မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင်

July 15, 2017


မောင်ဥက္ကလာ – အိပ်ရာဝင် ပုံပြင်
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၇

နေ့စဉ်နဲ့အမျှ မိုးလင်းမိုးချုပ် ကျောင်းနဲ့ ကျူရှင် အပြေးအလွှာသွားကာ နှုတ်တိုက်သင်ပေးလိုက်တဲ့စာတွေကို တညံညံအော်ဟစ်ပြီး အိပ်တော့မယ့် မြေးငယ်မလေးတွေကို မအိပ်ခင်လေး ဟိုစာဖတ်ပါလား၊ ဒီစာဖတ်ပါလား မုန့်ဖိုးပေးမယ် ချော့မော့လာဘ်ထိုးပေးမယ့် (နောင်အခါ လူကြီးဖြစ်ရင် လုပ်တတ်ကိုင်တတ် စားတတ်အောင် သင်ပေးတာ) ဖတ်ချိန်မရှိဘူးပြော၊ တဝါးဝါးသမ်းပြတတ်တယ် (ကိုယ်ရေးထားတဲ့ ဘာမှန်းမသိ၊ ညာမှန်းမသိ စာမျိုးဆို ယောင်လို့တောင် လှန်မကြည့်။ အဲ့ဂလောက် အားပေးကြတာ)။

တခါတလေတော့ မုန့်ဖိုးလိုချင်လို့လား၊ ချက်ချင်းအိပ်မပျော်လို့လား မသိ ပုံတိုပတ်စလေးတွေ ပြောပြခိုင်းလို့ ဖတ်ဖူးသမျှ ပုံပြင်လေးတွေကို ဝေ့ကာဝိုက်ကာ ပြောပြတယ်။ မနေ့တနေ့ကတော့ မီးမီးတို့ အိပ်မရလို့ မြန်မြန်အိပ်ပျော်အောင် ပုံပြင်လေးတပုဒ်လောက် ပြောပြပါဆိုလို့ ရရှိတဲ့အခွင့်အရေးကို လက်လွှတ်မခံ၊ ပြောချင်နေတာနဲ့ ကောက်ကာငင်ကာ ခေါင်းထဲရှိတဲ့ ပုံပြင်တပုဒ်ကို ပြောပြလိုက်တယ်။

ပုံပြင်လေးက …

ဟိုရှေးရှေးတုန်းက ပွက်လောရိုက် ရှုပ်ထွေးပွေလီ အမှိုက်သရိုက်များနဲ့ ညစ်ပေနံဟောင်းနေသော ဗာရာဏသီပြည်မှာ လူသူမနေတဲ့ သစ်ငုတ်တိုတောကြီး ရှိလေတယ် (အသိဥာဏ်မဲ့တွေက သစ်ပင်တွေကို ခုတ်ဖြတ်ရောင်းစားကြလို့)။ အဲဒီ တောဂနိုင် က အခြားတောတွေနဲ့ နှိုင်းယှဉ်ရင် အစစအရာရာ ခေတ်နောက်ကျပေမယ့် မီးကျိုးမောင်းပျက် လက်နက်လေးတွေကိုင်စွဲပြီး သူတို့အသိဥာဏ် တထွာတမိုက်နဲ့ သူတို့အခေါ် ရာဇပလ္လင်လို့ခေါ်တဲ့ သစ်ငုတ်တိုပေါ်မှာ ကြေးပြားခဲပြားတွေကို လည်းပင်ချိတ်၊ ရင်ဘတ်ထိုးကာ အပေါ်ဟောင်းလောင်း အောက်ဟောင်းလောင်း ဆောင့်ကြောင့်ထိုင်ကာ တတောတတောင်လုံးကို ဗိုလ်ကျအုပ်ချုပ်နေသော လူစိတ်မရှိကြတဲ့ မျောက်တွေ မင်းမူးနေကြတယ်။

“ဟာ ဖိုးဖိုးကလည်း … မျောက်ဆိုမှတော့ လူစိတ်ရှိမလား” … မျက်လုံးမှေးပြီး နားထောင်နေတဲ့ သမီးငယ်က အိပ်ချင်မူးတူးနဲ့ ထပြောတယ်။

