လင်းငယ် ● ပညာတမူ၊ ယွန်းသူတို့ ဌာနေ

August 16, 2017

● ပညာတမူ၊ ယွန်းသူတို့ ဌာနေ
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

“စစ်မှာတမူ
နှမလေး မယ့်ထက်ဖြူကို ယူမလားတော်။

စစ်မှာ ယွန်းမ
နှမလေး မယ့်ထက်လှကို ရမလားတော်”

(၁)
အခု ဒီမြို့ကို ရောက်နေခဲ့တာ တလလောက်ရှိပြီ။ ဒီမြို့ဆိုပေမယ့် နိုင်ငံကူးလက်မှတ်ကိုင်ပြီးမှ တရားဝင်လာလို့ရတဲ့မြို့။ တိုင်းတပါးလို့ အလွယ်ခေါ်ရင်လည်း ရမှာပါ။ ဒါပေမဲ့ တစိမ်းတွေနေတဲ့မြို့တော့လည်း မဟုတ်ပြန်ဘူး။ အိမ်နီးချင်းတွေ အများကြီးထဲမှာမှ အရင်းနှီးဆုံး အိမ်နီးချင်းမြို့။ လာချင်ရင် နီးလွန်းတဲ့မြို့။ ဒီမြို့မှာပဲ ကိုယ့်အမျိုးတွေ အများကြီးက တရား မဝင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ နှစ်ကလာများစွာကတည်းက ရောက်ရှိနေထိုင်ခဲ့ကြတာကို ကိုယ်မလာခင်ကတည်းက သိပြီး သား။ ဒါပေမဲ့ ဒီလောက်တော့လည်း အများကြီးတွေ့ရလိမ့်လို့ မမျှော်လင့်ခဲ့။ နယ်ဘက်လောက်မှာသာ ပိုများမယ် ထင်ခဲ့တာ။

ကိုယ်က သူတို့အများစုနဲ့ မတူညီတဲ့ရည်ရွယ်ချက်တခုနဲ့လာခဲ့သူဆိုတော့ သူတို့နဲ့ အများကြီးပတ်သက်ရမယ်လို့လည်း မ တွက်ဆမိခဲ့။ ဒါပေမဲ့ သွေးဆိုတာက အရောင်ရှိပါသည်။ ကိုယ့်မမြင်ပေမယ့် မြင်သူတွေ ရှိပါသည်။

အကြောင်းတိုက်ဆိုင်စွာပင် တစ်နှစ်တာကာလ ကိုယ်နေထိုင်မည့် အနီးအနားမှာ ချစ်လှစွာသော ဗားမားဟုအမည်ရနိုင်မည့် ကျောင်းကလေးလည်း ရှိနေသည်။ ပြီးတော့ တိုက်ခန်းတခုတည်းမှာ အတူတူနေတဲ့ မိတ်ဆွေတယောက် ကိုယ့်ပြည်ပေါက် ကလေးတွေ၊ ကိုယ့်ပြည်မှာ မပေါက်သော်ငြား ကိုယ့်ပြည်ကို ပြန်ဆက်လိုသူ လူငယ်တွေကို ဘာသာစကား သင်ပေးနေ သည်။ စေတနာ့ဝန်ထမ်းလုပ်သည့်အကြောင်းကို စိတ်ဝင်စားမိရင်း ကိုယ်ဝင်ပါမိတော့သည်။

ဒီမှာ ဝမ်းရေးအတွက် လာအလုပ်လုပ်ရင်း ဆယ်တန်းဖြေချင်တဲ့ကလေးတွေအတွက် အချိန်ပိုင်းစာပြပေးဖို့ လူလိုနေတယ်ဆို သောအခါ နှစ်ခါ မစဉ်းစားဘဲ မြန်မာစာသင်ပေးမယ်လို့ ပြောလိုက်မိသည်။ ပြောပြီးကာမှ မြန်မာစာမှာ ဘာတွေပါမှန်းပင် မမှတ်မိတော့လောက်အောင် ကိုယ်က စာနဲ့ဝေးခဲ့ပြီ။ ကိုယ်တိုင်လည်း ကိုယ့်စာနဲ့ ကိုယ်နပန်းလုံးရဦးမည်။ ဖြစ်မှ ဖြစ်ပါ့မလား။

