ဝေမြင့်မောင် ● လိမ္မော်ရောင် အဆင့် (ဝတ္တုတို)
August 1, 2017
● လိမ္မော်ရောင် အဆင့် (ဝတ္တုတို)
(မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၇
ကိုယ်တို့ပုလင်းလောကဟာ ပြောရမယ်ဆို အကြီးသားလား။ လူသားတွေရဲ့ နေ့စဉ်သုံးတွေထဲမှာ မရှိမဖြစ် မပါမဖြစ်တာက ကိုယ်တို့ ပုလင်းတွေလည်း ပါတယ်။ ပုလင်းတလုံးဖြစ်လာပြီဆိုတာနဲ့ ဒါမှမဟုတ် ပုလင်းတလုံးမွေးလာပြီဆိုတာနဲ့ သူ့မှာ တာဝန်တခုခုတော့ မွေးကတည်းက ပါလာပြီးသားပဲ။ ကိုယ့်ကိုကိုယ် ပုလင်းတလုံးစဖြစ်မှန်းသိတော့ ကိုယ့်ဗိုက်ထဲမှာ အညို ရောင်အမှုန့်တွေ ရှိနေတာပဲ။ ပြောသံကြားရတာတော့ ကိုယ်ဟာ လူသားတွေရဲ့ အားအင်ကိုတိုးစေတဲ့ ဖျော်ရည်တမျိုးပဲ။ သခင်ဟာ ကိုယ့်ဗိုက်ထဲကအမှုန့်တွေကို  ဇွန်းနဲ့ယူ ခွက်ထဲထည့်။ ပြီးတာနဲ့ ရေနွေးနဲ့ ရောမွှေ။ ခဏနေတော့ သခင်ဟာ အဲဒီ ခွက်ထဲက အရည်တွေကို သောက်တာပဲ။ သခင့်မျက်နှာဟာ တခါတခါ မဲ့နေတတ်သေးတယ်။ ပူလို့နေမှာပေါ့။ အဲဒီ လောက်တော့ ကိုယ်သိပါတယ်။ ကိုယ်တို့ပုလင်းလောကမှာ တခုတော့ရှိတယ်။ ပုလင်းသေဆုံးခြင်း အသုဘအခမ်းအနား မရှိဘူး။ ပုလင်းကြိုဆိုပွဲအခမ်းအနားတော့ ရှိတယ်။ ပြောရမယ်ဆို ကိုယ်တို့ပုလင်းလောကဟာ အကျယ်ကြီး။ အဲ ပုလင်းတွေ အများကြီးရှိသလို သခင်တွေလည်း အများကြီးရှိတယ်။ အဲဒီတော့ ပုလင်းလောကဆိုရာမှာ ပုလင်းလောကကလေးတွေ အများကြီးပေါ့။ လွန်ခဲ့တဲ့တနှစ်မှာ  အသစ်ရောက်လာတဲ့ ပုလင်းတလုံးက ကိုယ့်ကိုပြောပြဖူးတယ်။ သခင်တယောက်မှာ ပုလင်းအများကြီးရှိသလို ပုလင်းတပုလင်းမှာလည်း သခင်တွေ အများကြီးရှိခဲ့တဲ့အချိန်တွေ ရှိပါသတဲ့။ အစကတော့ ကိုယ်မ ယုံဘူး။ အခုလည်း ကိုယ်မယုံသေးဘူး။ ဘယ်တော့မှ ယုံနိုင်မယ်မထင်ဘူးဗျ။ ကိုယ်သာ လူသားတွေရဲ့ဘာသာစကားကို အသံထွက်ပြောတတ်မယ်ဆို သခင့်ကိုကိုယ်မေးကြည့်မလို့ပဲ။ ဒါကလည်း စဉ်းစားကြည့်တာပါပဲ။ ဘယ်တော့မှ ဖြစ်လာနိုင်တဲ့ ကိစ္စလည်း မဟုတ်ဘူး။
ပုလင်းလောကကြီးထဲက ကိုယ်တို့ပုလင်းလောကလေးတခုရဲ့တည်နေရာကို အတိအကျပြောပါဆိုရင် ဝတ္ထုတိုအက်ဆေး စာရေးဆရာ ကျုံချင်းရဲ့အိမ်အတွင်းလို့ပြောရမလားပဲ။ ကိုယ့်သခင်ဟာ စာတွေ တကုတ်ကုတ်ရေးနေတတ်ပြီး တခါတလေ တော့လည်း အရာအားလုံးကို စိတ်ပျက်နေတဲ့ပုံစံနဲ့ ထိုင်နေတတ်တယ်။ တခါတလေ စီးကရက်လည်း ရှိုက်လို ရှိုက်ရဲ့။ ကိုယ်ဟာ ပုလင်းတလုံးမို့ စီးကရက်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါသည်ဆိုတာတွေကိုတော့ နားမလည်ဘူးပေါ့။ ဘယ်လိုအရသာရှိမယ်မှန်းတော့ မပြောတတ်ဘူး။ ကိုယ့်သခင်ဟာ ဘယ်လိုစာတွေ ဘယ်လိုအကြောင်း အရာတွေကိုရေးသလဲ ကိုယ်မသိဘူး။ သခင်သာ ကိုယ်တို့ပုလင်းဘာသာစကားကို တတ်ကျွမ်းမယ်ဆို ကုန်ကြမ်းတွေ အ များကြီးရမှာ အသေအချာပဲ။ အဲဒါကြောင့်လည်း သခင့်ကိုပြောပြဖို့ ကိုယ်တွေးနေတတ်ပါသေးတယ်။ ဘယ်လို ပြောပြရင် ကောင်းမလဲ။ သူ့ခေါင်းကို ရိုက်ခွဲမှပဲ ကိုယ်ပြောပြနိုင်မယ်ထင်တယ်။ ကိုယ့်မှာ သက်ရှိများလို အင်အားမရှိတော့ သခင့်ခေါင်း ကိုရိုက်ခွဲပြီး ပြောပြဖို့ဆိုတာ စိတ်ကူးယဉ်တခုသက်သက်ပဲ။ ဒါပေမဲ့လည်း ကိုယ်ကတော့ စိတ်ကူးယဉ်တာပဲ။ ကိုယ်တွေးဖူး တယ်။ တခါတလေ သခင်ဟာ မူးရူးပြီး လှိမ့်နေ လှဲနေတတ်တယ်ဗျ။ ကိုယ့်အကြံအစည်ကတော့ သူမူးပြီး ကြမ်းပြင်ပေါ်ကို လှဲချတဲ့အခါ သူ့ ခေါင်းအောက်မှာ  ကိုယ်က အပြေးကလေး ဝင်လိုက်ရုံပဲ။ သခင့်ခေါင်းနဲ့ ကိုယ်နဲ့ထိမိတဲ့အခါ သခင်ခေါင်းဟာ ကွဲရမှာပါပဲ။ အဲဒီလိုကွဲတဲ့အခါ ကိုယ်ဟာ သခင့်ကို ကုန်ကြမ်းတွေပြောပြမှာပေါ့။ ကိုယ့်အချစ်ဆုံး ပုလင်းတလုံးကို အဲဒီလို စိတ်ကူးထားတဲ့အကြောင်း ကိုယ်ပြောပြဖူးတယ်။ အဲဒီပုလင်းက ကိုယ်ပြောတာတွေ နားထောင်ပြီး မင်းရူးနေတာလားတဲ့။ မင်းရဲ့အကြံအစည်အောင်မြင်ရင် မင်းသေရမှာ။ မင်းကိုယ်ခန္ဓာကွဲအက်တဲ့အခါ မင်းဟာ ဒီလောကကနေ ထွက်ခွာရမှာ။ အနာဂတ်မှာ  သေဆုံးပြီးနောက်ပိုင်းမှာ ဘာတွေရှိသလဲ ငါတို့မသိနိင်ဘူး။ မင်း မကြောက်ဘူးလားတဲ့။ သူပြောတာအမှန်ပဲ ကိုယ်ထွက်ခွာရမယ် ကိုယ်သခင်နဲ့ခွဲရမယ်ဆိုတာ ကိုယ် ကောင်းကောင်းကြီး သိတာပါပဲ။  ဒါပေမဲ့လို့ ကိုယ်သခင့်အတွက်ဆို လုပ်ပေးချင်တာပါပဲ။ အခုချိန်ထိတော့ အဲဒီစိတ်ကူးဟာ မအောင်မြင်သေးဘူး။ ကိုယ်ကတော့ သခင့်ကိုသာ ချောင်းနေတာ။ သခင်ကလည်း အဲဒီလို မူးမူးရူးရူးနဲ့ ကြမ်းပြင်ပေါ်ကို လှဲမချသေးဘူး။
