယ်တော့ ဆရာမြကွယ်လွန်သွားသည်မှာ ၁၅ နှစ်ကျော်ခဲ့ပါပြီ။ သို့ပေမဲ့ အကျိုးအကြောင်း အခါသင့်တိုင်းဆရာမြအား ကျနော်လွမ်းမိပါသည်။

မှတ်ချက်
ဤဆောင်းပါးအား လက်ရှိ စာရေးပျက်နေသော Thein Myint၊ စာရေးရန်တာစူနေသော Linn Hut တို့နှင့်အတူ စာရေးလို သော လူငယ်အားလုံးအတွက် ရည်စူးပါသည်။

(ဤစာကို လွန်ခဲ့သော ၂ နှစ်ခန့်က ၇၊ ၆၊ ၂၀၁၅ က ရေးသားခြင်းဖြစ်ပါသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ, မောင်မောင်စိုး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်