စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၁)

August 5, 2017

● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၁)
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၇

“မြန်မာတို့သည် အရည်အသွေး နှစ်မျိုး ပေါင်းစပ်ထားသည်။ သူတို့တွင် မဟာမေဒင် တယောက်၏ တိရိစ္ဆာန်များကို အသက် ရှင်စဉ် ကြင်နာစွာ စောင့်ရှောက်တတ်သော နှလုံးသားရှိပြီး ဟိန္ဒူတဦးလို သူများအသက် သတ်ခြင်းကို ကြောက်ရွံ့မှုမျိုး ရှိသည်။ တိရိစ္ဆာန်များအပေါ် သူတို့ ကြင်နာပုံကို ကြည့်ခြင်းဖြင့် လူလူချင်း မည်မျှ ကြင်နာမည်ကို သိနိုင်သည်။”

“မြန်မာတို့သည် သူတပါး၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုလည်း ဥပဒေနဲ့မငြိစွန်းသမျှ ဝင်ရောက်စပ်စု စွက်ဖက်လေ့မရှိပေ။ သူတပါး၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက် ချယ်လှယ်ခြင်းသည် နှစ်ဘက်လုံးအတွက် ဆိုးကျိုးကိုသာ ဖြစ်စေသ ည်ဟု သူတို့ ယုံကြည်ပေသည်။”

“မြန်မာများသည် သူတို့ပတ်ဝန်းကျင်မှ လူများအပေါ်တွင်လည်း အလွန်သည်းခံတတ်ပေသည်။ မြန်မာ့လူ့ဘောင်တွင် ရာဇဝတ်မှု ကြီးကြီးမားမား မရှိချေ။”

“မြန်မာတယောက်၏ ကလေးများ၊ တိရိစ္ဆာန်များ၊ သူ့ထက် နိမ့်ကျသူများ အပေါ် ကြင်နာစွာ ဆက်ဆံမှုထက် ပိုပြီးလှပသော အရာ မရှိပေ။ သူတို့အတွက် ခွန်အားကြီးခြင်းနှင့်အတူ ကိုယ်ချင်းစာတရားနှင့် ကြင်နာခြင်းသည် အမြဲတွဲလျက်ရှိသည်။”

“မြန်မာများသည် တဦးနှင့် တဦး အဆင့်အတန်း အတူတူပင် ဖြစ်သည်။ ဆင်းရဲသူနှင့် ချမ်းသာသူဟူ၍ရှိသော်လည်း ကွာ ဟချက် မကြီးမား။ ထားစရာမရှိအောင် ချမ်းသာသူမရှိသလို စားစရာမရှိအောင် ဆင်းရဲသော မြန်မာလည်း မရှိချေ။”

“မြန်မာကလေးများ၏ ငယ်ဘဝသည် အလွန်ပျော်စရာကောင်းသည်။ မည်သည့် မြန်မာမဆို ကိုယ့်သားသမီးကို ကျေးကျွန် သဖွယ် မစေခိုင်းပေ။ ပျော်စရာအတိပြီးသော ကလေးဘဝ ဖြစ်ပေသည်။”

“ဤလောက မြေမဟီဝယ် ကြင်နာခြင်း၊ သူတပါးကို အမြဲ ကူညီလိုခြင်း၊ ဧည့်ဝတ်ကျေခြင်း၊ ကိုယ်ချင်းစာတတ်ခြင်း အရာတွင် မြန်မာတွေကို ယှဉ်နိုင်သူ မရှိပေ။”

စာဖတ်နေရင်းနှင့် အထက်ပါ မှတ်ချက်များကို ဖတ်လိုက်ရလျှင် တမင် အရွဲ့တိုက်ပြီး ပြောနေတာ ဖြစ်ရမည်ဟု ထင်ကောင်း ထင်မည်။ ဟင် လာနောက်မနေနဲ့ဟု တွေးမိကောင်း တွေးမိပေမည်။ မဟုတ်ပါ။ အရွဲ့တိုက်တာလည်း မဟုတ်၊ နောက် တာလည်း မဟုတ်ပါ။ တကယ်ပင် မြန်မာများအပေါ် နိုင်ငံခြားသားတဦးက ပေးသွားသောမှတ်ချက်များ ဖြစ်ပါသည်။ သို့ သော် ယခုခေတ် မြန်မာများတော့မဟုတ်၊ ၁၉ ရာစုနှစ်က ရှေးမြန်မာများ ဖြစ်ပါသည်။

မှတ်ချက်ပေးခဲ့သူ နိုင်ငံခြားသားကလည်း သာမန်လူမဟုတ်။ သူ့ခေတ်က အတော်ထင်ရှားသော အင်္ဂလိပ် စာရေးဆရာကြီး ဖြစ်သည်။ သူ့နာမည်က ဖီးလ်ဒင်းဟော(Fielding Hall) ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်လာခဲ့သူ ဖြစ်သည်။ သူ့စာအရလည်း အိန္ဒိယပြည်နှင့် မြန်မာပြည်တွင် အတော်ကြာကြာ နေခဲ့သူ ဖြစ်မှန်း သိသာသည်။ မြန်မာပြည်တွင် အင်္ဂလိပ် အရာရှိကြီးအဖြစ်နှင့် လာရောက်အုပ်ချုပ်ခဲ့သည်။ ထိုခေတ်က မြန်မာတွေနှင့် ရန်သူအဖြစ်လည်း ယှဉ်ပြိုင်တိုက် ခိုက်ခဲ့ဖူးသည်။ သူက ထိုခေတ်က မြန်မာတွေကို လေ့လာပြီး စာအုပ်တအုပ် ရေးခဲ့သည်။ စာအုပ် အမည်က The Soul Of A People (လူမျိုးတမျိုး၏ စိတ်ဝိညာဉ်) ဖြစ်သည်။

သူသည် ထိုစာအုပ်ကို ပြီးစလွယ် ရေးသည် မဟုတ်။ ထိုစာအုပ်ရေးရန်အတွက် မြန်မာများစွာနှင့် မေးမြန်းပြောဆိုခဲ့သည်။ မြန်မာတွေ၏ အပြူအမူ စိတ်နေစိတ်ထားတို့ကို အသေးစိတ် လေ့လာသည်။ မြန်မာတွေ ကိုးကွယ်သောဘာသာတရားကို စာအုပ်များမှ တဆင့်လည်း လေ့လာသည်။ ကိုယ်တိုင်လည်း မြန်မာတွေ၏ အပြုအမူကို တစေ့တစောင်း အကဲခတ်သည်။ ရဟန်းတော်များ၏ဘဝကို ရေးရန်အတွက် မြန်မာပြည်တွင် သူနေထိုင်သောအချိန်၏ လေးပုံ တပုံကို ဘုန်းတော်ကြီး ကျောင်းများတွင် တည်းခို နေထိုင်ခဲ့သည်ဟု ဆိုသည်။ အံ့တော့ အံ့သြစရာ။ မြန်မာလူမျိုး စာရေးဆရာ တယောက်တောင် သူ့လောက် အပင်ပန်းခံပြီး လေ့လာနိုင်ပါ့မလားဟု ထင်ရသည်။ သူက သူ့စာအုပ်တွင် ကျွန်ုပ်သည် မြန်မာတွေ (သူ့ စာ လုံးပေါင်းအရ Burman) အကြောင်း တဆင့်ကြားဖြင့် ပြောစကားများ စာအုပ်များကို အခြေခံပြီး ရေးသည်မဟုတ်၊ ကျွန်ုပ်ကိုယ်တိုင် မျက်စိဖြင့်မြင်ပြီး စိတ်တွင် နားလည်ခဲ့ရသည်ကိုသာ အခြေခံပြီး ရေးသည်ဟု ဆိုသည်။ သူက ကိုယ် တိုင်ကိုယ်ကျ မြင်ခဲ့ရသူဖြစ်သဖြင့် သူ့မှတ်တမ်းသည် အတော် အားထားလောက်သည်။

ဖီးလ်ဒင်းဟော၏ မျက်မြင် မှတ်တမ်းအရ မြန်မာတွေသည် လူအချင်းချင်း ကြင်နာသည်။ သူ့အသက်သတ်ရမည်ကို ကြောက် ရွံ့သည်။ သည်းခံတတ်သည်။ ရာဇဝတ်မှုမှာလည်း အသေးအဖွဲလေးတွေသာ ရှိသည်။ လူတန်းစား ကွာဟမှုနည်းသည်ဟု ဆိုသည်။

ထိုခေတ်က ရဟန်းတော်များ အကြောင်းကို သူ့စာအုပ်တွင် ရဟန်းဘဝဟူသော ခေါင်းစဉ်ဖြင့် အခန်း ၂ ခန်း ရေးသား ဖော်ပြခဲ့သည်။ သူ့မှတ်တမ်းအရ ထိုခေတ်က ရဟန်းတော်များသည် ဖြူစင်မှုတွင် မြန်မာ့လူ့အဖွဲ့အစည်း၏ စံပြပုဂ္ဂိုလ်များ ဖြစ်ကြောင်း၊ မြန်မာတို့သည် ရဟန်းတော်များထံမှ မည်သည့်အရာမျှ မမျှော်မှန်း မတောင်းဆို မြတ်စွာဘုရားရှင်၏ အဆုံး အမများအတိုင်း ကျင့်သုံးနေထိုင်ရန်သာ တောင်းဆိုသည်ဟု ဆိုသည်။ ရဟန်းတော်များကလည်း လူ့ကိစ္စများတွင် ပါဝင် ပတ်သက်လေ့မရှိ နိုင်ငံရေးတွင် ရဟန်းတော်များ ဝင်ရောက်စွက်ဖက်သည်ကို သူတကြိမ်မှ မကြားခဲ့ဖူးဟု ရေးသည်။ နိုင်ငံ ရေးနှင့်ပတ်သက်လျှင် သဘောထားမှတ်ချက်ပေးခြင်းကိုပင် သူ့ခေတ်က ရဟန်းတော်များက မလုပ်ကြဟု ဆိုသည်။ မလွှဲ မကင်းသာ၍ ပါဝင်ပတ်သက်ရလျှင်လည်း လူများ ဒုက္ခဆင်းရဲရောက်နေသည်ကို ဘုရင်မင်းမြတ်ထံ မေတ္တာရပ်ခံခြင်း၊ ရာဇ ဝတ်သားများအတွက် အသက်အလှူခံခြင်း စသည့်ကိစ္စများသာ ဖြစ်သည်။ ဖီးလ်ဒင်းဟောက သံဃာတော်တို့၏ အသံသည် အမြဲတမ်းပင် ကြင်နာခြင်းဖြင့် ပြည့်လျှက် ရှိသည်။ မြန်မာတို့၏ အသည်းနှလုံးတွင် ရဟန်းသံဃာတော်များလို ကြည်ညိုမြတ်နိုးခြင်း ခံရသူ တဦးမျှ မရှိ။ ထိုကြည်ညိုမှုသည်လည်း သံဃာတော်များနှင့် ထိုက်တန်သည်ဟု ရေးခဲ့သည်။ (ထိုစာအုပ်ကို ဖီးလ်ဒင်းဟော ရေးသည့်အချိန်မှာ ၁၈၈၆ ဖြစ်ပြီး သီပေါမင်း ပါတော်မူပြီး နောက်တစ်နှစ် ဖြစ်သည်။)

ဖီးလ်ဒင်းဟောက မြန်မာတွေ၏ အပြုအမူကောင်းများကို ကိုယ်တိုင် မတွေ့ရသူများအတွက်မူ ဒဏ္ဍာရီ ပုံပြင်များသဖွယ် ဖြစ်နေပေမည်။ ကျွန်ုပ်ကိုယ်တိုင် တွေ့ခဲ့ရသဖြင့်သာ ရေးနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။ မြန်မာများသည် ပိုင်ရှင်မဲ့ ခွေးများ ကိုပင် ဝဖီးနေအောင် ကျွေးမွေး စောင့်ရှောက်ထားနိုင်ခြင်းမှာ အလွန် မျက်စိပသာဒ ဖြစ်သည်ဟု ရေးခဲ့သည်။ ထိုခေတ်က မြန်မာတွေသည် မြွေကင်းကဲ့သို့သော အဆိပ်ရှိသောသတ္တဝါများကိုပင် ချောက်လှန့်မောင်းနှင်၍ရပါက မသတ်ကြဟု ဆို သည်။ သို့သော် မြွေပွေးမှာမူ ချွင်းချက်ဖြစ်သည်ဟု ဆိုသည်။ မြွေပွေး၏ သဘာဝအရ လူခြေသံကြားသည်နှင့် အခြားမြွေ များလို မပြေးပဲ တကိုယ်လုံးငြိမ်သက်ကာ တိုက်ခိုက်ရန် အသင့်ပြင်ထားတတ်သဖြင့် ထိုမြွေကိုမူ မြန်မာတွေက ရှင်းလင်း လေ့ရှိသည်ဟု ဆိုသည်။ ဖီးလ်ဒင်းဟောက မြန်မာတဦးသည် သူနှင့် သူ့ပတ်ဝန်းကျင်အတွက် ကာကွယ်ရန် အခြားနည်းလမ်း မရှိတော့မှသာ တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ စာပိုဒ်အချို့တွင်လည်း ထိုခေတ်က မြန်မာတွေနှင့် တိုက်ခိုက်ခဲ့ရသော သူ၏ ကိုယ်တွေ့ အတွေ့အကြုံများကို ရေးသားခဲ့သည်။ ရန်သူ အင်္ဂလိပ်အရာရှိတဦး၏ ကိုယ်တွေ့မှတ်တမ်းဖြစ်သဖြင့် သမိုင်းတန်ဖိုး ရှိပေသည်။ စိတ်ဝင်စားဖွယ်ကောင်းသော မှတ်ချက်အချို့မှာ ထိုခေတ်က မြန်မာ့လူ့အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ ရော စိတ်ဓာတ်ပိုင်းပါ အကောင်းဆုံးအနေအထားဖြစ်ပြီး ဘုရင့်အစိုးရနှင့် နန်းတော်အသိုင်းအဝိုင်းသာ အုပ်ချုပ်မှု ညံ့ဖျင်းခဲ့ ကြောင်း၊ သို့သော် ဘုရင်ညံ့သဖြင့် အထက်မြန်မာပြည်ကို သိမ်းပိုက်နိုင်သည်ဟု ထင်လျှင်ကား အမှားကြီးမှားမည် ဖြစ် ကြောင်း၊ အတော်ဆုံး ဘုရင်တပါး အုပ်ချုပ်နေလျှင်လည်း ကျွန်ုပ်တို့က သိမ်းပိုက်မည်သာ ဖြစ်သည်ဟု ဆိုသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ထိုစဉ်က နိုင်ငံရေး လိုအပ်ချက် ဖြစ်သည်ဟု ရေးသားထားသည်။(ဖီးလ်ဒင်းဟော ရေးသားသော Thibaw’s Queen ဟူသော စာအုပ်ကို ဆရာ ပါရဂူက “သီပေါ၏ မဟေသီ” အမည်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုခဲ့ဖူးသည်။ The soul of a people စာအုပ်ကိုမူ ဘာသာပြန်ဖူးခြင်း ရှိ/မရှိ မသေချာပါ။ ဘာသာပြန်ထားခြင်း မရှိသေးပါမူ နှစ်ဘာသာလုံးတွင် ကျွမ်းကျင်သူတဦးက မူရင်း စာရေးသူ၏ အာဘော်ကို မပျောက်ရအောင် ဘာသာပြန်နိုင်လျှင် ကောင်းမည်ဟု ထင်ပါသည်။ ကိုယ့် မိဘဘိုးဘွားများ ဖြစ်ကြသော ရှေးမြန်မာတို့၏အကြောင်းကို သမိုင်းအထောက်အထား ရနိုင်ပေသည်။)