ကိုယ့်သခင်ဟာ ဒီအိမ်ကလေးမှာ တယောက်တည်းနေပုံရတယ်။ ဒီအိမ်ကလေးလို့ပြောရတာကလည်း ခန့်မှန်းပြောရတာပဲ။ လုံးချင်းအိမ်တော့ မဟုတ်ဘူးထင်တယ်။ ကိုယ့်သခင်ဟာ ဒီအခန်းကလေးကို ငှားပြီးနေပုံပဲ။ ကိုယ်ဒီမှာနေလာတာ ပုလင်း လောကရဲ့အချိန်နဲ့ပြောရမယ်ဆို ပုလင်းနှစ် ၈၀ ကျော်ပြီထင်ပါတယ်။ လူတွေရဲ့ခုနှစ်နဲ့တော့ ဘယ်လိုပြောရမယ်ဆိုတာ ကိုယ်မသိဘူး။ ကိုယ်ဒီမှာစနေတော့ သခင်ဟာ အခုပုံစံနဲ့မဟုတ်ဘူး။ နည်းနည်းကလေး ဝနေသေးတယ်။ အဲဒီတုန်းက သခင့်မျက်လုံးတွေဟာ တောက်ပနေသေးတယ်။ အခုများဆို သခင်ဟာ ပိန်လို့ခြောက်ကပ်လို့။ အဲဒီတုန်းကတော့ သခင့် အခန်းထဲကို ကောင်မလေးတယောက် လာတတ်တယ်။ ကောင်မလေးက  ခပ်ချောချောပဲ။ အဲဒါကြောင့်လည်း သခင်က သူ့ ကို ကြိုက်တာနေမှာ။ အခုများတော့ အဲဒီကောင်မလေးကို ကိုယ်မတွေ့ ရတာကြာပြီပေါ့။ တနေ့တော့ ပြဿနာဖြစ်တယ်။ သခင်က အဲဒီကောင်မလေးကို ဖက်နမ်းတာ။ ကောင်မလေးက ပြန်ပြီးနမ်းတယ်။ သခင်က အဲဒီကောင်မလေးကို ခုတင်ပေါ် ဆွဲမယ် လုပ်တော့ ကောင်မလေးက သခင့်ကို တခုခုပြောလိုက်တာ။ ကုတင်နဲ့ ကိုယ်နေတဲ့နေရာနဲ့က နည်းနည်းဝေးတော့ သခင်ဘာပြောတာလဲဆိုတာ  ကိုယ်မကြားရဘူး။ ပြဿနာတခုခု တက်ပုံရတယ်။ သခင်မျက်နှာကြည့်ရတာ တော်တော်လေး စိတ်ဆိုးနေတဲ့ ပုံမျိုးပဲ။ နောက်တော့ ဘာတွေပြောကြမှန်းမသိဘူး။ တခုခုကို အသည်းအသန် ငြင်းနေကြတာ။ ပြောနေကြ တာမျိုး။ မကြာဘူး ကောင်မလေးဟာ အခန်းထဲက ငိုပြီးပြေးထွက်သွားတယ်။ သခင်က မလိုက်ဘူးရယ်။ လှည့်တောင် မကြည့်ဘူး။ သခင်နဲ့ အဲဒီကောင်မလေးနဲ့ ပြဿနာဖြစ်ကြတယ်ဆိုတာတော့ ကိုယ်ပြောနိုင်တယ်။ အဲဒီနေ့ကစပြီး  အဲဒီ ကောင်မလေးဟာ သခင့်အခန်းထဲကို လုံးဝရောက်မလာတော့ဘူးဆိုတာပဲ။ အဲတခုတော့ရှိတယ်။ နောက်ကြာတော့။ အမျိုး သမီးကြီးတယောက်ဟာ သခင်နဲ့အတူ ဒီအခန်းထဲကို ရောက်လာတတ်တယ်ဗျ။ သူ့ပုံက သခင်နဲ့ ခပ်ဆင်ဆင်ရယ်။ သခင်က အမေလို့ခေါ်သလားပဲ။ နို့ ကိုယ်နားကြားလွဲတာလား ဘာလားတော့ မပြောတတ်ဘူးရယ်။ တခါတလေတော့လည်း အဲဒီမိန်း မကြီးနဲ့သခင်ဟာ နှုတ်ခမ်းချင်း စုပ်နမ်းကြလို့ ပွေ့ ဖက်ကြလို့။ အငမ်းမရ အင်္ကျီ ဘောင်းဘီတွေ ချွတ်ကြလို့။ ကိုယ်ကတော့ သူတို့ အဲဒီလိုနေပြီဆို မျက်စိမှိတ် နားပိတ်ထားလိုက်တာပဲ။
အဲဒီအမျိုးသမီးကြီးဟာ သခင့်အခန်းထဲ အခုနောက်ပိုင်း  ခဏခဏ ရောက်လာတတ်တယ်။ ကိုယ်ကတော့ ဘယ်လိုမှစဉ်း စားလို့မရဘူး။ သူမကိုကြည့်ရတာ သခင့်ထက် အသက်ကြီးတဲ့ပုံပဲ။ သူ့ဆံပင်ကို အနီရောင်ဖျော့ဖျော့ဆိုးထားတယ်။ ရွှေ ရောင်လိုလိုပဲ။ အရင်ကလာတဲ့ ကောင်မလေးနဲ့ အခုအမျိုးသမီးကြီးတို့ရဲ့ အပြင်အဆင်ကော ရုပ်ရည်ကော အပြော အဆို ကော မိုးနဲ့မြေလိုပဲ။ အခုအမျိုးသမီးကြီးကိုတော့ ကိုယ်သဘာမကျမိတာ အမှန်။ ကြာလာတော့ သူဟာ သခင့်အမေ မဟုတ်မှန်း ကိုယ်သိလာရတယ်။ ကိုယ်နားကြားလွဲခဲ့တာပဲ။ သခင်ဟာ ဘာဖြစ်လို့များ ဒီလောက်ဆွဲဆောင်မှုမရှိတဲ့ သူ့ ထက် အသက်ကြီးတဲ့မိန်းမကြီးကို ကြိုက်ရသလဲ ကိုယ်စဉ်းစားလို့မရဘူး။ ဒါပေမဲ့ ကိုယ်ဟာ ပုလင်းတလုံးပဲမို့ ဘာကိုလုပ် နိုင်မှာတဲ့လဲ။ ကိုယ်စဉ်းစားဖူးတဲ့ စောင့်နေတဲ့ကိစ္စလေးတောင် အခုထိ အဆင်မပြေနိုင်သေးဘူး။ ကိုယ် သခင့်ကို ကုန်ကြမ်း တွေ ပြောပြမယ်ဆိုတာလေ။ ကိုယ်ကတော့ အခုချိန်ထိ အားမလျှော့သေးဘူး။ အခွင့်အရေးကို စောင့်နေတာအမှန်ပဲ။ အမျိုး သမီးကြီးကို သဘောမကျရတာ ရှိသေးတယ်။ သူစကား ဆယ်ခွန်းလောက်ပြောရင် ရှစ်ခွန်းလောက်က ညစ်ညစ်ပတ်ပတ် တွေပဲ။ သခင်ကတော့ ပြုံးနေတတ်တယ်။ ဒါကလည်း ကြောက်စရာကောင်းတဲ့ အပြုံးမျိုး။ ဘယ်လိုပြောရမလဲ။ တိတ်တဆိတ် သားကောင်ကိုချောင်းနေတဲ့  မုဆိုးရဲ့ မျက်လုံးမျိုးပေါ့။ အဲလို ပြောရမလား။ အေးစက်စက်နဲ့ ကြောက်စရာကောင်းတဲ့ အ ပြုံးမျိုးလို့ပြောရမလားပဲ။
