မင်းခိုင် ● ကျောက်ခေတ်ဦးမှာ တို့တတွေ … နေ

August 16, 2017

● ကျောက်ခေတ်ဦးမှာ တို့တတွေ … နေ
(မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇

ပညာရေးဆိုတာ ဘာလဲ၊ ပညာသင်တယ်ဆိုတာ ဘာလဲဆိုတဲ့မေးခွန်းအတွက် ရောင်စုံအဖြေတွေ ရှိပြီးသား၊ ကြားဖူးပြီးသား ပါ။ ဥပမာ နိုင်ငံသားကောင်းဖြစ်ဖို့တို့၊ ကောင်းမွန်တဲ့ အသက်မွေးဝမ်းကျောင်းရဖို့၊ အတတ်ပညာတခုခုကို နားလည် တတ်ကျွမ်းစေဖို့၊ စာရိတ္တကောင်းဖို့၊ စဉ်းစားတွေးခေါ်တတ်ဖို့ … စသည်စသည်ဖြင့်ပေါ့လေ။ အဲဒီ့ထဲမှာ ကျနော်အကြိုက်ဆုံး အ ကောက်အယူကတော့ သိမှုကနေ မသိမှုဆီကိုသွားခြင်းတဲ့။ တနည်းအားဖြင့် သိခြင်းကနေ မသိခြင်းဆီသို့ … ။

ကျနော် ပိုပြီးဝေးဝေးမြင်ရတယ်ဆိုရင် အဲ့ဒါ ရှေးမဟာလူကြီးတွေရဲ့ ပုခုံးပေါ် တက်ကြည့်ခဲ့လို့ပါပဲဆိုတဲ့ နယူတန်ကြီးစကား ငှားသုံးရမှာပါပဲ။ အရင်သိခဲ့တဲ့ အသိတွေကို အခြေခံပြီး မသိသေးတဲ့နယ်ဆီကို အရောက်သွားနိုင်ရပါတယ်။ ပညာသင်တယ် ဆိုတာ အဲ့ဒါပါပဲ။ သင်ယူလေ့လာတယ်ဆိုတာ အဲ့ဒါပါပဲ။

အက်တမ်ကမ္ဘာကြီးကို ဖွင့်ဆိုရှင်းလင်းခဲ့တဲ့၊ တည်ဆောက်ပြခဲ့တဲ့ သော်မဆွန်၊ ရူသာဖို့ဒ်နဲ့ ဘိုးတို့ဆိုတာ ဆရာတပည့်တွေပါ။ သော်မဆွန်နဲ့ ရူသာဖို့ဒ်ကလည်း လုပ်ဖော်ကိုင်ဖက် ဆရာတပည့်တွေ .. ၊ ရူသာဖို့ဒ်နဲ့ ဘိုးတို့ဟာလည်း လုပ်ဖော်ကိုင်ဖက် ဆရာတပည့်တွေပါပဲ။ သူတို့ဟာ ရှေ့ကဆရာတွေရဲ့အသိတွေကိုနင်းပြီး အသိသစ်တွေကို ရှာခဲ့တယ်၊ တွေ့ခဲ့တယ်။ ပညာ သင်တယ်ဆိုတာ အဲ့ဒါပါပဲ။

သင်ယူလေ့လာတယ်ဆိုတာ အဲ့ဒါပါပဲ။

မင်းနှယ်ကွယ် … ကြီးကြီးကျယ်ကျယ်တွေ … ဒီမှာ ဘယ်နှယ့်လုပ် နယူတန်တွေ ဘိုးတွေ ဖြစ်မလဲကွ၊ ဒီမှာ အသစ်တွေ့ဖို့ နေနေသာသာ သူများရှာထားတဲ့ဟာတွေတောင် မနည်းလေ့လာနေရတာကွဆို … ဟုတ်ကဲ့ လူတိုင်းကို ထူးချွန်အောင် လုပ်ရမယ်လို့ ပြောတာမဟုတ်ပါဘူး၊ အသိသစ်တွေ တွေ့ရမယ်လို့ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မသိခြင်းနယ်ဆိုကို မျှော် ကြည့်နိုင်ရပါမယ်။ ဥပမာ သမိုင်းသင်တယ်ဆိုပါစို့။ အရင်က ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံနဲ့ အခုကြုံတွေ့နေရတာတွေနဲ့က မတူပါဘူး။ ဒါပေမဲ့ အရင်က အသိကို အခြေခံပြီး အခုကြုံတွေ့လာတဲ့ ဖြစ်ရပ်အသစ်ကို ဝေဖန်အကဲခတ်နိုင်ရပါ့မယ်။ အဲဒါ သိခြင်းကနေ မသိခြင်းဆီသို့ပါ။ ဘောဂဗေဒဆိုလည်း အဲလိုပါပဲ။ သိခဲ့တဲ့ အသိ (ဥပဒေသ) နဲ့ လက်တွေ့မှာဖြစ်နေတဲ့ ဖြစ် ရပ်အသစ်တွေကို ဝေဖန်ကြည့်ရတာပဲ မဟုတ်လား။

ပြောလိုရင်းက တခွန်းတည်းပါ။ ပညာသင်တယ်ဆိုတာ ကလေးတွေခေါင်းထဲ ဒေတာတွေ လောင်းထည့်တဲ့ဖြစ်စဉ် မဟုတ်ပါ ဘူး။ ဘာဒေတာတွေလဲဆိုတာကို သိဖို့က အနိမ့်ဆုံးအဆင့်ပါပဲ။ ပြီးရင် အဲဒီ့ဒေတာတွေကို သရုပ်ခွဲနိုင်ရပါ့မယ်။ ပြီးရင် မှန်လား၊ မှန်လား၊ ယုတ္တိရှိလား မရှိလား စမ်းစစ်နိုင်ရမယ်။ ပြီးရင် အကျိုးအကြောင်း ဝေဖန်နိုင်ရမယ်။ အမြင့်ဆုံးကတော့ သိ ထားခဲ့တဲ့ အချက်အလက်အသိပညာနဲ့ ဖြစ်ရပ်အသစ်တွေကို ဝေဖန်နိုင်ခြင်းပေါ့။ တနည်းအားဖြင့် သိခြင်းကနေ မသိခြင်းဆီ သို့ … ။

မှန်ပါတယ် .. အဲဒီ့စွမ်းရည်ဟာ ကျောင်းသား တယောက်နဲ့တယောက် မတူပါဘူး။ မတူနိုင်ပါဘူး။ ဒါပေမဲ့ အဲဒါက တပိုင်းပါ။ ပညာရေးဆိုတာကတော့ အနိမ့်ဆုံး အဲလောက်တော့ လုပ်ပေးရပါမယ်။ မေးခွန်းပုံစံကအစ အဲလိုဖြစ်အောင် ဆွပေးနိုင်ရပါ့ မယ်။

ကျနော်တို့ဆီမှာ ကျက်စာလို့ သတ်မှတ်ထားတဲ့ သမိုင်းလိုဘာသာမျိုးကိုတောင် သူတို့ဆီမှာ (အင်္ဂလန်မှာ)

ဘယ်လိုမေးပါသလဲ … ။

ဟုတ်ကဲ့၊ ဗာဆိုင်းစာချုပ်အကြောင်းရေးပါဆိုတဲ့ အဖြစ်အပျက် (ဒေတာ) ကို မေးတဲ့မေးခွန်းမျိုးလည်း ပါပါတယ်။ ဒါပေမဲ့ ပေးထားတဲ့အမှတ်က နည်းနည်းရယ်ပါ။ သူအများဆုံးပေးတဲ့ မေးခွန်းမျိုးရှိပါတယ်။ အမှတ် ၅၀ တောင်ပေးတဲ့ မေးခွန်းပါ။ ဘယ်လိုမေးသလဲဆို … ဥပမာ ဟစ်တလာ့အကြောင်း (ဒုတိယကမ္ဘာစစ်နဲ့ ဂျာမဏီနိုင်ငံအကြောင်း) ဆိုပါတော့။ အဲဒါနဲ့ ပတ်သက်တဲ့ မတူတဲ့ဖော်ပြချက် (အမြင်) တွေကို အရင်ဆုံးပေးလိုက်ပါတယ်။ စာရေးဆရာတယောက်ရဲ့အမြင်၊ နိုင်ငံရေး သမားတယောက်ရဲ့အမြင်၊ ကွန်မြူနစ်တယောက်ရဲ့အမြင် .. စသည်ဖြင့်ပေါ့လေ … စုံအောင်ပေးပါတယ်။ Source A, Source B ဆိုပြီး တန်းစီပေးတာ သုံးလေးခု .. မကပါဘူး။ ခုနစ်ခု၊ ရှစ်ခုထိ ရှိပါတယ်။

ပြီးတော့မှ ဒီလိုမေးခွန်းမျိုးတွေကို တန်းစီမေးပါတော့တယ်။

Study Sources A and B

How far do these two sources agree? Explain your answer using details of the sources.

Study Sources C and D

Does Source C make Source D surprising? Explain your answer using details of the sources and your knowledge.

Study E

Do you trust this source? Explain your answer using details of the sources and your knowledge.

အမြင်တခုနဲ့ တခုနဲ့ ဘယ်လိုကွာဟတယ်၊ ဘယ်အမြင်က ဘယ်အမြင်ကို ဆန့်ကျင်တယ်၊ ထောက်ခံတယ်၊ ဘယ်အမြင်ကဖြင့် အားကောင်းတယ်၊ ဘယ်အမြင်ကဖြင့် ယုတ္တိမရှိဘူး … အဲဒါတွေကို ကိုယ့်ဘာသာ ဖတ်ပြီး သုံးသပ်ရမှာ။ နှိုင်းယှဉ်ကြည့်ရမှာ။ ဆုံးဖြတ်ရမှာ။ တွေးရခေါ်ရမှာ။ ယုတ္တိကျကျ စဉ်းစားရမှာ … ။ ကိုင်း … ကြည့်စမ်း … ဒါ သိခြင်းကနေ မသိခြင်းဆီကို သွားတာပဲမဟုတ်လား။ သူတို့ရဲ့ပညာရေးဆိုတာ အဲလို … ။

ကျနော်အကြိုက်ဆုံးကတော့ ဖတ်စာအုပ်ဘောင်ကိုတောင် ကျော်တာပါပဲ။ using details of the sources and your knowledge တဲ့။ ပေးထားချက်တင်မက မင်းရဲ့ဗဟုသုတကိုပါ ထည့်သုံးတဲ့ .. ။ ဟား … ဒီလိုမေးခွန်းမျိုးကိုသာ ရွှေပြည်ကြီးက Textbook သရဏံ ဂိစ္ဆာမိ လုပ်နေတဲ့သူတွေ တွေ့လို့ကတော့ သွေးပျက်ပြီး သေကုန်မှာတောင် စိုးရပါတယ်။

ဟေ့ကောင် … မင်း ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောမနေနဲ့။ ဟိုက ဟိုပဲ။ ဒီက ဒီပဲ။ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်ပဲကွဟု ဆိုငြားအံ့ .. ။ ကျနော့်အနေနဲ့ မေးခွန်းနှစ်ခုလောက်ပဲ မေးချင်ပါတယ်။

၁) ကျနော်တို့ဆီက ကျောင်းသားတွေဟာ အဲလိုသင်ကြားလို့ မရနိုင်လောက်အောင် ဉာဏ်ရည်နိမ့်ကျပါသလား။

၂) ကျနော်တို့ဆီက ဆရာတွေကရော အဲလိုသင်ကြားနိုင်စွမ်း မရှိဘူးလား .. ။

အထက်က စကားကိုပဲ ပြန်ကောက်ပါမည်။ ပညာသင်တယ်ဆိုတာ ဒေတာတွေ လောင်းထည့်တာမဟုတ်ဘူး။ တနည်း အားဖြင့် ပညာသင်တယ်ဆိုတာ ဆရာဆီ့က ဒေတာတွေကို တပည့်တွေဆီ ကူးပြောင်းပေးတဲ့ data transferring process မဟုတ်ပါဘူး။

21 ရာစုမှာ ဒေတာဆိုတာ ဂူးဂဲလ်ပါပဲ။ ဘာကိုရှာရမလဲဆိုတာပဲ သိဖို့လိုပါတယ်။ ပြီးရင် Enter ခေါက်လောက်ရုံပါပဲ။

၂၀၁၀ ခုနှစ်တွင် စစ်ကိုင်းတိုင်း၌ ဂျုံစိုက်ဧကပေါင်း … တစ်သိန်းကျော် တစ်သိန်းကျော် ရှိသည် … နားပါ။

မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်များမှာ ကျွန်း၊ သစ်မာ၊ ဆန်စပါးနှင့် .. ဆန်စပါးနှင့် …. နားပါ။

ကန္ဒီစာချုပ်ကို ၁၉၄၆ ခု .. ဘယ်လ ဘယ်ရက်မှာ … နားပါ။

အီလက်ထရစ်ပိုတင်ရှယ် အစ်သည် ဝါ့ဒါန်း ဝါ့ဒါန်း … နားပါ .. နားပါ .. နားပါ။

ကလေးတွေ ပြောသလိုပြောရရင် ကိုင်းကြီးကြီးမှာ သွားနားပါ။

ဟုတ်ကဲ့၊ ရွှေပြည်ကြီးမှာတော့ မေးခွန်းပုံစံကအစ memorizing data အဆင့်မှာ ဂိတ်ဆုံးနေတယ်ဆိုတာလည်း မှန်ပါတယ်။ understanding data အဆင့်တောင် မရောက်တရောက်ဆိုတော့ analyse လုပ်ဖို့ဆို ဝေလာဝေးပေါ့ဗျာ။ ဒီလိုမေးခွန်းပုံစံတွေကြောင့်လည်း အာဂုံဆောင်မှ အာဂလူဆိုတဲ့ အမြင်တွေ အပြောတွေ ကြီးစိုးနေတာ၊ အလုပ်ဖြစ်နေတာပေါ့ဗျာ။

ဟုတ်ကဲ့ … ငါ့သားရေ .. င့ါတပည့်ရေ .. ဒီသားကောင်က ဒိလို၊ ဒီနေရာကို ဒီအချိန်ဆိုလာပြီ၊ ဒီကနေ စောင့်ဖမ်း .. စ သည်ဖြင့် data transfer လုပ်တဲ့ သင်ကြားနည်းက ကျောက်ခေတ်ဦး အမဲလိုက်တဲ့နေရာမှာတော့ အသုံးဝင်ပါလိမ့်မယ်။

အင်းလေ … ကျောက်ခေတ်ဦးမှာ အမဲလိုက်ရတာကို ပျော်နေသူတွေလည်း ရှိမှာပေါ့လေ။ ပျော်ပါစေလေ .. ပျော်ပါစေ။

ကျနော့်အနေနဲ့ကတော့ အိုင်ဒီယာတခု၊ လက်တော့တလုံးနဲ့ ကမ္ဘာကို တက်သိမ်း၊ ဓနတွေကို ဖန်တီးနေတဲ့ ၂၁ ရာစုမှာ ချွေးတလုံးလုံးနဲ့ ဖားရှာ ငါးရှာ အမဲလိုက်နေတဲ့ ကျနော့်တို့ ကျောင်းသားတွေကို ကြည့်ပြီး မပျော်နိုင်ပါဘူးဗျာ …။

မုဆိုးရာသီက ..
….
…….

ကုန်
ခဲ့
ပြီ
မို့
ပါ။

မင်းခိုင်
၁၆၊ သြဂုတ်၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments