မောင်ဥက္ကလာ – ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ

August 5, 2017

Illustration – Nyi Pu Chay


– ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူများ

(မိုးမခ) သြဂုတ် ၅၊ ၂၀၁၇

ရန်ကုန်မိုးကလည်း ကောင်းလိုက်တာ တစိမ့်စိမ့် တစပ်စပ်နဲ့ မရပ်မနား။ ဒီလို မိုးအေးအေးမှာ ကော်ဖီကြမ်းတခွက် တကြိုက်သောက်ပြီး ငွေ အလွယ်ရနိုင်တဲ့လမ်း တောင်တွေးမြောက်တွေး ဖျာကြမ်းလေးပေါ်ကွေး စဉ်းစားနေတုန်း …

ဝုန်းကနဲ့ မီးခိုးလုံးကြီးနဲ့အတူ ဟား … ဟား … ဟား .. မြန်မာပေါကားတွေထဲကလို ကွမ်းတွေတမြုံမြုံဝါးပြီး ကွမ်းချိုးကပ်သွားတွေပေါ်အောင် တုန်တုန်ယင်ယင်* ရယ်မောလိုက်တဲ့ ရယ်မောသံနဲ့အတူ မျက်မှန်နက်ကြီးဝတ်၊ နှာခေါင်းပါးစပ်တွေကို ဖုံးအုပ်ထားကာ၊ ဘယ်ဘက်လက်မှာ မှန်ပြားတချပ်ကိုင်၊ ညာဘက်လက်မှာ လက်ကိုင်အော်လံလေး ကိုင်ထားတဲ့ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ အသားညိုညို အနီရောင်ဝတ်ရုံခြုံထားတဲ့ လူလိုလိုဘာလိုလိုကို မြင်လိုက်ရလို့ လန့်ဖြန့်သွားတယ်။ (*မကြာခင် မင်းသားတီးတာကို ခံရတော့မှာမို့ ရယ်မောသံက တုန်တုန်ယင်ယင် ဖြစ်နေခြင်း။)

“ဖလား … ဖုရား … ဖူးလား … ဘာအကောင်ပါလိမ့်။” ဒိန်းတလိန်းနတ်ဖမ်းသလို အထိတ်တလန့်ဖြစ်ကာ အသံတိတ် ရေရွတ်မိ။

“မကြောက်ပါနဲ့ ကိုယ့်ညီ … ငါကိုယ်တော် … အဲ ကျုပ် … ဒီကိုရောက်လာတာ … ကိုယ့်ညီ .. ငွေအကြောင်း စဉ်းစားနေတာ သိလို့ပါ။”

“ဟိုက် ရှာလပတ်ရည် …” ဂုရုကွေးကြီး ယောင်သလို ယောင်မိ။ “ကျုပ်အတွေးကို ဘယ်ဂလို သိပါလိမ့်။”

“ကိုယ့်ညီက ဒီလိုအချိန်အခါမျိုးမှာ ဂတုံးကြီးနဲ့ဆိုတော့ အချိန်အခါသင့်ပေါ့။ နေမအိပ် (စာဖတ်)၊ ညမအိပ် (စာရေး) ပိုက်ဆံမရတဲ့ အလုပ်တွေ လုပ်နေမယ့်အစား … ကိုယ့်ညီ … ငါနဲ့ လိုက်ခဲ့ပါ။ ချက်ချင်းလက်ငင်း ကိုယ့်ညီရဲ့  ဖုန်းအစုတ်ကိုလွှင့်ပစ်ပြီး ငါ့လို ဆမ်ဆောင်းယူမလား၊ အိုင်ဖုန်း ယူမလားရမယ်။ ပြီးတော့ ငါ့လို ယူနီဖောင်းမျိုး နှစ်စုံသုံးစုံ … သောင်းသိန်းချီတန်တဲ့ ဘိုမ၊ ကီမိုနို၊ အင်ဒို၊ ယိုဒယား ဘရန်းတွေ (brand) မျိုးစုံ ရမယ်။ ဒါတွေကို ပွဲပြီးရင် ပြန်သွင်းလိုက် အနည်းဆုံး သောင်းကျော်ရသေးတယ်။”