ကိုယ်တို့ပုလင်းလောက ကလေးမှာ တိတိကျကျပြောရရင် ပုလင်းလောကရဲ့ ပုလင်းလောကလေးတခုမှာပေါ့။ ကိုယ်တို့ သခင်ရဲ့အိမ်ကလေးထဲမှာ  ကိုယ်တို့ဘဝတူ ပုလင်းတွေရှိပါတယ်။ ပုလင်းတွေကလည်း အစုံပဲ။ အရည်အမျိုးမျိုး အရောင်အ မျိုးမျိုးနဲ့ ပုလင်းတွေ။ အမှုန့်တွေ။ မျိုးစေ့တွေထည့်ထားတဲ့ပုလင်းတွေ စုံလို့ပါပဲ။ ဘဝတူပုလင်းတွေလို့ပဲ ပြောရမှာပေါ့။ ထူး ခြားတာတခုက ကိုယ်တို့ပုလင်းလောကထဲကို ပုလင်းအသစ်တလုံးရောက်လာရင် အားလုံးကို ဝမ်းသာအားရ ကြိုဆိုကြ တယ်။ ပုလင်းအသစ်နားမှာ အခြားစီနီယာပုလင်းတွေက မေးခွန်းတွေ မေးကြလို့ပေါ့။ တကယ်တော့လည်း ဘာရယ် မဟုတ် ဘူး။ အဲဒီပုလင်းအသစ်တွေက တတ်လို့ သိလို့ရယ် မဟုတ်ဘူး။ ဒီက ကိုယ်တို့ ပုလင်းတွေဟာ ငြီးငွေ့ နေကြရတယ်မလား။ အဲဒီလို ငြီးငွေ့နေချိန်မှာ ကိုယ်တို့မမြင်ဖူးတဲ့ ကိုယ်တို့မသိတဲ့ ပုလင်းသစ်ကလေးရောက်လာရင် ကိုယ်တို့ဟာ ပျော်ကြရ တယ်။ အပျင်းပြေတယ်လို့ ပြောရမလားပဲ။ ပုလင်းအသစ်တွေကလည်း အူကြောင်ကြောင်တွေ များပါတယ်။ အတွေ့ အကြုံ မရှိကြသေးတော့ အပြုအမူကလေးတွေဟာ သိပ်မမိုက်တာအမှန်ပဲ။ ဒါပေမဲ့လည်း ဒီလို အူကြောင်ကြောင် ဖြစ်နေပုံတွေကို ကြည့်ပြီး ကိုယ်တို့ပုလင်းဟောင်းတွေက သဘောကျနေရတာမလား။ ပုလင်းအသစ်ကလေးတွေ ရောက်လာရင် အပျင်း တော့ ပြေတာအမှန်ပဲ။ ဒင်းတို့က  ပုလင်းလောကအကြောင်း ဘာဆို ဘာမှသိကြတာ မဟုတ်ဘူး။ စိတ်ကူးလည်း ယဉ်ကြ တာပေါ့။ တချို့ပုလင်းများဆို ရည်ရွယ်ချက်ကြီးကြီးမားမားပဲ။ သခင့်ကို ဘာလုပ်ပေးမယ်။ ဘယ်လို တာဝန်ထမ်းဆောင်မယ် ဆိုတာမျိုး။ အသစ်ရောက်လာတဲ့ ပုလင်းလေးတွေလို ကိုယ်တွေလည်း တက်ကြွခဲ့ဖူးတယ်။ အရင်ကဖြစ်ခဲ့တဲ့ကိစ္စတွေ ပြန်စဉ်းစားပြီး ကိုယ်ပြုံးနေမိတယ်။ အဲဒီတုန်းက ကိုယ်ဟာ ဒီပုလင်းလောကလေးထဲကိုရောက်လာတော့ ကိုယ့်သခင်ဟာ ဘယ်သူမှန်းတောင် ကိုယ်မသိသေးဘူး။ ကိုယ်ပုလင်းဖြစ်မှန်း စသိတာနဲ့ကိုယ့်ကို ပုလင်းတွေအများကြီးက ဝိုင်းကြည့်နေ ကြတာ။ အရောင်တွေကလည်း အမျိုးမျိုးပဲ။ အရွယ်အစားတွေကလည်း ဆိုဒ်စုံ။ အဲဒီတုန်းက ကိုယ်အားငယ်သလိုလို ဘာလိုလို ဖြစ်သေးတယ်။ အဲဒီမှာ အသက်ကြီးပုံရတဲ့ ပုလင်းတလုံးက ဟေ့ ဟေ့ သိပ်မအုံကြနဲ့ဟ ဒီကောင်လေး အနေရ ခက်လိမ့်မယ်တဲ့။ အဲဒီတော့မှ ပုလင်းတွေဟာ နည်းနည်းနောက်ဆုတ်ကြတော့တယ်။ ပြီးတာနဲ့ ပုလင်းတလုံးက အား လုံးကြားအောင် အော်လိုက်တယ်။
“ပုလင်းလောကလေးတခုမှာ ရောက်လာတဲ့ ပုလင်းအသစ်ကလေးကို အားလုံးက ဝမ်းသာအားရ ကြိုဆိုပါတယ်” တဲ့။
ကိုယ်တို့ပုလင်းလောကမှာ နှုတ်ဆက်ပွဲဆိုတာ မရှိဘူး။ ဒီအတိုင်းပဲ ကြည့်နေကြရတယ်။ ကိုယ်တို့ပုလင်းတွေအတွက်တော့ ငလျင်လှုပ်တာလည်း ကြောက်ရတယ်။ ကြောင်တွေ ကြွက်တွေလည်း ကြောက်ရတယ်။ အထူးသဖြင့် ကြောင်တွေနဲ့ ကြွက်တွေက ပုလင်းလောကအတွက် ဘုံရန်သူပဲ။ တကယ်တော့ သခင့်မှာ ကြောင်မရှိဘူး။ သခင်က ကြောင်မမွေးဘူး။ ဒါပေမဲ့ အိမ်ဘေးနားက ကြောင်မကြီးဟာ သခင့်အိမ်ထဲကို ခဏခဏ ဝင်လာတတ်တာပဲ။ အဲဒီကြောင်မကြီးက အငြိမ်မနေဘဲ ကြွက်လိုက်တဲ့ နေ့များဆို ကိုယ်တို့ပုလင်းလောကအတွက်  အမှောင်မိုက်ဆုံးနေ့တွေပေါ့။ ဘယ်သူ ဘာဖြစ်မယ်။ ဘယ်လို တော့ ကျကွဲသွားမယ်။ ငါများ ကျကွဲသွားလို့ကတော့ ဒီလို တွေတွေးပြီး ကိုယ်တို့ပုလင်းတွေဟာ စိုးရိမ်တကြီးနဲ့နေကြရတယ်။ ကြောင်မကြီးနဲ့ကြွက်ကလေးတွေ ပြေးတမ်းလိုက်တမ်းကစားပြီဆို အများအားဖြင့် ပုလင်းတလုံးနှစ်လုံးတော့ ကျကွဲတာ ချည်းပဲ။ အဲဒီလိုနေ့များမှာ သေဆုံးသွားတဲ့ပုလင်းတွေဟာ သေမှန်းမသိ သေသွားကြရတာပေါ့။ ကိုယ်တို့ပုလင်းတွေ အမုန်း ဆုံးနဲ့အကြောက်ဆုံးက ကြောင်နဲ့ကြွက်တွေပါပဲ။ ကြာလာတော့လည်း ရိုးသလိုလို ဘာလိုလိုတောင် ဖြစ်လာပြီ။ ကြောက်တာ ကတော့ ကြောက်တာပေါ့။ သခင့်အတွက် ဘာလုပ်မယ် ညာလုပ်မယ်ပြောတဲ့ ပုလင်းတွေကော အေးအေးဆေးဆေးနေတဲ့ ပုလင်းတွေကော နောက်ဆုံးတော့လည်း အတူအတူတွေချည်းပဲ။
