ဇင်လင်း ● အရည်အသွေးမြင့် သတင်းဓါတ်ပုံပညာကို ရှေ့ဆောင်ဖန်တီးခဲ့သူ

July 12, 2017

ဇင်လင်း ● အရည်အသွေးမြင့် သတင်းဓါတ်ပုံပညာကို ရှေ့ဆောင်ဖန်တီးခဲ့သူ
မာဂရက် ဘော်ကေး- ဝှိုက်  (၁၉ဝ၄ – ၁၉၇၁)
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇

Margaret Bourke-White was the first female war correspondent and the first woman to be allowed to work in combat zones during World War II. In 1941, she traveled to the Soviet Union just as Germany broke its pact of non-aggression. She was the only foreign photographer in Moscow when German forces invaded.

‘မာဂရက် ဘော်ကေးဝှိုက’် ရဲ့ ဘဝပုံရိပ်ဟာ အများသူငါတို့အတွက် အိပ်မက်ပမာ ဖြစ်ပါတယ်။ မာဂရက် ဖြတ်သန်းခဲ့တဲ့ သတင်းထောက်ဘဝမျိုးဟာ တခြားသူတွေ အား ကျလောက်စရာဖြစ်ပေမယ့် သူ့လောက် စွမ်းဆောင်နိုင်ဖို့တော့ မလွယ်ပါ ဘူး။ သူ့နာမည်အပြည့်အစုံက ‘မာဂရက် ဘော်ကေးဝှိုက’် (Margaret Bourke) ဖြစ်ပါတယ်။ မာဂရက်ကို ၁၉ဝ၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ နယူးယော့ခ်ခရိုင် ဘရန့်ဇ်မြို့မှာ မွေးပါတယ်။ ဖခင်က ဂျိုးဇက် ဘော်ကေးဝှိုက် (Joseph Bourke-White)၊ မိခင်က မီနီ ဘော်ကေးဝှိုက် (Minnie Bourke-White) ဖြစ်ပါတယ်။ မွေးချင်း ၃ ယောက်အနက် သူက တတိယ သမီးဖြစ်ပါတယ်။ ဖခင်က စာပုံနှိပ်စက်ဆိုင်ရာ အင်္ဂျင်နီယာတစ်ဦးဖြစ်ပြီး၊ ပတ်လည်ပုံနှိပ်စက်တွေ၊ အော့ဆက် ပုံနှိပ်စက် တွေကို ပိုမိုကောင်းမွန်အောင် တီထွင်လုပ်ဆောင်သူဖြစ်ပါတယ်။ မာဂရက်ကတော့ သူ့ဖခင်ကို သတိမေ့လျော့တတ်တဲ့ တီထွင် ပညာရှင်လို့ ခိုင်းနှိုင်းတင်စားပါတယ်။ မာဂရက် ပြောပြတာကတော့ သူ့ဖခင်နဲ့အတူ စားသောက်ဆိုင်မှာ စားကြတော့ သူ့ဖခင်က သူ့အတွက်မှာထားတဲ့ စားစရာကို  ထိတောင်မထိဘဲ စားပွဲခင်းပေါ်မှာ ပုံကြမ်းတွေ ဆွဲနေခဲ့တာ တွေ့ခဲ့ဖူးတယ်လို့ ပြောပါတယ်။ အိမ်မှာဆိုရင် ဖခင်ဖြစ်သူဟာ သူ့ရဲ့ ကုလားထိုင်ကြီးပေါ်မှာ မလှုပ်မယှက် ထိုင်နေတတ်ပြီး၊ သူ့အတွေး တွေကတော့ မရပ်မနား ခရီးသွားနေပုံပါပဲလို့ မာဂရက်က ပြောပြပါတယ်။

သူ့စဉ်းစားခန်း ထုတ်နေတဲ့အထဲမှာ ရှုပ်ထွေးပွေလီလှတဲ့ ယန္တရားကွန်ယက်တွေနဲ့ ခွေးသွားစိပ်ဝန်ရိုးတွေ ပါနေမှာ သေချာ တယ်လို့ မာဂရက်က ဆိုပါတယ်။ တစ်ယောက်ယောက်က သူ့ကို စကားသွားပြောရင်လည်း ကြားပုံမရဘူးလို့ ဆိုပါတယ်။ မာဂရက် ရဲ့ မိခင် မီနီကတော့ ပရတ်တက္ကသိုလ်ကျောင်းထွက် ပညာတတ်တစ်ဦးဖြစ်ပြီး လက်ရေးတိုပညာ ကျွမ်းကျင်သူလို့ သိရတယ်။ မိခင်ဖြစ်သူဟာ အိမ်ထောင်မှုကိစ္စကိုလည်း စိတ်ပါဝင်စားသူဖြစ်ပြီး၊ သားသမီးတွေကို ပညာတတ်တွေ ဖြစ်လာ အောင် အားပေးတိုက်တွန်းသူဖြစ်တယ်။ မိနီဟာ သူ့ကလေးတွေ ဘာသာရပ်တစ်ခုခုကို စိတ်ဝင်စားနေကြောင်းသိတာနဲ့ အဲဒီဘာသာရပ် အကြောင်းအရာနဲ့ သက်ဆိုင်တဲ့စာအုပ် စာတမ်းတွေ ရှာပြီး သူတို့ တွေ့လောက်တဲ့ နေရာတွေမှာ တင်ထား ပေးရှိတယ်လို့ဆိုပါတယ်။

မာဂရက်ရဲ့ မိခင်က ‘လူ့ဘဝဆိုတာ မြင့်မြတ်တယ်ဆိုတဲ့ ယုံကြည်မှု’ ဖြစ်ပေါ်လာအောင် လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။ သူ့အဖေကလည်း အလွန့်အလွန် တုံဏှိဘာဝေ နေတတ်သူဖြစ်ပေမယ် ဘဝကို တန်ဖိုးထားတတ်ပြီး သတ္တိရှိအောင် မာဂရက်ကို လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ မာဂရက် ကလေးဘဝတုံးက ပိုးကောင်မွှားကောင်ကလေးတွေ၊  လိပ်ကလေး တွေ၊ ဖားကလေးတွေကို စိတ်ဝင်စားပြီး၊ စာဖတ်တာ မြေပုံတွေကို ကြည့်ရတာမျိုးကိုလည်း နှစ်သက်တယ်လို့ ပြောပါ တယ်။ သူတကယ် ဖြစ်ချင်တာက ရေထဲမှာရော ကုန်းပေါ်မှာပါ တွားသွားတတ်တဲ့ သတ္တဝါတွေကို လေ့လာတဲ့သူ (Herpetologist) ဖြစ်ချင်ခဲ့တာလို့ ပြောပါတယ်။ မာဂရက်ရဲ့ “ကျွန်ုပ်၏ ရုပ်ပုံလွှာ” ဆိုတဲ့ စာအုပ်မှာ အခုလို ရေးသား ဖေါ်ပြခဲ့တာ တွေ့ရတယ်။


