ဇင်လင်း ● လူ့အခွင့်အရေးကြိုးပမ်းမှုများအတွက် အသက်ပေးခဲ့ရသူ လျူရှောင်ဘို

August 2, 2017

ဇင်လင်း ● လူ့အခွင့်အရေးကြိုးပမ်းမှုများအတွက် အသက်ပေးခဲ့ရသူ လျူရှောင်ဘို
(မိုးမခ) သြဂတ်စ် ၂၊ ၂ဝ၁၇

Chinese literary critic, writer, poet, human rights activist and Nobel Peace Prize laureate, Liu Xiaobo (Chinese: 刘晓波, 28 December 1955 – 13 July 2017)
__ ___ ___ _____ ____

တရုတ်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုကို  ၂ဝ၁ဝ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေးနိုဘယ်လ်ဆု’ ချီးမြှင့်လိုက်ခဲ့ တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ ကမ္ဘာ့ဂုဏ်သတင်း အကြီးမြင့်ဆုံး နိုဘယ်ဆုကို ၂ဝ၁ဝ ခုနှစ်မှာ ထိုက်တန်သူကို ထိုက် ထိုက်တန် ချီးမြှင့်လိုက်တာပဲလို့ ထင်ရှားတဲ့ နိုင်ငံတကာသတင်းစာတချို့ရဲ့ သတင်းခေါင်းကြီးတွေက မှတ်ချက်ပြုခဲ့ကြပါ တယ်။ နှစ်ကာလရှည်လျားစွာ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ သူ့နိုင်ငံမှာ အခြေခံလူ့အခွင့်အရေး ထွန်းကားအောင် ဆောင်ရွက်နေမှုကို ဂုဏ်ပြုတဲ့အနေနဲ့ ‘နော်ဝေငြိမ်းချမ်းရေး နိုဘယ်ဆုကော်မတီ’ က ‘လျူရှောင်ဘို’  ကို ၂ဝ၁ဝ ခုနှစ်အတွက် နိုဘယ်လ်ဆု ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ နော်ဝေပါလီမန်က ခန့်အပ်တဲ့ အဖွဲ့ဝင် (၅) ဦးပါ ဆုရွေးချယ်ရေးအဖွဲ့ဟာ တရုတ်နိုင်ငံက ကန့်ကွက်နေတဲ့ကြားက ‘လျူရှောင်ဘို’ ကို ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁ဝ ခုနှစ်တုံးက အခြေအနေကို ပြန်လေ့လာရင် ‘လျူရှောင်ဘို’ အကြောင်းကို တရုတ်ပြည်အတွင်းမှာ သတင်းမှောင်ချ ထားမှုကြောင့် သိရှိသူနည်းတယ်လို့ဆိုပါတယ်။ ‘လျူရှောင်ဘို’ ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာ (၂၈) ရက်နေ့မှာဖွားမြင်ခဲ့ပြီး၊  ၂ဝ၁ဝ ဒီဇင်ဘာမှာ (၅၅) နှစ်ပြည့်ကြောင်း သတင်းတွေမှာ တွေ့ခဲ့ရတယ်။ သူဟာ ကျီလင်းပြည်နယ် ချန်ချွန်မြို့ဇာတိ ဖြစ် တယ်။ ပညာတတ်မိသားစုက ဖွားမြင်ခဲ့တဲ့ ‘လျူရှောင်ဘို’ ဟာ ၁၉၇၆ မှာ ကျီလင်းတက္ကသိုလ်မှာ စတင်တက်ရောက်ခဲ့ပြီး၊ ၁၉၈၂ မှာ စာပေပညာရပ်နဲ့ဝိဇ္ဇာဘွဲ့ ရခဲ့တယ်။ ၁၉၈၄ မှာ မဟာဝိဇ္ဇာဘွဲ့၊ ၁၉၈၈ မှာ စာပေပါရဂူဘွဲ့များကို  ပီကင်းတက္က သိုလ်က ရရှိခဲ့တယ်။ ၁၉၈၈ – ၈၉ ခုနှစ်များမှာ ‘လျူရှောင်ဘို’ ဟာ အမေရိကန်ပြည်ထောင်စု ကိုလန်ဘီယာတက္ကသိုလ်၊ ဟ ဝိုင်ယီတက္ကသိုလ်နဲ့ နော်ဝေနိုင်ငံ အော်စလိုတက္ကသိုလ်တို့မှာ ဧည့်ပညာရှင်အဖြစ် ဆောင်ရွက်ခဲ့တယ်။ ၁၉၈၉ ဇွန်လ (၄)ရက် တိန်ယန်မင်ဒီမိုကရေစီ လှုပ်ရှားမှုကြီးဖြစ်ပေါ်ချိန်မှာ ‘လျူရှောင်ဘို’ ဟာ အမေရိကန်ရောက်နေခဲ့တယ်။ သူဟာ လှုပ်ရှား မှုမှာပါဝင်ဖို့ဆုံးဖြတ်ပြီး ပီကင်းကိုပြန်လာခဲ့တယ်။ သူဟာ တိန်ယန်မင်ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ စံပြဂုဏ်ထူးဆောင် ခေါင်းဆောင် (၄) ဦးအနက် တဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်။

