မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၄)

August 10, 2017

မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၄)
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၇

● နိုင်ငံသားဖြစ်မှုနှင့် “ရိုဟင်ဂျာ”
နိုင်ငံသားဖြစ်မှုပြဿနာတွင် လက်ရှိကြုံနေရသည့် ပြဿနာမှာ လူမျိုးအမည်ပြဿနာဖြစ်သည်။ ဘင်္ဂါလီမွတ်စလင်များက ၎င်းတို့ကိုယ် ၎င်းတို့ ရိုဟင်ဂျာလူမျိုးများ ခေါ်ဝေါ်သတ်မှတ်ထားကြသည်။ ၎င်းရိုဟင်ဂျာလူမျိုးဆိုသည်နှင့်ပတ်သက်၍ လွန်ခဲ့ သည့်နှစ် ၆၀ ကျော်မှစ၍ အငြင်းပွားမှုဖြစ်ခဲ့သည်ဟု ဆိုရမည်။

ရိုဟင်ဂျာဟူသည့် ဝေါဟာရကို စတင်သုံးနှုန်းသည်ကို တွေ့ရသည်မှာ ၁၉၅၁ ခုနှစ် သြဂုတ်လ ၂၈ ရက် ဂါးဒီးယန်သတင်းစာပါ ထိုစဉ် ဘူးသီးတောင်အမတ်ဖြစ်သူ အယ်ဒူဂါဖါ၏ ဆောင်းပါးတွင်ဖြစ်သည်ဟု ရခိုင်သမိုင်း ပညာရှင်ဒေါက်တာအေးချမ်းက ထောက်ပြထားခဲ့ပါသည်။ အယ်ဒူဂါဖါသည် ဘင်္ဂလားဒေ့ရှ် ဒက်ကာတက္ကသိုလ်မှ ဘွဲ့ရသည့် စစ်တကောင်းသားတဦး ဖြစ်ပြီး အင်္ဂလိပ်ခေတ်က ပညာဝန်ဖြစ်ခဲ့သူတဦးဖြစ်သည်။ သူ၏အဆိုအရ မောင်တော ဘူးသီးတောင်ရှိ မွတ်စလင်များသည် အေဒီ ၇ ရာစု ၈ ရာစုကထဲက အခြေစိုက်နေထိုင်ခဲ့ကြသည့် အာရပ်ကုန်သည်များ၏ အဆက်အနွယ်များ၏ အဆက်အနွယ်များဖြစ် ပြီး အိန္ဒိယ ပါကစ္စတန်ဘင်္ဂလားဒေ့ရှ်တို့နှင့် အဆက်အသွယ်မရှိ။ နယ်သစ်ပယ်သစ်ရှာဖွေလာသော အာရပ်ကုန်သည်နှင့် စစ်သည်တော်များဖြစ်ပြီး ထိုစဉ်က ဒေသခံအကြီးအကဲများက အသိမှတ်ပြုခဲ့ကြသည်ဟု ဆိုသည်။ ထိုအဆက်အနွယ်များမှာ ရိုဟင်ဂျာ ရှေးရိုးစွဲမွတ်စလင်များအဖြစ် ၇ ရာစုကထဲက ရခိုင်ပြည်နယ်တွင်းရောက်ရှိ အမြစ်တွယ်ခဲ့သည်ဟု ဆိုသည်။ ထို့ ပြင် ရခိုင်သို့ ဗုဒ္ဓဘာသာသည်အနော်ရထာမင်းလက်ထက် အေဒီ ၁၀၄၄ လောက်မှ စရောက်သည်ဟု ဆိုကြသေးသည်။ ထို အချိန်မှစ၍ မွတ်စလင်ပညာတတ်လူငယ်များ၏ လှုံ့ဆော်မှုဖြင့် ရခိုင်မွတ်စလင်ဟူ၍လည်းကောင်း၊ ရိုဟင်ဂျာဟူ၍ လည်း ကောင်း သုံးစွဲမှုများ စတင်ခဲ့သည်။