“စားရေးသောက်ရေးလည်း ဘာမှမပူနဲ့ အချိုရည်၊ အချဉ်ရည်၊ အပျော့အပြင်း၊ အပူအအေး ကြိုက်တာသောက်နိုင်တယ်။ အစာငတ်ခံဆိုပေမယ့် … ဝါးတီးကတော့ မနက်စာ၊ နေ့လယ်စာ၊ ညစာ၊ ညဥ့်စာ အသားငါးအဆီအစိမ့် အလျှံအပယ် … ပွဲသိမ်းတာနဲ့ ဝိတ်တက်စေရမယ်။ အကောင်းတကာ အကောင်းဆုံးက ကိုယ်ညီ အိပ်မက်မက် တောင့်တနေတဲ့… ရေ … ရန်ကုန်မြို့ တောင် ငါတို့လောက် ရေမလျှံဘူး။ ငါတို့ လှုပ်ရှားမှုကို နောက်ကွယ်ကနေ လိုအပ်တာ ဖြည့်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေရှိတယ်။ အဟွတ် … အဟွတ် … ဆေးတဖွာလောက် ရှိုက်ခွင့်ပြုပါ။” အဲ့ဂလို ရေပက်မဝင် ဒလဟော ပြောပြီး ရွှေဘူးကလေးထဲက မာဘိုလို ဖိုက်ဖိုက်ဖိုက် (Marlboro 555) ဆေးလိပ်တလိပ်ကိုထုတ်၊ မီးညှိကာ အငမ်းမရ ရှိုက်ဖွာလေတယ်။

သူ့အပြောကို နားထောင်ကြည့်ပြီး အတော်စိတ်ဝင်စားသွားတာမို့ “အဟမ်း … ကျနော် တခု သိချင်တာက … ဆရာကြီးပြောတဲ့ ဝတ်စုံဝတ်ပြီး အိမ်ဖျက်ရမှာလား။ အနိုင်ကျင့်လို့ရတဲ့ ရပ်ကွက်ထဲဝင် မျိုးညစ်အုပ်စုတွေလို ဆွမ်းကြီးလောင်းရမှာလား၊ နဝေတိမ်တောင် ဖြစ်နေတဲ့လူတွေ အထိတ်တလန့်ဖြစ်အောင် တပ်လှန့်ရမှာလား။ စပွန်ဆာတွေ ကြည့်မရတဲ့လူတွေ ဘာသာခြားတွေ၊ မတူကွဲပြားတွေကို ခြိမ်းခြောက် ရှင်းလင်း ပစ်ရမှာလား။ ဒါတွေ လုပ်ဖို့ဆိုရင်တော့ …”

“အလဲ့ … ချက်ဆို နားခွက်မီးတောက် … တထွာတမိုက်မြင်တဲ့ လူပါလား။ ဒါကြောင့် ကိုယ့်ညီဆီ ငါတို့ ရောက်လာတာ။ ကိုယ့်ညီပြောတဲ့ အလုပ်တွေက လုပ်သင့်သလောက် လုပ်ပြီးပြီ။ အခုတခါ လုပ်ရမှာက ပိုကြီးတယ် … စော်ဖွန်ဆာ (Sponsor) ကြီးတွေအဆိုအရ … ဂရန်ပလုံ (Grand Plan) ဆိုလား … ဘာလား … အကြီးကြီး … ကြည့်လေ … ငါတို့ဆို ပွဲမစခင်ကတည်းက တော်တော်စိုပြေနေပြီ။ ငါတို့လက်ထဲမှာ ကိုင်ထားတဲ့ ထန်းပလက် (Tablet) မှန်ထောင်ကြီးကိုကြည့်လိုက် … အကောင်းစား။ မျက်မှန်ကလည်း ဟို သိန်းတထောင် (မြန်မာပြည်) ဝတ်တဲ့ ပလာတာမျိုး (Prada) … ငါ့အနေနဲ့ ဂတုံးအချင်းချင်းမို့ ကိုယ့်ညီကို လာခေါ်တာ။ ဟို … ငါတို့ ဗမာစကားရှိပါတယ် .. ဘာတဲ့ … ခေါင်းတလုံးရင်း အိုတောင် မဆင်းရဲဘူးပေါ့။ အဟွတ် … အဟွတ် …”

