မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၃၇)

July 31, 2017

မောင်မောင်စိုး ● နှင်းဆီနီနီအိပ်မက်များ – အပိုင်း (၃၇)
(မိုးမခ) ဇူလိုင် ၃၁၊ ၂၁၀၇

● ဝ နယ်သို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ရောက်ခြင်း
၁၉၆၈ ခုနှစ်ဇန္နဝါရီ ၁ ရက်နေ့မှစ၍ သံလွင်အနောက်ခြမ်း မုန်းကိုးဒေသနှင့် သံလွင်အရှေ့ခြမ်းကိုးကန့်ဒေသတို့သို့ထိုးဖေါက်ဝင်ရောက်ခဲ့သော CPB တပ်ဖွဲ့များသည် ၁၉၇ဝ ခုနှစ် ကွန်လုံဟိုက်ကဘားတိုက်ပွဲနှင့် လားရှိုးဒေသသို့ ထိုးဖေါက်တိုက်ခိုက်ခိုက်သည့်တိုက်ပွဲများပြီးနောက်တွင် သေနင်္ဂဗျူဟာ ပြောင်းလဲလိုက်သည်။ အစိုးရ အသေအလဲခုခံတိုက်ခိုက်သည့် အမာ ဒေသကိုရှောင်၍ အစိုးရချုပ်ကိုင်မှုအားနည်းသည့် ဝ နယ်သို့ ထိုးဖေါက်ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ဤသို့ CPB တပ်ဖွဲ့များ ဝ နယ်သို့ဝင်ရောက်သိမ်းပိုက်မှုသည်ဝနယ်အားခေတ်သစ်တခုတွင်းသို့ဝင်ရောက်စေခဲ့တော့သည်။

ပထမအချက်အနေနှင့်တွေ့ရသည်မှာ ဘာသာစကားကွဲပြားမှုရှိနေသော ဝ လူမျိုးအများစုကို CPB တို့ သိမ်းသွင်းစုစည်း နိုင်ခဲ့သည်။ လေ့လာရသောကိန်းဂဏန်းများအရဆိုလျင် ဝ လူမျိုးအုပ်စု ၃၄ စုရှိသည့်အနက်၂၇ စုသည် CPB ထိမ်းချုပ်နယ်မြေ အတွင်းရောက်ရှိသွားသည်။ ကူမင်တန်တို့နှင့် ထိုင်းနယ်စပ်သို့ ဝ အုပ်စု ၃ စုခန့် ပါသွားသည်ဟု ဆိုသည်။ ဟိုပန်/ပန်လုံ နှင့်တန့်ယန်းတဝိုက်ရှိ ဝ အုပ်စု ၄ စုခန့်ကတော့ မြန်မာအစိုးရထိမ်းချုပ်နယ်မြေအဖြစ် ရောက်ရှိပူးပေါင်းသွားသည်ဟုဆိုသည်။ ဤကဲ့သို့ ဝ အုပ်စုအများစုသည် CPB အောက်သို့ရောက်ရှိသွားခြင်းကြောင့် မူလက ဘာသာစကားမတူကွဲပြားမှုရှိသော ဝမျိုးနွယ်စုဝင်များသည် CPB ၏ ပြည်သူ့တပ်မတော်အတွင်း၌ အတူတကွနေထိုင်လှုပ်ရှားကြရင်း နှစ်အနည်းငယ်တွင်း ဘုံ ဘာသာစကားတခုထွက်လာပြီး ဘာသာစကား မတူကွဲပြားမှုပြဿနာဖြေရှင်း၍ အလိုအလျောက် ကျော်လွှားသွားသည် ကို တွေ့ရသည်။

