မောင်စွမ်းရည် – မောင်စူးစမ်း (ခေါ်) ဦးချမ်းအေး(အသက် ၉၁ နှစ်)

July 28, 2017


မောင်စွမ်းရည် – (ခေါ်) ဦးချမ်းအေး(အသက် ၉၁ နှစ်)
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၇

ဗမာပြည်မှာ စာရေးဆရာကြီးများဖြစ်ကြတဲ့ ဆရာမင်းသုဝဏ်၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ လူထုဒေါ်အမာ၊ ဒဂုန်တာရာ စတဲ့စာရေးဆရာကြီးများရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြပါတယ်။ အားလုံး အသက် ၉ဝ တန်းတွေချည်း ပါပဲ။ ခု မောင်စူးစမ်းခေါ် ဦးချမ်းအေး ကွယ်လွန်ပါတယ်။ အသက် ၉၁ နှစ်ပါ။ ၂ဝ၁၇ ဇူလိုင် ၁၈ ရက်နေ့၊ အာဇာနည်နေ့ အကြိုတစ်ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။ ခေတ်လူငယ်စာရေးဆရာတွေကြတော့ အသက်တော့တိုကြရှာတယ်။

ဦးချမ်းအေး ဂုဏ်ပုဒ်တွေကများပါတယ်။ နိုင်ငံရေးသမား၊ စာရေးဆရာ၊ သတင်းစာဆရာ၊ ဘောဂဗေဒပညာရှင်.။ ခုနောက်ဆုံးကွယ်လွန်ချိန်မှာတော့ နောက်ဆုံးဂုဏ်ပုဒ်ကတော့ စာရေးဆရာဖြစ်မယ်ထင်ပါတယ်။ ခုတော့ ဦးချမ်းအေးဟာ ဂုဏ်ပုဒ်အားလုံးကိုထားခဲ့ပြီး အေးချမ်းရာကိုအပြီးအပိုင် ထွက်ခွာသွားခဲ့ပါပြီ။

ဦးချမ်းအေးရဲ့ဇာတိက ပျဉ်းမနားတဲ့။ ပျဉ်းမနားလယ်ဝေးဆိုတာ လွတ်လပ်စဗမာပြည်မှာ သူပုန်စထခဲ့တဲ့ဒေသ ပါ။ ကျွန်တော်မူလတန်းကျောင်းသားအရွယ်က သီချင်းဆိုခဲ့ရဖူးကာက ”ပျဉ်းမနား နတ်မောက်အရေး၊ တစ်တိုင်းပြည်လုံး က ထောက်ခံပါတယ်။ သူပုန်ဘာကြောင့်ထရတယ်။ လယ်မဲ့၊ ယာမဲ့၊ ပစ္စည်းကို ချုပ်ချယ်လို့သာ သူပုန်ထတယ်”စသဖြင့် ဖြစ်ပါတယ်။ ဦးချမ်းအေးရဲ့ နာမည်ရင်းက ဦးတင်ရွှေတဲ့။ ဗမာအမည်ပေးစနစ်အရဆိုရင် စနေသားဖြစ်ပုံရပါတယ်။ ဘာသာရေးကိုးကွယ်မှုကတော့ တစ်သက်လုံးရှိသွားပုံမရပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကတော့ ဆရာဦးချမ်းအေးကိုချစ် တယ်။ ကျွန်တော့်အဖေနဲ့ ရုပ်ချင်းဆင်သလားလို့ပါ။ အသားညိုညိုအညာသားပုံစံအစစ်။ ညီအစ်ကိုတမျှ။

