မောင်အေးဝင်း – “ထင်းခုတ်စားကြတယ်”

August 9, 2017

ပန်းချီသန်းဌေးမောင်၏ ၈၈ (၂၉)နှစ် အမှတ်တရ ပန်းချီ

– “ထင်းခုတ်စားကြတယ်”
(သူ့ဖေ့စ်ဘွတ်၊ နိုဝင်ဘာ ၆၊ ၂၀၁၁) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇

ထင်းခုတ်စားကြတယ်..

ဂေါ်ကီပြောသလို (ဂေါ်ကီ ရေးတဲ့ အမေဝတ္ထုထဲမှာလို့ ထင်တာပဲ) ထောင်ဆိုတာ အစိုးရက စေတနာ ဗလပွနဲ့ ဆောက်ပေးထားတဲ့ ပြည်သူတွေအတွက် နားခိုရာ ဇရပ်ကြီးလို…. လူပေါင်းစုံ၊ အလွှာပေါင်းစုံက လာရောက် တည်းခို ကြတယ်။

ကျနော်တို့တုန်းကတော့ ဒီဇရပ်ကြီးမှာ နားခိုလာသူ အများစုက ကျောင်းသားတွေ။ နောက်တော့ အထူးဆောင်ကို ပုံစံဆောင် ပြောင်းတော့ ဝန်းကျင်ကို လူပေါင်းစုံ ရောက်လာတယ်။ ကျောင်းသား၊ အလုပ်သမား၊ အရပ်သား (လူကောင်း လူဆိုး)။ စစ်တပ်ထဲက လူတွေလဲ ပါတယ်။ ဗိုလ်တွေ ရာထူးကြီးသူတွေတော့ မပါဘူး။ ဗိုလ်တွေက ထောင်ဝင်ဒါမီယာမှာ နေရတယ်။ အပြင်မှာ အခွင့်ထူးခံ၊ ထောင်ကျတော့လည်း အခွင့်ထူးခံ….။ သူ့အိမ်ယာ သူ့ဝင်း သူ့ခြံနဲ့…။

ကျနော်တို့ ဇရပ်ကြီးမှာ အချင်းချင်း တယောက်ဆီက တယောက် သင်ကြတယ်။ ကိုယ်မတတ်တာ သူ့ဆီက ကိုယ်သင်၊ သူမတတ်တာ သူ့ကို ကိုယ်က သင်ပေး… အချင်းချင်း ယိုင်းပင်းကြတယ်။ သင်ကြားခြင်းနဲ့ သင်ယူခြင်း…။ နောက်ပီး ရှိအတူ မရှိအတူ။ တလုပ်ရှိရင် တဝက်ခွဲပေးဖို့ ဘယ်သူမှ ဝန်မလေးကြဘူး..။

ကြည့်လေ.. တိုက်မှာ ကြုံရတာ၊ ပဲကြီးလှော် တထုတ်ရတဲ့ အခန်းက မရတဲ့ တခြားအခန်းတွေကို လက်တဆုပ်စာစီ ခွဲပေးတယ်။ လက်တဆုတ်စာ ရတဲ့အခန်းကလည်း ကိုယ့်အခန်းထဲ လူရှိသလောက် အညီအမျှ ခွဲကြတာချည်းပဲ။ ကျနော်တို့လို လေးယောက်ရှိတဲ့ အခန်းမှာ ပဲကြီးလှော် တယောက် ၈ စေ့လောက် ဝေပုံကျ ရတယ်။ ကိုယ်က ၈ စေ့ကို ခြမ်းတော့ ၁၆ ခြမ်း ရတယ်။ ထမင်းလေးနဲ့ ဟင်းအဖြစ် တနပ်စာ ချိုးချိုးခြံခြံ။ ထညက်ခဲလေး တလုံးရတော့လဲ တခါတည်း ကိုက်မစားလိုက်ပဲ သွားနဲ့ နဲနဲ နဲနဲ ခြစ်စားရင် ထမင်းတခါစာ ရအောင်စားရတယ်။ ဝါဒါတွေဆီက ဆေးပေါ့လိပ်တောင်းရမ်းလို့ ရရင် တိုတို ရှည်ရှည်၊ တယောက်နှစ်ဖွာဆို နှစ်ဖွာ။ အစီခံစက္ကူ မီးလောင်တဲ့အထိ မျှမျှတတ။

ဘဝတက္ကသိုလ်က သင်ပေးလိုက်တဲ့ သင်ခန်းစာတွေ ဘယ်မှာ တန်ဖိုးဖြတ်လို့ ရနိုင်မှာလဲ။

ဒီကျောင်းသားတွေဟာ ထောင်ကထွက်လို့ မိဘရင်ခွင်ကို ပြန်ရောက်တော့ ကိုယ့်ဝမ်းအတွက် ကိုယ်ကျောင်းတယ်။ ကိုယ့်လမ်း ကိုယ်လျှောက် ကြတယ်။ မိဘက တောင့်တောင့်တင်းတင်း ဟန်ကျပန်ကျ ရှိရင်တောင် “ပန်းပန်လျက်ပါ” ရုပ်ရှင်ထဲမှာ ကောလိပ်ဂျင်နေဝင်း ပြောသလို… “မိဘက အသင့်ခင်းထားတဲ့ ပန်းမွှေ့ယာ ရွှေကော်ဇောပေါ် အသင့်….” ခင်းထိုင်မချ လိုက်ကြဘူး။

ခုခေတ် ခုခါမှာ လူတလုံး သူတလုံး နေနိုင်ကြတဲ့၊ နေနေကြတဲ့ ဟိုတုန်းက ထောင်ထွက် ကျောင်းသားတွေဟာ၊ မိမိဘဝ ရပ်တည်ခိုင်မာဖို့ ကာလတခုကို တစုံတရာ ဖြတ်သန်းခဲ့ရတာ ချည်းပါပဲ။ ထောင်ကျလို့ ကိုယ့်ကို ဘယ်သူမှ ဆုလာမချဘူး။ ထောင်ကျလက်မှတ်နဲ့ ဘယ်သူ့ ဆီကမှ လက်ဖြန့် မတောင်းကြဘူး။ လက်ဝေမခံဘူး။ ကိုယ့်ဘာသာကိုယ် ရှာဖွေရလို့ ဖြစ်ဖြစ်၊ ရန်သူနဲ့ ပူးပေါင်းပြီး ရှာဖွေ စားသောက်လို့ပဲ ဖြစ်ဖြစ်၊ တခုခုကိုတော့ လုပ်ကိုင်စားသောက်ကြတာချည်းပဲ။

ကျောင်းသားတွေ (ငယ်၊ လတ်၊ ကြီး) မည်သူမျှ ကျောင်းပြန်တက်ခွင့် မရခဲ့ဘူး။ ကိုယ့်ဝမ်းကိုယ် ကျောင်းပီး ရှာဖွေလုပ်ကိုင် စားသောက်ကြရတယ်။ မှတ်မိသလောက် ပြန်ရေးကြည့်ချင်တယ်။

ကျော်မြင့်… တဲ့။ ကျောင်းသားငယ်လေးတယောက်။ ရွှေတိ၈ုံအရေးအခင်းမှာ ရွှေတိဂုံဘုရားပေါ်ကနေ အဖမ်းခံသွားရတာ။ ထောင်ထဲမှာ အစ်ကိုကြီးတွေနဲ့အတူ တိုက်ပွဲဝင်တယ်။ အတူ တိုက်ပိတ်ခံရတယ်။ ကျနော်တို့ စစ်ကြောရေးဝင်ခံနေရတုန်းမှာ ၅ တိုက်ကို ဘိုးတော်ခင်ဝင်း၊ ကိုဦးလှစော (ယခု The Wave) တို့နဲ့ ရောက်လာတယ်။ တိုက်ကာလကို ဖြတ်သန်းပြီး အဆောင်ရောက်တော့ ဒီကလေးက မီးမောင်းတွေနဲ့ တခန်းတည်း ကျပြန်တယ်။ အစ်ကိုကြီးတွေက သူ့ကို စာသင်ပေးတယ်။ ကကြီး ခခွေး သင်ပုန်းကြီးကို သင်ပေးတယ်။ သူ့ စာအံသံ ကျနော်တို့ အခန်းဆီကို ပျံ့လွင့်လာတတ်တယ်။ သူ့ဦးဏှောက်က သာမန်လို ဖွံ့ဖွံ့ဖြိုးဖြိုးတော့ မဟုတ်ဘူး။ အပြင်ရောက်တော့ ဒီကလေးကို ကျနော်ပြန်တွေ့တယ်။ တက္ကသိုလ် ဝန်းကျင်မှာ မြေပဲလှော် လိုက်ရောင်းတယ်။ ကျနော့ကို မြင်တော့ သူ့ မြေပဲလှော်ပုံးထဲက မြေပဲလှော်တထုပ် ထုတ်ကျွေး ရှာတယ်။

ကျော်မြင့်လိုပဲ.. ရွှေတိဂုံပေါ်က မိလာတဲ့ ကျောင်းသားလေးတွေ အများကြီး။ အဲဒီမှာ ခင်မောင်လွင် ဆိုတဲ့ ကျောင်းသားလေး…..။ ငယ်ငယ်က ပိုလီယို ရောဂါကြောင့် ခြေထောက်လေးတဖက်က မသန်ရှာဘူး။ သူထောင်ထဲ ရောက်နေတုန်း သူ အပြင်မှာ ဖြေခဲ့တဲ့ ၁၀ တန်းစာမေးပွဲက အောင်စာရင်းထွက်တယ်။ ဂုဏ်ထူးနဲ့ အောင်တယ်။ ထောင်က ပြန်ထွက်တော့ (၁၉၈၀ ဝန်းကျင်) သူ့ကို ရန်ကုန်ဘူတာကြီးမှာ တွေ့တယ်။ ရထားဘူတာ စင်္ကြန်တွေမှာ သတင်းစာတွေ၊ စာစောင်တွေ လက်ပွေ့ လိုက်ရောင်းတယ်။ နောက်တော့ ပလက်ဖောင်း (၁) မှာ စာအုပ်တွေ မဂဇင်းတွေကို ဖြန့်ခင်းရောင်းနေတာ တွေ့တယ်။ သူဘဝ အဆင့်ဆင့် တိုးတက်လာတာ ခု သူ စီးပွါးရေးလုပ်ငန်းတခုနဲ့ အောင်မြင်ကြီးပွါးနေတယ်လို့ ကြားမိတယ်။

အဲဒီတုန်းက ဖော်မြူလာရှိတယ်။ ထောင်ထွက် အထူးသဖြင့် ကျောင်းသားတွေဟာ ကျောင်းပြန်တက်ခွင့် မရကြတော့ အပြင်ရောက်လာတော့ စာအုပ်အငှားဆိုင် ဖွင့်တယ်၊ ဒါမှမဟုတ် နယ်ဘက်တွေ ဆင်းပြီး တွဲဘက်ကျောင်းဆရာ (ဆွဲခန့်ကျောင်းဆရာ) လုပ်တယ်၊ ဒါမှမဟုတ် အထက်တန်းရှေ့နေ စာမေးပွဲဖြေပြီး ရှေ့နေလုပ်ကြတယ်။

ကျနော်က ထောင်ကျမဲ့ ဆဲဆဲမှာ စာအုပ်အငှားဆိုင်ကလေးတခု အစပျိုးထားခဲ့တော့ နှစ်နှစ်ကြာ ထောင်ကအထွက်မှာ ဒီဆိုင်ကလေးက အရှိန်တော်တော် ရနေပြီ။ ထောင်ထဲမှာ ရဲဘော်အတော်များများက ကျနော့်စာအုပ်ဆိုင်ကလေးကို စိတ်ဝင်စားကြတယ်။ တချို့ အားကျကြတယ်။ အပြင်ရောက်ရင် သူတို့လဲ ဖွင့်မယ်ဆိုပြီး စိတ်ကူးတွေ ထုတ်ခဲ့ကြတယ်။ ထွက်လာတော့ ကျနော့်ဆိုင်ကို ရောက်လာကြတယ်။ တချို့ စာဖတ်ချင်လို့၊ တချို့ စာအုပ်အငှားဆိုင် ဖွင့်ဖို့ လာတိုင်ပင်ကြတာ။ ၂၉ လမ်းမှာ ဖွင့်တဲ့ ရှင်နေမင်းစာပေ ကိုစံမင်း(ပန်းချီစံမင်း)၊ လမ်း ၅၀ ထိပ်က အမေ့အိမ်စာအုပ်အငှားဆိုင် ကိုစန္ဒာထူးမင်းဝင်း၊ သင်္ဃန်းကျွန်း လမ်းမကြီးပေါ်ဖွင့်တဲ့ ကိုမြတ်ခိုင် (ယခု မီဒီယာဂုရုကြီး ကိုမြတ်ခိုင်)။