“ကျွန်မက ကိုယ့်ကိုယ်ကို သပ္ပံပညာရှင်တစ်ယောက်လို  စိတ်ကူးပုံဖေါ်ကြည့်ပါတယ်။ တောတောင်တွေထဲ လျှောက်သွား မယ်။ သဘာဝသမိုင်းဖြစ်စဉ်နဲ့ပတ်သက်တဲ့ မျိုးစိပ် နမူနာတွေ ရှာဖွေရယူလာပြီး ပြတိုက်တွေမှာ ထားမယ်။ အမျိုးသမီးတွေ လုပ်လေ့လုပ်ထမရှိတဲ့ အလုပ်တွေမှန်သမျှ လုပ်တယ်…စသဖြင့် စိတ်ကူးကြည့်လေ့ရှိတယ်။”

ရှားရှားပါးပါးဖြစ်စဉ်တချို့ကတော့ သူ့ဖခင် စက်ရုံတွေကို သွားတဲ့အခါ မာဂရက်လည်း လိုက်ကြည့်ချင်တာမျိုး ဖြစ်ပါတယ်။ သူ့ဖခင်က သူ တီထွင် ရေးဆွဲထားတဲ့ စက်မှုပုံကြမ်းတွေကို စက်ရုံတွေမှာ အသုံးချဖို့ သွားရောက်လေ့ရှိပါတယ်။

“တနေ့တော့ နယူးဂျာစီနယ်ထဲက ဒွန်နယ်လင်း (Dunellen) မှာရှိတဲ့ စက်ရုံတစ်ရုံမှာ သံရည်ကြို ပုံလောင်းတဲ့စက်ကို ပထမဦးဆုံးအနေနဲ့ ကျွန်မ တွေ့မြင်ခဲ့ပါတယ်။ ကျွန်မအဖေနဲ့အတူ ညစ်ပတ်ပေတူးနေတဲ့ စက်ရုံအပေါ်ထပ်ဆီ တက်သွား ခဲ့တာ မှတ်မိနေတယ်။ အပေါ်ကနေ အောက်ဖက်ကို ငုံ့ကြည့်လိုက်တော့ အတော်အံ့သြလောက်အောင် နက်ရှိုင်းတာကို တွေ့ရတယ်။ အဖေက ခနစောင့်ကြည့်လိုက်လို့ ပြောပါတယ်။ အဲဒီမှာ အလွန်မြန်ဆန်တဲ့နှုန်းနဲ့ နက်မှောင်နေတဲ့ အတုံး အခဲကြီးက ရုတ်တရက် မျက်လှည့်ပြလိုက်သလို မီးလျှံမီးပွားတွေ တဖြန်းဖြန်းထပြီး အရည်ပျော် စီးဆင်းသွားတာကို မြင် လိုက်ရတယ်။ ကျွန်မပျော်လိုက်တာဆိုတာ မပြောပါနဲ့တော့။ အဲဒီ အသက်အရွယ်တုံးက ကျွန်မအဖို့ သံရည်ကြို ပုံလောင်းတဲ့ မြင်ကွင်းဟာ ပထမဆုံးနဲ့ နောက်ဆုံး မြင်တွေ့ခဲ့ဖူးတဲ့ အလှဆုံးမြင်ကွင်းပါပဲ” လို့ မာဂရက် က “ကျွန်ုပ်၏ ရုပ်ပုံလွှာ” ဆိုတဲ့ စာအုပ်မှာ ရေးသားဖေါ်ပြထားတယ်။

မာဂရက်ရဲ့ဖခင်ဟာ ဓါတ်ပုံပညာကို အလွန်နှစ်သက်ခုံမင်သူဖြစ်ပါတယ်။ ကင်မရာသုံး မှန်ဘီလူးများနဲ့ ပတ်သက်တဲ့ တီထွင် မှုတွေကိုလည်း စိုက်လိုက်မတ်တတ်လုပ်ခဲ့သူလို့ ဆိုပါတယ်။ တခြား ဓါတ်ပုံပညာ အထောက်အကူပြုပစ္စည်း ကိရိယာကလေး တွေလည်း တီထွင်ခဲ့ကြောင်း သိရတယ်။ ဒါပေမယ့် မာဂရက်ကတော့ သူ့ဖခင် ကွယ်လွန်ပြီးခဲ့တဲ့အချိန်အထိ ဘယ် ကင် မရာကိုမှ ကိုင်မကြည့်ဖူးဘူးလို့ ဆိုပါတယ်။ ၁၉၂၁ ခုနှစ်မှာ မာဂရက်ဟာ နယူးယော့ခ်က ကိုလမ်ဘီယာ တက္ကသိုလ်မှာ အနုပညာဘာသာရပ် တက်ရောက်သင်ယူဖို့ စာရင်းသွင်းခဲ့တယ်။ အဲဒီနှစ်မှာပဲ မိခင်ဖြစ်သူက မာဂရက်ကို ပထမဆုံး ကင်မရာတစ်လုံး ဝယ်ပေးခဲ့တယ်။  အဲဒီကင်မရာက အီကာ ရီဖလက် (စ်) (3 ¼ x 4 ¼ Ica Reflex) အမျိုးအစား ဖြစ်ပြီး၊ ဒေါ်လာ ၂ဝ ပေးရတယ်လို့ ဆိုတယ်။ နောက် မာဂရက်ဟာ ဓါတ်ပုံဆရာ ကလဲရင့်စ် ဝှိုက် (Clarence H. White) ထံမှာ သီတင်းတစ်ပတ် ဓါတ်ပုံသင်တန်းတက်ခဲ့တယ်။ အဲဒီသင်တန်းက ပုံသဏ္ဍာန်နဲ့ ဖွဲ့စည်းမှုအပိုင်းကို အထူးပြု သင်ပေးတာဖြစ် တယ်။ ဒါပေမယ့် မာဂရက်ကတော့ ဓါတ်ပုံရိုက်ချင်လို့ ရွေးချယ်တက်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ဘာပဲပြောပြော အဲဒီ သင်တန်းက မာဂရက်ကို ဓါတ်ပုံပညာ မျိုးစေ့ချပေးခဲ့တာ ဖြစ်တယ်။

၁၉၂၁ ခုနှစ်နှောင်းပိုင်းမှာ မာဂရက်ဟာ မီရှီဂန်တက္ကသိုလ်ကို ပြောင်းတက်ခဲ့တယ်။ အဲဒီမှာ အဲဗရက် ချပ်ပီ (Everett “Chappie” Chapman) နဲ့ တွေ့ခဲ့ပြီး သူဟာ နောင်အခါ မာဂရက်ရဲ့အိမ်ထောင်ဖက် ဖြစ်လာတယ်။ မာဂရက် ဘော်ကေး-ဝှိုက်ဟာ တက္ကသိုလ် ၇ ခုမှာ တက်ရောက် ပညာသင်ကြားခဲ့တယ်။ အနုပညာဘာသာရပ်နဲ့တကွ ရသမြောက် အကပညာ၊ ရေကူးပညာတို့အပြင် သတ္တဗေဒနဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဘာသာရပ်တွေလည်း သင်ယူခဲ့တယ်။ မာဂရက် နောက်ဆုံး တက်ခဲ့တဲ့ ကော်န်နဲလ်သက္ကသိုလ်မှာ အလုပ်တစ်ခုရဖို့ အတော်ခက်ခဲ ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် မာဂရက်ဟာ တက္ကသိုလ်နယ်မြေရှုခင်းအလှ ဓါတ်ပုံတွေရိုက်ပြီး ရောင်းချခဲ့ရတယ်လို့ ဆိုတယ်။ နောက်တော့ ဓါတ်ပုံပညာကို စီးပွားဖြစ် လုပ်တဲ့ ဓါတ်ပုံဆရာတစ်ဦးနဲ့တွေ့ပြီး၊ ထိုသူက သူ့ရဲ့ ဓါတ်ပုံကူးတဲ့ အမှောင်ခန်းကို မာဂရက် အသုံးပြုခွင့်ရခဲ့တယ်။ ဒါဟာ မာဂရက်အတွက် တကယ့်ဓါတ်ပုံဆရာတစ်ယောက်ဖြစ်လာဖို့ပထမအဆင့် အထောက်အကူဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

မာဂရက်ရဲ့ ဓါတ်ပုံတွေဟာ အကြီးအကျယ် အောင်မြင်မှုရရှိခဲ့တယ်။ ဗိသုကာအင်ဂျင်နီယာတွေဆီက ဖိတ်ခေါ်စာတွေ ရရှိတဲ့အထိ သူ့ဓါတ်ပုံတွေက အောင်မြင်ခဲ့တယ်။ ဗိသုကာလုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ York & Sawyer မှာ သူစုဆောင်း ထားတဲ့ ဓါတ်ပုံတွေ တင်ပြခဲ့တယ်။ သူ့ဓါတ်ပုံတွေနဲ့ပတ်သက်လို့ ဘက်လိုက်မှုမရှိဘဲ မျှတတဲ့ ထင်မြင်ချက်တွေ ရရှိလိုတဲ့ အတွက် York & Sawyer မှာ တင်ပြခဲ့တာ ဖြစ်တယ်။ မာဂရက်အနေနဲ့ ဘယ်လို ဗိသုကာကုမ္ပဏီကိုပဲသွားသွား သူ့ပညာကို လက်မခံတဲ့နေရာမရှိပါဘူးလို့ မှတ်ချက်ပေးခြင်း ခံခဲ့ရတယ်။ ဒီနောက် မာဂရက် အလုပ်ထွက်ခဲ့တယ်။ အိမ်ထောင်သက် နှစ်အနည်းငယ်ကြာပြီဖြစ်တဲ့ အဲဗရက် ချပ်ပီနဲ့လည်း ကွာရှင်းလိုက်တယ်။ အဲဒီနောက်တော့ သူ့ဘဝခရီးလမ်းအသစ်ကို လွတ်လွတ်လပ်လပ် စတင်လျှောက်လှမ်းခဲ့တယ်လို့ ‘မာဂရက် ဘော်ကေးဝှိုက’် က ဆိုတယ်။

နောက်တော့ ကလိဗ်လန်း (Cleveland) ကို မာဂရက် ပြောင်းရွှေ့ခဲ့တယ်။ အဲဒီအချိန်မှာ ကလေးဘဝတုံးက သိခဲ့မြင်ခဲ့တဲ့ စက်မှုလက်မှုလုပ်ငန်းတွေရဲ့ အလှတရားနဲ့ အသိဉာဏ်ဗဟုသုတ အကြောင်းအရာတွေကို သူ့စိတ်အာရုံမှာ ပြန်လည် လင်း လက်လာခဲ့တယ်လို့ မာဂရက်ကဆိုပါတယ်။

အိုတစ်(စ်) သံမဏိစက်ရုံလုပ်ငန်း (Otis Sreel Mills) အတွက် မာဂရက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေဟာ သူ့ကို စက်မှုလုပ်ငန်း ဆိုင်ရာ ဓါတ်ပုံပညာရှင်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရတယ်။ အဲဒီ ဓါတ်ပုံ တစ်ပုံချင်းကို ဒေါ်လာ ၁ဝဝ စီ ဈေးရခဲ့တယ်။ ကလိဗ်လန်းက မိုးမျှော်အထပ်မြင့်တိုက်တစ်ခုမှာ ပထမဆုံး ဓါတ်ပုံစတူဒီယိုဖွင့်နိုင်တဲ့အထိ မာဂရက် အောင်မြင်ခဲ့တယ်။

အဲဒီအောင်မြင်မှုဟာ သူ့ရည်မှန်းချက်မဟုတ်ပေမယ့်၊ မာဂရက်ဟာ စက်ရုံအလုပ်ရုံဆိုင်ရာ ဓါတ်ပုံပညာကို စတင်တီထွင် ခဲ့တဲ့ ရှေ့ဆောင် ဓါတ်ပုံပညာရှင် ဖြစ်လာခဲ့တယ်။ နှစ်အနည်းငယ် ကြာပြီးနောက်မှာ သူဟာ စက်မှုလုပ်ငန်းခေတ်ကို သရုပ် ဖေါ်ခြင်းဖြင့် လိုက် (ဖ်) မဂ္ဂဇင်း (Life Magazine) မျက်နှာဖုံး ဓါတ်ပုံပညာရှင် ဖြစ်လာခဲ့တယ်။ အမှန်တော့ ပထမဦးဆုံး မဂ္ဂဇင်းအလုပ်က Fortune Magazine နဲ့ စခဲ့တာ ဖြစ်ပါတယ်။ Fortune က မာဂရက်ရဲ့ ဓါတ်ပုံကို ရရှိဖို့ အပြင်းအထန်ကြိုးစားခဲ့တာကြောင့်လို့ ဆိုပါတယ်။ လိုက် (ဖ်) မဂ္ဂဇင်းက နယူးယော့ခ်မှာ အခြေစိုက်တယ်။ မာဂရက်က နယူးယော့ခ်ကို မပြောင်းနိုင်ဘူး။ မာဂရက်ရဲ့ ကလိဗ်လန်းက ဓါတ်ပုံစတူဒီယိုက အလွန်အောင်မြင်တဲ့အတွက် နယူးယော့ခ်ကို မပြောင်းနိုင် ခဲ့တာဖြစ်တယ်။ မဂ္ဂဇင်းက အချိန်ပိုင်းအလုပ် လုပ်ဖို့ မာဂရက်ကို တစ်နှစ် ဒေါ်လာ ၁၂ဝဝဝ/- နဲ့စာချုပ်ခဲ့တယ်လို့ဆိုတယ်။