တိန်ယန်မင်ဒီမိုကရေစီအရေးတော်ပုံဖြိုခွဲခံရပြီး ၁၉၈၉ ဇွန်လမှာ ‘လျူရှောင်ဘို’ ကို တန်ပြန်တော်လှန်ရေးဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ နာမည်ကျော် ကျင်ချင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။ ၁၉၉၁ ဇန္နဝါရီမှာ ခံဝန်ချက်နဲ့ ထောင်က ပြန်လွတ်တယ်။ ၁၉၉၅ မေလမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုမှာ ‘လျူရှောင်ဘို’ ပါဝင်ပြီး ၁၉၈၉  ကျောင်းသားများရဲ့တိန်ယန်မင်ဒီမိုကရေစီလှုပ်ရှားမှုအတောအတွင်း အစိုးရရဲ့ လွဲမှားတဲ့ အရေးယူဆောင်ရွက်ချက် များကို လူထုအကြားမှာ ဖေါ်ထုတ်ဝေဖန်မှုလုပ်ခဲ့တယ်။ ဒါကြောင့် ထောင်ဒဏ် (၆) လ ကျခံရတယ်။ ၁၉၉၆ ဇန္နဝါရိမှာ ထောင်က လွတ်ပါတယ်။ ၁၉၉၆ အောက်တိုဘာမှာ တရုတ်ကွန်မြူနစ်ပါတီကိုဝေဖန်မှုကြောင့် လူထုဆူပူအောင် လှုံ့ဆော် တယ်ဆိုတဲ့စွဲချက်နဲ့ ‘လျူရှောင်ဘို’ ကို ထောင်ဒဏ် (၃) နှစ်ချပြန်ပါတယ်။ ၁၉၉၉ အောက်တိုဘာမှာ ထောင်က ပြန်လွတ်ပါ တယ်။

ဒီတခါ သူ့နေအိမ်အနီးမှာ အစိုးရက အစောင့်ကင်းရုံတခုဆောက်ပြီး စောင့်ကြည့်စေပါတယ်။ သူ့တယ်လီဖုန်းနဲ့ အင်တာ နက်တွေ ကြားဖြတ်စောင့်ကြည့်တာလည်းခံခဲ့ရတယ်။ ၂ဝဝ၃ ခုနှစ်မှာ သူဟာ ‘တရုတ်နိုင်ငံလွတ်လပ်တဲ့ ကလောင်ရှင် များအသင်း’ ရဲ့ ဥက္ကဋ္ဌဖြစ်လာပါတယ်။၂ဝဝ၄ မှာ တရုတ်နိုင်ငံ လူ့အခွင့်အရေး အခြေအနေအစီရင်ခံစာ ပြုစုနေခိုက် ‘လျူ ရှောင်ဘို’ ရဲ့ကွန်ပျူတာ၊ မှတ်စုမှတ်တမ်း စာရွက်စာတမ်းတွေကို တရုတ်အစိုးရက သိမ်းယူခဲ့ပါတယ်။ ဒါပေမယ့် လျူရှောင် ဘိုရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders) က ၂ဝဝ၄ ခုနှစ်မှာ Fondation de France Prize ဆုချီးမြှင့် အသိအမှတ်ပြုခဲ့ပါတယ်။၂ဝဝ၇ ခုနှစ်မှာ တရုတ်နိုင်ငံပြင်ပ အင်တာနက်စာမျက်နှာတွေပေါ်မှာ သူရေးသားခဲ့တဲ့ စာတမ်းတွေနဲ့ပတ်သက်လို့ အာဏာပိုင်တွေရဲ့ ခေါ်ယူစစ်ဆေးမှု ခံခဲ့ရပါသေးတယ်။
၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ(၁ဝ) မှာ ‘အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း’ နှစ် (၆ဝ) ပြည့်အထိမ်းအမှတ် ‘ချာတာ ဝ၈’ (Charter 08) လို့ထင်ရှားတဲ့ ကြေညာစာတမ်းတစောင်ကို ‘လျူရှောင်ဘို’ နဲ့တရုတ်နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ (၃ဝ၃) ဦး လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပြင် ‘ချာတာ ဝ၈’ ကြေညာချက် ထုတ်ပြန်ချိန်ဟာ တရုတ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ နှစ် (၁ဝဝ) ပြည့်ချိန်၊ တရုတ်ဒီမိုကရေစီတံတိုင်းလှုပ်ရှားမှု နှစ် (၃ဝ) ပြည့်ချိန်၊ နိုင်ငံတကာ ‘လူမှုအခွင့်အရေး နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်’  (International Covenant on Civil and Political Rights) မှာ တရုတ် ပါဝင် လက်မှတ်ရေးထိုးခြင်း (၁ဝ) နှစ်ပြည့်ချိန်တွေနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ‘ချာတာ ဝ၈’ ကြေညာစာတမ်းဟာ ၁၉၇၇ ခုနှစ် ချက်ကိုစလိုဗက် လူ့အခွင့်အရေးလှုပ်ရှားသူများ ရဲ့ ‘ချာတာ ၇၇’ ကြေညာစာတမ်းကို စံနမူနာယူခဲ့ကြတာ ဖြစ်ပါတယ်။  ‘ချာတာ ၇၇’ ကြေညာစာတမ်းမှာ လက်မှတ်ရေးထိုး ခဲ့သူတွေက လွတ်လပ်စွာသဘောထားထုတ်ဖေါ်ပြောဆိုရေးသားခွင့်ရရှိရေး၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာရေး၊ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးရေးစတဲ့အချက် တွေ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

‘ချာတာ ဝ၈’ (Charter 08) မှာ ကနဦး ပါဝင်လက်မှတ်ရေးထိုးသူတွေဟာ တရုတ်နိုင်ငံမှာ တနည်းနည်းနဲ့ နာမည်ဂုဏ်သ တင်းကောင်းသူတွေ ဖြစ်ပါတယ်။ ‘ချာတာ ဝ၈’ ကြေညာစာတမ်းက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လူ့အခွင့်အရေးတိုးတက်ကောင်းမွန်ရေး၊ လွတ်လပ်စွာ တရားစီရင်ခွင့် ရရှိရေး၊ ဒီမိုကရေစီနည်းကျ ဥပဒေပြုရေး။ လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ရရှိရေး၊ လွတ်လပ်စွာ စုရုံးခွင့်ရရှိရေး၊ လွတ်လပ်စွာ သဘောထား ထုတ်ဖေါ်ပြောဆိုရေးသားခွင့်ရရှိရေး၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရရှိရေး၊ ပုဂ္ဂလိက ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို အကာအကွယ်ပေးရေး၊ သဘာဝပတ်ဝန်းကျင်ကာ ကွယ်စောင့်ရှောက်မှုပေးရေး၊ ငွေကြေးနဲ့ အခွန်အကောက်စနစ်များ ပြုပြင်ပြောင်းလဲရေး၊ လူမှုဘဝလုံခြုံရေးအာမခံရေး၊ ပြည်ထောင်စုသမတနိုင်ငံထူထောင်ရေး၊ တပါတီအုပ်ချုပ်ရေးစနစ် ဖျက်သိမ်းရေးနဲ့ ပြန်လည်သင့်မြတ်ပေါင်းစည်းရေးအတွက် အမှန်တရားရှာဖွေ ဖေါ်ထုတ်ရေး စတာတွေအပါအဝင် တောင်းဆိုချက် (၁၉) ချက်ပါဝင်ပါတယ်။

‘ချာတာ ဝ၈’ ကြေညာစာတမ်းကို ထုတ်ပြန်ဖို့ (၂) ရက်အလို ဒီဇင်ဘာ (၈) ရက်နေ့မှာ ‘လျူရှောင်ဘို’ အဖမ်းခံရပါတယ်။ ၂ဝဝ၉ ဇွန်လ (၂၃) မှာ နိုင်ငံတော်အာဏာကို ထိခိုက်ပျက်ပြားအောင်လုပ်မှုနဲ့ တရားစွဲတင်ခံရပါတယ်။ ၂ဝဝ၉ ဒီဇင်ဘာလ (၂၃) မှာ ထောင်ဒဏ် (၁၁) နှစ် ချမှတ်ခံရပါတယ်။ ‘ချာတာ ဝ၈’ ကြေညာစာတမ်းကိစ္စနဲ့ပတ်သက်ပြီး ကနဦး လက်မှတ် ရေး ထိုးသူ (၃ဝ၃) အနက်က (၇ဝ) ဦးထက်မနည်း တရုတ်အစိုးရ အထူးရဲအဖွဲ့ရဲ့ ခေါ်ယူစစ်ဆေးမှုခံရတယ်။ ပြည်တွင်း သတင်း မီဒီယာတွေကို ‘ချာတာ ဝ၈’ အကြောင်း ရေးသားဖေါ်ပြခွင့်မပြုခဲ့ဘူး။

‘ချာတာ ဝ၈’ မှာ ပါဝင်လက်မှတ်ထိုးခဲ့သူတွေကို အင်တာဗျူးလုံးဝလုပ်ခွင့်မပြုဘူး။ ‘ချာတာ ဝ၈’အကြောင်းဖေါ်ပြတဲ့ ဘလော့ တွေကိုလည်း ပိတ်ပစ်ခဲ့တယ်။ ‘လျူရှောင်ဘို’ ကတော့ သူ့အပေါ်စွဲဆိုထားတဲ့အချက်အလက်တွေ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့တယ်။ အစိုးရကို ပုန်ကန်ဖို့ရည်ရွယ်ချက်နဲ့ ကောလဟလသတင်းတွေဖြန့်ခြင်း၊ အစိုးရ အသရေ ညှိုးနွမ်းအောင် ပြုခြင်း၊ ဆိုရှယ်လစ်စနစ်ဖျက်လိုဖျက်ဆီးလုပ်ခြင်း၊ အစရှိတဲ့ စွဲချက်တွေဟာ မှားယွင်းကြောင်း‘လျူရှောင်ဘို’ က South China Morning Post မှာ ဆောင်းပါးတစောင်ရေးပြီး ချေပပါတယ်။ သူ့အနေနဲ့ ဘယ်သူတဦးတယောက်ကိုမှ အသရေပျက် အောင် မမှန်မကန် ပြောဆိုရေးသားခဲ့တာမျိုးမရှိ၊ အရေးကြီးသတင်းအချက်အလက် တွေ့ရှိချက်တွေကိုသာ ဖေါ်ထုတ်ခဲ့တာ ဖြစ်တယ်။ ဒါကြောင့် သူ့အပေါ်ချမှတ်တဲ့ ပြစ်ဒဏ်စီရင်ချက်ဟာ တရုတ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ သဘောတူညီချက်တွေကို ချိုးဖေါက်တာဖြစ်တယ်လို့ ‘လျူရှောင်ဘို’ က တုန့်ပြန်ချေပခဲ့ တယ်။

အမေရိကန်ပြည်ထောင်စု။ ဂျာမနီ၊ ထိုင်ဝမ်စတဲ့ အစိုးရအဖွဲ့တွေက ‘ချာတာ ဝ၈’ ကို ထောက်ခံခဲ့ပြီး တရုတ်အစိုးရရဲ့ ‘ချာ တာ ဝ၈’အဖွဲ့အပေါ် အရေးယူမှုတွေကို ရှုံ့ချခဲ့တာတွေ့ရတယ်။ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ က လည်း ‘ချာတာ ဝ၈’ကြေညာစာတမ်းကို အကောင်းမြင် လက်ခံခဲ့ကြတယ်။ နိုင်ငံတကာသတင်းစာ မီဒီယာတွေကလည်း ‘ချာ တာ ဝ၈’ သတင်းကို မျက်နှာဖုံးသတင်းအဖြစ် ဖေါ်ပြခဲ့ကြတယ်။ ‘လျူရှောင်ဘို’ ကို ဖမ်းဆီးထားရာက ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့တယ်။ ကမ္ဘာတဝှမ်းက ပညာရှင်များ၊ စာရေးဆရာများ၊ ဥပဒေ ပညာ ရှင်များ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများကလည်း စုပေါင်းလက်မှတ်ရေးထိုး တောင်ဆိုခဲ့ကြတယ်။ နိုင်ငံ တကာကလောင်ရှင်များ အဖွဲ့ (PEN) ကလည်း ကြေညာချက်ထုတ်ပြန်ပြီး ‘လျူရှောင်ဘို’ လွတ်မြောက်ရေး ဆော်သြတောင်းဆိုခဲ့တယ်။ ၂ဝဝ၉ မတ်လမှာ ချက်နိုင်ငံအခြေစိုက်  People in Need foundation (PIN)  က ‘လျူရှောင်ဘို’ ကို Homo Homini Award  ချီးမြှင့်ခဲ့တယ်။ ဒီဆုက ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေး သဘောကွဲလွဲမှုများကို ငြိမ်းချမ်းတဲ့နည်းနဲ့အဖြေရှာသူများကို ချီးမြှင့်တာဖြစ်ပါတယ်။ ‘ချာတာ ဝ၈’ မှာ ကနဦးပါဝင်ခဲ့သူ၊ တရုတ်နိုင်ငံမှာ လွတ်လပ်စွာပြောဆိုရေးသားခွင့်ရရှိဖို့ အန္တရာယ်ကြားမှ ကြိုးပမ်းသူအဖြစ် ‘လျူရှောင်ဘို’ ကို ‘ဟိုမို ဟိုမီနီဆု’ ချီးမြှင့်တာဖြစ်တယ်လို့ သိရ တယ်။ ဒါ့အပြင် ၂ဝဝ၉ မှာ လွတ်လပ်စွာစာပေရေးသားခွင့် တိုက်ပွဲဆင်ခြင်းအတွက် နိုင်ငံတကာကလောင်ရှင်အဖွဲ့က ‘လျူ ရှောင်ဘို’ ကို PEN/Barbara Goldsmith Freedom to Write Award ချီးမြှင့်ခဲ့တယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာပဲ ဂျာမန်ပြည်ထောင်စု သမတနိုင်ငံ ကလောင်ရှင်အဖွဲ့ကချီးမြှင့်တဲ့ The Hermann Kesten Medal ဆုကိုလည်း လျူရှောင်ဘို ရရှိခဲ့တယ်။

၂ဝ၁ဝ ဇန္နဝါရီ (၁၈) မှာ ‘လျူရှောင်ဘို’ ကို “၂ဝ၁ဝ ခုနှစ် နိုဘယ်လ်ဆု” အတွက် အမည်စာရင်းတင်သွင်းခံရပါတယ်။ သူ့ကို အမည်စာရင်းတင်သွင်းကြသူများကတော့  ချက်နိုင်ငံ သမတဟောင်း ဗက်စလက် ဟာဗယ်လ် (Václav Havel), ၁၉၈၉ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား (the 14th Dalai Lama), ပြင်သစ် ဒဿနပညာရှင် အန်ဒရေ ဂလပ်ကမန်း (André Glucksmann), နယူးယော့ ကာနက်ဂီ ကော်ပိုရေးရှင်း ဥက္ကဋ္ဌ သုတေသနပညာရှင် ဗာတန် ဂျော်ဂျီယန် (Vartan Gregorian), နယူဇီလန် ဝန်ကြီးချုပ်ဟောင်း (Mike Moore), လက်ရှိချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး (Karel Schwarzenberg), ၁၉၈၄ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် တောင်အာဖရီက ခရစ်ယန်ဘုန်းတော်ကြီး (Desmond Tutu) နှင့် ရုရှားစီးပွားရေးနဲ့နိုင်ငံရေးပညာရှင် ဂရီဂိုရီ ယက်ဗလင်စကီ (Grigory Yavlinsky) စသူများဖြစ်ပါတယ်။

၂ဝ၁ဝ စက်တင်ဘာမှာ ဗက်စလက် ဟာဗယ်လ် နဲ့ ချက်ကိုစလိုဗက်ကီး ကတ္တီပါတော်လှန်ရေးခေါင်ဆောင်တချို့က ‘လျူ ရှောင်ဘို’ ကို ၂ဝ၁ဝ ခုနှစ် နိုဘယ်လ်ဆုချီးမြှင့်ဖို့ အိပ်ဖွင့်ပေးစာတစောင် အင်တာနေရှင်နယ် ဟာရယ်ထရီဗျုန်း (The International Herald Tribune) သတင်းစာမှာ ရေးသားခဲ့ကြတယ်။ အဲဒီစာကို ထောက်ခံပါဝင် လက်မှတ်ရေးထိုးသူတွေ တနေ့ တခြားတိုးများလာခဲ့တယ်လို့ ဆိုတယ်။ ၂ဝ၁ဝ အောက်တိုဘာ (၆) မှာ (Freedom Now) လူအခွင့်အရေးလှုပ်ရှားမှု အဖွဲ့ရဲ့ကမကထပြုမှုနဲ့ အမေရိကန်ကွန်ဂရက်လွှတ်တော်အမတ် (၃ဝ) လက်မှတ်ရေးထိုးတဲ့စာတစောင် သမတ အိုဘားမား ထံ တင်သွင်းခဲ့တယ်။ ၂ဝ၁ဝ နိုဝင်ဘာ G-20 ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံချိန်မှာ အိုဘားမားအနေနဲ့ ‘လျူရှောင်ဘို’ နဲ့ သူ့ရဲဘော် ‘ဂေါင်ကျီရှန်း’ တို့ လွတ်မြောက်ရေးအတွက် တရုတ်သမတ ‘ဟူကျင်းတောင’် ထံမှာ တောင်းဆိုပေးဖို့ဖြစ်တယ်။
တရုတ်အစိုးရ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်  ‘မာကျောင်ဇူ’ ကတော့ ‘လျူရှောင်ဘို’ ဟာ ရာဇဝတ်သားတဦး ဖြစ်လို့ ဆုနဲ့ထိုက်တန်သူမဟုတ်လို့ ဆိုပါတယ်။ သူ့ကို ဆုမြှင့်ခြင်းကြောင့် နိုဘယ်လ်ဆုရဲ့ မူလရည်ရွယ်ချက်တွေကို ပျက်ယွင်း စေရုံမက ဆုရဲ့ဂုဏ်သိက္ခာပါ ကျဆင်းစေလိမ့်မယ်လို့ တုန့်ပြန်ပြောဆိုခဲ့တယ်။ ‘နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့’ ကတော့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးကို တဆက်တစပ်ထဲအဖြစ် အစဉ်တစိုက် လက်ခံထားတယ်လို့ ဆိုပါတယ်။ ‘နိုင်ငံအချင်းချင်း ချစ်ကြည်ရေး’ အတွက် ‘အခြေခံလူ့အခွင့်အရေးများ’ဟာ မရှိမဖြစ်လိုအပ်ချက်ဖြစ်တယ် – ဆိုတဲ့ ‘အဲလ်ဖရက် နိုဘယ်’ ရဲ့မှာကြားချက်ဆန္ဒနဲ့လည်းကိုက်ညီတယ်လို့ဆိုပါတယ်။ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ Thorbjoern Jagland က “တရုတ် နိုင်ငံဟာ စီးပွားရေး နိုင်ငံရေးအရ မဟာအင်အားကြီးနိုင်ငံအဖြစ် ပြောင်းလဲနေပါပြီ၊ အင်အားကြီးနိုင်ငံဖြစ် လာရင် ဝေဖန်စရာ ရှိလို့ ဝေဖန်ရင် လက်ခံရမှာ ဓမ္မတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ကမ္ဘာတဝှမ်းက ကောင်းချီးပေးခြင်းခံရတဲ့ ၂ဝ၁ဝ ခုနှစ် နိုဘယ်ဆုသတင်းကို ဘီဘီစီ၊ စီအင်န်အင်န်အပါအဝင် နိုင်ငံတကာ သတင်းတွေမှာ ဝမ်းမြောက်ဝမ်းသာ ဖေါ်ပြနေချိန်မှာ တရုတ်အစိုးရက တရုတ်ပြည်မှာ ဒီသတင်းကို မှောင်ချထားခဲ့တယ်။ နိုင်ငံတကာ ရုပ်သံလွှင့်ချက်တွေကို ဟန့်တားတိုက်ဖျက်မှုတွေ လုပ်ခဲ့တယ်။ ဒီလုပ်ရပ်ဟာ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံအစိုးရတရပ် လုပ်အပ်တဲ့ အလုပ် မဟုတ်တာသေချာပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များအတွင်း သမိုင်းမှာ ဘယ်တုံးကနဲ့မှ မတူအောင် တရုတ်နိုင်ငံရဲ့စီးပွားရေးတဟုန်ထိုး တိုးတက်အောင်မြင်လာခဲ့တယ်။ အခုဆိုရင် ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံဖြစ်လာခဲ့ပြီ။ လူဦးရေသန်းပေါင်းများစွာကိုလည်း ဆင်းရဲမွဲတေမှုက လွတ်မြောက်အောင် လုပ်နိုင်ခဲ့ပြီ။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အမြဲတမ်းကိုယ်စားလှယ် ငါးနိုင်ငံမှာ တနိုင်ငံ အပါအဝင်ဖြစ်တဲ့ တရုတ်နိုင်ငံဟာ ဗီတို အာဏာပိုင် နိုင်ငံကြီးလည်း ဖြစ်နေတယ်။