ကျွန်တော်တို့ရွာက အလွန်တောကျတဲ့ ရွာကလေးပါ။ မြို့တက်ကျောင်းနေဖူးတာက ကျွန်တော့်အဖေညီအစ်ကိုတစ် တွေပဲရှိပါတယ်။ မြေတိုင်းစင်စပတ်တော်၊ ကျောင်းဆရာ၊ ရွာသူကြီး။ ကျောင်းဆရာဆိုတာ စာနဲ့အသက်မွေးသူမဟုတ် လား။ သူတို့က စာဖတ်ကြတယ်။ မြို့ကသတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာယူဖတ်ရှုကြပါတယ်။ မြန်မာ့အလင်း၊ ရန်ကုန်၊ ဗမာ့ခေတ်၊ လူထု။ ရှုမဝ၊ သွေးသောက်။ လူထုဂျာနယ်မှာ မောင်စူးစမ်းဆိုတဲ့အမည်ကို မှတ်မှတ်ရရဖြစ်နေပါတယ်။ လူထုဂျာနယ်မှာ မောင်စူးစမ်းရေးတဲ့အပတ်စဉ်ဆောင်းပါးအမည်က ”ဗမာ့စီးပွားရေးစစ်တမ်း”။ စစ်တမ်းဆိုတဲ့ ဝေါဟာရ အဓိပ္ပာယ်ကို ဝိုးတဝါးပဲသိခဲ့မိတယ်ထင်ပါတယ်။ နောက်တော့ မဂ္ဂဇင်းအရွယ်နဲ့ဆောင်းပါးပေါင်းချုပ်ထုတ်ခဲ့တယ်ထင်ပါ တယ်။ ဘာစာတွေမှန်းမသိလို့ မဖတ်ခဲ့ပါ။ အဖုံးမှာပါတဲ့ ”မောင်စူးစမ်း” ”စစ်တမ်း”ပဲမြင်နေကျဖြစ်ပြီး မှတ်မိနေပါတယ်။ မူလတန်းကျောင်းဘဝကပါ။ ကျွန်တော့်ဦးလေးတွေကတော့ ကွန်မြူနစ်တွေမို့ထင်ပါရဲ့ အဲဒီစာအုပ်ကိုဖတ်ကြပါတယ်။

”စစ်တမ်း”ဆိုတာကိုတော့ အထူးစွဲခဲ့ပုံရပါတယ်။ ကျွန်တော်တို့ကပဲ အစွဲအလမ်းဖြစ်သလား။ ဦးလေးလူထုဦးလှ ကပဲ အစွဲအလမ်းဖြစ်သလားမသိပါ။ ကျွန်တော်တို့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းရဲ့ပထမဆုံးစာတမ်းပေါင်းချုပ် အမည်က ”ဗမာစာပေစစ်တမ်း”တဲ့။

ဆိုခဲ့ပါအတိုင်း ကျွန်တော်တို့မူလတန်းကျောင်းသားအရွယ်မှာ ကျွန်တော့်အဖေတို့ညီအစ်ကိုတတွေ သတင်းစာ တွေမှာ ယူဖတ်ရှုကြတဲ့အတွက် စာဖတ်တတ်စအရွယ်ကပဲ သတင်းစာတွေကို ကိုင်နေပါပြီ။ အဲဒီတုန်းက သတင်းစာမှာ အထူးမှတ်မိလိုက်တဲ့သတင်းက ”ဖော့ဦးထုပ်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခြင်း”သတင်းပါ။ ဘာသတင်းစာရယ်တော့ မမှတ်မိ တော့ပါ။ ပုဆိုးအင်္ကျီဆင်တူနဲ့ဖော့ဦးထုပ်ကိုယ်စီဆောင်းထားတဲ့ လူတစ်စုလေယာဉ်ကွင်းမှာတန်းစီပြီး ဓာတ်ပုံရိုက်ထား တဲ့သတင်းပါ။ ဘာဖြစ်လို့စွဲစွဲလန်းလန်း မှတ်မိနေသလဲဆိုတာကို ခုမှပဲပြန်စဉ်းစားကြည့်နေမိပါတယ်။ ကျွန်တော်တို့ရွာမှာ ”ဝါ”နဲ့ ”ခေါက်ဆွဲ”လည်းစားဖူးတယ်။ ”လောက်စာလုံး”နဲ့ ”ထန်းလျက်”နဲ့ လဲလှယ်ဖူးတယ်။ ”ဘာတာ”စနစ်ဆိုပါတော့။ ဖော့ဦးထုပ်ကိုလည်း ငြိမ်းချမ်းရေးနဲ့လဲလှယ်သတဲ့။ ဖော့ဦးထုပ်ကတော့ ကိုယ်ဆောင်းဖူးလို့သိပါရဲ့ ”ငြိမ်းချမ်းရေး”ဆိုတဲ့ စိတ္တဇနာမ်ကိုတော့ အဓိပ္ပာယ်ရေးတေးတေးသိသလိုရှိပြီး ဖော့ဦးထုပ်နဲ့ ဘယ်လိုလဲလှယ်သလဲဆိုတာ လုံးဝသဘောမပေါက် ခဲ့။ ငြိမ်းချမ်းရေးဆိုတာ စားလို့ ဝါးလို့လည်းရတာမဟုတ်ဘဲ ဘယ်လိုလဲလှယ်ကြသလဲပေါ့။ ထူးဆန်းလို့ စွဲနေခဲ့တာဖြစ်မှာ ပါ။ အဲဒီတန်းစီနေတဲ့အထဲမှာ ဓာတ်ပုံရဲ့ညာဖက်အစွန်က ညာခြေထောက်ရှေ့ကို ခပ်ချဲချဲထုတ်ပြီး ရပ်နေသူက ”ကိုချမ်း အေး”တဲ့။ ဖော့ဦးထုပ်ဆောင်းလို့။ ၁၉၄၈ လောက်က ထင်ပါတယ်။ အဲဒီနောက်မှ တက္ကသိုလ်ပြန်တက်ပြီး ဘွဲ့ရခဲ့ပါတယ်။

