မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၂)

July 16, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၂)

(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၇


● ရဲဘော်စိုးနိုင်
ထိုသို့သော နိုင်ငံရေးဌာနဆွေးနွေးပွဲ၌ ဖြစ်ပေါ်ခဲ့သော ငြင်းခုံမှုများမှ အစပြု၍ နောက်ဆက်တွဲနိုင်ငံရေးလမ်းစဉ်ဆိုင်ရာ ငြင်း ခုံဆွေးနွေးမှုများတွင် ရှေ့တန်းရောက်သူတဦးကတော့ ရဲဘော်စိုးနိုင်ဖြစ်သည်။ သူ့အား ယခုတော့ စာရေးဆရာသန်းစိုးနိုင် အဖြစ် သိကြသည်။ သူကားထိုစဉ်က အသက် ၃၀ ခန့်ရှိပြီး နိုင်ငံရေးဖြတ်သန်းမှု အတွေ့အကြုံ မိမိတို့ထက်ပိုရှိပြီး လေ့လာ ရေးလည်းအားကောင်းသော ကိုစိုးနိုင်သည် အရှေ့မြောက်နိုင်ငံရေးငြင်းခုံပွဲများ၌ ရှေ့ဆုံးက ဦးဆောင်ခဲ့သူဟု ဆိုရမည်။ ခေါင်းလေးစောင်းငဲ့ စောင်းငဲ့နှင့် ကိုစိုးနိုင်၏ ထူးခြားသောသွင်ပြင်ကား နှုတ်ခမ်းမွှေးဟုဆိုရမည်။ ဟစ်တလာနှု တ်ခမ်းမွှေး တော့မဟုတ်၊ စတာလင်နှုတ်ခမ်းမွှေးဟု ဆိုရပေမည်။

ကိုစိုးနိုင်၏အမည်ရင်းကား ကိုခင်မောင်ဌေးဖြစ်သည်။ ဘားလမ်းမှ လူသိများသည့် ရှေ့နေကြီးဦးခင်မောင်အေး (ကွယ်လွန်) ၏ညီဖြစ်သည်။ ၁၉၆၂ ခုနှစ် ၇ ရက် ဇူလိုင်လှုပ်ရှားမှု အပြီး ၁၉၆၃ ခုနှစ်ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး ယခင်တိုက်ပွဲဝင် ကျောင်းသားတို့၏တိုက်ပွဲဝင်စိတ်ဓါတ်ကို ဆက်ခံခဲ့သူများတွင် တဦးအပါအဝင်ဖြစ်ခဲ့သူဟု ဆိုရမည်။ ၁၉၆၈ ခုနှစ်ဘွဲ့ရ ပြီးနောက် မဟာတန်းလည်းတက် မြေပဒေသာကျွန်းတွင်လည်း နေ့စား ဝင်ရောက်လုပ်ကိုင်နေစဉ် ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အရေးအခင်းတွင်ပါဝင့်ခဲ့တော့သည်။

ကျွန်းဆွယ်အရေးအခင်းအပြီး ဖမ်းဆီးခံရသူ ၆၀ ခန့်တွင် တဦးအပါအဝင် ဖြစ်ခဲ့သည်။ ကိုစိုးနိုင်အားဖမ်းဆီးသူကတော့ ဦး လေးအရင်းခေါက်ခေါက်ဖြစ်သူ ထောက်လှမ်းရေး ၆ တပ်မှူးဖြစ်သူ ဗိုလ်မှူးဘိုနီဖြစ်သည်။ (နောင်ထောက်လှမ်းရေးညွှန်မှူးနှင့်ဝန်ကြီးဖြစ်လာသူ) ထိုစဉ် ထောက်လှမ်းရေးညွှန်မှူးကတော့ မျက်မှန်တင်ဦးဖြစ်သည်။ ထောက်လှမ်းရေး ၆ တွင်ရိုက် နှက်စစ်ဆေးခံရပြီးသကာလ ၁၉၆၉ ဒီဇင်ဘာလကုန်ပိုင်းတွင် အင်းစိန်တွဲဘက်ထောင်သို့ပို့ပြီး ထပ်မံရိုက်နှက်စစ်ဆေးခြင်းခံရပြန်သည်။ မျက်မှန်တင်ဦးအောက်က စစ်ထောက်လှမ်းရေးများ အလွန်လက်သံပြောင်သည့်ကာလဟု ဆိုရမည်။ ဤသို့ဖြင့် တနှစ်ခွဲကျော် ထောင်ဝင်စာတွေ့ခွင့်မရှိ သတင်းစာဖတ်ခွင့်မရှိနှင့် တနှစ်ခွဲကျော် အင်းစိန်ထောင်တွင်ဖြတ်သန်းခဲ့ရသည်။