“ဆော်ရီး သမီးလေး။ ဖိုးဖိုးတို့ တိုင်းပြည်မှာရှိတဲ့ ဟိုအကောင်တွေနဲ့ မှားသွားလို့” … ဘယ်အကောင်တွေဆိုတာကို သူတို့ အထွန့်တက် မမေးလို့ တော်သေး။

အဲ့ဂလို မျောက်တွေက သူတို့ ရှေ့ ကပြုခဲ့တဲ့ ကုသိုလ်ကံကြောင့် အားလုံးအထက်မှာနေပြီး၊ သူတို့ပိုင်ဆိုင်တဲ့ ရှေးဟောင်း တူးမီးလက်နက်တွေကြောင့် တစတစ သစ်ဝါးကင်းမဲ့ ခြောက်သွေ့ပျက်ဆီး ဖုန်းဆိုးတော ဖြစ်လာနေတဲ့ သစ်ငုတ်တိုတောကြီးကို တောခြားတောင်ခြားမှ ဝင်ရောက်လာမယ့် ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးအောင် ဘယ်လို ကာကွယ်စောင့်ရှောက်နေကြောင်း၊ တောတွင်းမှာရှိတဲ့ ဆူညံပူညံလုပ်တတ်တဲ့ ဒေါင်းတွေ၊ ကျီးတွေ၊ ဆက်ရက်တွေကို ဘယ်ဂလို နှိပ်ကွပ်လှောင့်ချိုင့်သွင်း ရှင်းလင်းခဲ့ပြီး တောတောင်တဝှမ်း ငြိမ်ဝပ်ပိပြားရေးနဲ့ နလပိန်းတုံးတွေဖြစ်အောင် ဘယ်လို စွမ်းဆောင်ခဲ့ကြောင်း အပ်ကြောင်းထပ် ပြောမဆုံး ရှိနေခဲ့တယ်။

အဲ့ဂလို စိတ်ကြီးဝင်၊ xxx ခေါင်းကျယ် သွေးနားထင်ရောက်… သူတို့ကိုယ်သူတို့ တောတောင်ရေမြေရှင် ကယ်တင်ရှင်တွေဆိုပြီး မျောက်မာန်တက်နေကြလေတယ်။

အဲ့ဂလိုနဲ့ နေပူပူ နေ့တနေ့မှာ ပုကွကွ ဂင်တိုတို လူစဉ်မမှီတဲ့ မျောက်တကောင်က “ဟာ … ဖိုးဖိုးကလည်း မျောက်ပါဆို လူစဉ် ဘယ်မှီမလဲ။” သြော် … ဒီကလေးမလေး မအိပ်သေးပါလား။ ကြီးလာရင် မြန်မာ့အရေး စောင့်ကြည့်ဝေဖန်သူ ဖြစ်နိုင်တယ်။ “အေး … အေး … မွှားသွားလို့”…

အဲဒီ ပုကွကွ ဂင်တိုတို မျောက်တကောင်က လွင်တီးခေါင်ခေါင် သစ်ငုတ်တိုတောအလယ်မှာ ရုက္ခစိုးနတ်တွေနေတယ်ဆိုလို့ မခုတ်ဝံ့ဘဲ ကျန်နေသေးတဲ့ ညောင်ပင်အိုကြီးမှာ အတိတ်က မဟုတ်မဟတ်တွေ ကျူးလွန်ခဲ့လို့ ပုန်းအောင်းနေတဲ့ မျောက်အိုကြီးကို ပုန်းလျှိုးကွယ်လျှိုး သွားရောက်တွေ့တယ်။

တောတွင်းပြောစကားတွေအရ ဟိုဘက်ခြေတလှမ်း လှမ်းနေတဲ့ မျောက်အိုကြီးက အဲ့ဒီ ပုကွကွ ဂင်တိုတို အူကြောင်ကြောင် မျောက်ပုကွကို “မောင်မျောက်မင်းက ကျုပ်တို့လို မျောက်မင်းမျောက်နွယ်က ဆင်းသက်လာသူ ဖြစ်တယ်။ ကျုပ်အရိုက်အရာ ဆက်ခံမယ့်သူ” ဆိုပြီး မြှောက်ထိုးပင့်ကော် ပြောဆိုလေတယ်။ အဂယ်တော့ … မျောက်ပုကွမှာ မျောက်အိုကြီး မိန့်သမျှကို ပြန်မပြော မြေဝယ်မကျနားထောင်၊ အလိုရမက်ကြီးလှတဲ့ မျောက်အိုမကြီး၊ မျောက်အိုကြီးမိသားစုတသိုက်က သူတို့ဖြစ်ချင်တာ၊ လုပ်ချင်တာကို ခြောက်တခါချော့တလှဲ့ ခိုင်းကောင်းတဲ့ အကောင်ဖြစ်တယ်။