ဒုတိယအနေနှင့်တွေ့ရသည်မှာ ဝ နယ်သို့ CPB တပ်ဖွဲ့ဝင်ရောက်လာခြင်းကြောင့် CPB အနေနှင့် တပ်သားသစ်အင်အား အလုံးအရင်းရရှိပြီး အင်အားတိုးလာခြင်းဖြစ်သည်။ ဝလူမျိုးများသည် မွေးရာပါစစ်သားကောင်းများဖြစ်သကဲ့သို့ ရိုးရာအရ လည်း တိုက်ခိုက်ရေးအတွေ့အကြုံရှိကြသည်။ ထို့ပြင် မိမိမျိုးနွယ်စုခေါင်းဆောင်များ၏အမိန့်ကိုလည်း တသွေမတိမ်း လိုက် နာကြပေရာ CPB အတွက်တော့ တိုက်ရည်ခိုက်ရည်လည်းရှိ အင်အားလည်းရှိသည့်ပြင် အမိန့်နာခံမှုကောင်းသော တပ်ဖွဲ့ ကြီးတခုရရှိခဲ့ပေသည်။

တတိယအနေနှင့်ဝနယ်အတွင်း CPB ရောက်ရှိလာပြီးနောက် ကြီးမားသည့် တပ်သားရေသောက်မြစ်ကလည်း ရှိနေသည်။ ၎င်းတို့မှာ မိဘမဲ့ ဝ ကလေးငယ်များဖြစ်သည်။ ယခင်အုပ်စုချင်းတိုက်ပွဲများကြောင့်ဖြစ်စေ၊ ခေတ်မှီဆေးဝါးကုသရန်ခက်ခဲ လှသည့်အခြေအနေများကြောင့်ဖြစ်စေ ထိုစဉ် ဝနယ်၌ မိဘမဲကလေးထောင်ချီ၍ရှိသည်။ ထိုကလေးငယ်များကိုစုစည်း၍ သင်တန်းကျောင်းများဖွင့်လှစ်စာသင်ကြားခြင်း လေ့ကျင့်ပျိုးထောင်ပေးခြင်းတို့ကြောင့် အရွယ်အတန်အသင့်ရောက်သည် နှင့် CPB တပ်ဖွဲ့ဝင်များဖြစ်လာကြတော့သည်။

ဝ နယ်သို့ CPB ဝင်ရောက်လာပြီးနောက် ယာဇ်ပူဇော်သည့်ကိစ္စအား အမိန့်ထုတ်ပြန်တားမြစ်ခဲ့ပြီး ထိုကိစ္စအဆုံးသတ်သွား သည်။ သို့သော် CPB ၏အမိန့်တခုတည်းကြောင့် အဆုံးသတ်သွားခဲ့သည်တော့ မဟုတ်ပေ။ တရုတ်ပြည်နှင့် ကူးလူး ဆက်ဆံမှုရှိပြီး တရုတ်စာပေသင်ကြားလာသည့် အမြင်ကျယ်သည့် ဝ လူငယ်မျိုးဆက်သစ်၏ပူးပေါင်းထောက်ခံမှုကြောင့် လျင်မြန်စွာအဆုံးသတ်သွားသည်ဟု ဆိုရပါမည်။

ဝ နယ်သည် ထိုစဉ်ကာလက သွားလာရေးခက်ခဲသည့်ပြင် တောင်ယာတခုသာအားထားရသည်ဖြစ်၍ရိက္ခာရှားပါးသည်။ ၁၉၇ဝ ခုနှစ်ကာလများက တွက်ချက်မှု ဝ နယ်တွင်ထွက်သောရိက္ခာသည် ဝ နယ်လူဦးရေနှင့်နှိုင်းစာလျင် တနှစ်လျင် ၄ လစာသာဖူလုံသည်ဟု ဆိုသည်။ ထို့ကြောင့်လည်း ရိက္ခာသီးနှံနှင့်ပတ်သက်သည့်ကြီးမားသည့် ရိုးရာအစွဲအလမ်းများပေါ် ပေါက်လာခြင်းဖြစ်ပုံရသည်။ ဤအခြေအနေများအား CPB ဝင်ရောက်လာပြီးနောက် အမြင်ကျယ်သည့် ဝ လူငယ်မျိုးဆက်သစ်များ၏ပူးပေါင်းမှုနှင့်အတူ ဖယ်ရှားခဲ့ပြီး ဝ နယ်သည် ခေတ်သစ်တခုအတွင်း ချဉ်းနင်းဝင်ရောက်ခဲ့ပေသည်။

