ကိုသစ်(သီတဂူ) – နာဂစ် အလွမ်းမပြေ

July 27, 2017

၂၀၀၈ မေလ နာဂစ်မုန်တိုင်းအပြီး မိန်းမလှကျွန်း မြင်ကွင်း (မိုးမခ)

– နာဂစ် အလွမ်းမပြေ
(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၁၇

၂၀၀၈-ခုနှစ် မေလ ၂-ရက်နေ့က တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းအကြောင်းကို လူတိုင်းသိကြပြီးဖြစ်သည်။ မြန်မာနိုင်ငံရဲ့ သမိုင်းတလျှောက် အသေအပျောက် အများဆုံးဖြစ်ခဲ့ရသည့် သည်နာဂစ်မုန်တိုင်းကြီးက လူ့အသက်တွေကိုသာမက အနာဂတ်တွေ၊ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေကိုပါ ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။ သူထားခဲ့တာက နာကျင်ခြင်းတွေ၊ စိုးရိမ်တုံလှုပ်ခြင်းတွေ၊ ပူဆွေးသောကတွေ စိတ်မချမ်းမြေ့ခြင်းနှင့် နာကျင်ကြေကွဲခြင်းတို့ပင်ဖြစ်သည်။

နာဂစ်ဖြစ်သောညက မိမိက ရန်ကုန်သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်မှာ ရောက်ရှိနေသည်မို့ ရန်ကုန်နာဂစ်အကြောင်းကို နဖူးတွေ့ ဒူးတွေ့ တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။ မှတ်မှတ်ရရ အဲဒီတုန်းက အရုဏ်ဆွမ်းနေချိန်မှာ ဆွမ်းကျောင်းတံခါးကြီးက ဘယ်လိုမှ ပိတ်မရတော့။ လေတွေ တဟူးဟူးတိုက်ခတ်နေပြီး မှန်တွေ တံခါးတွေ ပွင့်ထွက်တော့မတတ်ဖြစ်နေသည်။ ချောင်ကျသည့်နေရာကလေးတွင် အရုဏ်ဆွမ်း လေးတော့ စားလိုက်ရပါသေးသည်။ အဲဒီတုန်းက ရန်ကုန်သီတဂူမှာက ဘုန်းကြီးဦးကိတ္တိ၊ ဦးဓမ္မိက၊ ယခုအမေရိကမှာနေသည့် ဘုန်းကြီးဦးအဂ္ဂနှင့် မိမိတို့ရှိနေပါသည်။

အထိအနာဆုံးကတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသပင်ဖြစ်သည်။ နာဂစ်ဖြစ်ပြီး နောက်တရက်တွင် ကျေးဇူးရှင်သီတဂူဆရာတော်ဘုရားကြီး သြစတေးလျနိုင်ငံက ပြန်ရောက်လာပါသည်။ ရောက်ရောက်ချင်း “နာဂစ်ကယ်ဆယ်ရေးလုပ်ရမယ်၊ မင်းတို့ အဆင်သင့်ပြင်ထားကြ”ဟု မိန့်တော်မူပြီး နောက်တရက်မှာပင် ခေါက်ဆွဲခြောက်ထုတ် ကားတစီအပြည့်တင်ပြီးနောက် ဘိုကလေးမြို့သို့ မိမိတို့ရောက်သွားခဲ့ခြင်းဖြစ်သည်။ နာဂစ်မုန်တိုင်းရဲ့ လက်ချက်တွေက အသစ်စက်စက်တွေပင်ရှိပါသေးသည်။ မြင်ရသည့်မြင်ကွင်းက ဘယ်လိုစိတ်ချမ်းမြေ့စရာ မကောင်းလှ။ လူအများစုက ကားလမ်းတွေပေါ် ရောက်လာကြသည်။ နေစရာ၊ ၀တ်စရာပင်နှင့် စားစရာပင် တချို့ ဘာမှ မကျန်ရစ်ခဲ့။ ပိုက်ဆံလေးများ စားစရာလေးများပါက ပေးခဲ့ကြဖို့ အော် အော် တောင်းနေကြသည့်မြင်ကွင်းက ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတွေကို မျက်ရည်စို့စေခဲ့ ပါတော့သည်။ အသက် ငါးဆယ်ကျော် အမျိုးသားတဦးက “ကျနော်တို့ရွာက ဟိုရွာကလေးပေါ့။ အိမ်ခြေ တထောင်ကျော်ရှိတယ်၊ အရမ်းစည်တယ်။ အခုတော့ တရွာလုံးနီးပါး အကုန်ပါသွားတယ်။ ကျနော်တို့ အခု နေစရာလည်း မရှိတော့ဘူး။ ၀တ်စရာလည်း မရှိတော့ဘူး။ စားစရာလေးများပါရင် ပေးခဲ့ကြပါဦး” ဟု အပျက်အစီးတွေသာကျန်တော့သည့် နေရာကလေးကို လက်ညှိုးထိုးပြရင်း ပြောပါသည်။ ရာခိုင်နှုန်း ၇၀ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည့် ရွာကြိးပေပဲ။ ကားလမ်းတလျှောက် တမျှော်တခေါ် တွေ့မြင်နေရသည့် မြင်ကွင်းမှာ ဖြစ်သလို တည်ဆောက်ထားသည့် ရွက်ဖျင်တဲကလေးများပင်ဖြစ်သည်။ မုန်တိုင်းဖြစ်ပြီးသည်မှာ ၂-ရက်ပဲရှိသေးတာမို့ မုန်တိုင်းရိုက်ချက်တွေအားလုံးက မူရင်းအတိုင်းပင် ရှိနေပါသေးသည်။

“မယုံနိုင်စရာကြီးပဲ။ နေ့လည်ကအထိ မိသားစုတွ စုံစုံလင်လင်ရှိနေသေးတာ။ အခု ကျနော်တယောက်ပဲ ကျန်ခဲ့တယ်။ ကျနော်က တော်ပါသေးတယ်။ တချို့ဆို မိသားစုလိုက်ကို ပါသွားကြတာ”ဟု သူ့ကိုသူ ဖြေသိမ့်ရင်း ရွာဟောင်းကလေးဆီသို့ ရီဝေစွာ ငေးကြည့်နေပါတော့သည်။ ဟိုင်းကြီးကျွန်းကို ဦးတည်တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းသည် တနာရီကို မိုင် ၁၃၀ ခန့်ရှိသည်ဟု ပြောပါသည်။ လပွတ္တာ၊ ပြင်စလူ၊ ပန်းတနော်၊ ဘိုကလေး၊ ပုသိမ်၊ မအူပင်၊ ၀ါးခယ်မ၊ ကျုံမငေး၊ ကျိုက်လတ်စသည့် ဧရာဝတီတိုင်းက မြို့တော်များများတွင် မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသည်။ မိမိကတော့ ဘိုကလေးသို့ အရောက်များပါသည်။ ကယ်ဆယ်ရေး ပစ္စည်းများ သွားပို့ခြင်းဖြစ်သည်။ အဲဒီတုန်းက ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီးက ဘိုကလေးမြောက်ဘက်နားက ကြိမ်ချောင်းကြီး ဆိုသော ရွာကလေးတွင် အခြေချနေပါသည်။ အမိုးတခြမ်းပါသွားသော ကျောင်းဆောင်ကလေးတွင် ဆရာတော်ကြီး သီတင်းသုံးနေပါသည်။ ပြန်မမိုးရသေး။ ထိုနေရာကို တာလပတ်ကြီးတွေ အစားထိုး မိုးထားပြီး အဲဒီတာလဘတ် မိုးထားသည့်ကျောင်းကလေးတွင် သီတင်းသုံးပြီး စီစဉ်ညွှန်ကြားနေခြင်းဖြစ်သည်။ မိမိသည် ကယ်ဆယ်ရေး နှစ်လကျော်နီးပါးကာလအတွင်း ဧရာဝတီတိုင်းသို့ (၂၄)ခေါက် ရောက်ခဲ့ပါသည်။