ဤလှုပ်ရှားမှုနှင့်အတူ ရိုဟင်ဂျာအဖွဲ့အစည်းများ ထူထောင်လာခဲ့ကြသည်။ ၁၉၅၆ ခုနှစ်တွင် “ရိုဟင်ဂျာညီညွတ်ရေး အ စည်းအရုံး” နှင့် ၁၉၅၉ ခုနှစ်တွင် “ရိုဟင်ဂျာလူငယ်များအစည်းအရုံး” ကိုဖွဲ့စည်းပြီး မောင်တောဘူးသီးတောင်ဒေသတွင် ဌာနခွဲများ ဖွင့်လှစ်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် နောက်ထပ် ရိုဟင်ဂျာအစည်းရုံး ၄ ခု ထပ်မံပေါ်ပေါက်ခဲ့သည်။ ၎င်းတို့မှာ ….
၁။ ရိုဟင်ဂျာကျောင်းသားများအစည်းအရုံး
၂။ ရိုဟင်ဂျာအလုပ်သမားများအစည်းအရုံး
၃။ ရိုဟင်ဂျာတက္ကသိုလ်ကျောင်းသားများအစည်းအရုံး
၎။ ရိုဟင်ဂျာ ဂျမီယတ်အာလ်အူလ်မာအဖွဲ့တို့ဖြစ်ပြီး အမှတ်စဉ် ၁/၂/၃ တို့သည် ရန်ကုန်တွင်အခြေစိုက်ပြီး အမှတ်စဉ် ၄ အ ဖွဲ့မှာ ရန်ကုန် မောင်တော ဘူးသီးတောင်ဒေသများတွင် အဖွဲ့ခွဲများဖွဲ့စည်းထားသည်။

အဆိုပါရိုဟင်ဂျာအသုံးအနှုန်းအား ဖဆပလ ခေါင်းဆောင်အချို့နှင့် တပ်မတော်မှ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးတို့ လက်ခံ သုံးစွဲခဲ့သည်ကို တွေ့ရသည်။ ထိုစဉ်က ထုတ်ပေးသည့် သုံးခေါက်ချိုးမှတ်ပုံတင်တွင်လည်း လူမျိုးနေရာတွင် ရိုဟင်ဂျာဟူ၍ ရေးသားသုံးစွဲခဲ့သည်ကို တွေ့ရသည်။ ၁၉၆၀ ခုနှစ်သန့်ရှင်းဖဆပလအစိုးရတက်လာပြီးနောက်တွင် မြန်မာ့အသံ အသံလွှင့် အစီအစဉ်၌ ရိုဟင်ဂျာအစီအစဉ် ထည့်သွင်းထုတ်လွှင့်သည်ကို တွေ့ရသည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် ပိုင်း ထိုအသံလွှင့်အစီအစဉ်များရပ်ဆိုင်းခဲ့ပြီး ရိုဟင်ဂျာအဖွဲ့အစည်းများလည်း ဖျက်သိမ်းခံခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် ရိုဟင်ဂျာဆိုသည့်ဝေါဟာရကို အစိုးရနှင့်တပ်မတော် လက်ခံသုံးစွဲခြင်းမရှိတော့ပေ။

သို့သော် ယခုအခါ ရခိုင်ပြည်နယ်တွင်းတွင်လည်းကောင်း၊ ပြည်ပမှလည်းကောင်း၊ ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအရေးအား လှုပ်ရှားနေသူများက ရိုဟင်ဂျာဟုသာ ရပ်ခံသုံးစွဲနေကြသည်ကိုတွေ့ရှိရသည်။

● ရခိုင်ပြည်နယ်တွင်း ဘင်္ဂါလီမွတ်စလင်များဝင်ရောက်လာခြင်း
ရိုဟင်ဂျာဆိုသည့် သမိုင်းဖေါ်ထုတ်လာကထဲက ရခိုင်သမိုင်းပညာရှင်များ ရခိုင်နိုင်ငံရေးသမားများက လက်မခံဘဲ ပြင်းပြင်း ထန်ထန် ပြန်လည်တုန့်ပြန်ခဲ့ကြသည်။ သမိုင်းအထောက်အထားများအရ လက်သင့်ခံဖွယ်ရာမရှိဟု တုန့်ပြန်ခဲ့ကြသည်။

ရခိုင်၏ထင်ရှားသော သမိုင်းအထောက်အထားများဖြစ်သည့် အာနန္ဒစန္ဒြမင်းကြီး၏ကျောက်စာ ဓညဝတီမြို့ဟောင်း ဝေသာလီမြို့ဟောင်းဝေသာလီခေတ်ဒင်္ဂါးများ စသည့်ထင်ရှားသည့် သမိုင်းအထောက်အထားများအရ ၇ ရာစုမှ ၁၀ ရာစုအထိ ဝေ သာလီခေတ်တွင် ရခိုင်တွင် ဗုဒ္ဓဘာယဉ်ကျေးမှု ထွန်းကားပြန့်ပွားနေပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့်အတူ ရောနှောပြန့်နှံ့ နေသည်မှာ ဟိန္ဒူယဉ်ကျေးမှုဖြစ်သည်ကို တွေ့ရသည်။ ဝေသာလီခေတ်၌ မွတ်စလင်ဘာသာရောက်ရှိသည့် အထောက် အထား မှတ်တမ်းမတွေ့ရပေ။ ခေတ်ပြိုင်အိန္ဒိယသမိုင်းကို လေ့လာကြည့်လျင်လည်း မွတ်စလင်ဘာသာ ပြန့်နှံ့မှုသည် အေ ဒီ ၇ ရာစုမှ ၁၀ ရာစုကြားကာလထိ အိန္ဒိယအနောက်ဖက်ကမ်းတွင်သာ ရပ်တန့်နေသည်ကို တွေ့ရသည်။ ရခိုင်နှင့်ထိစပ်နေ သည့် အိန္ဒိယအရှေ့ပိုင်း ယခု ဘင်္ဂလားဒေ့ရှ်ဒေသသို့ပင် ရောက်လာခြင်း မရှိသေးပေ။

