မောင်နောင်မွန်- ပတ်လမ်းထဲပိတ်မိနေတဲ့ မြို့ပတ်ရထားအိုကြီး

July 22, 2017

ပတ်လမ်းထဲပိတ်မိနေတဲ့ မြို့ပတ်ရထားအိုကြီး
မောင်နောင်မွန်
(မိုးမခ) (သစ်ခက်သံလွင်)၊ ဇူလိုင် ၂၂၊ ၂၀၁၇
                        
(က)
အနီ အဝါ အစိမ်း တလှည့်စီလင်းတချက်မှိတ်တချက်ဖြစ်နေသောမီးပွိုင့်တွေထဲ မြို့သူမြို့သားတွေ ပိတ်မိ နေသည်။ နှလုံးသားတွင် သံသယစိတ်ကလေးက ၀င်ရောက်နေရာယူထားသည်။ 
ဒီမီးပွိုင့်တွင်လည်းတရာမျှတမှုမရှိကြောင်း မီးပွိုင့်ပေါ်နားနေတဲ့ခိုလေးတွေက သိချင်မှသိမည်။ 
ခေတ်စံနစ်တိုင်း အခွင့်အရေးကိုယ်စီမရသောအထဲတွင် အားလုံးနဲ့အတူ ဒီမီးပွိုင့်လည်း ပါမည်ထင်သည်။ စိမ်းတခါ နီ တလှည့်တွင် အဝါသည်အဖြည့်ခံသာဖြစ်သည်။ အဝါကိုလူတွေသိပ်အရေးမလုပ်ကြပေ။ နီနဲ့စိမ်းကြားတွင်ရှိသောအဝါသည်မျက်နှာငယ်ရသည်။ လင်းလက်ပိုင်ခွင့်စက္ကန့်အနည်းငယ်သာရသည်။ အလယ်တွင်ရှိသောကြောင့် သိမ်ငယ်ရသည်လားဆိုတာ ဆရာအေးမင်းစော၏ အလတ်ဝတ္ထုကို ဘာ မဆိုင်ညာမဆိုင် သတိရမိသည်။ မီးပွိုင့်သည်မီးပွိုင့်အလုပ်သာလုပ်နေ၍ အဝါရောင်မီး၏ စက္ကန့်အနည်းသာ လင်းရသောအဖြစ်ကို မည်သူကိုဆန္ဒပြရမည်မသိချေ။ တကယ်တော့ မီးပွိုင့်စနစ်သည်ပင် ရေနံသူဌေး ခရိုနီများက တီထွင်ခဲ့သည်ဟု ကြားဖူးခဲ့သည်။ တကယ်တော့ လက်တွေ့ဘဝတွင် တရားမျှတမှုသည် လေလှိုင်းပေါ်တွင်သာရှိလေသည်။
(ခ)
အသံချဲ့စက်မှကြားရသော ဗလုံးဗထွေးအသံသည် နိုင်ငံတဝန်းရှိ ဘူတာတိုင်းတွင်ကြားရသောအသံဖြစ် သည်။ အသံဆိုသောဒြပ်ထုသည် ကြားခံမီဒီယာတခုကိုဖြတ်ကာ နားထဲသို့ တိုးဝင်လာသည်။ 
တုန်ခါမှုတိုင်းသည် အသံဖြစ်သည်ဟု သိပ္ပံပညာကဆိုခဲ့သည်။ လည်ချောင်းအထဲရှိ vocal cord အသံ ကြိုးမျှင်တို့၏ထိခတ်မှုသည် အသံဖြစ်လာသည်။ ထိုအသံတို့တွင် ကြည်လင်သောအသံ၊ ကြားရဆိုး သောအသံ နားထဲအဝင်ခက်သော အသံများစွာတို့ ရှိသည်။ ထိုအရာတွေသည်ေ စတနာအပေါ်သာ မှီခို ကြောင်း အဘိဓမ္မာဆရာတယောက်ရှင်းပြတာကြားဖူးခဲ့သည်။ စိတ်ထဲတွင် ကြားရသူ ရှင်းလင်းပြတ် သားစေချင်သည်ဟူသော စေတနာထားပါက ထွက်လာသော အသံသည် သာယာ၍ နာခံသာသောနားဝင် ချိုသောအသံ ဖြစ်လာမည်ဖြစ်သည်။ ထိုသို့မဟုတ် စေတနာမပါက မည်မျှပင်အကျိုးရှိပါစေ နားထဲဝင်ဖို့ တော့ အတော်လေးခဲယဉ်းသည်။ ဘာပြောလို့ ဘာအဓိပ္ပာယ်မှန်းမသိသောစကားသံကို အသဲချဲ့စက်မှ ၁၅ မိနစ်တခါ ထုတ် လွှင့်နေခြင်းသည် မလိုအပ်ဘဲစွမ်းအင်ကိုသုံးဖြုန်းနေခြင်းဟု ထင်မိသည်။ အသံသည်လည်းစွမ်းအင်မဟုတ်ပါလား။
တဲလေးသာသာအဆောက်အဦးတခုရှေ့တွင် လူတွေက ကျိတ်ကျိတ်တိုးစည်ကားနေသည်။ ပုံပန်းသဏ္ဌာန် တွေက မျိုးစုံလှသည်။ ထိုအဆောက်အဦးရှေ့တွင် ဂေါ့ဒ်သန်မြို့ပတ်ရထားဘူတာဟုရေးထားသည်။ စူပါဟီးရိုးတွေကိုတော့ ခုထိမတွေ့ရသေးချေ။ ပြန်အမ်းငွေများကို အတိအကျပြန်အမ်းပေးသည်ဆိုသော စာသားကို ဆိုင်းဘုတ်အကြီးကြီးနဲ့ထောင်ထားသည်။ ဘာကြောင့် ထိုစာပါ ဆိုင်းဘုတ်ကြီး ထောင်ထား သည်မသိပါ။ သို့သော် လူတွေကျိတ်ကျိတ်တိုးစည်ကားနေဆဲ။ မိုးပျံရထားတွေမရှိ။ မြေအောက်ရထားတွေ မရှိ။ မြေပေါ်တွင်တွားသွားနေသော မြို့ပတ်ရထားတော့ရှိသည်။
