စိုးခိုင်ညိန်း ● နှစ်အဆွေးများ

August 6, 2017

● နှစ်အဆွေးများ
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၇

၁၉၉၀ ပြည့်လွန်နှစ်ကာလများတဝိုက်၊ ကျွန်တော် ရှစ်နှစ်သားအရွယ်မှာ မြို့ကို ရောက်လာတယ်။ စာတောင် ကောင်းကောင်း မဖတ်တတ်သေးသော အချိန်ကာလပေါ့။ အတန်းစာတွေ စသင်ရတယ်။ အဲဒီမှာ မြန်မာစာဘာသာမှာပါတဲ့ ကဗျာတွေနဲ့ စတင်ထိတွေ့ရတယ်။ ကဗျာကို အဲဒီအချိန်ကစပြီး စိတ်ဝင်စားတယ်လို့ ဆိုရမယ်။ သူကိုယ်တိုင်ကလည်း ရေစကြို နေရှိန် ဆိုတဲ့ကလောင်နဲ့ စာတွေရေးတဲ့ မြန်မာစာသင်တဲ့ ဆရာတော်တပါးဆီမှာ လေးချိုး၊ ဒွေးချိုး၊ သံပေါက်၊ လင်္ကာ၊ တေးထပ်၊ လေးလုံးစပ် စသည် ကဗျာဖွဲ့နည်းတွေ သင်ယူရတယ်။ အဲဒီကတည်းက နတ်ရှင်နောင်၊ ရာဇဓာတုကလျာ၊ ပြည်နဝဒေး၊ ရှင်မဟာရဋ္ဌသာရ၊ ရှင်တေဇောသာရ၊ စတဲ့ သူတို့ရဲ့ကဗျာများကို ဖတ်ရမှတ်ရတယ်။ သင်ပြတဲ့သူက သူတို့ရဲ့ ကဗျာများကို ဥပမာပြုကာသင်ပြတာကြောင့် ရှင်တေဇောသာရရဲ့ ရွှေရုပ်သွင်ကဗျာကို အတော်လေး စွဲလန်းခဲ့ရတယ်။ ရှင်မဟာရဋ္ဌသာရရဲ့ ပုလဲတကန့် ရွဲတကန့်နည်းနဲ့ရေးထားတဲ့ မြတ်မျိုးမြင့်မှန်ဆိုတဲ့ကဗျာကိုလည်း အခုချိန်ထို မမေ့နိုင်သေးပါဘူး။ နောက် ဆရာကြီး မင်းသုဝဏ် ကဗျာပေါင်းချုပ်၊ မင်းသုဝဏ်ရဲ့ကဗျာတွေ၊ နောက် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ဝတ္ထုစာအုပ် တွေဖတ်မိရာမှ ဝတ္ထုထဲမှာ ပါ ပါလာတတ်တဲ့ ကဗျာတွေကိုကြိုက်မိရာမှ ပထမဆုံး သောကခြေရာ ရတနာကဗျာစာအုပ်ကို ဝယ်လိုက်တယ်။ အဲဒီစာအုပ်ထဲက ကဗျာအတော်များများကို သုံးလေးငါးခါလောက်ဖတ်ရုံနဲ့ အလွတ်ရသည်အထိ ကြိုက်နှစ် သက်ခဲ့တယ်။ အဲဒီကတည်းက သူ့ပုံစံတွေအတုခိုးကာ အချစ်ကဗျာတွေ အများကြီးရေးခဲ့ဖူးတာပေါ့။ ကဗျာက အဲဒီကနေ စ ပါတယ်။