ထောင်ထဲတွင် ပဲခူးရိုးမ KNU မှ အဖမ်းခံနေရသော စောဟင်နရီတို့ညီအကိုနှင့် ဆုံကြသည်။ စောဟင်နရီမှာ ၁၉၆၂ ခုနှစ် ၇ ရက် ဇူလိုင်အရေးတော်ပုံကာလအတွင်း ခြေထောက်အား သေနတ်မှန်ထားသူဖြစ်သည်။ လမ်းလျှောက်နိုင်ရန် ဖနောင့်တွင် စပရင်ပါသည့် ဖိနပ်ကိုဝတ်ဆင်ထားရသည်။သို့သော် စိတ်ဓါတ်မာကျော ပြင်းထန်သူဖြစ်သည်။ စောဟင်နရီနှင့် သူ၏ ညီဖြစ် သူ စောဝီဖရက်တို့သည် ဟင်္သာတဘက်မှဖြစ်ပြီး ၁၉၆၂ ဇူလိုင် ၇ ရက်အရေးတော်ပုံအပြီး ပဲခူးရိုးမ KNU သို့ တောခိုခဲ့ကြသူ များဖြစ်ပြီး ပဲခူးရိုးမ၌CPB တပ်ဖွဲ့များနှင့် ပူးတွဲလှုပ်ရှားခဲ့သူများဖြစ်၍ မည်သည့်လမ်းကြောင်းမည်သည့်ရွာများမှတဆင့် သွားလျင် CPB နှင့် အဆက်အသွယ်ရနိုင်သည်ကို သိရှိကြသူများဖြစ်သည်။ သူတို့ညီအကိုနှင့်တွေ့လိုက်သောအခါ ကိုစိုးနိုင် တို့အဖို့ ပဲခူးရိုမဗဟိုသို့ သွားရောက်နိုင်ရန် လမ်းကြောင်းရှာဖွေတွေ့ရှိသွားကြသည်ဟု ဆိုရမည်။ သို့နှင့် ကိုစိုးနိုင်နှင့် ထောင် တွင်းရောက် လူငယ်များသည် အင်စိန်ထောင်တွင်း၌ ပါတီနှင့် ဆက်သွယ်သွားရောက်နိုင်ရန်ရည်ရွယ်ပြီး ကလပ်စည်း ၂ ခု ဖွဲ့ခဲ့ကြသည်ဟု ဆိုသည်။ ကလပ်စည်းတခုက သဲကုန်း အာင်သန်းဖြစ်ပြီး နောက်တခု ကိုစိုးနိုင်တို့ ဖြစ်ကြသည်။

သူတို့အားလုံး ၁၉၇၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပြန်လွတ်ကြသည်။ ပြန်လွတ်မည့်သူများ မလွှတ်မှီ ထောက်လှမ်းရေး မျက်မှန်တင်ဦးက သြဝါဒချွေသည်။ သူ၏ပြောချင်သည့် ဆိုလိုရင်းမှာ “မင်းတို့တတွေ မြို့ပေါ်မှာ လှုပ်လှုပ် လှုပ်လှုပ် သိပ်လုပ် မနေကြနဲ့။ ငါတို့ကို မကျေနပ်ရင် တောခိုကြ။ လိုအပ်ရင် လိုက်ပို့ပေးလိုက်မယ်” ဟု ဆိုလိုရင်းဖြစ်သည်။ ဆိုရလျှင် စစ် ထောက် လှမ်းရေးထိပ်တန်းခေါင်းဆောင်ကိုယ်တိုင် လူငယ်များအား လက်နက်ကိုင်အောင် တောထဲတွန်းပို့နေသည့်ကာလဟု ဆိုရမည်။