(ဂ)
ပန်းချီပြခန်းတခုအတွင်းရှိထောင့်ကျကျနေရာတွင် ပန်းချီကားတခုကိုချိတ်ဆွဲထားသည်။ ထိုပန်းချီကားမှာေ ရအိုးရွက်နေသောအမျိုးသမီး တဦးပုံဖြစ်သည်။ အသက်လတ်အရွယ်အမျိုးသမီးတဦး၏ရေခပ်ဆင်းချိန် Potrait ပုံကို ဆီဆေးနဲ့ ဆွဲထားသော ပုံဖြစ်သည်။ နေဝင်ချိန် အညိုခပ်ဖျော့ဖျော့မှာ အစိမ်းရောင်သဘက် ကိုခြုံကာ ရေအိုးရွက်ထားသောပုံတပုံဖြစ်သည်။ ထိုပုံကို စိုက်ကြည့်နေသောသူမှာ နှာခေါင်းချွန်ချွန် ကြွက် မျက်နှာနဲ့ ကျီးကန်းလိုမျက်လုံးရှိသောလူတဦးဖြစ်သည်။ ထိုသူသည် အရောင်အဆင်းမပေါ်သောအဝတ် အစားကိုဝတ်ဆင်ထားငည်။ သို့သော် ထိုသူ၏မျက်လုံးများသည် စူးရှတောက်ပနေသည်။ 
အရာရာကိုသိနေ ခံစားနေတတ်သောမျက်ဝန်းပုံစံဖြစ်သည်။ ထိုလူကြီးသည် ခေါင်းညိတ်လိုက် ခေါင်းခါ လိုက်လုပ်နေသည်။ အဝေးမှကြည့်လိုက် အနီးကပ်ကြည့်လိုက် လုပ်နေသည်။
သီချင်းတပုဒ်ကို ခပ်ဖြေးဖြေးဖွင့်ထားသည့်ပြခန်းလေးထဲတွင် သက်ရှိလူသားဆို၍ နှစ်ဦးသာရှိသည်။ ပထမတယောက်မှာ ပြခန်းလုံခြုံရေး တာဝန်ယူထားသော ခပ်ဝဝလူကြီးတဦးဖြစ်ကာ ကျန်တယောက်မှာ အခန်းထောင့်ရှိ ပန်းချီကားကိုစိမ်ပြေနပြေကြည့်နေသော စုတ်ချွန်းချွန်းမျက်နှာနှင့်လူဖြစ်သည်။ မကြာမီ ပြခန်းထဲသို့ ထီးကောက်လေးတထောက်ထောက်နဲ့ဝင်လာသော အဘိုးအိုတယောက်ကို တွေ့ရသည်။ (ထိုအဘိုးအိုသည် ပြခန်းပိုင်ရှင် ပန်းချီဆရာမှန်း နောက်မှသိရသည်။) ပြခန်းစောင့်လူဝကြီးမှမတ်တတ်ရပ်အလေးပြုသည်။ 
အဘိုးအို၏မျက်နှာသည် ပကတိကြည်လင်သော်လည်း စိတ်ရှုပ်နေဟန် တစုံတရာကိုတွေးပူနေဟန်ပေါက် သည်။ အဘိုးအိုသည် စုတ်ချွန်းချွန်းနဲ့လူ ကြည့်နေသော ပန်းချီကားနားသို့ကပ်လာသည်။ ထို့နောက် ထို ပန်းချီကားကိုသေချာပြန်ကြည့်သည်။ အဘိုးအိုသည် စုတ်ချွန်းချွန်းနဲ့ လူကဲ့သို့ ခေါင်းခါလိုက် ခေါင်းညိတ် လိုက် အဝေးကကြည့်လိုက် အနီးကပ်ကြည့်လိုက်လုပ်နေသည်။ 
မကြာမီအချိန်တခုအတွင်းတွင် ပန်းချီပြခန်းအတွင်းမှ လူတယောက်ထွက်လာသည်။ ထို့လူ၏လက်ထဲတွင် ပန်းချီကားတချပ်ပါလာသည်။ ထိုလူ၏မျက်နှာသည် စုတ်ချွန်းချွန်းနိုင်ကာ မျက်လုံးများသည်ကျီးကန်းနဲ့ တူလေသည်။
(ဃ)
မြို့ပြတခု၏နွေညနေခင်းသည် လူသူတွေနဲ့ပြေးလွှားရုန်းကန်သည်။ အလုပ်ဆင်းချိန်ဖြစ်သည်အခါ မြို့ပြ လူနေမှု၏ထက်ဝက်ခန့်သည် လမ်းမထက်မှာပြန့်ကျဲနေသည်။ ဂေါ့ဒ်သန်မြို့၏ မြို့လယ်ဆေးခန်းတခုတွင် လည်း လူနာများနှင့်ထူထပ်နေသည်။ 
“အာရောဂျံပရာမံလာဘံ”ဟူသောစကားသည်ကာ ဆေးပညာရှင်များနှင့် ထိုလုပ်ငန်းဖြင့်အသက်မွေးသော သူများအတွက်တော့ အလွန်မှန် သည်။ အဘယ်ကြောင့်ဆိုသော် ရောဂါခံစားရသူလူနာအရေအတွက် များလေလေ သူတို့အတွက် လာဘ်လာဘတွေ ပေါများလေဖြစ်သည်။ ဆေးခန်း၏ဆေးထားရာစတိုခန်းတွင် လူငယ်လေးတယောက်ပြေးလွှားလှုပ်ရှားနေသည်။ 