ကိုယ် သခင့်ကို စတွေ့တော့ သခင်ဟာ သိပ်ကြည့်လို့ကောင်းတာပဲ။ ကိုယ်ဟာ သခင့်ကို မြင်ရရင် ပျော်နေတာပဲ။ အဲဒီတုန်း ကတော့ သခင်ဟာ နည်းနည်းဝနေသေးတယ်။ အသားက လတ်လတ် မျက်လုံး ခပ်ကောင်းကောင်း။ မျက်ခုံးမွှေးတွေက ကြင်နာတတ်သူဖြစ်ကြောင်း ပြနေတယ်။ သခင်ဟာ ချောမောတဲ့ လူငယ်တယောက်ပါပဲ။သခင်ဟာ အဲဒီတုန်းက ဆေးလိပ် တွေ မသောက်သေးဘူး။ အရက်ပုလင်းတွေလည်း ညတိုင်း မသောက်သေးဘူး။ တကိုယ်တည်းနေပြီး  စကားတွေ လျှောက် မပြောသေးဘူး။ အခုလို ညည မအိပ်ဘဲ ထိုင်နေတာ ငိုနေတာတွေ မလုပ်သေးဘူး။ တနေ့လုံး ဘယ်မှမသွားဘဲ အခန်းပိတ် အိပ်တာမျိုးလည်း သခင် မလုပ်သေးဘူး။
ကိုယ်တို့ပုလင်းလောကလေးထဲမှာ တခါတလေ အံ့သြစရာ အဖြစ်အပျက်လေးတွေရှိတတ်တယ်။ အဲဒီလို အဖြစ်အပျက်မျိုး တွေကတော့ ကြုံခဲတာ အမှန်ပဲ။ ဟို လွန်ခဲ့တဲ့နေ့တွေကပေါ့။ တိတိကျကျပြောရရင် ဘယ်လိုပြောရမလဲတော့ မသိဘူး။ သခင့်မှာ ကောင်မလေးလည်း မရှိသေးဘူး။ အခု ခဏခဏ လာတတ်တဲ့ အမျိုးသမီးကြီးဆိုတာ မရှိသေးဘူး။ တခါကပေါ့။ သခင့်ဆီကို သူ့မိတ်ဆွေတွေ တချို့လာတတ်တယ်။ သခင့် သူငယ်ချင်းတွေပေါ့။ အဲဒီတုန်းက သခင့်သူငယ်ချင်းတွေဟာ ဒီအခန်းလေးကို  ခဏခဏ လာတတ်ကြတယ်။ လာတိုင်းလည်း ပုလင်းလေးတွေ ပါလာတတ်ကြတယ်။ ဖန်ခွက်တွေလည်း ပါတတ်ကြတယ်။ သခင့်သူငယ်ချင်းတယောက်ဆို ဖန်ခွက်ကလေးတလုံး အမြဲတမ်းယူလာတတ်တယ်။ တခြားသူတွေလို သခင့်ဖန်ခွက်တွေ ယူမသုံးဘူး။ အရက်သောက်တယ်ဆိုတာ အရသာရှိရှိ သောက်တတ်ဖို့လိုတယ်ကွလို့ပြောပြီး ဘယ်လို သောက်ရတာ ဘယ်လိုသောက်မှ အရသာရှိတာ ဘာညာပြောနေတတ်တယ်။ ပြောသေးတယ် အရက်သောက်ရင် ဖန်ခွက် သီးသန့်ထားရတယ်။ ကြုံရာနဲ့မသောက်ရဘူးဆိုလားပဲ။ ကိုယ်တွေကတော့ မသိဘူး။ သခင်နဲ့ တချို့လူတွေကတော့ အဲဒီလူ ပြောတာကို နားထောင်ပြီး ပြုံးနေတတ်ကြတယ်။ ဘာမှတော့ ပြန်မပြောကြဘူး။ သခင့်အပေါင်းအသင်းတွေကလည်း စုံပါ တယ်။ တက်တူးကြီးတွေနဲ့။ တချို့က ဆံရှည်ကြီးတွေနဲ့။ သူတို့လာရင် ပုလင်းကလေးတွေ ပါလာတတ်ကြသလို တခါတလေ ဂစ်တာလည်း ပါလာတတ်ကြတယ်။ သူတို့ပြောတဲ့ အရက်ဆိုတာမျိုးနေမှာပေါ့။ ကိုယ်တွေ ပုလင်းလောက သားတွေအတွက် ကတော့ ပုလင်းအသစ်တွေရောက်လာကြတာကိုပဲ  ပျော်နေရတာ။ အဲဒီလိုညတွေမှာ သခင်တို့ဟာ ပုလင်းထဲက အရည်တွေ ဖန်ခွက်ထဲ ထည့်ပြီးသောက်ကြတယ်။ စကားတွေလည်း အများကြီးပြောတတ်ကြတယ်။ အဲဒီအရည်ကလေး သောက်ပြီဆို ခါတိုင်းထက် သခင်ဟာ စကားများနေတတ်တယ်။ ဖန်ခွက်တွေ တိုက်ကြ။ သီချင်းတွေ ထဆိုကြနဲ့။ တခါတလေတော့ အလှည့်ကျ ကဗျာပါ ထထရွတ်ကြတာ။ အဲ တနေ့တော့ သခင့်ဆီကို လူတယောက်ရောက်လာတယ်။ သူ့ကြည့်ရတာ စုတ် စုတ်ပြတ်ပြတ်နဲ့။ လက်ထဲမှာလည်း ပုလင်းလေးတလုံးနဲ့။ အဲဒီလူဟာ သခင်နဲ့စကားတွေ ဘာတွေ ပြောကြတယ်။ ခဏ အကြာ သူတို့နှစ်ယောက်လုံး အိပ်ရာဝင်သွားကြတယ်။ ထုံးစံအတိုင်း ကိုယ်တို့ပုလင်းလောကသားတွေဟာ အသစ်ရောက် လာတဲ့ပုလင်းကို နှုတ်ဆက်ကြတာပေါ့။ ထူးဆန်းတာတခုရှိတယ်။ အဲဒီ အသစ်ရောက်လာတဲ့ပုလင်းဟာ တခြားပုလင်းတွေလို မဟုတ်ဘူး။ နည်းနည်းရုပ်ဆိုးနေတာ။ သူ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ဘာကြီးတွေ မှန်းမသိဘူး။ အဖြူကွက်ကြီးတွေနဲ့။ သူ့  အရောင်ကလည်း မတောက်တော့ဘူး။ ခပ်ဖျော့ဖျော့ရယ်။ အဲဒါကို ကျန်တဲ့ပုလင်းတွေကလည်း သတိထားမိကြပုံရပါတယ်။ ဘာညာမေးကြတာပေါ့။ ကိုယ်ကတော့ ဝင်မမေးဘူး။ စိတ်ထဲမှာ တခုခုတော့သိနေသလိုပဲ။ တခြားပုလင်းတွေမေးကြတာ သူပြန်ဖြေတာတွေကို ဘေးနားကနေ ကိုယ်နားထောင်နေမိတယ်။ သူပြောတဲ့အဖြစ်အပျက်တွေဟာ နားရှိလို့သာ ကြားရ တော့တယ်ဆိုရမလားပဲ။ ကိုယ်လည်း မကြုံဖူးတော့ သူ လိမ်တာလား ဘာလား မပြောတတ်ဘူး။
အဲဒီအသစ်ရောက်လာတဲ့ ပုလင်းပြောပြတာကို ကိုယ် အတိုချုံ့ပြီး ပြန်ပြောရမယ်ဆို။ သူမွေးလာတော့ သူတို့ပုလင်းလောကမှာ သူဟာ အဖြူရောင်အရည်တွေကို ဗိုက်ထဲမှာ ထည့်ရသတဲ့။ သူက ပြောသေးတယ်။ အဲဒါကို တော့ ကိုယ်သိပ်သဘောမကျဘူး။ သူမွေးလာတာဟာ သခင်တွေအတွက် မွေးကောင်းမွေးလာနိုင်ပေမယ့် သခင်တွေအတွက်တော့ အသက်မစွန့်နိုင်ဘူးတဲ့။ သူ့မှာ သခင်တွေအများကြီးရှိခဲ့တယ်။ သူဟာ ပုလင်းလောကလေးတွေ တော်တော်များများမှာ ကျင်လည်ခဲ့တယ်။ မတူညီတဲ့ သခင် မတူညီတဲ့ပတ်ဝန်းကျင်အလိုက် ပုလင်းလောကလေးတွေရဲ့ အတွေးအခေါ် အယူအဆတွေဟာလည်း ကွဲပြားကြ တယ်တဲ့။ သူဟာ အသက်ကြီးကြီး ရုပ်ဆိုးဆိုး အဘွားကြီးတယောက်ကို သခင်တော်ခဲ့ရသလို အသက်ငယ်ငယ် လူရွယ်တွေ တော်တော်များများကိုလည်း သခင်တော်ခဲ့ဖူးပါတယ်တဲ့။ ဒါပေမယ့် လူတွေဟာ ပုလင်းတွေအပေါ်မှာ ဘယ်တုန်းကမှ စာနာ စိတ် သနားစိတ် မထားခဲ့ကြပါဘူးတဲ့။ သူမသေမီ အဖြစ်ချင်ဆုံးဆန္ဒကတော့ လူတယောက်လောက်ကို သတ်ချင်သတဲ့။
အဲဒီပုလင်းသစ်ကလေးပြောတာတွေနားထောင်ပြီး ကိုယ်တို့ပုလင်းလောကထဲက ပုလင်းတလုံးက ပြောတယ်။ မင်းဟာ ငါ တို့ပုလင်းအဖွဲ့အစည်းအတွက် အန္တရာယ်ကောင်ပဲ။ မင်းကို ပုလင်းလောကအတွက် ငါ့အသက်စွန့်ပြီး သတ်ရလိမ့်မယ်တဲ့။ တော်တော်လေး ဒေါသထွက်နေတဲ့ပုံစံပါပဲ။ အဲဒီတော့မှ ပုလင်းတွေအားလုံးက ဒေါသထွက်နေတဲ့ပုလင်းကို ဝိုင်းချုပ်ကြရ တယ်။ အသစ်ရောက်လာတဲ့ပုလင်းကတော့ တဟားဟားနဲ့ ရယ်နေတာရယ်။ အဲဒီပုလင်းရောက်လာမှ တခြားပုလင်းလော က အကြောင်းတွေကို ကိုယ်တို့သိရတယ်။ ဒါပေမဲ့ နောက်နေ့ကိုယ်တို့နိုးလာတော့ အဲဒီအသစ်ရောက်လာတဲ့ ပုလင်းလေးဟာ မရှိတော့ဘူး။ ကြည့်ရတာ သူ့သခင်က သူ့ကို  ပြန်ခေါ်သွားပုံရပါတယ်။ ဒီလိုအဖြစ်အပျက်လေးတွေက ဖြစ်ခဲပါတယ်။ တခါ တလေဖြစ်တတ်တဲ့ အရာလေးတွေပေါ့။ ညက ရိုက်မယ်ခွဲမယ်ဆိုတဲ့ ပုလင်းကြီးတောင် မျက်နှာမကောင်းရှာဘူး။ အဲဒီလို ပုလင်းလေးတွေဟာ တခါတလေတော့လည်း ရောက်ရောက်လာတတ်ကြပါတယ်။ ကိုယ်ကတော့ မှတ်မိနေတယ်။
အခုတလော သခင် ခြေလှမ်းတွေမမှန်ဘူး။ ညလည်း ကောင်းကောင်း မအိပ်ဘူး။ အရက်တွေထိုင်သောက်ပြီး တခါတလေ ငိုလိုက် ရယ်လိုက် လုပ်နေတတ်တယ်။ စီးကရက် ရှိုက်လိုက် ငိုင်နေလိုက် လုပ်နေတတ်တယ်။ ထမင်းဆိုလုံးဝ စားပုံမရဘူး။ ဟိုး အရင်ညတွေကဆို သခင်ဟာအခန်းမှာပဲ  ချိုင့်ဆွဲပြီး ထမင်းစားတတ်တယ်။ ညစာပေါ့။ တခါတလေတော့လည်း ကိုယ် တိုင်ဟင်းချက်ပြီး စားနေတတ်တယ်။ အခုနောက်ပိုင်း သခင်ဟာ  ထမင်းလည်း မမှာဘူး။ သူကိုယ်တိုင်လည်း မချက်တော့ဘူး။ နေ့လည်ခင်းခဏ အပြင်ကိုတော့ ထွက်သွားတတ်တယ်။ အဲဒါလည်း သိပ်မကြာဘူး။ ထမင်း သွားစားတာလား ဘာလားတော့ ကိုယ်လည်း မပြောတတ်ဘူး။ သေချာတာကတော့ သခင်ဟာ ညနေစာ မစားဘူးဆိုတာပဲ။ တခြားပုလင်းတွေကတော့ သခင်ဟာ ဝေဒနာတခုခု ခံစားနေရတယ်လို့ ပြောကြတယ်။ အဲဒါ ဟုတ်သလိုလိုပဲ။ ကောင်မလေးနဲ့ကြောင့်လား ဘာကြောင့် လည်းတော့ ကိုယ်လည်း မပြောတတ်ဘူး။ သခင်ကလည်း မပြောဘူးကိုး။ ဟိုနေ့ညက သခင့်သူငယ်ချင်းတွေ လာကြတယ်။ သခင်က သူတို့ကို ဘာတွေပြောသလဲတော့ မသိဘူး။ ချက်ချင်းပြန်ထွက်သွားကြတယ်။ သူတို့မျက်နှာတွေကလည်း ပျက် လို့။ သူတို့ သခင့်ကို စိတ်ဆိုးသွားကြတာ သေချာတယ်။ အဲဒါကြောင့်လည်း နောက်ညတွေမှာ သခင့်ဆီ ဘယ်သူမှ မလာ တော့ဘူး။ သခင်ဟာ အရက်ကို ဖိသောက်နေတယ်။ တခါတလေတော့လည်း ငိုနေတတ်တယ်။ ပါးစပ်ကလည်း ဘာတွေ ပြောမှန်း မကြားရဘူး။ ညဆိုလည်း မအိပ်ဘူး။ ကိုယ်တောင် သခင့်ကိုကြည့်ပြီး ကြောက်သလိုလို ဘာလိုလို ဖြစ်မိတယ်။ သခင့်ပုံစံက ဘယ်လိုကြီးမှန်းကို မသိဘူး။ သခင်ဟာ မျက်နှာလည်းမသစ်ဘူး။ သွားလည်း မတိုက်ဘူး။ ဆံပင်လည်း ဒီအ တိုင်းပဲပစ်ထားတာ မွဲခြောက်ခြောက်ကြီး။ သခင့်မျက်လုံးတွေဟာ အပြင်ကိုထွက်ကျတော့မယ့်ပုံပဲ။ သခင်ကော ဟုတ်ရဲ့လား တခြား လူတယောက်လားလို့တောင်မေးရမယ့် အခြေအနေဖြစ်လာပြီ။ ကိုယ်ကတော့ သခင့်ကိုသာ သနားမိတယ်။ တခါတ လေတော့လည်း အမျိုးသမီးကြီးဟာ သခင့်အခန်းထဲကို ရောက်ရောက်လာတယ်။ သခင့်ကိုလည်း ဘာတွေ ပြောသလဲ မသိဘူး။ သူ့ ကြည့်ရတာ ပေါ့ပျက်ပျက်ကြီးဆိုပေမယ့် သခင့်ကိုတော့ ပျော်စေပုံရပါတယ်။ သခင်က အဲဒီအမျိုးသမီးကြီးကို စိုက်ကြည့်ပြီး ခင်ဗျားပဲ ကောင်းတယ်ဗျာလို့ ပြောတတ်တယ်။ တခွန်းပဲ။ အဲဒီအမျိုးသမီးကြီးက ဘာပြောပြော သခင်က ရယ်ပဲ ရယ်နေတော့တယ်။ သခင်က ခင်ဗျားပဲကောင်းတယ်ဗျာလို့ပြောပြီးတဲ့အခါ သူမနဲ့သခင်ဟာ ခုတင်ပေါ်ရောက်သွား တတ်ကြတာပဲ။
ခဏအကြာမှာ အမျိုးသမီးကြီးဟာ  သခင့်အခန်းထဲကနေ ထွက်သွားတတ်တယ်။ ကြည့်ရတာ အေးအေးဆေးဆေးပဲ။ သ ခင့်က ပိုပြီးသနားဖို့ကောင်းတယ်လို့ ကိုယ်တွေးမိတာပဲ။ သခင်သိရင်တော့ သဘောကျမှာမဟုတ်တာ သေချာတယ်။ ကိုယ် ကတော့ သခင့်ကိုသာ သနားတာပဲ။ အဲဒီအမျိုးသမီးကြီးအခန်းထဲကနေထွက်သွားတဲ့အခါ သခင်ဟာ အရက်ကိုသာ ဆက်သောက်နေတတ်တယ်။ ကိုယ်နဲ့သိပ်ခင်တဲ့ ပုလင်းတလုံးကတော့ ပြောတယ်။ သခင် ဒီလိုဆက်သွားမယ်ဆိုရင် သေ လိမ့်မယ်တဲ့။ ကိုယ်လည်း အဲဒီလိုထင်တယ်။ သခင့်မှာ ပြဿနာကြီးကြီး တခုရှိပုံရပါတယ်။ အသည်းကွဲတာလား။ ကုလို့မရနိုင်တော့တဲ့ နောက်ဆုံးအဆင့် ရောဂါ တခုခုများ သခင့်မှာ ရှိနေတာလား။ ကိုယ် အများကြီးတွေးကြည့်ပေမယ့် အဖြေမရနိုင်တဲ့အဆုံး သက်ပြင်းပဲ ခဏခဏ ချနေရတယ်။ သခင်ပုံစံက တခုခုကို ယူကြုံးမရဖြစ်သလိုလို ဘာလိုလိုပဲ။ တခါ တလေတော့လည်း ဘာဖြစ်လို့များလဲ ဘာဖြစ်လို့လဲကွာလို့ သခင်ဟာ အော်ပြောရင်း ငိုနေတတ်တယ်။ ကိုယ်ကတော့ သခင့်ကို ကြည့်ရုံပဲ ကြည့်နေရတယ်။ သခင်ဟာ ရေချိုးပုံမရဘူး။ သူ့အနံ့အသက်က နောက်ပိုင်း ဆိုးဆိုးရွားရွား ဖြစ်လာတယ်။ သခင့်ကိုယ်ကနေ အနံ့တွေ ထွက်နေတာ။ သူ့ မုတ်ဆိတ်မွေးတွေဟာ ထူလပစ်။ မျက်တောင့်နီကြီးနဲ့။
ဒီနေ့တော့ ကိုယ်တို့ပုလင်းတွေစုပြီး သခင့်ကို ဘယ်လိုကယ်ရင်ကောင်းမလဲလို့ ပြောဖြစ်ကြတယ်။ တကယ်တော့ ကိုယ်တို့ ပုလင်းတွေက ဘာများလုပ်နိုင်မို့လဲ။ ပုလင်းတလုံးကတော့ အခြေအနေတွေကို လှလှပပ သုံးသပ်ပြသွားတယ်။ သခင်သာ ဒီလိုဆက်သွားရင် သေမှာ။ သခင်သေရင် ငါတို့အားလုံး သေရမှာပဲ။ ဘာလို့လဲဆိုတော့ သခင့်မှာ မိသားစုမှမရှိတာ  သခင် ပိုင်တဲ့အရာတွေဆိုတော့လည်း မရှိပြန်ဘူး။ သေချာတာကတော့ သခင်သေတာနဲ့ ငါတို့လည်း မကြာဘူး တန်းသေရလောက် တယ်တဲ့။ အဲဒီတော့ သခင့်ကိုကယ်ဖို့ လိုပါသတဲ့။ သူပြောတာက မှန်နိုင်တယ်လို့ ကိုယ်လည်း ယူဆမိတယ်။ကိုယ်ကတော့ နားထောင်သူပဲ။ ဝင်မပြောဖြစ်ဘူး။ ပုလင်းတလုံးကတော့ အဲဒီတော့ သခင့်ကို ဘယ်လိုကယ်ရမှာလဲတဲ့။ ဘယ်သူမှ သူ့ မေးခွန်းကို ပြန်မဖြေကြဘူး။ ဖြေဖို့ကလည်း မရှိဘူးကိုး။ အဲဒါနဲ့ပဲ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်က နောက်ညတွေမှာ အ စည်းအဝေးဆက်လုပ်မယ်။ သခင့်ကို ဘယ်လို ဘယ်ပုံ ကယ်ရမယ်ဆိုတာကို ဒီညသေချာ စဉ်းစားအဖြေထုတ်ထားကြပါတဲ့။ အဲဒီလိုနဲ့ပုလင်းအစည်းအဝေးဟာ အေးအေးဆေးဆေးနဲ့ပြီးဆုံးသွားတယ်။ နောက်နေ့ရောက်တဲ့အခါ ဘယ်လို ကယ်ရမလဲ ဆိုတာ ပြောကြတာပေါ့။ ကိုယ်ကတော့ သခင့်ကို ကယ်ချင်ပါရဲ့။ ဒါပေမဲ့လည်း ကယ်မယ့်နည်းက ကိုယ့်မှာ ရှိမနေတော့ ကိုယ်ဟာ နေရထိုင်ရခက်သလိုလိုပဲ ခံစားရတယ်။ တခြားပုလင်းတွေတော့လည်း ကိုယ့်လို ဖြစ်နေကြတာပါပဲ။ တိတ်ဆိတ် လို့ ခြောက်ကပ်လို့။ ကိုယ်စဉ်းစားနေတုန်းမှာ သခင်ဟာ ရုတ်တရက် အိပ်ရာပေါ်ကထပြီး ကိုယ့်ဘေးနားကို ရောက်လာ တယ်။ ပြီးတာနဲ့ လေးလိုက်တာကွာလို့ပြောပြီး ထိုင်ချတာပဲ။ ဘာစိတ်ကူးပေါက်လို့ ဒီလိုထိုင်နေတာလဲဆိုတာကိုဖြင့် ကိုယ် လည်း မပြောတတ်ဘူး။