အလွန်တရာရိက္ခာရှားပါးသော ဝ နယ်သို့ CPBဝင်ရောက်နိုင်ခဲ့ခြင်း စည်းရုံးသိမ်းသွင်းနိုင်ခဲ့ခြင်းသည် တရုတ်ကွန်ုမြူနစ်တို့၏ ရိက္ခာထောက်ပံ့မှု ရုပ်ဝတ္ထုပစ္စည်းထောက်ပံ့မှုမပါဘဲ စည်းရုံးရေးစွမ်းရည်သက်သက်ကြောင့်တော့ မဟုတ်ပေ။ ထိုရုပ်ဝတ္ထု ပစ္စည်းထောက်ပံ့မှုသည်လည်း အရေးပါသောအခန်းက ပါဝင်ခဲ့သည်။ ထို့ကြောင့်လည်း အချို့က စစ်ယူနီဖေါင်းလည်း အစုံအလင်ရပြီး စားစရာရိက္ခာလည်း လုံလောက်စွာရ၍ ဒေသတွင်းရိက္ခာမလုံလောက်၍ ရုန်းကန်နေရသော ဝ များ CPB တပ်ဖွဲ့တွင်းသို့ဝင်ကြသည်ဟု ကောက်ချက်ဆွဲကြသည်။ သို့သော် တဖက်သတ်ကောက်ချက်ချလျင် ပြည့်စုံနိုင်မည်မဟုတ် ပါ။ CPB ၏စည်းရုံးသိမ်းသွင်းမှု၊ ဝ မျိုးဆက်သစ်လူငယ်များ အမြင်ကျယ်ပွင့်လင်းလာမှုနှင့် ရိက္ခာရုပ်ဝတ္ထုပစ္စည်းထောက်ပံ့ နိုင် မှုတို့ပေါင်းစပ်နိုင်ခဲ့ခြင်းကြောင့် ဝ နယ်ကို အခြေခံသည့် CPB အရှေ့မြောက်စစ်ဒေသပေါ်ထွန်းလာခဲ့သည်ဟုဆိုမှသာ ပြည့်စုံပေလိမ့်မည်။

ဤသို့ဖြင့် CPB သည် ဝနယ်ကို သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် ကျယ်ပြန့်သည့်အခြေခံဒေသနှင့် တပ်သားရေသောက်မြစ် ကောင်းရခဲ့သည်။ ၎င်းတို့ကို ခေတ်မှီတပ်ဖွဲ့ဖွဲ့စည်းပုံခေတ်မှီလက်နက်များနှင့် အသားကျအောင် လေ့ကျင့်ပျိုးထောင်နိုင်ရန်သာဝါယမစိုက်ခဲ့ရသည်။ တကယ်တမ်းဆိုလျင် မိမိရောက်ရှိနေသည့် သံလွင်အနောက်ခြမ်း မုန်းကိုးဒေသ၌နေထိုင်ကြ သည့် ဒေသခံတိုင်းရင်းသားများမှ ရှမ်း ပလောင် တရုတ်တို့ဖြစ်ကြသော်လည်း မုန်းကိုးဒေသအား ထိမ်းချုပ်ကာ ကွယ်ထားသော တပ်မဟာ ၂ တွင် ဒေသခံတိုင်းရင်းသား တဝက်ခန့်သာရှိပြီး ဝ နယ်မှတပ်သားအင်အား တဝက်ခန့်ဖြင့် ဖြည့်ဆည်းထားရသည်။ သို့ဖြစ်ရာ ဝ နယ်မှတပ်သားရေသောက်မြစ်သည် CPB အတွက် အရေးပါသည်ကိုပြသနေသည်ဟုဆိုရပါမည်။