မနေ့မှဝင်လာသောဆေးပစ္စည်းများကို စာရင်းနဲ့တိုက်စစ်နေသည်။ သူ၏ကိုယ်လုံးကိုယ်ပေါက်မှာ ဝတ္ထုရေး ဆရာတွေ သူရဲကောင်းများကို ဖော်ပြလေ့ရှိသော ဥပမာအတိုင်းဆိုသော နွားပေါက်တကောင်လုံး ကိုယ်လုံး ကိုယ်ပေါက်ဖြစ်ကာ မျက်နှာမှာ တောဝက်တကောင်ကဲ့သို့ ဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် အလော တကြီးနိုင်မှုက သင်္ဘောဘေးတွင် ပျံသန်းနေသော စင်ရော်ငှက်၏အတောင်ပံခတ်နေသလို အထင်းသား ပေါ်လွင်စေသည်။ သူ၏လက်ထဲတွင် ဈေးပေါပေါ တရုတ်နာရီတလုံးရှိကာ အခန်းထဲတွင် တချောက် ချောက်နဲ့ မြည်သံပြုနေသည်။
ဆေးခန်းထဲတွင်ဆေးဝယ်သူ ရောဂါခံစားရသူ ဆေးခန်းဝန်ထမ်းများနှင့် ပိတ်လှောင်နေသည်။ ထိုသူတို့ တွေဆီမှထွက်ပေါ်လာသော အခိုးအနံ့များသည် စည်ပင်မှပစ်ထားသောအမှိုက်ပုံကြီး၏အနံ့အသက်လို ဖြစ်နေသည်။ သို့သော် လူဆိုတာက ကိုယ်မျက်ချေး ကိုယ်မမြင်သောလူမျိုးဖြစ်ကာ သူတပါး ကိုယ်သင်းနံ့ ကိုသာ နံမည်ထင်သည်။ ကိုယ်အနံ့ကိုတော့ ဘယ်တော့မှပြန်မနမ်းသော သတ္တဝါဆန်းတမျိုး ဖြစ်သည်။ စတိုခန်းထဲမှ စာရင်းစစ်နေသော တောဝက်မျက်နှာပေါက်နဲ့လူငယ်လေးသည် စာအုပ်လေးကိုင်ကာ ပြန် ထွက်လာခဲ့သည်။  ရာထူးကြီးဟန်တူသော ဝက်ခန္ဓာကိုယ်နဲ့လူတယောက်အား စကားပြောကာ ထိုစာအုပ် ပေးနေသည်ကိုတွေ့ရမည်။ ဆေးခန်းတွင်အော်ဟစ်သံများနဲ့ပြည့်နှက်နေသည်။ လမ်းမထက်တွင် လမ်း သွားလမ်းလာများနဲ့ပြည့်နှက်နေသည်။ ဘတ်စ်ကားပေါ်တွင် ရုံးဆင်းချိန်ဝန်ထမ်းအများစုနဲ့ပြည့်နှက်နေ သည်။
များမကြာမီဆေးခန်းအတွက်မှာ ကျောပိုးအိတ်ကိုလွယ်ကာ ဂျင်းမ်ပန်အမည်းရောင်ကိုဝတ်ထားသောလူငယ်တယောက်ထွက်လာသည်။ ထိုလူငယ်၏မျက်နှာတွင် တက်ကြွမှုများအပြည့် စိတ်ရွှင်လန်းမှုအတိနဲ့ ခြေလှမ်းတွေက ပေါ့ပါးနေသည်။ ထိုလူငယ်သည် ဘတ်စ်ကားမှတ်တိုင်တွင် ကားရပ်စောင့်နေသည်။ 
ငပိအိုးသိပ်ထားသော ဘတ်စ်ကားများကိုခေါင်းခါပြရင်း လူငယ်လေးသည် မီးပွိုင့်ဆီသို့ လမ်း လျှောက်လာ သည်။ ထို့လူငယ်၏ခန္ဓာကိုယ်အချိုးအစားမှာ နွားပေါက်တကောင်ကဲ့သို့ဖြစ်၍ တောဝက်မျက်နှာနဲ့ တူ သည်။ လက်ကောက်ဝတ်တွင် ဈေးပေါပေါတရုတ်နာရီတလုံးကိုပတ်ထားသည်။ နီတခါ ဝါတလှည့် စိမ်း တဖန် လင်းနေသောမီးပွိုင့်ဆီသို့ ရှေ့ရှုလျှောက်လာနေသည်။
(င)
ဂေါ့ဒ်သန်မြို့လယ်၏တနေရာတွင် လူငယ်တယောက် ပျာယာခတ်နေသည်။ 
တစုံတခုကိုမမီမှာစိုးထိတ်နေသောပုံ ပေါ်နေသည်။ ထို့သူလက်ထဲတွင် ဂျပန်ထီးကောက်တလက်ကို ကိုင် ထားသည်။ ပခုံးထက်တွင် ချည်သားလွယ်အိတ်လေးတလုံးကို လွယ်ထားသည်။ သို့သော် လွယ်အိတ်က တော့ ပြည့်ဖောင်းနေသည်။ ပါဝါမျက်မှန်တပ်ထားကာ မှန်သည်အတော်ကို ထူနေပြီးဖြစ်သည်။ 
ထိုလူငယ်၏ အသက်သည်ကာ ရှိလွန်းသုံးဆယ်ဝန်းကျင်ဖြစ်သည်။ 
တစုံတရာကိုတွေးတောပူပန်ဟန်ရှိသောလူငယ်လေးကို လူတချို့တွေက သိပ်မသိကြပေ။ မသိကြဆိုသည်မှာ သိအောင်လည်းသူမကြိုးစားချေ။ ထိုလူငယ်က သူကိုယ်သူ ကန့်လန့်ကာနောက်ကွယ် မှ သူရဲကောင်းဟုခံယူထားသည်။ ထိုခံယူချက်သည် သူ၏ကိုယ်ပိုင်ခံယူချက်သည်။ မှန်သည် မှားသည်ကို သူအလေးမထားချေ။ 
အဘယ်ကြောင့်ဆိုသော် သူ့ကမ္ဘာတွင် သူတယောက်တည်းသာရှိသောကြောင့် ဖြစ်သည်။
သူသည် လမ်းဆုံတွင်ရှိသောအဆောက်အဦးတခုဆီကို လမ်းလျှောက်သွားနေသည်။ ရှေ့ဟောင်းသမိုင်း ဝင်အဆောက်အဦး၏ ဘေးနားတွင်ရှိသော လှေကားတခု၏ဘေးတွင်ဆိုင်းဘုတ်တခုတပ်ထားသည်။ 
ထိုဆိုင်းဘုတ်မှာ “နိဗ္ဗာန်ဘုံသို့” ဟူသော စာလုံးလေးတွေ ရေးထား သည်။ သူသည် ထိုလှေကားမှတဆင့် နိဗ္ဗာန်ဘုံသို့တက်ခဲ့သည်။ တက်တော့ နိဗ္ဗာန်ဘုံဆိုသည်ကာ မှောင်ခိုအရက်ဆိုင်တဆိုင် ဖြစ်သည်။ အသားဖြူဖြူမျက်လုံးမှေးမှေးအဘိုးကြီးတဦးမှ ဖွင့်ထားသောဆိုင်ဖြစ်သည်။ 
သာမန်လက်လုပ်လက်စားတွေအတွက် ဈေးနှုန်း ချိုသာစွာနဲ့ အရက်အမှန်အကန် အချိန်အတွယ်မှန်မှန် ရောင်းချနေသောဆိုင်ဖြစ်သည်။ ခုခေတ်လို ပစ္စည်းအမှန် ဈေးနှုန်းချိုချိုသာသာ မရသောခေတ်တွင် နိဗ္ဗာန်ဘုံသည် သူတို့အတွက်တော့ တကယ့် နိဗ္ဗာန်ဘုံပင်ဖြစ်သည်။ သူ့ဘဝ၏ညနေခင်းအချိန်တော်တော်များများကို ဒီနိဗ္ဗာန်ဘုံတွင် ကုန်ဆုံးလေ့သည်။ သူ့အကြောင်းပြောဖို့မေ့နေသည်။ ဟုတ်ပါသည်။ သူသည် ကန့်လန့်ကာနောက်ကွယ်က ကလောင်ရှင် သို့မဟုတ် ရှဲဒိုး စာရေးဆရာတယောက်ဖြစ်သည်။ သူ၏ကလောင်နာမည်သည် သူကလွဲ၍အခြားသူ မသိချေ။ သို့သော်လည်း သူဒီလို စာရေးဆရာ တယောက်ဖြစ်ရတာကိုပျော်သည်။ သူ့ဝါသနာသည် စာရေးစာဖတ်ခြင်းဖြစ်သည်။ သူသည် ငွေရေးကြေးရေးပြည်စုံသည့် သူတယောက် တော့မဟုတ်ချေ။ ယခုသူဒီလိုစာတွေရေးတော့ သူပိုက်ဆံမြိုမြိုမြက်လေးရသည်။ ၀ါသနာနဲ့အလုပ်ထပ်တူကျခြင်းသည် ဘဝမှာ ပြီးပြည်စုံ ခြင်းမဟုတ်ပါလား။
သူသည်ဒေါင့်မှန်ကျကျအမှောင်နည်နည်းကဲသောအခန်းဒေါင့်ရှိစာပွဲတွင်ထိုင်သည်။ ထိုစားပွဲသည် သူ ထိုင်နေကြနေရာဖြစ်သည်။ သူသည်ညနေခင်း၏အလှကို အခါးဖက်စွက်သော တောအရက်ပြင်းပြင်းလေး တပိုင်းခန့်ဖြင့်ကုန်ဆုံးတော့မည်။ သူ၏လွယ်အိတ်ကို စာပွဲပေါ်တင်လိုက်သည်။ ထိုလွယ်အိတ်ထဲတွင် ဗလာစာရွက်တအုပ်ပါသည်။ မင်အိုးတအိုးပါသည်။ ထိုစာရွက်သည် သူ၏နှလုံးသားမှပေါက်ဖွားလာသော အမြုတေရတနာများချပြရာနေရာဖြစ်ကာ မင်အိုးထဲတွင် ကမ္ဘာကျော်မည့်သူ့နှလုံးသားထဲကစကားလုံးလေး တွေကူးခတ်နေသည်။ သူရေးသောစာများသည် ကမ္ဘာကိုကိုင်လှုပ်သောစာများ ပါဝင်ကောင်း ပါဝင်နိုင် သည်။
သို့သော် သူမှာတော့နာမည်တပ်ပြောခွင့် မရှိချေ။
မြေပဲလှော်ကိုဝါးကာ လည်ချောင်းထဲပြင်းရှစွာတိုးတိုက်ဝင်လာသော တောအရက်တပိုင်းသည်လည်း ပုလင်းဖင်နားသို့ ကပ်နေချေပြီ။ သူ၏ခေါင်းထဲတွင်တော့ အာရုံခံစားမှုတွေအသစ်အသစ်တွေဖြစ်ကုန် သည်။ သို့သော် မှုန်ရီယစ်ဝေခြင်းတော့မရှိသေးပေ။ သူအိတ်ကပ်ထဲမှ အသပြာနည်းနည်းကိုခုံပေါ်ချကာ သူထထွက်လာသည်။ သူသည်ခြေလှမ်းမှန်မှန်ဖြင့် ဆူညံပွတ်လောရိုက်နေသော နိဗ္ဗာန်ဘုံမှပြန်ဆင်းလာ သည်။
ပလက်ဖောင်းထက်တွင် လူတွေထူထပ်ဆဲ။ ရုံးဆင်းချိန်မို့ဘတ်စ်ကားတွေမှာ ငါးပိအိုးသိပ်ဆဲ။ 
ရှေ့မှာမြင်နေရသော မီးပွိုင့်ဆီမှာ နီးတလှည့် စိမ်းတလှည့်နဲ့ ယာဉ်တန်းတွေရပ်လိုက်နားလိုက်ဖြစ်နေဆဲ။ သူသည်ပလက်ဖောင်အတိုင်း မီးပွိုင့်ကိုဖြတ်ကာ လျှောက်လာသည်။ မီးပွိုင့်နားကလှေကားထစ်လေးအတိုင်းအောက်ကိုဆင်းလာသည်။ သူလက်ထဲတွင်ထီးစုတ်တလက်နဲ့ ပခုံးထက်တွင်လွယ်အိတ်တလုံးနဲ့ဖြစ် သည်။ 
(စ)
အော်ဟစ်ဆူညံနေသော ဟင်းသီးဟင်းရွက်ဈေးသည် မကြာမီတနေကွယ်တော့မည်အကြောင်း သက်သေ ထူ၍ တံခါးပိတ်သံတွေကြား နေရသည်။ မိုးလေတွေကအခုတလောခပ်ပြပြလေးရွာနေတော့ ဟင်းသီး ဟင်းရွက်တွေတော့ပေါပုံရသည်။ 
သားရေနဲ့လုပ်ထားသောပိုက်ဆံအိတ်ကိုချိုင်းကြားညပ်ကာ တဆိုင်ဝင်တဆိုင်ထွက် ငွေတွေကောက်နေ သော အသက်လတ်အရွယ် မိန်းမကြီးတဦးကို ဒီလိုအချိန်နေ့တိုင်းနီးပါး တွေ့နိုင်သည်။ နေ့တိုင်းဆိုသည်ကာ ဈေးပိတ်သောနေ့မပါ၊ ဈေးဖွင့်သောနေ့တိုင်းဖြစ်ပြီး မိန်းမကြီးဟုဆိုရသည်က သူမ သည် ပေါင်တစ်ရာ့ငါးဆယ်ကျော် ဝသောကြောင့်ဖြစ်သည်။
သူမသည် ဤဈေးရုံတော်အတွင်း နေ့ပြန်တိုးချေးစားသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူကိုယ်သူ ဤ ဈေးရုံတော်ထဲက ဈေးသည်များ၏ ကျေးဇူးရှင်ဟု ခံယူထားသည်။ သူပေးသောငွေကြေးများဖြင့် လုပ်ငန်း လည်ပတ်နေသည်ဟု အထင်ရောက်နေသည်။ မှန်ပါသည်။ ဤဟင်းသီးဟင်းရွက်ဈေးအတွင်းရှိ ထက်ဝက် ကျော်သည် အောက်ခြေလူတန်းစား လက်လုပ်လက်စားများဖြစ်သည်။ 
ဂေါဒ့်သန်မြို့ကြီး၏အစွန်းအဖျားမှလာရောက်ရောင်းချသူများဖြစ်သည်။  
နံနက်စောစောအာရုဏ်တက်ချိန်တွင်လယ်ထဲကိုင်းထဲမှ ဟင်းသီးဟင်းရွက်များကိုဤဈေးသို့သယ်ဆောင် လာကာ တနေကုန်ရောင်းချကြသည်။ ညနေနေ၀င်ရီတရောအချိန်လောက်တွင်ဆိုင်ပိတ်ကာ အိမ်ပြန်ကြ သည်။ ဤသည်ကား ဈေးရုံတော်အတွင်းရှိဈေးသည်များ၏ဘဝဖြစ်သည်။ 
ထိုသမာရိုးကျသူတွေထဲတွင် သူမကထူးခြားသည်။ ထို့ကြောင့် သူမကိုယ်သူမ စွန့်ဦးတီထွင်သူတဦးဖြစ် ကြောင်း ဂုဏ်ယူနေသည်။ သူမသည်လည်း ထိုအစွန်းအဖျားမှာ မြို့ထဲသို့လာကာ စီးပွားရှာသောသူ တယောက် ဖြစ်သည်။ သို့သော် အခြားသူတွေလို ဟင်းသီး ဟင်းရွက်တောင်းကြီးတောင်းငယ်မပါ။ သူမဈေးရုံတော်အတွင်းလာချိန်သည် နံနက်ကိုးနာရီခန့်ဖြစ်ကာ သူမလက်ထဲတွင်သားရေ ပိုက်ဆံအိတ် တလုံးနှင့် စာအုပ်တအုပ်သာပါသည်။ ညနေသူမပြန်ချိန်တွင် သူမလက်ထဲတွင်ရရှိသောအမြတ်သည် တောင်းကြီးတောင်းငယ်နှင့် ယူလာရောင်းသော သူတွေလိုတန်းတူရသည်။ တခါတလေ ပိုတောင်ရသေး သည်။
သူသည် ဈေးရုံတော်ကြီးအတွင်းရောက်သည်နှင့် တဆိုင်ဝင်တဆိုင်ထွက် စာရင်းစစ်သည်။ စာရင်းစစ် သည်ဆိုသည်မှာ သူများတွေလို ပစ္စည်းစာရင်းမဟုတ်ချေ။ သူရမဲ့လက်ကျန်အကြွေးနဲ့ ရစရာရှိသော အကြွေးတွေကိုဖြစ်သည်။ မနက်တခါ ညနေဈေးပိတ်ခါနီးတခါ သူ စာရင်းစစ်သည်။ 
ကျန်တဲ့အချိန်သူလွတ်နေသော အခန်းတခန်းတွင်ဝင်အိပ်နေသည်က များသည်။ တခါတလေ ဟင်းသီး ဟင်းရွက်တွေ ပုံနေသောအခါ တခြားဈေးများသို့ သူဖောက်သည်ယူကာ ဖြန့်ပေးသည်။ ငွေကိုငွေနဲ့လိုက်တာ ပိုရောက်သည်ဟု သူခံယူထားသည် မဟုတ်ပါလား။
သူသည် ဤနေရာတဝိုက် တနည်းအားဖြင့်ဆိုသော် ဈေးတဝိုက်တွင်တော့ ကျေးဇူးရှင်ကြီးသဖွယ်ဖြစ် သည်။
သူရဲ့လုပ်ငန်းလည်ပတ်မှုသည်က အခြားသူတွေအတွက် ကျေးဇူးဖြစ်နေသည်။ အခြားသူတွေမှာ ကျေးဇူး ဖြစ်တော့ သူမှာလုပ်ငန်းလည်ပတ်နေသည်။ 
လူတွေဆိုသည်ကလည်း ကျေးဇူးရှင်ဖြစ်ချင်ကြသည်မဟုတ်ပါလား။ 
လူနာတွေကိုဆေးကုပေးသောဆရာဝန်က သူကိုယ်သူ ကျေးဇူးရှင်လို့ထင်သည်။ တကယ်တော့ ဒါဟာ ဆရာဝန်ရဲ့စီးပွားရေးဖြစ်သည်။ လူနာတွေလာပြမှဆရာဝန်က အူစိုမည်။ ဒါဆိုဘယ်သူက ကျေးဇူးရှင်ဖြစ် ပြီး ဘယ်သူကကျေးဇူးခံဖြစ်မည်နည်း။ အရာအားလုံးသည် ကိုင်းကိုကျွန်းမှီ ကျွန်းကိုကိုင်းမှီနေသည်။ 
ချစ်တီးကုလားသည်လည်း မရှိသောဆင်းရဲသားလယ်သမားတွေအတွက်ကျေးဇူးရှင်ဖြစ်သည်။ အရာအားလုံးသည် တခုပေါ်တခုကျေးဇူး ပြုနေသည်။ သို့သော် လူတွေကတော့ သူတို့ကိုယ်သူတို့ ကျေးဇူးရှင်လိုမှတ်ယူနေသည်။ မှတ်ယူကြသည်။ ထို့ကြောင့်လည်း ဒီဈေးထဲမှာတော့ သူကကျေးဇူးရှင် ဖြစ်သည်။
သူသည်ဈေးသို့လာလျှင် ငွေတွေပါသည်။ စာရင်းစာအုပ်ပါသည်။ စာရင်းစစ်သည်။ ပြီးလျှင်အိပ်မည်။ ဒါကသူရဲ့နိစ္စဓူဝအလုပ်ဖြစ်သည်။ သို့သော် သူတွင်ငွေကြေးပျောက်ရှသည်ဘယ်တော့မှမရှိချေ။ 
သူသည်လူတွေအကြောင်း အထူးသဖြင့် အောက်ခြေလူတန်းစားတွေ အကြောင်းသိသည်။ သိသည်ထက် ပိုမည်ထင်သည်။ သူဖတ်ဖူးသော အိန္ဒိယစာရေးဆရာတစ်အာရာဗင်းအဒီခါ၏စာကြောင့်ဖြစ်မည် ထင် သည်။ သူ့ဘဝတွင် တအုပ်တည်းဖတ်ဖူးသောစာအုပ်ဖြစ်သည်။ အလုပ်သမားလူတန်းစား အထူးသဖြင့် အောက်ခြေလူတန်းစားတို့သည် ရူပီးတစ်ရာနှစ်ရာ တစ်ဆယ်နှစ်ဆယ်တွေ့ပါက ခိုးကြသည်ဝှက်ကြသည်။ 
တစ်သိန်းနှစ်သိန်းဆယ်သိန်းတွေကြတော့ ပြန်ပေးကြသည်။ ထူးဆန်းပေစွဟုရေးထားသည်။ တက္ကစီ ပေါ်ငွေတစ်ရာနှစ်ရာပါသွားသောပြန်မရချေ။ အကယ်၍ငွေဆယ်သိန်းခန့်ပါသွားသောညနေ  မရောက်ခင် တက္ကစီသမားသည် ရဲစခန်းသို့သွား၍ အပ်နှံနေပြီဖြစ်သည်။ ရဲစခန်းက ပိုင်ရှင်ပြန်ပေးသည်မပေးသည်က သူအပိုင်းဖြစ်သည် ဟုရေးထားတာသူဖတ်ဖူးသည်။ ထို့ကြောင့်သူသည် အိပ်လျှင်ငွေထုပ်ဘေးချကာ အိပ်သည်။ ခုထက်ထိတော့ ပျောက်ရှခြင်းမရှိသေးပေ။ 

သူသည် ညနေစောင်းတွင်ဈေးအတွင်းသို့လှည့်ကာ စာရင်းကောက်မည်။ ပိုက်ဆံသိမ်းမည်။ ထို့နောက် အိမ်အတွက်ချက်စရာဟင်းသီး ဟင်းရွက်တွေကိုဝယ်မည်။ ပြီးလျှင်ဈေးရှေ့က ပလက်ဖောင်း အတိုင်းလျှောက်ကာ မီးပွိုင့်အနောက်ဘက်က လှေကားသို့ဆင်းကာ အိမ်ပြန်မည်။
(နိဂုံးချုပ် သို့မဟုတ် အားလုံးရဲ့အစနေရာ)
ရှည်လျားစွာသွယ်တန်းနေသောပြိုင်မျဉ်းနှစ်ကြောင်းကိုအဝေးကနေတွေ့ရမည်ဖြစ်သည်။ 
ထိုပြိုင်မျဉ်းပေါ်တွင် ကျနော် ပြေးလွှားနေရသည်။ ဘယ်တော့မှဆုံမှတ်မရှိသောပြိုင်မျဉ်းပေါ် နေ့စဉ် အခေါက် ပေါင်းများစွာ ပြေးလွှာနေသည်။ ကျနော်ပြေးနေကြလမ်း၏လမ်းဆုံတိုင်းတွင် မီးဝါတွေ မှိတ် တုတ်မှိတ်တုတ် လင်းနေသည်။ ကားလမ်းမထက်တွင်မျက်နှာငယ်ရသောမီးဝါသည် ကျနော်၏ပြေးလမ်း ပေါ်တွင်တော့ တကိုယ်တည်းဂုဏ်ယူဝင့်ကြွားစွာ လင်းနေသည်။ ကျနော့်ပြေးလမ်းသည်ဆုံမှတ်မရှိ၊ အစမရှိ အဆုံးမရှိသော လမ်းဖြစ်သည်။ စက်ဝိုင်းတခုလို ပတ်နေသည်။ 
ကျနော်စပြေးသောနေရာကိုနောက်ဆုံးတွင်ပြန်ရောက်နေသည်။ တကယ်တော့ ကျနော်သည် ဝင်္ကပါထဲ ပိတ်မိနေသောကောင်တကောင်ဖြစ်သည်။
ပြေးလမ်းရဲ့အစသည်အဆုံးဖြစ်ကာ အဆုံးလည်း အစပြန်ဖြစ်သည်။ ထိုအရာကို ဘဝဟုခေါ်သည်ဟု ဒဿနဆရာတွေပြောကြသည်။ ဘဝသည်အစိတ်အပိုင်းများစွာဖြင့်အစီအစဉ်မကျတကျဖွဲ့စည်းထားသော ပုံသေကားကျပ်တခုဟုထင်မိသည်။ ဘဝ၏လမ်းကြောင်းတွင်အချိုးအကွေ့တွေရှိသည်။ 
မြွေလိမ်မြွေကောက်လို တခါတရံ လုံးဝဇောက်ထိုးကျနိုင်လောက်သည် လမ်းဆုံတွေ ရှိသည်။ ထိုအရာကို လူသားတွေက ကံကြမ္မာရဟတ်ဟု တင်စားကြသည်။ တကယ်တော့ ဘဝသည် မှတ်တိုင်များစွာဖြင့် တည် ဆောက်ထားသောလမ်းကြောင်းတခု၊ ကံ၏ကျီစယ်ရာ လက်ဆော့ထားသော လမ်းအူကြောင်းပုံစံကြမ်း တခု ဖြစ်သည်။
ကျနော့်အကြောင်းဆိုရသော ကျနော်သည် ဒီဂေါ့ဒ်သန်မြို့၏အရေးပါဆုံးသောသတ္တဝါတကောင် သို့မဟုတ် စက်တပ် ပစ္စည်းတခုဖြစ်သည်။ ကျနော်၏အစမရှိအဆုံးမရှိလမ်းပေါ်တွင် ဂေါ့ဒ်သန်သားတွေ သက်ဝင်လှုပ် ရှားကြသည်။ 
အမြဲတမ်းမောဟိုက်နေသော ကျနော်ပုံစံကို ဂေါ့ဒ်သန်သားတိုင်းက မှီခိုနေရသည်။ ဆေးလိပ်ငွေ့တွေလို အဖြူရောင်မီးခိုးငွေ့တွေက ကျနော်၏ဝင်သက်ထွက်သက်ကိုထိန်းချုပ်နေသည်။ တကယ်တော့ ကျနော်သည် ဒီဂေါ့ဒ်သန်မြို့က မြို့ပတ်ရထားအိုတစင်းဖြစ်သည်။

ဒီမြို့ပြ၏ဖြစ်စဉ်တခုလုံးကို လက်လှမ်းမှီသောရှေ့မီနောက်မီ ရထားအိုသည် ကျနော်ဖြစ်သည်။ ကျနော်သည် ရထားတွေထဲ အသက် အကြီးဆုံး ဖြစ်သည်။ အကယ်၍ကျနော်သည် အဖျော်ယမကာ တမျိုးဖြစ်နေပါက ကျနော်လိုသက်တမ်းသည် တန်ဖိုးရှိနေချေပြီ။ 
ခုတော့ ကျနော်၏ အပေါ်ယံအရေခွံသာကွာသွားသည်။ ကျနော်၏အသိဉာဏ်နှလုံးသားသည်က ဒီအတိုင်းပါပဲ။ 
စက်ဝိုင်းပုံလမ်းလေးအတိုင်းနေ့စဉ်အခေါက်ပေါင်းများစွာ ပတ်မည်။ ဘူတာတွေမှာထိုးဆိုက်မည်။
တက်သူတွေဆင်းသူတွေကိုငေးကြည့်နေမည်။ ဘူတာနားက အိမ်ယာမဲ့ကလေးငယ်လေးတွေဆော့ ကစားနေတာကိုငေးကြည့်နေမည်။ ဓာတ်တိုင်ပေါ်ကခိုလေးတွေနားနေတာကိုေ ငးကြည့်နေမည်။ ကျနော်ပေါ်စီးနင်းသွားသောသူများ ချမ်းသာသွားသူရှိသည်။ ဆင်းရဲသွားရှိသည်။ သို့သော်ကျနော်ကတော့ ဒီလမ်းလေးအတိုင်းပတ်မြဲပတ်ဆဲ။ ကျနော်ပခုံးပေါ်နင်းသွားသော ကျနော်ပခုံးထမ်းတင်သွားသောသူတွေ က ကျနော်ကိုပြန်ကြည့်မည့်သူ မရှိသလောက်ရှားပါးသည်။ ကျနော်ကို အရောင်တွေ ဆိုးမည်။ 
အရေခွံတွေလဲမည်။ သို့သော် ကျနော့်ဘဝကတော့ ဒုံရင်းကဒုံရင်းသာဖြစ်သည်။ ကျနော်သည် ထိုသူတို့၏ယုတ်မာကောက်ကျစ်မှုကိုတော့ တစထက်တစပိုမြင်လာသည်။ 
(နိဒါန်း သို့မဟုတ် နေ့တနေ့၏နေ၀င်ချိန်)
မြို့ပြတခု၏နေဝင်ချိန်သည် မူးဝေမိန်းမောနေသည်။ လူတွေပြွတ်သိပ်နေသည်။ အော်ဟစ်ဆူညံနေသည်။ အပူငွေ့တွေနဲ့ ဆူပွက်နေသည့် ဆီအိုးတခုလိုဖြစ်နေသည်။ လမ်းမထက်တွင် လူရောင်စုံတွေအိမ်ပြန်မည့် ခရီးဆက်နေသည်။ မီးပွိုင့်တွေက နီတခါ စိမ်းတလှည့်ဖြစ်နေမည်။ အ၀ါသည်ကတော့ စက္ကန့်အနည်းငယ် သာ ဖြစ်မည်။ ဘတ်စ်ကားပေါ်တွင် ညနေခင်းတေးသံသာကိုရေဒီယို FM မှဖွင့်ထားမည်။
သာယာနာပျော်သောဂီတသံသည် မောပန်းနွမ်းနယ်မှုကြားတွင် ပျောက်ဆုံးကုန်သည်။
နိုင်ငံတဝန်း ဘူတာတိုင်းတွင် လုံးထွေးနေသောအသံဖြင့် ကြေညာသံတွေကိုကြားရမည်။ သို့သော် ထိုအသံ ကို မည်သူမှနားမထောင်ကြပေ။ ဘူတာထဲတွင်ရထားအိုတစီးရပ်ထားသည်။ ရထားအိုဆိုသော်လည်း ဆေး သားအသစ်တွေတင်ထားသောကြောင့် အသစ်လိုဖြစ်နေသည်။ သို့သော် ပုံစံမည်မျှပြောင်းပါစေ။ ဇရာကိုတော့အံမတုနိုင်ပါ။
ဂေါ့ဒ်မြို့သူမြို့သားတို့သည် တဲသာသာအဆောက်အဦးတခုရှိမှာ ငွေကြေးနဲ့ စက္ကူစကိုလဲလှယ်နေသည်။ ထို့နောက် ရထားပေါ်ပြေးတက်ကြသည်။ ထိုသူတို့ရထားပေါ်တက်တိုင်း ရထားသည်လှုပ်ခါနေသယောင် ထင်မိသည်။ စုတ်ချွန်းချွန်းမျက်နှာနဲ့လူတယောက်သည် လက်ထဲတွင်ပန်းချီကားတချပ်ကိုင်ကာ ရထားပေါ် တက်လာသည်။ ထို့နောက် သူသည် စာရင်းစာအုပ်ချိုင်းကြားညှပ်ကာ သားရေပိုက်ဆံအိတ်ကိုင်ထားသော အမျိုးသမီးနားတွင်ထိုင်လိုက်သည်။ 
သူတို့၏မျက်နှာချင်းဆိုင်တွင်တော့ထီးကောက်တလက်နဲ့ လွယ်အိတ်လွယ်ထားသောလူရွယ်တယောက်နှင့် နွားပေါက်အရွယ်တောဝက် မျက်နှာနဲ့ လူငယ်ယောက်တို့ ထိုင်ခုံနေရာလုနေကြသည်။ ထိုမြင်ကွင်းသည်ဖြစ်ရိုးဖြစ်စဉ်တခုဖြစ်သည်။ 
မကြာမီအားလုံးအဆင်ပြေသွားမည်။ ကိုယ်ဆင်းရမည်ဘူတာရောက်လျှင်ဆင်းမည်။ ဒီနေ့အတွက်လုပ်စရာရှိတာတွေလုပ်မည်။ တညတာအိပ်စက်မည်။ မနက်ကျတော့ ဘူတာကိုလာကာ ရထားအိုပေါ်ပြန်တက်မည်။ မြို့ထဲကလုပ်ငန်းတွေဆီလာမည်။ ပုံစံသားကျနေသော စက်ရုပ်တွေလို လည်ပတ်နေသည်။ သို့သော် မည်သူမှဖောက်ထွက်ဖို့မကြိုးစားကြ။ ထိုပုံစံထိုအတွေးအခေါ်ကို မျိုးဆက် တခုပြီးတခုဆီ လက်ဆင့်ကမ်းမည်။ 
ဥသြသံအဆွဲတွင် ရထား၏ကိုယ်ထည်များလှုပ်ခါသွားသည်။ ဆီမရှိသောမူလီများနှင့် ပင်နယံများတွင် အသံတွေကဆူညံသံမြည်နေသည်။ ရထားသည်လှုပ်လီလှုပ်လဲ့နဲ့ စတင်ထွက်ခွာနေသည်။ ရထားလမ်းနဘေးရှိကျူးကျော်တဲများကြား ကလေးငယ်များဆော့ကစားနေသည်။
ဆောက်လက်စအဆောက်အဦးအနောက်တွင် တန်းလျားထိုးနေသော အလုပ်သမားများကိုတွေ့ရသည်။ ရထားစက်ခေါင်းမှအဖြူရောင် မီးခိုးငွေ့သည်တလမ်းလုံးထွက်နေသည်။
ရထားတွဲပေါ်တွင်ဈေးရောင်းနေသောအသံများ၊ အတင်းပြောသံများ ဆူညံနေသည်။ ရထားကြီး၏အိုမင်းရင့်ရော်နေမှုအကြောင်းပြောကြသည်။ သို့သော် သူတို့သည်မပြောင်းလဲနိုင်။ ဤမြို့ပတ်ရထားအိုကြီးကိုမတွန်းလှန်နိုင်။

ရထားအိုကြီးသည် ဘူတာစဉ်အလိုက်သွားနေသည်။ မြို့သူမြို့သားတို့ ဆင်းလိုက်တက်လိုက်နဲ့ ပုံမှန်လည်ပတ်နေသည်။ အဝေးရှိလမ်းဆုံတွင် မီးဝါကို မှိတ်တုတ်မှိတ်တုတ်တွေ့နေရသည်။ လမ်းဆုံးဘူတာကိုရောက်တော့မည်။ 
ထိုဘူတာသည်ခဏကထွက်ခွာလာခဲ့သောအစဘူတာဖြစ်သည်။ ရထားအိုကြီးသည် ဤပတ်လမ်းတွင်ပိတ်မိနေသည်။ မြို့သူမြို့သားတို့သည် ရထားအိုကြီးပေါ်တွင် ပိတ်မိနေသည်။ ။
မောင်နောင်မွန်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်