မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆)

July 25, 2017

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ အပိုင်း – (၃၆)
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇

● ရဲဘော်စိုးသိန်း
မမောမပမ်း စကားပြောနိုင်သူဖြစ်သည်။ ၁၉၅ဝ ခုနှစ်ခန့် တရုတ်ပြည်သို့တက်မလာမီ မသုံးလုံးဒေသ (မန္တလေး၊ မြင်းခြံ၊  မိတ္တီလာ) ဘက်ကဟု သိရသည်။ ထိုစဉ်က ရဲဘော်ထွန်း ခေါ် ဗိုလ်ကျင်မောင်၏ ယောက္ဖဖြစ်သည်ဟု သိရသည်။ မိမိတို့အား အရှေ့မြောက်စစ်ဒေသအခြေအနေအချို့အား ကနဦးမိတ်ဆက်ပေးသူမှာ သူဖြစ်သည်။ မင်းလတ်ရဲခေါင်အကြောင်း၊ မုန်း ကိုးဒေသ ဒူဝါများအကြောင်း၊ ဝ နယ်အကြောင်း စသဖြင့် အကြောင်းအရာစုံလင်လှသည်။ ထိုပြင် နိုင်ငံရေးဆွေးနွေးခြင်း ကိုလည်း အထုံပါသူဖြစ်သည်။

သူ၏ဇနီးသည်ကတော့ စစ်ချွမ်းပြည်နယ်မှ တရုတ်အမျိုးသမီးဖြစ်သည်။ သူ၏ဇနီးသည်နှင့် သမီးငယ်နှစ်ယောက်က မိမိတို့ နိုင်ငံရေးဌာနတွင်အတူရှိကြသည်။ သမီးအငယ်က မွေးခါစဖြစ်သည်။ သားအကြီး နှစ်ယောက်ကတော့ ကျောင်းနေအ ရွယ်ဖြစ်သဖြင့် တရုတ်ပြည် မန်စီအနီးရှိ ၁၈၂ ကျောင်းသို့ ရောက်နေကြသည်ဟု သိရသည်။ အရှေ့မြောက်စစ်ဒေသသည် တည်ငြိမ်သော အခြေခံစခန်းတခုဖြစ်လာပြီဖြစ်၍ နောက်တန်းဌာန နောက်တန်းရုံးများတွင် အိမ်ထောင်သည်များ ကလေး များ နေရာချထား၍ ရနေပြီဖြစ်သည်။

● ရဲဘော်ဆမ်ပရား
ကျောင်းတုန်းကသင်ခဲ့သည့် ပထဝီတို့ သမိုင်းတို့တွင် ဝ ဒေသနှင့် ဝ လူမျိုးဆိုသည်ကို သတိမထားမိခဲ့ပေ။ စာအုပ်တွေဖတ်ဖြစ် လေ့လာဖြစ်သည့်ကာလပိုင်းတွင်လည်း သတိမထားမိသေး။ နိုင်ငံရေးစိတ်ဝင်စားလာပြီး အရှေ့မြောက် CPB မှ ထုတ်လွှင့် သည့် ပြည်သူ့အသံနှင့် ယဉ်ပါးသည့်နောက်တွင် ဝ ဒေသ ဝ လူမျိုးဆိုသည်ကို စတင်သတိထားမိခဲ့သည်။ မြန်မာပြည် နယ်နမိတ်အတွင်းရှိ တိုင်းရင်းသားလူမျိုးတမျိုးဖြစ်သော်လည်း ပြည်မကလူများနှင့် အလှမ်းကွာလွန်းနေခဲ့သည်။ ပြည်မက အများစုသည် ဝ လူမျိုးများကို ယခုတိုင် ကောင်းစွာမသိကြ။ အရှေ့မြောက် CPB နှင့်ရော၍ ဝ ဆိုလျင် တရုတ်ဟု ထင် နေကြသူများလည်း တွေ့ရသည်။

