ဇင်လင်း ● စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ (သို့မဟုတ်) နောက်မျိုးဆက်များသို့ စာပေအတွေးအမြင် အမွေပေးခဲ့သူ

August 11, 2017

ဇင်လင်း ● စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ 
(သို့မဟုတ်)
 နောက်မျိုးဆက်များသို့ စာပေအတွေးအမြင် အမွေပေးခဲ့သူ
(မိုးမခ) သြဂတ်စ် ၁၁၊ ၂ဝ၁၇

စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ကွယ်လွန်ခဲ့သည်မှာ ၂ဝ၁၇ ဩဂုတ်လ ၁၁ ရက်နေ့တွင်  ၄ နှစ်ပြည့်ခဲ့ပေပြီ။ ဆရာ မောင်ဝံသ အဆုတ်ကင်ဆာရောဂါ ခံစားနေရကြောင်း စတင်သတင်းကြားသိရစဉ်က စာရေးသူမှာ ပြည်ပသို့ ရောက် ရှိနေချိန်ဖြစ်သည်။ ဆေးပညာတိုးတက်နေသော ယခုခေတ်တွင် အဆုတ်ကင်ဆာကို အခြေအနေအဆိုးဘက်သို့ ရောက် မသွားအောင် ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သေးသည်။ သို့သော်လည်း မိမိ၏ အတွေး မမှန်ခဲ့ပေ။ ဆရာ မောင်ဝံသ သည် စာရေးရန် အကောင်းဆုံးအချိန် ပညာဗဟုသုတများဖြင့် ရင့်ကျက်နေချိန် အသက် ၆၉ နှစ်အရွယ်တွင် ရန်ကုန်မြို့ ဝိတိုရိယဆေးရုံ၌ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပေသည်။ သူ၏ ကျောင်းသားခေါင်းဆောင်ဘဝ၊ သတင်းစာ ဆရာဘဝနှင့်  နိုင်ငံရေးသမားဘဝတို့နှင့်စပ်လျဉ်း၍ သူ့မိတ်ဆွေ သူငယ်ချင်း ငယ်ပေါင်းကြီးဖေါ်အတော် များများက ရှု ထောင့် အသီးသီးမှ ပြန်ပြောင်းရေးသားဖေါ်ပြခဲ့ကြသည်။ သို့တိုင်အောင် ပြည့်စုံနိုင်ဖွယ် မရှိဟု ထင်သည်။

မိမိနှင့် ဆရာမောင်ဝံသသည် ငယ်ပေါင်းကြီးဖေါ်များတော့ မဟုတ်ခဲ့။ သို့သော် ၁၉၆၂ ခုနှစ် ဇူလိုင်ကျောင်းသား အရေးတော်ပုံ ကာလတွင် သူ့အမည်ရင်း ကိုစိုးသိမ်း(ပဲခူး) ဆိုသည်ကို မိမိအနေဖြင့် ကြားသိနေခဲ့သည်။ ထိုစဉ်က ဦးတင်မောင်ဝင်း(၁၉၉ဝ ပြည်သူ့လွှတ်တော်အမတ်၊ အင်းစိန်ထောင်တွင်း ကျဆုံး)၊ ဦးမိုးဟိန်း(သား ဂျာနယ်ကျော်၊ ကွယ်လွန်)၊ တို့နှင့်အတူ အရေး ပေါ်ဖွဲ့စည်းခဲ့သည့် ကျောင်းသားအခွင့်အရေး ကော်မတီတွင် ဦးစိုးသိမ်းလည်း ပါဝင်ခဲ့ သည်။ မိမိက တာမွေတန်းမြင့် အထက်တန်းကျောင်း၊ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်တစ်ဦး အဖြစ်ပါဝင်ခဲ့သဖြင့်၊ ထိုစဉ်က ဗ.က.သ၊ တ.က.သ နှင့် ရ.က.သ အမှုဆောင်အချို့နှင့် ရံဖန်ရံခါထိတွေ့ဆက်ဆံခဲ့ဖူးသည်။ သို့ဖြစ်၍ ထိုစဉ်က လူချင်းမဆုံခဲ့သော်လည်း မောင်ဝံသဖြစ်လာမည့် ကိုစိုးသိမ်း (ပဲခူး) ၏အမည်ကိုမူ သိရှိနေခဲ့သည်။