လိုက် (ဖ်) မဂ္ဂဇင်းဟာ ရှေ့ဆောင် ဓါတ်ပုံမဂ္ဂဇင်းကြီးအဖြစ် အလျှင်အမြန်အောင်မြင်လာပြီး၊ ‘မာဂရက် ဘော်ကေးဝှိုက’် ရဲ့ နာမည်က မဂ္ဂဇင်းထက်တောင် ပိုပြီးအောင်မြင်ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ၁၉၃ဝ ခုနှစ်မှာ ခရိုင်စလာ အဆောက်အဦး (Chrysler Building) ကို မော်ကွန်းမှတ်တမ်းတင်တဲ့ အလုပ်ကို တာဝန်ယူပေးဖို့ မာဂရက်ကို အထူး တာဝန်အပ်နှင်းတာ ခံရပါတယ်။ အဲဒီ အဆောက်အဦးမှာပဲ ‘မာဂရက် ဘော်ကေးဝှိုက’် ရဲ့ဒုတိယမြောက် ဓါတ်ပုံစတူဒီယို ဖွင့် လှစ်ခဲ့တယ်။ အဆောက်အဦးရဲ့ ၆၁ ထပ်ကနေ မာဂရက်အတွက် အလှဆင် ဆွဲဆန့်ထုတ်ပေးထားတဲ့နေရာဟာ အတော် ကလေး အန္တရာယ်ရှိတဲ့သဏ္ဍာန်ဖြစ်ပါတယ်။

၁၉၃ဝ ခုနှစ်မှာပဲ ‘မာဂရက် ဘော်ကေးဝှိုက’် ဟာ ဆိုဗီယက်ယူနီယံနိုင်ငံသို့ အကန့်အသတ်မရှိ သွားလာခွင့်ရရှိခဲ့တဲ့ ပထမဆုံး နိုင်ငံခြားသား ဓါတ်ပုံဆရာဖြစ်လာပါတယ်။ ၁၉၃၅ ခုနှစ်မှာ မာဂရက်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ထူးခြား ထင်ရှားမှု အရှိဆုံး အမျိုးသမီး ၂ဝ ဦးထဲမှာ တစ်ဦးအဖြစ် ဆန္ဒပေးရွေးချယ်ခြင်း ခံခဲ့ရတယ်။ ၁၉၃၆ ခုနှစ်မှာတော့ အမေရိကန်ပြည် ထောင်စုရဲ့ထူးခြား ထင်ရှားမှုအရှိဆုံး အမျိုးသမီး ၁ဝ ဦးထဲမှာ တစ်ဦးဖြစ်ခဲ့တယ်။ ၁၉၃၆ ဟာ မာဂရက်အတွက် ထူးခြားတဲ့ နှစ်လည်း ဖြစ်လာပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို မှတ်တမ်းတင်တဲ့ အလုပ်ကို လုပ်နေစဉ်မှာ၊ မာဂရက်ဟာ ပြည်လူထုရဲ့ အခြေအနေကိုလည်း သတိပြုမိခဲ့တယ်။

မာဂရက်အနေနဲ့ပြည်သူတွေရဲ့ ဘဝအခြေအနေတွေကို မော်ကွန်းမှတ်တမ်းတင်ရာမှာ စိတ်ခံစားမှုကို ရှေ့တန်းမတင်ဘဲ ဓါတ်ပုံတွေ ရိုက်ယူခဲ့တာဖြစ်တယ်။ ဒါကြောင့် သူ့ရိုက်ချက် ဓါတ်ပုံတွေဟာ အနာဂတ်မှာ ထုထုပ်ခဲ့တဲ့ ရုပ်လုံးတွေအတွက် အခြေခံ စံထားစရာ ပုံရိပ်တွေ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မာဂရက်ဟာ အိပ်မက်တစ်ခု မက်ခဲ့ဖူးတယ်လို့ ဆိုတယ်။ အိပ်မက် ထဲမှာ မော်တော်ကားတွေကို သူ ဓါတ်ပုံလိုက်ရိုက်နေသတဲ့။ အဲဒီ မော်တော်ကားတွေက စက်ခေါင်းအဖုံးတွေ ဖွင့်ပြီး မာဂရက်ကို စားတော့ ဝါးတော့မယ့်ပုံနဲ့ ပြေးလာကြတယ်လို့ အိပ်မက်ထဲမှာ မြင်တယ်လို့ ဆိုတယ်။ အဲဒီအိပ်မက် မက်ပြီး နောက်မှာ မာဂရက် သန္နိဋ္ဌာန်တစ်ခု ချလိုက်တယ်။ “နောင် အသက်ရှင်နေသမျှ ကာလပတ်လုံး ကျွန်မစိတ်ထဲမှာ အပြုသ ဘောဆောင်ပြီး ဖန်တီးဆန်းသစ်တဲ့ ခံစားချက် ဖြစ်ပေါ်နိုင်မယ့် ဓါတ်ပုံမျိုးကိုပဲ ရိုက်တော့မယ်” လို့ ဆုံးဖြတ်ခဲ့ကြောင်း မာဂရက်က ပြောဖူးတယ်။ အဲဒီနောက်မှာ လူမှုရေးဆိုင်ရာ မော်ကွန်းမှတ်တမ်းတင်တဲ့ ဓါတ်ပုံတွေ ရိုက်ဖြစ်ခဲ့တယ်။ အဲဒီလို လူမှုရေးမော်ကွန်းမှတ်တမ်းတွေ ရိုက်ဖြစ်တဲ့အတွက် နာမည်ကျော် စာရေးဆရာ ‘အာ့စ်ကိုင်း ကော့ဒ်ဝဲလ်စ်’ (Erskine Caldwell) နဲ့ တွေ့ဆုံဖို့ဖြစ်လာခဲ့တယ်။ အာ့စ်ကိုင်း ကော့ဒ်ဝဲလ်စ်ဟာ ၁၉၃၂ ခုနှစ်က သူရေးခဲ့တဲ့  Tobacco Road ဆိုတဲ့ ဝတ္ထုနဲ့ နာမည်ကျော်ခဲ့သူဖြစ်တယ်။ အမေရိကန် စီးပွားပျက်ကပ်ကြီး (The Great Depression) ကြုံခဲ့တဲ့ ခေတ်ကာလကို နောက်ခံထားပြီး ရေးခဲ့တဲ့ ဂန္ထဝင်ဝတ္ထုဖြစ်တယ်။ စာပေအကဲဖြတ်တွေက ကော့ဒ်ဝဲလ်စ်ရဲ့ Tobacco Road ဂန္ထဝင်ဝတ္ထုကို ၂ဝ ရာစုနှစ်အတွင်း အကောင်းဆုံး ဝတ္ထု ၁ဝဝ မှာ စာရင်းသွင်းခဲ့ကြတယ်လို့ဆိုတယ်။