ထို့ကြောင့်လည်း ရိုဟင်ဂျာဟုဆိုသူများက ၎င်းတို့သည် အိန္ဒိယ ဘင်္ဂလားဒေ့ရှ်တို့နှင့်မသက်ဆိုင်ဘဲ အာရပ်မှ တိုက်ရိုက် ရောက်လာသူများဟု ဆိုကြပုံရသည်။ သို့သော် ထိုသို့ဆိုသော်လည်း အခိုင်အမာသက်သေပြစရာ သမိုင်းအထောက်အထား များ မတွေ့ရပါ။

ရခိုင်ပြည်နယ်ရှိ ထင်ရှားသော သမိုင်းအထောက်အထားများအရ ရခိုင်ပြည်နယ်သို့ မွတ်စလင်ဘာသာဝင်များ ရောက်ရှိလာပုံ အား သမိုင်းအထောက်အထားဖြင့် အဓိကအားဖြင့် ၃ ပိုင်းခွဲခြားတွေ့မြင်နိုင်သည်။

ပထမဦးဆုံးအနေဖြင့် ဝင်ရောက်လာခဲ့သည်မှာ မြောက်ဦးခေတ် ဘုရင်မင်းဘာကြီးလက်ထက် ၁၅၃၁ ခုနှစ်၌ ဘင်္ဂလား စစ်တကောင်းနယ်ကိုတိုက်ခိုက်သိမ်းပိုက် နယ်မြေချဲ့ထွင်ရာမှ အစပြုသည်။ စစ်နိုင်သူ မင်းဘာကြီးသည် သောင်းဒေးကျွန်းမှ ဆားချက်သည့် မွတ်စလင်ဘာသာဝင် ၄၀၀၀ ခန့်ကိုဖမ်းဆီးခေါ်ဆောင်လာပြီး သံတွဲရှိ ဘုရားသုံးဆူတွင် ဘုရားဝေယာဝစ္စ လုပ်ရန် ဘုရားကျွန်များအဖြစ် နေရာချထားခဲ့သည်။ ယင်းတို့မှာ ရခိုင်တွင် သမိုင်းအထောက်အထားဖြင့် မွတ်စလင်ဘာသာ ဝင်များ စတင်ဝင်ရောက်သည်ဟု မှတ်တမ်းဝင်သည်။

မင်းဘာကြီး၏ မြေးဖြစ်သူ မင်းရာဇာကြီးခေတ်တွင် ၎င်း၏သားဖြစ်သူ မင်းခမောင်းပုန်ကန်ရာတွင် အဆိုပါ သံတွဲရှိ မွတ်စလင် များကို စည်းရုံးပြီးပါဝင်စေခဲ့သည်။ ထိုပုန်ကန်မှု များအရေးနိမ့်သောအခါ မွတ်စလင်ဘာသာဝင် ၃၇၀၀ ခန့်သည် ဗမာ ဘုရင်ပိုင်နက် မြေဒူးသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ၁၇၈၄ ခုနှစ်ဘိုးတော်ဘုရား ရခိုင်ကိုလာတိုက်သောအခါ အဆိုပါ မြေဒူးမွတ်စလင်ဘာသာဝင်များအား တပ်ဖွဲ့တခုအဖြစ်ပြန်လည်ခေါ်ဆောင် လာခဲ့ပြီး သံတွဲတွင်ပြန်လည်အခြေစိုက်ကြသည်။

ထို့ကြောင့် ၎င်းတို့အား မြေဒူးမွတ်စလင်ဘာသာဝင်များဟု ခေါ်ကြသည်။ ၎င်းတို့သည် မွတ်စလင်ဘာသာဝင်များဖြစ်ကြသော် လည်း ဗမာစကားပြော၍ ဗမာလိုပင် ဝတ်စားကြသည်။

ဒုတိယအနေနှင့် ဝင်ရောက်လာကြသူများမှာ အိန္ဒိယနန်းလုပွဲမှ အရေးနိမ့်ပြီး ဝင်ရောက်ခိုလှုံလာကြသူများဖြစ်သည်။ ၁၆၅၇ ခုနှစ် မဂိုဘုရင် ရှာဂျဟန် Shar Jahan နားမကျန်းဖြစ်စဉ် နန်းလုသူ မဂိုမင်းသားငယ် သျှ သျူဂျာ Shah Shuja နှင့်နောက်လိုက် ၂၀၀ ခန့်သည် မြောက်ဦးဘုရင် (၁၆၅၂-၁၆၈၄) ထံ ခိုလှုံလာခဲ့သည်။ ၎င်းတို့သည် အာဖဂန်အနွှယ် ပါရှန်လေးသည် တော် များဖြစ်ကြရာ လေးဟုအဓိပ္ပါယ်ရသော ပါရှန်စကားဖြစ်သည့် ကမန်ဟု ခေါ်တွင်ခဲ့ကြသည်။ ၎င်းကမန်များသည် နောက် ပိုင်းတွင် ရခိုင်နန်းလုပွဲများတွင် ပါဝင်ပတ်သက်လာခဲ့၍ ၁၇၁၀- ၁၇၃၁ ခုနှစ် စန္ဒဝိဇယမင်းလက်ထက်တွင် ရမ်းဗြဲကျွန်း နောင်တွင် သံတွဲသို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ သံတွဲမြောက်ဖက်၌ ရွာ၎ ရွာတည်၍ နေရာချပေးခဲ့သည်။ အဆိုပါသံတွဲရှိ မြေဒူးနှင့်ကမန် လူဦးရေမှာ ၁၉၁၁ ခုနှစ် အင်္ဂလိပ်ခေတ်စာရင်းအရ ၃၅၇၆ ဦးရှိသည်။ ကမန်များသည် ရခိုင်စကားပြော၍ ဝတ်စားဆင်ယဉ်မှုမှာလည်း ရခိုင်တို့နှင့် မခြားပေ။

ထို့ပြင် မြောက်ဦးခေတ်တွင် အင်အားတောင့်တင်းသည့် ရခိုင်ဘုရင်များလက်ထက်တွင် စစ်တကောင်းနယ်သို့ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လေ့ရှိပြီး ဖမ်းမိလာသည့် စစ်သုံ့ပမ်းများကို ကျွန်အဖြစ် အသုံးပြုလေ့ရှိသကဲ့သို့ ပေါ်တူဂီကုန်သည်များနှင့် လည်း ကျွန်အရောင်းအဝယ်ပြုကြသည်ကို မှတ်တမ်းများတွင် တွေ့ရသည်။ ဘင်္ဂလား စစ်တကောင်းနယ်ကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့သည့် မြောက်ဦးခေတ် ဘုရင် ၉ ဦးရှိခဲ့ပြီး ၎င်းဘုရင် ၉ ဦးခေတ်တွင်ထုတ်လုပ်သည့် ဒင်္ဂါးအချို့တွင် အာရေဗျ စာ များနှင့်ထုတ်သည်ကို တွေ့ရပြီးစစ်နိုင်သည့် ဘင်္ဂလားနယ်များတွင် အသုံးပြုပုံရသကဲ့သို့ စစ်အောင်နိုင်ခြင်းအထိမ်းအမှတ်လည်း ဖြစ်ပုံရသည်။ သို့ဖြစ်ရာ မြောက်ဦးခေတ်တလျောက် စစ်နိုင်သည့်ဘုရင်များ ဖမ်းဆီးခေါ်ဆောင်လာသည့် မွတ်စလင် ဘာသာဝင်အချို့လည်း ဝင်ရောက်လာသည့်ဟု ဆိုရမည်။

တတိယအနေနှင့် အလုံးအရင်းနှင့် ဝင်ရောက်လာသည်မှာ အင်္ဂလိပ်တို့သိမ်းပိုက်ပြီးသည့် ၁၈၂၅ ခုနှစ်နောက်ပိုင်းတွင် ဖြစ် ကြောင်းတွေ့ရသည်။

● အင်္ဂလိပ်ကိုလိုနီခေတ်၌ ဝင်ရောက်လာခြင်း

၁၈၂၅ ခုနှစ် ရခိုင်ကို အင်္ဂလိပ်နယ်ချဲ့တို့သိမ်းပိုက်သည်မှစ၍ တတိယအကြိမ်အဖြစ် အိန္ဒိယတိုက်သား ဟိန္ဒူဘာသာဝင်ရော မွတ်စလင်ဘာသာဝင်ရော ၎င်းတို့၏အကူ အလုပ်သမား တပ်သားစသဖြင့် အင်္ဂလိပ်တို့၏ အုပ်ချုပ်ယန္တယား၏ အစိတ် အ ပိုင်းအဖြစ် စတင်ပါဝင်လာသည်။ အင်္ဂလိပ်တို့ စတင်ဝင်ရောက်ချိန်တွင် ရခိုင်၌ လူဦးရေနည်းပါးနေသည်။ အင်းဝဘုရင်က ရခိုင်ကိုသိမ်းပိုက်ပြီးနောက် ရခိုင်အများအပြားသည် အင်္ဂလိပ်ပိုင်နက် အိန္ဒိယနယ်ထဲသို့ ထွက်ပြေးခိုလှုံခဲ့ရာ ရခိုင်ပြည်နယ် အတွင်း လူဦးရေအထူးလျော့ကျ နေခဲ့သည်။ အင်္ဂလိပ်တို့ ရခိုင်သိမ်းပြီးနောက်မှသာလျင် တိမ်းရှောင်နေသောရခိုင်များ တစ တစ ပြန်လည်အခြေချ နေထိုင်ကြလာကြသည်ဟု ဆိုပါသည်။

၁၈၆၉ ခုနှစ် စူးအက်တူးမြောင့်ပွင့်ပြီးနောက် ၁၈၇၁ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေး တခေတ်ဆန်းခဲ့သည်ဟု သမိုင်းပညာရှင်များ က မှတ်တမ်းပြုပါသည်။ ရခိုင်သာမက မြန်မာပြည်အောက်ပိုင်းဒေသများကိုပါ သိမ်းပိုက်ပြီးသော အင်္ဂလိပ်နယ်ချဲ့တို့သည် အိန္ဒိယမှ အလုပ်သမားအမြောက်အများအားရခိုင် မြစ်ဝကျွန်းပေါ်နှင့် ပဲခူးတိုင်းတို့သို့ ခေါ်ယူတင်သွင်းလာပြီး ဆန်စပါးစိုက်ပျိုး ရေးကို တိုးချဲ့လုပ်ဆောင်၍ အနောက်တိုင်းသို့ပို့ဆောင်နိုင်ရန် ကြိုးပမ်းခဲ့တော့သည်။ ရခိုင်ပြည်နယ်တွင်းသို့ ရေလမ်းမှသာ မက တောင်ပြို လက်ဝဲ မောင်တော ဘူးသီးတောင်တို့မှ ခေါ်ယူလာခဲ့သည်။ သယ်ယူပို့ဆောင်ရေးလွယ်ကူစေရန် မောင်တော ဘူးသီးတောင် ရထားလမ်းပင် ဖေါက်လုပ်ခဲ့သေးသည်။

၁၉၃၈ ခုနှစ် ရန်ကုန်၌ အစပြုသည့် ကုလား-ဗမာအရေးအခင်းပြီးနောက် အင်္ဂလိပ်တို့က စုံစမ်းရေးကော်မတီတခုဖွဲ့စစ်ဆေးခဲ့ပြီး ထိုကော်မတီက မြန်မာနိုင်ငံတွင်းသို့ အိန္ဒိယမှ အလုပ်သမားတင်သွင်းမှု ကန့်သတ်ရန်မြေယာကိစ္စပြုပြင်ရန် အကြံပြု ပြီးနောက် ထိုကော်မတီ၏ ထောက်ခံချက်ဖြင့် အင်္ဂလိပ်အစိုးရသည် စီးပွားရေးပညာရှင် ဂျိမ်းဘက်စ်တာ James Baxter ခေါင်းဆောင်သည့် ဆက်လက်စုံစမ်းရေးကော်မရှင်တခုဖွဲ့စည်းခဲ့သည်။ ထိုကော်မရှင်အား မြန်မာနိုင်ငံတွင်းသို့ ဝင်လာသူ အိန္ဒိယသားများကိစ္စအားစုံစမ်းပေးရန် အင်္ဂလိပ်အစိုးရက မေတ္တာရပ်ခံခဲ့သည်။

ထိုကော်မရှင်တွင် ဥက္ကဌ အဖြစ် မစ္စတာဂျိမ်းဘက်စ်တာ (နောင် မြန်မာပြည်ဘုရင်ခံ၏ အတိုင်ပင်ခံအရာရှိ) ဆောင်ရွက်ပြီး ICS ဦးတင်ထွဋ်နှင့် ရန်ကုန်တက္ကသိုလ်ပါမောက္ခ မစ္စတာ အာဒီဆိုင်းတို့က အဖွဲ့ဝင်များအဖြစ် ဆောင်ရွက်ကြသည်။ ထိုအစီ ရင်ခံစာအရ ရခိုင်သို့ဝင်ရောက်လာသည့် အိန္ဒိယသားများ၏အခြေအနေကို ကောင်းစွာတွေ့မြင်နိုင်သည်။

ထိုကော်မရှင် အစီရင်ခံစာ အခန်း ၇ စာမျက်နှာ ၄၉ တွင် ၁၉၃၀ ခုနှစ်တွင်ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ရခိုင် တိုင်းအတွင်း ဝင်ရောက်လာသော အိန္ဒိယသားများ၏စာရင်းကို အောက်ပါအတိုင်းဖေါ်ပြထားသည်။

– ရခိုင်တိုင်း လူဦးရေ ၁၁၀၈၅၃၈ ဦး
– အိန္ဒိယတိုင်းရင်းသားဦးရေ ၂၁၇၈၀၁ ဦးဟု ဖေါ်ပြသည်။

ခရိုင်အလိုက်ပြန့်ကျဲနေသည့် အိန္ဒိယသား အရေအတွက်ကို အောက်ပါအတိုင်း ဆက်လက်ဖေါ်ပြသည်။
– စစ်တွေခရိုင် ၂၁၀၉၉၀ ဦး (ထိုစဉ်က မောင်တော ဘူးသီးတောင်သည် စစ်တွေခရိုင်အတွင်းပါဝင်သည်)
– ရခိုင်တောင်တန်းဒေသ ၅၀၀ ဦး
– ကျောက်ဖြူ ခရိုင် ၄၃၂၁ ဦး
– သံတွဲခရိုင် ၁၉၉၀ ဦးတို့ဖြစ်သည်။

၁၉၃၀ ခုနှစ်စာရင်းအရ ရခိုင်တွင် အိန္ဒိယတိုင်းရင်းသားဦးရေသည် ၂၀% ပင်မရှိပေ။

ထိုစဉ် စစ်တွေခရိုင်အတွင်း လူဦးရေ ၆၃၇၅၈၀ ယောက်ရှိပြီး ၂၁၀၉၉၀ ယောက်မှာ အိန္ဒိယတိုင်းရင်းသားများဖြစ်ပြီး ရခိုင်ရှိ အိန္ဒိယသားအားလုံး၏ ၉၇ % ဖြစ်သည်။ ထိုအထဲတွင် အိန္ဒိယတွင်ဖွါးမြင်သူ ၄၄၀၀၀ ရှိပြီး ရခိုင်တွင်ဖွားမြင်သူ ၁၆၇၀၀ ရှိသူဟုဆိုသည်။ အိန္ဒိယမှာ လယ်ယာလုပ်ငန်းတွင် လယ်ကူလီလာလုပ်သူများသည် မူလက လယ်ယာလုပ်ငန်းချိန်တွင်သာ လာရောက်ကြသော်လည်း နောင်တွင် မပြန်ကြတော့ဘဲ အခြေချနေထိုင်လာကြသည်ကိုတွေ့ရသည်။ ထိုစဉ်က စစ်တွေခရိုင် အတွင်း မောင်တောမြို့နယ် ဘူးသီးတောင်မြို့ နယ်တို့ပါဝင်ကြသည်။

စစ်တွေခရိုင်တွင်း ပြန့်နှံနေထိုင်သော အိန္ဒိယသားများ၏ မျိုးနွယ်ကိုအောက်ပါအတိုင်း ခွဲခြားဖေါ်ပြသည်ကို တွေ့ရသည်။
– စစ်တကောင်းသား ၁၈၆၃၂၇ ဦး
– ဘင်္ဂါလီ( စစ်တကောင်းသားမဟုတ်သူ) ၁၀၉၉၈ ဦး
– ဟိန္ဒူ ၂၉၅၅ ဦး
– အူရီယာ ၃၈၀၉ ဦး ဟူ၍ဖေါ်ပြသည်။

ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးဝန်၏ ၁၉၃၀ ခုနှစ် အစီရင်ခံစာတွင် ဖေါ်ပြထားချက်အရ တနှစ်လျှင် စစ်တကောင်းသား ကူလီ ၄၀၀၀၀ ခန့်ဝင်ရောက်လေ့ရှိကြောင်း ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကောက်ချိန်တွင် စစ်တွေခရိုင်အတွင်း အိန္ဒိယတိုင်း ရင်းသား စုစုပေါင်း ၂၅၁၉၄၅ ယောက်ရှိသည်ဟု ဖေါ်ပြပါသည်။ ၁၉၃၄ ခုနှစ်တွင် ရခိုင်တိုင်းအတွင်း စစ်တကောင်းသားဝင် ရောက်မှုမှာ ၂၀၀၀၀ ခန့်ရှိသည်ဟု ဆိုပါသည်။ ယခုအတိုင်းသာရခိုင်သို့ စစ်တကောင်းသားများ အဆက်မပြတ်ဝင်ရောက်လာနေခြင်းကိုမတားဆီးပါက နောင်တွင် လူမျိုးရေးအဓိကရုဏ်းများဖြစ်ပွားမည်ကို စိုးရိမ်ရသည်ဟု စုံစမ်းရေးကော်မရှင်က သုံးသပ်တင်ပြခဲ့သည်ကို တွေ့ရသည်။

အင်္ဂလိပ်ကိုလိုနီခေတ် ဂျိမ်းဘက်စ်တာ အစီရင်ခံစာသည် ရခိုင်သို့အိန္ဒိယတိုင်းရင်းသားများ ဝင်ရောက်လာပုံကို ဖေါ်ပြသည့် ခိုင်မာသည့် သက်သေအထောက်ထားဟုဆိုရပါမည်။ ထိုစာရင်းအရ အိန္ဒိယတိုင်းရင်းသားများတွင် စစ်တကောင်းသား ( ရခိုင်တိုင်းရင်းသားများက စစ်တကောင်းကုလားဟု ခေါ်ကြသည်) ဟုခေါ်သည့် မွတ်စလင်ဝင်ဘာသာဝင် ဘင်္ဂါလီများ ဖြစ်ကြပြီး ဟိန္ဒူနည်းပါးသည်ကို တွေ့ရသည်။ ထို့ပြင် ဘင်္ဂလားစစ်တကောင်းဒေသမှသူများသည် ၎င်းတို့နှင့်နယ်မြေချင်း ဆက်စပ်နေသည့် မောင်တောမြို့နယ်အတွင်းတွင်လည်း ဝင်ရောက်အခြေချနေထိုင်လာကြသည်။ ဤသို့နှင့်ဘင်္ဂလား စစ် တကောင်းနယ်သား ဘင်္ဂါလီမွတ်စလင်အများအပြားသည် ရခိုင်တိုင်းအတွင်းသို့ အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်တို့၏အကျိုး အမြတ်များအတွက် တံခါးမရှိ ဓါးမရှိခေါ်သွင်းခဲ့မှုကြောင့် အမြောက်အများဝင်ရောက်လာခဲ့သည်ကို ထိုအစီရင်ခံစာအရတွေ့ မြင်နိုင်သည်။

၁၉၃၅ ခုနှစ် ခွဲရေးတွဲရေး ဥပဒေပေါ်ထွက်လာပြီးအိန္ဒိယနိုင်ငံမှခွဲထွက်ရန် ဆုံးဖြတ်ချက်အရ အိန္ဒိယခေါင်းဆောင် ဆာကာနှင့် မြန်မာနန်းရင်းဝန် ဂဠုန်ဦးစောတို့ လူဝင်လူထွက်စာချုပ်တခု ချုပ်ဆိုခဲ့သည်။ ထိုခွဲထွက်ရေးကို စတင်ဆွေးနွေးသည်နှင့် နောင်တွင် မြန်မာပြည်ဝင်ခွင့်မရမည်ကိုစိုးရိမ်သည့် အိန္ဒိယသား အမြောက်အများသည် ထိုကာလ၌ အလုံးအရင်းနှင့် ဝင်လာ ခဲ့သည်ဟု ဆိုသည်။ ထိုမှတွေ့ရသည်မှာ ဗြိတိသျှ ရခိုင်ကိုသိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးအရ ဗြိတိသျှ အိန္ဒိယနယ်အတွင်း၌ ထည့်သွင်းထားရာ တိုင်းပြည်အပိုင်းအခြားပြု သည့် ၁၉၃၅/၃၇ ထိ ဗြိတိသျှလက်အောက်ခံ တနယ်ထဲဖြစ်နေ၍ အတား အဆီးမရှိ ဝင်ရောက်ခဲ့နိုင်သည်ဟု ဆိုရပါမည်။

ထို့ပြင် ဂျိမ်းဘက်စ်တာအစီရင်ခံစာ၌၎င်း ရခိုင်ကို ၁၈၂၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်ထိ နှစ်ပေါင်း ၁၂၃ နှစ်တိုင် အုပ်ချုပ်ခဲ့သော အ လွန်တရာစေ့စပ်သေချာသော အင်္ဂလိပ်အစိုးရ၏ တရားဝင်ပြန်တမ်းများတွင် ၎င်းဖေါ်ပြသည့် တိုင်းရင်းသားလူမျိုးများ အ မည်စာရင်းတွင် ရိုဟင်ဂျာဆိုသည့်လူမျိုး ပါဝင်ခဲ့ခြင်းမရှိပါ။ အိန္ဒိယမှဝင်ရောက်လာသည့် အိန္ဒိယတိုင်းရင်းသားများ စစ်တ ကောင်းသားများ ဘင်္ဂါလီများ ဟိန္ဒူများဟုသာဖေါ်ပြသည်ကို တွေ့မြင်ခဲ့ရသည်။

ဗြိတိသျှအမှတ် ၁၄ တပ်မတော်မှ ဗိုလ်မှူးချုပ် စီအီးလူးကပ်ဖီးလစ် C.E Lucas Philips က “မွတ်စလင်များ၏ ဇစ်မြစ်မှာ ဗြိတိသျှ အိန္ဒိယပိုင်ဘင်္ဂလားနယ် စစ်တကောင်းခရိုင်ဖြစ်သည်။ မွတ်စလင်များအားလုံသည် ရခိုင်ပြည်တွင် မျိုးဆက်ပေါင်းများ စွာများစွာ အခြေချနေထိုင်လာခဲ့သည်ဖြစ်စေ လောလောလတ်လတ် ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်စေ စစ်တကောင်း သားများ (Chittagonians ) ဟူ၍ သိကြသည်။ ဗြိတိသျှတပ်မတော်တွင် ၎င်းတို့ကို စစ်တကောင်းတပ်ဖွဲ့ဝင်များ (CFs) ဟု သိကြသည်။” ဟု ဆိုပါသည်။

သို့ဖြစ်ရာ ရခိုင်မြို့ပြနိုင်ငံခေတ်များဖြစ်သော ဓညဝတီ ဝေသာလီ လေးမြို့ မြောက်ဦး စသည့်ခေတ်များတွင် သမိုင်း အ ထောက်အထားမှတ်တမ်းမှတ်ရာများ ပြည့်စုံစွာမရရှိဟုဆိုနိုင်သော်လည်း သမိုင်းမှတ်တမ်းမှတ်ရာများ အပြည့်အစုံရှိသော ဗြိတိသျှ အင်္ဂလိပ်များခေတ်တွင်လည်း ရိုဟင်ဂျာလူမျိုးဆိုသည်ကို မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။ သို့ဖြစ်ရာ ရိုဟင်ဂျာ ဆိုသောအသုံးအနှုန်းသည် လွတ်လပ်ရေးခေတ်နောက်ပိုင်းမှပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။ ရခိုင်ရှိ မွတ်စလင် များအား ဒေသခံရခိုင်များနှင့် ပြည်မမှ ဗမာများက မွတ်စလင်ကုလားများဟုသာ အစဉ်တစိုက် ခေါ်ဝေါ်သုံးစွဲကြသည်။ ထိုသို့သုံးစွဲမှုအား တရားဝင်သုံးစွဲမှုခြင်းကို ကန့်ကွက်မှုများရှိနေ၍ တရားဝင်သုံးနှုန်းရာတွင် ဘင်္ဂါလီမွတ်စလင်များဟု ပြောင်း လဲသုံးစွဲကြသည်။ ဗြိတိသျှမှတ်တမ်းများအရဆိုသော် ရခိုင်ရှိ စစ်တကောင်းမွတ်စလင်များ စစ်တကောင်းသားများဟု ခေါ် ဆိုသည်ကို တွေ့ရသည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး

(ဧရာဝတီမြန်မာပိုင်းတွင် ဇူလိုင် ၂၁၊ ၂၀၁၇ ရက်နေ့က ဖော်ပြပြီးဖြစ်သည်။) 

Photo by Allison Joyce


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်မောင်စိုး

One Response to မောင်မောင်စိုး ● ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး – အပိုင်း (၄)

  1. Ba Ba Gyi on August 12, 2017 at 3:34 am

    ၁၉၅၁ ခုနှစ်က ဂါဒီယန်သတင်းစာမထွက်သေးပါ။ ဗမာ့တပ်မတော်က ဂါဒီယန်မဂ္ဂဇင်းကို ၁၉၅၄ တွင်စတင်ထုတ်ဝေပြီး၊ ဂါဒီယန်သတင်းစာကို ၁၉၅၆ တွင်မှစတင်ထုတ်ဝေပါသည်။ ထို့ကြောင့် အယ်ဒူဂါဖါ၏ ဆောင်းပါးသည် ဂါဒီယန်သတင်းစာတွင် ပါခဲ့သည်ဆိုသောသတင်းမှန်ပါက ၁၉၅၆ ခု နောက်ပိုင်းတွင်သာဖြစ်နိုင်ပါမည်။

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်