သို့နှင့် ၁၉၇၂ ခုနှစ် နှစ်လယ်ပိုင်းတွင် စောဟင်နရီတို့ညီအကို လမ်းကြောင်းပြဆက်သွယ်ပေးမှု ကြောင့် သဲကုန်းအောင်သန်းနှင့် ၆ ဦးခန့် စတင်၍ ပဲခူးရိုးမသို့တောခိုသည်။ ပြီးလျှင် ဒုတိယအသုတ်အဖြစ် ကိုစိုးနိုင်တို့ လိုက်ဖို့ဖြစ်သော်လည်း လိုက်၍မရနိုင် တော့ပေ။ အဘယ်ကြောင့်ဆိုသော် သဲကုန်းအောင်သန်းအဖွဲ့မှ လှကျော်နေက တောခိုပြီး ၁၄ ရက်အကြာတွင် လက်နက်ချ ၍ အားလုံးဖေါ်လိုက်ရာ မြို့ပေါ်ကျန်သူများ ပဲခူးရိုးမသို့ မသွားနိုင်ဘဲ ပတ်ပြေးတိမ်းရှောင်ရတော့သည်။

သဲကုန်းအောင်သန်းကိုယ်တိုင်ရော သူနှင့်အတူပါသွားသော စိုးမြင့်သိန်း (စာအုပ်ဟောင်းတန်း) တို့သည်လည်း တနှစ်အကြာ တွင် လက်နက်ချသည်။ မုံရွာမှ ကိုတင်ထွန်းကတော့ တိုက်ပွဲတွင် ကျဆုံးသည်။ ထိုစဉ်က ပဲခူးရိုးမတွင် ဖြတ်လေးဖြတ်နှင့် အတူ ပြင်းထန်ခက်ခဲသောကာလကို ဖြတ်သန်းနေသည်ဖြစ်ရာ ဒဏ်မခံနိုင်ကြဟု ဆိုရမည်။ သို့မဟုတ် စိတ်ဓါတ် မပြင်း ထန်ဟုလည်း ဆိုနိုင်သည်။ လက်နက်ချခဲ့သော မုံရွာသားတဦးကတော့ “ပါတီက မမှားပါဘူးဗျာ။ ကျနော်က ပင်ပန်းဆင်းရဲ တဲ့ဒဏ်မခံနိုင်တာပါ” ဟု ဆိုဘူးသည်ကို နောင်ပြန်လည်ကြားရသည်။ မတူသည့်ဘက်များ ရပ်တည်မှုများနှင့် သုံးသပ်ကြ လိမ့်မည်ထင်ပါသည်။

စောဟင်နရီတို့ ညီအကိုကတော့ စိတ်ဓါတ်ပြင်းထန်မာကျောသည်ဟု ဆိုရသည်။ သူတို့ညီအကိုသည်လည်း ထောင်က လွတ်ပြီးနောက် ပဲခူးရိုးမ KNU သို့ ပြန်ရောက်သည်။ ထိုစဉ်က ပဲခူးရိုးမရှိ KNU အား KNUP ဟုခေါ်ကြသည်။ စကောလယ်တော ၊ စောမြမောင်၊ စောကျော်မြသန်း၊ ဗိုလ်ကျင်မောင်တို့ ခေါင်းဆောင်ကြသည်။ KNUP သည် CPB နှင့်နီးစပ်ပြီး မဟာမိတ်များ လည်းဖြစ်ကြသည်။ ထိုစဉ်က ဗိုလ်မြ၏ KNU ကတော့ ကွန်မြူနစ်ဆန့်ကျင်ရေးမူဝါဒကို ကိုင်စွဲထားသည်။

ပဲခူးရိုမတွင် စစ်ရေးအကြပ်အတည်းကြီးပြီး KNUP ခေါင်းဆောင်အချို့လည်း ကျဆုံးလာချိန်တွင် KNUP လည်း ပဲခူးရိုးမမှ ဆုတ်ခွာရသည်။ စကောလယ်တော ခေါင်းဆောင်သည့်အဖွဲ့ကတော့ ဗိုလ်မြခေါင်းဆောင်သည့် KNU နှင့် ပြန်လည်ပူးပေါင်း သွားသည်။ စောဗမိုးခေါင်းဆောင်သည့်အဖွဲ့ကတော့ ရှမ်းပြည်အလယ်ပိုင်းသို့ ဖောက်ထွက်ပြီး CPB ၁၀၈ စစ်ဒေသနှင့် ပူးပေါင်းလိုက်ကြသည်။ အမျိုးသားရေးထက် လူတန်းစာတိုက်ပွဲကို အားသန်ကြသည့်သူများဟု ဆိုနိုင်သည်။ စောဗမိုးနှင့် အတူ စောကော်ဦး ကိုစောထိုနှင့် စောဟင်နရီ စောဝီဖရက်တို့ ညီအကိုလည်း လိုက်ပါသွားကြသည်။ ၁၉၇၄ ခုနှစ်ထဲတွင် CPB နှင့် ပူးပေါင်းခဲ့ကြသည်။ စောဗမိုးကတော့ တတိယအကြိမ် ပါတီကွန်ဂရက်တွင် CPB အရံဗဟိုကော်မတီအဖြစ်ရွေးကောက်ခံရသည်။ ၁၉၈၉ခုနှစ် ပါတီပြိုကွဲပြီးနောက်ပိုင်းတွင် စောဗမိုးနှင့် စောကော်ဦးတို့ကတော့ ထိုင်းမြန်မာနယ်စပ်သို့ ရောက်ရှိသွားသည်ဟု ကြားရသည်။ ကိုစောထိုကတော့ ကလလတသို့ရောက်ရှိသွားပြီး ကလလတ (ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်မတော်၊ ၂၀၀၉ နောက်ပိုင်း BGF နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲဖွဲ့စည်း) လွိုင်ကော်ရုံးတွင်ရှိ သည်ဟု ကြားသိရသည်။

စောဟင်နရီတို့ ညီအကိုကတော့ ၁၉၇၅ သို့မဟုတ် ၁၉၇၆ အတွင်း CPB ၁၀၈ စစ်ဒေသဟုဖွဲ့စည်းထားသည့် ရှမ်းပြည်အလယ် ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲတခုတွင် ညီအကိုနှစ်ယောက်စလုံးကျ ဆုံးသွားခဲ့ကြပါသည်။

တောထဲသို့ မရောက်နိုင်သေးသည့် ကိုစိုးနိုင်မှာ ပုန်းလျှိုး ကွယ်လျှိုးလှုပ်ရှားရင်း ၁၉၇၄ ဇွန်အလုပ်သမားသပိတ် ၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်း ၇၅ ဇွန် နှစ်ပတ်လည်သပိတ်တို့ ပါဝင်ပတ်သက်ခဲ့ပြန်သည်။ သို့နှင့် သူနှင့်ဆက်သွယ်လှုပ်ရှားနေသည့် သမိုင်းချည်မျှင်နှင့်အထည်စက်ရုံ (ယခုတပ်မတော်ချည်မျှင်နှင့်အထည်စက်ရုံ) မှ အလုပ်သမားများ အဖမ်းခံရရာမ ဒုတိယ အကြိမ် ထပ်မံထွက်ပြေးရပြန်တော့သည်။

ဤတကြိမ်တွင်တော့ နမ့်ခမ်းမြို့မှ အင်္ဂလိပ်စာသင်မည့် ဆရာတယောက်လိုသည်ဟူသောကြေညာအား ဆက်သွယ်လျှောက် ထားရာမှ ၁၉၇၅ ခုနှစ်သြဂုတ်လပိုင်းတွင် နမ့်ခမ်းမြို့သို့ရောက်လာခဲ့တော့သည်။ နမ့်ခမ်းမြို့၏ ရွှေလီတဘက်ကမ်းကား CPB အခြေခံဒေသ နမ့်ခမ်းခရိုင်ဖြစ်ပေရာ ပါတီနှင့်ဆက်သွယ်ရန်လွယ်ကူသွားပေးပြီ။ သို့နှင့် ၁၉၇၅ ခုနှစ် အောက်တိုဘာ လအတွင်း မန်ရှိုးသို့သွား၍ CPB နှင့်ဆက်သွယ်ခဲ့သည်။ သို့သော်လည်း အဆက်အသွယ်နှင့်လာသည်မဟုတ်ဘဲ အစိမ်းသက်သက်လာသူဖြစ်သဖြင့်ချက်ခြင်းလက်မခံခဲ့ပေ။ ထိုစဉ်နမ့်ခမ်းခရိုင် ဒုအတွင်းရေးမှူးဖြစ်သူ ယန်စုကြည်ခေါ် မောင်လှ ( ရှမ်းရဲဘော်) ၏ ပြန်လည်စေလွှတ်ခြင်းခံခဲ့ရသည်။ သို့နှင့် ကိုစိုးနိုင်လည်း နမ့်ခမ်းမြို့တွင် ပြန်လည်နေထိုင်ခဲ့ရသည်။ ထိုစဉ် က နမ့်ခမ်းတွင် တာဝန်ကျနေသော အစိုးရတပ်ရင်းတခုမှ တပ်ခွဲမှူးမှာ သူ၏တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းဖြစ်နေ ၍ အနေချောင်ခဲ့သည်ဟု ဆိုသည်။ ရဲဘော်မောင်လှက သူ၏ကိုယ်ရေးရာဇဝင်အား အထက်သို့တင်ပြလိုက်ပုံရသည်။ ၁၉၇၅ ခုနှစ် ဒီဇင်ဘာလတွင် CPB ဗဟိုမှ ရဲဘော်ထွန်း (ဗိုလ်ကြင်မောင်) က နမ့်ခမ်းသို့လူလွှတ်၍ ပြန်လည်ခေါ်ယူခဲ့သည်။ သို့နှင့် ၁၉၇၆ ခုနှစ် မတ်လတွင် မန်ရှိုးသို့ပြန်လည်ရောက်ရှိခဲ့ပြီး မုန်းကိုးသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၁၉၇၅/ ၁၉၇၆ ကာလများက မြို့ပေါ်မှ ရဲဘော်များ အခြေဒေသသို့ သွားရသည်မှာ မလွယ်ကူလှပေ။ ထိုစဉ်ကာလက မူစယ် နမ့်ခမ်းမြို့များသို့ အောက်ပြည်အောက်ရွာမှ အသွားအလာမများသေးသဖြင့် လူစိမ်း ဗမာဆိုလျှင် ဝန်ထမ်းမျှသာရှိရာ ထင်းကနဲပေါ်လွင်နေသည်။ တဖက်ကကြည့်လျင် CPB အခြေခံဒေသသို့ရောက်လျင်လည်း အဆက်အသွယ်မရှိသည့် လူ တယောက်အား ချက်ခြင်းယုံရန်ခက်ခဲသည်။ သူလျို ဒလံဖြစ်မှာ စိုးရိမ်နေရသည်။ ဤကြားထဲတွင် စွန့်၍ သွားလာရသည့် အခြေအနေဖြစ်ပေသည်။ တဖက်ဖက်၏ ယုံကြည်မှုမရပါက ကြားညပ်၍ ဒုက္ခကောင်းကောင်း ရောက်နိုင်သည့်အခြေအနေမျိုး ဟု ဆိုရမည်။

သို့နှင့် မိမိတို့နှင် ကိုစိုးနိုင်တို့ မုန်းကိုးနိုင်ငံရေးဌာနတွင် ဆုံမိကြတော့သည်။ နှုတ်ခမ်းမွှေးစစနှင့် အပြောအဟောကောင်း သီချင်းဆိုကောင်းသူ အသက် ၃၀ အရွယ်တန်း အရွယ်ကောင်းမို့ ကိုစိုးနိုင်စန်းပွင့်လှချိန်တွင် မိမိတို့ဆုံမိကြခြင်းဖြစ်သည်။ ထိုစဉ် နိုင်ငံရေးဌာနတွင် အမျိုးသမီးရဲဘော်များကြား စန်းပွင့်နေသူက ဒေါ်ခိုင်အေးဖြစ်သည်။ ကိုစိုးနိုင်နှင့်လည်း သက်တူ ရွယ်တူတွေလည်းဖြစ်သည်။ ဆိုကြတီးကြရာတွင်လည်း ဝါသနာတူသည်။ ပဲခူးရိုးမနှင့်ပတ်သက်၍လည်း သံယောဇဉ် တူကြသည်။ ဤသို့အကြိုက်တူ အကျင့်တူတွေဆိုပေတော့ ခပ်ချိတ်ချိတ်ဟု ဆိုရမည်။ သို့သော် ကိုစိုးနိုင်တယောက် ခပ် ချိတ်ချိတ်ထက် ပိုတိုး၍ မရနိုင်ခဲ့ပါ။ ထိုကာလက ဒေါ်ခိုင်အေးက သူ့ထက်ပို၍စန်းပွင့်နေသည် မဟုတ်ပါသလော။