အဲ့ဂလို မျောက်အိုကြီး ပြောစကားကို နားယောင်ပြီး သူ့ကိုယ်သူ ဟနုမာန်မျောက်နွယ် ထင်ယောင်ထင်မှား ဂယောင်ခြောက်ခြား တွေးထင်နေတဲ့ မျောက်ပုကွ က မကြာသေးမီက ဟိမဝန္တာ တောတောင်တလျှောက်ကို သွားရောက်လည်ပတ်ပြီး ဗာရာဏသီ သစ်ငုတ်တိုတောကို ပြန်ရောက်ချိန်မှာ မျောက်အိုကြီးက ဆိုင်းမဆင့်ဗုံမဆင့် အရေးတကြီး ဆင့်ခေါ်ပြီး ဘယ်ဂလို့ မိန့်ကြားလိုက်လဲမသိ …

မျောက်ပုကွ သစ္စာခံနောက်လိုက် ဟိုကူးဒီခုန် မျောက်အပေါင်းက တတောလုံးတတောင်လုံး ကြားသိအောင် ဝါးလုံးတီးကာ တိရစ္ဆာန်အပေါင်းကို အရိပ်အကာမဲ့ တောအလယ်က ဖုန်တထောင်ထောင်ထ ကွင်းကြီးထဲကို ဘယ်နေ့ဘယ်အချိန်အခါ မပြတ်မကွက် လာရောက်ကြဖို့၊ ငှက်ပျော်သီးကျွေးမယ်၊ ဘာညာပေးမယ်ဆိုပြီး ဟိန်းဟောက်ခြိမ်းခြောက် မိန့်ဆိုလေတယ်။

အဲ့ဂလိုနဲ့ ဘုမသိဘမသိ လက်နက်ကိုင်တို့အမိန့်ကိုသာ ကြောက်ရွံကြပြီး ကိုယ့်အချင်းချင်းတော့ ဂျိုထောင်၊ ခွပြ မာန်ဖီကြသော တိရစ္ဆာန်အပေါင်းမှာ မျောက်တို့်ရဲ့  လက်နက်ကိုင်တပ် အစွယ်တဖွေးဖွေး မြေခွေး၊ ဝံပုလွေ၊ ခွေးအတွေ ခြောက်လှန့်မှုကြောင့် သစ်ငုတ်တို (မျောက်၊ ခွေးအုပ်စု) ဟန်ရေးပြကွင်းကြီးသို့ ရောက်လာကြတယ်။ ကွင်းအလယ် သစ်ငုတ်တိုပေါ်ရှိ Make in Pauk Phaw Jungle – ပေါက်ဖော်တောထုတ် ခုံကျိုးတစ်လုံးပေါ်မှာ ရင်ကော့ကာ ဆောင့်ကြောင့်ထိုင်နေတဲ့ မျောက်ပုကွ က တအီးအီး ညည်းညည်းညူညူ မရွှင်မပြ မျက်နှာများနဲ့ ဝင်ရောက်လာတဲ့ တိရစ္ဆာန်အပေါင်းကို မျက်တောင်မခတ် မျက်မှောင်ကြုတ် ငါးခူးအပြုံးနဲ့ ကြည့်နေတယ်။

“ဖိုးဖိုးကလည်း လုပ်ပြန်ပြီ။ မျောက်က ဘယ်လိုလုပ်ပြီး ငါးခူးလို ပြုံးတတ်မလဲ။ ပုံပြင်ကလည်း ရှည်လိုက်တာ အိပ်ချင်နေပြီ အိပ်တော့မယ်။”

“ဟုတ်ပါပြီ။ ငါးခူးအပြုံးနဲ့ မဟုတ်ပါဘူး။ စပ်ဖြဲဖြဲ ရိုက်ချင်စရာ မျောက်အပြုံးနဲ့ပါ။ ခဏလေးပါကွယ်။ ပုံပြင်က ပြီးနေပါပြီ … နည်းနည်းမျက်လုံးပြူးပြီး ခဏနားထောင်ပါအုံး။ မုန့်ဖိုးနှစ်ရာ ပို့ပေးမယ်။” အဲ့ဂလို ချော့မော့ပြီး …