ဒီလို အဆင့်အတန်းကို ရောက်ရှိနေတဲ့ တရုတ်နိုင်ငံဟာ နိုင်ငံတကာလူသားအကျိုးပြုအရေးအရာတွေနဲ့စပ်လျဉ်းလို့ ဆုံး ဖြတ်ချက်တွေပေးတဲ့ အခါ ကျဉ်းမြောင်းသေးသိမ်တဲ့အမြင် ပုဂ္ဂလဓိဋ္ဌာန်သဘော ဆန္ဒစွဲသဘောဆောင်တဲ့ အယူဝါဒတွေကို အခြေခံဆုံးဖြတ်ဖို့ မသင့်ပါဘူး။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများကို တရုတ်အစိုးရ အနေနဲ့ကူညီအားပေးရ မှာဖြစ်ပြီး ဖိနှိပ်ရမှာ မဟုတ်ပါ။ လူ့အခွင့်အရေးကြေညာစာတမ်းအရ နိုင်ငံသား တဦးချင်းစီကို နိုင်ငံ့အရေးအရာကိစ္စတွေမှာ လွတ်လပ်စွာ ပါဝင်ခွင့်ပြုရမှာပါ။ အခုလို စာပေပညာရှင်လည်းဖြစ်၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ လည်းဖြစ်၊ အကြမ်း မဖက်တဲ့နည်းနဲ့နိုင်ငံ့အရေးအရာပါဝင်ဆောင်ရွက်သူဖြစ်တဲ့  ‘လျူရှောင်ဘို’ ကို အကြိမ်ကြိမ်ဖမ်းဆီးချုပ်နှောင် ထောင်ချ ခြင်းဟာ လက်ရှိတရုတ်နိုင်ငံရဲ့အဆင့်အတန်းနဲ့ မဆီလျော်ဘူးလို့ဝေဖန်  ထောက်ပြမှုတွေ ရှိခဲ့တယ်။

ဒါအပြင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူတဦးကို ဖိနှိပ်ခြင်းအားဖြင့် လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် စာတမ်း များကို ဆန့်ကျင်တဲ့သဘောဖြစ်ရုံမက အာဏာရှင်စရိုက်သဘာဝကိုလည်း ဖေါ်ပြလိုက်ရာကျတယ်လို့လည်း ဝေဖန်ခဲ့ကြတာ တွေ့ရတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေကြတဲ့ ဆူဒန်နိုင်ငံ၊ ဇင်ဘာဘွေ နိုင်ငံ၊ အီရန်နိုင်ငံ၊ မြောက်ကိုးရီးယားနိုင်ငံနဲ့မြန်မာနိုင်ငံ အစရှိတဲ့ အာဏာရှင်နိုင်ငံတွေကို လုံခြုံရေးကောင်စီက အရေးမယူ နိုင်အောင် တရုတ် က ဗီတိုအာဏာနဲ့အမြဲ အကာအကွယ်ပေးနေခြင်းဟာလည်း အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ကိစ္စလို့ ဝေဖန်မှုတွေ ရှိခဲ့ တယ်။ သက်ဆိုင်ရာနိုင်ငံ ပြည်သူလူထုရဲ့ဆင်းရဲဒုက္ခတွေကို မစာနာဘဲ၊ အာဏာရှင်တွေကို အားပေးထောက်ခံနေတဲ့ တရုတ်နိုင်ငံအဖို့ အခုလို တရုတ်နိုင်ငံသား ‘လျူရှောင်ဘို’ နိုဘယ်လ်ဆု ချီးမြှင့်ခံရခြင်းဟာ သူ့ရဲ့အာဏာရှင်စရိုက်ကို ဖွင့်ချ ဖေါ်ပြသလိုဖြစ်ခဲ့တယ်။

တနည်းအားဖြင့် တရုတ်နိုင်ငံရဲ့ကိုယ်တိုင်လူ့အခွင့်အရေးချိုးဖေါက်နေမှု၊ လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့နိုင်ငံတွေကို အ ကာအကွယ်ပေးနေမှုများနဲ့ပတ်သက်လို့လည်း ပြင်းထန်တဲ့ ဝေဖန်ချက်လို့ဆိုနိုင်ပါတယ်။ ၂ဝ၁ဝ ခုနှစ်နိုဘယ်ဆုဟာ အမှန် တကယ် ထိုက်တန်သူကို ချီးမြှင့်နိုင်ခဲ့တဲ့အတွက် တကမ္ဘာလုံးက ဝမ်းသာကျေနပ်ခဲ့ကြတယ်။ အရှည်သဖြင့်လည်း လည်း အခုလို ထိုက်တန်သူတွေကိုပဲ နိုဘယ်လ်ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်စေချင်ကြောင်း ပြောဆိုသံတွေ ကြားရတယ်။ အာဏာရှင်တွေကို အန်တုပြီး ဒီမိုကရေစီရေးနဲ့လူ့အခွင့်အရေးဘက်က ရပ်တည်ခဲ့ကြတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ (၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)၊ ကိုရီးယား သမတ ဟောင်း ‘ကင်ဒေးယုန်’ (၂ဝဝဝ ပြည့်နှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)၊ ဒီမိုကရေစီရေး အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ အီရန်အမျိုးသမီး ‘ရှီရင် အီ ဘာဒီ’ (၂ဝဝ၃ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်)၊ စသူတွေနဲ့ အလားတူ ‘လျူရှောင်ဘို’ ဟာ ၂ဝ၁ဝ နိုဘယ်လ်ဆု အတွက်အမှန်ပင်ထိုက်တန်သူဖြစ်ပါတယ်။

‘လျူရှောင်ဘို’ နိုဘယ်လ်ဆုချီးမြှင့်ခံရတဲ့အတွက် တရုတ်ပြည်သူလူထုအတွင်းမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့် အရေး ဘက်က ထောက်ခံသူတွေ အားတက်ဝမ်းမြောက်ဖြစ်ခဲ့ကြတယ်။ ဒါဟာ အာရှတိုက်အတွင်း လူ့အခွင့်အရေး တိုက်ပွဲဆင် သူတွေအတွက် အောင်ပွဲတခုလည်း ဖြစ်တယ်လို့ဆိုကြတယ်။ မြန်မာနိုင်ငံပါဝင်နေတဲ့ အရှေ့တောင် အာရှ ဒေသအတွင်းမှာ အာဏာရှင်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်နေမှုတွေကိုလည်း ရပ်တန်းကရပ်ဖို့ အချက်ပေးသံလည်း ဖြစ်ခဲ့တယ်။ အထူးသ ဖြင့် မြန်မာစစ်အာဏာရှင်တို့ရဲ့လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ထောက်ခံအားပေးခဲ့တဲ့ တရုတ်အစိုးရအတွက်လည်း ကိုယ့်မှားယွင်းတဲ့ခြေလှမ်းတွေ ပြန်ရုပ်သိမ်းဖို့ သတိပေးလိုက်ရာလည်း ကျပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာကော်မရှင်တာဝန်ခံ မစ္စ နာဗီ ပီလ်လေး (UN High Commissioner for Human Rights Navi Pillay) က “တရုတ်ပြည်နဲ့တကွ နိုင်ငံများစွာမှာ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်နေကြသူများဟာ စိန်ခေါ်မှုအများအပြားနဲ့ရင်ဆိုင်နေကြရပါတယ်။ ၂ဝ၁ဝ ခုနှစ် နိုဘယ်လ်ဆုက တရုတ်ပြည်နဲ့တကွ နိုင်ငံများစွာမှာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်နေကြသူများရဲ့ အလွန်တရာအရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုလိုက်တာဖြစ်လို့ ဒီချီးမြှင့်မှုကို ကြိုဆိုပါ တယ်။ တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ‘လျူရှောင်ဘို’လို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အကျိုး တော် ဆောင်များရဲ့ စွမ်းဆောင်ချက်များဟာ အလွန်တရာမှ အရေးပါတယ်လို့ ပြောချင်ပါတယ်။” လို့မှတ်ချက်ပေး ခဲ့တယ်။

မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်တိုက်ပွဲဆင်နေကြသူများအတွက်လည်း နိုဘယ်လ်ဆုရှင် ‘လျူ ရှောင်ဘို’ ဟာ စံနမူနာထားရမယ့် ပုဂ္ဂိုလ်ပါပဲ။ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့အနေနဲ့ တရုတ်အစိုးရရဲ့ခြိမ်းခြောက် စိန်ခေါ်မှုတွေ ကို အန်တုပြီး လူ့အခွင့်အရေး ကာကွယ် မြှင့်တင် တိုက်ပွဲဆင်နေကြသူများဘက်က ရပ်တည်ပြသလိုက်ခြင်းဖြစ်လို့ ၂ဝ၁ဝ ခုနှစ် နိုဘယ်လ်ဆုကို ထူးခြားတဲ့ သမိုင်းမှတ်တိုင်တခုလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

(ဝန်ခံချက် — ၂ဝ၁ဝ ခုနှစ် အောက်တိုဘာ (၃ဝ) မှာ မှီငြမ်းကိုးကား ရေးသားခဲ့တဲ့ဆောင်းပါး ဖြစ်ပါတယ်။)

ဖြည့်စွက်ချက်။    ။ လျူရှောင်ဘိုကို ၂ဝ၁၇ ဇွန်လ ၂၆ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေက ကျန်းမာရေးအခြေအနေ မ ကောင်းတော့တဲ့အတွက်၊ ဆေးကုသမှုပြုနိုင်ဖို့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးခဲ့တယ်။ ထောင်ထဲမှာ ၇ နှစ်နဲ့ ၆ လ အကြာ ပြန် လွှတ်ပေးချိန်မှာ အသည်းကင်ဆာရောဂါ ကျွမ်းနေပြီဖြစ်တယ်။ တရုတ်ပြည်ဆေးတက္ကသိုလ်ရဲ့ ရှင်ယန်းဆေးရုံမှာ ဆေးကု သခဲ့တယ်။ ဆေးရုံမှာ ၁၇ ရက်မျှသာ ခံပါတယ်။ ဇူလိုင် ၁၃ ရက်နေ့မှာ အသည်းကင်ဆာနဲ့ကွယ်လွန်ပါတယ်။ ဈာပနပြုလုပ်ခွင့် မပေးခဲ့ပါဘူး။ တရုတ်အင်တာနက် လူမှုကွန်ယက်တွေ WeChat and Weibo ပေါ်မှာ လျူရှောင်ဘိုအတွက် ဝမ်းနည်းမှု ဖေါ်ပြခွင့်တွေ ဆင်ဆာလုပ်ထားခြင်းခံခဲ့ရယ်။ ဇူလိုင် ၁၅ ရက်နေ့မှာ သူ့အလောင်းကို မီးသင်္ဂြိုလ်ပါတယ်။ အကျဉ်းရုံး အခမ်း အနားလုပ်ခွင့် အချိန်အနည်းငယ်ပဲ ပေးပါတယ်။ လုံခြုံရေးထူထူ ထပ်ထပ်ချထားပြီး တရုတ်အစိုးရအပေါ် ပြစ်တင်ဝေဖန်မှုတွေ မလုပ်နိုင်အောင် ဆောင်ရွက်ခဲ့တယ်။ လျူရဲ့အရိုးပြာကို မိသားစုဆန္ဒအရ ပင်လယ်ထဲမှာ ကြဲချခဲ့ကြောင်း တရုတ်အစိုးရက ကြေညာခဲ့တယ်။ လျူကို ချစ်ခင်လေးစားထောက်ခံသူများကတော့ တရုတ်အစိုးရဟာ လျူရှောင်ဘိုရဲ့ ဂူဗိမာန်ပေါ်ပေါက် လာမှာကို မလိုလားတဲ့အတွက် အရိုးပြာကို ပင်လယ်ထဲကြဲခဲ့တာဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြတယ်။

 

ကိုးကား
(1) Chinese Dissident Liu Xiaobo Wins Nobel Peace Prize (TIME MAGAZINE) By  Austin Ramzy / Beijing   Friday, Oct. 08, 2010.
(2) China’s Liu Xiaobo wins Nobel Peace Prize – Bangkok Post  * Published: 8/10/2010 at 06:50 PM
(3) https://en.wikipedia.org/wiki/Liu_Xiaobo#Death_and_funeral


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်