(၂)
ညောင်ရမ်းခေတ်က “ဇင်းမယ်ဆိုသည့် ညိုတဲ့မြို့” ဆီကို စစ်ချီသွားမည့် ရဲမက်သူငယ်တယောက်ကို ချစ်သူက ပူပန်စကားပါး သည်။ သူ့ထက်လှသူ မယ့်ထက်ဖြူကိုတွေ့ရင်၊ သူ့ထက်လှသည့် ယွန်းမကိုတွေ့ရင် သူ့ကို ပစ်ထားခဲ့မှာလား။ ကိုယ်ကျောင်း သားဘဝက အတွေးတချို့ကို ပြန်အမှတ်ရမိသွားသည်။ ဖြူစင်ရိုးအတဲ့ ကိုးတန်းဆယ်တန်းကျောင်းသားဘဝကို ယိုးဒယား မြန်မာစစ်ပွဲဆိုတဲ့ အကျည်းတန်သည့် အမုန်းတရား သွပ်သွင်းမှုကြီးက ရောက်လာခဲ့သည်။ မဖြစ်မနေ သင်ရသည်။ ရဲသွေး ရဲမာန်တွေက ကြီးကောင်ဝင်စ ကိုယ့်စိတ်များကို လွှမ်းမိုး ဝါးမြိုခဲ့သည်။ ကံအားလျော်စွာ နုံ့နဲ့လှသည့် မှတ်ဉာဏ်ကြောင့် ဒါတွေကို အကြာကြီး မမှတ်မိတာ ကံကောင်းသည်ဟု ပြောရမလား။ ဒါတောင် မြန်မာတွေက ယိုးဒယားကို ဘယ်လို အနိုင် ယူခဲ့တာ၊ ယိုးဒယားတွေက မျိုးချစ်စိတ်မရှိလို့ အနိုင်ကျင့်တာကို ခေါင်းငုံ့ခံပြီး နယ်ချဲ့တွေနဲ့ပေါင်းခဲ့တာ။ ဒါကြောင့် သူတို့က တိုင်းပြည်တော့ ကျွန်မဖြစ်ခဲ့။ မြန်မာတွေကတော့ ကိုယ့်တိုင်းပြည်ကိုထိရင် ရရင်ရ မရရင် ချမှာပဲဆိုသည့် ရဲရဲတောက်စိတ် ဓာတ်ဖြင့် နယ်ချဲ့တွေကို တိုက်ခိုက်ခဲ့သည်။ ဒါမျိုးတွေပါတယ်ဆိုတာလောက် ခပ်ရေးရေး မှတ်မိနေသေးသည်။

ဇင်းမယ်ဆိုတာ ယိုးဒယားကို ပြောတာပဲကွလို့ ဆရာကရှင်းပြချိန်မှာ ရှင်ငြိမ်းမယ်ရဲ့ စစ်မှာတမူ အိုင်ချင်းကို ကိုယ်တို့တွေ အားရပါးရ ရွတ်ဆိုခဲ့ကြ သည်။ ကိုယ်တိုင်ပင်လျှင် စစ်ချီသွားတဲ့ စစ်သားကြီးလိုလို။ ငါက ဘာဖြစ်လို့ ယွန်းမကို ယူရမှာတုန်း။ ယွန်းမဆိုသော ဇင်းမယ်သူ၊ အခုခေတ် ကျွန်တော်တို့ ခေါ်နေတဲ့ ယပလက်မလေးတွေ လှတာကို ကိုယ်က သိမှမသိသေး။

“စစ်မှာယွန်းမ
နှမလေး မယ့်ထက်လှကို မရဘူးဗျာ”

