မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၃)

July 17, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၃)
(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇

● စိန်ပန်းတွေငို
ဆွေးနွေးငြင်းခုံမှု များကြားတွင်ပင် မြို့ပေါ်မှရောက်လာသည့် ဗမာရဲဘော်များထဲမှ အနုပညာပိုးရှိသူများ တက်ကြွစွာလုပ် လေ့ရှိသော အလုပ်တခုရှိသည်။ ၎င်းမှာ ပါတီသီချင်း အလုပ်သမား လယ်သမား ကျောင်းသားတိုက်ပွဲများစပ်ဆိုကြခြင်းဖြစ်သည်။ ရဲဘော်ကြည်စိန်ခေါ် ကိုးကိုးကျွန်းပြန် ကိုသန်းမောင်ကလည်း ကိုးကိုးကျွန်းတိုက်ပွဲသီချင်းများ ပြန်လည်အသံသွင်းနေ သည်။ သို့သော် ကိုးကိုးကျွန်းသီချင်းများမှာ ၆၄ လမ်းစဉ်အောက်တွင် စပ်ဆိုထားသည့်သီချင်းများဖြစ်၍ နေရာပေးခြင်း မ ခံခဲ့ရပေ။

မိမိတို့ရောက်သည့်အချိန်တွင် အသီးသီးအသက တက်ကြွစွာဖြင့် စပ်ဆိုနေကြသည့် သီချင်းအားလုံးမှာ ကောင်းကြသည် တော့မဟုတ်။ အချို့သီချင်းများ၏စာသားက ကြွေးကြော်သံဆန်နေသည်။ နိုင်ငံရေးဝေါဟာရများ ပြွတ်သိပ်နေသည်။ အချို့ သီချင်းများက အနုပညာအားနည်းသည်။ တေးသွားများ သိပ်မကောင်းလှပေ။ အချို့သီချင်းများကတော့ ကောင်းကြပါသည်။

ထိုသို့ကောင်းသည်ဟုဆိုနိုင်သည့် သီချင်းများထဲမှ ကိုစိုးနိုင်စပ်ဆိုသည့်သီချင်းတပုဒ်လည်း ရှေ့ဆုံးတန်းကပါဝင်သည်။ သူ၏သီချင်းသည် ၇ ရက်ဇူလိုင်နှင့်ပတ်သက်၍ စပ်ဆိုသည့်သီချင်းများထဲတွင် စာသားရေးဖွဲ့မှု အကြောင်းအရာပြည့်စုံမှု အနုပညာမြောက်မှုအရ အကောင်းဆုံးဟု မိမိယူဆမိသည်။ ၁၉၇၇ ဇူလိုင် ၇ ရက်နေ့ ဇူလိုင် ၇ ရက်အရေးတော်ပုံ ၁၅ နှစ် မြောက်အထိမ်းအမှတ်အဖြစ် စပ်ဆိုခဲ့သည့်သီချင်းဖြစ်သည်။ သီချင်းနာမည်က”ဂျူလိုင် ၇ ရက်၏သွေးစက်သမိုင်း” ဖြစ် သည်။ စာသားအပြည့်အစုံမှာ ….

“စိန်ပန်းတွေငို ကန့်ကော်ငို သစ်ပုတ်ပင်အိုမရဲ့ ရှိုက်သံကို
မကြားလိုက်ဘူးလားလေ၊ ရဲဘော်ရေ ရဲဘော်ရေ ရဲဘော်ရေ။
အဓိပတိလမ်းက ကတ္တရာလမ်းတွေ ခွာကြည့်စမ်းကြလေ၊
စီးထန်းသွေးတွေ မြစ်မရေလိုပေ
အင်းယားရေမခြောက်သမျှ မပျောက်နိုင်တော့ပေ၊
ဂျူလိုင် ၇ ရက်ရဲ့ သွေးစက်သမိုင်းကြောင်းကို ပြန်ပြောင်းပြောနေ။