သခင့်မျက်လုံးတွေဟာ တခုခုကိုတွေ့ရှိလို့ ပျော်နေသလိုမျိုး။ အရောင်တလက်လက်နဲ့ မျက်လုံးဆိုတာ ဒါမျိုးကို ပြောတာဖြစ် မယ်။ ကိုယ်ကတော့ သူ့ မျက်လုံးတွေ လှလိုက်တာလို့ပဲ ကြည့်နေမိတယ်။ ကိုယ့်နားက တခြားပုလင်းတွေကလည်း သခင့်ကို စိတ်ဝင်တစား ဝိုင်းကြည့်ကြလို့။ တချို့ဆို အသက်တောင် မရှူကြလောက်ဘူးလို့ ထင်ရတယ်။ သခင်ကတော့ ပုလင်းတွေကို သိနိုင်မယ် မထင်ဘူး။ တနေရာထဲကို ဝင်ရောက်ဖို့ဆိုတာက သိပ်လွယ်တဲ့ကိစ္စမဟုတ်တော့ ကိုယ့်အနေနဲ့က အေးဆေးပါ။ နားလည်ပေးနိုင်ပါတယ်။ နားမလည်ပေးနိုင်ဘူးဆိုတာက ရှင်းရှင်းပြောရရင် မိုက်မဲတာမျိုးဖြစ်မယ်။ ကိုယ်သတိထားမိတာ နောက် တချက်ရှိတယ်။ အဲဒါက သခင်နဲ့ကိုယ်တို့ကြားထဲက လွတ်နေတဲ့ လေဟာနယ်တခုပဲ။ အဆက်သွယ်ခံနဲ့ ဆက်သွယ် သူတို့ထိတွေ့ဖို့ဆိုတာ အဲဒီလို လေဟာနယ်တခုလိုတယ်။ ဘာသာစကား လေဟာနယ်။ နဂိုဖြစ်ရှိနေတဲ့ လေဟာနယ်။ ကိုယ်တို့ကြားဟာ ပါးလွှာတဲ့လေဟာနယ် အဆင့်မဟုတ်သေးဘူး။ ရှိနေပြီးသား လေဟာနယ်ထဲကမှ ဖြစ်နေတဲ့ လေဟာနယ် တွေ ရှိနေသေး။ ဒါတွေ တခုနဲ့တခု မထိစပ်ကြတဲ့အခါ ကိုယ်တို့နဲ့ သခင့်လိုပေါ့။ သခင့်မျက်လုံးတွေက စကားလုံးတွေ တချို့ လွှတ်နေတယ်လို့ ကိုယ်ထင်တယ်။ အမြဲတမ်းကြားရပြီး သိမ်မွေ့နက်ရှိုင်းမှုရှိတဲ့ တချို့စကားလုံးတွေပေါ့။ ကိုယ်လည်း အတိအကျတော့ မပြောနိုင်ဘူး။ အငွေ့အသက်လောက်ပဲ ပြောနိုင်ပါတယ်။ ဥပမာ ငါလွတ်မြောက်တော့မယ်ဆိုတဲ့ဟာမျိုး ပေါ့။ ကိုယ်က ခံစားနေရတာ။ သခင်က ဘာကိုပြောပြီး ဘာကိုမပြောဘဲနေသလဲဆိုတာမျိုးတော့ နည်းနည်းလေး ကိုင်ရပြုရ တာ အရသာမရှိလောက်ဘူး ထင်တယ်။ ဟုတ်တယ်။ သခင်ဟာ အရသာတခုခုကို တွေ့ရှိနေတဲ့ပုံမျိုး။ သခင်ဟာ စီးကရက်ကို မီးညှိပြီး ရှိုက်လိုက်တယ်။ မီးခိုးတွေကြားထဲမှာ ကိုယ်ခံစားရတဲ့ စကားလုံးတွေဟာ ပိုပိုပြီးတောက်ပသလို သခင့်မျက်လုံးတွေဟာလည်း ပိုပိုပြီး အရသာတွေ့ နေတဲ့ ပုံမျိုး။ အခုမှ သေချာတွေ့ မိတယ်။ သခင့်လက်မောင်းမှာ ချိုဆိုတဲ့ နာမည်ကလေး တက်တူးနဲ့ဗျ။ ချိုဆိုတာ ရှိနေခြင်းရဲ့အတွင်းထဲက မသိနိုင်တာမျိုးလား သခင်ပဲ သေချာသိလောက်တယ်။ အရင်က ကောင်မလေးဟာ ချိုဆိုတာမျိုးလား။ ဒါကလည်း မသေချာဘူး။ အဲဒီကောင်မလေးကို သခင်က ချိုလို့ခေါ်တာမျိုး တခါမှ ကိုယ်မကြားမိဘူး။ အခုနောက်ပိုင်း ခဏခဏလာတတ်တဲ့ မိန်းမကြီးတော့ မဖြစ်နိုင်လောက်ဘူး ထင်တယ်။ စီးက ရက်ရှိုက်ရင်း သခင်ဟာ တခုခုကို တွေးနေပုံရတယ်။ ချိုဆိုတဲ့ မိန်းကလေးအကြောင်းကို တွေးနေတာများလား။ နောက်ထပ် စီးကရက်တွေ တလိပ်ပြီး တလိပ်။ သခင်ဟာ တခုခုကို သေသေချာချာ ဆုံးဖြတ်ထားပြီး ပုံရပါတယ်။ တိကျတဲ့ မျက်နှာမျိုးပေါ့။ သခင်ဟာ သူ့လက်ထဲက စီးကရက်တိုလေးနဲ့သူ့လက်မောင်းပေါ်က ချိုဆိုတဲ့နာမည်လေးကို ထိုးချေပစ်လိုက်တယ်။ ပြာတွေ နဲ့ညှော်နံ့တချို့။ သခင့်လက်မောင်းထဲက အကွက်ကလေးဟာ  မည်းလို့။ သခင့်မျက်နှာဟာ အနည်းငယ်ရှုံ့သွားပေမယ့်လို့ သူ့မျက်လုံးတွေကတော့ သေချာတဲ့ပုံစံမျိုး အကြည့်မျိုးပဲ။ ခဏကြာတော့ သခင်ဟာ သူ့ဘောင်းဘီအိပ်ထဲက စက္ကူအိတ် ကလေး တယုတယ ထုတ်လိုက်တယ်။ ကိုယ်သေချာ ကြည့်တော့ ဆေးတောင့်ကလေးတွေ။ သခင်ဟာ ဆေးတောင့်လေးတွေ အားလုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်တယ်။