ရဲဘော်ဟောင်းများထဲတွင် တရုတ်မများနှင့် အိမ်ထောင်ကျမလာသူများရှိကြသည်။ ထို့ပြင် အိမ်ထောင်မပြုကြသေးသည့် အသက် သုံးလေးဆယ်တန်းအမျိုးသားရဲဘော်များကြားတွင် ဒေါ်ခိုင်အေးက စတားဖြစ်နေသည်။ ထိုထဲတွင် ထူးခြားပေါ်လွင် သည့် ရဲဘော်လွင်ခေါ် ဗိုလ်သိန်းအောင်ဖြစ်သည်။ သူ၏ဌာနနှင့် ဒေါ်ခိုင်အေးရှိရာ နိုင်ငံရေးဌာနကလည်း မဝေးလှ သည် ဖြစ်ရာ လူပျိုးကြီးတယောက်ဖြစ်သည့် ရဲဘော်လွင်သည် တနေ့လျင် အနဲဆုံးနှစ်ခေါက်ခန့် နိုင်ငံရေးဌာနသို့ရောက်လာလေ့ရှိ သည်။ ပါတီဗဟိုကော်မတီဝင်ဆိုသော်လည်း အနေအေးပြီး ရိုးသားသော ဟိတ်ဟန်မရှိသော မိမိတို့ရဲဘော်များနှင့် တရင်း တနှီးဆက်ဆံပြီး ပွင့်လင်းမှုရှိသော ရဲဘော်လွင်အား မိမိတို့ခင်မင်ကြသည်။ ရုရှား တရုတ်တို့တွင်နေလာခဲ့ပြီး ရုရှားမ တရုတ် မတို့ယူမလာဘဲ ဗမာအမျိုးသမီးတယောက်နှင့် အိမ်ထောင်ပြုလိုသည့် သူ၏စိတ်ခံစားမှုကိုလည်း နားလည်ပေးကြသည်။

သို့ဖြစ်ပေရာ ရွယ်တူချင်းဆိုလျင် ကိုစိုးနိုင်တယောက် စီးချင်းထိုးကောင်းထိုးမည်ဖြစ်သော်လည်း သူ့ထက်အသက်ကြီးသော ဂျပန်ခေတ်စတုတ္ထပတ် ဗိုလ်သင်တန်းဆင်း ပါတီခေါင်းဆောင်တယောက်အား ကိုစိုးနိုင် အားနာရပါတော့သည်။ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ခေါင်းမာမာဆွေးနွေးလေ့ရှိသော ကိုစိုးနိုင်တယောက် ရဲဘော်လွင်အား အကြောပေး၍ နောက်ဆုတ်ပေးရ ပါတော့သည်။

ဤတွင်တွေ့ရသည်မှာ ကိုစိုးနိုင်သည် ခွာစစ်ဆင်ရာ၌ကျွမ်းကျင်သည်ဟု ဆိုရမည်။ သူသည် နိုင်ငံရေးဌာန စားဖိုဆောင်ဖက် သို့ ဆုတ်ခွာသွားသည်ကိုတွေ့လိုက်ရသည်။ ထိုစဉ်က ထိုစားဖိုဆောင် ရိက္ခာရုံတွင် ချက်ပြုတ်ရေးတာဝန်ယူနေသော တိုင်းရင်းသားရဲဘော်မများကြားတွင် နန်ဂရောင်ဟုခေါ်သည့် ဇိုင်ဝါးခေါ် အဇီးရဲဘော်မတဦးရှိသည်။ စစ်ယူနီဖေါင်းဝတ်ထား သော်လည်းအသားဖြူဖြူ အရပ်မြင်မြင့် ကျစ်ဆံမီးနှစ်ဖက်ချထားလေ့ရှိသော အသက် ၁၈ ဝန်းကျင်ခန့်သာရှိသေးမည့် ပျို မြစ်နုနယ်သည့် နန်ဂရောင်၏ အလှကပေါ်လွင်သည်ဟု ဆိုနိုင်သည်။ ထို့ပြင် ဗမာစကား တခွန်းစ နှစ်ခွန်းစ ပြောလေ့ရှိသည် ကလည်း ဆွဲဆောင်မှုတမျိုးဖြစ်ပေသည်။

သို့သော်လည်း များမကြာမီ နန်ဂရောင်အား သူမနှင့် လူမျိုးတူ ဇိုင်ဝါးမိသားစုတစုက လာရောက်တောင်းရမ်းထိမ်းမြှားသွားသည်ဟု ကြားရသည်။ ကိုစိုးနိုင်လည်း ညီမလေးရယ် စိုးရိမ်မိတယ် ဆိုခွင့်မကြုံလိုက်တော့ပေ။ ချိတ်တိတ်တိတ်နှင့်သာ တခန်းရပ်သွားပေတော့သည်။ အမြောက်သံ ဗုံးသံသေနတ်သံများကြား ပြင်းထန်သည့် အယူအဆရေးရာငြင်းခုံမှုများကြား
မေတ္တာပန်းများလည်း ပွင့်လန်းခဲ့ကြပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)

 

ရဲဘော်စိုးနိုင် ခေါ် ဆရာသန်းစိုးနိုင် 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်