● ဒေသခံရဲဘော်များ
မုန်းကိုး၊ ဖေါင်းဆိုင်၊ မုန်းပေါ်၊ မုန်းယား၊ မုန်းဟောင်၊ ကြူကုတ်ပန်ဆိုင်း၊ နမ့်တောင်း စသည့် သံလွင်မြစ်အနောက်ဖက်ခြမ်း ဒေသတွင် အဓိကနေထိုင်ကြသည့် ရှမ်း ပလောင် ကချင် တရုတ်စသည့်လူမျိုးထဲမှ CPB တပ်ဖွဲ့ဝင်အဖြစ် တာဝန်ယူနေသူ များလည်းရှိပါသည်။ သို့သော် မိမိဆန္ဒအရ ပါဝင်သူထက် စစ်မှုထမ်းတာဝန်ကျခွဲတမ်းဖြင့် တပ်သားစုဆောင်းခြင်းကြောင့် တပ်ထဲရောက်နေသူက မိမိရောက်သည့်ကာလတွင် ပိုများနေပြီဖြစ်သည်။ ဒေသခံရဲဘော်များကား မိမိဆန္ဒအရဝင်လာကြ ခြင်းမဟုတ်တောင်မှ တပ်တာဝန်ကိုထမ်းဆောင်ရာတွင် သိပ်မညည်းငြူကြချေ။ ဒေသခံများဖြစ်၍ ဒေသတောတောင်ရေ မြေကိုကျွမ်းကျင်ကြပြီး ထိုဒေသနှင့်နေသားကျသူများဖြစ်ပြီး အပင်ပမ်းအဆင်းရဲခံနိုင်သူများဖြစ်၍ စစ်သားကောင်း များဖြစ် ခဲ့ကြသည်။ ထို့ပြင် ဒေသခံရဲဘော်အများစုသည် ရိုးသားမှုရှိကြသူများဖြစ်ရာ တပ်တွင် စည်းကမ်းပိုင်းဆိုင်ရာပြဿနာမကြီးလှ။ တိုင်းရင်းသားပေါင်းစုံရောနှောနေသော်လည်း လူမျိုးကွဲပြားမှုကြောင့် ပြဿနာဖြစ်ပွါးခြင်းမရှိခဲ့။

မိမိတို့ဆက်ဆံရေးခက်သည်မှာ ဘာသာစကားပြဿနာဖြစ်သည်။ အဆိုပါဒေသခံရဲဘော်များထဲမှ ကချင်ရဲဘော်များသာ ဗမာစကား ဗမာစာ တတ်သူဦးရေများသည်ဟု ဆိုနိုင်သည်။ ရှမ်းပလောင် တရုတ်တို့ကား ဗမာစာမဆိုထားနှင့် ဗမာစကား တတ်သူပင် အလွန်ရှားသည်။ သို့နှင့် မိမိတို့လည်း ဒေသခံတို့၏ဘာသာစကားကိုသင်ယူကြရတော့သည်။ နေ့စဉ်သုံး လူမှု ဘဝထဲမှစကားကို အပြန်အလှန်မေး၍ အပြန်အလှန် ကြုံရင် ကြုံသလို သင်ယူကြရသည်။

● ဥက္ကကြီးမော် ရေထည့်
ဤသို့ အပြန်အလှန်ဘာသာစကားသင်ရင်း အလွဲများနှင့်လည်း ကြုံရသည်။ အပြန်အလှန်အားဖြင့် မိမိသင်ယူသည့်ဘာသာ စကား၏အသံကို မှန်အောင်မထွက်နိုင်၍ လွဲချော်မှုရှိသည်။ အထူးသဖြင့် တရုတ်စကား ရှမ်းစကားတို့မှာ အသံထွက် ၄ သံ ရှိပြီး ဗမာစကားက အသံထွက် ၃ သံသာရှိရာ အသံထွက်ကြရာတွင် နားကြားရော အပြောရော အသံထွက်ရော လွဲချော်လေ့ ရှိကြသည်။