အင်း … ဒီ ဂတုံး ပြောအရတော့ သိပ်မဆိုးလှ။ အလကားနေ … မိုးအေးအေးထဲ ကွေးနေမယ့်အစား … အကျိုးအကြောင်း သေချာမေးပြီး၊ တစ်ရက်နှစ်ရက် လိုက်သွားလိုက်ရင် သူ့အပြောအတိုင်းဆို တစ်လစာလောက် ဖူလုံနိုင်မယ်။

“ကောင်းပါပြီ။ ကျနော်က ဘာအလုပ်မျိုး လိုက်လုပ်ပေးရမလဲ။ အတိုက်အခိုက်၊ အသတ်အပုတ်ဆိုရင်တော့ … မခေါ်နဲ့ … ကျနော်က ခြင်တောင် သွေးမြင်ရင်လန့်လို့ မရိုက်ရဲဘူး။” အဲ့ဂလို မိမိ အကြောက်ကြီးပုံကို အရှက်မရှိ ဝန်ချပြောလိုက်မိတယ်။

“အလို … ဘာမှ မကြောက်ပါနဲ့ ကိုယ့်လူ။ ဒီတပွဲက အသတ်အပုတ်၊ ရိုက်နှက်တာ မပါပါဘူး။ အခုက အေးအေးဆေးဆေး … ဗီးနိုင်းလေးကိုင်၊ ဖုန်းလေးပွတ်၊ တချက်တချက် ရှေ့ ကတိုင်ပေးတဲ့အတိုင်း လိုက်အော်၊ အပူအအေးသောက်၊ တရားထိုင်သလို ဟန်လေးနဲ့ ငိုက်မြည်း အေးရာအေးကြောင်း ဆန္ဒပြရုံလေးပါ။”

“ဟုတ်ပါပြီ … ဘယ်သူက ဘာဖြစ်လို့။ ဘယ်သူကို ဘယ်သူတွေက ဘာဖြစ်လို့ ငွေကြေးကုန်ကျခံ စော်ဖွန်ဆာ .. အဲ .. စပွန်ဆာပေးပြီး ဆန့်ကျင်ဆန္ဒပြကြတာလဲ။”

“သြော် … သနားစရာ … ကိုယ့်ညီ ဖွဘုတ်မပွတ် ဘာမှ မသိပါလား။ ငါတို့ ဆရာ့ဆရာကြီးတွေ ဟောပြောချက်အရ … အင်္ဂလိပ်လိုတော့ ဘလိုင်းဝက် (Brainwash) အရ … အခု ငါတို့ မဟာဗမာနိုင်ငံကြီးကို ကုလားတွေ ဝါးမြိုတော့မယ်။ ငါတို့ ဗမာမတွေ မွတ်ကုလားမယား ဖြစ်တော့မယ်။ ငါတို့ ဆရာကြီးဆိုရင် … ဗမာမတွေကို ကုလားယူမယ့်အစား … ခွေးတို့ .. ငါတို့လို ဂတုံးဝတ်ရုံနီဝါ ဝတ်တွေကိုယူဖို့ ဟောပြောနေတယ် … ကိုယ့်ညီလည်း လူပျိုကြီးဆိုရင် ဒီအခွင့်အရေးရှိတယ်။ ငါတို့ဆို ကုလားကို ဘယ်ဂလောက် မုန်းသလဲဆို … ကုလားပဲဟင်း မစားဘူ။ ကုလားထိုင်နဲ့ မထိုင်ဘူး။ ကုလားပြည်မှာပွင့်တဲ့ ဘုရားတောင် မရှစ်ခိုးတော့ဘူး … အဲ့ဂလောက်ပြတ်တာ မှတ်ကရော … အဟွတ် … အဟွတ် …”

“ဟုတ်ပါပြီ။ ကျနော် မေးတာကို အရင် အလင်းပြ ရှင်းပါအုံး။”

“အင်း … တိုက်ရိုက်ဆက်သွယ်ဆက်ဆံနေတဲ့ ထိပ်ပိုင်းက ဒို့ဆရာကြီးတွေတော့ ပိုသိပါတယ်။ ငါ သိသလောက် မကွယ်မဝှက် ပြောရရင်တော့ … လုပ်ရိုးလုပ်စဉ်၊ လုပ်နေကြအတိုင်း … ငါတို့ နောက်ကွယ်မှာရှိတဲ့ လက်မည်းကြီးတွေ စော်ဖွန်ဆာနဲ့ အခုလက်ရှိ ပြည်သူဆိုတဲ့ လူတွေ မဲပေးတင်မြှောက်လိုက်တဲ့ မယ်တော်ကြီး အစိုးရကို အခြေအမြစ်မရှိ စွပ်စွဲချက်တစ်ထောင်တစ်ရာနဲ့ ဆန့်ကျင်ဆန္ဒပြ ဖြုတ်ချပစ်ဖို့ပါ။ အဓိကတော့ ငါတို့ နေ့စား ဘာညာရနေသရွေ့  ပြသွားကြမယ်။”

“ကောင်းပါပြီ … အဲ့ဂလို ဆန္ဒပြနေတုန်း အော်ဟစ်နေတုန်း … မီးလောင်းဗုံးနဲ့ လာပစ်ရင် … ဘယ်ဂလို လုပ်မလဲ။”

“အဲဒါကို တွေးကြောက်မနေပါနဲ့။ အဲ့ဂလို မီးလောင်းဗုံးနဲ့ ပစ်တဲ့လူတွေက ကျုပ်တို့နောက်မှာ … အဲ .. သူတို့က အခု မရှိကြတော့ဘူးလေ။ ပြောပြီးပါပြီ … အေးရာအေးကြောင်း … မအေးသောင်း … အယ် … ညကို ပွတ်ကြည့်ထားတာကို သတိရနေသေး။ အခုတကြိမ်က ငါတို့လုပ်ရမှာက အော်လိုက်ဟစ်လိုက်၊ နားလိုက်၊ စားလိုက်၊ ပေးတာယူလိုက်နဲ့ ပျော်စရာကြီး။ ဘာမှ ကြောက်စရာ စိုးရိမ်စရာ နိတ္တိပါ။”

“အဲ့ဂလိုလား” … သိန်းသန်းချီလူထု အသည်းကြားက မဲတပြားနဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို … ဘာရမယ် ညာရမယ်ဆိုလို့ စုဝေးကြတဲ့ လက်တဆုပ်စာ အုပ်စုက … နှစ်ငါးဆယ်ကျော်ကြာ တိုင်းပြည်နဲ့လူထု ကုန်ကောက်စရာမကျန်၊ ဖွတ်ဖြစ်အောင် စွမ်းစွမ်းတမံ လုပ်သွားခဲ့တဲ့ အာဏာရှင်အစိုးရ၊ စစ်အစိုးရ (တပ်မတော်ဆိုတဲ့ အသုံးအနှုန်းသာ သုံးရမည်ဆိုသည်ကို ဒီဆောင်းပါးရေးပြီချိန်မှ သိရ၍ စာပြင်ဖို့ အခက်အခဲ များစွာရှိသည်မို့ နောက်ရေးမည့် စာများမှာသာ သတိရလျှင် ပြင်ဆင်ရေးသားသွားပါမည်။) ကယ်တင်ရှင် အစိုးရကို ပြန်လည်တမ်းတနေတဲ့ ဒီအုပ်စုရဲ့  လုပ်ရပ်ကို ကြည့်ပြီးတော့ ကြက်သီးဘဲသီးထ (H1N1 ကြောင့်ဖြစ်နိုင်တယ်) ကြောက်လန့်မိ။