ထိုကာလသည် စစ်အုပ်ချုပ်ရေးကာလမို့ အရာရာအခက်အခဲတွေ ကြုံတွေ့ခဲ့ရဘူးပါ သည်။ မိမိ ၂၄-ခေါက် ရောက်ခဲ့ရသည်မှာလည်း ထို့ကြောင့်ပင်ဖြစ်သည်။ အများစုက ပစ္စည်းများကို လွတ်လွတ်လပ်လပ် သယ်ယူခွင့်မရကြ။ စစ်တပ်က စစ်ဆေး သိမ်းဆည်းတာမျိုးတွေ ရှိနေသည်။ ကားများကို သီတဂူတံဆပ်ကပ်ပြီးနောက် မိမိက အစောင့်အရှောက်အဖြစ် လိုက်ပါခဲ့ရခြင်းဖြစ်သည်။ ကြုံခဲ့ရဘူးသည်။ မိမိတို့ ကားတန်းကြီး ဘိုကလေးမြို့ထဲဝင်တော့ ၀င်ဝင်ချင်း မောင်းတံဂိတ်ကြီးတွင် စစ်သား ၁၀-ယောက်ခန့်က အသင့်စောင့်ကြိုနေပါသည်။ သူတို့စခန်းထဲကို ကားတွေ အကုန်မောင်းပြီး ပစ္စည်းတွေ အကုန်ထားခဲ့ရမည်။ ပြီးမှ သူတို့က ပြန်ဝေပေးမည်ဟု ပြောပါသည်။ မိမိက မဟုတ်ဘူး။ ဒါက သီတဂူဆရာတော်ကြီးပစ္စည်းတွေ၊ ထားခဲ့လို့ ဘယ်လိုမှ မရဘူးစသည်ဖြင့် အကျောက်အကန် ပြောမှ ကြိမ်ချောင်းကြီးသို့ ခရီးဆက်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်တခု ရှိပါသေးသည်။ ဓမ္မဒူတအရှင်ဆေကိန္ဒကိုယ်တိုင်ပါသည်ဟု မြို့ခံတွေက ပြန်ပြောပြသည်။ ကယ်ဆယ်ရေးကားတန်းကြီးဖြင့် မြို့ကလေးတမြို့သို့ ရောက်သွားသောအခါ ထုံးစံအတိုင်း ရှေ့ဆက်သွားခွင့်မပြုတော့။ ပစ္စည်းအားလုံး သူတို့စခန်းမှာဘဲ ထားခဲ့ရမည်ဟု ဆိုသောအခါ ဓမ္မဒူတအရှင်ဆေကိန္ဒက “မင်းတို့ စခန်းထဲတော့ ငါ့လှူမယ့်ပစ္စည်းတွေ မထားခဲ့နိုင်ဘူး။ ငါ့ကို ယုံကြည်လို့ လူတွေက လူတွေ ဝေရအောင် လှူလိုက်ကြတာ။ အဲဒီတော့ မင်းတို့ဆီတော့ မထားတော့ဘူး။ ရှေ့ဆက်မသွားရဘူးဆိုလည်း ဒီမြို့မှာပဲ ဝေခဲ့မယ်’ဟုပြောပြီး အဲဒီမြို့ကလေးမှာပဲ ဝေခဲ့ကြောင်း မြို့ခံတွေ ပြန်ပြောပြလို့ မှတ်သားခဲ့ရဘူးသည်။ မြို့ကလေး နာမည်ကိုတော့ မမှတ်မိတော့။ မည်သူ့ကိုမှ နာကျည်းမုန်းတီးလိုစိတ် အလျဉ်းမရှိပါ။ ဘ၀မှာ ကြုံခဲ့ရသည့် သမိုင်းမှတ်တမ်းတခုအနေဖြင့်သာ ရေးခြစ်လိုက်ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းကြီးက ဘ၀တွေ၊ မျှော်လင့်ချက်တွေ အနာဂတ်တွေအကုန်လုံးကို ပိန်ချုံးချည့်နဲ့သွားစေပါတော့သည်။ မုန်တိုင်းဖြစ်ပြီးစမို့ ချောင်းတွေထဲမှာ လူသေ အလောင်းတွေကို မြင်တွေ့နေရသည်။ လူသေအလောင်းတွေက အရွယ်စုံသည်။ ယောက်ျား မိန်းမ ကလေး လူကြီး။ ကျွဲသေ၊ နွားသေများ မြစ်ထဲချောင်းထဲမှာ မျောပါနေကြတာကိုလည်း တွေ့မြင်ခဲ့ရသေးသည်။ နာဂစ်မုန်တိုင်းက နာကျင်မှုတွေကိုပဲပေးပါသည်။ သည်မြင်ကွင်းတွေကိုကြည့်ပြီး နာကျင်ခဲ့ရဘူးသည်။ မျက်ရည်တွေ စို့ခဲ့ရဘူးသည်။ တချို့မြင်ကွင်းတွေကိုတော့ ဆက်မကြည့်နိုင်တော့တာမို့ ခေါင်းငိုက်စိုက်ချခဲ့ရဖူးသည်။

ကယ်ဆယ်ရေး ရောက်ခဲ့ရသည့် ၂၄-ခေါက်မှာ အများစုက ကားဖြင့်သွားခြင်းဖြစ်သည်။ တခါတလေ သင်္ဘောဖြင့်လည်း သွားခဲ့ရဘူးသည်။ မိမိက သင်္ဘောဖြင့် သွားရခြင်းကို မနှစ်သက်လှ။ ဘိုကလေးရောက်ဖို့ တညလုံးစီးရသည်။ တအိအိဖြင့် မောင်းနေသော သင်္ဘောကြီးကို စီးရသည်မှာ စိတ်မရှည်။ သွားနေသည်ဟု မိမိစိတ်ထဲမထင်။ ဖြစ်နိုင်လျှင် သင်္ဘောပေါ်ကဆင်းပြီး ပြေးသွားလိုက်ချင်စိတ်ပင် ပေါက်ခဲ့ဘူးသည်။

ခရီးစဉ်တခုမှာ ဖြစ်ချင်တော့ ဘိုကလေး ပုသိမ်သွားသည့် ကားလမ်းမှာ တံတားတစင်း ကျိုးကျသွားပါသည်။ ဘယ်လိုမှ ရှေ့ဆက်သွားလို့ မရတော့။ ကားပေါ် ပါလာသော ဆန်အိတ်များကို သင်္ဘောဖြင့် ပြောင်းပြီး ပုသိမ်ကနေ ညတွင်းချင်း ထွက်ခဲ့ဖို့ ဆရာတော်ကြီးက မိန့်ပါသည်။ အဲဒီညက မိမိနှင့် ဘုန်းကြီးဦးဒေါက်တာဦးအဂ္ဂဓမ္မတို့ သင်္ဘောကြီးတညလုံးစီးခဲ့ကြရပါသည်။ နောက်တနေ့ မနက် ၁၀-နာရီ ၀န်းကျင်တွင် ဘိုကလေးမြို့သို့ ရောက်ပါသည်။

တာလပတ်မိုးထားသည့် ကျောင်းဆောင်ကလေးထဲမှာ ထိုင်နေသည့် ဆရာတော်ကြီးကို ခရီးရောက်မဆိုက် ၀တ်ဖြည့်မည်ပြုသောအခါ “မနှိပ်နဲ့။ မနှိပ်နဲ့။ ဟိုမှာ ချောင်းထဲမှာ လူတွေ မင်းတို့သင်္ဘောအလာကို စောင့်နေကြတာ အစီးတရာကျော်လောက်ရှိတယ်။ မင်းတို့ဆီက ဆန်ပါမှ သူတို့ ထမင်းလေး ဘာလေးချက်စားရမှာ။ မင်းတို့ ဆန်တွေ အကုန်လုံးကို ဂိုဒေါင်ထဲ မထည့်နဲ့တော့။ သင်္ဘောပေါ်ကနေ တခါတည်းသာ သွားဝေပေးလိုက်တော့”ဟု မိန့်တော်မူပါသည်။ ချောင်းဘေးသို့ မိမိရောက်သွား သောအခါ လှေတွေက ချောင်းလုံးပြည့်ပင်ဖြစ်သည်။ ကောက်ယူ ထားသော စာရင်းရှည်ကြီးကို ရွာစဉ်လိုက်အော်ခေါ်ပြီး ဆန်ဝေပေးလိုက်သောအခါ သူတို့ ၀မ်းသာသွားကြသည်။ သို့သော် ဒါကလည်း အခိုက်အတံ့ပင်ဖြစ်ပါလိမ့်မည်။ မိသားစုတွေ ရုတ်တရက်ကြီး ပျောက်ဆုံးသွားခဲ့သည့်အတွက် နာကျင်ကြေကွဲနေရ သည့် သူတို့ရဲ့ စိတ်ဒဏ်ရာကို ကုစားဖို့တော့ အချိန်တွေ ယူရပါလိမ့်ဦးမည်။