သခင့်မျက်နှာဟာ ပြုံးတယ်ထင်ရတယ်။ တကယ့် အေးအေးဆေးဆေးပါပဲ။ ဘာလုပ်နေတာလဲ  ဘာလို့ဆေးသောက်ရတာလဲ လို့ကိုယ် မေးလိုက်တာကိုလည်း သခင် ကြားပုံမရဘူး။ တချက်တချက် သခင့်မျက်နှာဟာ နီလာသလိုလို ဘာလိုလို။ သခင် ကတော့ အေးအေးဆေးဆေးပါပဲ။ ခဏကြာတော့ သခင့်မျက်လုံးတွေဟာ ပြူးကျယ်လို့။ သခင့်ပါးစပ်ထဲက အမြှုပ်တွေ ထွက်ပြီးသခင်ဟာ ထိုင်နေရာကနေ ကြမ်းပေါ်ကို လဲကျသွားတော့တယ်။ ကိုယ်တို့လည်း ဘာလုပ်ရမှန်းမသိဘူး။ ပုလင်း တလုံးကတော့ သခင်ဟာ အဆိပ်သောက်တာ။ သတ်သေတာပဲတဲ့။ နောက် ပုလင်းတလုံးကတော့ သခင်သေနေပြီ။ သူသေ တာကကိစ္စ မဟုတ်ဘူး။ ငါတို့ပါသေရရင် ပြဿနာပဲလို့ အော်ကြီးဟစ်ကျယ် ပြောနေတယ်။ ကိုယ် သခင့်ကို သေချာကြည့် တော့ သူ့မျက်နှာဟာ ပြုံးနေသလိုလို။ လောကကြီးကို လှောင်ချင်တာလား။ ကိုယ်မပြောတတ်ဘူး။ သခင်သေနေပြီ။ သူ့ ရင်ဘတ်ကြီးဟာ အရင်ကလို ဖောင်းလိုက် ချိုင့်သွားလိုက် မဖြစ်တော့ဘူး။ သူ့နှာခေါင်းပေါက်ကနေ လေတွေမထွက်တော့။ အဲဒီညက ဒီအတိုင်းပဲ သခင်ဟာ ကိုယ်တို့ကြားမှာ သေဆုံးသွားတယ်။ ပြန်တွေးကြည့်မယ်ဆို သခင်ဟာ ကိုယ့်မျက်စိထဲမှာ တင် ရှင်သန်ပြီး ကိုယ့်မျက်စိထဲမှာတင် သေဆုံးခဲ့ရတာပဲ။ ကိုယ်ကတော့ သခင်သေတာကို သိရမယ်လို့ တခါမှ မတွေးဖူးဘူး။ ကိုယ်တို့ပုလင်းတွေဟာ ဝမ်းနည်းနေကြတယ်။ အဲဒီလိုပြောရမလားပဲ။ တကယ်က သေရမှာကြောက်နေတဲ့ပုံစံတွေက ပိုများပါတယ်။ ကိုယ်လည်း စိတ်မကောင်းဖြစ်မိတာ အမှန်။ ဒါပေမဲ့ သခင်သေတာကိုတောင် မတားနိုင်ဘဲ ဒီအတိုင်း ကြည့် ခဲ့ကြရသေးတာပဲ။ အခုလိုလဲကျသွားမှတော့ ကိုယ့်အနေနဲ့ ဘာမျှလုပ်နိုင်စရာ မရှိတော့ဘူး။ ဒီအတိုင်းကြည့်ပြီး စိတ်မ ကောင်း ဖြစ်ရုံသာ ကိုယ်တတ်နိုင်တယ်။ ဒီလိုဆိုတော့လည်း ကိုယ်တို့ကြားထဲက လေဟာနယ်ကလေးဟာ ပိုပိုပြီး သေသွား တော့မယ် ထင်ရတယ်။
နောက်နေ့နံနက်ခင်းရောက်တော့ ခဏခဏ လာတတ်တဲ့ အမျိုးသမီးကြီးဟာ အခန်းထဲ ကိုရောက်လာတယ်။ လဲကျနေတဲ့ သခင့်ကိုတွေ့တော့ အံ့သြသွားပုံပါပဲ။ ဒါကလည်း ခဏပဲ။ သခင့် လက်ကောက်ဝတ်ကို စမ်းတယ်။ နောက်တော့ သခင့် အသက်မရှိတော့တာသိသွားပြီး အားပါးတရ ရယ်လိုက်တယ်။ ကိုယ်ဖြင့် အဲဒီလိုရယ်သံကို တခါမှ မကြားဖူးဘူး။ ဘယ်လို အဓိပ္ပါယ်နဲ့လဲ ကိုယ်မသိဘူး။ ဝမ်းနည်းနေတဲ့ပုံလည်း မပေါ်ဘူး။ နောက်တော့ သူမဟာ အခန်းထဲက ပြန်ထွက်သွားတယ်။ ခဏကြာတော့ ရဲတွေ လူတွေ အခန်းထဲကို တက်လာကြပြီး သခင့်ကို ပုံတွေရိုက်ကြတယ်။ စကားတွေလည်း ပြောကြနဲ့။ ဆူညံလို့။ နောက်တော့ သခင့်အလောင်းကို မသွားကြတော့တယ်။ အခန်းကိုလည်း ဒီအတိုင်းပစ်ထားကြရဲ့။ ကိုယ်တို့ပုလင်း တွေကတော့ စိတ်ပူတာတခုပဲ။ သခင်မရှိတော့တဲ့အခါ ကိုယ်တို့ဘယ်လို ဘယ်ပုံဖြစ်သွားနိုင်တယ်ဆိုတာကိုပဲ။ အဲဒီနေ့က စလို့ အခုချိန်ထိ သခင်ပြန်ရောက်မလာတော့ဘူး။ သခင့်ကိုလည်း မြှုပ်ပစ်ကြပြီ ထင်ပါတယ်။ အခန်းထဲကိုတော့ ဘယ်သူမှ မလာသေးဘူး။ ခဏခဏလာတတ်တဲ့ အမျိုးသမီးကြီးလည်း မလာတော့ဘူး။ ကိုယ်ကတော့ အခန်းထဲမှာ သခင့်ပုံတွေကို  သာ မြင်ယောင်နေမိတယ်။ တချို့ညတွေမှာ ကိုယ်သခင့်ကို မြင်ရတယ်။ သခင်က ငါဟာ ပုလင်း တလုံးအနေနဲ့ပြန်လာမှာပါလို့ ကိုယ့်ကို တိုးတိုးကလေးပြောပြီး ပျောက်သွားတတ်တယ်။ တချို့ညတွေမှာတော့ သခင်က ကိုယ့်ကိုကြည့်ပြီး ပြောတတ် တယ်။ မင်းနဲ့ငါ့ကြားထဲက လေဟာနယ်တခုဟာ ပါးသွားပြီ သေးသွားပြီ ဒါမှမဟုတ် မရှိတော့ဘူးလို့ မင်းထင်နေတယ်။ အဲဒါ က မှားတယ်။ အဲဒါကို ငါအခုကစလို့တည်ဆောက်မှာတဲ့။ အဲဒီလိုအပြောခံရပြီး ကိုယ်နိုးလာတတ်တယ်။ သခင်ကတော့ ဘယ်ပျောက်သွားလဲ မပြောတတ်ဘူး။ ပုလင်းတို့ဘဝမှာ အိပ်မက်နဲ့တကယ့်ဘဝတွေရဲ့ကြားထဲက စည်းတွေ မျဉ်းတွေ ဖြစ် နေမှုတွေဆိုတာ ပြောရအခက်သားလား။ ကိုယ်ကတော့ တခုခု ဖြစ်လာမှာကိုပဲ ကြိုနေလိုက်တော့တယ်။ ကိုယ်တတ်နိုင်တာ ဒါပဲ။
ဝေမြင့်မောင်
ဇွန် ၈၊ ၂၀၁၇
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
http://moemaka.com/archives/57845
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်