“ကဲ ကောင်းပါပြီ။ ထ .. ထ .. အချိန်မလင့်ခင် တယောက်တပိုင်းရှိတဲ့ အုပ်စုကို အင်အားပြန်ဖြည့်ဖို့ လစ်ကြမယ်။ ဒီမှာ ဒီဝတ်ရုံကိုဝတ်၊ ဒီမျက်မှန်ကိုတပ်၊ ဒီမှန်ထောင်ပြားကြီးကိုကိုင် … လမ်းရောက်မှ … ဟိုမှာ ဆဲရဆိုရ … အာ … ဟုတ်ပါဘူး … အော်ရမယ့် … xxx xxx … xxx … တွေကို နှုတ်တိုက်သင်ပေးမယ်။ လာ သွားကြစို့” ဆိုပြီး လက်ကို ချုပ်ကိုင်ဆွဲ ထခိုင်းတယ်။

ပြတင်းပေါက်ကနေ အိမ်ရှေ့ ကို တချက်လှမ်းကြည့်လိုက်တော့ ဘယ်သူမှ ဘာမှမထင်တဲ့ပုံစံနဲ့ အိမ်ရှေ့ လမ်းကိုပိတ်ပြီး ရပ်ထားတဲ့ မှန်လုံကားကြီးနဲ့ ကားအနားမှာ စကားပြောစက် ဖုန်းရှည်ရှည် ဘာညာကိုင်ထားတဲ့ မျက်မှန်တပ် သုံးလေးယောက်ကို တွေ့ရတယ်။ သူတို့ကိုကြည့်ပြီး ဘယ်ဂလိုဖြစ်လဲမသိ … ကွမ်းသီးလောက်ရှိတဲ့ … ချွေးတွေတပြိုက်ပြိုက်ကျ… အသက်ရှုကြပ်လာကာ၊ အနီရောင်ဝတ်စုံ လွှမ်းခြုံထားတဲ့ ပုဂ္ဂိုလ်ကိုင်ဆွဲထားတဲ့လက်ကို ပုတ်ချပြီး …

“မလိုက်တော့ဘူး။ ကျနော်ကို မခေါ်သွားပါနဲ့။ ကျနော့်လက်ကို လွှတ်ပါ… ကြောက်လို့ပါဗျာ … မလိုက်ရပါစေနဲ့။” အော်ဟစ်ကာ တကိုယ်လုံး ချွေးတွေရွှဲစိုကာ လန့်နိုးတော့ ကြောက်လိုက်တာမပြောနဲ့ ရင်ထဲတဒိန်းဒိန်းနဲ့ အခုစာရေးချိန်အထိ မရပ်သေး။

အော် … ဘယ်ဂလိုပဲဖြစ်ဖြစ် အိပ်မက်ဖြစ်နေလို့ တော်သေးတယ်။ နို့မို့ဆို … သမိုင်းမှာ … ဂတုံးနဲ့ အပြုံးမဲ့ အမုန်းပွားသူအဖြစ် မှတ်တမ်းပြုခံနေရအုံးမယ်။

ဝေနေယျသတ္တဝါအပေါင်း အမုန်းပွား ကုန်းချော၊ ကုန်းတိုက် ဂတုံးများလက်မှ ကင်းဝေးကြပါစေ။

(* .. ဂတုံးအစား … ရေးတဲ့အခါ ခေါင်းတုံးလို့ ရေးရသည်ကို သိပါသည်။ သို့ပေမယ့် ဒီလူများသည် အပင် (အသိဥာဏ်) မပေါက်နိုင်တော့တဲ့ တောင်ဂ(က)တုံးများလို ဖြစ်သောကြောင့် ဂတုံးလို့သာ ရေးလိုက်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သရော်စာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်