ကိုရဲထွန်းထံတွင် ဗမာစကားသင်နေသော တရုတ်ရဲဘော်တယောက်ရှိသည်။ တခွန်းမေးလိုက် ခဏ ခဏ ရွတ်ဆိုအလွတ် ကျက်လိုက် ရလျင် နောက်တလုံးထပ်သင်လိုက် လုပ်နေသူဖြစ်သည်။ သူက ပထမတလုံးသင်သည်က တရုတ်စကားဖြင့် “မော်ကျူရှိ” ဆိုတာ ဘာလဲဟုမေးသည်။ ကိုရဲထွန်းက “ဥက္ကကြီးမော်” ဟု သင်ပေးလိုက်ရာ ထိုတရုတ်ရဲဘော်က အုတ်က ဂျီးမော်ဆိုသည်ကို တလုံးချင်း တနေကုန်လုပ်စရာရှိတာလုပ်ရင်း ကျက်မှတ်သည်။ နောက်တရက် ထမင်းချက်ဖို့ အပြင်က ရေထမ်းလာပြီး အိုးထဲသို့ရေလောင်းထည့်စဉ် နောက်တခွန်းထပ်မေးသည်။ သူကိုယ်တိုင်လည်း တရုတ်စကားသင်ခါစဖြစ်၍တရုတ်စကားအသံထွက်ကို နားရည်မဝသေးသူ ကိုရဲထွန်းက တရုတ်ရဲဘော်ရေထည့်နေစဉ် မေး၍ “ဖန်းရွေ” ကြားလိုက်ရာ “ရေထည့်” ဟု ပြန်ဖြေလိုက်သည်။ တရုတ်ရဲဘော်လည်း “ရေထည့် ရေထည့်” ဟု သုံးလေးငါးခွန်း ရွတ်ဆိုကျက်မှတ်ပြီး သကာလရေကျည်တောက်ကိုချခါ “ဥက္ကဌကြီးမော် ရေထည့်” ဟု ကျယ်လောင်စွာ ဟစ်အော်လိုက်တော့သည်။

ထိုအခါမှ ကိုရဲထွန်းလည်း သဘောပေါက်သွားတော့သည်။ ထိုတရုတ်ရဲဘော်မေးလိုသည်မှာ”ဝမ်စွေ့” ဟူသော “အသက် တသောင်းရှည်ပါစေ” ဝါ ဗမာလို အဆင်ပြေအောင်ပြန်ဆိုရလျင် “အသက်ရာကျော်ရှည်ပါစေ” ဖြစ်သည်။ အပြန်အလှန် စကားသင်ကြသူများကြား ဘာသာစကားအသံထွက်များက နားရည်မဝသေး၍ အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရပေသည်။ သို့ နှင့် အရှေ့မြောက်နယ်စပ်ဒေသ၌ ဘာသာစကားသင်ကြားနေသော ရဲဘော်များကြားတွင် တရုတ်ခေါင်းဆောင် ဥက္ကကြီး မော်စီတုန်းလည်း ရေထည့်ခဲ့ရပေတော့သည်။

● အရှေ့မြောက်အခြေခံဒေသ ၁၉၇၆
ထိုအချိန်ကာလက တရုတ်နယ်စပ်တလျောက် CPB ၏အခြေခံစခန်းများအနေနှင့် ကချင်ပြည်နယ်အတွင်း ပန်ဝါ ဖီမော်ဒေသ ကန်ပိုင်တီးဒေသတွင် နိုင်ငံရေးမှူး ရဲဘော်ဘိုစိန် တပ်မှူးဇခုံတိန့်ယင်းတို့ဦးဆောင်သည့် ၁ဝ၁ စစ်ဒေသရှိသည်။ ရှမ်းမြောက် မိုးမိတ်နှင့် နမ့်ခမ်းကြား ရွှေလီချိုင့်ဝှမ်းဂွင်အတွင်း နိုင်ငံရေးမှူး ရဲဘော်ပုမောင် တပ်မှူးရဲဘော်ဘရန်ရှောင်တို့ ဦးစီးသည့် ပြောက် ကျားဒေသဖြစ်သည့် ၂ဝ၂ စစ်ဒေသရှိသည်။