ဆရာမောင်ဝံသ နှင့် ပုဂ္ဂိုလ်ချင်း ပထမဆုံး စတင်သိကျွမ်းခဲ့ရသည်မှာ ဆရာမောင်စွမ်းရည် မိတ်ဆက်ပေးမှုကြောင့်ဖြစ် သည်။ ၁၉၈၅ ခုနှစ် နှစ်လယ်ပိုင်းလောက်ဟု မှတ်မိသည်။ ဆရာမောင်စွမ်းရည်နှင့် ပန်းချီဆရာ ယဉ်မင်းပိုက်တို့ ရှိသည့် ခြောက်ထပ်ရုံးသို့ မိမိရောက်ခဲ့သည်။ ပညာရေးဌာနတစ်ခုဖြစ်သည့် သင်ရိုးညွှန်းတမ်းဌာနရုံးဟု မှတ်မိသည်။ ရုံးဆင်းချိန် တွင် ဆရာစွမ်းနှင့်အတူ ဒေါင်းစာပေတိုက်သို့ ခေတ္တဝင်ရောက်ခဲ့သည်။ မိမိ၏ ဇနီး မေတင်နွဲ့(စာကြည့်တိုက်ပညာ) ၏ စာပေဝေဖန်ရေးသမိုင်းကောက်ကြောင်း အခန်းဆက် ဆောင်းပါးများကို အတွေးအမြင်စာစောင်တွင်  အသုံးပြုရန် ဆရာ စွမ်းက အကျိုးဆောင်ပေးထားသည်။ ထို့ကြောင့် မိမိအားလည်း ဆရာစွမ်းက ဆရာမောင်ဝံသ နှင့် မိတ်ဆက်ပေး ထားလို ခြင်းဖြစ်သည်။ ထိုစဉ်က မိမိသည် ပုဒ်မ ၅ ည ဖြင့် အင်းစိန်ထောင်တွင် ၂ နှစ် ကျော်ကြာခဲ့ပြီး ပြန်လွတ်လာသည်မှာ  လေးငါးလခန့်အကြာကာလဖြစ်သည်။ ဆရာမောင်စွမ်းရည် က မိမိ၏ ဇနီး မေတင်နွဲ့(စာကြည့်တိုက်ပညာ) ၏ စာမူကို အတွေးအမြင်၌ သုံးရန်ပေးထားသည်မှာ မကြာသေးပေ။ သို့ဖြင့် မိမိအား နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးအဖြစ် မောင်ဝံသနှင့် မိတ်ဆက်ပေးသည်။ မေတင်နွဲ့၏ ခင်ပွန်းဖြစ်ကြောင်းလည်း ပြောပြသည်။ ဤသို့ဖြင့် ဆရာနှင့် စတင် သိကျွမ်းခဲ့သည်။

ဆရာက တရင်းတနှီး သိဟောင်းကျွမ်းဟောင်းပမာ ဧည့်ခံစကားပြောခဲ့သည်ကို မှတ်မိနေသည်။ မိမိ၏ ထောင်ကျခဲ့ရသည့် အမှုအကြောင်းကို စာနာစွာ မေးမြန်းခဲ့သည်။ ဆရာသည် သတင်းစာဆရာတစ်ဦးဖြစ်သော်လည်း ထိုစဉ်ကပင် ခေတ်ပြိုင် နိုင်ငံရေးအခြေအနေကို အထူးစူးစိုက်မှု ရှိကြောင်း သတိပြုမိသည်။ သတင်းစာဆရာပီပီ မိမိအား အလွတ်သဘော အင်တာဗျူးလုပ်သကဲ့သို့ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင် နှင့် လက်ငင်းလူမှုစီးပွားရေးဘဝအခြေအနေ တို့ကို စူးစမ်း မေးမြန်းခဲ့သည်။ သူ့အမြင်ကိုလည်း မိမိက ပြန်လှန်မေးမြန်းခဲ့ဖူးသည်။ အစိုးရသတင်းစာတိုက်တွင် အယ်ဒီတာလုပ်ရသည့် ဘဝကို ကျေနပ်မှု ရှိ/မရှိ မှတ်မှတ်ရရ မေးခဲ့သည်။ လူ့အဖွဲအစည်းကို ပိုကောင်းမွန်စေရန် ကူညီရာတွင် သတင်းစာဆရာ တစ်ဦးအနေဖြင့် အခွင့်အလမ်းကောင်းများရှိကြောင်း၊ သို့ဖြစ်၍ သူ့အနေဖြင့် လက်ရှိ သတင်းစာဆရာ ဘဝကို အခက်အခဲ များရှိသည့်တိုင် ကျေနပ်ကြောင်း၊ အချိန်အခါ အခြေအနေပေါ်မူတည်၍ ပြည်သူ့နားမျက်စိတာဝန်ကို ယခုထက်ပိုမို ထမ်းရွက်ခွင့် ရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း ချင့်ချင့်ချိန်ချိန် ပြောခဲ့သည်။

ထို့နောက်တွင် ဆရာနှင့် တစ်လ တစ်ကြိမ်မျှ အနည်းဆုံး တွေ့တတ်သည်။ မိမိ၏ ဇနီးဖြစ်သူက တက္ကသိုလ်တွင် ဆရာမ အလုပ်ဖြင့် မအားလပ်သည်ကများသဖြင့် အတွေးအမြင်စာစောင်အတွက် သူ့စာမူသွားပို့ပေးရခြင်း၊ စာအုပ် ထွက်သည့် အခါ ဒေါင်းစာပေတွင် စာမူခနှင့် စာအုပ်ထုတ်ပေးရခြင်းတို့ကြောင့် ဆရာနှင့် မကြာခန ဆုံမိလေ့ရှိသည်။ ဆရာ့ဇနီး ဒေါ်မြင့်မြင့်နှင့်လည်း ခင်မင်သိရှိခဲ့ရသည်။ ဆရာ့တိုက်မှာပင် ဆရာ မောင်သော်က၊ ဆရာ ပါရဂူ၊ ဆရာ ကျော်ဇောနိုင်၊ ဆရာကြည်သာဦးတို့နှင့်လည်းတွေ့ဆုံခဲ့ဖူး သည်။ ဆုံကြတိုင်းလည်း တစ်နေ့တစ်ခြား  ဒီဂရီမြင့်တက်လာနေသော နိုင်ငံရေးအကြောင်းအရာများကိုသာ ပြောဖြစ်ကြသည်။ သတင်းဖလှယ်ဖြစ်ကြသည်။ ၁၉၈၆-၈၇ နှစ်များ၌ မြန်မာ့နိုင်ငံရေး အခြေအနေမှာ သိသိသာသာ နိုးကြားလာနေသည်။  ၁၉၈၆ ခုနှစ် ဖေဖေါ်ဝါရီလထဲတွင် ဖြစ်ပေါ်ခဲ့သည့်  ဖိလိပိုင် ပြည်သူ လူထုနှင့် အာဏာရှင် မားကို့စ် သတင်းကို မြန်မာပြည်သူ အများစိတ်ဝင်စားခဲ့သည်ကို အမှတ်ရမိသည်။  ‘ဖိလိပိုင် အာဏာရှင် မားကို့စ် ဖြုတ်ချရေး လူထုအရေးတော်ပုံကြီး’ တွင် မည်ကဲ့သို့ အဖြေထွက်လာနိုင်သနည်းဆိုသည်ကို ဆရာ မောင်ဝံသ၊ ဆရာကြည်သာဦးတို့နှင့် ပြောဖြစ်သည်ကို မိမိ သတိရနေသည်။ ထိုစဉ်က တစ်နေ့ပြီး တစ်နေ့ ဖိလိပိုင် လူထုအရေးတော်ပုံသတင်းကို မိမိတို့စောင့်ပြီး နားစွင့်ဖြစ်ကြသည်။ ထို့ပြင် ဖိလိပိုင်၏ ဂယက်သည် မြန်မာနိုင်ငံကို ရိုက်ခတ်နိုင်မည်လား စသဖြင့် ဆွေးနွေးပြောဆိုစရာ အကြောင်းအရာလည်းဖြစ်ခဲ့သည်။  အမေရိကန်က ကျောထောက် နောက်ခံပေးထားသည့် မားကို့စ်က လူထုအား ချေမှုန်းနိုင်မည်လား။ သို့မဟုတ် အမေရိကန် သဘောထား ပြောင်းကာ မားကို့စ်ကို လူထုကဖြုတ်ချနိုင်မည်လား စသဖြင့် အမျိုးအမျိုး ဆွေးနွေးသုံးသပ်ခဲ့သည်၊၊ ဆရာမောင်ဝံသ က ဖိလိပိုင် တပ်တွင်းအခြေအနေ သတင်းအချို့ကြောင့် မားကို့စ် အခြေအနေယိုင်သွားနိုင်သည်ဟု သုံးသပ်ခဲ့သည်ကို မှတ်မိနေသည်။ နောက်ပိုင်းတွင် ‘ကိုရာဇံ အကွီနို’နှင့်အတူ လူထုအောင်ပွဲခံ သွားသောအခါ မိမိတို့ အားရဝမ်းသာဖြစ်ခဲ့ဖူးသည်။ ဆရာ  ကလည်း အာဏာရှင် မာကို့စ် ကျဆုံးကာ ဖိလိပိုင် ပြည်သူတို့ အောင်ပွဲရခဲ့သည့် အတွက် ကျေနပ်ကြောင်း ပြောဖူးသည်၊၊

ဆရာနှင့် မှတ်မှတ်ရရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မုန်တိုင်းထန်သောကာလများအတွင်း ပြန်ဆုံခဲ့ရသည်။ မိမိက ရန်ကုန်တိုင်းရုံး ရုံးအဖွဲ့မှူးတာဝန်ထမ်းဆောင်စဉ်က ဆရာသည် ပဲခူးတိုင်းစည်းရုံးရေးအဖွဲ့အလုပ်အမှုဆောင်ဖြစ်သည်။ NLD ရန်ကုန်တိုင်းရုံးက စီစဉ်သည့် လူငယ်သင်တန်း အမှတ်စဉ် ၁ တွင် ဆရာက နိုင်ငံရေးသိပ္ပံကဏ္ဍကို ပို့ချခဲ့ပြီး၊ မိမိက အခြေခံ အင်္ဂလိပ်စာဖတ်ခြင်းဘာသာရပ်ကို ပို့ချခဲ့သည်။ ရန်ကုန်တိုင်းရုံးတွင် မိမိက အိမ်ရှင်ဖြစ်သဖြင့် ဆရာ့ကို ကြိုဆို ဧည့်ခံရင်း ထိုစဉ်က နိုင်ငံရေး အခြေအနေ အလားအလာ သုံးသပ်ချက်များကို ဆရာ့ထံက ကြားနာခဲ့ရဖူးသည်။ ထိုစဉ်က ရန်ကုန်တိုင်း၏ ရှေ့ဆောင်ဖြစ်သည့် ဦးတင်မောင်ဝင်း (ခရမ်း) နှင့် ဆရာ မောင်ဝံသတို့သည် ၁၉၆၂  ကျောင်းသား အခွင့်အရေးကော်မတီတွင် အတူလက်တွဲခဲ့ဖူးကြသဖြင့် သူတို့ချင်းဆုံမိလျှင် ရှေးဟောင်းနှောင်းဖြစ်များ ပြောကြသည်။ ထိုအခါ မိမိက ပင်တိုင်ပရိတ်သတ် ဖြစ်ခွင့် ကြုံခဲ့သည်။ လွမ်းမောစရာ ကာလများဟု ဆိုရပေမည်။

နောက်တော့ မိမိက အဝေးရောက်ညွန့်ပေါင်းအစိုးရကိစ္စဖြင့် ၁၉၉၁ မှ ၁၉၉၇ အတွင်း အင်းစိန်ထောင်၌ အကျဉ်းကျသည်။ ထိုကာလများတွင် ဆရာသည်လည်း ထောင်သို့ ဝင်လိုက်ထွက်လိုက်ဖြစ်ခဲ့ကြောင်း ကြားရသည်။ နောက်ပိုင်း CRPP ကိစ္စ တွင်ပတ်သက်မှုအတွက် ထောက်လှမ်းရေးကို ရှောင်ရင်းတိမ်းရင်း ဒေါက်တာစိန်ဝင်းဦးဆောင်သည့် အမျိုးသားညွန့်ပေါင်း အစိုးရအဖွဲ့ရှိရာ ထိုင်းနိုင်ငံဘက် မိမိရောက်သွားသည်။ ဆရာမကွယ်လွန်မီ ၂ဝ၁၃ နှစ်ဆန်းပိုင်းလောက်က ဖုန်းလိုင်းပေါ် တွင် နောက်ဆုံးစကားပြောခွင့် ရလိုက်သည်။ ထိုစဉ်ကတော့ နောက်ဆုံးဟု မထင်မိ။ လွတ်လပ်တဲ့အာရှအသံ တနင်္ဂနွေ စကားဝိုင်းတစ်ခုတွင် ဆရာနှင့် လေလှိုင်းပေါ်၌ ဆုံခဲ့ခြင်းဖြစ်သည်။ စကားဝိုင်းအတွက် လူမစုံမီ စောစောချိတ်ဆက်မိသော ဆရာနှင့် မိမိအား ဖုန်းလိုင်းပေါ်၌ စီစဉ်သူက စကားပြောခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ မိမိက ဆရာ ကျနော့်ကို မှတ်မိရဲ့လားဟု မေးသော အခါ ဆရာက အားပါးတရရယ်၍ “ဟေ့လူ ခင်ဗျားကို မမှတ်မိစရာ လားဗျ။ လေလှိုင်းမှာလည်း အသံတွေ မကြာမကြာ ကြားနေရတာပဲလေ။ ပြန်လာဖို့ လုပ်တော့ဗျ။ ဒီဘက်မှာ လုပ်စရာတွေ အများကြီး ဖြစ်နေပြီ။” ဟု ပြောခဲ့ သေးသည်။ အမှန်တော့ ထိုအချိန်တွင် မိမိ ပြန်လာရန် စီစဉ်နေချိန်လည်း ဖြစ်သည်။ သို့သော် မိမိ နောက်ကျသွားခဲ့သည်။ ၂ဝ၁၄ မတ်လတွင်မှ မိမိပြန်ရောက်ချိန်တွင် ဆရာက ထာဝရထွက်ခွာသွားနှင့်ပြီ။

ဆရာကွယ်လွန်ချိန်တွင် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်၊ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ဒုတိယဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်နေချိန်ဖြစ်သည်။ ဆရာမောင်ဝံသ သည် စာရေးဆရာ သတင်းစာဆရာမျှသာမဟုတ်။ နိုင်ငံရေးတွင်လည်း ထဲထဲဝင်ဝင် ပါခဲ့ဖူးသူဖြစ်သည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ပဲခူးတိုင်း၊ ဝေါမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ လည်း ဖြစ်သည်။ စာရေးဆရာ အယ်ဒီတာ ဆရာ မောင်မိုးသူ၏ အမြင်တွင်မူ ဆရာမောင်ဝံသသည် သတင်းစာဆရာ ဖြစ်သည် ဟုဆိုသည်။

“Professional ‘ကျွမ်းကျင်အတတ်ပညာရှင်’ သတင်းစာသမားပေါ့။ နိုင်ငံရေးတော့ ပြောရတာ ခက်ပါတယ်။  Professional သတင်းစာဆရာတော့ အမှန်ပါပဲ။ ဘာလို့လဲဆိုတော့ ကိုဝံသသည် မဆလခေတ် သတင်းစာဆရာ အဖြစ်နဲ့ စပြီး လုပ်ခဲ့ တယ်။ ဟံသာဝတီတို့  ဗိုလ်တထောင်တို့ မြန်မာ့အလင်းတို့ သတင်းစာတွေမှာ ကိုဝံသက လုပ်ဖူးတာပေါ့။ အဲဒီကတည်း က သတင်းစာဆရာပါပဲ။ ကိုဝံသရဲ့ ထူးခြားချက်က အဲဒီအချိန်ကတည်းက စာတွေရေးတယ်၊ အတ္ထုပ္ပတ္တိတွေ ရေးတယ်၊ ဘာသာတွေပြန်တယ် စသည်အားဖြင့်ရေးတယ်။ နောက်တခုက အတွေးအမြင်စာစောင်ကိုလည်း ထုတ်တယ်။ မောင်ဝံသ သည် စာပေဘက်က သတင်းစာဆရာ၊ စာရေးဆရာအဖြစ် ပိုပြီးတော့ ကျနော့်မျက်စိထဲ မြင်ပါတယ်။” ဟု ဆရာမောင်မိုးသူ က မှတ်ချက်ပြုခဲ့သည်။

ဆရာ မောင်ဝံသနှင့် အတူ ပြည်သူ့ခေတ်ဂျာနယ်ကို ဦးဆောင်လုပ်ကိုင်ခဲ့သော စာရေးဆရာ ဒေါက်တာ ဖေမြင့် (လက်ရှိ ပြန်ကြားရေးဝန်ကြီး) က ယခုကဲ့သို့သော နိုင်ငံရေး အကူးအပြောင်းကာလတွင်  ဆရာ မောင်ဝံသ ကွယ်လွန်ခြင်းသည် တိုင်းပြည်အတွက် ဆုံးရှုံးမှုတခု ဖြစ်သည်ဟု ဆိုသည်။

“စာနယ်ဇင်းသမားတွေ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ စတုတ္ထမဏ္ဍိုင် တည်ဆောက်ဖို့ ကြိုးစားနေတဲ့ အချိန်ကာလမှာ ဦးဆောင်ရွက်ပြုပြီးလုပ်နိုင်တဲ့ ဆရာမောင်ဝံသလို ပုဂ္ဂိုလ်မျိုး ဆုံးရှုံးသွားတာ စာနယ်ဇင်းလောကအတွက် အတော် ဆုံးရှုံးပါ တယ်။  ကျနော်တို့ တိုင်းပြည် ဒီမိုကရေစီအကူးအပြောင်းမှာ စောင့်ကြည့်ဝေဖန် တည့်မတ်ပေးနေတဲ့ စာနယ်ဇင်းသမား ကောင်း ဆုံးရှုံးတော့ တိုင်းပြည်အတွက်လည်း ဆုံးရှုံးတယ်လို့ ပြောလို့ရပါတယ်။” ဟု ဆရာ ဖေမြင့်က မှတ်ချက်ပြုသည်။

ဆရာ ဦးဝင်းတင်ကတော့ သူ့ရဲဘော် မောင်ဝံသကို “ကတ္တီပါ လက်သီးပြင်းနဲ့ စစ်အာဏာခေတ်တစ်ရှဉ်းကို ဖြတ်သန်းခဲ့ သူ” ဟု ဂုဏ်တင်ဖေါ်ညွှန်းသွားခဲ့သည်။

ဦးဝင်းတင်က “ကိုဝံသနဲ့ ကျနော် စတွေ့တာက အလုပ်သင် သတင်းထောက် အဖြစ် လုပ်သားပြည်သူ့နေ့စဉ်ကို ကျနော်ရောက်လာတဲ့ အချိန်။ တွက်ကြည့်ရင် နှစ်ပေါင်း ၅ဝ ရှိပြီဗျ။ ကျနော့် ဟံသာဝတီ သတင်းစာကို အယ်ဒီတာ အနေနဲ့ ရောက်လာသေးတယ်။ သူလုပ်တဲ့ အတွေးအမြင် စာစောင်မှာလည်း ကျနော်က ဆောင်းပါးတွေ အများကြီးရေးဖူးတယ်။ ၁၉၈၈ ခုနှစ်ကျတော့ သူ NLD ကို ရောက်လာတယ်။ NLD ပါတီရဲ့ပဲခူးတိုင်းမှာ စည်းရုံးရေးမှူး လုပ်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ အမတ်အဖြစ်သူ အရွေးခံရတယ်။ ၁၉၉၁ မှာ NLD ဗဟို ကော်မတီဝင် ဖြစ်လာတယ်။ ထောင်ထဲကို ဝင်လိုက်ထွက်လိုက်နဲ့ ပြစ်ဒဏ်ပေးခံရတယ်။ သူနဲ့ ကျနော်နဲ့က စာပေသမား အနေနဲ့ ရော၊ သတင်းစာဆရာ အနေနဲ့ရော၊ နိုင်ငံရေးသမား အနေနဲ့ရော ပေါင်းခဲ့တာ။” ဟု ပြန်ပြောင်းပြောပြကြောင်း ဧရာဝတီ အကြီးတန်းသတင်းထောက် ထက်နိုင်ဇော်၏ သတင်းဆောင်းပါး၌ ဖေါ်ပြထားသည်။

ဆရာ မောင်ဝံသ ၏ စာပေစေတနာ ကြီးမားပုံကို မိမိအနေဖြင့် အနည်းငယ် ထပ်ဖြည့်ချင်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော် ၁၉၈၆ ခုနှစ်လယ်ပိုင်းလောက်တွင် ဆရာ့ကို မေးခွန်းတစ်ခု မှတ်မှတ်ရရ မေးခဲ့ဖူးသည်။ အတွေးအမြင်စာစောင် ထုတ်ဝေသည့် ရည်ရွယ်ချက်ကို မေးကြည့်မိခဲ့ခြင်းဖြစ်သည်။ အမှန်ပြောရလျှင် ထိုစဉ်က အတွေးအမြင်စာစောင်သည် အသက် ၇ဝ ကျော် ဆရာကြီးများ၏ ဆောင်းပါးများကို ဦးစားပေးဖေါ်ပြနေသည်ကို မိမိက သတိပြုမိသဖြင့် မေးကြည့်မိ ခြင်းဖြစ်သည်။  ဈေးကွက်အမြင်ဖြင့် ကြည့်လျှင် အတော်စွန့်စားထားသည့် အလုပ်လည်း ဖြစ်သည်။ လူငယ်စာဖတ် ပရိသတ်တို့ အတွက် လေးပင်သော ဆောင်းပါးများဖြစ်သည်။ လူလတ်ပိုင်းနှင့် လူကြီးပိုင်းကိုသာ အားပြုရမည့် စာစောင် ဖြစ်သည်။ မိမိ မှတ်မိသလောက် အတွေးအမြင်၏ ကလောင်ရှင်များမှာ စာရေးဆရာကြီးများမှာ ဒဂုန် ဦးစန်းငွေ၊ ဦးသော်ဇင်၊ မင်းသုဝဏ်၊ မောင်ထင်၊ တက်တိုး၊ တင့်တယ်၊ ဆင်ဖြူကျွန်း အောင်သိန်း၊ ဦးကြီးမောင် (ငွေဥဒေါင်း)၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဆန်းလွင်၊ ပါရဂူ၊ မောင်သော်က၊ ဦးဝင်းတင် (ပေါ်သစ်)၊ မြသန်းတင့်၊ ဦးသန်းထွန်း(ရွှေဘို)၊ အောင်သန်း(မန္တလေး)၊ လင်းယုန်မောင်မောင်၊ မောင်ဆုရှင်၊ တင့်ဆန်း၊ မောင်သာနိုး၊ ရွှေဘို မိမိကြီး၊ ဒေါ်မေတင်ထွဋ်၊ အစရှိသဖြင့် ဝါရင့် စာရေးဆရာကြီးများ ဖြစ်ကြသည်။ ဆောင်းပါးများကလည်း အတွေးအမြင်ဆိုသည့် အမည်နှင့် လိုက်အောင် တွေးတောမြော်မြင်ဖွယ်ရာ အကြောင်းအရာများဖြစ်သည်။ တစ်ခုတော့ ရှိသည်။ ထိုစဉ်က မြန်မာနိုင်ငံ အခြေအနေမှာ Closed Society ဖြစ်နေသောကြောင့် အစိုးရအာဘော်မဟုတ်သည့် စာကောင်းစာသန့်ကို ဖတ်လိုသော ပရိသတ်အတွက် ‘အတွေးအမြင်’ ကို သီးသန့်အားထားခဲ့ကြရသည်။

ဆရာ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးရှင်းရှင်း နှစ်လိုဖွယ်ဖြစ်သည်။ အသက် ၇ဝ ကျော် ၈ဝ အတွင်းရောက်နေကြသော စာရေးဆရာကြီးများထံတွင် အလွန်အဖိုးတန်သည့် ပြောစရာ သုတရတနာ အကြောင်းအရာများ မကုန်နိုင်အောင် ရှိနေသည်။ သူတို့ကျန်းကျန်းမာမာရှိနေစဉ် သူတို့၏ အသိပညာဗဟုသုတများကို အများသူငါ ဖတ်ရရုံမက၊ နောင် မျိုးဆက်တို့အတွက် ရေရှည်သိမ်းဆည်းထားနိုင်ရန် ရည်ရွယ်၍ အကျိုးအမြတ်ကို မမျှော်လင့်ဘဲ၊ အတွေးအမြင်ကို ထုတ်ဝေဖြစ်ခြင်းဖြစ်ကြောင်း ဆရာက ပြောပြခဲ့သည်။ တနည်းအားဖြင့် ရှေးခေတ် စာရေးဆရာကြီးများ၏ အတွေးအခေါ် အသိအမြင် အယူအဆများ ကိုးကားစရာ သမိုင်းအတွေ့အကြုံများနှင့် မှတ်တမ်းမှတ်ရာများကို နောက်မျိုးဆက်များသို့ လက်ဆင့်ကမ်း မျှဝေပေးလို ခြင်းဖြစ်သည်ဟု မိမိအနေဖြင့် ယေဘုယျနားလည်ခဲ့သည်။ ထို့ကြောင့် ဆရာမောင်ဝံသ၏ စာပေလောကအပေါ် နောက်မျိုးဆက်တို့အပေါ် ထာရှိခဲ့သည့် စေတနာ နှင့် အမြော်အမြင်ကြီးမားခြင်းကို သူ၏ “အတွေးအမြင်မဂ္ဂဇင်း” က သက်သေပြလျှက်ရှိသည်။ စာကောင်းသန့်များဖြင့် စာပေစေတနာ သန့်ရှင်းထက်သန်မှုကို ပြသခဲ့သည့် “အတွေးအမြင်မဂ္ဂဇင်း” ကို ၁၉၈၄ ခုနှစ် အောက်တိုဘာလ မှ စတင် ထုတ်ဝေခဲ့ပြီး၊ ယခုအထိ ဆက်လက် ရှင်သန်နေပေသည်။ “အတွေးအမြင်မဂ္ဂဇင်း” ရှင်သန်နေခြင်းသည် ဆရာမောင်ဝံသ ၏ မွန်မြတ်လှသည့် စာပေစေတနာ ဆက်လက်ရှင်သန်နေခြင်းဖြစ်သည်။

“အတွေးအမြင်မဂ္ဂဇင်း”သည် နောက်မျိုးဆက်တို့အတွက် မောင်ဝံသ ၏ ‘စာပေနှင့် အတွေးအမြင် ဉာဏ်ပညာ အမွေ’ လည်း ဖြစ်ပေသည်။ ဝါရင့်စာရေးဆရာ သတင်းစာဆရာ ဆရာမောင်ဝံသ၏ နာမည်ဂုဏ်သတင်း ထာဝစဉ် ထွန်းလင်းတည်တန့်ပါစေကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုအပ်ပါသည်။

7 July, 2017 (Wednesday) ဒီလှိုင်းစာစောင် အတွဲ (၆) အမှတ် (၃ဝ) ၌ ဖေါ်ပြခဲ့သော ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်