မင်းဘုန်းနိုင် ● စက်တင်ဘာ (၁၅) ရက် (အကြောင်းအရာများ)

July 18, 2017

● စက်တင်ဘာ (၁၅) ရက် (အကြောင်းအရာများ)
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇

-၁-
သစ်ပင်ပန်းမာလ်တွေပဲ မြင်နေရတဲ့ တောင်ကုန်းတခုပေါ်မှာ ကျွန်တော်နေခဲ့သေးတယ်။ နေ နေတာလည်း ဟုတ်ပါတယ်။ ဘယ်အရာကိုမှ တိတိကျကျ အချိန်သတ်မှတ်လို့ မရကောင်းဘူးလေ။ မိုးတွေ တစိုစို အမြဲဖြစ်နေတာကိုလည်း ထည့်ပြောရဦး မှာပဲ။ မိုးအတော်ရွာတဲ့ညများကို ရရှိခဲ့တယ်။ မိုးရွာတော့ ဆက်သွယ်ရေးတာဝါတိုင်တွေ အလုပ်မလုပ်တဲ့မြို့လေး။ ဆက် သွယ်ရေးတာဝါတိုင်တွေမရှိခင် ဒီကလူတွေ ဘယ်လိုများနေကြလဲလို့ ရူးကြောင်ကြောင် အတွေးအခေါ်တွေကို ကျွန်တော် တွေးမိသေးတယ်။ ဒါက သိပ်တော့အရေးမကြီးပါဘူး။ Tiffany က ကျွန်တော့်ကို ဆက်သွယ်ရေးကောင်းတဲ့ တရက်ကပဲ ပြောခဲ့သေးတာ။

သူ့အသံက ဟိုး မိုင်ပေါင်းများစွာကနေလာတယ်လို့ ကျွန်တော်မထင်ရဘူး။ ကြားဖူးနားဝအသံမျိုးပဲ Tiffany အသံက။ ကျောက်ပန်းတောင်းဘက်က လေသံမျိုး။ ခင်ဗျားတို့ သိမလားမပြောတတ်ဘူး။ သန်ဘက်ခါလို့ပြောရင် သဘက်ခါဆိုပြီး ခါ မှာ ဆွဲပြောတဲ့ အသံလေ။ ဆက်သွယ်ရေးဟာ အရေးကြီးကြောင်း Tiffany ကို လွမ်းတဲ့အချိန်တိုင်း ကျွန်တော်တယောက်တည်း ပြောမိတယ်။ Tiffany သိချင်မှတောင် သိမှာ။ သူလည်း ဆက်သွယ်မရလို့ ဝမ်းနည်းရတယ်လို့ တခါမကဘူးပြော ရှာပါ တယ်။ သူနဲ့ ကျွန်တော်နဲ့က ဘာတွေလဲ။  ချစ်သူပေါ့။

ဟုတ်တယ် ချစ်တဲ့သူ  Tiffany ရေလို့ အစချီတဲ့ကဗျာရှည်တွေ ကျွန်တော် ခဏခဏ ရေးခဲ့သေးတယ်။ ဘယ် မဂ္ဂဇင်းတိုက် ကိုမှ မပို့ဖြစ်ခဲ့သလို လူမှုကွန်ယက်တွေပေါ်တောင် မတင်ဖြစ်ဘူး။ ထားပါတော့  ကြားခံပစ္စည်းဆိုတာ အနုပညာမှာ လိုချင်မှ လိုမှာလေ။ ပရိတ်သတ်ဆိုတာရော အတူတူပါပဲ။ လူတွေက အနုပညာလို့အော်ပြီး ပရိတ်သတ်လက်ခုပ်သံတွေ ဆာနေတဲ့ နေ့ရက်တွေမှာ နေထိုင်ရတာ မွန်းကြပ်လှတယ်။ ကျွန်တော်က အနုပညာကို မသိဘူး။ ခံစားလို့မရဘူးလို့ လူတကာကိုပြော ပစ်တာပဲ။ ဒီ သစ်ပင်ပန်းမာလ်တွေနဲ့မြို့က အေးချမ်းပါတယ်။ တောင်ကုန်းအများကြီး တောင်တန်းတွေရော။

-၂-
မြို့ရဲ့ မြင်ကွင်းက တောင်တွေနဲ့ မွမ်းမံထားတဲ့ ပန်းချီကားလိုပေါ့။ တာဝါတိုင် ၂ တိုင်ရယ်၊ အမိုးပြာပြာတွေရယ်၊ ဘုရားကျောင်း တကျောင်းရယ်၊ ဗုဒ္ဓဘာသာတွေ ကိုးကွယ်တဲ့ စေတီ ၂ ဆူရယ်။ ကော်ဖီနဲ့အရက်ဘီယာတွဲရတဲ့ ဆိုင် ၄ ဆိုင်လောက်ရယ်၊ ၃၆၅ ရက်ရဲ့ ၃ ပုံ ၂ ပုံမှာ မိုးစက်တွေ။ ကျန်တဲ့တပုံက နှင်းရိုက်သံတွေရဲ့ ခေါင်မိုးတွေ။ ကျွန်တော်တယောက်တည်းနေရတဲ့ အချိန်တွေများတယ်။ မြို့ရဲ့ view Point က အရာရှိရိပ်သာမှာပေါ။ အားရင် စာဖတ်တယ်။ ဆေးပေါလိပ်တွေ သောက်တယ်။ ရာသီဥတုအကြောင်းပြပြီး သောက်ကြသေးတယ်။ စကော့တလန်ကထုတ်တဲ့ ဝီစကီကိုသောက်ဖို့ ရုံးက စာရွက်တွေခိုးရောင်း ကြတဲ့ကာလတွေပေါ့ဗျာ။

သစ်ပင်ပန်းမာလ်နဲ့မြို့လို့ အမည်ပေးထားတဲ့မြို့မှာနေရတုန်း ကျွန်တော် သစ်ပင်တပင်မှ မစိုက်ခဲ့တာတော့ အမှတ်တရပဲ။ ရုံးကလူတွေနဲ့ သိပ်စကားပြောလို့မရဘူး။ ဘာလို့လဲဆိုတော သူတို့က အနုပညာသမားတွေလေ။ ကီးအမြင့်ကြီးနဲ့ သီချင်း ဆိုတယ်။ ဒရမာကားတွေကြည့်ပြီး မျက်ရည်တွေကျတတ်သေးတယ်။ ယေဘုယျပြောရရင် မြို့ဟာချစ်ဖို့ကောင်းပါတယ်။Tiffany နဲ့ မတွေ့ခင်ထိပေါ့။ မြို့သူတချို့ရဲ့ အသံခပ်ဝဲဝဲလေးတွေကို ချစ်စရာလေးလို့ တခါမှ မတွေးဖူးပါဘူး။ ကျွန်တော့်အတွက် ဝီစကီရယ်၊ စီးကရက်ရယ်၊ မီးမရှိတဲ့ ညချမ်းချမ်းတွေရယ်နဲ့တင် ပျော်တတ်ခဲ့တာ။ Tiffany မရှိခင်ကပေါ့။

-၃-
အနုပညာကို လူအကြိုက်ဆုံး ကုန်ချောပစ္စည်းလို့ ဘုရား တပါးပါးက ဗျာဒိတ်ပေးခဲ့ပုံရတယ်။ လူတွေက အနုပညာနဲ့သိပ် ကျွမ်း ဝင်နေကြတယ်။ သီချင်းဆိုပြိုင်ပွဲတွေ၊ သရုပ်ပြ ကခုန်ပွဲတွေ၊ ဘာမှ ခံစားလို့မရဘူး။ ကျွန်တော်က ရုံးဌာနမှာဆိုလည်းသတင်းချန်နယ်ပဲကြည့်လို့ ရုံးကလူတချို့က မကြည်ချင်ဘူး။ သူတို့ထက် ရာထူးအနည်းငယ်မြင့်နေလို့ ပြန်မပြောကြတာပဲနေမှာပါ။ ဝတ္ထုစာအုပ်နဲ့ အရေးအသားတချို့ပါတဲ့ စာအုပ်တွေလည်း ချောင်ထိုးပစ်တော့ ရုံးကလူတွေက အနုပညာမရှိတဲ့သူလို့ နာမည်ဝှက်ပေးထာသေးတာ။ ကျွန်တော်နဲ့အနုပညာနဲ့က ၁၀ ကမ္ဘာလောက်ဝေးတယ်။ Tiffany နဲ့ မတွေ့ခင်အချိန်ကပေါ့။ သစ်ပင်ပန်းမာလ်မြို့လေးမှာလေ။ တောင်တန်းအပြာနဲ့ မိုးစိုဖက်ရှက် အဝတ်အစားတွေနဲ့။

-၄-
မှတ်မှတ်ရရ။ ၂၀၁၆ခုနှစ်လောက်က။ ညတညမှာ ကျွန်တော် အလွန်အကျွံ မူးတယ်။ ဝီစကီနဲ့ ရိုးရာခေါင်ရည်နဲ့ အရောအနှော ကိုသောက်မိပုံရတယ်။ အဲ့ဒီနေက နှင်းရိုက်သံနဲ့ ခေါင်မိုးဂီတကို ကောင်းကောင်းခံလိုက်ရသေးတာ။ ကျွန်တော် အိပ်မပျော် ဘူး။ ညတခုလုံး နှင်းစိတ်တွေပေါက်ပြီး ချမ်းကိုက်နေခဲ့တာ။ နှင်းရိုက်သံ တေးသွားအလွတ်ကြီးနဲ့ပေါ့။ အိပ်မရတာနဲ့ ထဖို့ ကြိုးစားတော့လည်း  အပူချိန် ၃ ဒီဂရီစင်တီဂရိတ်က ကျွန်တော့်ကို ထခွင့်မပေးပါဘူး။ ဖြစ်ဖူးလား။ စောင်ပုံထဲမှာ ပေါင် ၁၇၀ လောက် ခန္ဓာကိုယ်ကြီးကို ထိုးသိပ်ထားရတာမျိုးလေ။ မှတ်မိသမျှ ဘုရားစာတွေဆိုသေးတယ်။ သိသလောက် ဝိပဿနာတွေ နဲ့ရှုကြည့်သေးတယ်။ ကျွန်တော်နဲ့ ဘာသာတရားန ဝေးကွာလွန်းသေးတယ်။ အနုပညာလောက်မဝေးပေမယ့် ဝေးတော့ဝေး သေးတာပဲ။ ၈ ကမ္ဘာလောက်ပေါ့။

အဲ့ဒီညက တောင်တွေး မြောက်တွေး တွေးနေတုန်းမှာပဲ ဦးနှောက်က ဒါ နိုဝင်ဘာလဆန်းဖြစ်တယ်လို့ ပြောတာကြားမိတယ်။ စိတ်က စက်တင်ဘာလလယ်ပါကွာလို့ ပြောသေးတာ။ စက်တင်ဘာမှာ ၃ ဒီဂရီစင်တီဂရိတ် နှင်းရိုက်သံဂီတ စောင်ပုံထဲက ပေါင် ၁၇၀  ဖြစ်ပျက် ဖြစ်ပျက် သိစိတ်တွေ။ ကျွန်တော် အိပ်ပျော်သွားပါသေးတယ်။ တကယ်တော့ မဟုတ်ဘူး။ စက်တင်ဘာ ၁၅ ရက်ကို ရောက်နေတာ။ အိပ်ပျော်သွားတဲ့ညဟာ ဘာရက်ဆိုတာတော့ မမှတ်မိဘူး။ အဲ့ဒီလို မမှတ်မိတာကို မှတ် မှတ်ရရရှိနေတာ။

-၅-
စက်တင်ဘာလလယ်ပါ။
၂၁၀၆  စက်တင်ဘာ ၁၅ ည လယ်ထင်တာပဲ။ ဆက်သွယ်ရေးတာဝါတိုင်တွေက တအားကောင်းလွန်းနေတယ်။ အိပ်မက်ထဲ မှာကို တိုင်အပြည့် ကွန်ရက်တွေနဲ့။ ၀၉၄၀ နဲ့စတဲ့ ဖုန်းတလုံးကိုခေါ်မိတယ်။ သစ်ပင်ပန်းမာလ်မြို့ရယ် ဗဟိုချက်တနေရာကနေ ခေါ်လိုက်တာလို့ပဲ ခုပြန်စဉ်းစားလို့ရတယ်။ ရည်ရွယ်ချက်က ဘာမှန်မသိဘူး။ hello တဲ့ အိပ်မက်ထဲက လှိုင်းနှုန်းတွေက ကြည်မြနေတယ်။ တောင်တန်းတွေကြားက ရေတံခွန်ရဲ့ အကြည်ဆုံးအပိုင်းလိုပေါ့။ ကျွန်တော် စကားပြောမိတယ်။ သူ လည်းပြန်ပြောတာပဲ။ သစ်ပင်ပန်းမာလ်မြို့ကလားလို့ ကျွန်တော်မေးတော့၊ မဟုတ်ဘူး ငါက မြစ်ကမ်းနားမြို့ကလို့ ပြန်ဖြေ တယ်။ ကျွန်တော်သိတာ သူ့ကို ကျောက်ပန်းတောင်းလေသံနဲ့တယောက်လို့ သိတာ။ သူ့မြို့က မြစ်ကမ်းနားမြိ့ဖြစ် နေ တယ်။

သူက သီချင်းဆိုတတ်လားမေးတော့။ ဟင့်အင်း အနုပညာနဲ့ပတ်သက်တာ ဘာမှမရဘူးဗျာလို့ ဖြေပစ်ခဲ့တာ။ ဒါပေမဲ့ ကျွန် တော် ၁၅ ရက်တညထဲတင် သီချင်း ၃ ပုဒ်လောက် ဆိုပြဖြစ်တယ်ထင်ရဲ့။ တခါမှမရောက်ဖူးတဲ့ မြစ်ကမ်းနားမြို့က သူစိမ်း အမျိုးသမီးကို ကျွန်တော် Tiffany လို့ တိတ်တိတ်လေး အမည်ပေးထားတယ်။ ကျွန်တော့်ရုံးကလူတွေ မသိအောင်ပေါ့။ တခါတခါ ရုံးက စာရေးမတွေ စာရေးတွေ အထက်လူကြီးတွေဖုန်းကို လာကိုင်တတ်လို့ lock ချထားခဲ့တာကို အမှတ်တရ ရှိ မိသေးတယ်။ Pw က Tiffany-2016တဲ့။

-၆-
မင်းက ငါကို Tiffany လို့ ခေါ်ရတာကြိုက်လားတဲ့။ ဟုတ်ကဲ့ မမလို့ ယဉ်ယဉ်ကျေးကျေးဖြေမိသေးတယ်ခေါ်ပေါ့ကွာတဲ့။ သိပ်မထူးဆန်းပါဘူး။ ချစ်မိသွားကြတယ်ပေါ့ဗျာ။ ဒါကိုပြန်ပြောရတာ ရှက်သလိုပဲဗျ။ အရာရှိရိပ်သာ အခန်းအမှတ် ၁၅ ထဲ မှာအိပ်တုန်းက မက်နေကျအိပ်မက်ကို အခန်း ၁၇ မှ ပြောင်းအိပ်ပြ မက်သလိုလေ။ ရုံးက တီဗီမှာလည်း အရှေ့တိုင်း အချစ်ကားတွေ ဖွင့်ကြပါစေတော့ဆိုပြီး သတင်းမကြည့်ဖြစ်တော့ဘူး။ ရှက်ဖွယ်အလိလိက ဂစ်တာတလက် ခိုးဝယ်မိတာပဲ။ ဒါကိုသိတော့ အဝေးက အမေက ဖုန်းဆက်တယ်။ မင်း ခရစ်ယာန်ပြောင်းတော့မလို့လား။ ဘုရားသီချင်းတွေတီးချင်လို့ဝယ်တာထင်ပြီး အမေက မေးတာပါ။ ရယ်တော့ ရယ်ရတယ် ကျွန်တော့်ကိုးကွယ်ရာကို မှတ်ပုံတင်ထဲမှာ ဗုဒ္ဓဘာသာလို့ပါတာ ကနေ စက်တင်ဘာ ၁၅ ရက်နေ့ကျတော့ ချက်ချင်းကြီး TIFFANY လို့ ပြောင်းသွားတာ။
ငယ်သူငယ်ချင်းဆီဖုန်းဆက်တော့ သားကြီး မင်းဘာသာပြောင်းမှာဆိုလို့ မေးသေးတယ်။ အမေကပြောလို့ ထင်ပါတယ်။ မသိချင်ယောင်ဆောင်ပဲနေလိုက်တယ်။ ကျွန်တော့်မှတ်ပုံတင်ထဲက လူမျိုးဘာသာဆိုတဲ့ နေရာမှာ ဗမာ/Tiffany လို့ ပြောင်း နေတာကတော့ ထူးဆန်းပါတယ်။ ဘာမှန်းလည်း မသိဘူး။

အစကတော့ သန့်ရှင်းရေးကောင်လေးတွေ စတယ်ထင်မိသေးတာ။ သေချာကြည့်တော့မှ တကယ့်ကိုပြောင်းနေတာ မူရင်းကိုက ပြောင်းနေတာ။ ဒါကို ရုံးက လူတချို့ ပိုကာကစားရင်း ရိပ်သာအခန်း ၁၅ ကို ဝင်မွှေတော့ တွေ့သွားတာပေါ့။ tiffany ကိုပြန်ပြောတော့ သူတောင် ကြားရုံနဲ့ ရှက်တယ်တဲ့။ နောက်ပြီး သူ့မှတ်ပုံတင်မှာလည်း ကျွန်တော့်နာမည် ထည့်ချင် တယ် ပြောသွားပါတယ်။

နောက်ရက်ကျ နေ့ခင်းကြီး Tiffany ဖုန်းဆက်တယ် … လဝကကို။ ကိုးကွယ်ရာသွားပြောင်းမလို့ကြည့်နေတုန်း သူ့မှတ်ပုံ တင်လည်း ကိုးကွယ်ရာနေရာပြောင်းသွားတယ်။ အဲ့ဒါရှင့်နာမည်ပဲထင်တယ်တဲ့။ ဟုတ်လား ငါ့နာမည် ဘယ်သူလဲဆိုတော့ မသိဘူးလေတဲ့။ ဗမာ/ဗုဒ္ဓဆိုတဲ့နေရာမှာ ဗမာ/- တခြားစာသားတွေပဲပါတယ်။ ဒါနဲ့ ရှင့်နာမည် ကျွန်မ မသိသေးဘူး။ ပြောဦး ဆိုမှ ကျွန်တော်သတိရတယ်။ ချစ်သူသက်တမ်း ၁ လခွဲလောက်ထိ နာမည်ပြောမပြရသေးဘူး။ မဟုတ်ဘူး။ ကျွန်တော့် နာမည်ဘယ်သူဆိုတာကို ကျွန်တော်မသိတာ။

မှတ်ပုံတင်ပြန်ကြည့်တော့လဲ ကိုးကွယ်ရာ Tiffany ဆိုတာနဲ့ မွေးနေ့ ၁၅ ရက် ၈ လပိုင်း ၁၉၉၂  ဆိုတာပဲပါတာ။Tiffany ကို မသိဘူး။ ငါ့နာမည် ငါမသိဘူးပဲ ပြောလိုက်မိတယ်။ အမေ့ကိုမေးကြည့်မလို့လုပ်တော့အမေက ခရီးလွန်နေတယ်။ ရုံးက လူတွေလည်း မသိကြဘူး။ ကျွန်တော်ဘယ်သူပါလဲ။ နာမည်တွေက အရေးမကြီးပါဘူး ရှင်ကလည်း။ တယောက်နဲ့ တယောက် ကိုးကွယ်ရာတွေပဲ ဟုတ်စာ။ တွေပဲ ဥစ္စာဆိုတာကို Tiffany မပြောတတ်ဘူး ဟုတ်စာလို့ပဲ ပြောတတ်တယ်။ ဒါ လည်း အရေးမှမကြီးတာလေ။ ဘာနာမည်မှန်းမသိတဲ့ ကျွန်တော့်မှာ ကိုးကွယ်ရာအသစ်ရှိနေပြီပဲကိုး။ အားလုံးကို အမှတ် တရ မေ့ပစ်ခဲ့တယ်။

-၇-
ရက်တချို့က တော်တော်မြန်ပြီး ရက်တချို့ကတော်တော် နှေးပါတယ်။ နှင်းသံ မိုးသံကြားမှာ Tifffany ရဲ့ အသံတွေကြားရင်း
အသက်ဆက်ခဲ့ပုံရတယ်။ အခုဆို နှစ်ပေါက်တော့မယ်။ ကိုးကွယ်ရာ အမည်မရှိ Tiffany နဲ့ကိုးကွယ်ရာ Tiffany ကျွန်တော်တို့ ၂ ယောက် အစစအဆင်ပြေနေဆဲပါ။ ရံဖန်ရံခါ  အနုပညာကြောင်း အသက်မွေးဝမ်းကြောင်း၊ ပညာအကြောင်း ငြင်းခုန်ကြ တာက လွဲလို့ပေါ့။

ရုံးမှာလည်း အလုပ်ရှုပ်လိုက်၊ အလုပ်လက်မဲ့လိုက်၊ တီဗွီကလာတဲ့ ချန်နယ်တွေကြည့်လိုက်နဲ့ လည်ပတ်နေရတာ သစ်ပင် ပန်းမာလ်မြို့ဟာ ပုံမှန်ပါပဲ။ ဘုရားစာရွတ်တာပျင်းတဲ့ ကျွန်တော်နဲ့ တရားထိုင်ပျင်းတဲ့ Tiffany နဲ့ကတော့ ကီးကိုက်နေ တယ်။ အမေက ဖုန်းဆက်ရင် ဘာဘာသာကိုပြောင်းထားလဲ တတွတ်တွတ်မေးတုန်း။ ကျွန်တော်က မသိချင်ယောင်ဆောင်ပြီး ပဋ္ဌာန်းအကျဉ်းကိုရွတ်ပြတာကလွဲလို့ပေါ့။ သာသာယာယာပါပဲ။ တခုခုကတော့ ယုံကြည်သက်ဝင်ဖို့ကောင်းတာပဲ မဟုတ် လား။ အော် မေ့နေတာ။ အကြီးအကျယ်ပြောင်းလဲသွားတာ တခုရှိသေးတယ်။ ရိပ်သာအခန်း (၁၇) မှာ ကျွန်တော် ပန်းချီ ကားဆွဲနေတာနဲ့ သီချင်းတီးတဲ့ဆောဖ့်ဝဲနဲ့ Beat တွေ လျှောက်တီးနေတာ။

-၈-
အခု ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်ပါ။ အနုပညာမပါတဲ့ ပန်းချီကားနဲ့ အင်စတုမန့်မပါတဲ့ မယ်လိုဒီ အကြမ်းလေးပြီးတဲ့ညဆို လည်းမမှားဘူး။ တော်တော်လေးကို အားရပါတယ်။ သီချင်းဆိုပြိုင်ပွဲတွေ ဒရမ်မာကားတွေနဲ့ ပေါ့ပ်ကဗျာစာအုပ်တွေထက် စာရင် တော်တော်အားရတယ်။ ဒါသစ်ပင်ပန်းမာလ်မြို့ရဲ့ ပထမဆုံး အနုပညာမပါတဲ့ပန်းချီနဲ့ ဂီတပြုလုပ်မှုတခု။ ကျွန်တော့် ပန်းချီကားမှာ ဗလာနယ်အချို့နဲ့ Tiffany ပြောတဲ့စကားတချို့ ပါတယ်။ Tiffany ကတော့ အရမ်းမိုက်တာပဲ။ ရှင့်လက်ရာက။ သီချင်းကလည်း  အကြမ်းသာပြောတယ်။ တအားမိုက်တယ်လို့ ပြောပါတယ်။ ခင်ဗျား  မြင်ဖူးလို့လား နားထောင်ဖူးလို့လား လို့ ကျွန်တော်မေးတော့ ဆက်သွယ်ရေးညံ့ပြီးထွက်လာတဲ့ အသံ တဂျစ်ဂျစ်ပဲကြားရတယ်။ ပန်းချီကားကိုဆွဲပြီး ကျွန်တော် ကင်းဗစကို အသေးဆုံးဆိုက်ဖြစ်အောင် ခေါက်ပစ်တယ်။ သီချင်းပါတဲ့ ဖိုင်ကိုရှာလို့မရတဲ့ folder ထဲသိမ်းပြီး hide လုပ်ပစ် တယ်။

ညစဉ်မှန်မှန် Tiffany နဲ့စကားပြောတယ်။ ချစ်ရေးချစ်ရာတွေ ပါတဲ့အခါ ပါတယ်။ သစ်ပင်ပန်းမာလ် မြို့နဲ့မြစ်ကမ်းနားမြို့ အကြောင်းပါတယ်။ ငြင်းခုံတယ်။ Tiffany ငိုတယ်၊ ကျွန်တော်ငိုတယ်။ တခါတလေ ပြိုင်တူ ရယ်ပစ်ကြတယ်။ ဒီလောက်ပါပဲ ကိုးကွယ်ယုံကြည်ခြင်းတွေထဲ ကိုယ့်ပျော်ရွှင်ငြိမ်းအေးမှုကို ထည့်ရောပစ်ရတာ။ မနက်ကျ ရုံးသွားတယ်။ စီးကရက်နဲ့ ဝီစကီ မသောက်တော့ဘူး။ အဲဒီအစား Tiffany ကို များများကိုးကွယ်တယ်။ ကျစိမ့် လဘက်ရည်နဲ့ ဝိုင်အနည်းအကျဉ်းသောက်ဖြစ်ခဲ့တယ်။ ရှင်သန်ရခြင်းမှာ အနုပညာရယ်၊ ကိုးကွယ်ယုံကြည်ချက်ရယ်၊ အသက်မွေးဝမ်းကျောင်းကိစ္စရယ်နဲ့ ငြိမ်သက်လာ ခဲ့တယ်။

-၉-
ကျွန်တော် သစ်ပင်ပန်းမာလ်မြို့မှာ တာဝန်ကျနေတာ နှင်း (၃) ဆက်၊ မိုး (၄) ဆက်မြောက်ပြီးတဲ့အထိ ပြောင်းခွင့်မရ သေးပါဘူး။ အထက်ဌာနက လူကြီးတွေက မင်းကြာပြီလား။ ဘယ်ပြောင်းချင်လဲ မမေးကြပါဘူး။ ရုံးကလည်း ခြောက်သွေ့ လိုက် စိုစွတ်လိုက်။ စာရွက်စာတမ်းတွေ အုပ်ချုပ်ရေးအမိန့်တွေ။ ဒေသန္တရ ကျန်းမာရေးပြဿနာတွေ။ တိတ်တိတ်ပုန်း အာဏာလွန်ဆွဲပွဲတွေနဲ့။ ပြန်မပြောတတ်တဲ့ စာရေးခုံတွေကို တဒုန်းဒုန်းထုရတဲ့ခေတ်ကနေ ပြန်ပြောတတ်တဲ့လူသား လက် အောက်ဝန်ထမ်းတွေကို ဆူလိုက် ချော့လိုက် လုပ်တတ်ခဲ့တာရယ်၊ ဖျောက်ထားတဲ့ ပန်းချီကားနဲ့သံစဉ်အကြမ်းရယ် ပိုင်ဆိုင် တာရယ်၊ Tiffany ကို ကိုးကွယ်တာရယ်ကတော့ ၂၀၁၇ ဇွန်လအထိ ပိုင်ဆိုင်တဲ့အရာတွေပါ။

တခါတလေရယ်ရတယ်။ သစ်ပင်ပန်းမာလ်မြိုကလူတွေိဲနဲ့လူသတ်စစ်ပွဲတွေ  သုတ်သင်ရှင်းလင်းယေ်။ကာလတွေအကြောင်ပြန်ပြောတဲ့အခါမျိုးပေါ့။ဒေသခံလူတွေက သစ်ပင်တွေကိုခုတ်လှဲပြီး တောင်ယာစိုက်ကြတဲ့အခါမျိုး ယင်ကောင်ဗရပွနဲ နွားနောက်သားစွပ်ပြုတ်သောက်တဲ့အခါမျိုး အတော်အော်ရယ်မိတယ်။လူတွေက ဒီလူဘာလဲဟ ဆိုပြီး ကြည့်ခံရတဲ့အထိ။

ဆောင်းဦးပေါက် ဘုရားကျောင်းအော်ဂင်သံရယ်၊ မိုးဝင်စ ပဌာန်းရွတ်သံရယ်။ ရိပ်သာရဲ့မှာအပေါ်ဘက်က စေတီပေါ် ခေါင်း လောင်းထိုးသံရယ်၊ ဘုန်းတော်ကြီးတချို့နဲ့ စစ်တပ်ကအရာရှိအချို့  chess ထိုးရင်း အော်ဟစ်နေတဲ့ အသံရယ်။ ညတချို့ မှာ ဆက်သွယ်ရေးတာဝါတိုင်တွေ ပျက်နေတုန်းပဲ။ ဒေါ် Tiffany ကတော့ လွမ်းရတာ ဆိုးလိုက်တာ။ သစ်ပင်ပန်းမာလ် နဲ့မြို့ကနေ အမြန်သာပြောင်းခဲ့တော့လို့ချည်း တဖွဖွပြောနေတာပါပဲ။

-၁၀-
အရာရာဟာ နေသားတကျပါပဲ။ သိပ်နေသားမကျတာက မှတ်ပုံတင်ထဲက လူမျိုး /ဘာသာဆိုတာပါပဲ။ ကျွန်တော်နဲ့Tiffany နဲ့အဆင်ပြေပေမယ်။ ပတ်ဝန်းကျင်ကတော့ ဘာသာမဲ့ထက်ဆိုးတဲ့ ဒိဋ္ဌိတွေလို့ ပြောကြတယ်တဲ့။ မြစ်ကမ်းနားမြို့ကို အလည် ပြန်ဖို့ရယ် တခြားကိစ္စတချီု့ရယ်ရှိသေးတာကြောင့် ကျွန်တော်လည်း သစ်ပင်ပန်းမာလ်မြို့ကနေ ထွက်ခွာ ခဏထွက် လာခဲ့ ရပါတယ်။

တောင်တန်းတွေပေါ် တိမ်တွေ ကျော်ခွနေတဲ့မြင်ကွင်းကို ဓါတ်ပုံရိုက်ခဲ့တယ်။ Tiffany ကိုပြဖို့ ရည်ရွယ်တာပါပဲ။ ဒါပေမဲ့ Tiffany ဆိုတာ တကယ်ရှိလား မရှိလား သိပ်မသေချာဘူး။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း တကယ်ရှိနေလားဆိုတာ မသေချာပြန်ပါဘူး။ အခုရောက်နေတာ ၂၀၁၇ ခုနှစ် ဇွန်လ ၂၃ ရက်ပါ။

မင်းဘုန်းနိုင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်