စံရတီ ● ဒုတိယမ္ပိအကြည့် (ဝတ္ထုတို)

July 26, 2017

● ဒုတိယမ္ပိအကြည့် (ဝတ္ထုတို)
(မိုးမခ) ဇူလိုင် ၂၆၊၂၀၁၇

အခန်း(၁)
“ထားလိုက်ပါသက်မောင်ရယ် … အစ်ကိုကြီးက ရှုပ်ရှုပ်ယှက်ယှက်တွေကြိုက်တာ မဟုတ်ဘူး”

လမ်းဘေးချုံပုတ်ထဲတွင် တအီအီညည်းနေသောခွေးပိန်မလေးကို ပွတ်သပ်ပေးနေသည့် သက်မောင်က နုရည်ကိုမော့ မကြည့်ဘဲ …… … …

“အောင်မလေး သိပါတယ် သူဌေးကတော်ရယ်။ ကျုပ်ကလည်း ခင်ဗျားတို့တိုက်ကို မခေါ်ပါဘူး။ လမ်းထဲကမွေးချင်တဲ့ အိမ်ကိုပဲပေးမှာပါ။ ဒီလောက်ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ ဆောင်းမနက်ကြီးမှာများ သူမို့ အကြင်နာတရားမရှိထားခဲ့ဖို့ ပြောနေတယ်”

နုရည်ရင်ထဲ အောင့်မျက်သွားရ၏။ သို့သော်လည်း သက်မောင်ကို ဘာမျှပြန်မပြောချင်တော့။ သက်မောင်ချထားသောဈေး ခြင်း တောင်းလေးကိုသာကောက်ဆွဲပြီး ထွက်လာခဲ့သည်။ ခွေးပိန်မလေးကိုပိုက်ပြီး ပြေးလိုက်လာသောသက်မောင်က နု ရည်ရှေ့မှပိတ်ကာလိုက်ပြီး …

“နုရည် နင်ငါ့ကိုစိတ်ဆိုးသွားတာလား”

နုရည်က ခေါင်းကိုသာ ခါပြလိုက်သည်။ သက်မောင်ကို ကွေ့ရှောင်လိုက်၏။ သက်မောင်က ထပ်ပိတ်သည်။

“ငါတောင်းပန်ပါတယ် နုရည်ရယ်”

နုရည်က သက်မောင်မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး ….

“နင်နဲ့ ငါဟာ သူငယ်ချင်းတွေပါ သက်မောင်။ အဲ့ဒီတိုက်ကြီးမှာ နင်ကဒရိုင်ဘာ၊ ငါက အိမ်ဖော်လုပ်ခဲ့ရတာပါ။ အေး … ကံ အကြောင်းလှလို့ အခု ငါ သူဌေးနဲ့ညားတယ်။ သူဌေးကတော်ဖြစ်တယ်။ အဲ့တာ ငါ့မှာအပြစ်ရှိသလား။ ငါသူဌေးကိုဖြားယောင်း ပြီးယူခဲ့တာလား။ သူ့ဘာသာ ငါ့ကို သဘောကျခဲ့တာလား။ ငါသူဌေးကတော်ဖြစ်တော့ရော ဘဝမေ့ခဲ့သလား။ ငါနင်တို့ အ ပေါ်မောက်မာခဲ့သလား။ ခွဲခြားဆက်ဆံခဲ့သလား… …… …”

ပြောရင်းပြောရင်းနှင့် နုရည်အသံက တုန်ရီလာသည်။ ရင်ထဲမှာ ဆို့နင့်လာ၏။ စကားဆက်မရတော့။ မျက်ရည်များက အလိုလိုစီးကျလာသည်။ နုရည်ခေါင်းငုံ့လိုက်၏။ မျက်ရည်တို့ကို ဘယ်ဘက်လက်ခုံဖြင့် ဆွဲပွတ်လိုက်သည်။ သက်မောင်က နုရည်ရှေ့မှာ ဒူးကိုအနည်းငယ်ညွှတ်ကိုင်းလိုက်ပြီး … … …

“ငါမှားသွားပါတယ် နုရည်ရယ် .. မငိုနဲ့တော့နော် … တော်ကြာ တယောက်ယောက်မြင်သွားရင် မကောင်းဘူး”

နုရည်က ဆတ်ခနဲခေါင်းမော့လိုက်ပြီး …

“အောင်မာ နင်နဲ့ ငါ ရိုးသားတာကို ဒီတရပ်ကွက်လုံးသိတယ်။ အပိုပြောမနေနဲ့။ ပြီးတော့ အစ်ကိုကြီးကလည်း ငါ့ရိုးသားမှုကို ယုံကြည်ပြီးသား”

သက်မောင်က နုရည်ကို ပြုံးစစကြည့်သည်။

“ကဲပါ နင့်လက်ထဲကခြင်းတောင်း ငါ့ပေး။ သွားမယ်။ တော်ကြာလမ်းထိပ်ဈေးလေးသွားတာတောင် ဒီလောက်ကြာရလား ဆိုပြီး နောက်နေ့ နင့်အစ်ကိုကြီးကကားနဲ့ပို့ခိုင်းရင် အချောင်သက်သက် ငါကားမောင်းနေရဦးမယ်”

လက်ထဲမှခြင်းတောင်းကို သက်မောင်ဆီ နုရည်ကမ်းပေးလိုက်သည်။ ခွေးပိန်မကတဖက် ခြင်းတောင်းကတဖက်နှင့် သက် မောင်ထွက်သွား၏။ ယခုမှ အသေချာကြည့်မိသည်။ သက်မောင်ရင်ခွင်ထဲမှာ ခေါင်းတိုးဝှေ့နေသော ခွေးပိန်မလေးက အ တော် သနားစရာပင်။

အခန်း(၂)
“ကဲ… … … ငါ့စကားနားမထောင်တဲ့သက်မောင် နင်ခုတော့ဒုက္ခတွေ့နေပြီမဟုတ်လား”

သက်မောင်က ခွေးပိန်မလေးကို ထမင်းကျွေးနေရာမှ နုရည်ကိုမော့ကြည့်လိုက်ပြီး ….

“အေးဟာ ဘေဘီသင်းလေး သနားပါတယ်။ ဟိုလူက မလိုချင် ဒီလူက မလိုချင်နဲ့”

နုရည် ခွီးခနဲ တချက်ရယ်လိုက်သည်။

“ဘာလဲဟ နင်ကလှောင်တာလား”

“မဟုတ်ပါဘူးဟာ နင်ပေးထားတဲ့နာမည်ကို သဘောကျလို့ပါ”

“သနားစရာ ပိန်ပိန်သေးသေးကလေးလေးမို့ ဘေဘီသင်းလို့ ပေးထားတာ … ဘာဖြစ်လဲ”

နုရည်က ခေါင်းတညိတ်ညိတ်နှင့် ပြောင်စပ်စပ်ပြုံးပြလိုက်ပြီး …

“အေးပါ ပေးပေး … ဒါနဲ့ ခြေရင်းတိုက်က အပျိုကြီးဒေါ်ဒေစီကိုရော နင့်ခွေးပေးကြည့်သေးလား။ ဟိုတလောက ခြံလုံအောင် ခွေးမွေးချင်တယ်လို့ သူပြောနေတယ်”

“ပေးပြီးပါပြီဟာ အမမို့လို့ မမွေးချင်ဘူးတဲ့။ လမ်းထိပ်က ဦးကျင်စိန်ကျတော့လည်း ပိန်လို့တဲ့ဟာ။ လိုက်ပေးတာ တရပ်ကွက် လုံး နှံ့နေပါပြီ”

“အေးဟာ ဒုက္ခပဲအစ်ကိုကြီးက နင့်ခွေးကိုပါမစ်ပေးထားတာလည်း ဒီနေ့နောက်ဆုံးဖြစ်နေပြီ ဘယ်လိုလုပ်ကြမလဲ”

သက်မောင်က နုရည်ကိုသွားဖြဲရယ်ပြပြီး။

“အစ်ကိုကြီးကို နင်ပဲပြောပေးပါလားဟာ … ငါဒီခြံနောက်ဘက်မှာပဲမွေးပါ့မယ်။ နင်တို့တိုက်ရှေ့ကို လုံးဝမလာစေရပါဘူး။ အစ်ကိုကြီးလည်း စိတ်အနှောင့်အယှက်မဖြစ်စေရပါဘူး။ ငါတာဝန်ယူပါ့မယ်ဟာ”

သက်ပြင်းမောတချက်ကို နုရည်ရှိုက်မိသည်။

“ပြောဖို့လွယ်မယ်မထင်ဘူးဟ။ ခုတောင်အစ်ကိုကြီးက သူ့သားကို နင့်ခွေးကိုက်မှာ သိပ်စိတ်ပူနေတာ။ ငါက တရက်နှစ်ရက် လောက်ပဲခွင့်ပြုပေးပါ။ မကိုက်စေရပါဘူး။ ငါသေချာစောင့်ကြည့်ပေးပါ့မယ်လို့ ကတိပေးထားရတာဟ။ အပြီးမွေးဖို့ဆို မ လွယ်လောက်ဘူး။ သူ့သားအကြောင်းလည်း နင်သိသားနဲ့။ အရမ်းဆော့တာ”

“အေးနော် ဒီကလေးကလည်း တဇွတ်ထိုးလေး။ မိတဆိုးသားလေးဆိုပြီး အလိုလိုက်ထားတာလည်းပါမှာပေါ့။ နင်နဲ့ရော အ ဆင်ပြေရဲ့လား”

“ပြေပါတယ်ဟ … ငါက သူ့ကိုမိထွေးတယောက်လိုဆက်ဆံတာမှမဟုတ်တာ။ အမေရင်းတယောက်လို စောင့်ရှောက်ပေး နေတာပဲ”

“အေးပါဟာ နင်က တကယ့်စေတနာရှင်မလေးပါပဲ။ တလက်စတည်း ငါ့ဘေဘီသင်းလေးကိုလည်း သနားကြင်နာပြီး ဒီမှာ မွေးလို့ရအောင်ကူညီပါဦးဟာ”

သက်မောင်က မျက်နှာချိုသွေးပြီးပြောသည်။ ခွေးပိန်မလေးကို ကောက်ချီလိုက်၏။ သက်မောင်လက်ထဲမှ ခွေးပိန်မလေးက တအီအီအော်မြည်လျက် နုရည်ကိုကြည့်နေသည်။ ထိုခွေးပိန်မလေး၏အကြည့်များကို နုရည်သိသည်။ နားလည်သည်။ ခံစား မိသည်။ ကိုယ်ချင်းစာမိသည်။ နုရည်ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်၏။

“အေးဟာ ငါရအောင်ပြောပေးမယ်”

အခန်း (၃)
“ဦးကလည်း ခွေးတောင်မှ နှမြောနေတယ် သားကဆော့ချင်လို့ပါ”

အလုပ်သမားတန်းလျားရှေ့မှာ ခွေးလာတောင်းနေသော အစ်ကိုကြီး၏သား တော်တီလေးကိုကြည့်ပြီး သက်မောင်ပြုံးနေ သည်။ တဖြည်းဖြည်းနှင့် ဘေဘီသင်းအပေါ် သံယောဇဉ်တွယ်လာသော တော်တီလေးမှာ သက်မောင်ပုဆိုးစကိုဆွဲ၍ ဂျီ တိုက် နေပြန်သည်။ နုရည်လည်း မနေသာတော့တာနှင့် ဝင်ပြောပေးမိသည်။

“ပေးလိုက်ပါ သက်မောင်ရယ်။ ငါစောင့်ကြည့်နေမှာပါ။ သူ့အဖေလည်း မရှိပါဘူး။ အပြင်သွားတယ်”

သက်မောင်က ဘေဘီသင်းကို ကြိုးဖြေပေးလိုက်သည်။ တော်တီက ဘေဘီသင်းကို လက်ဖျောက်တတီးတီးဖြင့် တိုက်ရှေ့ မြက်ခင်းဆီခေါ်သွား၏။ လုံးကျစ် လုံးကျစ်ဖြင့် တော်တီနောက်ပြေးလိုက်သွားသော ဘေဘီသင်းက လွန်ခဲ့သောနှစ်လက အခြေအနေနှင့် ဘာမျှမဆိုင်တော့။ ဘေဘီသင်းကိုကြည့်ပြီး နုရည်ပြုံးမိသည်။

“ဘေဘီသင်းက အတော်ချစ်စရာကောင်းတယ်နော်။ လူစကားလည်း နားလည်သလိုပဲ။ ခြံလည်းလုံတော့ အတော်အားကိုး ရတယ်”

သက်မောင်က နုရည်ကို သရော်တော်တော်ပြုံးပြီး။

“အော်လူ တွေလူတွေ ဟိုတုန်းကတော့ ဘယ်သူမှလှည့်မကြည့်ချင်ကြဘူး။ ခုတော့ ဘေဘီသင်း ဘေဘီသင်းနဲ့ကိုဖြစ်လို့”

နုရည် သက်မောင်ကို မျက်စောင်းတချက် ပိတ်ထိုးလိုက်သည်။

“အောင်မလေး ငါလှည့်ကြည့်ခဲ့လို သူဒီမှာနေရတာပါနော်”

သက်မောင်က ပြီတည်တည်ပြုံး၏။

“အေးပါဟ ငါကလည်း နင့်မပြောပါဘူး။ ဟိုဘက်တိုက်က ဒေါ်ဒေစီကြီးကိုပြောတာပါ”

“ဒေါ်ဒေစီကြီးကဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲဟ။ သူ့ကိုမွေးပါလို့ တကူးတကသွားပေးတုန်းကတော့ … အမမို့လို့ ဘာညာဆိုပြီးငြင်းလွှတ်တယ်။ ခုကျ တော့အဖော်ရအောင်လို့ မွေးပါရစေဘာညာနဲ့ လာတောင်းနေတာ။ ငါတော့ ကျုပ်အပင်ပန်းခံမွေးထားတာမပေးနိုင်ဘူးလို့ ဗြောင်ပြောလိုက်တယ် အေးရော”

“ဟား … ဟား … နင်က ချေလိုက်တာပေါ့”

“အေးဟုတ်တယ် ခပ်ချေချေ… … …”

“နုရည်… …… …… သက်မောင် …… … ……”

တိုက်ရှေ့မှအသံကုန်ဟစ်လိုက်သော အစ်ကိုကြီး၏ဒေါသသံကြောင့် နုရည်ရောသက်မောင်ပါ လန့်ဖြန့်သွားသည်။ တိုက်ရှေ့ ကို ပြေးထွက်ကြ၏။ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ပိုလန့်သွားသည်။ တော်တီလေးက သူ့အဖေကိုပြူးကြောင်ကြောင်ကြည့် ၍ အစ်ကိုကြီးက ဘေဘီသင်းကို ဂုတ်ကဆွဲလျက်ကိုင်မြှောက်ထား၏။ ဘေဘီသင်းခမျာ အစ်ကိုကြီးလက်ထဲမလှုပ်နိုင်၊ ပြေး ထွက်လာသောနုရည်တို့ကို အစ်ကိုကြီးက မီးလျှံမျက်လုံးများနှင့်ကြည့်ပြီး ….

“နင်တို့ ဘာလုပ်နေတာလဲ”

“ဟိုဟို ဘာမှမလုပ်ပါဘူး။ စကားပြောနေတာပါ”

နုရည်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေလိုက်သည်။ အစ်ကိုကြီး၏မျက်လုံးများက ပို၍မီးလျှံမီးခိုးများ ဆူဝေလာ၏။

“အေးနင်တို့ဘာသာ စကားပဲပြောပြော ဘာပဲလုပ်လုပ် ငါစိတ်မဝင်စားဘူး။ ငါ့အတွက်အရေးကြီးတာ ငါ့သားပဲ။ မိန်းမကသေ သွားရင် အစားရတယ်။ ငါ့သွေး ငါ့သားက အစားမရနိုင်ဘူး။ ဒီမှာနင်တို့ခွေးစုတ်က ငါ့သားကိုကိုက်ဖို့ပြေးလိုက်နေပြီ။ ငါအ တွေ့မြန်လို့ပေါ့။ သွားခုချက်ချင်း ဒီခွေးကို မောင်းထုတ်စမ်း”

ပြောပြောဆိုဆိုအစ်ကိုကြီးက ဘေဘီသင်းကို အားကုန်လွှဲအပစ်၊ ဘေဘီသင်းခမျာ အင့်ခနဲအော်ပြီး ဘုတ်ခနဲအကျ၊ မြေပြင် မှာ မလှုပ်နိုင်ဘဲ ခွေခွေလေး။ တော်တီလေးက ဒူးတွေတဆတ်ဆတ်တုန်ပြီး အကြောက်လွန်လျက်။ နုရည်လည်း ဘာလုပ် ရမှန်းမသိဘဲ အကြောင်သား။ သက်မောင်ကပြေးသွားပြီး ဘေဘီသင်းကိုပွေ့ချီလိုက်သည်။ သက်မောင်၏မျက်လုံးများက စွေးစွေးနီ။ နှုတ်ခမ်းဖျားက တဆတ်ဆတ်ခါ။ ကျစ်ကျစ်ဆုပ်ထားသောလက်သီးက တလှုပ်လှုပ်။ အစ်ကိုကြီးက သက်မောင်ကို တချက်စွေကြည့်ပြီး။

“နုရည် ခွေးရော ခွေးပိုင်ရှင်ရော မောင်းထုတ်လိုက်။ မကျေနပ်ရင် နင်ပါလိုက်သွား ရှင်းလား”

အစ်ကိုကြီးက တော်တီလေးကိုပွေ့ချီပြီး တိုက်ထဲသို့ ဒေါနှင့် မောနှင့် ဝင်သွားသည်။ သက်မောင်က ဘေဘီသင်းကိုချီပြီး အံကြိတ်လျက် ခြံထဲမှ ပြတ်ပြတ်သားသား ထွက်သွားသည်။ နုရည်ရင်ထဲမှာတော့ အမျိုးအမည်မသိသောဝေဒနာဆိုးက ပို၍ ပို၍ နာကျင်လျက် …… … …

အခန်း(၄)
ခက်ခက်ခဲခဲရှာဖွေခဲ့ရသော လိပ်စာကို နောက်ဆုံးတော့ နုရည်ရှာလို့တွေ့ပြီ။ တဲအိမ်စုစုတို့ ပြွတ်ထိုးနေသည့် လမ်းကျဉ်း လေးက နုရည်စီးလာသောကားကို ထီမထင်သလိုကြည့်နေ၏။ လမ်းထိပ်မှာပဲ ကားရပ်လိုက်ရသည်။ လမ်းကျဉ်းတလျှောက်နုရည်လျှောက်လာခဲ့သည်။ လမ်းဘေးဝဲယာ ဟိုအိမ် ဒီအိမ်မှ နုရည်ကို ထွက်ကြည့်ကြ၏။ တဲအိမ်းအများစုသည် ဆာလာအိတ်ခွံဖြင့်ကာ၍ ဆာလာအိတ်ခွံဖြင့်ပင် မိုးထားကြသည်။ တဲတခုရှေ့အရောက် နုရည်ရပ်လိုက်၏။ တဲရှေ့မှာ တွေ့လိုက်ရသော ကျကျနန တိုက်ချွတ်ထားသည့် ခွေးစာခွက်ကြောင့်ဖြစ်သည်။ တဲဝမှာ နုရည်ရပ်လိုက်သည်နှင့် တဲထဲမှ ဘေဘီသင်းက ပြေးထွက်လာပြီး ထိုးဟောင်သည်။ နုရည်အသံပြုလိုက်တော့မှ ဘေဘီသင်းကမှတ်မိသွားဟန်ဖြင့် အ ဟောင်ရပ်၍ အမြီးတနှံ့နှံ့လှုပ်ကာ ခြေအစုံကို လာပွတ်သပ်သည်။ တဲနောက်ဘက်မှ သက်မောင်ကပျာကသီပြေးထွက်လာ၏။ နုရည်ကိုတွေ့ပြီး အံ့အားသင့်သွားသည်။

“တော်တီလေး ဖျားနေတယ် သက်မောင်”

“ဟင် ဘယ်လိုများဖြစ်တာလဲ”

“နင်တို့ထွက်သွားပြီးကတည်းက ဖျားတာပဲ။ အစားလည်း မစား။ အိပ်လည်း မအိပ်။ ဘေဘီသင်းကိုပဲ တမေးတည်း မေးနေတယ်။ အစ်ကိုကြီးလည်း အတော်စိတ်ညစ်နေပြီ။ အဲ့တာ အစ်ကိုကြီးက နင်တို့ကိုပြန်ခေါ်ခိုင်းလို့”

သက်မောင် သက်ပြင်းမောကိုရှိုက်ပြီး ခေါင်းကို ဖြေးညှင်းစွာခါပြသည်။

“မလိုက်လို့တော့မဖြစ်ဘူး သက်မောင်။ တော်တီ့အခြေနေက စိုးရိမ်ရတယ်။ နင်မလိုက်ချင်ရင်တောင် ဘေဘီသင်းကိုတော့ငါနဲ့ထည့်လိုက်ပါ”

သက်မောင်က နုရည်ကို တခုခုပြောဖို့ဟန်ပြင်လိုက်ပြီးမှ သက်ပြင်းမောကိုမှုတ်ထုတ်၏။ လေးလေးပင်ပင်ခေါင်းညိတ်ပြလိုက်သည်။ နုရည်က ဘေဘီသင်းကိုပွေ့ချီလိုက်ပြီး သက်မောင်ကိုပြုံးပြလိုက်သည်။

“ကျေးဇူးတင်ပါတယ် သက်မောင်ရယ်”

သက်မောင်ကဘာမျှပြန်မပြော။ ဘေဘီသင်းကိုသာ စိုက်ကြည့်နေသည်။ နုရည် သက်မောင်ကိုကျောခိုင်းလိုက်၏။ သို့သော် သက်မောင်၏အကြည့်များက နုရည်ရင်ထဲမှာ ကပ်ပါလာသလို။ တနေရာရာ တချိန်ချိန်မှာ ထိုအကြည့်မျိုးကို နုရည် ကြုံခဲ့ ဆုံခဲ့ဖူးသလို ဇဝေဇဝါ ခံစားလာရ၏။ ရှုပ်ထွေးသွားသော အတွေးများကို ခေါင်းထဲမှခါထုတ်ပြီး ကားဆီသို့နုရည် ခြေ လှမ်း များ စတင်လိုက်စဉ် …… …

“နုရည်ရယ် ဒီလိုအဖြစ်မျိုးက ငါ့အတွက်တော့ ဒုတိယမ္ပိပါ။ ငါခံနိုင်ရည်ရှိသွားပါပြီ”

နုရည်ခြေလှမ်းများ တုံ့ခနဲရပ်တန့်သွားသည်။ နုရည်ဖျတ်ခနဲ သတိရသွား၏။ အစ်ကိုကြီးနှင့် နုရည်လက်ထပ်သည့်နေ့က နု ရည်ရင်ကိုလှုပ်ခက်စေခဲ့သော အကြည့်။ နုရည် ဆတ်ခနဲလှည့်ကြည့်မိသည်။ သက်မောင်နှင့် အကြည့်ချင်းဆုံ၏။ အကြည့်။ ထိုအကြည့်များပင်။ ဟုတ်သည်။ မှန်သည်။ ယခုတော့ ဒုတိယမ္ပိအကြည့်ဖြစ်ခဲ့ရရှာပြီ။

စံရတီ
11:42AM
23.11.2016


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်