မိမိတပ်မဟာ ၂ စရောက်ခါစက မိမိနှင့် တပ်စိတ်တစိတ်တည်းတွင် ဝ ရဲဘော် ၃ ယောက်ခန့်ရှိသည်။ ထိုရဲဘော်များထဲတွင် ရဲဘော်ဆမ်ပရာလည်း တယောက်အပါအဝင်ဖြစ်သည်။ ဆမ်ပရာတို့ ဝ ရဲဘော်များသည် အသားညိုညို တုတ်တုတ်ခိုင်ခိုင် များဖြစ်ကြပြီး အညာသားများနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ အကြမ်းပတမ်းခံနိုင်ရည်ရှိသူများဖြစ်သည်။ တောတောင်ရေမြေ သဘာဝကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ခန္ဓာကိုယ်မျိုးကို သဘာဝကျ စွာဤတောင်တန်းများပေါ်တွင် ဖန်တီးပေးထားသည်ဟု ဆိုရပ်မည်။

မိမိတို့တွေရောက်ခါစက တယောက်နှင့်တယောက် စကားမပေါက်ကြသဖြင့် ခြေဟန် လက်ဟန်ဖြင့် ပြောကြရသည်။ နှစ် ဖက် အလွယ်တကူနားလည်နိုင်သော စကားတခွန်းစ နှစ်ခွန်းစနှင့် ခြေဟန် လက်ဟန်ရောသုံးရသည်။ စကားမပေါက်ကြပေမဲ့ ဝ ရဲဘော်များ၏ ချိုမြသောအပြုံးကို မိမိတို့ခံစားမိသည်။ တောင်တက်ခရီးများတွင် မောပမ်းတကြီးဖြစ်နေသော မိမိတို့အား ကြည့်၍ မိမိတို့၏ သေနတ် ကျောပိုးအိတ်တို့ကို အတင်းကူသယ်ပေးကြသူများဖြစ်သည်။ သူတို့ထံမှ ရဲဘော်ရဲဘက်စိတ် နှင့်စာနာမှုကို သူတို့နှင့် အတူတကွဖြတ်သန်းစဉ် အမြဲလိုတွေ့ရသည်။

ဆမ်ပရာသည်လည်း အသားညိုညို တုတ်တုတ်ခိုင်ခိုင် ဗလတောင့်တောင့် ဝ ရဲဘော်တဦးဖြစ်သည်။ အသက် ၁၇ /၁၈ ခန့် သာရှိသေးသည်။ တပ်ဖွဲ့ချီတက်စဉ် အစဉ်အမြဲဖြတ်လတ်တက်ကြွနေသကဲ့သို့ အမိန့်အတိုင်းနာခံဆောင်ရွက်ရန် အသင့် ရှိနေသူဖြစ်သည်။ ထို့အတူ တပ်ဖွဲ့နားသည်နှင့် ထင်းရှား ရေခပ် ချက်ပြုတ်ရန် မနားတမ်းလှုပ်ရှားနေသူဖြစ်သည်။ အဆိုပါ တပ်တာဝန်များပြီးသည်နှင့် မိမိတို့ဗမာရဲဘော်များထံလာပြီး ဗမာစာ ဗမာစကားကို တက်တက်ကြွကြွ သူ့သဘောနှင့်သူလာသင်တတ်သူဖြစ်သည်။ သူ၏စိတ်အားတက်ကြွထက်သန်မှုကြောင့် အချိန်တိုအတွင်း ဗမာစကားကောင်းစွာပြောတတ်လာသကဲ့သို့ တပ်မဟာ ၂ ဗမာရဲဘော်များကြား ဆမ်ပရာဆိုလျင် မသိသူမရှိဟု ဆိုရမည်။

ဆမ်ပရာနှင့်မိမိသည် နောက်ပိုင်း ယူနစ်မတူသော်လည်း ဒေသတခုတည်းမို့ မကြာခဏတွေ့ဖြစ်သည်။ ၁၉၈၉ CPB ပြို ကွဲခါနီး၌ သူသည် ရင်း ၃ဝ၃၇ ခေါ် ရင်း ၃ ၌ ဒုတပ်ရင်းမှူးတာဝန် ထမ်းဆောင်နေသည်။ ထိုအချိန်ကစ၍ သူနှင့် မိမိ ကွဲကွာသွားသည်။ သို့သော် သူ၏သတင်းကိုတော့ တဆင့်စကားဖြင့် ကြားသိနေရဆဲဖြစ်သည်။ သူသည် သူ၏ဆရာဖြစ်သူ တပ်မဟာ ၂ မှူးဟောင်း ကျန်းစစ်မင်နှင့်အတူ ယခင် CPB ၈၁၅ စစ်ဒေသတဖြစ်လဲ NDAA မိုင်းလားအဖွဲ့သို့ ရောက်ရှိသွား သည်ဟုကြားရသည်။ ၂ဝ၁ဝ ပတ်ဝန်းကျင်တွင် ဆမ်ပရာတယောက် NDAA မိုင်းလားရှိ တပ်မဟာတခုတွင် တပ်မဟာမှူး ဖြစ်နေသည်ဟုကြားရသည်။

၂ဝ၁၆ ခုနှစ် ပထမအကြိမ်ပင်လုံညီလာခံကာလက နေပြည်တော်တွင် သူနှင့်တခေါက်ပြန်တွေ့သည်။ မိုင်းလာကိုယ်စားလှယ် အဖွဲ့တွင် သူပါလာသည်။ အသက်ရွယ်က ၆ဝ ခန့်ဆိုတော့ လူက ဝဝလုံးလုံးဖြစ်နေပြီ၊ ထိပ်လည်းအတော်ပြောင်နေပြီး မျက် မှန်လည်းတပ်နေရပြီ။ တာဝန်က တပ်မှာမဟုတ်တော့။ မိုင်းလားလုံခြုံရေးဌာနတွင် ဒုတာဝန်ခံအဖြစ်ဆောင်ရွက်နေသည်ဟုသိရသည်။ အရွယ်ရောက်ကထဲက လက်နက်ကိုင်တပ်ဖွဲ့အတွင်း ကြီးပြင်းရှင်သန်လာခဲ့ရသည်ဟု ဆိုရမည်။

● ဝ နယ်
ဝ ဒေသကို မိမိတို့ အရှေ့မြောက်တွင်နေခဲ့စဉ်ကာလက ဝ နယ်ဟူသောအခေါ်အဝေါ်ဖြင့် နှုတ်ကျိုးနေသည်။ ထိုစဉ်က မိမိသည် ဝ နယ်သို့ မရောက်သေးပေ။ နောက် ၅ နှစ်ကြာမှ ဝ နယ် ပန်ဆန်းသို့ မိမိရောက်သည်။ သို့သော် ပါတီခေါင်းဆောင် ကေဒါများ ဝရဲဘော်များ ဝ နယ်သို့ တာဝန်ဖြင့်ရောက်ဘူးကြသော ရဲဘော်များတို့၏ မိတ်ဆက်ချက်များကြောင့် ဝ နယ်၏ ပုံရိပ်များကို မိမိအထိုက်အလျောက် သိရှိနေပြီဟု ဆိုရပါမည်။

တကယ်တမ်းဆိုလျင် မြန်မာပြည်၏အရှေ့မြောက် သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ ဝ နယ်သည် မြန်မာပိုင်ဖြစ်သော်လည်း လွန် ခဲ့သည့် နှစ်ပေါင်းများစွာကထဲက ပြည်မအုပ်ချုပ်ရေး လက်လှမ်းမမှီခဲ့သည့်ဒေသဖြစ်သည်။ အင်္ဂလိပ်တို့ မြန်မာပြည်သိမ်းပိုက် အုပ်ချုပ်သည့်အချိန်ကာလကပင် ဝ နယ်အား Unadministrative area ဟုဆိုခဲ့သည်။ ဝ နယ်တောင်တန်းများနှင့်ပတ်သက်၍ တောင်တန်းဝန်ထောက် တယောက်ထားခဲ့သော်လည်း အုပ်ချုပ်ရေးလက်လှမ်းမမှီခဲ့ပေ။

ဝ နယ်သည် မြင့်မားသောတောင်တန်းများ တောင်ကြောများ အထပ်ထပ်သွယ်တန်းနေသောဒေသဖြစ်သည်။ မြေပြန့်နဲပါး သည်။ တောင်တန်း တခုနှင့်တခုကြား သွယ်ဆင်းလာသော ချောင်းများဘေးတွင် မြေပြန့်လွင်ပြင်ငယ်လေးများရှိတတ်သည်မှအပ တောင်စဉ်အထပ်အထပ် ရစ်ပတ်နေသော ဒေသဟုဆိုရပါမည်။ ထိုတောင်တန်းများပေါ်တွင် ဝ လူမျိုးတို့နေထိုင်ကြရာ သီးသန့်ကမ္ဘာလေးဖြစ်နေခဲ့သည်။ ၁၉၇၆ ခုနှစ်အထိ ဝ နယ်၌ လမ်းပမ်းဆက်သွယ်ရေးမကောင်းဘဲ တတောင်ဆင်း တ တောင်တက်ခရီး လမ်းလျှောက် ခရီးဆက်သည်ဖြစ်ရာ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ပြတ်သည်မှလည်း သဘာဝကျသည် ဟု ဆိုရမည်။

ဝ နယ်သို့ CPB စတင်ဝင်ရောက်သည့် ၁၉၇ဝ ခုနှစ်မတိုင်မှီ ဝ နယ်၌အုပ်ချုပ်ပုံမှာ ဝ မျိုးနွယ်စုတစုအား မျိုးနွယ်စုခေါင်း ဆောင်များက အုပ်ချုပ်ကြသည်။ ဝ တောင်တန်းတခုလျင် ဝ မျိုးနွယ်စုတစု၏ ရွာများတည်ရှိသည်။ ရွာအလိုက် ရွာသူကြီးရှိ သည့်အပြင် ထိုမျိုးနွယ်စုတခုလုံး၏ ခေါင်းဆောင်လည်းရှိသည်။ ဝ တို့၏ ထူးခြားချက်တခုကား မိမိမျိုးနွယ်စုခေါင်းဆောင်၏အမိန့်အား တသွေမတိမ်း နာခံကြခြင်းဖြစ်သည်။ ဝ တောင်တန်းဒေသတွင် အချို့က မျိုးနွယ်စုကြီး ၉ စုရှိသည်ဟု ဆိုကြ သည်။ မိမိလက်လှမ်းမှီလေ့လာတွေ့ရှိရသည်မှာ မျိုးနွယ်စု ၃၄ စုရှိသည်ဟု ဆိုပါသည်။ ယခင်အခါက ဝ မျိုးနွယ်စုများသည် နတ်ကိုးကွယ်ကြပြီး မျိုးနွယ်စုတခုတွင် မျိုးနွယ်စုခေါင်းဆောင်နှင့် နတ်ဆရာတို့သည် အခရာကျသည်။

ဝ မျိုးနွယ်စုများသည် တောင်ကြောတကြောလျင် တစုနေကြပြီး ဘာသာစကားလည်း ကွဲပြားမှု အတန်ငယ်ရှိသည်။ အ ကြောင်းမှာ ကူးလူးဆက်ဆံမှု မရှိကြ၍ ဖြစ်သည်။ ထို့ပြင် ယခင်အခါက မျိုးနွယ်စုတခုနှင့်တခုကြား တိုက်ခိုက်နေကြလေ့ရှိသည်။ တိုက်ခိုက်ပြီးအနိုင်ရသူက တဖက်၏က ဖမ်းဆီးရမိသူများအား ကျွန်အဖြစ် ဖမ်းဆီးခေါ်ဆောင်ထားကြသည်။ ထို့ကြောင့် လည်း ဝ တို့၏ ထူးခြားချက်နောက်တခုမှာ ၎င်းတို့သည် မွေးရာပါစစ်သားများဖြစ်နေကြသည်ဟု ဆိုရပါမည်။ ထို့ပြင် တစုနှင့် တစု တိုက်ခိုက်နေကြသည်ဖြစ်ရာ အဓိကကျသည့် ဝ ရွာကြီးများပတ်လည်တွင် တပ်စည်းရိုးလုံအောင်ကာထားပြီး လိုက် ကျင်းများ၊ ကတုတ်များနှင့် ခံတပ်ရွာများအဖြစ် တည်ဆောက်ထားသည်။

ထိုသို့တိုက်ခိုက်ကြရာတွင် မူလက ဒါး လှံ လေးမြှား တူမီးတို့ကို အသုံးပြုခဲ့ကြသော်လည်း ဒုတိယကမ္ဘာစစ်အတွင်းမှ အစပြု ၍ ရိုင်ဖယ်သေနတ်များသည် ဝ နယ်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ ထို ဒုတိယကမ္ဘာစစ်ကာလက စစ်အတွင်း ပြန့်ကျဲ နေသော ရိုင်ဖယ်များကို နှစ်လက်စ သုံးလက်စ စုဆောင်း၍ ဝ နယ်သို့သွားရောင်းပါက ဈေးကောင်းရသည်ဟု ကွန်လုံနယ် တဝိုက်တွင် နေထိုင်ခဲ့ဘူးသူ ကချင်လူမျိုး ရဲဘော်လလစ် (ကွယ်လွန်) က ပြောပြဘူးသည်။ လက်နက်ဘိုးကို ကျွဲ သို့မဟုတ် အင်္ဂလိပ်ခေတ်သုံး ငွေဒင်္ဂါးဖြင့် ပေးချေကြသည်ဟု ဆိုသည်။

ဝ နယ်သို့ အင်္ဂလိပ်အုပ်ချုပ်ရေး ပေါက်ပေါက်မြောက်မြောက် မရောက်ခဲ့သော်လည်း အင်္ဂလိပ်သုံးပိုက်ဆံဖြစ်သည့် ငွေဒင်္ဂါး နှင့် ကြေးပြားများကတော့ဖြင့် အတော်လေးရောက်ခဲ့ပုံရသည်။ ဝ နယ်တခုလုံးတွင် ထိုအင်္ဂလိပ်ခေတ်သုံး ငွေဒင်္ဂါးနှင့် ကြေ ပြားများကို ၁၉၈၁ ခုနှစ် မိမိ ဝ နယ်ရောက်သည့်အချိန် ပန်ဆန်းဈေးအတွင်း၌ တွင်တွင်ကျယ်ကျယ် သုံးနေကြဆဲဖြစ်သည်။ ဂျော့ဘုရင်မင်းမြတ်၏ ဦးခေါင်းပုံနှင့် တချွင်ချွင်မြည်သော ငွေဒင်္ဂါးသည် ဝ နယ်၌ တရားဝင်ငွေကြေးအဖြစ် ရပ်တည်နိုင်ဆဲဖြစ် သည်။

နတ်ကိုးကွယ်စဉ်ကာလက ခေါင်းဖြတ်ယာဇ်ပူဇော်ခြင်း အလေ့အထရှိခဲ့သည်။ နတ်ကိုးကွယ်မှု အယူအဆအရ ကောက်စိုက် ချိန်နှင့် ကောက်ရိတ်သိမ်းချိန်တွင် လူသွေးဖြင့် နတ်ပူဇော်မှ သီးနှံအထွက်ကောင်းသည်ဟု အယူရှိကြသည်။ ထိုအချိန်တွင် တဖက်အုပ်စုနှင့်ဖြစ်ပွါးချိန်တွင် ဖမ်းဆီးထားသူရှိပါက ထိုသူအားလည်းကောင်း၊ မရှိပါက တဖက်အုပ်စုသို့ ချောင်းမြောင်း    ချဉ်းကပ်၍ ဖမ်းဆီးခြင်းဖြင့် ရရှိလာသူအားလည်းကောင်း၊ ခေါင်းဖြတ် ယာဇ်ပူဇော်ကြသည်။ ထိုဦးခေါင်းအား ရွာထိပ်နတ်စင် အနီး အရွယ်တော်သစ်လုံးအားဖြတ်၍ အလျားလိုက်ထောင်ထားသည့် သစ်လုံးတိုင်များပေါ်တွင်တင်၍ ပသကြသည်။ အင်အားတောင့်တင့်သည့် ဝ ရွာကြီးများ၏ ရွာထိပ် သစ်ပင်အုံ့အုံ့ဆိုင်းဆိုင်းအောက်ရှိ နတ်စင်အနီးတွင် ယာဇ်ပူဇော်ရာတွင် သုံးခဲ့ကြသည့် အရွယ်တော်သစ်လုံးတိုင်များ အစီအရီရှိခဲ့ကြဘူးသည်။

သို့သော် ထိုအစဉ်အလာ နတ်ကိုးကွယ်မှု ကြားမှ အမြင်ကျယ်သောဝ လူငယ်များ ထွက်ပေါ်လာခဲ့သည်။ ၁၉၄၉ ခုနှစ်နှစ်ကုန် တရုတ်တွင် တရုတ်ကွန်မြူနစ်တို့ အာဏာရလာပြီးနောက်ပိုင်း တရုတ်ပိုင်နယ်နမိတ်တွင်းရှိ ချွမ်းရယ်ခရိုင်သည် ဝ ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသဖြစ်လာပြီး လမ်းပမ်းသာလာသကဲ့သို့ စာသင်ကျောင်းများလည်း ပေါ်လာသည်။ တရုတ်ပိုင်နက်တွင်းရှိဝ ဒေသရှိ မြန်မာပိုင်နက်တွင်းရှိ ဝ တို့ ကူးလူးဆက်ဆံမှု ရှိလာသည်။ ဆားနှင့် အဝတ်အစားအတွက် မြန်မာနယ်နမိတ်တွင်းရှိ ဝ လူမျိုးတို့သည် တရုတ်နယ်တွင်းရှိ ဝ တို့နှင့် ကူးလူးဆက်ဆံမှု ရှိလာသည်။ ထိုသို့ကူးလူးဆက်ဆံမှုနှင့်အတူ ဆက်ဆံမှု များသော ဝ လူမျိုးတို့၏ ဒုတိယဘာသာစကားသည် တရုတ်စကားဖြစ်လာတော့သည်။ ဝ နယ်အတွင်းပိုင်းရှိ ဝ လူမျိုးအများ စုသည် မြန်မာဖက်နှင့်တော့ လမ်းလည်းမသာ ကူးလူးဆက်ဆံမှုလည်း မရှိခဲ့ကြပေ။ သို့သော် ကွန်လုံ ဟိုပန်နှင့် တန့်ယန်း နှင့်နီးသော ဝ လူမျိုးအုပ်စုများကသာ မြန်မာဖက်နှင့် နီးနီးကပ်ကပ်ဆက်ဆံလာခဲ့ကြသည်ဟု ဆိုသည်။ ထို့အတူ တရုတ်ဖက် နှင့် နီးစပ်သော ဝ လူမျိုးများသည် မိမိကလေးများအားတရုတ်ပိုင် ချွမ်းရယ်ဒေသရှိ တရုတ်စာသင်ကျောင်းများသို့ စေလွှတ်၍ စာသင်ကြားစေခဲ့ရာ တရုတ်စာတတ် ဝ လူမျိုးများလည်း တစ တစ ထွက်ပေါ်လာပေတော့သည်။

၁၉၅ဝ နောက်ပိုင်းတွင် ဝ နယ်၌ အပြောင်းအလဲတခုပေါ်လာသည်။တရုတ်ပြည်မှ စစ်ရှုံးလာသော ယူနန်ပြည်နယ် ကူမင် တန်တပ်မှူး ဗိုလ်ချုပ်လီမီခေါင်းဆောင်သည့် ကူမင်တန်တပ်ဖွဲ့များသည် ဝ နယ်အားဖြတ်၍ ရှမ်းပြည်တွင်းသို့ ဝင်ရောက်လာ ခြင်းဖြစ်သည်။ အစောပိုင်းတွင် ကူမင်တန်တပ်များသည် ဝ နယ်မှ တဆင့် ရှမ်းပြည်တောင်ပိုင်းတွင် ထိုင်းနယ်စပ်ရှိ အမေရိ ကန် CIA အကူအညီဖြင့်ရပ်တည်ရန် ကြံရွယ်ခဲ့သော်လည်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် နောက်ဆုံးတွင်ထိုင်းနိုင်ငံအတွင်းသို့ ဆုတ်ခွာသွားခဲ့ကြရသည်။

သို့သော် မြန်မာပြည်တွင် ခြေကုပ်ရရန်ကြိုးစားနေစဉ် ကာလအတွင်းကူမင်တန်တို့သည် ဝ လူမျိုးအုပ်စုအချို့ကို သိမ်းသွင်း စည်းရုံးထားနိုင်ခဲ့သည်။ ထိုသူတို့သိမ်းသွင်းထားသော ဝ လူမျိုးများမှတဆင့် တရုတ်ပြည်မအား သတင်းထောက်လှမ်းခြင်း နှောက်ယှက်တိုက်ခိုက်ခြင်းများပြုလုပ်ရန် ကြံရွယ်လုပ်ဆောင်ခဲ့ကြသည်။ ထိုအခါ တရုတ်ပြည်မကြီးလည်း ကူမင်တန်တို့ အား တန်ပြန်နိုင်ရန်အတွက် နယ်စပ် မြန်မာပိုင်နက်အတွင်းရှိ ဝ လူမျိုးအချို့ အားစည်းရုံးသိမ်းသွင်းမှုများပြု လုပ်လာခဲ့ကြ တော့သည်။

သို့နှင့် တရုတ်ကွန်မြူနစ်တို့သည် တရုတ်ပိုင် ချွမ်းရယ် ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအတွင်း ကျောင်းလာတက်နေသော တရုတ်စာ တရုတ်စကားတတ်နေကြပြီဖြစ်သည့် မြန်မာပြည်သား ဝ လူငယ်များအား စည်းရုံး၍ကူမင်တန်ဆန့်ကျင်ရေးတပ်ဖွဲ့ ဖွဲ့စည်းခဲ့ပြီး မြန်မာပိုင် ဝ နယ်အတွင်းရှိ ကူမင်တန်တို့အား တန်ပြန်ရန် ကြိုးစားလာခဲ့တော့သည်။ အဆိုပါ ဖွဲ့စည်းခဲ့သည့်ကူမင်တန်ဆန့်ကျင်ရေး ဝ တပ်ဖွဲ့တွင် ကျောက်ညီလိုင်၊ ပေါက်ယိုချမ်း စသည့်နောင်ထင်ရှားသည့် ဝ လူမျိုးခေါင်းဆောင် များဖြစ်လာမည့် ဝ လူငယ်များပါဝင်သည်ဟု ဆိုပါသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

ဓာတ်ပုံ – တချိန်က အရှေ့မြောက်မှ CPB တပ်ဖွဲ့ဝင်အချို့


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်