အဲဒီအချိန်က ‘အာ့စ်ကိုင်း ကော့ဒ်ဝဲစ်’ ဟာ သူရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုရေးဖို့အတွက် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းဘက် ခရီးထွက်ဖို့ပြင်ဆင်နေချိန် ဖြစ်တယ်။ သူ့ခရီးစဉ်အတွက် ဓါတ်ပုံဆရာကောင်းတစ်ယောက်ကို ခေါ်သွားဖို့ ရှာဖွေနေခိုက်လည်း ဖြစ်တယ်။ စိတ်ဓါတ်ကြံ့ခိုင်ပြီး လွတ်လွတ်လပ်လပ်အလုပ်လုပ်တတ်တဲ့ မာဂရက်အနေနဲ့ သူများ ခိုင်း တဲ့အလုပ်မျိုးကို လုပ်လေ့ရှိသူမဟုတ်ဘူး။ ဒါကြောင့် ပထမတော့ ကော့ဒ်ဝဲလ်စ်နဲ့အတူ တောင်ပိုင်ခရီးစဉ်မှာ လိုက်ပါဖို့ ငြင်း ခဲ့တယ်။ နောက်တော့ ကော့ဒ်ဝဲစ်ကလည်း သူနဲ့သဘောထားမတိုက်ဆိုင်တဲ့အတွက် မာဂရက်နဲ့အတူ ခရီးသွားဖို့ ကိစ္စကို ဖျက်သိမ်းလိုက်တယ်။ ဒါပေမယ့် ကော့ဒ်ဝဲလ်စ်ရေးမယ့်စာအုပ်ဟာ မာဂရက်ရဲ့ မော်ကွန်းဓါတ်ပုံ လုပ်ငန်းအတွက် အရေးပါ တဲ့အတွက် နောက်ဆုံးမှာ လိုက်သွားဖြစ်တယ်။ ကော့ဒ်ဝဲလ်စ်က တောင်ပိုင်းက လူပုဂ္ဂိုလ်တွေကို တွေ့ဆုံမေးမြန်းမှုတွေ လုပ်တဲ့အခါ အဲဒီလူတွေရဲ့ မျက်နှာသွင်ပြင် ခံစားမှုတွေ ပေါ်လွင်အောင် မာဂရက်က ဓါတ်ပုံနဲ့ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပါတယ်။ ခရီးစဉ် ရလဒ်အနေနဲ့ ၁၉၃၇ ခုနှစ်မှာ  “You Have Seen Their Faces” ဆိုတဲ့ မှတ်တမ်းစာအုပ် ပေါ်ထွက်လာခဲ့တယ်။

တချိန်ထဲမှာ ကမ္ဘာကျော် လိုက်ဖ် Life မဂ္ဂဇင်းကလည်း စတင်ဖွဲ့စည်းချိန်ဖြစ်ပြီး မာဂရက်ကို ပထမဆုံး ဓါဆ်ပုံဆရာအဖြစ် ခေါ်ယူခဲ့တယ်။ Life မဂ္ဂဇင်းက ပထမဆုံး မာဂရက်ကို အပ်တဲ့လုပ်ငန်း (Assignment) က မွန်တာနာပြည်နယ်မှာ လူထု လုပ်ငန်းများ စီမံအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဆောက်လုပ်နေတဲ့ ရေကာတာစီမံကိန်းကို ဓါတ်ပုံမှတ်တမ်းတင်ပေးဖို့ဖြစ် တယ်။ မာဂရက်ရဲ့ မှတ်တမ်းဓါတ်ပုံတွေဟာ ပထမဆုံးမဂ္ဂဇင်းထွက်ဖို့ ၂၄ နာရီအလိုမှ ရောက်လာပေမယ့်၊ မျက်နှာဖုံးပုံနဲ့ မျက်နှာ ဖုံးဆောင်းပါးအဖြစ် အသုံးပြုခြင်းခံရတယ်။ ပိုပြီးထူးခြားတာက သူ့ဓါတ်ပုံတွေဟာ ပတမဆုံး ဖြစ်ရပ်မှန် ဓါတ်ပုံ ဆောင်းပါး (Photo Essay) အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တယ်။


“မာဂရက်ရဲ့ဓါတ်ပုံပညာသြဇာဟာ အတိုင်းအဆမရှိ ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးထားခဲ့တယ်။ ပုံနှိပ် မှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံတစ်ပုံရဲ့ အရည်အသွေးကို တန်ဖိုးထား မြတ်နိုးတတ်ဖို့ မာဂရက်ဆီကနေ ကျွန်တော် သင်ယူလေ့လာခဲ့ရတယ်။ တစ် ရက်ပြီး တစ်ရက် အရည်အသွေးတက်လာတဲ့ သူ့ဓါတ်ပုံတွေကို စောင့်ကြည့်ပြီး ပြန်လည်ပုံနှိပ်ဖို့ အတွက် နောက်တန်းကို ကျွန်တော် ပြန်ပို့ပေးရတယ်။ သူ့စံချိန်စံညွှန်းကို မှီတဲ့အထိ ထပ်တလဲလဲ ပုံနှိပ်ခဲ့ရတယ်။” လို့ ဓါတ်ပုံဆရာ ကားလ်မိုင်ဒင်က ရေးခဲ့ဖူးပါတယ်။ မာဂရက်ဟာ ဓါတ်ပုံသတင်းစာပညာနဲ့ အရည်အသွေးဆိုင်ရာ စံချိန်စံညွှန်းတွေကို ချမှတ်ပေးခဲ့သူလည်းဖြစ် တယ်လို့ ဆိုပါတယ်။

ချပ်ပီကို အိမ်ထောင်ဖက်အဖြစ်က ကွာရှင်းပြီးကတည်းက နောက်ထပ် ဘယ်သူ့ကိုမှ အချစ်ရေးအတွက် မစဉ်းစားတော့ ဘူး လို့ မာဂရက်ဆုံးဖြတ်ထားခဲ့ပေမယ့် ကော့ဒ်ဝဲလ်စ်က တနည်းတဖုံ ဆွဲဆောင်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန် တောင်ပိုင်း ခရီးစဉ်အတွင်းမှာ တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်ခဲ့ကြတယ်။ သူတို့နှစ်ဦး နယူးယော့ခ်မြို့က တိုက်ခန်း တစ်ခန်းဆီ ရွှေ့ပြောင်းနေထိုင်ခဲ့ကြတယ်။ ဒါပေမယ့် မာဂရက်ကတော့ သူ့ရဲ့ Life မဂ္ဂဇင်းတာဝန်တွေနဲ့အလုပ်များမြဲ များနေချိန် ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ပူးတွဲပြီး စာအုပ်တစ်အုပ် ထပ်မံထုတ်ဝေခဲ့ပါတယ်။ စာအုပ်အမည်က “ဒန္နယုမြစ်ရဲ့ မြောက် ဖက်” (North of the Danube) ဖြစ်ပါတယ်။ အဲဒီခေတ်က ချက်ကိုဆလိုဗေးကီးယားနိုင်ငံ (Czechoslovakia) ကို ရည်ညွှန်းတဲ့ စာအုပ်ဖြစ်တယ်။ ၎င်းနိုင်ငံဟာ ဘယ်နည်းဘယ်ပုံ နာဇီတို့လက်အောက် ကျရောက် ခဲ့ရကြောင်း ဖေါ်ပြတဲ့ စာ အုပ်လို့ ဆိုပါတယ်။ ဒီစာအုပ်ကို ရေးနေချိန်မှာ ကော့ဒ်ဝဲလ်စ်က မာဂရက်ကို လပ်ထပ်ဖို့ ချဉ်းကပ်ခဲ့ချိန်လို့ဆိုတယ်။ ဒါပေမယ့် မာဂရက်က ငြင်းဆိုနေချိန်ဖြစ်ကြောင်းလည်း သိရတယ်။

“မိန်းမတစ်ယောက်ဟာ သူ့ကို သိပ်ပြီး စွဲလန်းစုံမက်တဲ့ ယောင်္ကျားမျိုးကို ပိုပြီးအားစိုက် ဆွဲဆောင်တတ်ကြတယ်လို့ ပြော တတ်ကြတယ်။ ယောင်္ကျားတစ်ယောက်အပေါ် အဲဒီလို သဘောမျိုးနဲ့ ဆွဲဆောင်တာဟာ သိပ်တစ်ကိုယ်ကောင်းဆန်တယ် လို့ ကျွန်မထင်တယ်။ ဒါပေမယ့် အဲဒီ စိတ်ထားမျိုး ကျွန်မမှာ နည်းနည်းလောက်ရှိနေနိုင်တယ်လို့လည်း ထင်မိတယ်။” လို့ မာဂရက်က သူ့ရဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိမှာ ရေးခဲ့ဖူးတယ်။ အဲဒီလိုနဲ့နောက်ဆုံးမှာတော့ ၁၉၃၉ ဖေဖေါ်ဝါရီမှာ သူတို့ လက်ထပ်ဖြစ်ခဲ့တယ်။ မာဂရက် ကတော့ သူ့ရဲ့ Life မဂ္ဂဇင်းအလုပ်တွေနဲ့ ခရီးတွေ ဆက်ပြီးသွားနေခဲ့ရတယ်။ ဒါပေမယ့် မာဂရက် လက်ထပ်ပြီး မကြာမီမှာ သူ့ရဲ့ ဓါတ်ပုံတွေ Life မဂ္ဂဇင်းမှာ ပုံနှိပ်ဖေါ်ပြတာ နည်းပါးလာခဲ့တယ်။ သူ့ခင်ပွန်း က လည်း မာဂရက်ကို အိမ်မှာပဲ နေစေချင်တယ်။ အဲဒီအတောအတွင်းမှာ PM ဆိုတဲ့ နယူးယော့ခ် သတင်းစာတစ်စောင်က မာဂရက်ရဲ့ စိတ်ကူးတွေကို သရုပ်ဖေါ်တဲ့ ဓါတ်ပုံတွေကို အသုံးပြုလိုကြောင်း ကမ်းလှမ်းခဲ့တယ်။ မာဂရက်က သဘောတူ ခဲ့ပြီး အဲဒီ သတင်းစာအတွက် ဓါတ်ပုံတွေ ရိုက်ဖြစ်တယ်။ အဲဒီဓါတ်ပုံအကြောင်းအရာတွေက တစ်ဘာသာဆန်းသစ်တယ်။ ပန်းအလှတွေ၊ အင်းဆက်ပိုးမွှားတွေ၊ တိရိစ္ဆာန် သတ္တဝါအမျိုးမျိုး စသဖြင့် ရိုက်ကူးဖေါ်ပြတာ ဖြစ်တယ်။ သူ့ဓါတ်ပုံတွေကို အရည်အသွေးပြည့်ပြည့်ဝဝ ခံစားလို့ရအောင် သတင်းစာက ဖေါ်ပြပေးဖို့ မာဂရက်ကတောင်းဆိုခဲ့တယ်။ ဒါပေမယ့် ရေရှည် မှာ သတင်းစာတစ်စောင်အနေနဲ့ သူ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ခက်ခဲတာ တွေ့လာရတာကြောင့် အဲဒီအလုပ်ကို ရပ်လိုက်တယ်။ မကြာမီမှာ Life မဂ္ဂဇင်းမှာ ပြန်အလုပ်လုပ်ဖြစ်ခဲ့တယ်။

၁၉၄၁ ခုနှစ်မှာ ကော့ဒ်ဝဲလ်စ် နဲ့ မာဂရက် ဘော်ကေး-ဝှိုက်  တို့ ဆိုဗီယက်ယူနီယံနိုင်ငံသို့ ခရီးထွက်ခဲ့ကြတယ်။ အဲဒီ ခရီးမှာ ကင်မရာ ၅ လုံး၊ မှန်ဘီလူး ၂၂ ခု၊ ကင်မရာ ဖလက်ရှ်မီးသီး ၃ဝဝဝ၊ ခရီးဆောင်သေတ္တာကြီး ၄ လုံးအပါအဝင် မာဂရက်ရဲ့ ဝန်စည်စလယ်အလေးချိန်က ပေါင်ချိန် ၆ဝဝ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က ဂျာမန်တွေက ဆိုဗီယက် ရုရှားကို ထိုးစစ် ဆင်နေချိန်ဖြစ်တယ်။ အဲဒီလို စစ်ပွဲကာလမှာ မာဂရက်ဟာ မော်စကိုမြို့သို့ရောက်ရှိနေတဲ့ တစ်ဦးတည်းသော ဓါတ်ပုံသတင်း ထောက်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ မာဂရက်ဟာ ဆိုဗီယက်ရုရှား ခေါင်းဆောင် ဂျိုးဇက် စတာလင်ကို ဓါတ်ပုံမှတ်တမ်းတင် ရိုက်ကူးခွင့် ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ဆိုဗီယက်ရုရှားကနေ နယူးယော့ခ်ကို ပြန်ရောက်ချိန်မှာ ကော့ဒ်ဝဲလ်စ်က မာဂရက်ကို ကလေးတစ်ယောက်လောက် ယူကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မာဂရက်ကိုယ်တိုင်လည်း ကလေးတစ်ယောက်လောက် လိုချင်ပေမယ့် သူ့အလုပ်နဲ့ သူ့လွတ်လပ် ခွင့်က ပိုအရေးကြီးတယ်လို့ယူဆနေချိန်ဖြစ်ပါတယ်။ ဆိုဗီယက်ရုရှားက ပြန်လာပြီး မကြာမီမှာပဲ Life မဂ္ဂဇင်း က မာဂရက်ကို အင်္ဂလန်နိုင်ငံသွားဖို့ တာဝန်ပေးလာပါတယ်။ စစ်ကြီးအတွင်း တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ အမေရိကန်ရဲ့ နာမည်ကျော် ဘီ-၁၇ ဗုံးကျဲတိုက်လေယာဉ်တွေကို ဓါတ်ပုံမှတ်တမ်းတင် ရိုက်ကူးဖို့စေလွှတ်ခြင်း ဖြစ်ပါတယ်။ မာဂရက် ဟာ သူ့ရဲ့ဓါတ်ပုံသတင်း ထောက်အလုပ်ကို ဦးစားပေးရွေးချယ်ခဲ့တဲ့အတွက် ကော့ဒ်ဝဲလ်စ်က သူ့ကို ကွာရှင်းခဲ့ပါတယ်။

အဲဒီနောက်မှာ မာဂရက် ဘော်ကေး-ဝှိုက် က အာဖရိကတိုက် မြောက်ပိုင်းဒေသ စစ်ဆင်ရေးသတင်းတွေ လိုက်လိုကြောင်း တောင်းဆိုတဲ့အတွက် Life မဂ္ဂဇင်းက ခွင့်ပြုခဲ့တယ်။ အာဖရိကစစ်မျက်နှာသို့ မာဂရက်ကို သင်္ဘောခရီးနဲ့ စေလွှတ်ခဲ့တယ်။ ကမ်းခြေရောက်ခါနီး တစ်ည သန်းခေါင်ယံမှာ မာဂရက်စီးလာတဲ့သဘောင်္ဟာ တော်ပီဒို ရေအောက်ဒုံးလက်နက်နဲ့ ပစ်ခတ်ခံ ခဲ့ရတယ်။ အသက်ကယ်လှေနဲ့ အသက်လု ပြေးရချိန်မှာ မာဂရက်ဟာ သူ့ရဲ့ ရိုလီဖလက် (Rolleiflex) ကင်မရာတစ်လုံးကိုသာ အမိအရဆွဲလာနိုင်ခဲ့တယ်။ အဲဒီသင်္ဘော ပစ်ခတ်နှစ်မြှုပ်ခံလိုက်ရတဲ့အထဲက သင်္ခန်းစာတစ်ခု ရခဲ့တယ်လို့ မာဂရက်ကဆို တယ်။ ဒီလိုခရီးစဉ်မျိုးမှာ ပစ္စည်းပစ္စယ လိုအပ်တာလောက်ပဲ နည်းနိုင်သမျှ နည်းနည်းသာ ယူဆောင်သင့်တယ်ဆိုတဲ့ သင်္ခန်း စာပဲလို့ ဆိုပါတယ်။ အဲဒီ ခရီးစဉ်အပြီးမှာ မာဂရက်ဟာ နောက်ထပ် သတင်းလိုက်ဖို့ တာဝန်တစ်ခု ထပ်ပေးခြင်း ခံရတယ်။ နောက်ယူရတဲ့ တာဝန်ကတော့ ဘီ-၁၇ ဗုံးကျဲတိုက်ခိုက်ရေး လေယာဉ်တွေ ဗုံးကျဲဖို့သွားရတဲ့ တိုက်ခိုက်ရေးခရီးစဉ်မှာ မာဂရက်က ဓါတ်ပုံသတင်းထောက်အနေနဲ့ ဘီ-၁၇ တစ်စီးပေါ်မှာ လိုက်ပါသတင်းယူ ရတာဖြစ်ပါတယ်။ အဲဒီခရီးစဉ်အ တွင်း မာဂရက် ရိုက်ယူခဲ့တဲ့ သတင်းဓါတ်ပုံတွေကို မတ်လ ၁ ရက်နေထုတ် Life မဂ္ဂဇင်း မှာ ပုံနှိပ်ဖေါ်ပြခြင်းခံရတယ်။ လေယာဉ်ပျံတက်ခြင်း မပြုမီ ပျံသန်းရေးဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ မာဂရက်ရဲ့ ဓါတ်ပုံကိုလည်း အဲဒီ Life မဂ္ဂဇင်းမှာ အတူ ပုံနှိပ်ဖေါ်ပြခြင်းခံခဲ့ရတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကံထူးမှုတစ်ခုက အဆိုပါ မာဂရက်ရဲ့ လေယာဉ်သားဝတ်စုံနဲ့ ဓါတ်ပုံဟာ အမေရိကန်တပ်မတော်ရဲ့ စိတ်ကြိုက်အဖြစ်ဆုံး ဓါတ်ပုံတွေအနက်က တစ်ပုံအဖြစ် လူအများကြည့်ရှုနိုင်ဖို့ ပိုစတာပုံကြီး ရိုက်နှိပ်ဖြန့်ဝေခြင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ “အဲဒီ မာဂရက်ရဲ့ ဓါတ်ပုံဟာ စစ်ပွဲသမိုင်းတလျှောက်လုံး အဝတ်အစား အ သေသပ်ဆုံး ပိုစတာပုံဖြစ်တယ်။” လို့ ဗစ်ကီ ဂိုးလ်ဘတ် က ဆိုပါတယ်။

မာဂရက်ဟာ စစ်ပြီးတဲ့အထိ စစ်သတင်းတွေ လိုက်ခဲ့ရေးခဲ့တယ်။ ဂျာမန်လက်နက်ချပြီးတဲ့နောက်မှာ ‘ချစ်သော အဖ နိုင်ငံတော်’ (Dear Fatherland) နဲ့  ‘ငြိမ်သက်စွာ အနားယူပါ’ (Rest Quietly) ဆိုတဲ့ စာအုပ် ၂ အုပ် ရေးသား ထုတ်ဝေခဲ့ တယ်။ အဲဒီ စာအုပ်ထဲမှာ မာဂရက်က ဂျာမနီအပေါ် မုန်းတီးမှု၊ သူ့ရဲ့လွတ်လပ်မှု တရားမျှတမှု အယူအဆ အတွက် ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပုံတွေ ဖေါ်ထုတ်ရေးသားထားတယ်။ ဒီ့အပြင် အမေရိကန်ရဲ့ စစ်ပွဲအတွင်း ကိုယ်ကျင့်သိက္ခာဆိုင်ရာစွဲချက်တင်ခံရမှုတွေကို တာဝန်ယူမှုမရှိတဲ့ကိစ္စအတွက်လည်း စိတ်ပျက်ဒေါသထွက်ရပုံ ထည့်သွင်း ရေးသားဖေါ်ပြခဲ့ တယ်လို့ ဗစ်ကီ ဂိုးလ်ဘတ်(Vicky Goldberg) က ပြောပြဖူးတယ်။

မာဂရက် ဘော်ကေး-ဝှိုက် ရဲ့ အလွန်ထင်ရှားကျော်ကြားခဲ့တဲ့ သရုပ်ဖေါ်ဓါတ်ပုံတွေထဲမှာ မဟတ္တမဂန္ဒီရဲ့ပုံတွေလည်း ပါဝင် တယ်လို့သိရတယ်။ ၁၉၄၆ ခုနှစ်က ရိုက်ကူးခဲ့တဲ့ အိမ်တွင်းချည်ငင်ရဟတ်ကလေးနဲ့ ဂန္ဒီ ဗိုင်းငင်နေတဲ့ဓါတ်ပုံဟာ သမိုင်း ဝင်ပုံ ဖြစ်ပါတယ်။ အဲဒီ ဓါတ်ပုံရိုက်ခဲ့ရစဉ်က စည်းမျဉ်းကန့်သတ်ချက် ၂ ချက်နဲ့ရိုက်ခဲ့ရတာလို့ မာဂရက်က ပြောဖူးတယ်။ အဲဒီနေ့က ဂန္ဒီ ဝဇီပိတ်နေတဲ့ရက်မို့ သူ့ကို လုံးဝ စကားပြောခွင့် မရှိဘူး။ နောက်တစ်ချက်က ဓါတ်ပုံရိုက်ရာမှာ မီးလုံးဆလိုက် မသုံးရဘူးလို့ ဆိုပါတယ်။ ဂန္ဒီ ရှိနေတဲ့ အခန်းထဲကို မာဂရက် ချောင်းကြည့်လိုက်တော့ အခန်းက လုံးဝ မှောင်ပိန်းနေတယ်လို့ ဆိုတယ်။ ဒါကြောင့် အခြေအနေကို သိရှိနားလည်အောင် မာဂရက်က စိတ်ရှည်လက်ရှည် ရှင်းပြပြီး ဖလက်ရှ် မီးလုံး ၃ လုံး အသုံးပြုခွင့်ပေးဖို့မေတ္တာရပ်ခံခဲ့ရကြောင်း ပြောပြခဲ့ဖူးတယ်။ ဒါတောင် အိန္ဒိယရဲ့ အပူရှိန်နဲ့ အခိုးရိုက်မှုတွေကြောင့် ဂန္ဒီ ဗိုင်း ငင်နေပုံကို လှလှပပရအောင် အတော်ခက်ခက်ခဲခဲအားထုတ်ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။ မာဂရက်ဟာ အိန္ဒိယမှာ ၂ နှစ်လောက်နေခဲ့ပြီး လူတွေ နေရာဒေသတွေ လူမှုဖွဲ့စည်းပုံ အခင်းအကျင်းတွေကို မှတ်တမ်းတင် ကူးခဲ့တယ်။

(၁၉၄၆ ခုနှစ်က  Margret ရိုက်ကူးခဲ့တဲ့ အိမ်တွင်းချည်ငင်ရဟတ်ကလေးနဲ့ မဟတ္တမဂန္ဒီရဲ့ပုံ)


အဲဒီက တဆင့် မာဂရက်ဟာ ကိုးရီးယားစစ်ပွဲသို့ သွားရောက်ခဲ့ပြီး စစ်သတင်းတွေ ရေးသားခဲ့ တယ်။ ကိုးရီးယားစစ် သတင်း တွေလိုက်နေစဉ် ၁၉၅၇ ခုနှစ်မှာ မာဂရက်ဟာ ပါကင်ဆန်ရောဂါ (Parkinson’s disease) ခံစားနေရကြောင်း သတိပြုမိခဲ့ တယ်။ အဲဒီနောက်မှာတော့ မာဂရက်ဟာ ဓါတ်ပုံမရိုက်နိုင်တော့ဘူး။ ရောဂါခံစားနေရစဉ်မှာ မာဂရက်ဟာ သူ့ရဲ့ ကိုယ်တိုင် ရေးအတ္ထုပတ္တိ ‘ကျွန်ုပ်၏ ရုပ်ပုံလွှာ’ (Portrait of Myself) ကို ရေးသားခဲ့တယ်။ နောက် ဟောပြောပို့ချမှုတွေ လုပ်တယ်။ သူ့ဘဝ အတွေ့အကြုံတွေကို ရသစာတမ်း (Essays) ရေးဟန်နဲ့ အက်ဆေးအများအပြားရေးခဲ့တယ်။ ဒီအတောအတွင်း ပါကင်ဆန်ရောဂါကုသဖို့ ဦးနှောက်ခွဲစိပ်ကုသမှု နှစ်ကြိမ်ခံယူခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။ မာဂရက်ဟာ ကွန်နတီကတ်မှာ ရှိတဲ့ စတန်းဖို့ဒ်ဆေးရုံမှာ ၁၉၇၁ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့မှာ  ကွယ်လွန်ခဲ့ပါတယ်။

မာဂရက် ဓါတ်ပုံရိုက်ခွင့် ရခဲ့တဲ့သူတွေထဲမှာ ချာချီ (Winston Churchill)၊  ရူးစဗဲ့လ်တ် (Roosevelt), ပုတ် ပီးယာ့စ် (Pope Pius XII) စတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်။ ဒီ့အပြင် စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေ၊ စစ်ဒဏ်သင့်တဲ့ ပြည်သူတွေရဲ့ ဘသပုံရိပ်တွေ ကိုလည်း ရိုက်ကူးတင်ပြနိုင်ခဲ့တယ်။ တိုးတက်ဖွံ့ဖြိုးလာခဲ့တဲ့ စက်မှုကမ္ဘာအကြောင်း ရိုက်ကူးခဲ့တဲ့ မာဂရက်ရဲ့ ပုံတွေဟာ ကမ္ဘာ့သမိုင်းကို ပြန်ပြောင်းပြောပြနိုင်ရုံမက၊ ဓါတ်ပုံလောကသမိုင်းကိုပါ ထင်ဟပ်တင်ပြနိုင်ခဲ့တယ်။  မာဂရက်ဟာ အရည် အသွေးမြင့် ဓါတ်ပုံသတင်းပညာ (Quality Photojournalism) နဲ့ ဓါတ်ပုံဆောင်းပါး (Photo Essay) တို့ကို ရှေ့ဆောင် ဖန်တီးခဲ့သူဖြစ်တယ်။ စာအုပ် ၁၁ အုပ်ကို ရေးထုတ်နိုင်ခဲ့သူလည်းဖြစ်တယ်။ ဓါတ်ပုံဆရာကောင်းတွေဟာ အမှန်ရိုက်ရမယ့် ရိုက်ကွင်းနေရာမှာ အချိန်ကိုက် တိတိကျကျ ရိုက်ယူနိုင်သူတွေဖြစ်တယ်လို့ မာဂရက်က ပြောပါတယ်။

 

Ref: * Margaret Bourke (1904-1971) By Lori Oden [http://iphf.org/inductees/margaret-bourke/ ]
** https://www.britannica.com/biography/Margaret-Bourke-White


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်