ကျွန်တော်တက္ကသိုလ်ရောက်တော့ ဖော့ဦးထုပ်ခေတ်မရှိတော့ပါ။ သက္ကလပ်ဦးထုပ်တွေဆောင်းနေကြပါပြီ။ ဖော့ဦး ထုပ်နဲ့ ငြိမ်းချမ်းရေးလဲတဲ့ဝေါဟာရမသုံးတော့ဘဲ အလင်းဝင်တယ်၊ အညံ့ခံတယ်၊ လက်နက်ချတယ်၊ လက်နက်စွန့်တယ် စသဖြင့် အမျိုးမျိုးသုံးလာခဲ့ပါပြီ။ ကျွန်တော်တက္ကသိုလ်ရောက်တော့ ကျွန်တော်လည်း ဦးချမ်းအေးလိုပဲ လူထုကျောင်းထွက် ဖြစ်နေပါပြီ။ စာပေသဘောနဲ့ပြောရရင် ကလောင်ညီအစ်ကိုဖြစ်နေပါပြီ။ ၁၉၅၆-၆ဝ လောက်အတွင်းပေါ့။ ၁၉၈၈ ရောက် တော့ ကျွန်တော်ရန်ကုန်ရောက်နေပါပြီ။ ရှစ်လေးလုံးအရေးတော်ပုံနောက်ပိုင်းရက်တွေမှ ဦးဝင်းတင်၊ ဗိုလ်သော်ကာ၊ တင်မိုး၊ မောင်သာနိုး၊ မုံရွာတင်ရွှေ၊ မောင်မိုးသူ၊ မောင်ဝံသ၊ ဦးချမ်းအေး၊ ကိုထွေးမြင့်စတဲ့ စာပေရဲဘော်တစ်စုဟာ ဒေါ်အောင်ဆန်းစုကြည်တို့ ခြံဝင်းကြီးရဲ့ အနောက်ဘက်ခြံဝင်းထဲက ခြံစည်းရိုးအခြေရှိ သစ်တုံးရှည်ကြီးပေါ်မှာ တန်းစီ ထိုင်ရင်း အဝင်အထွက်ဧည့်သည်တွေနဲ့ နှုတ်ဆက်လိုက်၊ ကိုယ့်အချင်းချင်းစကားပြောလိုက်ကြနဲ့ နေကြပါတယ်။ ကျွန်တော် လည်း နေ့ထိုင်းလောက်ရောက်ပါတယ်။ တစ်ခါတော့ ကျွန်တော်က မြင်းခြံကပါလာတဲ့ ထန်းရွက်ဦးထုပ်၊ (ထန်းရွက်ကိုစိပ် ဖျားပြီး ရက်လုပ်ထားတဲ့ဦးထုပ်)ကို ဆောင်းပြီး သူတို့လူတန်းဆီကို နောက်ကျဝင်လာပါတယ်။ ဦးထုပ်ဝါသနာပါပုံရတဲ့ ဦးချမ်းအေးက ”ကိုစွမ်းရည် ခင်ဗျားဦးထုပ်ပြစမ်းပါ”တဲ့။ ကျွန်တော်ကလည်း သူငယ်ချင်းတင်မိုးပြောလေ့ရှိသလို ”နှုတ် ဆော့”တတ်တဲ့ဝါသနာအတိုင်း ”ဦးချမ်းအေး ထန်းဖူးဦးထုပ်နဲ့ ဒီမိုကရေစီလဲမလို့လား”လို့ လွှတ်ခနဲ ပြောလိုက်မိပါတယ်။ မူလတန်းကျောင်းသားဘဝက သတင်းစာမှာမြင်ခဲ့ရဖူးတဲ့ သတင်းဓာတ်ပုံအစွဲအလမ်းနဲ့ ပြောလိုက်မိတာပါ။ ဒီစကားက ဦးချမ်းအေးကို အတော်ထိသွားပုံရပါတယ်။ အတော်ပဲ မျက်စိမျက်နှာပျက်သွားရှာပါတယ်။ ရဲဘော်အပေါင်းအသင်းများ ကတော့ အားလုံးဓာတ်သိတွေဖြစ်လို့ ပွဲကျသွားပါတယ်။ မောင်မိုးသူကတောင် အဲဒါ ”မောင်စွမ်းရည်အစစ်” (ငဝက်အစစ်) လို့ ပြောလိုက်သလိုမှတ်မိနေပါတယ်။ ပြန်တွေးရင် ခုထက်ထိ အားနာစရာကြီးပါ။