အဂယ်တော့ နှစ်ပေါင်းများစွာ အဲဒီတောမှာ မျောက်တွေက မတော်မတရား the jungle law ဥပဒေတွေထုတ်ပြီး ထင်တိုင်းကြဲ အနိုင်ကျင့်နေတာကို တိရစ္ဆာန်အပေါင်းက မကြိုက်ရေးချ မကြိုက်။ ဒါပေမဲ့ အမြဲတမ်း ကွဲပြဲခွါပြဲ သူတကောင် ငါတမြီး ဖြစ်နေပြီး အချင်းချင်း ချို (ဂျို) ထောင် ကန်ကြောက်နေတာကြောင့် မျောက်တွေ ချယ်လှယ်စော်ကားသမျှကို စုပေါင်းခံနေရတာ သိပ်တော့မဆန်း။

အခုလဲကြည့် ကွင်းထဲကို ဟိုဟာကျွေးမယ်၊ ဒီဟာပေးမယ်ဆိုလို့ ရောက်လာတဲ့ အကောင်တွေလည်း ရှိကြ။ သူတို့တွေက ဗိုလ်ပုကွ ဘာပြောမလဲ၊ ဘာလုပ်မလဲဆိုတာကို နားပိတ်ပြီး ကျွေးတာစား၊ ပေးတာယူ လစ်ကြမယ်အကောင်တွေ။ သူတို့အုပ်စုတွေက ဟိုတိုးဒီခွေ့ ဂနာမငြိမ်။ ကြက်ဘဲ ဝက်နွား ဒရယ်သမင်တွေကတော့ စိုးရိမ်မျက်လုံးတွေနဲ့ တောင်ကြည့်မြောက်ကြည့် – မျောက်တွေ ခွေးတွေကိုတော့ တစက်မော်မကြည့်ရဲ – ကွင်းအလယ်မှာ တုန်တုန်ချိ့ ချိ့ နဲ့ အသံမထွက်ရဲ ချိုကုပ်၊ အမြီးကုပ်နေကြတယ်။ ကွင်းအနောက်ဘက်ပိုင်းကို အုပ်စုဖွဲ့ ရောက်လာတဲ့ ကျီးတစ်အုပ်က တအာအာ လုပ်နေလို့ တလောကမှ မျောက်တွေ ချုပ်လှောင်ထားတဲ့ လှောင့်ချိုင့်ကနေ ပြန်လွတ်လာတဲ့ ဒေါင်းအိုကြီးက “တိတ်ကြစမ်း။ မင်းတို့ ကျီးတွေ တယ်ဆူသကို” လို့ တချက်မာန်လိုက်ပြီးတော့ သူ့အနားမှာရှိတဲ့ တလှုပ်လှုပ် တရွရွ ဒေါင်းတစုကိုလည်း ဆူပူကြိမ်းမောင်းပြန်တယ်။

တိရစ္ဆာန်တွေ အကုန်စုံညီ ရောက်ရှိပြီး ကွမ်းတရာညက်ခန့်မှာ မျောက်ပုကွ ထိုင်နေတဲ့ သစ်ငုတ်တိုနောက်ကွယ်မှ အစွယ်တဖွေးဖွေး လည်ဆံမွေးတထောင်ထောင် ဝံပုလွေထီးကြီးတစ်ကောင် နဲ့ ခွေးအတစ်အုပ်ထွက်လာပြီး ဝံပုလွေကြီးက တိရစ္ဆာန်အားလုံးကို “အားလုံး တိတ်၊ သစ်ငုတ်တို ပလ္လင်အထက်မှာရှိတဲ့ ဆီနီယာ (senior) မျောက် ကို တရိုတသေ ဂါရဝပြုကြ” လို့ မာန်ဖီဟိန်းဟောက်လေတယ်။ ပြီးနောက် ဒီနေ့ကစပြီး သစ်ငုတ်တိုတောရဲ့  အရှင်သခင်သစ်အဖြစ် တိရစ္ဆာန်အများစုရဲ့  ကြိုတင်မဲတွေနဲ့ ရွေးချယ်ထားကြောင်း (တိရစ္ဆာန်အပေါင်းက ဘယ်အချိန် ဘယ်အခါတုန်းက မဲထည့်လိုက်ရတာကို တကိုယ်လုံးကုတ်ခြစ် စဉ်းစားမရ) ကြေညာကာ သူ့လက်ထဲမှာရှိတဲ့ ပေါက်ဖော်တောထုတ် ကြေးပြားဒန်ပြားနဲ့ လုပ်ထားတဲ့ ဦးသျှောင်ကို မျောက်ပုကွရဲ့  ဦးခေါင်းပေါ် တင်ပေးလိုက်တယ်။ မျောက်ပုကွလည်း ဝမ်းသာအားရ ခုံပေါ်ထရပ်ပြီး ကွင်းထဲမှာ ငူတူတူ ကြောင်တောင်တောင် မျက်စိမျက်နှာပျက် ငေးမောကြည့်နေတဲ့ တိရစ္ဆာန်အပေါင်းကို ခြေမြှောက်လက်မြှောက်၊ အမြီးထောင် လက်တစ်ဖက်ဆန့်တန်းမြှောက်ကာ – Flying-kiss, Peace sign, Two-thumbs up လုပ်ပြီး နှုတ်ဆက်လေတယ်။

