fbpx

ကျော်ထင် ● တောတွေလည်းပြုန်း၍

August 14, 2017

● တောတွေလည်းပြုန်း၍
(မိုးမခ) သြဂတ်စ် ၁၄၊ ၂ဝ၁၇

(၁)
မရွယ်ဘဲ စောကဲ မင်းဖြစ်တဲ့။ ဒီစကားပုံဟာလေ ကျနော့်အတွက်တော့ မှန်လွန်းတယ်လို့ ဆိုရမယ်။ ကျောင်းဆရာဘဝကို မရည်ရွယ်ဘဲ ရခဲ့တယ်။ လုပ်စကတော့ စိတ်ပါလှတယ်လို့ မဆိုနိုင်ပါဘူး။ သူငယ်ချင်းက အကူအညီတောင်းတာနဲ့လိုအပ်တဲ့ ကျောင်းလေးမှာ လိုအပ်တဲ့ဘာသာပြအဖြစ် ဝင်သင်လိုက်တာ။ အဲ့ဒါကနေ ကျောင်းဆရာဘဝ စတော့တာပါပဲ။

ကျောင်းက ရွာကျောင်းလေးပါ။ တွဲဖက်အထက်တန်းကျောင်းအဖြစ်နဲ့ ဖွင့်ထားတာ။ မြို့နဲ့ ဆယ်မိုင်လောက် ဝေးတယ်။ စက်ဘီးနဲ့သွားရတယ်။ ရွာလမ်းရှိပေမယ့် အဲ့ဒီ့ရွာလမ်းက လှည်းလမ်းဆိုတော့ စက်ဘီးနဲ့သွားလို့မဖြစ်ဘူး။ မိုးဆို ရွှံ့တွေ နစ်တယ်။ ဆောင်းနဲ့နွေဆိုရင် ဖုတ်တွေထူလို့ဝပ်တယ်။ ဒီတော့ အဲ့ဒီ့လမ်းကို ရှောင်ပြီး သံလမ်းဘေးအတိုင်း သွားကြတယ်။ ရွာလမ်းထက်လည်း ပိုနီးတယ်။ ပြီးတော့ ရွှံ့နဲ့ဖုန်လည်း မရှိလို့ ကျနော်တို့သံလမ်းဘေးက လမ်းကိုပဲ ရွေးကြတယ်။

ဒါပေမဲ့ သံလမ်းနဲ့အပြိုင်ပြေးနေတဲ့လမ်းလေးက လောက်လောက်လားလားလမ်းတော့ မဟုတ်ပါဘူး။ လမ်း ရယ်လို့ဖောက် ပေးထားတာလည်း ဟုတ်ဟန်မတူပါဘူး။ သံလမ်းအတွက်ခင်းထားတဲ့ ရိစာမြေဟာ သံလမ်းရဲ့ဘေး တဖက်တချက်မှာ လူ သွားလို့ ဖြစ်တဲ့လမ်းလေးတွေအဖြစ် ပေါ်နေတာ။ ဒီလမ်းတွေဟာ ကျယ်လှ တတောင်ပေါ့။ တချို့နေရာတွေဆို စက်ဘီးနင်း နိုင်တဲ့နေရာက တထွာသာသာရယ်။ ဒီတထွာသာသာ၊ တတောင်သာသာမှာကိုပဲ ဇလီဖားတုံးတွေကို မလှုပ်အောင်၊ ငြိမ် အောင်ဖို့ထားတဲ့ ဂဝံကျောက်အချွန်အတက်တွေက ပြန့်ကျဲကျနေလို့ လမ်းက ပိုကျဉ်းသွားတယ်။

ကျောက်ခဲတွေကို ရှောင်ရင်းတိမ်းရင်း နင်းရတာပေါ့။ ဘေးကို ချော်စင်းသွားရင်တော့ ချိုင့်နဲ့ လယ်ကွင်းအစပ်တွေထဲ ကျမှာ ပဲ။ ကျသွားရင်လည်း ကြီးကြီးမားမားအန္တရာယ်မျိုးနဲ့တော့ ကြုံရမှာမဟုတ်ပါဘူး။ မသကာ ရွှံ့ပေ၊ ရေစို၊ ဒူးပြဲ၊ လက်ပေါက်နဲ့ ခြေကျိုး ခေါင်းကွဲ ဖြစ်ရုံလောက်ပါပဲ။ နံဘေးမှာ တောချုံတွေက ပေါပါတယ်။ တောချုံထဲက ယောက်ဖခွေးခေါ်ငှက်သံတွေက သာယာပါ့။