ထို့ပြင် မိမိတို့ရောက်ရှိနေသောအရှေ့မြောက်စစ်ဒေသကား နယ်မြေအကျယ်ဆုံးသော လွတ်မြောက်အခြေခံဒေသဖြစ် သည်။ ပန်ဆန်း၌အခြေပြုသော အရှေ့မြောက်စစ်ဒေသဌာနချုပ်လက်အောက်တွင် နမ့်ခမ်းခရိုင်၊ ကွတ်ခိုင်ခရိုင်၊ ကိုးကန့်ခ ရိုင်၊ ဝမြောက်ခရိုင်၊ ဝတောင်ခရိုင်ဟူ၍ ခရိုင် ၅ ခု ရှိသည်။ ထို့ပြင် ရှမ်းပြည်အရှေ့ပိုင်း ၈၁၅ စစ်ဒေသသည်လည်း အခါဒေသ အပြင် မိုင်းမကွင်းအားလည်း သိမ်းပိုက်တိုးချဲ့ထားနိုင်သည်။ ရှမ်းပြည်အလယ်ပိုင်းတွင်လည်း ရဲဘော်မြမင်း ဗိုလ်ခင်ညိုတို့ဦး ဆောင်သည့် ပြောက်ကျားဒေသဖြစ်သည့် ၁ဝ၈ စစ်ဒေသရှိသည်။

ထို့ပြင် ပြည်နယ်၌ ရဲဘော်ကျော်မြခေါင်းဆောင်သည့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်နယ်၏ ပြောက်ကျားအခြေခံ ဒေသရှိသည်။ မင်းဘူး စေတုတ္ထရာဒေသတွင် ဗိုလ်သက်ထွန်းခေါင်းဆောင်သည့် အနောက်မြောက်တိုင်းရှိသည်။ တနင်္သာရီ တိုင်းတွင် ရဲဘော်စောဟန်ခေါင်းဆောင်သော ပြောက်ကျားတပ်ဖွဲ့များရှိသည်။ CPB အနေနှင့် မသုံးလုံးဒေသ၊ ပဲခူးရိုးမနှင့် မြစ်ဝကျွန်းပေါ်တိုင်းတို့တွင် အဆုံးအရှုံးများရင်ဆိုင်နေရသော်လည်း တပြည်လုံးတွင် အင်အားအကောင်းဆုံးတပ်ဖွဲ့အဖြစ် ရပ်တည်နေဆဲဖြစ်သည်။

● CPB နှင့် မိမိ
မိမိတို့အနေနှင့် ၁၉၇၆ ခုနှစ် ပါတီအခြေခံဒေသသို့ရောက်လာပြီးနောက် ပါတီစည်းကမ်းတပ်ဖွဲ့စည်းကမ်းများလျော့ရဲပြီး ပါတီဝင်များတပ်ဖွဲ့ဝင်များ တောင်းဆိုမှုမမြင့်မားသည့်အပေါ် မိမိတို့၏စံနှုန်းများနှင့်မကိုက်၍ စိတ်ပျက်မိသည်က အမှန်ပင် ဖြစ်သည်။ ထို့ပြင် ၇၅ ပါတီဗဟိုခေါင်းဆောင်များ၏ ပဲခူးရိုးမအပေါ် သဘောထားနှင့် ၆၄ လမ်းစဉ်သဘောထားအပေါ်မကြေလည်သည်ကလည်း အမှန်ပင်ဖြစ်သည်။

၇၄/၇၅ ခုနှစ် မြို့ပေါ်လှုပ်ရှားမှုများတွင် မဆလအစိုးရ၏ လက်နက်ဖြင့်ဖြိုခွင်းမှုကို ကိုယ်တိုင်ကြုံလာရသည့်ပြင် လက်နက် ကိုင်ပြန်တိုက်ရမည်ဟူသော စိတ်ဆုံးဖြတ်ချက်ရှိနေသည့်အချိန်ကာလတွင် မည်သို့သောပါတီတွင်း ပြဿနာရှိနေသည်ဖြစ် စေ CPB သည် အစဉ်အလာရှိသည့် သြဇာရှိသည့် တပြည်လုံးလက္ခဏာဆောင်သည့် ပါတီဖြစ်သည်။ လက်နက်ကိုင် အင်အားနှင့် လက်နက်ခဲယမ်း အတောင့်တင်းဆုံးတပ်ဖွဲ့ဖြစ်သည်။ လက်တွေ့တွင်လည်း မဆလအစိုးရကို အထိနာအောင် တိုက်ခိုက်နိုင်သည်။ ပါတီတွင်းရှိ သဘောထားကွဲလွဲမှုများကိုလည်း ပါတီတွင်းတပ်ဖွဲ့တွင်း လွတ်လပ်စွာတင်ပြနိုင်သည်။ ဝေဖန်ရေး ကိုယ့်ကိုကိုယ်ဝေဖန်ရေးကို မူအရလက်ခံထားသည်။ မိမိနှင့်အမြင်မတူသူများရှိသကဲ့သို့ အမြင်တူသူများလည်း ရှိသေးသည်။ ပါတီတွင်းတပ်ဖွဲ့တွင်း ဆက်ဆံရေးသည်လည်း ဗျူရိုကရက်မဆန် နွေးထွေးရင်းနှီးမှုရှိသည်။ အောက်ခြေရဲ ဘော်များကြားတွင် ရိုင်းပင်းကူညီမှုရှိသည်။

ထိုသို့သောအခြေအနေများအောက်တွင် ပါတီတွင်း မည်သို့သော ကွဲလွဲမှုများရှိသည်ဖြစ်စေ ပါတီအား ဖက်တွယ်၍ ဖက် တွယ်၍ တိုက်ပွဲဝင်ဖို့ဆုံးဖြတ်ချက်ချသည်။ မိမိတို့မန်ရှိုးရောက်ခါစက ရဲဘော်အိုက်အောင်ပြောသည့် ပါတီကွန်ဂရက်ကျမှ ရှင်းကြတာပေါ့ဆိုသည့်စကားကို နားလည်စပြုလာသည်။

သို့နှင့် သေနတ်လွယ်၍ စစ်ယူနီဖေါင်းဝတ် တော်လှန်ရေးသမားဘဝကို ရွေးချယ်ခဲ့တော့သည်။ တောထဲတောင်ထဲမြေကြီး ပေါ်အိပ်ရသည့်ဘဝကို မွေ့လျော်ခဲ့သည်။ ၅ ရက်တခါကျသည့် ဈေးနေ့တွင် အသားစားပြီး ကျန် ၄ ရက်ကို ဟင်းရွက်ရေ လုံပြုတ်နှင့် ငရုတ်သီးစိမ်းကိုက်ရသည့်ဘဝတွင် ပျော်ရွှင်ခဲ့သည်။ တလတွင် ၁ဝ ကျပ်သာရသည့် အသေးသုံးငွေသည် မိမိ လက်ထဲ လေးငါးရက်သာခံသဖြင့် တလလျင် ၂၅ ရက် အနည်းဆုံးလက်ထဲတွင် ပိုက်ဆံတပြားမှမရှိသည့်ဘဝတွင် ပူပင် ကြောင့်ကျမှု မရှိနေခဲ့သည်။ သို့နှင့် ၁၉၈၉ ခုနှစ် CPB ပြိုကွဲသည်အထိပင် CPB တွင် မိမိဖြတ်သန်းကြီးပြင်းခဲ့တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မောင်မောင်စိုး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်