ရာဇဝင်မှောင်ကျတဲ့ မတ်လရဲ့ ၂ ရက်နေ့ပေ
ဗမာပြည်တခွင် ခေါင်ကျတဲ့ တပ်မရဲ့ စစ်ဘီလူးသဘက်တွေ
ရာဇာပလ္လင် ဗြောင်ကျကျနဲ့ အာဏာလုတက်နေ။

ဒီမိုကရေစီဆိုတာဟာလေ မူးလို့မှရှူစရာမရှိပေ
ဒို့ပြည်သူတွေ ဒို့ပြည်သူတွေ
စစ်ဖိနပ်သံခွာအောက် ကျရောက်နေပြီလေ
ကယ်တင်ကြ ကာကွယ်ကြစို့လေ
ဖိနှိပ်မှု မှန်သမျှတွေ ခေါင်းငုံ့လို့ ဒို့ဖြင့်မခံပေ
တုန့်ပြန်ဆန့်ကျင်မှုတွေ ဒို့ကျောင်းသာထုသမိုင်းဖြစ်ပေ။

မုတ်သုန်ဦးရဲ့ ညဦးလေပြေ ခွပ်ဒေါင်းမြူးကြွနေ
ရွှေဘို ပင်းယ ရာမည မန္တလေးဆောင်
မီးတောင်တွေပေါက်ကွဲ တိုက်ပွဲစခဲ့ပေ
ဖိနှိပ်ချုပ်ချယ်မှုတွေ ရပ်ဆိုင်းပေးရမလေ
တဖက်သတ်အဆောင်စည်းကမ်းတွေ ဖျက်သိမ်းပေးရမလေ
ကျောင်းသားအခွင့်အရေး ကာကွယ်ရေး ပေးပေးရမလေ
ဒိ့တောင်းဆိုနေ တိုက်ယူမလေ
ထောင်နဲ့မခြားတဲ့ အဆောင်ရဲ့တခါးတွေ
ကြွေးကြော်သံဒီလှိုင်းနဲ့ ခုတ်ပိုင်း ချိုးပြတ်ချေ
တက္ကသိုလ်နယ်မြေ လူပင်လယ်ကြီး ဖုံးလွှမ်းနေ
စစ်အုပ်စုရဲ့ထိပ်သီးတွေ အရှက်ကြီးရလို့ အမျက်မီးထနေ
မင်းသားခေါင်းစွပ် ချွတ်ကြပေ
ဘီလူးအစွယ်ရုပ်တို့ ငုတ်တုတ်ပေါ်လာပေ။

ဂျီ သရီးမောင်းပြန် ပစ်ခတ်သံတွေ၊ စစ်ဖိနပ်သံတွေ
ဟိန်းညံတကျောင်းလုံး ယမ်းခိုးမီးငွေ့ဖုံးလွှမ်းနေ
ကန့်ကော်မမွှေးမြ စိန်းပန်းပွင့်တို့ မွမွကြေ
အောင်ကျော်ကြီးကျောက်တိုင် သွေးပတ်လည်အိုင်နေ
ရင်ပြင်နီ မြက်ခင်းလမ်းတို့ နီမြန်းသွေးပေ
မကြေ ဒို့မကြေနိုင်ပေ၊ မသေ ရဲဘော်တို့ မသေနိုင်ပေ။

ဒါး ဒါးချင်းရှင်းရမည်၊ လှံလှံချင်းရှင်းရမည်
ဖက်ဆစ်နေဝင်းကြိမ်းဝါးသည်
ပြည်သူတွေကို စစ်ကြေညာလိုက်ပြီ။

ဂျူ လိုင် ၈ ရက် နံနက် ၅ နာရီ တော်လဲသံကြီး မြည်ဟီးသိမ့်တုန်
တကသ အဆောက်အအုံ အုတ်ပုံဖြစ်ရပြီ
သမဂ္ဂရဲ့အုတ်မြစ်ကို ကျွဲရိုင်းစက်နဲ့ ထိုးဖျက်ဖြို
ဖြိုဖြို သမဂ္ဂကို မဖြိုနိုင်ပြီ၊ မပြို မပြို တကသ မပြိုနိုင်ပြီ။