ဖိုးခေါင်ငှက်တွေကတော့ တော်တော်လေချွန်ကောင်းတယ်။

လမ်းပေါ်ကကြည့်ရင် တဖက်တချက်ဆီက လယ်ကွင်းတွေကို အရောင်အမျိုးမျိုးနဲ့ စီးပြီးမြင်နေရတယ်။ ရာသီတွေပေါ် တည်ပြီး လယ်ကွင်းတွေက စိမ်းလိုက်၊ဝါလိုက်နဲ့ ၊ မည်းတဲ့အခါလည်း ရှိတယ်။ကျနော်တို့ ဖြတ်သွားကြ တဲ့ အချိန်တွေကလည်း နေရောင် နုနုသာ ရှိသေးတဲ့ မနက်ခင်းနဲ့ နေအေးအေးဖြစ်နေပြီဖြစ်တဲ့ ညနေခင်းတွေဖြစ်နေလို့ ရှုမျှော်ခင်းတွေဟာ ကြည့်လို့ ကောင်းနေတယ်။

စပါးပင် စိမ်းစိမ်းတွေကို မြင်လိုက်။ ရိုးပြတ်တွေ ဖြစ်လိုက်နဲ့။ သဘာဝဇာတ်ခုံကြီးရဲ့ အခင်းအကျင်းတွေဟာ သူ့အလှည့်မှာ သူ့ဝတ်ရုံနဲ့သူ။ ဝတ်ရုံ မမှားဘူး။ စိမ်းတခါ၊ ဝါတလှည့်၊ မည်းတလှည့်၊ ညိုတဖုံနဲ့ အမျိုးမျိုး အရောင်စုံကိုလွှမ်းခြုံနေတာ။

(၂)
ကျောင်းရောက်ဖို့ တနာရီကျော်ကျော်လောက်နင်းရတယ်။ သံလမ်းဘေး လမ်းမြှောင်လေးအတိုင်း စက်ဘီးကို ဂရုတစိုက် နင်းနေရလို့ စက်ဘီးတောင် ခပ်ကျွမ်းကျွမ်းဖြစ်လာတယ်။

ချောင်းရိုးလေးတွေဖြတ်တဲ့နေရာကျတော့ စက်ဘီးနင်းလို့မရတော့ဘူး။ ဆင်းကြရတယ်။ ရိုးကိုဖြတ်ထားတဲ့ အုတ်တံတား လေးပေါ်က ဇလီဖားတုံးတွေကို ကြည့်လျှောက်ရင်း စက်ဘီးကို မပြီးဖြတ်ရတယ်။ တခါတလေ လက်သက်သာအောင် စက် ဘီးဖင်ထိုင်ခုံကို ပခုံးပေါ်တင်ပြီး ထမ်းလိုက်တယ်။ တံတားက သိပ်အရှည်ကြီးတော့ မဟုတ်ပါဘူး။ ရှစ်ပေ ကိုးပေပေါ့။ အမြင့် ကလည်း အမြင့်ဆုံးဆိုတဲ့နေရာ ရှစ်ပေလောက်ပဲရှိမှာ။

တံတားအောက်မှာက တောချုံတွေနဲ့ ရေစပ်စပ်ရယ်။ တခါတရံ ငုံးလေးတွေ ဝပ်နေတာကို လှမ်းတွေ့ရတယ်။ သူတို့ကတော့ ကျနော်တို့အရိပ်ကို လှစ်ခနဲတွေ့တာနဲ့ တောချုံတွေထဲ တိုးလျှိုးပျောက်ကွယ်သွားကြတယ်။ အတူပါလာတဲ့ ကိုလှမြင့်က ရေကြက်တဲ့။

ကျနော်က ငုံး။ သူက ရေကြက်။ ငြင်းမနေတော့ပါဘူး။ ဘဝမှာ ငြင်းရတာတွေ များလွန်းလို့ မငြင်းချင်တော့တာ မဟုတ်ပါဘူး။ ကိုလှမြင့်ကြီးကို ကျနော်က အမြဲတမ်း ခံငြင်းနေတတ်တာဖြစ်လို့တခါတလေ အားနာစိတ်ဝင်ပြီး မငြင်းချင်တာမျိုးပါ။

(၃)
တံတားနှစ်စင်း ကူးပြီးပြီဆိုရင် အဲ့ဒီ့အနီးအနားက ပေါက်ပင်အောက်မှာ ခဏထိုင်သေးတာ။ တလမ်းလုံး ကျနော်ပဲနင်းရမှာ ဆိုတော့ နားမှဖြစ်မယ်။ ကိုလှမြင့်က နောက်က လိုက်စီးရုံသက်သက်ပဲ။ ရေသာခိုပြီး မနင်းတာတော့ မဟုတ်ပါဘူး။ သူက ကိုယ်လက် မသန်ဘူးလေ။ မွေးရာပါ ချို့ယွင်းတာ။ ခြေချောင်းလေးတွေ မပါဘူး။ ငုံးတိ။ ခြေမနေရာမှာပဲ တချောင်းတည်း မည်ကာမတ္တာတွေ့ရတယ်။ ဒါတောင် ခြေသည်း ပါမလာဘူး။ လက်က ညာလက်စုံပေမယ့် ဘယ်လက်မှာ လက်သန်းနဲ့ လက်မပဲပါတယ်။

သူက အင်္ဂလိပ်စာသိပ်ကောင်းတယ်။ ကျနော်နဲ့က ငယ်ငယ်ကတည်းက တွဲခဲ့တာ။ အစ်ကိုတယောက်လိုကော၊ သူငယ်ချင်း တယောက်လိုကော။ အင်္ဂလိပ်စာမှာလည်း သူ့ဆီ တပည့်ခံခဲ့သေးတာဆိုတော့ ဆရာလိုကောပါ ပါတယ်။ ကျနော်က စာ အုပ်တွေ ဝယ်စုတာများတော့ လကုန်ခါနီးရင် ပိုက်ဆံပြတ်တယ်။ ဒီတော့ ကိုလှမြင့်ဆီက ပိုက်ဆံချေးသုံးရသေးတာဆိုတော့ သူက မြီးရှင်ဆိုလည်း ဟုတ်နေပြန်တယ်။

သူ့ကို တလမ်းလုံး၊ တနှစ်လုံး ကျနော်ကပဲ တင်နင်းသွားရတာ။ လမ်းက ကျဉ်းကျဉ်း၊ လူကနှစ်ယောက်၊  ဘေးမှာ ချောက် ဆိုတော့ ဂရုစိုက်ရတယ်။ နှစ်ယောက်လုံးက ရှုခင်းတွေလည်း ခံစားချင်သေးတော့ ငေးလည်းငေး၊ သတိလည်း ပေးပေါ့။ မျက်နှာချင်းဆိုင်က စက်ဘီးတစီးလာပြီဆိုရင်တော့ နှစ်စီးလုံးနင်းရင် ရှောင်လို့မရဘူး။ တစီးစီးကရပ်ပြီး ဘေးကပ်ပေးမှ တစီးနင်းလို့ရတယ်။ သံလမ်းဘေးမှာ လမ်းက ဘယ်ညာ အပြိုင်ရှိနေပေမယ့် ဘယ်ဖက်က လမ်းဆိုးလို့ လူတွေမသွားကြဘူး။ ဒီတော့ လမ်းကျဉ်းကျဉ်းမှာ ဟိုဘက်ကလာတဲ့သူနဲ့ ဒီဘက်ကသွားတဲ့သူ မျက်နှာချင်းဆိုင်တွေချည်းတွေ့ကြတာ။ ဒီလိုတွေ့ တော့လည်း တစီးစီးက လိုလိုလားလား ရပ်ပေးကြတာပါပဲ။ ဘယ်သူမှ ငြူစူတယ်လို့ မတွေ့ဖူးဘူး။

အဲ့ဒီလို ကျနော်တို့ရပ်ပေးရတဲ့အခါကျရင် နေ့တိုင်းမြင်နေရတဲ့မြင်ကွင်းတွေဖြစ်ပေမယ့် ကျနော်တို့ ရိုးမသွားဘူး၊ အီ မသွား ဘူး။ ရပ်ပေးကြတုန်း ငေးကြတယ်။ ဗျိုင်းတွေ၊ နွားငေါက်သံတွေ၊ ကောက်လှိုင်းစည်းတွေ၊ ကောက်ရိုးကို မီးရှို့လို့ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ စပါးနံ့သင်းသင်းတွေ။ ကောင်းကင်ပြာပြာနဲ့လယ်ကွင်းပြင်ကြီးရဲ့ ဆက်ကြောင်းတွေဖြစ်တဲ့ ဟိုးဝေးဝေးရွာတန်း ရှည်ဆီက သစ်ကြီးဝါးအုပ်တွေ။ ဒါတွေဟာ လွမ်းစရာကောင်းပါ့။

တခါတလေကျတော့လည်း ကျနော်တို့က ရပ်ပေးဖို့စိတ်ကူးလိုက်ပေမယ့် တဖက်ကလာတဲ့သူက “သွားပါ၊ သွားပါ၊ ခင်ဗျားတို့ အရင်သွားပါ။”ဆိုလို့ သူ့သိတတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ခပ်သွက်သွက်လေးတောင် နင်းပေးခဲ့တာမျိုးလည်း ရှိ တယ်။ သူတို့က ကျနော်တို့ကို ကျောင်းဆရာတွေမှန်းသိလို့ လမ်းပေးကြတာတော့ မဟုတ်ပါဘူး။ အဲ့ဒီ့လမ်းကျဉ်းလေးပေါ်မှာ သွားလာနေကြတဲ့သူတွေအားလုံး သိတတ်ကြပါတယ်။ တဖက်လူကို ပိုကြည့်တယ်။ အလေးအပင်နဲ့ဆို ဦးစားပေး ရကောင်း မှန်းသိကြတယ်။ ကိုယ်ဆိုတာထက် တခြားဆိုတာကို အလေးထားတတ်ကြတယ်။

ကျနော်တို့က နှစ်ယောက်ဆိုတော့ အလေးအပင်အဖြစ် အခြားပစ္စည်းပစ္စယတွေမပါပေမယ့်လည်း ဦးစား ပေးခံရပါတယ်။ သူတို့က ကျနော်တို့ကို ရပ်စောင့်ပေးကြတယ်။ အဲ့ဒီလိုအခါမျိုးနဲ့ကြုံရင် ရှေ့နားရောက်တော့ ကျနော်တို့ထပ်ရပ်ကြတယ်။ ပတ်ဝန်းကျင်လည်း ငေးဖို့၊ အမောလည်းပြေဖို့၊ စကားစမြည်လည်း ပြောဖို့ပေါ့။ စကားတွေကလည်း နေ့တိုင်းပြောတာကို၊ ကုန်- မကုန်နိုင်ဘူး။ တမျိုးမဟုတ် တမျိုးကတော့ နေ့တိုင်း ရှိနေတတ်တယ်။

ဘုန်းတော်ကြီးကျောင်းရှေ့က ရေအိုးစင်လေးကတော့ ညနေအပြန်ဆို ကျနော်တို့အတွက် အိုအေစစ်ပါပဲ။ ရေတွေ တမုတ် ပြီး တမုတ် ခပ်သောက်၊ မြက်ခင်းစိမ်းစိမ်းပေါ် ခြေပစ်လက်ပစ်ထိုင်။ သံလမ်းဘေး လူ့ယဉ်ကျေးတွေရဲ့ အကြောင်းတွေကိုပြော။ တကယ့်ကို ရေ မရောသေးတဲ့ ချစ်စရာ စရိုက်တွေ၊ ကြည်နူးစရာဓလေ့တွေ ရှင်သန်နေတဲ့ ဗမာ့ယဉ်ကျေးမှုတောအုပ်ကြီးပါပဲ။

(၄)
ခုတော့ အဲ့ဒီ့တောကြီးလည်း ပြိုပြီထင်ပါရဲ့၊ ပြုန်းပြီထင်ပါရဲ့။

ကားလေးတစင်းနဲ့စာလိုက်သင်နေတဲ့ကျနော်တော့ စက်ဘီးလေးကို မစီးဖြစ်တော့ပါဘူး။ စက်ဘီးလေးလည်း မရှိတော့ဘူး။ သံလမ်းဘေးက လမ်းလေးဆီလည်း မရောက်ဖြစ်တော့ပါဘူး။ တဖက်လူကို ဦးစားပေးသွားလာတတ်တဲ့ လူ့ယဉ်ကျေးတွေမှ အဲ့ဒီလမ်းလေးပေါ်မှာ သွားလာကြသေးရဲ့လား။ ဘုန်းတော်ကြီးကျောင်းရှေ့ ရေအိုးထဲက ရေကကော မကြိုမချက်ရဘဲနဲ့ အ ရင်လို သန့်စင်နေသေးရဲ့လား။

ကျနော့်ရှေ့မှာတော့ လူတွေဟာ ကိုယ်ဦး ကိုယ်ရ၊ ငါဦး ငါရ သွားလာနေတော့တာပဲ မြင်နေရတယ်…..။ ။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)