ဆက်ပြီး ဖီလ်ဒင်းဟောက အထက်မြန်မာပြည်ကို သိမ်းပိုက်ရသည်မှာ အလွန်လွယ်ကြောင်း၊ မင်းလှခံတပ်တွင်သာ ခုခံမှု တွေ့ရပြီး မြန်မာတို့၏ ခုခံမှုမှာ အားပျော့လှကြောင်း၊ ထိုသို့ ဖြစ်ရသည်မှာ မြန်မာတို့သည် သီပေါမင်း မရှိလျှင် နောက်ဘုရင် တပါး ဆက်လက် အုပ်ချုပ်မည်ဟု ထင်နေသောကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။ ၆ လကျော်ပြီးနောက် အင်္ဂလိပ်တို့က အပြီး ပိုင် အုပ်ချုပ်ရန်လာသည်ဟု သိသွားသောအချိန်တွင်မူ မြန်မာတို့၏တိုက်ခိုက်မှုမှာ ပြင်းထန်လှသည်ဟု ဆိုသည်။ ဖီးလ်ဒင်း ဟောက “ဗန်းမော်မှ မင်းလှအထိ ဧရာဝတီ မြစ်ဝှမ်းတလျှောက်နှင့် ရှမ်းကုန်းမြေမြင့်မှသည် ချင်းတောင်တန်းများ အထိ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ သီပေါမင်းကို နန်းချရသည်မှာ လွယ်သလောက် မြန်မာတွေကို နှိမ်နင်းရသည်က ခက်လှသည်။ သူတို့ ပြောင်မြောက်စွာ တိုက်ခိုက်ကြသည်။ သူတို့ကိုင်ရသော ညံ့ဖျင်းသည့်လက်နက်များသည် သူတို့လူမျိုး၏ မွေးရာပါ သတ္တိစိတ်ကို မတားဆီးနိုင်၊ လွတ်လပ်မှုကို မွတ်သိပ်သည့်စိတ်က သူတို့ကို စိတ်ဓာတ်ခွန်အား ပေးခဲ့သည်” ဟု ရေးသားခဲ့သည်။

စာရေးသူ ဖီးလ်ဒင်းဟောက မြန်မာတွေ၏ ကြင်နာတတ်ခြင်း၊ ငဲ့ညှာတတ်ခြင်း၊ ရာဇဝတ်မှု နည်းပါးခြင်း၊ သည်းခံတတ်ခြင်း၊ သူတပါး၏ ကိုယ်ရေးကိုယ်တာကို မစွက်ဖက်ခြင်း စသော အရည်အချင်းကောင်းများသည် ဗုဒ္ဓတရားတော်ကြောင့် ဖြစ် သည်ဟု ဆိုသည်။ သူ မြန်မာတွေကို သေသေချာချာ လေ့လာကြည့်တော့ ဗုဒ္ဓတရားတော်ကို သေချာစွာ နားလည်ရုံသာ မဟုတ်၊ အသည်းနှလုံးထဲတွင်ပါ ဆောင်ထားသည်ဟု ဆိုသည်။ ဗုဒ္ဓ၏ သြဇာလွှမ်းမိုးမှုကြောင့်သာ မြန်မာတွေမှာ ထိုအရည် အသွေးများ ရှိနေခြင်းဖြစ်သည်ဟု ရေးခဲ့သည်။ သူ့စာအုပ်တွင် ဗုဒ္ဓကို ဆရာမြတ် (Great Teacher) အဖြစ် နေရာ အ တော်များများတွင် ညွှန်းဆိုခဲ့သည်။ မြင့်မြတ်သောအရှင် (Great Master) ဟူ၍လည်း ခေါ်ဝေါ်ခဲ့သည်။ ဘာသာတရားသည် မြန်မာ့ လူ့အဖွဲ့အစည်းကို ကောင်းစွာ စောင့်ရှောက်ခဲ့သည် ဆိုသော သက်သေပင် ဖြစ်သည်။

အင်္ဂလိပ် အရာရှိကြီးကသာ မှတ်တမ်းတင်သည် မဟုတ်။ ဗုဒ္ဓသာသနာပြု ပုဂ္ဂိုလ်ကြီးအဖြစ် ကမ္ဘာတွင် ထင်ရှားနေသော ဆရာကြီး ဦးဂိုအင်ကာ၏ အဘိုးက သူ့ကိုယ်တွေ့အရ သူခိုးမရှိသော တိုင်းပြည်ဟုပင် ဥဒါန်းကျူးခဲ့ရသည်။ သူက ကျေး လက်တောရွာများသို့ နောက်လိုက်နောက်ပါ လှည်းသမားများ နှင့်အတူ ကုန်စည်လှည့်လည်ပြီး ရောင်းချခဲ့သည်။ တနေရာ တွင်တော့ စရပ်ပေါ်မှာ အိပ်ကြသည်။ နောက်တနေ့ ခရီးဆက်ကြတော့ သူ့ငွေအိတ်ကို စရပ်ပေါ်တွင် မေ့ကျန်ခဲ့ရာ လေး ငါးမိုင်လောက်ရောက်မှ သတိရသည်။ ထို့ကြောင့် ပြူးပြူးပျာပျာဖြစ်လျက် လှည်းသမားတွေကို ပြန်လှည့်မောင်းဖို့ ပြောသည်။ လှည်းသမားတွေက ဘာမှ မထူးခြားသလို အပြန်ကျတော့ ယူတာပေါ့ဟု ဆိုသည်။ သည်လောက်ထိအောင် ကြာခဲ့ပြီးမှ ပြန်သွားလျှင်လည်း တွေ့တော့မှာ မဟုတ်ဟု စိတ်လျှော့ကာ ရှေ့သို့သာ ခရီးဆက်သည်။ သုံးလေးရက်ကြာမှ ထိုလမ်း အတိုင်း ပြန်လာသောအခါ သူ့ငွေအိတ်ကို လက်ရာမပျက် တွေ့ရသောအခါ အံအား အသင့်ကြီး သင့်ရတော့သည်။ ဤသည် မှာ မိမိ မရထိုက်သော သူတပါး၏ ပစ္စည်းကို မယူရဟူသော ဘာသာရေး အဆုံးအမကြောင့် ဖြစ်ကြောင်း သိသာလှပေသည်။ (ဆရာ ဦးအောင်သင်း၏ ကန့်ကူလက်လှည့်စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။)

ဆရာကြီး ဦးဂိုအင်ကာ၏အဘိုး ဘယ်အချိန်တွင် မြန်မာနိုင်ငံသို့လာခဲ့သလဲဟု မသိရ။ သို့သော် လူ့သက်တမ်းအရပဲ တွက် တွက်၊ စရပ်ပေါ်တွင် ညအိပ်ကြသည်ဟူသော စကားကိုမှန်းပြီးတွက်တွက် ကုန်းဘောင်ခေတ်ပတ်ဝန်းကျင်ဖြစ်ကြောင်း သိ သာသည်။ ဖီးလ်ဒင်းဟော၏ မှတ်တမ်းအရလည်း ထိုခေတ်က မြန်မာများသည် ခရီးသွားများ နားနေရန် ဇရပ်များ အ မြောက်အများ ဆောက်လုပ်ထားသည်ဟု ဆိုသည်။ ငါးမိုင်ပတ်လည်တွင် ဇရပ်တစ်ဆောင်မှ မရှိ ဆိုတာမျိုး မတွေ့ခဲ့ဖူး ကြောင်း၊ တချို့နေရာတွင် ဇရပ် တစ်ဆောင်မက ရှိနေသည်ကို မျက်မြင် တွေ့ခဲ့ရသည်ဟု ရေးသားခဲ့သည်။

(ဆက်လက် ဖော်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်