မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅)

July 24, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၅)
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇

● ရဲဘော်တိုက်မောင်
အသားခပ်ညို ညို ခပ်ပိန်ပိန် အသက် ၂ဝ မပြည့်တတ်သေးသော လူငယ်လေးတဦးဖြစ်သည်။ မိမိမိတ်ဆွေ ကိုကြီးမြင့်၏ ညီငယ်တယောက်ဖြစ်ပြီး ဆေးတက္ကသိုလ် ၁ ၌ ပထမနှစ်ဆေးတွင် ကျောင်းတက်နေစဉ် သူ၏အကိုဝမ်းကွဲ ကိုမောင်နိုင်တို့ နှင့်အတူ အရှေ့မြောက်ရောက်လာသူဖြစ်သည်။သူ့နာမည်ရင်းကတော့ ကိုဝင်းအောင်ဟု ခေါ်သည်။ မိမိတို့ တပ်မဟာ ၂ ရောက်စဉ်က သူက တပ်မဟာ ၂ အထူးတပ်ရင်းက အမြောက်တပ်ခွဲတွင် တာဝန်ထမ်းဆောင်နေသည်။

မိမိနောက်တန်း နိုင်ငံရေးဌာနသို့ ပြန်ရောက်လာပြီး မကြာမီ အောက်တိုဘာ နိုဝင်ဘာလခန့်တွင် ကိုတိုက်မောင်လည်း နိုင်ငံ ရေးဌာနသို့ ရောက်လာသည်။ ကျန်းမာရေးကောင်းပုံမရ။ တပ်မဟာ ၂ တုန်းက မြင်တွေ့ခဲ့ရသည့် အမြဲရွှင်လန်း တက် ကြွနေသည့်ပုံ မတွေ့ရ။ လူက ပျော့နေသည်။ ကျန်းမာရေး ကောင်းပုံမရ။ မျက်နှာလည်း ညှိုးနေပြီး လန်းဆန်းတက်ကြွမှု မ ရှိတော့ပေ။ ထို့ပြင် ယခင် အလွန်တက်ကြွစွာ ခရားရေလွှတ် တတွတ်တွတ်ပြောဆိုလေ့ရှိသူ ကိုတိုက်မောင်သည် စကား ဟဟ မပြောတော့ပေ။ တယောက်တည်း ငိုင်တိုင်တိုင်ဖြင့်သာ နေလေ့ရှိသည်။ အခြားရဲဘော်များက သူတို့၏စကားဝိုင်းများ သို့ ခေါ်ယူစကားပြောသော်လည်း တခွန်းမှ တုန့်ပြန်ခြင်းမရှိဘဲ မည်သည့်စကားမှ ဆိုခြင်းမရှိပေ။

တပ်မဟာ ၂ ရှေ့တန်းမှ ပြန်ရောက်လာသော ရဲဘော်တို့ထံမှသိရသည် တပ်မဟာ ၂ တွင် သူ စိတ်ထိခိုက်ဖွယ်တခု ကြုံ ခဲ့ရသည်ဟု ဆိုသည်။ တပ်မဟာ ၂ မှ မိမိတို့ပြန်ထွက်လာပြီး မကြာမီ အစိုးရစစ်ကြောင်းများဝင်လာ၍ တပ်မဟာ ၂ လည်း ဆိုက်ခေါင်ရွာမှ ရွှေ့ပြောင်းရသည်ဟု ဆိုသည်။ ထိုသို့တပ်ချီတက်စဉ် ဖျားနေသော ရဲဘော်တိုက်မောင်က လမ်းမလျှောက် နိုင်သဖြင့် မိမိတပ်ခွဲနှင့်အတူမလိုက်နိုင်ဘဲ နောက်၌အတော်ပြတ်ကျန်ခဲ့ပြီး လမ်းဘေးတွင် ထိုင်နားနေစဉ် သူတပ်ခွဲမှ တပ်ခွဲ ကေဒါတဦးက နောက်မှ အစိုးရတပ်လိုက်လာပြီဖြစ်၍ ရှေ့မှတပ်ခွဲကို အမြန်အမှီလိုက်ရန်ပြောသည်။ တိုက်မောင်ကလည်း သူဖျားနေ၍ လမ်းမြန်မြန်မလျှောက်နိုင်ကြောင်း ပြန်ပြောသည်။ သို့သော် သူတို့နှစ်ဦး စကားမပေါက်ကြ။ သူတပ်ခွဲကေဒါက လည်း ဗမာစကားကောင်းကောင်းမတတ်။ သူကလည်း တရုတ်စကား မတတ်သေး။ တယောက်နှင့် တယောက် ဘာဆို လိုချင်မှန်း နားမလည်နိုင်ကြ။ သို့နှင့် တပ်ခွဲ ကေဒါက ပစ္စတိုထုတ်ချိန်ပြီး ရှေ့သို့ အမှီလိုက်ရန် ခြေဟန်လက်ဟန်နှင့်အတင်းအမိန့်ပေးသည်ကို ခံလိုက်ရသည်ဟု ဆိုသည်။ ထိုအချိန်မှစ၍ စိတ်ထိခိုက်ပြီး တိုက်မောင်တယောက် စကားတခွန်းမှ မပြောတော့ဟု သိရသည်။ ထို့ပြင် ကျန်းမာရေးလည်းမကောင်းသဖြင့် နောက်တန်း နိုင်ငံရေးဌာနသို့ ပြန်လည်စေလွှတ် လိုက်သည်ဟု သိရသည်။

သို့နှင့် တညနေတွင် ကိုစိုးနိုင်နှင့်မိမိတို့သည် ကိုတိုက်မောင်တယောက် စိတ်ပြေလက်ပျောက်ဖြစ်စေရန် ရည်ရွယ်ပြီး သူ့အား ခေါ်၍ မန်ကန်တောင်ခြေရှိ ဦးလထော်တဲတွင်ရှိနေသော ကိုအုန်း ကိုချစ်သန်းတို့နှင့် စကားပြောရန်ထွက်ခဲ့ကြသည်။ မိမိတို့ နှင့် နွေးထွေးစွာပြောဆိုပြီး မြုံနေသော တိုက်မောင်တယောက် မကျေနပ်မှုတွေရင်ဖွင့်ပြီး ယခင်ကဲ့သို့ ပျော်ရွှင်တက်ကြွစွာ နေသည့်ပုံကို ပြန်လည်ရစေချင်ခဲ့သည်။ မိနစ် ၄ဝ ကျော်ခန့်လမ်းလျှောက်ရသည့် ဦးလထော်တဲသို့ နေဝင်မိုးချုပ်စတွင် ရောက်သည်။ ကိုအုန်းတို့နေသော တဲပေါ်ရှိ မီးဖိုဘေးတွင်ဝိုင်းထိုင်ကြပြီး လက်ရှိမိမိတို့ကြုံနေကြရသည့် နိုင်ငံရေး ပြဿနာ များကို ဆွေးနွေးငြင်းခုံကြသည်။ ရေနွေးကြမ်းအိုး တအိုးပြီးတအိုးတည်၍ လဘက်ရည်ခါးခါးဖြင့် ထိုညအားကျော်ဖြတ် ကြသည်။ ညလယ်လောက်ရောက်တော့ ဗိုက်ဆာလာသည်။ စားစရာကမရှိ။ မြင်းစားသည့် ပြောင်းဖူးစေ့ အကြမ်းများကိုမီးဖို ပြာပူပူပေါ်တင်၍ ပေါက်ပေါက်ဖေါက်ကာ ရေနွေးကြမ်း နှင့် မြည်းကြ သည်။ ကိုစိုးနိုင်၊ ကိုအုန်း၊ ကိုချစ်သန်း မိမိတို့ ၄ ဦးကား အတော် ပြောနိုင် ငြင်းနိုင်ကြသူများဖြစ်ရာ မိုးစင်စင်လင်းသွားသည့်အထိ စကားဝိုင်းကား မပြီးနိုင်ခဲ့ပေ။ မိုးလင်းတော့ လုပ် စရာကိုယ်စီရှိကြသည်ဖြစ်ရာ မိမိတို့လည်း စကားဝိုင်းအားလက်စသတ်၍ နိုင်ငံရေးဌာနသို့ ပြန်ဆင်းလာခဲ့ကြသည်။

တညလုံးထိုင်ပြောကြသည့် စကားဝိုင်းတွင်လည်း တိုက်မောင်တခွန်းမှဝင်၍ ပြောလည်းမပြော၊ အိပ်လည်းမအိပ်ဘဲ မိမိတို့ ဘေးတွင် ငုတ်တုတ်ထိုင်ကာ နားထောင်နေခဲ့သည်။ မုန်းကိုးသို့ပြန်အဆင်းတွင် ကိုစိုးနိုင်နှင့်မိမိကား စကားမပြတ်နိုင်ဘဲ ဆက်၍ပြောဆိုလာခဲ့ရာ လမ်းတဝက်ခန့်အရောက်တွင် တညလုံးလည်း စကားမပြော၊ ရက်အချို့ လည်းစကားမပြောဘဲ ငြိမ်သက်နေသော တိုက်မောင်စ၍ စကားပြောဆိုပြီး မိမိတို့ နှစ်ယောက်စကားဝိုင်းတွင် ဝင်ရောက်လာတော့သည်။ တိုက်မောင် စကားပြန်ပြောလာ၍ ကိုစိုးနိုင်နှင့် မိမိတယောက်ကို တယောက်ကြည့်ကာ ပြုံး၍ မိမိတို့ရည်ရွယ်ချက်အောင်မြင်သားဘဲဟု တိတ်တိတ်လေး ကောက်ချက်ကိုယ်စီချခဲ့မိသည်။ သို့သော် မိမိတို့ကောက်ချက် လွဲချော်ခဲ့ပေသည်။

သို့နှင့် တညလုံးစကားပြော၍ မောလာသော မိမိတို့နှစ်ယောက်လည်း တိုက်မောင် စကားပြောသမျှ နားထောင်ပြီး ပြန်လာ ခဲ့ကြတော့သည်။ နိုင်ငံရေးဌာနသို့ရောက်တော့လည်း တိုက်မောင်စကားပြောမရပ်ဘဲ ဌာနရှိ ရဲဘော်တယောက်ပြီး တ ယောက်အား လိုက်လံစကားပြောနေသည်ကို တွေ့ရသည်။ ရဲဘော်များလည်း တိုက်မောင်တယောက် ပြန်လည်လန်းဆန်း တက်ကြွပြီး စကားပြောလာသည်ကိုတွေ့ရ၍ ဝမ်းသာလှိုက်လှဲစွာ လက်ခံစကားပြောကြတော့သည်။ တိုက်မောင်တယောက် ပုံမှန်ပြန်ဖြစ်သွားပြီဟု အားလုံးကယူဆခဲ့ကြသည်။ အားလုံးအတွက် စိတ်ချမ်းသာစရာ အခိုက်အတန့်ဖြစ်ခဲ့ပါသည်။

အားလုံးလွဲချော်ခဲ့ပါသည်။ စကားတခွန်းမှမပြောဘဲ ရက်အချို့ငြိမ်သက်နေသည့် တိုက်မောင်သည် ထိုနေ့မှစ၍ စကားပြော သည်မှာ မရပ်တော့။ တရစပ်ပြောနေတော့သည်။ စခန်းရှိလူကုန်အား တယောက်ပြီးတယောက် လှည့်ပြောနေသည်။ နာရီ နှင့်ချီ၍ပြောနေတော့ အလုပ်ရှိသေးသည် အကြောင်းပြချက်နှင့် ဗမာရဲဘော်များက ရှောင်ပြေးကြသည်။ ထိုအခါ တိုက် မောင်က ဗမာစကား မတတ်တတတ် ဒေသခံရဲဘော်များအား လိုက်ပြောသည်။ နောက်တော့ ဒေသခံရဲဘော်များလည်း မခံ နိုင်။ တိုက်မောင်လာလျင် ပြေးကြရတော့သည်။ ဤသို့ နေ့ရော ညပါ တရစပ် စကားပြောနေသည့် သုံးလေးရက်ကြာမြင့် သောအခါ အားလုံးသတိထား သဘောပေါက်လာကြသည်။ ရဲဘော်တိုက်မောင်တယောက် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတရပ် ခံစားနေရပြီဆိုသည်ကို စိတ်မကောင်းစွာ လက်ခံလိုက်ရတော့သည်။

ဦးစွာ စစ်ဒေသက ဆရာဝန်များ ကြည့်ရှု ကုသမှုပေးပြီးနောက် တရုတ်ပြည် အတွင်းရှိ ၁ဝ၈ စစ်ဆေးရုံသို့ ကုသရန် ပို့ ဆောင်လိုက်ရတော့သည်။ ယုံကြည်ချက်ပြင်းပြစွာဖြင့် လက်နက်ကိုင်တော်လှန်ရေးသို့ ရောက်ရှိလာသော ပညာတတ်လူ ငယ်တယောက်အတွက် စိတ်မကောင်းစရာ အဖြစ်သနစ်တခုဖြစ်သည်။ တော်လှန်ရေး၏ စိတ်ကူးပုံရိပ်လွှာများနှင့် တထပ် တည်းကျရန်မဖြစ်နိုင်ခဲ့သည့် ကြမ်းတမ်းလှသည့် လက်တွေ့ဖြစ်ရပ်များကြား နားလည်မှုတည်ဆောက်ရန် ခက်ခဲလှပေသည်။ ခံနိုင်ရည်နှင့် ပြည့်ဝအောင် မိမိကိုယ်ကိုမိမိ တည်ဆောက်ရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။

အဆိုးထဲက အကောင်းများ မိမိတို့သည်လည်း စတင်ရောက်ရှိပြီး လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့်ပဋိပက္ခများက မနည်းလှပေ။ အရှေ့မြောက် ၇၅ ပါတီဗဟိုနှင့်လည်း မိမိတို့ အစီးမကပ်လှ။ သို့သော် အဆိုးချည်း ရှိသည်တော့မဟုတ်ပေ။ ကောင်းကွက် တွေလည်း အများအပြားရှိနေဆဲကို ခံစားနေရသည်။

CPB အရှေ့မြောက် တပ်ရင်းတပ်ဖွဲ့များအတွင်း တာဝန်ပေးအပ်မှုရှိသော်လည်း ရာထူးအဆင့်အတန်းမရှိပေ။ တပ်စိတ်မှူး၊ တပ်စုမှူးမှသည် တပ်ရင်းမှူး၊ တပ်မဟာမှူးအထိ တာဝန်သတ်မှတ်ချက်ရှိသော်လည်း ပုခုံးပေါ်တွင် မည်သည့်အပွင့် တံ ဆိပ်မှ မရှိပေ။ အားလုံး၏အမည်ရှေ့တွင် တပ်၍ခေါ်သည်က ရဲဘော်သာဖြစ်သည်။ တပ်မဟာမှူးအား ရဲဘော်စောထွန်းတင်ဟု ခေါ်သကဲ့သို့ တပ်သားသည်လည်း ရဲဘော်အောင်ကြီးဟုသာ ခေါ်ကြသည်။ တာဝန်ကြီး၍ လစာပိုရသူမရှိ။ အားလုံးတန်းတူရ သည့် အသေးသုံးငွေကား ၁ဝ ကျပ်မျှသာဖြစ်သည်။

တာဝန်ချိန်မှအပ တန်းတူရည်တူ ဆက်ဆံကြသည်။ အရံဗဟိုကော်မီဝင် ဒုနိုင်ငံရေးမှူး ရဲဘော်စိုးသိန်းဖြစ်စေ တပ်မဟာမှူး ရဲဘော်စောထွန်းတင်ဖြစ်စေ မိမိတို့အပါ အောက်ခြေရဲဘော်အားလုံးကို တရင်းတနှီးဆက်ဆံကြသည်။ ညဘက်အားလပ်၍ မိမိတို့ မီးဖိုပြီး မီးလှုံနေလျင်ပင် အဆင့်အသီးသီးမှ ခေါင်းဆောင်များ မိမိတို့နှင့် အတူလာရောက် ရောနှောထိုင်ပြီး စကားစမြီ ပြောဆိုလေ့ရှိသည်။ ဟိတ်ကြီးဟန်ကြီးမရှိလှ။ ချမ်းအေးလှသည့် အရှေ့မြောက်တောင်တန်းများပေါ်မှ မီးဖိုလေးဘေးတွင် စစ်ခြင်ထောင်တထည်ကိုပတ်ခြုံထားကာ မိမိတို့ကြားတွင် ဝင်ရောက်ထိုင်ပြီး စကားပြောလေ့ရှိသည့်တပ်မဟာမှူး ရဲဘော် စောထွန်းတင်၏ပုံရိပ်သည် မေ့ပျောက်၍ မရနိုင်သေးသော ပုံရိပ်ဖြစ်သည်။

● ရဲဘော်စောထွန်းတင်
သူသည်ကရင်အမျိုးသားတယောက်ဖြစ်သော်လည်း ဗိုလ်နော်ဆိုင်း၏ ကချင်တပ်ဖွဲ့ကဖြစ်သည်။ အရှေ့မြောက်စစ်ဒေသ တွင်တော့ ကွေ့ကျိုးရဲဘော်ဟောင်းများဟု လူအများသိကြသူများထဲမှဖြစ်သည်။ သူသည် ဒုတိယကမ္ဘာစစ်ကာလကထဲက ဗြိတိသျှတပ်မတော်မတော်မှ ကရင်စစ်သားတဦးဖြစ်ခဲ့သည်။ လွတ်လပ်ရေးရပြီးစီးစကာလ ဗမာ့တပ်မတော် Burma Army
ဖွဲ့စည်းရာတွင် ဆက်လက်ပါဝင်ခဲ့သည်။ သူတာဝန်ကျ သည့်နေရာကား မေမြို့စစ်တပ်တွင်ဖြစ်ပြီး ဘေးတွဲဆိုင်ကယ်တစီးဖြင့် စာပို့ဆက်သားတာဝန်ယူရသည်ဟု သူပြောပြချက်အရသိရသည်။

၁၉၄၉ ခုနှစ် မြန်မာပြည်အောက်ပိုင်းရှိ ကရင်သနကတပ်ရင်းများ တောခိုကြသည့်အခါ တပ်တွင်းရှိ အခြားတပ်ရင်း တပ်ဖွဲ့ များတွင် တာဝန်ထမ်းဆောင်နေကြသော ကရင်ရဲဘော်များလည်း သံသယဖြစ်ခံရတော့သည်။ ကာကွယ်ရေးဦးစီးချုပ်တာ ဝန်ယူနေသော ဗိုလ်ချုပ်လေးပေခေါ် စမစ်ဒွန်းသည်လည်း နှုတ်ထွက်ပေးလိုက်ရသည်။ မေမြို့တွင်ရှိသော ရဲဘော်စောထွန်း တင်တို့ ကရင်ရဲဘော်များလည်း လက်နက်ဖြုတ်သိမ်း တာဝန်ရုပ်သိမ်းပြီး အဖမ်းခံရတော့သည်ဟု ဆိုသည်။ ထို့နောက် တပ် မှထုတ်၍ ပြန်လွှတ်ပေးရာမှ အိမ်ပြန်လာစဉ် မိတ္တီလာ၌ ဒုတိယအကြိမ် ပြန်လည်အဖမ်းခံရပြီး မန္တလေးထောင်သို့ ရောက် သွားခဲ့ပြန်သည်ဟု ဆိုသည်။ ထို့နောက် ဗိုလ်နော်ဆိုင်းတပ် အပါအဝင် လက်နက်ကိုင်သူပုန်တပ်ဖွဲ့များ မန္တလေးအား ဝင် ရောက်စီးနင်းစဉ် ပြန်လည်လွတ်လာခဲ့ပြန်သည်ဟု ဆိုသည်။ ဤအကြိမ်တွင်တော့ အိမ်ပြန်ရန် မစဉ်းစားတော့ဘဲ သူနှင့် ကရင်ရဲဘော်အချို့သည် ဗိုလ်နော်ဆိုင်းတပ်ဖွဲ့အတွင်းသို့ ဝင်ရောက်ခဲ့ကြတော့သည်။

ထို့နောက် သူလည်း ဗိုဘ်နော်ဆိုင်းတပ်ဖွဲ့နှင့် ရှမ်းပြည်မြောက်ပိုင်းသို့ရောက်ရှိပြီးနောက် တရုတ်ပြည်ကွေ့ကျိုးပြည်နယ် တွင် နိုင်ငံရေးခိုလှုံခွင့်တောင်းရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ ကွန်မြူနစ်ပါတီနှင့် ပူးပေါင်း၍ အရှေ့ မြောက်စစ်ဒေသအား တိုက်ခိုက်ရာတွင် စစ်သားကောင်းတဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။ မိမိတို့နှင့်တွေ့သည့်အချိန်တွင် ၄၅ နှစ်ခန့်ရှိပြီဖြစ်သောသူအား အရှေ့မြောက်စစ်ဒေသ တပ်မဟာ ၂ တပ်မဟာမှူးအဖြစ် တွေ့ဆုံရသည်။ သူကား ဟိတ်ဟန် မရှိသည့် စစ်သားကောင်းတယောက် တပ်မှူးကောင်းတယောက်ဖြစ်သည်။ တပ်မဟာနိုင်ငံရေးမှူး ရဲဘော်အင်ဖန်းဂမ်အား “ခင်ဗျားက တပ်မဟာရုံးက ညွှန်ကြား၊ ကျုပ်က ရှေ့ဆုံးကတပ်နှင့်လိုက်မယ်” ဟုဆိုကာ စစ်ဆင်ရေးများတွင် ရှေ့ဆုံးတပ်ရင်း နှင့်အတူ တွေ့ရှိရသူလည်းဖြစ်သည်။ စစ်ဆင်ရေးကာလများတွင် ရှေ့တန်းရဲဘော်များကြား၌ အမြဲတွေ့ရလေ့ရှိပြီး အောက် ခြေရဲဘော်များနှင့် နီးစပ်သူဖြစ်သကဲ့သို့ ရဲဘော်များ၏ လေးစားချစ်ခင်မှုကို ခံရသူဖြစ်သည်။ အချိန်ရခိုက်ကြုံ တွေ့ခိုက် များတွင် မီးလင်းဖိုနဘေး၌ မိမိတို့နှင့်အတူတကွထိုင်၍ ရေနွေးကြမ်းခါးခါးတခွက်သောက်ရင်း မိမိတို့အား သူ၏အတွေ့အကြုံ များကို ရိုးစင်းစွာပြောပြလေ့ရှိသည်။

မျက်မှန်တဝင်းဝင်း ကိုယ်လုံးကိုယ်ထည်ခပ်တောင့်တောင့် ရဲဘော်စောထွန်းတင်အား ရဲဘော်များက တပ်မဟာမှူးဟု၎င်း အဖိုးကြီးဟု၎င်း ခေါ်ကြသည်။ အဖိုးကြီးဟူသော အခေါ်အဝေါ်သည် တရုတ်ဘာသာဖြင့် လောက်ထိုဟူသောစကားကို ပြန်ဆိုသုံးစွဲကြခြင်းဖြစ်သည်။ တိုက်ရိုက်ပြန်ဆိုလျင် “ခေါင်းအိုကြီး” ဟု ဆိုရမည်။ ဆိုလိုချင်သည်မှာ “အတွေ့အကြုံ ရင့် ကျက်သော ခေါင်းပိုင်ရှင်” များဟု ဆိုလိုပုံရသည်။ မည်သူက မည်သို့စတင် ပြန်ဆိုသုံးစွဲခဲ့သည်တော့ မသိပေ။ မိမိတို့ရောက် ချိန်တွင် တပ်မဟာအဆင့်အထက်ခေါင်းဆောင်များကို “အဖိုးကြီး” ဟု ခေါ်ဝေါ်သုံးစွဲနေကြပြီဖြစ်သည်။

● ရဲဘော်အင်ဖမ်းဂမ်
ရဲဘော်အင်ဖန်းဂမ်သည်လည်း ယခင်ဗိုလ်နော်ဆိုင်းတပ်ဖွဲ့ဝင်ဖြစ်ပြီး ကချင်အမျိုးသားတဦးဖြစ်သည်။ မိမိတို့နှင့်တွေ့သည့် ၁၉၇၆ ခုနှစ်တွင် တပ်မဟာ ၂ ၏ နိုင်ငံရေးမှူးဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်၌ IA ခေါ် ဥပစာတန်းတက်ရောက်ခဲ့သူ တဦးဖြစ်ကြောင်းသိရသည်။ သူ၏ညီမတဦးမှာ ရန်ကုန် မြန်မာအသံ ကချင်ဘာသာအသံလွှင့်အစီးအစဉ်တွင် အလုပ်လုပ်နေ သော အဆိုတော် အင်ဖန်းဂျာရာဖြစ်သည်ဟု သိရသည်။ ဆရာမကြီးအင်ဖန်းဂျာရာသည် ယခုအခါ အသက်အရွယ်ကြီးမြင့်ပြီ ဖြစ်သော်လည်း မြစ်ကြီးနားမြို့မိမြို့ဖအဖြစ် ယမန်နှစ်များအထိ တွေ့နေရဆဲဖြစ်သည်။

ဆေးတံခဲထားသော နိုင်ငံရေးမှူးရဲဘော် အင်ဖန်းဂမ်သည် ဥပဓိရုပ်ခန့်ငြားသူတဦးဖြစ်သည်။ သို့သော် မာနကြီးတခွဲသားနှင့် နေသူမဟုတ်ပေ။ ဟာသဉာဏ်ရွှင်သူတဦးဖြစ်သည်။ သူနှင့်မိမိ သိပ်မဆုံလိုက်ရ။ များမကြာမီ အရှေ့မြောက်စစ်ဒေသ ဌာနချုပ် ပန်ဆန်းသို့ ထွက်ခွာသွားပြီးနောက် သူ့လှုပ်ရှားမှု သိပ်မတွေ့ရတော့။ စစ်ဒေသနိုင်ငံရေးမှူး ရဲဘော်တင်ရီ ခေါ် ဗိုလ်နေဝင်းနှင့်မတည့်၍ ချောင်ထိုးခံလိုက်ရသည်ဟူသော သတင်းများကြားရသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


ဓာတ်ပုံ – ဗမာပြည်ကွန်မြူနစ်ပါတီ ရဲဘော်များ (၁၉၈၅ ခုနှစ်) – Photo credit . PFH


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်