(၃)
အကြွေစေ့လေးထည့်လိုက်ရုံနဲ့ ဈေးချိုချို သက်သာစွာ အသုံးပြုနိုင်သည့် အဝတ်လျှော်စက်ကလေးဘေးမှာ မတ်တပ်ရပ်ရင်း ဘေးပတ်ဝန်းကျင်ကို ငေးနေမိသည်။ လက်ထဲမှာက လေ့လာလက်စ ဆယ်တန်း မြန်မာစာ စာအုပ်လေး။ ဆယ်တန်းစာအုပ် လေးထဲက ကဗျာလေးကိုဖတ်ရင်း အတွေးစများကို ဟိုဟိုသည်သည်။ ခေတ်ပြိုင်ဆိုတာတွေကို နည်းနည်း နှိုင်းယှဉ် ကြည့် တတ်လာတော့ ငါသင်ခဲ့ရတာတွေ ဟုတ်မှဟုတ်ပါ့မလား လူကြီးပေါက်စအတွေးမျိုး တွေးကြည့်ရဲလာသည်။ ကိုယ်တိုင် ရောက်နေရာကို ကြည့်လိုက်ပြန်တော့ မိုးမျှော်တိုက်များ ပတ်ချာလည်။

စားရေးသောက်ရေးအတွက် အဆင်ပြေပြေ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်သည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းသည်။ သန့်ရှင်းသပ်ရပ်သည်။ လျှပ်စစ်မီးက (ဈေးနည်းနည်း ကိုယ့်အတွက် ကြီးတာကလွဲလို့) အလွန်ပြတ်ခဲသည်။ လူတွေက စည်းကမ်းပိုရှိသည်။ ကားတွေက လမ်းသွားလမ်းလာတွေကို ဦးစားပေးသည်။ လျင်လျင်မြန်မြန် ရွေ့လျားနေသည့် ကမ္ဘာ ကြီးထဲမှာ နောက်ဆုံးပေါ် ဂီတတွေ၊ အသုံးအဆောင်တွေ၊ နည်းပညာတွေကို အသုံးချရင်း ရင်ဘောင်တန်း စီးဆင်းနေသည်။ ဒါတောင် ဖွံ့ဖြိုးဆဲ နိုင်ငံလို့သာ သတ်မှတ်ထားသည့်အဆင့်မှာပင် ရှိသေးသည်။  သူတို့မြို့ကို innovation 4.0 နည်းပညာ ဆန်းသစ်မှူအဆင့်လေးဟုဆိုကာ တွန်းအား ပေးကြိုးပမ်းနေချိန် ကိုယ့်မြို့လေးမှာက renovation (ပြန်လည် ပြင်ဆင်ခြင်း) သည်ပင် အနှုတ်လက္ခဏာ ပြနေမည်လား မသိ။

တောသားမြို့ရောက်လို ကိုယ့်မြို့လေးနဲ့ အရာရာ ယှဉ်ကြည့်မိနေသည်ကိုက တောသားအတွေး ဖြစ်မည်။ ကိုယ်တိုင်သည်ပင် ဒီမြို့လေးမှာ ပို့ချနေတဲ့ ပညာရပ်တချို့ကို လိုချင်၍ နှစ်ကာလတခု ရင်းနှီးပြီး ကြိုးစားခဲ့ရသည်။ ဒီမြို့လေးက ပညာရပ်ဝန်းထဲ ဝင်ကြည့်မိကာမှ သူတို့တွေ ဘယ်လိုတွေးလဲဆိုတာ မြင်ရသည်။ ကိုယ်မြင်မိသည်ပင် အပေါ်ယံသာ ဖြစ်ဦးမည်ထင်၏။ ကိုယ်လို တောသားတယောက်အတွက် အရာရာဟာ အထင်ကြီး လေးစား စရာ အပြည့်။ ကိုယ်ဘယ်လောက် တောကျခဲ့မှန်း ပြန်မြင်ရသည်ကိုက အမြတ်လို့ ဆိုရမလား။

ပညာကို အားကိုးခဲ့သော ယွန်းသူတို့ အရပ်မှာ၊ ပညာလာရှာသည့် ကိုယ့်အတွက် ပညာလိုနေသည့်ကလေးတချို့ကိုတွေ့ရ ပြီး တတ်အားသမျှ ပြန်ဝေ မျှခွင့်ရတာကိုက ပညာပါရမီ ဖြစ်ပါစေတော့။ ထိုပညာပါရမီသည်ပင် ကိုယ့်တောမြို့လေးအတွက် ကြယ်အလင်းမျှ ဖြစ်ပါစေတော့။

လင်းငယ်

စာပြီး
၁၄ သြဂတ် ၂၀၁၇
နေ့ခင်း ၁း ၂၀၊ ဘန်ကောက်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်