အဲဒီနောက်ပိုင်း ဧရာဝတီတိုင်းဆီသို့ တခါမှ ပြန်မရောက်ဖြစ်ခဲ့ပါလေတော့။ အခုဆိုရင် နာဂစ်မုန်တိုင်းဖြစ်ခဲ့တာ (၉) နှစ်ကျော်ခဲ့ပါပြီ။ သူတို့တွေ ဘယ်လိုအခြေအနေတွေများ ရှိနေကြပါလိမ့်။ လူမရောက်ပေမယ့် တခါတခါတော့ စိတ်ရောက်နေမိသည်။ သူတို့ရဲ့ အနာဂတ်တွေက မည်သို့ ရှိပါစ။ နေ၀င်နေထွက် မျှော်လင့်ချက် မဲ့နေရမည့် အဖြစ်မျိုးတော့ မရောက်စေချင်။ အချိန်က အရာရာကို ကုစားပေးနိုင်သည်ဆိုသည့်တိုင် သူတို့ဘ၀တွေက မိုးသံလေသံကြားရင် ထိန့်လန့်တုံလှုပ်နေရဆဲပဲလား။ အနာဂတ်တွေ ပျောက်ဆုံးခဲ့ရတဲ့ လူငယ်တွေ။ လူလတ်တွေ။ အခမဲ့ ပညာရေးစနစ်မှာတောင်မှ ပညာမသင်ယူနိုင်ကြသေးတဲ့ ကလေးငယ်လေးတွေအတွက် ဘယ်သူတွေက ကုစားပေးမှာတဲ့လဲ။ ပြည်သူက ရွေးချယ်တင်မြှောက်ထားသည့် ပြည်သူ့အစိုးရ အနေဖြင့် လက်ကျန်အစိုးရသက်တမ်း လေးနှစ်အတွင်းမှာ နာဂစ်ဒဏ်သင့်ခဲ့ရသည့် ပြည်သူများရဲ့အရေးကို စီမံကိန်းတခုနေဖြင့် လုပ်ဆောင်ပေးနိုင်လျှင်တော့ ပို၍ကောင်း ပါသည်။ ပရဟိတလူမှုအဖွဲ့အစည်းများအနေဖြင့်လည်း ကိုယ်တတ်သရွေ့လေး လိုအပ်ချက်ကလေးတွေကို ၀ိုင်းဖြည့်ပေးနိုင်ကြမည်ဆိုလျှင် ၀မ်းသာစရာကောင်းပါသည်။ မိုးသံလေးသံတွေကြားတိုင်း ထိန့်လန့်တုံလှုပ်နေရမည့်ဘ၀တွေက အမြန်ဆုံးလွတ်မြောက်ပါစေတော့။ မိမိအတွက် နာဂစ်မုန်တိုင်းကြီးကား ဘယ်တော့မှ အလွမ်းပြေတော့အံ့ မထင်။

အားလုံးချမ်းသာကိုယ်စိတ် မြဲကြပါစေ။

ကိုသစ်( သီတဂူ)

၇၊ ၂၂၊၂၀၁၇

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖြစ်ရပ်များ၊ အမှတ်တရများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments