စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၂)

August 11, 2017

● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၂)
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇

ယနေ့ခေတ် မြန်မာနိုင်ငံသားများ၏ မိဘဘိုးဘွားများ ဖြစ်သော ၁၉ ရာစုမှ မြန်မာများသည် အံ့သြစရာ မကောင်းပေဘူးလား။ နိုင်ငံခြားသားများကပင် ချီးကျူးရသော ကိုယ့်ကျင့်တရားရှိသူများ မဟုတ်ပေဘူးလား။ သဘောထားကြီးသော ရန်သူကပင် ချီးကျူးရသော အံ့မခန်းသတ္တိပိုင်ရှင်များ မဖြစ်ပေဘူးလား။ ယနေ့ခေတ်မှာ မြန်မာအချင်းချင်းပင် မြန်မာတွေ စည်းကမ်းရှိ အောင် ကိုယ်ကျင့်တရားကောင်းအောင် ကျောင်းတွေမှာ ပြည်သူ့နီတိသင်ပေးကြပါဟု တစာစာ တောင်းဆိုနေရပြီ။ သို့သော် ၁၉ ရာစုမှ ရှေးဘိုးဘွားမိဘတို့သည်ကား ပြည်သူ့နီတိကို လက်တွေ့ကျင့်သုံးခဲ့ကြပေသည်။ နိုင်ငံခြားသားတို့၏ ကိုယ်ချင်းစာ စိတ် ဒုက္ခရောက်သူကို ကူညီချင်စိတ်ကို အတုယူကြပါဟူ၍ ၂၁ ရာစုတွင် မြန်မာတွေက ဓာတ်ပုံတွေရိုက်၍ လူမှုကွန်ရက် တင်နေကြရပြီ။ မြန်မာနိုင်ငံသားတို့၏ ရှေးဘိုးဘေးများကား ကိုယ်ချင်းစာစိတ် ဒုက္ခရောက်သူကို ကူညီချင်စိတ် အပြည့်ရှိ သည်ဟု နိုင်ငံခြားသားများကပင် စာအုပ်စာတမ်းများနှင့် ချီးကျူးခဲ့ရလေသည်။

၁၉ ရာစုနှစ်က မြန်မာတွေက ထိုအရည်အချင်းကောင်းများရှိခဲ့သည်ဆိုလျှင် ၂၁ ရာစု မြန်မာများရော မည်သို့ရှိပါသနည်း။ အခြား အရည်အချင်းများကို အသာထားဦး။ ထိုခေတ်က မြန်မာ့လူ့ဘောင်တွင် လူသတ်မှုဆိုသည်မှာ ဖြစ်တောင့် ဖြစ်ခဲ ဖြစ် သည်။ လူသတ်မှုတခုလောက်ဖြစ်လိုက်လျှင်လည်း တမြို့လုံး တနယ်လုံးကပင် ထိတ်လန့်တကြားဖြင့် တလ ကိုးသီတင်း စကားဝိုင်းဖွဲ့ပြောလို့ မပြီးတော့ဟု ဆိုသည်။ ယခုခေတ်ကျတော့ လူသတ်မှုဆိုသည်က မြန်မာတွေ အတွက် မထူးဆန်း သလိုတောင် ဖြစ်သွားပြီလားဟု ထင်ရသည်။ လူတယောက် အသတ်ခံရသည်ဆိုလျှင် အလွန်မအံ့သြတော့။ နှစ်ယောက် သုံးယောက်လောက် အသတ်ခံရသည်ဆိုမှ နည်းနည်းအံ့သြမည်။ အသည်းနှလုံးတွေ အေးစက်ကုန်ကြပြီလားဟု ထင်ရ သည်။ ကိုယ့်ထက်နိမ့်ကျသူများကို ညှာတာဖို့အသာထား ကိုယ့်လူမျိုးတွေစားနေသော စားစရာများထဲတွင် ဝိသမလောဘဖြင့် ဆေးတွေခပ်ကြသည်ဆိုသော သတင်းတွေကလည်း မကြားချင်မှအဆုံး။ မြန်မာအများစုတွင် ၁၉ ရာစုနှစ်က ဖီးလ်ဒင်းဟော တွေ့ခဲ့သည်ဆိုသော စိတ်အရည်အသွေးတွေ ရှိ/မရှိ ကိုယ်တိုင် ဆန်းစစ်ကြည့်သင့်သည်။

၁၉ ရာစုနှစ်နှင့် ၂၁ ရာစုသည် ရာစုနှစ်ကြီး ၁ ခုကျော် ခြားနားနေသဖြင့် ထိုခေတ်က လူများနှင့် ယခုခေတ်လူများသည် ခြား နားလိမ့်မည်ဆိုသည်မှာ မှန်သည်။ သို့သော် ၁၉ ရာစုမှ မြန်မာများသည် ၂၁ ရာစု မြန်မာနိုင်ငံသားတွေ၏ မိဘဘိုးဘွားတွေပင် ဖြစ်သည်။ ခေတ်စနစ်တွေ ပြောင်းလခဲ့ပြီဆိုပေမင့် ကိုယ့်မိဘဘိုးဘွားများတွင်ရှိခဲ့သော အရည်အချင်းကောင်းများကို မ ယုတ်လျော့အောင် ထိန်းသိမ်းသင့်ပေသည်။ ပြောင်းလဲခြင်းဆိုသည်မှာ အကောင်းဘက်သို့ပြောင်းလဲခြင်းသာ ဖြစ်သင့်သည်။ အဆိုးဘက်သို့ ပြောင်းလဲခြင်း မဖြစ်ထိုက်ပေ။

နိုင်ငံခြားသားများက မြန်မာနိုင်ငံသား အများစု ကိုယ်ကျင့်တရားကောင်းခြင်းသည် ဗုဒ္ဓတရားတော် လွှမ်းမိုးမှုကြောင့် ဖြစ် သည်ဟု ဆိုခဲ့သည်။ သို့ဆိုလျှင် ယနေ့ခေတ် မြန်မာနိုင်ငံသားအများစုကရော ဗုဒ္ဓဘာသာဝင်များ မဟုတ်တော့ပြီလား။ ဒီလို တော့ မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသားအများစု၏ ကိုးကွယ်ရာဘာသာ ဖြစ်ဆဲပင်။ ဒါဖြင့် ဗုဒ္ဓအယူဝါဒက ၁၉ ရာစုနှစ်က မြန်မာတွေလို အသည်းနှလုံးထဲတွင် မရှိကြတော့လို့လား။ ဤအချက်မှာ စဉ်းစားစရာ ဖြစ်လာသည်။ အံ့အား သင့်စရာ ကိုယ်တွေ့ ကြုံခဲ့တာလေးတွေ ရေးပြရဦးမည်။

စာရေးသူကိုယ်တိုင် ယနေ့ခေတ် မြန်မာတွေ ဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် အခြေခံဘယ်လောက်ရှိသလဲဆိုတာကို သိလို သဖြင့် ပတ်ဝန်းကျင်မှ နီးစပ်သူများကို နမူနာရွေးကောက်ပြီး အင်တာဗျူးလုပ်ဖူးသည်။ သိပ်တော့ မများလှပါ။ ၁၅ ယောက် ခန့်သာဖြစ်ပြီး အသက်အရွယ် အားဖြင့် ၂၅ ခန့်မှသည် ၄၀ ကျော်ခန့်အထိ ပါဝင်သည်။ အားလုံး ဘွဲ့ရပညာတတ်များဖြစ်ပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာသမား စသဖြင့် ပါဝင်သည်။ သူတို့အားလုံး၏ ဥာဏ်ရည်မှာ သာမန်ထက် မြင့်သည်။ အားလုံးမှာ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများလည်း ဖြစ်သည်။ မေးခွန်းမေးပုံက သူတို့ကို အလစ်အငိုက်  ဖမ်းပြီး မထင်မှတ်သည့် အချိန်တွင် မေးတာ ဖြစ်သည်။ ထမင်းစားချိန်၊ လက်ဖက်ရည် သောက်ချိန်၊ စကားဝိုင်းဖွဲ့ပြောချိန် စသဖြင့် မထင်မှတ်သည့် အချိန်တွင် မေးမြန်းသည်။ မေးခွန်းတွေကလည်း လုံးဝမခက်ပါ။ အခြေခံအဆင့်သာ ရှိပါသည်။ ကိုယ်တိုင်လည်း အခြေခံ မျှသာ သိသည်ကိုး။