အဲဒီနောက်မှာတော့ မန္တလေးတောင်ပြင်မှာနေနေတဲ့အချိန် အဆောင်မှာအတူတူနေတဲ့သူတယောက်က မော်ဒန်ကဗျာတွေ ဖတ်ပြီး ကြိုးစားရေးနေတာပါ။ သူ့ကလောင်က လင့်ခါးတဲ့။ ကျောက်ဆည်က လင်းခါးမဟုတ်ပါဘူး။ အဲဒီအချိန်ကစပြီး မဂ္ဂဇင်းထဲကကဗျာတွေကို သတိထားဖတ်ဖြစ်ပြီး ကိုယ်တိုင် မော်ဒန်ကဗျာတွေ ရေးဖြစ်တော့တာပါပဲ။ ကိုယ်အမြဲတမ်း ဖတ် ဖြစ်တဲ့ မြားနတ်မောင်မဂ္ဂဇင်းကို ကဗျာမဖြစ်သေးတဲ့ ကိုယ့်ကဗျာတွေအတော်များများ ပို့ဖြစ်ခဲ့ပါတယ်။ တပုဒ်မှ မပါခဲ့ပါဘူး။ အဲဒီ လင့်ခါးက သူရေးရေးပြီးတဲ့အခါတိုင်း သူ့ကဗျာကို လာလာပြတယ်။ ရွတ်လည်းပြတယ်။ ဘယ်မဂ္ဂဇင်းထဲက ဘယ်သူ့ ကဗျာကတော့ တော်တော်ကောင်းတယ်ဆိုပြီးတော့လည်း အလွတ်ရွတ်ရွတ်ပြတတ်ပါတယ်။ ပန်းလှိုင်စိုး (ကျုံပျော်) ရဲ့ကဗျာ တပုဒ် သူလာရွတ်ပြတာ မှတ်မိသေးတယ်။ ကဗျာတွေဖတ်ပေမဲ့ ကဗျာဆရာတွေရဲ့ နာမည်တွေကို မှတ်မှတ်သားသား မရှိတတ်သေးတဲ့အချိန်ပါပဲ။ မြားနတ်မောင်ထဲက ကဗျာတွေကိုဖတ်နေပေမဲ့ အကုန်လုံးနားလည်တဲ့ကဗျာတွေ မဟုတ်ပါဘူး။ ကိုယ်နားလည်ပြီး လွယ် ကရရိုးရှင်းတယ်ထင်ရတဲ့ ကဗျာမျိုးတွေပဲ စိတ်ထဲမှတ်မှတ်ထင် ရှိတာမျိုးပါ။ အဲဒီနှစ်မှာပဲ လင့်ခါး ကခေါ်လို့ တောင်သမန် လူထုဒေါ်အမာပွဲကို ပထမဆုံး ရောက်ဖူးတာပါပဲ။ ညမှာ သွားတာမဟုတ်ပါဘူး။ မနက်လင်းမှ သွားကြတာပါ။ မယ်ဇယ်ပင်ရိပ်တွေအောက်မှာ သူအုပ်စုနဲ့သူ ၀ိုင်းဖွဲ့စားသောက် ကဗျာတွေအော်ဟစ်ရွတ်ဖတ်နေကြတာ တွေ့ရပါတယ်။ ကိုယ်တိုင်ကလည်း ဘာမှမဟုတ်သေးလို့ ဘယ်ကဗျာဆရာတယောက်မှလည်း မသိပါဘူး။ ခပ်လှမ်းလှမ်းကပဲ မယောင်မလည်နဲ့ မျှော်ကြည့်ငေးကြည့် အားကျနေရုံလောက်ပါပဲ။ ကဗျာဆရာတွေ အတော်များတာပဲလို့ တွေးမိပြီး ကိုယ် ဖတ်ဖူးတဲ့ကဗျာတွေပဲဖြစ်မှာပဲလို့ အောက်မေ့မိတယ်။ မဂ္ဂဇင်းထဲမှာ ပုံတွေ့ဖူးလို့ ကဗျာဆရာ အောင်ဝေးကိုတော့ ပထမဆုံး အရှင်လတ်လတ်ကြီး တွေ့လိုက်ရပါတယ်။ ဘေးက လင့်ခါးကိုလက်တို့ပြီး ဟေ့ရောင် အဲဒါ အောင်ဝေးကွလို့ ကိုယ်က ခပ်တိုးတိုးပြောပြီး ဆရာကြီးလုပ်လိုက်ရသေးတယ်။

နောက်တော့ အနောက်ပြင် စိန်ပန်းကို ရောက်ပါတယ်။ ဘဝရဲ့အလှည့်အပြောင်းလို့ ပြောရမှာပါပဲ။ အဲဒီမှာ မြောက်မြားလှစွာ သောသူတွေထဲမှ ကဗျာနဲ့တိုးမိတိုက်မိပြီး ချိတ်ဆက်မိသွားကြတာပေါ့။ ပထမဆုံးကိုယ်နေတဲ့အဆောင်ကို ဆောင်းခူးလက် ရောက်လာတယ်။ လင်းလက်က ကိုယ်နဲ့အတူတူ ရောက်တာ။ နောက်တော့ မင်းဇော်ဦး၊ သစ်စတို့နဲ့တွဲမိ။ ဈာန်ခတို့ ဇိုးတို့ အုပ်စုက မော်ဒန်ဆင်းရိုင်းတို့၏ တောတိုးသံ ကဗျာစာအုပ်လုပ်တော့ (ဈာန်ခနဲ့ မရင်းနှီးသေး) ကိုယ်တို့လည်း တအုပ်လုပ် လိုက်တယ်။ နှလုံးသားပြတင်းကဗျာများတဲ့။ နောက်တော့ ဈာန်ခ၊ ရှင်ဖုန်းမောင်၊ ဇိုးတို့နဲ့သိရတာပါပဲ။ သူတို့နဲ့က အ ဆောင်ချင်းကပ်လျက်ဆိုတော့ တွေ့ဖို့ သိဖို့က မခဲယဉ်းပါဘူး။ မောင်ခိုင်မာရဲ့ဧည့်ခန်းများကို ဖြတ်သန်းခြင်း၊ အောင်ဝေး ရဲ့ကဗျာ အလုပ်ရုံကလေးတွေ၊ မောင်သာနိုးရဲ့ထင်ရူးပင်ရိပ်တွေဖတ်ပြီးစမို့ မော်ဒန်ကဗျာနဲ့ အစိမ်းကြီးမဟုတ်တော့ပါဘူး။ ကဗျာနဲ့ကဗျာဆရာတွေရဲ့ နာမည်တွေကိုလည်း တွဲပြီး သတိထားမှတ်တတ်လာပါပြီ။ အဲဒီမှာ အောင်ဝေးရဲ့ ကဗျာခံစားမှု ဆောင်းပါးတပုဒ်မှာ လင်းလွင်ရဲ့အခန်း ၂ ကဗျာကို ဝေဖန်ထားတာဖတ်ရမှ လင်းလွင်ကိုမှတ်မှတ်ထင်ထင် ဖြစ်ပြီး လင်းလွင်ဟာ ဒီအထဲမှာပဲနေတာလို့သိလိုက်ရတော့ ရင်နည်းနည်း ခုန်သွားပါတယ်။ လင်းလွင်နဲ့ စမိတ်ဆက်ပေးတာ ဈာန် ခပါ။ နောက်တော့ သူ့အဆောင်ရှေ့ရောက်တိုင်း သူရေးတဲ့ အခန်း ၂ နဲ့ သူနေ တဲ့ အခန်း ၄ ကို မော့မော့ကြည့်ဖြစ်ပြီး စိတ် ထဲတစုံတရာ ခံစားမှု ဖြစ်ဖြစ်သွားတာပါပဲ။ ဒီအချိန် ဒီကဗျာဆရာ ဘာလုပ်နေမှာပါလိမ့်ဆိုတဲ့ အတွေးတွေးမိစေတယ်။ နောက်တော့ မင်းဆက်ပေါ့။ သူ့ကို သဗြူးဓမ္မာရုံရှေ့က ကွမ်းယာဆိုင်မှာ သူကွမ်းယာစောင့်ယူနေတဲ့အချိန်မှာ အသိ တ ယောက်က အဲဒါ ကဗျာဆရာ မင်းဆက်ပဲလို့ မေးငေါ့ပြတယ်။ လှမ်းကြည့်ပြီး စိတ်ထဲမှာ အမျိုးအမည်မသိတဲ့ခံစားမှုတခုရလိုက်တာပါပဲ။ ဒီလူတယောက်ကို ကဗျာဆရာတယောက်အနေနဲ့မဟုတ်ပဲ သာမာန်လူတယောက်အနေနဲ့သိထားရင် ဒီခံစာမှု မျိုးရမှာ မဟုတ်ပါဘူး။

နောက် ရန်ကုန်က ညီမွန်ရောက်လာတယ်။ လင်းလွင်ရဲ့ အင်ကြင်းခိုင်ရဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်ကြတယ်။ ကဗျာသဘော တရားတွေ တော်တော်များများ ပြောကြပါတယ်။ ကိုယ်က နားထောင်ရုံသက်သက်။ အဲဒီဝိုင်းမှာပဲ လင်းလွင်က သူလောလော လတ်လတ် ရေးထားတဲ့ကဗျာတပုဒ်ကို ဖတ်ပြတယ်။ အခု ခင်ဗျားရောက်ရှိနေတဲ့စာမျက်နှာတဲ့။ ပိတောက် ပွင့်သစ်မှာပါ သွားတယ် ထင်ပါတယ်။ အဲဒီအချိန်အထိ ကိုယ်က သူ့စာမျက်နှာပေါ် မရောက်ရှိနိုင်သေးပါဘူး။ အဲတုန်းက လင်းလွင်က ကဗျာနောက်ဆုံးစာကြောင်းကို ရောက်တော့ ဒီစာမျက်နှာကို ဆွဲလှန်ပစ်လိုက်ဖို့ပဲလို့ပြောပြီး စာရွက်ကိုဆွဲလှန်ပစ်လိုက်တာ မမေ့သေးဘူး။ နောက် ဆူးရင့် ရောက်လာတယ်။ သူ့ရဲ့အိပ်မက်နဲ့ ဝင်တိုက်ခံရတဲ့ နေ့ ဆိုတဲ့ ကဗျာစာအုပ် ပေးတယ်။ ဘဝမှာ ပထမဆုံးရတဲ့ လက်ဆောင်ရတဲ့စာအုပ်ပါ။ နောက် ဘွဲ့လာယူတဲ့ မောင် မင်းစိုး ရောက်လာတယ်။ ချောင်းစပ်မှာ တွေ့ကြတယ်။ ရွတ်ကြဖတ်ကြပေါ့လေ။ မောင်မင်းစိုးဆိုပြတဲ့ ဗင်းဆင့်ဗန်ဂိုးတမ်းချင်းကို အဲဒီကျမှ စကြားဖူးတာပါ။ နောက်တော့ အေးမင်း မောင်ကို ထပ်တိုးတယောက်အနေနဲ့သိရတာပါပဲ။ ကမ်းစပ်ညတွေမှာ လင်းလွင်ရွတ်တဲ့ မောင်သိန်းဇော် ရဲ့ညကဗျာကတော့ မှတ်မှတ်ထင်ထင်ပါပဲ။ ကွန်ထဲကလွတ်ထွက်လာတဲ့ ညရယ် ငါ ချက်မစားရက်ပါဘူးတဲ့။

တညမှာတော့ လင်းလွင်က ကိုယ်တို့အဆောင်ရောက်လာပြီး လာခေါ်တယ်။ နွယ်စိမ်းဝေရာက်နေလို့တဲ့။ နွယ်စိမ်းဝေဟာ ကဗျာအကြောင်းကို အာဘောင်အာရင်းသန်သန် အတော်ပြောနိုင်သလို ကဗျာလည်း အတော်ရွတ်နိုင်တဲ့သူပါပဲ။ ကဗျာရွတ် ကလည်း တယ်ကောင်းသကိုး။ ဘယ်လောက်အထိလဲဆိုရင် ၃၅ လမ်းကို အုပ်စုလိုက်ညကြီးချီတက်ကြတဲ့အခါ လမ်းသွား ရင်းကို ကဗျာကိုအော်ရွတ်တဲ့သူပါ။ နောက် နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေး အရှည် ကြီးနဲ့ဥက္ကာကျော်နဲ့ ရိုးဒီတို့ ရောက်လာတယ်။ ဥက္ကာကျော်ကိုကြည့်ပြီး ကဗျာဆရာဆိုတာ ဒီလိုမျိုးပါလားလို့ ကိုယ်လည်း သူ့လိုမျိုးထားချင်စိတ်ပေါက်သွားတယ်။ မျိုးနနွယ် ရဲ့စာအုပ်လက် ဆောင်လာပေးတာပါ။ အဲဒီတုန်းက မျိုးနေနွယ်လည်း ပါတယ်ထင်ပါတယ်။ သိပ်မမှတ်မိတော့။ အဲဒီလို ကဗျာဆရာတွေနဲ့ တဖြေးဖြေးတိုးချဲ့သိလာရတာ။