ဒို့အဓိဌာန်ဆိုမည် ဒို့များတွေ အဓိဌာန်ဆိုပါမည်
ဒို့ကျောင်းသူ ကျောင်းသားများသည် တူတံဇင်အလံတော်အောက်ဆီ
ညီရင်းအကို မောင်ရင်းနှမတွေ စုံစုံညီ
သမိုင်းသစ်ဆောက်ကြမည်၊ ဒို့ခေတ်ရောက်ရမည်
ဒီမိုကရေစီပညာစနစ် အုတ်မြစ်ချဘို့ရည်
ဒို့သွေးချွေးကိုစတေးမည်
အရေးတော်ပုံ အရေးတော်ပုံ ဒို့အရေးတော်ပုံအောင်ပါမည်” ဟူ၍ ဖြစ်ပါသည်။


ကိုစိုးနိုင်၏တပုဒ်တည်းသော အကောင်းဆုံးလက်ရာဟုဆိုနိုင်ပါသည်။ ၂၀၁၅ ခုနှစ် ဇူလိုင် ၇ ရက်တွင် နှစ်ပတ်လည်အဖြစ် အဆိုပါသီချင်းကို လူမှုကွန်ယက်စာမျက်နှာတွင်တင်မည်ဟု မိမိစဉ်းစားစဉ်က ကိုစိုးနိုင်အားဖုန်းဆက်၍ ခင်ဗျားစာသား ပြင်အုံးမလားဟု လှမ်းမေးခဲ့သည်။ သူက အေးပြင်မည်ဟုပြောသဖြင့် စာသားတနေရာပြင်လိုက်သည်။ ယခုဖေါ်ပြပါ သီချင်း စာစားတွင်လည်း သီချင်းရေးသူ ကိုစိုးနိုင်မပြင်ခင်အတိုင်း ဖေါ်ပြထားသည်။ ပြင်သည့်စာသားမှာ “သမဂ္ဂအလံတော်” ဟူ၍ ဖြစ်ပါသည်။ မပြင်ခင် ၁၉၇၆/၇၇ စတင်ရေးသားစဉ် ပြည်သူ့အသံကထုတ်လွှင့်စဉ်ကစာသားမှာ “တူတဇင်အလံတော်” ဟူ၍ ဖြစ်ပါသည်။ မိမိပြင်ဆင်ဖေါ်ပြလိုက်သည့်အခါ တုန့်ပြန်သံအချို့ကြားရသည်။ ဒါဘယ်သူရေးရေး ပါတီသီချင်းဖြစ်သွားပြီ ၊ ပြင်ဆင်ခွင့်မရှိဟုဆိုကြသူလည်း ရှိသည်။ တူတဇင်အလံတော်အောက်ဆီဟူသည့် စာသားကို ပိုနှစ်ခြိုက်သည့်သူများလည်း တွေ့ရသည်။ မိမိအမြင်ကတော့ သမဂ္ဂအလံတော်အောက်က ပိုသင့်တော်မည်ဟု ထင်သည်။ ဤသည်မှာ CPB အားကောင်း သည် အားမကောင်းသည်နှင့် မသက်ဆိုင်ပေ။ ကျောင်းသားသမဂ္ဂများသည် နိုင်ငံရေးပါတီတခု၏ လက်အောက်ခံဖြစ်သင့်မဖြစ်သင့်ဆိုသည့် ပြဿနာအဖြစ် ကြည့်မြင်ရမည် ပြဿနာဖြစ်သည်ဟုထင်သည်။ သမိုင်းဖြစ်ရပ်များမှ အကောင်းဆုံးသင်ခန်း စာများ ထုတ်ယူနိုင်ကြဖို့ လိုပေမည်။

