မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်

July 25, 2017

 

 မောင်စွမ်းရည် – ကျေးလက်စာကြည့်တိုက်
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇

ကျွန်တော်တို့ရွာမှာ လွတ်လပ်ရေးမော်ကွန်းဝင် လေးယောက်ရှိပါတယ်။ လေးယောက်ဆိုတော့ ပုဂံခေတ်က အနော်ရထာရဲ့ သူရဲကောင်းလေးယောက်ဆိုတာကို သတိရမိပါတယ်။ ကျွန်တော်တို့ရွာသား သူရဲကောင်းလေးယောက်ကလည်း ဖက်ဆစ်တော်လှန်ရေးသူရဲကောင်းတွေဖြစ်လို့ ဂုဏ်ရောင်ပြောင်ပါတယ်။ မော်ကွန်းဝင်းလေးယောက်ဆိုတာ ရွာအရွယ်အစားနဲ့တိုင်းတာနှိုင်းစာရင် အများကြီးပါ။ ရွာကလေးက ငယ်ငယ်လေးပါ။ မြင်းခြံမြို့နယ်အတွင်းမှာ အထင်ရှားတဲ့ရွာကလေးပါ။ မြို့နဲ့အဆက်အသွယ်လည်း မကောင်း။ ကားလမ်း၊ ရထားလမ်းဘေးမှာ မဟုတ်ရုံမက မြစ်လမ်း၊ ရေလမ်းများလည်းမရှိပါ။ မြင်းခြံမြို့ရဲ့အရှေ့တောင်ယွန်းယွန်း ၅-၆ မိုင်လောက် နွားလှည်းနဲ့ပဲ သွားရပါတယ်။ ရှားစောင်းလက်ဝါး၊ ပဒုမ္မာစတဲ့ ဆူးပင်တွေပေါက်နေတဲ့ ကျောက်ကုန်းကလေးတွေ လှိုင်းထနေတဲ့မြေမျက်ပြင်မျိုးဆိုတော့ ကားလမ်း၊ ရထားလမ်းဖောက်ဖို့မလွယ်လှပါဘူး။ မြို့နဲ့ရွာကြားမှာ စိုက်ကွင်းစိုက်ကွက်လည်း မရှိသလောက်ပါပဲ။ ရွာရဲ့အရှေ့ဘက် နွားထိုးကြီးမြို့နယ်ထဲမှာတော့ ထန်းတော၊ ရှားတောတွေ ရှိကြတယ်။ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ မိုးရာသီစိုက်ပျိုးပြီး ဆောင်းရာသီရိတ်သိမ်းရတဲ့ မြေယာတွေရှိပါတယ်။ ဒါ့ကြောင့် လယ်သမားမရှိ။ တောင်သူယာသမားတွေပဲရှိပါတယ်။ ရေတွင်းတွေက သဲကျောက်ကို အတောင် ၅၀ လောက်တူးရတဲ့တွင်းတွေပါ။ အဲသလိုခေါင်တဲ့ရွာကလေးမှာ ကိုလိုနီခေတ်တစ်ခေတ်လုံး မြို့ကျောင်းနေဖူးသူ ရွာသူကြီးသားသုံးယောက်ပဲရှိပါတယ်။

ကိုလိုနီခေတ်ထုံးစံစနစ်ရဲ့တောင်းဆိုချက်အရ မြေတိုင်းစာရေးနဲ့ ကျောင်းဆရာဖြစ်ရုံပါပဲ။ သူက လူငယ်များကြီးပွားရေးအသင်း၊ တို့ဗမာအစည်းအရုံး၊ အာရှလူငယ် စတဲ့အဖွဲ့တွေကိုကြားဖူးနားဝလည်းရှိ ဆက်စပ်မှုလည်းအနည်းအကျဉ်းရှိကြပါတယ်။ ဒါ့ကြောင့် နည်းနည်းခေတ်ရှေ့ပြေးခဲ့တယ်ဆိုပါတော့။ သူတို့ စာကြည့်တိုက်ကလေးထူထောင်ခဲ့ကြဖူးပါတယ်။

ဦးညွန့်မောင်(စစ်ပြန်)ရဲ့ အိမ်ဝန်းထဲမှာပါ။ မန်ကျည်းပင်ကြီးမှာ ကွင်းçဘား ကစားစရာလည်းရှိပြီး မန်ကျည်းပင်ရိပ်မှာ တန်းဘားများလည်း ရှိပါတယ်။ ရွာ့အရှေ့ဖျားက ဦးအောင်လှရဲ့အိမ်နဲ့ ဦးညွန်မောင်တို့အိမ်တို့က နှစ်အိမ်ကပ်လျက်ပါ။

မော်ကွန်းဝင် ဦးစောထွန်းက ဦးအောင်လှနဲ့သမီးယောက်ဖတော်ပါတယ်။ ဦးအောင်လှရဲ့အစ်မနဲ့ ဦးစောထွန်းနဲ့ အိမ်ထောင် ပြုပါတယ်။ ခု သူတို့သားသမီး ကျောင်းဆရာ၊ ဆရာမတွေကပဲဦးဆောင်ပြီး စာကြည့်တိုက်တည်ထောင်ရေးကို လုံးပန်းနေကြတယ်လို့ ဝမ်းသာစရာစကားကြားရပါတယ်။ ဦးညွန့်တင်ရဲ့ သား၊ သမီးတွေလည်းပါကြသတဲ့။

စာကြည့်တိုက်က တဲငယ်လေးတစ်ခုပါပဲ။ ကျွန်တော်သိမီလိုက်တယ်(ထင်)တာက အာရှလူငယ်လှုပ်ရှားမှုထင်ပါတယ်။ ဦးဆောင်ခဲ့တဲ့ လူငယ်တွေရဲ့အမည်ကို အတိအကျမသိပါ။ စာကြည့်တိုက်ကလေးရှိခဲ့ပြီး ဒီစာကြည့်တိုက်ကလေးက လူငယ်တွေကို အသိအမြင်ကျယ်စေခဲ့တယ်လို့ ယူဆယုံကြည်မိလို့ ဒီစာကြည့်တိုက်ကလေးအကြောင်းရေးရတာပါ။

(၁) စာကြည့်တိုက်ကလေး ရှိခဲ့လေရဲ့ (၂) မော်ကွန်းဝင် ၄ ဦးရှိခဲ့လေရဲ့။ အဲဒါကတော့ အသေအချာပါပဲ။ အဲဒါလေးကိုပဲ ဆက်စပ်ပြောချင်ပါတယ်။ ဘာဖြစ်လို့ ဒီလိုပြောနိုင်ရသလဲ။

ကျွန်တော်တို့ရွာနဲ့ ရွာနီးခြုံစပ်တွေမှာ လွတ်လပ်ရေးမော်ကွန်းဝင်မရှိကြပါ။ အဲဒီရွာတွေမှာ စာကြည့်တိုက်လည်း မရှိကြပါ။ ကျွန်တော်တို့ရွာရဲ့ ဒီစာကြည့်တိုက်လေးက ဘယ်တုန်းကပျက်သွားသလဲ။ ဒုတိယကမ္ဘာစစ်နဲ့ပြည်တွင်းစစ် ဖြစ်တဲ့ စစ်နှစ်စစ်အတွင်း ၁၉၄၇-၄၈ လောက်မှာ ပျက်သွားခဲ့ပါတယ်။ စာကြည့်တိုက်ကို ဂရုစိုက်မယ့်လူငယ်တွေမှာ “ဗမာပြည် လွတ်လပ်ရေးအတွက် စစ်ထဲကိုပဲဝင်လိုက်တော့မယ်၊ ပျိုမေတစ်ပါးရယ် မတားနဲ့တော့ကွယ်၊ စစ်နိုင်အောင် ဆုတောင်းကွယ်” စတဲ့သီချင်းသံလည်း လွင့်ပျံ့လာခဲ့ပါတယ်။ ဒါပေမဲ့ စာကြည့်တိုက်ကလေးကတော့ ပျက်သွားပြီ။ အစစ်ပါသွားတာက မူလတန်းကျောင်းကလေးပါ။ ရွာလယ်က ကျွန်တော့်အဖိုးတစ်ဝမ်းကွဲတစ်ယောက်ရဲ့ ဝင်းခြံထဲမှာမြေနေရာပေးပြီး ဆောက်လုပ် လှူဒါန်းထားတဲ့ကျောင်းကလေးပါ။ ကျွန်တော်မှတ်မိသလောက် ရွာကျောင်းဆရာက ကျွန်တော့ဦးကြီးတစ်ယောက်ပါပဲ။ သူက ပလိပ်ရောဂါနဲ့ ကွယ်လွန်သွားခဲ့လို့ ကျောင်းမှာစာပြမဲ့ဆရာ မရှိတော့ပါ။ မူလတန်းကျောင်းကိုလည်း ဘာကြောင့်ထည့်ပြောရသလဲဆိုတော့ အလားတူရွာငယ်လေးတွေမှာ မူလတန်းကျောင်းလေးမျှမရှိပါ။ ကျွန်တော့ဦးလေးငယ်တစ်ယောက်က စစ်တွေဆရာဖြစ်သင် နော်မန်ကိုသွားပြီး သင်တန်းတက်နေဆဲမှာ ကျောင်းကပျက်ခဲ့ပါပြီ။

ကျွန်တော်တို့ရွာက ရေတွင်းတွေနက်ပြီး ရေရဖို့ခက်လို့ ပြောင်းပြာချောင်း(သံချောင်း)နဲ့နီးတဲ့နေရာကို ရွာသားတွေ ရွှေ့ကုန်ကြလို့ ကျွန်တော်တို့လည်း လိုက်ရွှေ့ကြပါတယ်။ အခုဆို ရွာအိမ်ခြေလျော့သည်ထက် လျော့နေပြီ ထင်ပါတယ်။

ကျွန်တော်တို့ မူလနေခဲ့တဲ့ရွာကို ကန်ဆင့်တောင်ရွာ။ ကျွန်တော်တို့ရွှေ့သွားတဲ့ရွာကို ကန်ဆင့်မြောက်ရွာလို့ခေါ်ပြီး လူဦးရေများတဲ့ မြောက်ရွာမှာ ကျွန်တော့ဦးလေး စစ်တွေပြန်ကဦးဆောင်ပြီး ကျောင်းဖွင့်ခဲ့ပါတယ်။ အဲဒီကျောင်းကလေးဟာ ပြည်တွင်းစစ်အတွင်းမှာ တစ်နှစ်လောက်ပဲ ခံတယ်ထင်ပါတယ်။ အလံနီသူပုန်တွေတောင် “လုပ်အားပေး” ဝင်သင်ဖူးတယ်လို့ မှတ်မိနေပါတယ်။ အလံနီတွေမရှိတော့တဲ့နောက်တော့ ဘုန်းကြီးကျောင်းထဲမှာ တဲထိုးပြီး ကျွန်တော့်အဖေက ကလေးတွေကို စာသင်ပါတယ်။ သူ့သူငယ်ချင်း ပညာအုပ်က သူ့ကိုရော၊ ကျောင်းကိုပါ တရားဝင်ဖြစ်အောင်လုပ်ပေးခဲ့ပါတယ်။ ခုထိ အဲဒိကျောင်းလေး တည်တန့်နေပြီး စစ်ပြန်ရဲဘော် မော်ကွန်းဝင်းဦးစောထွန်းက ဆရာအတတ်သင်တက်ပြီး ကျောင်းအုပ်ရာထူးဆက်ခံခဲ့ပါတယ်။ သည်ဘက်ခေတ်မှာတော့ ဘုန်းကြီးကျောင်းထဲမဟုတ်တော့ပဲ ရွာဦးမှာအစိုးရကဆောက်ပေးတဲ့ အဆောက်အဦနဲ့ကျောင်းဖြစ်နေပါပြီ။ နှစ်ရွာလုံးကျောင်းရှိပြီး စာကြည့်တိုက်မရှိသေးပါ။

အခုအခါ အစိုးရကလည်း စာကြည့်တိုက်ကိုအားပေးနေတယ်လို့ကြားရပါတယ်။ ကျွန်တော်တို့ရွာ စာကြည့်တိုက်တည်ထောင်ရေးအတွက် အစိုးရ၊ ပြန်ကြားရေးဌာနက ထင်ပါရဲ့။ ငွေ သိန်း ၃၀ ထောက်ပံ့မယ်လို့ သိရပါတယ်။

တကယ်တော့ ကျေးလက်တောရွာတိုင်း၊ မြို့တိုင်းမှာ စာကြည့်တိုက်များရှိသင့်ပါတယ်။ မြို့ကြီးရင် ကြီးသလောက် စာကြည့်တိုက်တွေ ရပ်ကွက်အလိုက်အများကြီးဆောက်ကြရမှာပါ။ အမေရိကန်ပြည် နယူးယောက်မြို့မှာ ကိုယ်နေတဲ့အိမ်ကနေ ဘယ်ဘက်ထွက်သွားသွား ဝေးဝေးမသွားရပဲ စာကြည့်တိုက်တစ်တိုက်ကတော့ တွေ့ရမြဲပါ။ စာကြည့်တိုက်ဟာ မြို့ပြ တစ်ခု၊ ရပ်ရွာတစ်ခုရှိ ရှိရမယ့်လက္ခဏာတစ်ရပ်ပါ။ ကျွန်တော်တို့ရွာမှာ ၅ ရက်တစ်ဈေး၊ ၇ ရက်တစ်ဈေးဆိုတာမျိုးလည်း မရှိ။ အိမ်ဆိုင်တောင်မရှိ။ စာအုပ်အငှားဆိုင်လည်းမရှိ။ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ စာကြည့်တိုက်ဆိုတာတွေ မရှိမဖြစ်လိုအပ်တဲ့ မြို့ပြလက္ခဏာတွေပါ။ လူ့အဖွဲ့အစည်းရဲ့လက္ခဏာတွေပါ။

စာကြည့်တိုက်ရှိရင် အားတဲ့လူက စာလာဖတ်မှာပါ။ ကျောင်းမနေနိုင်လို့ ကျောင်းထွက်ရတဲ့ကလေးတွေဟာ စာကြည့်တိုက်ရှိနေရင် မလေလွင့်ဘူးပေါ့။ တစ်ချို့ကလေးတွေဆို လေးခွကိုင်ပြီးတောထဲ လျှောက်လည်၊ မြစ်ချောင်းထဲသွား အပျင်းပြေ ငါးမျှား။ တစ်ချို့ကလည်း အသက်မွေးဝမ်းကျောင်းအတွက် ငါးဖမ်းရတာလည်းရှိမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အားတဲ့ကလေးက ရုပ်ပြစာအုပ်ကလေးဖတ်ရင်ကိုပဲ သူ့မှာအားလပ်ချိန်ဖျော်ဖြေမှုတစ်ခုရသွားပြီပေါ့။ လူကြီးတွေမှာလည်း စိုက်ပျိုးရိတ်သိမ်းရေးအတွက် မိုးလေဝသသတင်း၊ သာရေးနာရေးသတင်း၊ မြို့က စားဈေး၊ ဆီဈေး၊ ဆန်ဈေး စတာတွေ ဖတ်ရှုနိုင်တာပေါ့။ လယ်ယာလုပ်ငန်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေလည်း ဖတ်ရတာပေါ့။

လွတ်လပ်ရေး ၁၀ နှစ်၊ ၁၀ မိုးခေတ်က စာကြည့်တိုက်တို့၊ ဆေးပေးခန်းတို့ အားပေးခဲ့ပါတယ်။ ခု ပြန်လည်ထူထောင်ကြပါစို့။

မောင်စွမ်းရည် (ဇူလိုင်-၂၆၊ ၂၀၁၇)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်