အဲ့ဂလို မျောက်ပုကွ ကွီကွီ ကွကွ ပြောဆိုအော်ဟစ်တာတွေကို နားပိတ်နားထောင်ပြီးနောက် တိရစ္ဆာန်အပေါင်းလည်း တကျက်ကျက် ဗြစ်တောက်ဗြစ်တောက် ဆူညံစွာ တကောင်နဲ့တကောင် တိုးဝှေ့ ကန်ကြောက်ကာ သုတ်သီးသုတ်ပျာ သူတို့ အသိုက်တွင်းတွေဆီ ပြန်သွားကြလေတယ်။

အားလုံးရှင်းလင်း ပျောက်ကွယ်သွားချိန်မှာ မျောက်ပုကွလည်း ခေါင်းပေါ်မှာရှိတဲ့ ဦးသျှောင်ကို တုန်တုန်ချိ့ ချိ့  ထိကိုင်ကာ ငါ … ဗာရာဏသီတော အရှင်သခင် ဖြစ်လေပြီ … “ကဲ မှန်းစမ်း မှန်ထဲမှာ တချက်ကြည့်လိုက်မယ် … ငါဟဲ့ တောတိရစ္ဆာန်အပေါင်း အရှင်သခင် … ဘယ်လောက်များ မိုက်သလဲ” ဆိုပြီး သစ်ငုတ်တိုနောက်ကွယ်မှာ ထောင်းထားတဲ့ မှန်ထဲကို ပြူးစိုက်ကြည့်လိုက်ရာ မွဲခြောက်ခြောက် ကျိုးတိုးကျဲတဲ အမွှေးအမျှင်များနဲ့ အလွန်အရုပ်ဆိုး ပုကွကွ ဂင်တိုတို ပုံမကျပန်းမကျ မျောက်တကောင်ကို မှန်ထဲမှာ တွေ့မြင်ပြီး လန့်ဖြန့်သွားလေတယ်။

ကဲ နောက်ဆုံးတော့ ဦးသျှောင် ခေါင်းပေါ်တင်၊ မင်းဝတ်တန်ဆာ ဝတ်ပြီး ငါ ဘုရင်ကွ၊ ငါ ရေမြေ့အရှင်သခင် ဆိုပေမယ့် နောက်ဆုံးတော့ မျောက်က မျောက်ပဲပေါ့ကွယ်။ ကဲ ကဲ အိပ်တော့ ပုံပြင်လေးက ဒါပါပဲကွယ်။

“ဟာ … ဖိုးဖိုး ပုံပြင်က ဘာကြီးမှန်းလဲ မသိဘူး။ အစောကြီးကတည်းက လိုတိုရှင်း … မျောက်တွေ၊ မျောက်စိတ်ရှိသူတွေ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ ဘုရင်မင်း မဖြစ်နိုင်ဘူးလို့ ပြောလိုက်ရင် ပြီးတာပဲ။ ပေးထားတဲ့ ကတိအတိုင်း မနက်ဖြန် မုန့်ဖိုးပေး။ အခု အိပ်တော့မယ်။ ဂွတ်နိုက်။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်