နောက်တစ်ကြိမ် တောင်သမန်က အမေမာပွဲကိုသွားတော့ ပခုက္ကူကအုပ်စု ကေမျိုးညိမ်း၊ မင်းသန့်စင်၊ မင်းသစ်နွယ်လည်း ပါသေးတယ်။ ကိုယ်ရယ်၊ (လင်းလွင်က မနက်မှ လိုက်လာတာထင်တယ်)၊ မင်းဆက်၊ ဈာန်ခတို့ ဖြစ်ပါတယ်။ ညမှာ အနယ် နယ်အရပ်ရပ်က ကဗျာဆရာတွေ တဖွဲဖွဲရောက်လာကြတယ်။ ကာတွန်းဆရာတွေလည်းပါတယ်။ ခင်ဇော်မြင့် ရောက်လာ ပြီတဲ့ဟ ဆိုပြီး အသံတွေကြားရတယ်။ နောက်ပထမဆုံးတွေ့တဲ့ လူက ပြေးပွေ့ကြတယ်။ အဲဒီလိုနဲ့ အုပ်စုအသီးသီး မီးပုံလေးတွေနဲ့ ဖွဲ့လို့။ ကိုယ့်မှာက မြင်သမျှတွေ့သမျှတွေက အံ့သြ စရာတွေချည်းပဲ။ ပြောသမျှတွေ နားထောင်နေရုံပါပဲ။ ရုတ်တရက် မင်းသန့်စင်က မပြောမဆို ထပြီး “ငယ်တော့ ပိုပြီးမှားလို့ကောင်းတယ်” ဆိုပြီး မောင်ဖီလာရဲ့ ဘိုဟီးမီးယန်များကို အသံ ကုန်အော်ရွတ်လိုက်တော့ အကုန်လုံးကြက်သေသေသွားတယ်။ ဟိုဖက်ကဆူညံနေတဲ့ဝိုင်းတောင် တိတ်ပြီး ကိုယ်တို့ ဝိုင်းကို လှည့်ကြည့်ကုန်တယ်။ ကိုယ်လည်း အဲဒီမှာ စဖျားတော့တာပါပဲ။ ဝိုင်းတွေက တဖြေးဖြေးနဲ့ အရှိန်တော်တော်ကောင်း လာတယ်။ စကားသံတွေလည်း ကျယ်ကျယ်လာတယ်။ ကဗျာရွတ်သံတွေလည်းကျယ်ကျယ်လာတယ်။ ဥက္ကာကျော်နဲ့ ခင်ဇော်မြင့် နံဘမ်းထလုံးတာ ပုဆိုးတွေကိုကျွတ်လို့။ ကိုယ်လည်း ကျွတ်ကျဲလို့။ တိုးနှောင်မိုးက ဟဲမင်းဝေကို ဖိနပ်နဲ့ပါး ထရိုက်တာလည်း ကိုယ့်မှာ မျက်စိထဲ မီးပွင့်လို့၊ အဲဒီမှာ ကိုယ့်တဖက်သတ်အနေနဲ့ မှတ်မှတ်ထင်သိခဲ့ရမှတ်ခဲ့ရတဲ့ ကဗျာ ဆရာတွေက တိုးနှောင်မိုး၊ ရာမျိုး၊ သားဦး၊ စံညိမ်းဦး၊ တင်လတ်ကို မှော်အောင်စသည် အများကြီးပါပဲ။ နောက် ချောက်က ဖေတင်ညွန့် တို့အုပ်စု၊ နောက် ကျောက်ဆည်က အဖွဲ့၊ မောင်ကြည်သောင်းဆုံးသွားတာ ရက်ပိုင်းပဲရှိသေးတယ်တဲ့။ ကဗျာ ဆရာတယောက်က သူ့အမှတ်တရကဗျာရွတ်တာ မျက်ရည်တောင်ကျတယ်။ မနက်လင်းတော့ လင်းခါးက ကျွန်တော် လင်းခါးပါ၊ ကျောက်ဆည်ကပါဆိုပြီး ကိုယ်တို့အဖွဲ့ကို လာမိတ်ဆက်တယ်။ အဲဒီတုန်းက သူ့ပုံစံက သေးသေးသွယ်သွယ်ပါ၊ သူလည်း ခေတ်ပေါ်ကဗျာကို အသည်းအသန်လိုက်နေတဲ့ အချိန်ဖြစ်မယ်ထင်ပါတယ်။ အခုတော့ သူက လမ်းကြောင်းပေါ် အေးအေးဆေးဆေး ဖြစ်နေပါပြီ။ ကိုယ်ကတော့ စမ်းတ၀ါးဝါး ရှိနေတုန်းပါပဲ။

၂၀၀၅ ခုနှစ်လားမသိ၊ ကလျာမှာ ပထမဆုံး တစ်မျက်နှာဝတ္ထုတိုပါလာတယ်။ စာ တိုက်က စာအုပ်နဲ့ စာမူခရောက်လာတယ်။ နောက် ကိုယ့်ကဗျာ “အမေ့ဆီ ရေးပို့ချင်တဲ့ စာ” ဘဝဟန်ပန်မဂ္ဂဇင်းမှာပါတဲ့အကြောင်း မင်းဆက်က ထွန်းဦးစာပေသွားလို့ တွေ့တဲ့ အကြောင်း လာပြောတယ်။ အဲဒီမှာ ကိုယ်လည်း ပြာယာခတ်သွားတာပါပဲ။ နောက်တော့ Heart နှလုံး အိမ်မဂ္ဂဇင်းမှာ စိတ္တသုခလမ်း ကဗျာပါတယ်။ မောင်ပန်းဝေနာမည်နဲ့။ အဲဒီကဗျာနောက်ပိုင်းမှာတော့ စိုးခိုင်ညိန်းလို့ ပြောင်းလိုက်တယ်။ မင်းဆက်က မင်းကလောင်က ပျော့တယ်။ ရှေ့က မောင်ထည့်တာ ခေတ်မစားတော့ဘူးတဲ့။ ဒါနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောင်းလိုက်တာပါ။

တစ်နှစ်မောင်ချောနွယ် ငါးနှစ်ပြည့်ထင်ပါတယ်။ ပံသုစန္ဒာပန်းချီခန်းမမှာလုပ်တော့ ကိုယ်ရယ် လင်းလွင်၊ မင်းဆက်၊ သွားကြ တယ်။ ဟိုရောက်တော့ ထောက်လှန်းရေးတွေနဲ့ ဘာတွေဖြစ်ကုန်တယ်မသိ ပွဲပျက်သွားတယ်။ ဒါနဲ့ မြို့သစ်မှာရှိတဲ့ ဥက္ကာ ကျော်အိမ်ကို အဖွဲ့လိုက် ရွေ့ကြတယ်။ အဲဒီကိုတော့ ကိုယ်နဲ့မင်းဆက်ပဲလိုက်ပြီး၊ လင်းလွင်ကမလိုက်ခဲ့တော့ဘူး။ အဲဒီမှာ ကဗျာတွေရွတ်ကြဖတ်ကြပေါ့၊ ဒါကလည်း ကိုယ့်ရဲ့ပထမဆုံးပွဲအတွေ့အကြုံပါပဲ။ အဲဒီပွဲမှာ ကိုယ်ရွတ်တဲ့ ကဗျာက မောင်ချော နွယ်ရဲ့ ပန်းချီအမည်ရတဲ့ ကဗျာပါ။

အောင်ပင်လယ်မဂ္ဂဇင်းမှာ တစ်မျက်နှာဝတ္ထုတိုလေးပါလို့ စာမူခသွားထုတ်တော့ အယ်ဒီတာ ကိုနေမျိုးနဲ့ တွေ့ရတယ်။ ပထမ ဆုံး မဂ္ဂဇင်းအယ်ဒီတာရုံးခန်းကို ရောက်ရတာမို့ တုန်တုန်ချိချိပါပဲ။ အဲဒီအချိန်မှာ ဥက္ကာကျော်နဲ့ ရိုးဒီတို့က စတိုင်သစ်မဂ္ဂဇင်းကို စတိုင်အသစ်နဲ့ လုပ်နေတာပေါ့။ အဲဒီမှာ ကိုယ့်ကဗျာ “လောင်ကျွမ်းခြင်းများ” ကဗျာရွေးပြီး စီစစ်ရေးငြိလို့ မပါလိုက်ရဘူး။ လေးနှစ်လောက်အကြာမှ အဲဒီကဗျာ စံပယ်ဖြူမဂ္ဂဇင်းမှာ ပါသွားတယ်။

အဲဒီနှစ်မှာပဲ မြောက်ပြင်ကို ပြောင်းနေရတယ်။ နေ့တိုင်းလိုလို ထွန်းဦးစာပေတောင် ဘက်က ယူနီစန်မှာ ကျောက်ချမိတော့ တာပါပဲ။ အဲဒီမှာအမြဲတမ်းထိုင်တာက စိုးအောင် မန္တလေး၊ စိုးဘားဒိုင်၊ ဥက္ကာကျော်၊ မောင်သင်းပန်၊ မော်မင်းသန်း၊ တခါ တလေ မောင်နွေထက် ရောက်လာတတ်တယ်။ ခင်အောင်ဝင့် ရောက်လာတတ်တယ်။ ပလိပ်က မောင်ရဲနွေ ရောက်လာ တတ်တယ် မင်းဆက်ရောက်လာတတ်တယ်။ ကိုထွန်းဦးကတော့ မကြာခဏပါပဲ။ ကိုယ်က ဥက္ကာကျော်တို့ စတိုင်သစ်ရုံးခန်း ရောက်လိုက်၊ မဂ္ဂဇင်းထွက်ရင် ကူညီလုပ်ကိုင်ပေးပေါ့။ ထွန်းဦးစာအုပ်ဆိုင်အရှေ့နားက ပန်းချီဆရာ ကိုကြည်ဝင်း အိမ်ဝင်း ထဲမှာ စတိုင်သစ်မဂ္ဂဇင်းအထုတ်တွေဖြေပြီး ကြော်ငြာတွေကပ်လိုက်ဖြန့်တော့ ကိုယ်က ဘေးကနေ မိုးတိုးမတ်တပ်ပေါ့။

အဲဒီတုန်းက မန္တလေးမှာရှိတဲ့ စာရေးဆရာကဗျာဆရာတွေရဲ့ အမည်နဲ့ နေရပ်လိပ်စာတွေကို ကိုထွန်းဦးက စာအုပ်လေးတစ်အုပ်အနေနဲ့လုပ်ဖို့စီစဉ်နေတဲ့အချိန်ပေါ့။ နေ့လယ်တိုင်း ယူနီစန်မှာ ဥက္ကာကျော်က ရှေ့ကနာမည်ခေါ် ကိုယ်က နောက်က လိုက်ရေး ကလောင်ရဲ့နောက်မှာ စာရေးဆရာဖြင့် စာရေးဆရာ၊ ကဗျာဆရာဖြင့် ကဗျာဆရာ စသည်ဖြင့် စားရင်းလုပ် ရတာပါ။ အဲဒီကျမှပဲ ကဗျာဆရာ စာရေးဆရာတွေရဲ့အမည်တော်တော်များကို သိရတာပါပဲ။ နောက်တော့ အဲဒီစာအုပ်လေး ရိုက်ဖို့လုပ်နေတဲ့ ကွန်ပျူတာတွေ စာရွက်စာတမ်းတွေကို သက် ဆိုင်ရာက သိမ်းယူသွားတော့ မလုပ်ဖြစ်တော့ပဲပျက်သွားတယ်။ အဲဒီတုန်းက အစိုးရက ကဗျာ ဆရာ စာရေးဆရာတွေ ဘာလုပ်လုပ်အတော်ကြောက်ပုံရတယ်။ ဘာလုပ်လုပ် လိုက်ဖျက်နေ တော့တာ။

အဲဒီအနေအထားမှာပဲ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကြီး ပေါ်ပေါက်လာတာပါ။ အဲဒီတော့ ကိုယ်က အိမ်တော်ရာ စစ်ကြောင်းမှာ ရှေ့ဆုံးကလိုက်တာပေါ့။ မြို့တပတ်ပတ်ပြီး အိမ်တော်ရာဇရပ်မှာ သပိတ်သိမ်းတော့ ဥက္ကာကျော်တို့က နောက်ကပါလာတယ်။ ကဗျာ ဆရာငြိမ်းသစ် (အခုလွှတ်တော်ကိုယ်စားလှယ်) နဲ့ မိတ်ဆက်ပေးတယ်။ ညမှာ DVB နဲ့ ဗျူး မလားဆိုပြီးမေးတယ်။ ငြိမ်းသစ်က ချိတ်ပေးမယ်ပြောတယ်။ ကိုယ်က ဗျူးမယ်ပြောလိုက်တယ်။ ဒါပေမဲ့ အဲညမှာပဲ ငြိမ်းသစ် ကိုလာဆွဲလို့ ထွက်ပြေးသွားတယ်လို့ ကြားရတယ်။ ကိုယ်လည်း မဗျူးလိုက်ရပါဘူး။ အဲဒီတုန်းက ဘာလာလာ စော်မယ် ဆိုတာချည်းပဲ။

အဲဒီလိုနဲ့ လူတွေသောက်သောက်လဲသေတဲ့ နာဂစ်မုန်တိုင်းဖြစ်တဲ့နှစ်မှာ ကိုယ်ဟာ ဘုမသိဘမသိနဲ့ ရန်ကုန်ကို ရောက်လာ တယ်။ ရန်ကုန်ဟာ ထိုးစွခံထားရသလို အပိုင်းအပြတ် ပြတ်ဖြစ်နေတယ်။ လဲကျနေတဲ့ သစ်ပင်တွေက လမ်းမတွေပေါ်မှာ ပိတ်ဆို့လို့။ ရန်ကုန်မှာ ခံတပ်ကောင်းကောင်း တည်ဆောက်ထားတဲ့ ဆောင်းဝေကိုအားကိုးပြီး ရောက်လာတာပဲ။ သူ့ အကူ အညီနဲ့ ရန်ကုန်မြို့ရဲ့လမ်းတွေကို လိုက်မှတ်ရတယ်။ မဂ္ဂဇင်းတွေ တတိုက်ပြီး တတိုက် သွားရတယ်။ ပထမဆုံး နာမည်ကျော် ၃၃ လမ်းက လေထန်ကုန်းကို ကြောက်ကြောက်ရွံ့ရွံ့ ဝင်ထိုင်ရတယ်။ ဓမ္မာရုံရဲ့ အဖီလေးထဲမှာ အဲတုန်းက အမြဲတမ်း သွားတိုင်းတွေ့တာက မျက်မှန် နက်ကြီးတပ်ထားတဲ့ ဆရာမောင်ရန်ပိုင်ပေါ့။ တခါတလေ သူနဲ့ တဝိုင်းတည်းထိုင် စကားပြော၊ နောက် ပြည်က ဆရာချမ်းငြိမ်းအေး။ ရန်ကုန်ပါးဝနေတဲ့ ဆောင်းဝေက ဟိုနှုတ်ခမ်းမွှေးနဲ့လူက ဆရာကောက်နွယ်လေ၊ ဟို စိုက်စိုက်လာနေတဲ့သူက အောင်ဘညို။ ဟိုမျက်မှန်နဲ့ဟာက မောင်စိမ်းနီ၊ ဟိုဘက်က ထီးကောက်ကြီးနဲ့ ထိုင်နေတာ ထွန်း ဝေမြင့် ဟိုမှာ ပန်းချီကားကြီးကိုင်ဝင်လာတာ စိုင်းဝင်းမြင့် စသဖြင့် မှတ်သားရတာပါပဲ။ နောက်တော့ တယောက်တည်း လည်း ဝင်ထိုင်ရဲသွားပါတယ်။ အဲဒီမှာ နှလုံးအိမ်မှာ အယ်ဒီတာလုပ်နေတဲ့ ကေမျိုးညိမ်းနဲ့ ပြန်တွေ့။ တွေ့တိုင်း မကြာခဏ ပိုက်ဆံတောင်းတတ်တဲ့ အောင်ရင်ငြိမ်းနဲ့တွေ့။ အမြဲတမ်း တုန်တုန်ချိချိဖြစ်နေတဲ့ ဇော်မိုးလွင်နဲ့တွေ့ လင်းသဏ်ညီနဲ့တွေ့ တခါတလေ စိုးမင်းအောင်နဲ့တွေ့ ဆူးရင့်နဲ့တွေ့ ဝိုင်ချိုနဲ့တွေ့ စသဖြင့် အများကြီးပါပဲ။ ဒါတွေဟာ ပြန်စဉ်းစားလိုက်တာနဲ့ ပိတ် ကားပေါ်က အရုပ်တွေလို တကွက်ချင်းတကွက်ချင်း ပေါ်ပေါက်လာတာပါ။ ကြာခဲ့ပါပြီ အခုတော့ ကိုယ်ဟာ သွေးအေး သတ္တ၀ါတကောင်လို ဖြစ်နပါပြီ။ အခုရက်ပိုင်း သူငယ်ချင်းတွေက အတိတ်အကြောင်းလေးတွေ ရေးရေးလာလို့ ကိုယ်လည်း ပြန်လွမ်းဆွတ်မိတာပါ။ ရေးစရာ သတိစရာအကြောင်းတွေ အများကြီးပေမဲ့ ဒီလောက်ပဲ ရေးလိုက်ပါတယ်။ အဖြစ်အပျက်တွေ ပေါ်လာသလို ရေးလိုက်တာမို့ ရှေ့နောက်တွေ လွဲနိုင်ပါတယ်။ လွမ်းစရာနှစ်ကာလများပေါ့။

စိုးခိုင်ညိန်း
၃၀ အောက်တိုဘာ၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်