စီးပွါးရေးလောကမှာ မာစတာဘရိန်း အောင်မိုးသူ (ခေါ်) အေးကြည်။ စီးပွါးရေးဥာဏ်သွက်လို့ ကျနော်တို့က တိန်ရှောက်ပိန် လို့ နာမည်ပေးထားတယ်။ ထောင်ကထွက်တော့ သူ့ တက်လက်စ ဆေးတက္ကသိုလ်လဲ တက်ခွင်မရတော့ သူ့ဇာတိ မော်လမြိုင်ကို ပြန်တယ်။ အိမ်ရှေ့မှာ ‘စိတ်တိုင်းကျ’ လက်ဘက်ရည်ဆိုင်ဖွင့်တယ်။ ကျောင်းနေဘက် သူငယ်ချင်းတွေ ဆရာဝန်ပေါက်စတွေက၊ မော်လမြိုင်က ဆေးရုံတွေမှာ ဟောက်စ်ဆာဂျင် ဆင်းနေကြပြီ။ သူ့ဆိုင်ကို အဲဒီ သူငယ်ချင်းတွေက အလုပ်အားတဲ့အချိန်မှာ အကူ လုပ်အားလာပေးကြတယ်။ စပွဲထိုးပေးတယ်၊ ကောင်တာ ထိုင်ပေးတယ်။ ဆရာဝန်လေးတွေ စပွဲထိုးလုပ်နေတဲ့ လက်ဘက်ရည်ဆိုင် ဆိုပြီး မော်လမြိုင်မှာ နာမည် ကြီးသွားတာပေါ့။ သခင်သင်းလှိုင် တို့လို ရှေးတုန်းက သခင်လက်ဟောင်းကြီးတွေ၊ မောင်စူးစမ်းလို့ ခေါ်တဲ့ ရဲဘော်ချမ်းအေးတို့ လာပြီး သူ့လက်ဘက်ရည်ဆိုင်မှာ စတည်းချကြတယ်။ ထောက်လှမ်းရေးကလဲ ကွက်ကြည့် ကွက်ကြည့်။ ခုတော့ စိတ်တိုင်းကျ ဆိုင်က ဗမာပြည်မှာတွင်းမှာသာမက ထိုင်းနိုင်ငံ ဘန်ကောက်မှာတောင် ဖွင့်ထားတယ်။

ရဲဘော်တွေ အလုပ်မျိုးစုံ လုပ်ကြတယ်။ ရေတွက်ကြည့်ရင် ကီလီဘောတံတားမှာ ကုန်ထမ်းတယ်၊ ဘတ်စ်ကားလက်မှတ်ရောင်း လုပ်တယ်၊ ဆိုက်ကားနင်းတယ်၊ ဘဲဥရောင်းတယ်၊ အသုဘ ပွဲစားလုပ်တယ် ( ကျနော့်ကို လာပြောတယ် အသုဘအတွက် အကူညီ လိုရင်ပြောတဲ့)၊ ဘုရားပွဲတွေ လိုက်ပြီး ပြက္ခဒိန်တွေ ဗေဒင်စာအုပ်တွေ ရောင်းတယ်၊ ပလာတာ ရိုက်တယ်၊ လေးကောင်ဂျင်ဒိုင်အတွက် အော်ဂနိုက်ဇာ လုပ်ပေးတယ်… ။ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသားက နယ်ဘက်ရွာတွေ သွားပြီး ဆေးကုစားတယ်၊ မင်္ဂလာဈေးမှာ ဆေးဆိုင်ဖွင့်ပြီး ဆေးရောင်းတယ်။ ရေးဘက်ကို သွားပြီး မှောင်ခို ကယ်ရီလုပ်တယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပြောသလို ထမင်းတလုပ်အတွက် ထင်းခုတ်ကြတဲ့ လူတွေ…။

အလုပ်မျိုးစုံ လုပ်ကြရင်းပဲ အရေးကြုံလာတော့ နိုင်ငံရေးပွဲထဲ ဝင်နွှဲကြပြန်တယ်။ ထောင်ထဲကို ဒုတိယ၊ တတိယ၊ စတုတ္ထ အထိ ဝင်ကြရတယ်။ လွတ်မြောက်တဲ့ နယ်မြေကို ရောက်သွားပြီး လက်နက်ကိုင်စွဲ တိုက်ပွဲ ဝင်ကြတယ်။

ဒီ ထောက်ထွက်တွေဆီက မျိုးဆက်သစ်တွေ ပေါက်ဖွားလာကြပြန်တယ်။ မဆုံးနိုင်တဲ့ တော်လှန်ရေး သံသရာမှာ ကျင်လည်ကြရင်း……

မောင်အေးဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments