ကျော်ထင် ● ရတနာလက်ဖက်ရည်၊ ကဗျာဆရာအောင်သစ်ဝေ၊ စာအုပ်ဆိုင် မဇ္ဈိမအလင်း၊ ပျဉ်းမနားရဲ့ ခြေခင်းလက်ခင်း

July 25, 2017

● ရတနာလက်ဖက်ရည်၊  ကဗျာဆရာအောင်သစ်ဝေ၊ စာအုပ်ဆိုင် မဇ္ဈိမအလင်း၊ ပျဉ်းမနားရဲ့ ခြေခင်းလက်ခင်း
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇

အရင်တုန်းက ပျဉ်းမနားရဲ့ခြေခင်းလက်ခင်းတွေဟာ သာယာပါ့။

(တစ်)
ပျဉ်းမနားမှာ အပန်းဖြေစရာဆိုလို့ ကန်ပန်းခြံလေးတခုပဲရှိတယ်။ အဲ့ဒါကို ရှမ်းကန်လို့ ခေါ်ကြတယ်။ ရှမ်းကန်ဆိုတာ ကျနော် တို့ရဲ့ တခုတည်းသော အပန်းဖြေရာနေရာပါ။ အဲ့ဒီ့ကန်ရဲ့ အရှေ့မြောက်ထောင့်မှာတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ရှိ တယ်။ ဗိုလ်ချုပ်တို့ကျဆုံးပြီး တနှစ်အကြာမှာ သွန်းတာလို့ ကဗျည်းထိုးထားပေမယ့် တကယ့်တကယ် ကြေးရုပ်ကို ဖွင့်ပွဲ အခမ်းအနားနဲ့တင်တာက တော်လှန်ရေးကောင်စီလက်ထက်ကျမှ တင်ဖြစ်ကြတယ်။ တွေ့မှီလိုက်လို့တော့ မဟုတ်ပါဘူး။ သက်ကြီးစကား သက်ငယ်ကြားပေါ့။

တွေ့ မှီလိုက်တာကတော့ ဗိုလ်ချုပ်ကြေးရုပ်ဟာ နိုင်ငံရေးလောကဓံတွေကို ဖော်ကျူးနေတဲ့နေရာပဲ။ နိမ့်တုံ၊ မြင့်တုံတွေနဲ့ သံဝေဂ ယူဖို့ကောင်းတယ်။ လူစည်ကားရာနေရာဖြစ်လိုက်၊ လူသူတွေ ဝေရာမဏိရတဲ့နေရာဖြစ်လိုက်နဲ့။ လိုတမျိုး၊ မလို တမျိုး သဘောထားနှစ်ရပ်ကြားမှာ အထွတ်တင်တဲ့အခါမှာ အထွတ်တင်တယ်။ ဖုံးကွယ်ချင်တဲ့အခါမှာ မျက်ကွယ်ပြုထား တယ်။

ကြေးရုပ်နဲ့ ကတ္တရာမွဲမွဲလမ်းလေးပဲခြားပြီး အဲ့ဒီ့ထောင့်မှာပဲ ရတနာရှိတယ်။ ရတနာဆိုတာ လက်ဖက်ရည် ဆိုင်သေးသေး လေး။သူ့ အိုးနဲ့သူ့ ဆန်ညီမျှတယ်လို့ဆိုနိုင်တဲ့ ဆိုင်လေး။

လူသောက်များပေမယ့် ခုသောက်နေတဲ့ဆိုင်ကြီးလို မဆန့်မပြဲ လူစည်ကားတာမျိုး မဟုတ်ဘူး။ ဆိုင်အခင်းအကျင်းတွေက မခမ်းနားဘူး။ ဒါပေမယ့် လက်ဖက်ရည်အရောင်တွေက အပျိုစင်လိုပဲ ရေမရောသေးဘူး။ ချက်နို့ဆီနဲ့ဖျော်တာရကလွဲလို့ အတုအယောင်တွေနဲ့ ခပ်ကင်းကင်း နေနေသေးတယ်။ စမူဆာနဲ့လက်ဖက်သုတ်တွေက ဆီပြားကအစ စိတ်တိုင်းကျနေသေး တယ်။ တခါ တခါ အမဲခြောက် မီးဖုတ်လေးတွေ လက်ဖက်သုတ်ထဲ မွှထည့်ခိုင်းတာပါတယ်။ ဆိုင်အပြင်မှာ ထုတ်ထားတဲ့ စားပွဲတွေကတော့ ဗာဒံနဲ့ ကုက္ကိုရိပ်ကို ခိုထားကြတယ်။ အဲ့ဒီ့ဆိုင်မှာ မနက် တကြိမ်ထိုင်တယ်။ ည တကြိမ်ထိုင်တယ်။

မနက်တကြိမ်အထိုင်မှာ ကိုကျော်ကြီးနဲ့ဆုံဖြစ်တယ်။ ဆိုင်ရှင်က ကွန်မြူနစ်ဖြစ်ရတာကို ဂုဏ်ယူတယ်လို့တ ဖွဖွပြောတဲ့ ၈၈ မျိုးဆက် ကိုသာချို။ သူက မိတ်ဆက်ပေးလို့ ကိုကျော်ကြီးနဲ့ခင်မင်ခဲ့တာ။ ကိုကျော်ကြီးဆိုတာက ပျဉ်းမနား ကဗျာဆရာ။ အောင်သစ်ဝေ ကလောင်အမည်နဲ့ ကဗျာတွေရေးတယ်။

အဲ့ဒီ့ဆိုင်လေးမှာ ထူးထူးခြားခြား ဆုံမိကြတာက ဆိုင်ရှင် ကိုသာချိုရဲ့ညီ ကျနော့်သူငယ်ချင်း ကျော်ကြီး။ ကျနော်ကလည်း ကျော်ကြီး။ ကြီးသုံးကြီးဆုံတဲ့အထဲမှာ ကဗျာဆရာအောင်သစ်ဝေ၊ ကျော်ကြီးက အသက်အရွယ်အကြီးဆုံး။ ဒါကြောင့် သူ့ကို ကိုကျော်ကြီးလို့ပဲ တရိုတသေခေါ်ကြတယ်။

ပျဉ်းမနားဆိုတာ ကသုံးလုံးနဲ့ကျော်တဲ့မြို့လို့ ပြောကြတာရှိတယ်။ ကျနော်ကတော့ အဲ့ဒါ သိပ်မကွဲဘူး။ သုံးလုံးလား၊ လေး လုံးလား။ ကြံလား၊ ကျွန်းလား၊ ကွန်မြူနစ်လား၊ ကဗျာဆရာလား သိပ်မကွဲဘူး။ သေချာတာကတော့ လက်ဖက်ရည် ဆိုင် ကလေးက ကွန်မြူနစ်ချစ်သူတဦးဖွင့်ထားတာ။ မလှမ်းမကမ်းမှာလည်း ကြံရည်ဆိုင်လေးရှိနေတယ်။ ကျွန်းဗီဒိုလေးဘေးနား မှာ ကဗျာဆရာတဦးနဲ့ ထိုင်တယ်လေ။

ကိုကျော်ကြီးက ပိန်ပိန်ပါးပါးပါ။ စကားပြောတော့ လေပြေနဲ့။ အေးအေး။ ဖြည်းဖြည်း။ ပြောတဲ့အထဲမှာ ရယ်စရာတွေပါတယ်။ ဟာသဓာတ်ခံရှိတယ် မှတ်တယ်။ အရင်တုန်းက တော်တော်သောက်စားခဲ့တယ်လို့ပြောပေမယ့် အခုတော့ အသောက်အ စားကိုစွန့်ပြီး လက်ဖက်ရည်သမားဖြစ်ဖို့ ကြိုးစားနေတဲ့သူတဲ့။ အဲ့ဒီ့အချိန်မှာ ကျနော်က စာတိုပေစရေးတာကို စွန့်ပြီး စာသင် တာကို မြေစမ်းခရမ်းပျိုးနေတာ။

အထူးသဖြင့် ကဗျာရေးတာကို စွန့်ခွာတာ။ကဗျာတွေရေးပြီး မဂ္ဂဇင်းတိုက်တွေဆီပို့လည်း ကျနော့်ကဗျာတွေက ပါမှ မပါတာ။ မဟေသီ၊ ရွှေသမင်၊ စတိုင်သစ်၊ ရုပ်ရှင်အောင်လံ၊ ရုပ်ရှင်တေးကဗျာ။ ဒါက မှတ်မိသလောက် မဂ္ဂဇင်းတွေပါ။ ဒီလိုပို့တိုင်း မပါတော့ နောက်တော့ စိတ်ဓာတ်ကျတယ်။ မရေးချင်တော့ဘူး။ မရေးတော့ဘူး။ ဒါပေမယ့် ကဗျာဆရာနဲ့တွေ့ ပြန်တော့ က ဗျာရေးဖို့ စိတ်ပြန်လည်လာတာတော့ ရှိတယ်။ ကိုကျော်ကြီးပြောတာက တတိုက်ထဲကို စွဲစွဲမြဲမြဲပို့တဲ့။