ပထမဆုံး မေးခွန်းမှာ သူတို့ ကိုးကွယ်သော မြတ်စွာဘုရား၏အမည်ကို သိသလားဆိုသောအမေး ဖြစ်သည်။ အံ့အားသင့်စရာ သူတို့ထဲမှ အချို့သည် လုံးဝမသိကြကြောင်း တွေ့ရသည်။ တယောက်က သိဒ္ဓါတ်မင်းသားဟု စဉ်းစားပြီး ဖြေသည်။ မင်း သားဘဝတုန်းက အမည်ကိုသိချင်တာမဟုတ် ဘုရားဖြစ်လာတဲ့အခါ ခေါ်တဲ့အမည်နာမကို သိချင်တာဟု ကွန့်လိုက်သည့် အခါ မဖြေနိုင်တော့တာကို တွေ့ရသည်။ အမျိုးသမီးလေးတဦးဆိုလျှင် လုံးဝမသိပါဟု အမှန်အတိုင်း ဝန်ခံသည်။ မေးရသူက အားမလို အားမရ ဖြစ်လှသဖြင့် စဉ်းစားပါဦးဟု တိုက်တွန်းမှ အတန်ကြာစဉ်းစားပြီး ကောသလဘုရားလို့တော့ ထင်တာပါပဲ ဟူ၍ ခပ်ဆဆ ဖြေသည်။ ကောသလ အိပ်မက် ၁၆ ချက်ဟူ၍ ကြားဖူးသည်ကို ဖြေလိုက်ခြင်းဖြစ်ဟန်တူသည်။ ပြောမယုံ ကြုံဖူးမှသိဆိုသလို တကယ်ကြုံခဲ့ရခြင်းပါ။ ကျန်သူများကတော့ မြတ်စွာဘုရားရှင်၏အမည်ကို အမှန်အတိုင်း ဖြေနိုင်ကြ သည်။ ထို့ကြောင့် တဆင့်ထပ်တက်ပြီး အောင်ခြင်းရှစ်ပါးဆိုတာကို ပြည့်အောင်ရေတွက်ပြပါဟု မေးသောအခါတွင်တော့ တယောက်မှ မဖြေနိုင်တော့တာကို တွေ့ရသည်။ အောင်ခြင်းရှစ်ပါးတွင် ငါးပါးပြည့်အောင်ပြောနိုင်တဲ့လူဟာ အတော်ဆုံး ဆိုတာကို တွေ့လိုက်ရသည်။  မဖြေနိုင်တာက အလစ်အငိုက်ဖမ်းပြီး မထင်မှတ်ချိန်မှာ အမေးခံလိုက်ရလို့ဟူ၍ စောဒက တက်စရာတော့ ရှိပါသည်။ သို့သော် အသက် ၃၀ ကျော် ၄၀ ခန့်ရှိပြီးသူတဦးသည် ကိုယ်ကန်တော့ခဲ့ဖူးသော မြတ်စွာ ဘုရားရှင်၏နာမည်ကို မှီငြမ်းစာအုပ်မလို၊ အင်တာနက်တွင် ရှာစရာမလိုပဲ တရေးနိုး မေးတာတောင် ဖြေနိုင်သင့်သည်ဟု ယုံကြည်ပါသည်။ သူတို့လို ပညာတတ် ဥာဏ်ရည်မြင့်သူတွေတောင် ဒီလောက်အခြေခံနည်းသေးသည်ဆိုလျှင် သူတို့ လောက် ဉာဏ်ရည် မမြင့်သူတွေ၏ ဗုဒ္ဓနှင့်ပတ်သက်သည့် အခြေခံ ဘယ်လောက်ရှိမလဲဆိုတာ သိချင်လှသည်။

တနိုင်ငံလုံး စစ်တမ်းကောက်နိုင်လျှင် အတော်စိတ်ဝင်စားဖွယ် အဖြေတခုရမည်ဟု ထင်ပါသည်။ စိတ်ထင် ဗုဒ္ဓနှင့် ပတ် သက်ပြီး သေသေချာချာမသိသော မြန်မာများ၏ ရာခိုင်နှုန်း နည်းလှမည် မထင်ပါ။ (လွန်ခဲ့သော လအတန်ကြာကပင် မိတ် ဆွေများ လက်ဆင့်ကမ်းသဖြင့် ဗီဒီယိုဖိုင် အတိုကလေး ကြည့်လိုက်ရဖူးသည်။ ထို ဗီဒီယိုတွင် မြန်မာတွေကို လျှပ်တပြက် အင်တာဗျူးဝင်သည်။ မှတ်မိသလောက် မေးသော မေးခွန်းများမှာ မြန်မာနိုင်ငံ၏ လူဦးရေ၊ သမ္မတအမည်၊ ဒုသမ္မတ အမည် စသည်တို့ကို မေးမြန်းသည်။ မေးပုံကတော့ ပြင်ဆင်ခွင့်မပေးပဲ လျှပ်တပြက်မေးပုံ ရပါသည်။ အံ့သြစရာ ကောင်းလောက် အောင်ပင် အတော်များများ မဖြေနိုင်ကြောင်း တွေ့ရသည်။)

ဗုဒ္ဓဝင်ကို သိခြင်းနှင့် ဗုဒ္ဓတရားတော်ကို နားလည်ခြင်းမှာ ဆက်စပ်နေသည်။ ဗုဒ္ဓဝင်ဆိုသည်က ဗုဒ္ဓ၏အတ္ထုပ္ပတ္တိ ဖြစ်သည်။ နီးစပ်သော ဥပမာ ဆောင်ရလျှင် သမ္မတကြီး လင်ကွန်းဖြစ်စေ ဗိုလ်ချုပ်အောင်ဆန်းဖြစ်စေ သူတို့၏အတ္ထုပ္ပတ္တိကိုသိမှ သူတို့ စွမ်းရည်ကို သိနိုင်မည်။ ဒါမှလည်း သူတို့အပေါ် ကြည်ညိုမည်။ ထိုမှတဆင့်တက်ပြီး သူတို့လမ်းစဉ်ကို ကျင့်သုံးလာမည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်သည် မဟုတ်ပါလား။ ဗိုလ်ချုပ်အောင်ဆန်း ဆိုသူကို နာမည်မှ မကြားဖူး သူ့အကြောင်းကို သေချာစွာ မသိပဲနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်အတိုင်း ကျင့်သုံးနေပါသည် ဆိုတာ အဓိပ္ပါယ် မရှိလှပေ။

ရုတ်တရက် ဆိုရလျှင် ဘာသာရေး အကြောင်း ရေးနေသည်ဟု ထင်ဖွယ်ရှိသည်။ အမှန်တော့ ၁၉ ရာစုမှ မြန်မာတွေနှင့် ယနေ့ခေတ် မြန်မာတွေ အပြူအမူများ ကွာခြားသွားရခြင်း အကြောင်းကို ခြေရာခံနေခြင်းသာ ဖြစ်သည်။ တဆက်တည်း ဆိုရလျှင် ယနေ့ခေတ်တွင် ဗုဒ္ဓသာသနာတော်ကြီး တခြားဘာသာတွေကြောင့် ပျောက်ကွယ်ရတော့မည်ဆိုပြီး တခြား ဘာ သာဝင်တွေကို ပြဿနာရှာနေသူများ ရှိနေနိုင်ပါသည်။ ရှိနေနိုင်ပါသည်ဆိုတာတောင်မဟုတ်ပါ။ သေချာပေါက် ရှိနေကြောင်း ကိုယ်တွေ့အရ သိပါသည်။ ထိုသူများသည် ရေလိုက်လွဲနေသည်ဟု ယူဆပါသည်။ တခြားဘာသာဝင်တွေကို ပြဿနာ ရှာနေတာက အဖြေမှန်မဟုတ်။ ကိုယ့်ဘာသာဝင်များကိုသာ ဗုဒ္ဓမြတ်ရှင်၏အကြောင်း ဗုဒ္ဓတရားတော်များကို သဘော ပေါက်အောင် မည်သို့သင်ကြားပေးမည်နည်းဆိုသောနည်းလမ်းကိုရှာတာက ပိုကောင်းသည်ဟု မြင်ပါသည်။ ဤသည်မှာ မြတ်စွာဘုရားရှင်၏ အလိုတော်ကျလည်း ဖြစ်ပါလိမ့်မည်။