ဦးချမ်းအေးနဲ့ ကျွန်တော်နဲ့ ဘယ်လိုက ဘယ်လိုရင်းနှီးသွားခဲ့မှန်း မမှတ်မိတော့ပါ။ ဦးဝင်းတင်၊ ဗိုလ်သော်ကတို့လို ပဲ ရင်းနှီးနေခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်က ဘာမှမဟုတ်။ ဆရာက အဖွဲ့ချုပ်မှာ ဗဟိုကော်မတီဝင်ကြီးပါတကား။ ဦးဝင်းတင်က ”ခင်ဗျားအစိုးရအလုပ် ပြန်လုပ်မယ်ဆိုရင် ခင်ဗျားကို ပါတီတာဝန်မပေးတော့ဘူး။ ကျွန်တော်တို့လိုချင်တဲ့ စာအုပ်စာတမ်းတွေပဲ ရှာပေးတော့”လို့ပြောဆိုပြီး ကျွန်တော့်ကို ဖယ်ထားပြီးပါပြီ။ အဲဒါ ကိုတင်မိုး သဘာပတိမူပြီး တတ်သိအဖွဲ့ဖွဲ့ပြီး စတင်ပါတယ်။ ပန်းချီဝင်းဖေနဲ့ ဗိသုကာကျော်မင်းလည်း နေ့စဉ်လာလေ့ရှိနေတာကို သတိပြုမိပါတယ်။ တစ်ခါတစ်ရံ ဗေဒင်ဆရာ မင်းသိင်္ခတောင်ပါလိုက်ပါသေး။ အဲဒီတုန်းက ကျွန်တော်ရဲ့ထန်းဖူးဦးထုပ်ကို ဦးချမ်းအေးက လည်းလိုချင်၊ ဦးဝင်းတင်ကလည်းလိုချင်နေလို့ ဘယ်သူ့မှမပေးဖြစ်တော့ဘဲ ရွာက မှာပေးမယ်လို့ပဲ ပြောထားခဲ့ပါတယ်။ မကြာခင်သူတို့အားလုံးထောင်ကျသွားလို့ ဦးထုပ်မမှာဖြစ်တော့ပါ။

ဦးချမ်းအေးတို့တစ်တွေ လေယာဉ်ကွင်းမှာ ဖော့ဦးထုပ်ကိုယ်စီနဲ့ ဆင်းလာကြတာဟာ ပြည်တွင်းစစ်အစမှာ ပထမ ဆုံးငြိမ်းချမ်းရေးဆွေးနွေးဖို့လာတဲ့ အဖွဲ့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတာမအောင်မြင်ပါ။ ဦးချမ်းအေးကလည်း တောတွင်းကို ပြန်မသွားတော့ပါ။ နိုင်ငံရေးဆောင်းပါး၊ ဘောဂဗေဒဆောင်းပါးတွေ ရေးနေတယ်လို့ သိရပါတယ်။ ရန်ကုန် မှာ သူ့အပေါင်းအသင်းတွေက တက္ကသိုလ်လက်ဝဲသမားများ၊ စာပေသမားများ၊ ဗကပ-ကွန်မြူနစ်ဟောင်းများ၊ သတင်းစာ ဆရာများ၊ ဖက်ဆစ်တော်လှန်ရေးရဲဘော်ဟောင်းများဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က ဦးချမ်းအေး မွေးနေ့ပွဲနှစ်စဉ် လိုလုပ်ခဲ့ဖူးပါတယ်။ အဲဒီမွေးနေ့ပွဲတွေမှာ သူ့အပေါင်းအသင်းတွေစုံပါတယ်။ ဆရာဦးချမ်းအေးဖက်ဆစ်တော်လှန်ရေးမှာ ပါခဲ့တာကို လူသိနည်းပါတယ်။ သူတို့ချင်းပြောကြတဲ့ ”ယောနင်း”၊ ”ယောနင်း”ဆိုတဲ့ စကားလုံးကို ကြားဖူးကြပါလိမ့်မယ်။ ဂျပန်စစ်သင်တန်းကလာတဲ့ဝေါဟာရပါ။

ရှစ်လေးလုံးအပြီးမှာ ဦးဝင်းတင်၊ မောင်မိုးသူ၊ ဦးတင်ရွှေ၊ ဦးသော်က စတဲ့ကိုယ့်မိတ်ဆွေတွေ အဖမ်းခံရစဉ် ကျွန်တော့်ကို ထောက်လှမ်းရေးက နှစ်ခါခေါ်ယူစစ်ဆေးပါတယ်။ ကိုယ်ရေးရာဇဝင်တွေ တစ်နေကုန်ရေးပေးခဲ့ရပါတယ်။ နောက်တစ်ခေါက် အခေါ်ခံရတော့ ကျွန်တော်က တစ်ပြည်လုံးကျောင်းဆရာတွေခေါ်ပြီး စာကြည့်တိုက်ပညာသင်ပေးနေ တယ်။ တစ်လကျော်ကြာမယ်လို့ပြောပြတော့ တစ်လကျော်တော့ ပြန်ခေါ်မယ်ဆိုပါတယ်။ ဒီအတွင်းကံကောင်းချင်တော့ ပြည်ပက စာကြည့်တိုက်မှူးများ ညီလာခံ (ယူနက်စကိုအစီအစဉ်နဲ့)တစ်ကြိမ်ထိုင်းကို သွားရပြီးနောက် တစ်ကြိမ်အရှေ့ တောင်အာရှစပေစာတမ်းဖတ်ပွဲက နေသာလန်နိုင်ငံက ဖိတ်ကြားလို့သွားရပါတယ်။ နေသာလန်ကမှ ဆက်လက်ဖိတ်ကြား လို့ အမေရိကားကိုရောက်လာတော့ တင်မိုးနဲ့တွဲပြီး မပြန်ဘဲနေပါတယ်။ ပြန်ရင်ဖမ်းမှာ ဆီးမှာကြောက်လို့ပါ။

ကဗျာဆရာတင်မိုးနဲ့ ကျွန်တော်နယူးယောက်ကိုရောက်ကြတော့ ဘုမသိဘာမသိနဲ့ ဦးချမ်းအေးသမီး မချောစုကို စုံစမ်းကြပြီး သူတို့အိမ်ကိုပဲစတည်းချကြပါတယ်။ ဝတ္ထုရေးဆရာမောင်သာရရောက်လာပြန်တော့ မောင်သာရကလည်း မချောစု(ကိုစိုးနိုင်)တို့အိမ်ကို သူ့အမျိုးအိမ်လိုသဘောထားပြီး ဘာမှခွင့်တောင်းမနေဘဲ စတည်းချလိုက်ပြန်ပါတယ်။ တစ်ခါ တလေ ဧည့်သည်တွေပါ လာအိပ်ကြတာ တရုန်းရုန်းနဲ့ပါ။ တင်မိုးမှာ ဥရောပကစာပေဆု (ပရင့်ကလော့စ်ဆု)ရတော့ ဆုပေးရေးအဖွဲ့က တင်မိုးမိသားစုနဲ့ သူငယ်ချင်းများပါ ဟိုတယ်ကြီးတစ်ခုမှာထားပေမဲ့ မနေဘဲ မချောစုအိမ်လိုက်ပို့ပါလို့ ပဲ ပူဆာလေ့ရှိပါတယ်။ ဆေးလိပ်ကို အိမ်ထဲမှာ သောက်ခွင့်ပေးလို့တဲ့ တင်းမိုးက။

ဦးချမ်းအေးသမီး စာအုပ်ဆိုင်လေးလုပ်ထားတော့ ဦးချမ်းအေးက မောင်ဝံသာဆိုင်ကနေ စာအုပ်တွေယူပြီး ပို့ ပေးနေပါတယ်။ စာအုပ်ကောင်းတွေ ရွေးပို့တာဆိုတော့ ကျွန်တော်တို့မှာ ပြည်ပရောက်မှ ပိုပြီးတော့ ဟန်ကျနေပါတယ်။ ဦးချမ်းအေးကလည်း ကျွန်တော်တို့အတွက် ရည်ရွယ်ပို့ဟန်ရှိပါတယ်။ ကျွန်တော့်ကအဝေးရှိ ဗမာစာဖတ်ပရိသတ်နဲ့ပါ ဆက်ပေးလို့ တစ်ခါတစ်ရံ အြေ<ွကး ၃-၄ ရာ တင်ပါတယ်။ ဆရာတင်မိုးကတော့ ဆေးလိပ်လည်း မချောဆိုင်က ကြိုက် သလောက်ရ၊ အိမ်ထဲမှာပဲ နွေးမိုးဆောင်း ဆေးလိပ်သောက်ခွင့်လည်းရ။ သူကြိုက်တဲ့ မင်းသိင်္ခဇာတ်လမ်းကို တီဗွီမှာလည်း ကြည့်လို့ရ၊ အိပ်ကြီးကျယ်ကျယ်မှာ အိပ်ချင်တဲ့နေရာထိုးအိပ်လို့ရလို့ သူ့သမီးတွေအိမ်ထက်ပျော်ပါတယ်။ အမှန်ပါ။ တစ်ခါ တော့ ကျွန်တော်က မချောစုက ”အိမ်ထဲဆေးလိပ်မသောက်ရ အမိန့်ထုတ်ပါလား”ဆိုတော့ အဖေ(ဦးချမ်းအေး)ရဲ့ သူငယ် ချင်းတွေက ဒါ့ထက်ဆိုးတယ်လို့ပြောလို့ ကျွန်တော်နှုတ်ပိတ်၊ တင်းမိုကတော့ ”မှတ်ကရော”တဲ့။ ဒါ ဦးချမ်းအေးသမီးအစစ်။

တစ်ခါတော့ အမေရိကားကို ဦးချမ်းအေးလာလည်ပါတယ်။ မချောစုအမေကဆုံးလို့ နောက်အိမ်ထောင်နဲ့ပါ။ မချောစုအမေက ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာနကဆရာမပါ။ နိုင်ငံခြားကိုတောင် ပညာသင်သွားခဲ့ရဖူးပါတယ်။ ကြားဖူးပါတယ်။ စစ်ပြီးခေတ်မှာ ပထမဦးဆုံး ဘာသာသိပံ္ပပညာရှင်ဖြစ်လာပါတယ်တဲ့။ အသေစောလို့ ရန်ကုန်တက္ကသိုလ် အတွက်သာမက မြန်မာစာပေလောကအတွက်ပါ ဆုံးရှုံးမှုဖြစ်ရပါတယ်။ ဘာသာသိပံ္ပသင်ကြားမှု အဆက်ပြတ်သွားခဲ့ရပါ တယ်။ အံ့သြစရာက ဦးချမ်းအေးဟာ သူ့ဇနီးဆီက ဘာသာသိပံ္ပဆည်းပူးပြီး ဘာသာစကားလေ့လာရေးဆောင်းပါးတွေ ဘာတွေဝင်ရေးလိုက်ပါသေးတယ်။ သူ့အဖို့ မောင်ဝံသရဲ့ ”ဒေါင်းစာပေ” စာအုပ်ဆိုင်မှာ မောင်သာနိုးနဲ့ ဘာသာစကား ပညာဆွေးနွေးဖော်လည်းရခဲ့ပါတယ်။ သူတို့နှစ်ယောက် မောင်ဝံသတည်းဖြတ်ထုတ်ဝေတဲ့ ”အတွေးအမြင်”စာစောင်လေး မှာ လစဉ်ဝင်ရေးပေးနေခဲ့ကြပါတယ်။ အတွေးအမြင်စာစောင်တွေရော၊ တခြားလက်ဆောင်ရတဲ့ စာစောင်တွေရော၊ ဦး ချမ်းအေးက သူ့သမီးဆီပို့ပေးတော့ ကျွန်တော်တို့ဖတ်ရပါတယ်။ တခြားလက်ဆောင်ရသမျှ စာအုပ်ကောင်းတွေလည်း လက်ဆင့်ကမ်းလိုက်တာပါပဲ။ မောင်သာနိုးရေးသမျှလည်း ဦးချမ်းအေးကတစ်ဆင့် ပို့ပေးလို့ဖတ်ရပါတယ်။ မောင်သာနိုးနဲ့ ဦးချမ်းအေးတို့က လူထုတိုက်ထွက် စာပေညီအစ်ကိုတွေဖြစ်ရုံမက ဖတ်ခဲ့ကြတဲ့ စာပေနောက်ခံ(လက်ဝဲစာပေများ)ကလည်း တူကြတယ်မဟုတ်လား။ ဒါ့ကြောင့် စကားပြောဖော်ဖြစ်ခဲ့ကြဟန်တူပါတယ်။

ဆရာချမ်း နယူးယောက်ကိုကတော့ သူ့သမီးဆီကိုလာတာပါ။ ဘာပဲဖြစ်ဖြစ် နယူးယောက်ကိုလာတော့ ကိုယ့်ဆီ လာသလို အောက်မေ့ပါတယ်။ အဖွဲ့ချုပ်က ဗဟိုကော်မတီဝင်ဟောင်းဖြစ်တဲ့ ရှေ့နေဒေါ်မြင့်မြင့်ခင်ကလည်း နယူးယောက် က သူ့သမီးဆီကိုလာတော့ မိတ်ဆွေဟောင်းတွေနဲ့ မြိုင်ဆိုင်နေပြီး ပြည်ပမှာ အဖော်မမဲ့ခဲ့ကြပါဘူး။ ဒါပေမဲ့ ကျွန်တော့်ဘက် က ဝတ္တရားမကျေပါ။ ဟိုပို့ ဒီပို့လိုက်ပို့တော့လည်း ကားရှိတဲ့သူ့သားသမီးတွေကပဲ လိုက်ပို့ကြပါတယ်။ ကျွန်တော်ကလည်း မိသားစုပါလိုက်လခါစဆိုတော့ ချာချာလည်နေပါတယ်။ တစ်ခါဆိုတစ်ခါပဲ ဆရာတို့ဇနီးမောင်နှံတို့ကို အိမ်ဖိတ်ပြီးနေ့လယ် စာကျွေးခဲ့လိုက်ရပါတယ်။ သူ့သမီးအိမ်မှာ အိပ်ခဲ့စားခဲ့တာက အကြိမ်ကြိမ်ပါ။

ဆရာ့ကို ထမင်းဖိတ်ကျွေးတော့ နိုင်ငံရေးလောကထဲက လူငယ်တစ်ယောက်က ”ဆရာ သူက မဆလကြီးပဲ။ ဗိုလ်နေဝင်းလူပဲ။ ဘာလို့ပေါင်းနေရသလဲလို့ ဝေဖန်ပြောဆိုတာခံရဖူးပါတယ်” ”ဟဲ့…ငါကလည်း ဘာကောင်မှမဟုတ်ဘူး။သူကဘာပဲဖြစ်ဖြစ် ငါ့ဆရာ၊ ငါ့ကျေးဇူးရှင်၊ ငါမူလတန်းလောက်ကတည်းက စာရေးနေတဲ့ စာရေးဆရာကြီး။ သူ့ပို့ပေးလို့ မြန်မာစာအုပ်ကောင်းတွေ ငါတို့ဖတ်နေရတဲ့ ကျေးဇူးကိုက မနည်းဘူး” လို့ပြန်ပြောရပါတယ်။

”ဆရာစွမ်း။ သူက ကွန်မြူနစ်ပျက်၊ မဆလပျက်၊ အင်အယ်လ်ဒီပျက်ကြီးမဟုတ်လား” တဲ့ ဆက်လာပြန်ပါတယ်။

”အေး ငါ့တို့မင်းတို့မှာ သူလိုပျက်စရာကြီးတွေတောင်မရှိခဲ့ဘူး။ ဒါတွေပြောမနေနဲ့။ သူက လူရိုး၊ လူကောင်းကြီး ပါ။ လူထုတိုက်တွင် စာပေမိသားစုဝင်ပါ”လို့ ပြန်ပြောလိုက်ရပါတယ်။ ဆရာချမ်း၊ အေးချမ်းရာရောက်ပါစေ။

မောင်စွမ်းရည် ၂ဝ၁၇၊ ဇူလိုင် ၂ဝ၊
(နယူးယောက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်