ပြီးတော့ အားနာလို့ပဲလား၊ ကျနော့်ကို စိတ်အားပြန်တက်အောင်လို့ပဲလားတော့ မသိဘူး။ ကျနော့်ကဗျာတွေကို စကားလုံး တွေရိုးပေမယ့် အသံတွေပါတယ်တဲ့။ ဘယ်ကဗျာတွေဖတ်လဲ မေးတယ်။ ဒီတော့ မောင်စိန်ဝင်း (ပုတီးကုန်း) လို့ ကျနော်ဖြေ တယ်။ ဒါကို ကိုကျော်ကြီးက ပြုံးတယ်။ ဘာလို့ပြုံးတာလဲတော့ မပြောဘူး။ မဂ္ဂဇင်းတွေပေါ်မှာပါတဲ့ ကဗျာတွေကို နာနာဖတ် လို့တော့ ပြောတာရှိတယ်။ ပြီးတော့ မြဇင်ရဲ့ ကဗျာနရီနဲ့ နိမိတ်ပုံကို ဖတ်တဲ့။

ကျနော်ရေးတဲ့ စနေမိုးဆိုတဲ့ကဗျာကို ကိုကျော်ကြီးက ထူးထူးခြားခြားကြိုက်နေတယ်။ ရတနာကဖေးမှာ ကျနော်နဲ့တွေ့ရင်၊ တခါတခါ စိန်ကြီးကဖေးမှာ ကျနော်နဲ့ဆုံရင် အဲ့ဒီ့ကဗျာကို ကျနော်က ရွတ်မပြရဘဲ သူကချည်း ရွတ်ပြတတ်တယ်။ သူက လူပျိုကြီးလေ။

ကျနော် ရေးတဲ့ကဗျာက …

ငါ့အရွယ်ဟာ
စိန်ပန်းလို မရဲတော့
ဒီမိုးကို စနေသင့်တုန်း
ဗြုန်းဆို
အလွမ်းမှိုတွေပွင့်ပေါ့။

အထူးသဖြင့် အလွမ်းမှိုတွေတဲ့။ ဗြုန်းဆိုတာလေးက တကယ့်လူတွေထဲက အသံတဲ့။ ကျနော့်ကဗျာကို သူတော် တော်မွှန်းနေ ပေမယ့် ကျနော်ကတော့ အားတက်အောင် ကြံဖန်ချီးကျူးနေတယ် ထင်တယ်လေ။ ဘယ်လိုပဲ ချီးကျူး ချီးကျူးပါ။ ကျနော် ကဗျာ မရေးတော့ပါဘူး။ ကိုကျော်ကြီးနဲ့ တွေ့တုန်း ဆုံတုန်းသာ ကဗျာပိုးတွေ ပေါက်ဖွားခွင့်ရကြပေမယ့်၊ ကြာကြာမခံပါ ဘူး။ အိမ်တပြန်ပါပဲ။ အိမ်ပြန်ရောက်ရင် ကဗျာစိတ်တွေ ပျောက်သွားတယ်။ အနုပညာစိတ်တွေ ခမ်းသွားတယ်။ ကျနော့် ကဗျာစိတ်တွေက နဂိုကတည်းက အ,တယ်လေ။

(နှစ်)
စာပဲဖတ်ဦးမယ်။ စာတွေ စသင်ရင်းနဲ့စာတွေပဲ ဖိဖတ်ဖြစ်ခဲ့တယ်။ ၈၈ မတိုင်ခင်တုန်းကတော့ စာဖတ်ချင်ရင် စာအုပ်အငှား ဆိုင်တွေ သွားရတာ။ စိန်မြင့်စာပေ၊ မြတ်ရိပ်မွန်စာပေ၊ သုဝဏ္ဏသျှံစာပေတွေဆိုတာ စာအုပ်ငှားဖတ်ခဲ့တဲ့ စာအုပ်အငှားဆိုင် တွေပေါ့။ ပျဉ်းမနားမှာတော့ အထင်ကရဆိုင်တွေပေါ့။ စာအုပ်ငှားခတွေက တကျပ်၊ တကျပ်ခွဲ၊ နှစ်ကျပ်တွေ။ ငါးကျပ် တ ဆယ်အချိန်ထိအောင် ငှားခဲ့မိဖူးတယ်ထင်တယ်။

ဒါပေမယ့် ၈၈ နောက်ပိုင်းကျတော့ စာအုပ်အငှားဆိုင်တွေ ပျောက်ကွယ်စပြုလာတယ်။ နေနဲ့တွေ့တဲ့ မြူတွေလိုပဲ။ တစ တစ ကွယ်လွင့်သွားကြတာ။ ဒီတော့ ဝယ်ဖတ်ဖို့အကြောင်းဖြစ်လာတယ်။ အဲ့ဒီ့အချိန်မှာ ကျနော်တို့မြို့မှာ ရသသုတစာအုပ် တွေ ရောင်းတဲ့ဆိုင်မျိုးက များများစားစားရှိလှတာ မဟုတ်ဘူး။ မှတ်မှတ်ရရ တဆိုင်တည်းရှိတာ။ မှတ်မှတ်ရရမှ တကယ့်ကို မှတ်မှတ်ရရပါပဲ။ စာအုပ်ဆိုင်နာမည်ကအစ၊ စာအုပ်တွေအလယ်၊ စာအုပ်ဆိုင် ပိုင်ရှင်ကြီးအဆုံး အကုန်လုံးဟာ သတိရစရာ တွေချည်းပါပဲ။

ဆိုင်နာမည်က မဇ္ဈိမအလင်းတဲ့။ မြေစိုက်ဆိုင်လေး။ သေးသေးလေး။ ဆိုင်အကျယ်အဝန်းက ပေနှစ်ဆယ်ပတ် လည်လောက် ပဲ ရှိမယ်ထင်တယ်။ ကျနော်တို့လို စာဖတ်သမားတွေအတွက်တော့ စိတ်အာသာကို အတော်ပြေစေပါတယ်။ ဆိုင်ရှင်ကလည်း စာသမား၊ ဝါသနာအရ ဖွင့်ထားတာဖြစ်လို့ ပိုအဆင်ပြေတယ်။ စာအုပ်ကောင်းတွေ ရွေးတင်တတ်တယ်။ ဘာစာအုပ်ကောင်း တယ်ဆိုတာ စာသမားမို့ သူကသိတာကိုး။

သူ့နာမည်က ဦးတင်အောင်။ စာဖတ်တယ်။ တရားနာတယ်။ စကားပြောရင် လေပြေလေးနဲ့ပြောတယ်။ အေးအေး ညင် ညင်ပဲ။ လောဘနဲ့ လုပ်မစားဘူး။ ဝါသနာကို အရင်းတည်ပြီး ဘဝကိုဖြတ်သန်းတယ်။ စာအုပ်ဝယ် မလာသေးရင် စာဖတ် နေလေ့ရှိတယ်။ သူနဲ့ ကျနော်နဲ့ ဆုံတဲ့နေ့ဟာ ကျနော် အဲ့ဒီ့ဆိုင်ကို စာအုပ်စဝယ်တဲ့နေ့ပါပဲ။ ကျနော် စာအုပ်ဆိုင်ထဲ ဝင်လိုက် တယ်ဆိုရင်ပဲ ဦးတင်အောင် ထလာတယ်။ ကျနော် စာအုပ်တွေလိုက်ကြည့်တဲ့နေရာမှန်သမျှ သူက နောက်ကလိုက်ပါရင်း အကဲခတ်တယ်။ ကိုယ့်ကို မယုံသင်္ကာသဘောမျိုးသက်ရောက်နေလို့ စိတ်ထဲကသိကအောက်ဖြစ်မိပေမယ့် ဒါဆိုင်ရှင်တဦး လုပ်ရမယ့် တာဝန်ပဲလေလို့ နားလည်ပေးလိုက်တယ်။ ကျနော် စာအုပ်နှစ်အုပ်နှစ်အုပ် ရွေးလိုက်တယ်။Guardian မဂ္ဂဇင်းနဲ့ ကိုတာရဲ့ လှည်းဘီးတပတ်။ Guardian က တဆယ်။ လှည်းဘီးတပတ်က တရာနှစ်ဆယ့်ငါးကျပ်။

နောက်ထပ်တခါကျတော့ ကျနော် တကယ် စာဖတ်သူဆိုတာ ဦးတင်အောင်ကြီး သိသွားဟန်တူတယ်။ ဆိုင်ထဲကို ရိပ်ခနဲ ဝင်လာတာနဲ့ ခေါင်းထောင်ကြည့်လိုက်တယ်။ ကျနော်မှန်းသိသွားရင် ဆက်ထိုင်မြဲထိုင်နေတယ်။ သူ့လုပ်လက်စကို ဆက် လုပ်နေတယ်။ ကျနော့်နောက်ကို လိုက်မကြည့်တော့ဘူး။ သူလည်း ကျနော့်ကို ယုံကြည်သွားသလို၊ ကျနော်လည်း စာအုပ ရွေးရတာ စိတ်ချမ်းသာသွားတယ်။

ယုံကြည်မှုဆိုတာ ကာလအကြာကြီးပေါင်းမှ ရရှိတာမျိုးမဟုတ်ဘဲ၊ တဖက်ကရိုးသား၊ တဖက်ကအကဲခတ်တတ်ရင် ခဏ လေးနဲ့တည်ဆောက်နိုင်တယ်ဆိုတာကို မဇ္ဈိမအလင်းမှာ  ကျနော် ရှာဖွေတွေ့ရှိလိုက်ရတယ်။ ဒီလိုနဲ့ ကျနော်ဟာ မဇ္ဈိမ အလင်းစာပေရဲ့ ဖောက်သည်တယောက်ဖြစ်ခဲ့တယ်။ တဦးနဲ့တဦး အကျွမ်းတဝင်ကြီးတွေမဟုတ်ပေမယ့် ကျနော်ဝယ်တဲ့ စာအုပ်တွေကြောင့် သူက ကျနော့်ကို အလေးထားလာတယ်။ ကျနော်က ကျနော်ဝယ်မယ့်စာအုပ်တွေကြောင့် သူ့ကို အ လေးထားလာတယ်။

ဆရာကြီးမြသန်းတင့်ရဲ့ တောင်သမန်ရွှေအင်းမှာ လေညှင်းဆော်တော့ကို သည်းသည်းသန်သန်ဖတ်ချင်ခဲ့တုန်းက ဦးတင် အောင်ကြီးကို အပူကပ်ခဲ့ဖူးတယ်။ ထွက်တာကြာပြီမို့ ဝယ်လို့မရခဲ့ဘူး။ ဒါကို ဦးတင်အောင်ကြီးက အားစိုက်ကူညီပေးတယ်။အဟောင်းဆိုရင်ကောလို့ သူကမေးပေမယ့် ကျနော်က အသစ်ပဲလိုချင်တာဆိုလိုက်လို့ ဝယ်မရခဲ့ဘူး။ အဲ့ဒါ ၂ဝဝ၁။ စာအုပ် ထွက်ထားတာက ၁၉၉၉။

သူငယ်ချင်းက စာကြည့်တိုက်ကနေ ထပ်ငှားပေးမယ်ပြောပေမယ့် ကျနော်မငှားတော့ဘူး။ ကိုယ်ပိုင် ဝယ်နိုင်တဲ့နေ့ကျမှပဲ ဖတ်တော့မယ် ဆုံးဖြတ်လိုက်တယ်။ ၂ဝဝ၂ ကုန်ခါနီး နိုဝင်ဘာလမှာ အဲ့ဒီ့စာအုပ်ရတယ်။ ၂၃ဝဝ ကျပ်။

ခုတော့ မဇ္ဈိမအလင်းဆိုင်လေးမှာ ရသ၊ သုတစာတွေ မရောင်းတော့ဘူး။ ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေ ရောင်း တဲ့ဆိုင်ဖြစ်သွားပြီ။ ပိုင်ရှင်ကလည်း ဦးတင်အောင်ကြီး မဟုတ်တော့ဘူး။ တခြားသူတယောက်ဖြစ်သွားပြီ။

ဟုတ်တယ် …. ခုတော့ ပျဉ်းမနားရဲ့ ခြေခင်းလက်ခင်းတွေက ဟိုတုန်းကနဲ့ မတူတော့ဘူးလေ ….။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်