ဗုဒ္ဓမြတ်စွာဘုရား လက်ထက်တော်ကပင် ထိုပတ်ဝန်းကျင်တွင် ဗုဒ္ဓနှင့် အယူဝါဒ ဆန့်ကျင်ခြားနားကြသော အတွေးအခေါ် ဂိုဏ်းကြီးများ ရှိနေပြီးသား ဖြစ်သည်။ အယူဝါဒရေးရာ ယှဉ်ပြိုင်ပွဲများလည်းဖြစ်ခဲ့ကြောင်း ဗုဒ္ဓဝင်ကို နားလည်သူတိုင်း သိပါသည်။ ယှဉ်ပြိုင်တိုင်းလည်း ဗုဒ္ဓကသာ အနိုင်ရရှိခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ ထိုပွဲများတွင် ဗုဒ္ဓက စတင် စိန်ခေါ်ခဲ့သောပွဲကို မတွေ့ရ။ ဆိုလိုသည်မှာ မြတ်စွာဘုရားရှင်က တိတ္ထိ ဆရာကြီးများကို အယူဝါဒ ပြိုင်ကြရအောင်ဟု စတင် စိန်ခေါ်သောပွဲကို မတွေ့ရ။ တဖက်သားက စိန်ခေါ်လာမှသာ မလွှဲမရှောင်သာ လက်ခံ ယှဉ်ပြိုင်တော်မူသည်။ ထိုမျှမ က ဗုဒ္ဓကို ကြည်ညိုကိုးကွယ်သော အဇာတသတ်မင်း၊ ကောသလမင်း စသည့် သက်ဦးဆံပိုင်ဘုရင်များ၏ အာဏာကို သုံး၍ မိမိနှင့် အယူဝါဒ မတူသူများကို လုံးဝမဖိနှိပ်။ ဤသည်မှာ ဗုဒ္ဓ၏ မြတ်သော နှလုံးတော်ကို ပြခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် သည် မိမိနှင့် အယူဝါဒ မတူသူများကို နှိပ်နယ် ချေမှုန်းလိုစိတ် မရှိကြောင်း ထင်ရှားပါသည်။ မိမိဝါဒ၌ ယုံကြည်ချက်ခိုင်မာပြီး ကောင်းစွာနားလည်သူသည် အခြားဆန့်ကျင်ဘက်များကို ကြောက်ရွံ့ဖွယ်မရှိ။ ယုံကြည် ချက် မခိုင်မာလျှင်သာ ကြောက်ရပေမည်။ (ပိဋကတ်စာပေတို့တွင် နှံ့စပ်သူပုဂ္ဂိုလ်တဦးသည် ဗုဒ္ဓမြတ်စွာက သူနှင့် အယူဝါဒ မတူသူများကို စတင်စိန်ခေါ်သောပွဲ ရှိခဲ့သည်ဟု ပြနိုင်လျှင်ကား ထိုသူ့ကို အလွန်ချီးကျူးရမည်သာ ဖြစ်သည်။ ကိုယ်တိုင် တော့ တပွဲမှ ထိုသို့ မတွေ့ဖူးကြောင်း ဝန်ခံပါသည်။)

အချုပ်အားဖြင့် ယနေ့ခေတ် မြန်မာများ၏ မိဘဘိုးဘွားတို့သည် ကိုယ့်ကျင့်တရားကောင်းသူ၊ ပြည့်သူ့နီတိကို လက်တွေ့ အပြုအမူများဖြင့် ကျင့်သုံးခဲ့သူများ ဖြစ်သည်။ နိုင်ငံခြားသားများကပင် ဝန်ခံချီးကျူးရသူများလည်း ဖြစ်သည်။ လူ့ဘောင် လောက ဆိုသည်မှာ လက်ဆင့်ကမ်း ပြေးပွဲကြီးပင် ဖြစ်သည်။ အဘိုးလက်ထက်က အခြေအနေထက် အဖေ့လက်ထက်တွင် ပိုသာရမည်။ အဖေ့လက်ထက်က အခြေအနေထက် သားသမီးလက်ထက်တွင် ပိုသာရမည်။ သို့မှသာ ထို့ လူ့အသိုင်းအဝိုင်း သည် တိုးတက်ပေမည်။ ထို့ကြောင့် ၂၁ ရာစု မြန်မာနိုင်ငံသားများသည် ရှေးမိဘဘိုးဘွားများ၏ ကိုယ့်ကျင့်တရားကောင်းပုံကို အတုယူ ကျင့်သုံးပြီး မိမိတို့လက်ထက်တွင် ရှေးကထက် အတတ်ပညာ၊ အသိပညာများ တိုးတက်နိုင်ကြပါစေဟုသာ။

(ဒီလှိုင်းဂျာနယ် အတွဲ (၆) အမှတ် (၂၉) နှင့် (၃၀) တွင် ပုံနှိပ်ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်