● ပဲခူးရိုးမလမ်းစဉ်နှင့် ဗဟိုနာခံမှု
သို့နှင့် ကိုစိုးနိုင်ကို ခေါင်းတည်ထားသည့် နိုင်ငံရေးဆွေးနွေးငြင်းခုံမှု များသည် နိုင်ငံရေးဌာနတွင်းဆက်လက်ဖြစ်ပေါ်နေပြီး ပဲခူးရိုးမလမ်းစဉ်ပြသနာ ၆၄ လမ်းစဉ်ပြဿနာအထိ တိုးတက်ရောက်ရှိသွားသည်။ ၁၉၇၆ နှစ် ကုန်ပိုင်းအတွင်း မုန်းကိုး ဒု ဥက္ကဌ သခင်ဖေတင့်ရောက်ရှိလာပါသည်။ သခင်ဖေတင့်ပြုလုပ်သည့် အစည်းအဝေးတွင် အဓိကပြောကြားသည်က ၆၄ လမ်းစဉ်အမှားများ ပါတီတွင်းသန့်စင်ရေး (ဖြုတ် ထုတ် သတ်) အမှားများ စစ်ရေးလမ်းစဉ်အမှားများဖြစ်သည်။

ဤဆွေးနွေးပွဲတွင် ၆၄ လမ်းစဉ်မှန်ကြောင်း ရပ်ခံဆွေးနွေးသူများက ကိုစိုးနိုင်၊ ကိုအုန်းနှင့် ဒေါ်ခိုင်အေးတို့ဖြစ်ကြသည်။ သို့နှင့် ဆွေးနွေးပွဲသည် တင်းမာသွားသည်ဟုဆိုရမည်။ သခင်ဖေတင့်လည်း အပြန်အလှန်ငြင်းခုံဆွေးနွေးမှုများကြောင့် အတော်လေး စိတ်တို ဒေါပွသွားပုံရသည်။ သို့သော် သခင်ဖေတင့်အား ဗဟိုဌာနတွင်ထားသော ဗမာရဲဘော်များ ထောက် ခံကြပါသည်။ သို့နှင့် ထိုဆွေးနွေးပွဲအပြီးတွင် ဗဟိုဌာနမှ လူများကတော့ ၁၉၇၅ ပါတီဗဟိုအား ထောက်ခံသူများဖြစ်သွားကြပြီး နိုင်ငံရေးဌာနမှ ကိုစိုးနိုင်နှင့် မိမိတို့ကတော့ ၁၉၇၅ ပါတီဗဟိုအား ဆန့်ကျင်သူများဖြစ်သွားကြတော့သည်။

ထိုသို့ဖြစ်ပွါးလာသောပြသနာ၏အစကား ၁၉၇၅ ဗဟို၏အာဘော်ဖြစ်သည့် လမ်းစဉ်မှန်ရင် တော်လှန်ရေးတက်သည်၊ လမ်း စဉ်မှားရင် တော်လှန်ရေးကျသည်ဟူသည့် လောဂျစ်မှလာသည်ဟု ဆိုရမည်။ သူတို့ဆိုလိုချင်သည်မှာ ပဲခူးရိုးမလမ်းစဉ်မှား၍ ပဲခူးရိုးမ မြစ်ဝကျွန်းပေါ်စသည့်အောက်ပိုင်းဒေသများတွင် တော်လှန်ရေးကျဆင်းခဲ့ရသည်။ အရှေ့မြောက်လမ်းစဉ်ကမှန် ၍ အရှေ့မြောက်တွင် တော်လှန်ရေးတက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသို့ရှင်းလိုက်၍လည်း ပြဿနာကပိုကြီးထွားခဲ့သည် ဟုဆိုရမည်။

လက်ရှိအရှေ့မြောက်ပါတီ တပ်ဖွဲ့နှင့်ဒေသဆိုင်ရာကေဒါများကြား နိုင်ငံရေးအရ မိမိကိုယ်မိမိတောင်းဆိုမှု နိမ့်ပါးကာ စည်း ကမ်းလျော့ရဲသည့်အခြေအနေများကို မြင်တွေ့နေရသည့် မိမိတို့က ကိုယ့်ကိုကိုယ်တောင်းဆိုမှုမြင့်မားပြီး စွန့်လွှတ်ပင်ပမ်း ဆင်းရဲခံ အသေခံတိုက်ပွဲဝင်သွားသည့် ရဲဘော်များအား ခွဲခြားခြင်းမပြုဘဲ သိမ်းကျုံး၍ မှားယွင်းသည်ဟုပြောဆိုခြင်းကိုလက်သင့်မခံနိုင်ခဲ့။ ထို့ပြင် ပဲခူးရိုမ၏ ၆၄ စစ်နိုင်ရေးလမ်စဉ်နှင့်ပတ်သက်၍ ဦးစွာအသိမှတ်ပြုသည့်အခြေခံပေါ်မှ ပဲခူးရိုးမ၏ ထူးခြားချက်များအား ထုတ်နှုတ်ကြည့်မြင်သုံးသပ်၍လည်းကောင်း၊ ၆၄ လမ်းစဉ်၏အားနဲချက်များကို သီးခြားထုတ်နှုတ်၍ သုံးသပ်ပါကလည်းကောင်း အဖြေမှန်ရနိုင်သေးသည်။ သို့သော် လမ်းစဉ်မှား၍ ပဲခူးရိုးမကျသည်ဆိုသည့် အလွန်တရာ ယေဘုကျသည့် ကောက်ချက်နှင့် ပဲခူးရိုးမ၏အားသာချက်ကို အသိအမှတ်မပြုသည့်အမြင်ကို မိမိတို့လက်မခံနိုင်ခဲ့ကြပေ။

ထို့ပြင် နိုင်ငံတကာမှ ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှု အပြည့်အဝရရှိထားပြီး တရုတ်နယ်စပ်ကို ကျောခိုင်းထားသည့် အရှေ့ မြောက်နှင့် အစိုးရစစ်တပ်ပတ်လည်ဝိုင်းထားခြင်းခံရပြီး မည်သည့် ရုပ်ဝတ္ထုပစ္စည်း အထောက်အပံ့မှရရှိခြင်းမရှိဘဲ ကိုယ်ဒူး ကိုယ်ချွန်ဖြင့် ဆင်းဆင်းရဲရဲ ကြပ်ကြပ်တည်းတည်းရုန်းကန်ရသည် ပဲခူးရိုးမနှင့် ပြည်တွင်းမှရဲဘော်များအခြေအနေကို ထပ် တူပြု သုံးသပ်၍မရနိုင်။ သူ၏ကွာခြားချက် ထူးခြားချက်များကို ထည့်သွင်းစဉ်းစားကြရန်လိုသည်ဟု မိမိတို့က ယူဆကြ သည်။

ထို့ပြင် ပို၍အရေးကြီးသည့်အချက်မှာ ပါတီဗဟိုနာခံမှု ပြဿနာဖြစ်သည်။ ပဲခူးရိုးမ ၆၄ လမ်းစဉ်မှား၍ တော်လှန်ရေးကျသည် ဟုဆိုလျင် အရှေ့မြောက်ကအဘယ်ကြောင့် တော်လှန်ရေးတက်သနည်း။ အရှေ့မြောက်သည်ပဲခူးရိုးမ ၆၄ လမ်းစဉ် မကျင့် သုံးသည်လော၊ အရှေ့မြောက်သည် ပဲခူးရိုးမဗဟိုအား မနာခံသည်လောဟူ၍ ပြန်လှန်မေးခွန်းထုတ်သည်။ ဤမေးခွန်း အား အရှေ့မြောက်ဗဟိုခေါင်းဆောင်များ ရှောင်ရှားကြသည်။အဘယ်ကြောင့်ဆိုသော် ၁၉၆၈ ခုနှစ်မှ ဥက္ကဌ သခင်ဇင်ကျဆုံးသည့် ၁၉၇၅ အထိ ပါတီဗဟို၏လမ်းစဉ်မှာ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ စစ်နိုင်ရေး အာဏာသိမ်းရေးလမ်းစဉ်ဖြစ်သည်။ ပါတီ စည်းရုံးရေးစည်းကမ်းအရ တပါတီလုံးလိုက်နာရမည့်လမ်းစဉ်လည်းဖြစ်သည်။ ပဲခူးရိုးမပါတီဗဟိုအား သူတို့မနာခံခဲ့ဟုဆိုပါက ပါတီစည်းကမ်းပိုင်းအရ အရှေ့မြောက်ခေါင်းဆောင်များသည် ရှင်းလင်းရန်ခက်ခဲပေသည်။

ဤသို့ငြင်းခုံပွဲများတွင် ဤပြသနာနှင့်ပတ်သက်၍ အရှေ့မြောက်ခေါင်း ဆောင်များဘက်မှရပ်ခံငြင်းခုံသည့်သူတယောက် မိမိတို့ နိုင်ငံရေးဌာနသို့ ရောက်လာသည်။ ရောက်လာသည်ဟုဆိုရသည်က သူက ထိုစဉ်က နိုင်ငံရေးဌာနကမဟုတ်။ ဗဟို ဌာနကဖြစ်သည်။ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်း ကိုဇင်ထက်ခေါ် ကိုစိုးထွဋ် ဖြစ်သည်။ လမ်းစဉ်မှန်ရင်တက်သည်။ လမ်းစဉ်မှားရင်ကျသည်ဆိုသည်နှင့်ပတ်သက်၍ သူ၏ရှင်းလင်းချက်မှာ လမ်းစဉ်မှားတခုအား မတက်မကြွလုပ်လျင် တော် လှန်တက်သည်ဟူသတတ်။ မိမိတို့အတွက် အတော်စိတ်ပျက်စရာကောင်းသည့် လောဂျစ်တခု ဖြစ်ခဲ့သည်။ သူတဦးချင်း သဘောထားလား သူ့အထက်က တဦးဦး၏သဘောထားလားတော့ မပြောတတ်ပေ။ မိမိတို့အတွက်တော့ ရယ်ပွဲဖွဲ့စရာ ပျက်လုံးတခုဖြစ်ခဲ့သည်။

CPB သို့ရောက်ရှိလာသော မိမိတို့အတွက် ပါတီဗဟို၏ လမ်းစဉ်ကိုယုံကြည်၍ ရောက်လာခဲ့ခြင်းဖြစ်သည်။ ယခုအခြေခံဒေသ ရောက်မှ ထိုလမ်းစဉ်ကမှားသည်ဟုဆိုလိုက်ရာ မိမိတို့အတွက် အလွန်ခက်ခဲသည့် အခြေအနေတရပ်ကို ကြုံ တွေ့လိုက် ရခြင်းဖြစ်သည်။ သို့သော်ဤပြဿနာကား ပြတ်သားစွာ မရှင်းလင်းနိုင်ခဲ့ပေ။ မိမိတို့ပြန်လည်မေးခွန်းထုတ်ခဲ့သည့် အရှေ့ မြောက်စစ်ဒေသကရော ပဲခူးရိုးမပါတီဗဟိုအား မနာခံခဲ့ဘူးလားဟူသည့်မေးခွန်းသည်လည်း သူတို့အတွက် ဖြေရန်ခက်ခဲသည့်မေးခွန်းဖြစ်ခဲ့ပေသည်။ လက်ရှိ ၁၉၇၅ မှ ပါတီဗဟိုအဖြစ်ရောက်ရှိလာသည့်အရှေ့မြောက်ပါတီဗဟိုအဖို့ သူတို့ဗဟိုအားနာခံရမည့် မိမိတို့အားရှင်းရခက်နေပုံရပေသည်။

တကယ်အဖြစ်မှန်မှာ အရှေ့မြောက်စစ်ဒေသခေါင်းဆောင်များသည်လည်း ပဲခူးရိုးမပါတီဗဟိုအား နားခံခြင်းမရှိခဲ့၍ဖြစ်ပါ သည်။ နောင် ၄ နှစ်အကြား ၁၉၈၀ ခုနှစ်တွင် ၁၈၀ တပ်ဖွဲ့နိုင်ငံရေးမှူး ဗိုလ်အောင်ကျော်မိုးနှင့်အတူ ကွတ်ခိုင်ခရိုင်ပါတီအတွင်းရေးမှူး ဦးလှဖေထံရောက်သွားပါသည်။ ဗိုလ်အောင်ကျော်မိုးမှာ ထိုစဉ်က ထောင်ကလွတ်ပြီးနောက် အရှေ့မြောက်သို့ ရောက်လာကာ မြစ်ဖျားတိုင်းသို့ ပြန်လည်ထိုးဖောက်ရန် တပ်ဖွဲ့စည်းပြင်ဆင်နေသည့်ကာလဖြစ်သည်။  အရှေ့မြောက်ရဲဘော် ဟောင်း ဦးလှဖေက ဧည့်ခံပြီး လူဟောင်းကြီးနှစ်ယောက် ပွင့်လင်းစွာပြောဆိုဆွေးနွေးကြသည့်ညဖြစ်သည်။ မိုးအလင်းစကား ပြောကြသည့်ညလည်း ဖြစ်ခဲ့သည်။ မိမိကတော့ ဗိုလ်အောင်ကျော်မိုး အဖော်ခေါ်သွား၍ ပါသွားခြင်းဖြစ်ရာ အချိန်အများ စုကတော့ သူတို့နှစ်ဦးစကားပြောသည်ကို ထိုင်နားထောင်နေသည်သာများပါသည်။ လမ်းစဉ်ဆိုင်ရာကိစ္စများရောက်တော့ မိမိမေးသည်ကို ဦးလှဖေဖြေသည်က ရှင်းပါသည်။

“မင်းစဉ်းစားကြည့်လေကွာ။ ပဲခူးရိုးမ ဗဟိုကညွှန်ကြားတာကတမျိုး၊ စစ်ဒေသက ညွှန်ကြာတာကတမျိုးလေ။ ပါတီဗဟိုက ညွှန်ကြားတာကိုလုပ်ရင် စစ်ဒေသက ငါ့ကိုထောင်းမယ်။ စစ်ဒေသကညွှန်ကြားတဲ့အတိုင်းလုပ်ရင် ပဲခူးရိုးမဗဟိုက နယ်စပ် တက်လာရင် ငါကအရေးယူခံရမယ်လေကွာ”

“အဲဒါဆို အဖိုးကြီး (ဦးလှဖေ) ဘယ်လိုလုပ်လဲ”

“ငါဘယ်လိုလုပ်လဲ ဟုတ်လား။ စစ်ဒေသညွှန်ကြားချက်အတိုင်းလည်း မလုပ်ဘူး။ ပဲခူးရိုးမ ဗဟိုညွှန်ကြားတဲ့အတိုင်းလည်း မလုပ်ဘူး။ နှစ်ခုစလုံးပစ်ထားပြီး ငါစိတ်တိုင်းကျ ငါလုပ်ချင်တာ လျောက်လုပ်ပစ်တာပေါ့ကွာ” ဟူ၏။

၁၉၈၀ ခုနှစ်တွင်း မုန်းကိုးကွင်း ကောင်းဒပ်တွင် အခြေပြုသည့် ကွတ်ခိုင်ခရိုင်ရုံးက ညလေးတညတွင်ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)

Photo credit ဘာတေးလင်နာ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်