မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး

August 17, 2017


မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး

(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၇

အဖိုးကြီးမို့ ယောင်ယောင်မှားမှားနဲ့ ချစ်ဦးညိုကို “ချစ်ဦးညီ” လို့ ရေးလိုက်မိတာမဟုတ်ပါ။ ညီလေး တစ်ယောက်လိုချစ်လို့ “ချစ်ဦးညီ” ခေါ်တာပါပဲ။ ဒီလို “ချစ်ဦးညီ” လို့ သူ့ကို နာမည်ပြောင်းခေါ်တဲ့သူက တစ်ယောက်တည်းရှိပါတယ်။ ကျွန်တော်တို့ဘေးလူတွေက ရောယောင်ပြီး “ချစ်ဦးညီ” လို့ခေါ်ရင် မကြိုက်ပါ။ ကျွန်တော်တို့လည်း သူ့ကို ညီလေးလို ချစ်ခွင့်မရှိဘူးလား မမေးနဲ့။ ဦးခေါင်း ခါပါလိမ့်မယ်။ ပါးစပ်က ဆေးလိပ်ခဲ ထားလို့ နှုတ်နဲ့မပြောအားဘူးလေ။

ဒီလိုဆို ချစ်ဦးညိုရဲ့ တစ်ဦးတည်းပိုင် အစ်ကိုကြီးက ဘယ်သူလဲဆိုတာ တစ်ချို့ကရိပ်မိလောက်ပါပြီ။ ဟုတ်ကဲ တင်မိုး ပါ။ ကွယ်လွန်သူ ကဗျာဆရာရာကြီး ဦးတင်မိုးပါ။ မန္တလေးတက္ကသိုလ်ထွက်၊ လူထုတိုက်ထွက် တင်မိုး ပါ။ မန္တလေးကို ဘာလို့ထည့်ပြောရသလဲဆိုတော့ ရွှေမန်းသား ချစ်ဦးညိုအကြောင်းပြောမှာမို့ပါ။ မောင်သာရက သူဟာ မန္တလေး ဈေးချိုတော် ခေါင်မိုးပေါ်မှာမွေးဖွားခဲ့သူပါလို့ မန္တလေးသားစစ်ကြောင်း လက်မ ထောင်ပြောလေ့ရှိသလို၊ မောင်မိုးသူက ငါက နာရီစင်ကြီးဖက်မွေးတာလို့ ကြွားလေ့ရှိပါတယ်။ အုပ်ကြီးဝင်းဖေနဲ့ ချစ်ဦးညိုတို့ကတော့ ကျုပ်တို့က နန်းတော်ရှေ့ မန်းပန်တျာကျောင်းခေါင်းမိုးပေါ်မွေးတာလို့ ပြောမလားမသိပါ။

ဟုတ်ကဲ့ ရဲ့ ဖခင်က ပန်းတျာကျောင်းတည်စကတည်းက အမျိုးသားအကသင် ဆရာကြီးပါ။ ကဗျာလွန်အကရ၊ ကကွက်စုံ၊ ကကြိုးစုံပါတဲ့ အကပညာဟာ မန်းပန်တျာထွက် အကနည်းပညာစစ်စစ်ပါ။ ကဗျာ လွတ်အကကို တီထွင်သူအကပညာရှင်မင်းသားကြီးရဲ့အမည်က ရွှေဒေါင်းညို တဲ့။ မင်းသားကြီး ရွှေဒေါင်းညိုရဲ့ ညီတော်အရင်းက အငြိမ့်ကြေးတီးဆရာကြီးတစ်ဦးပါ။ သူမတူအောင်ကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင်ရဲ့ အငြိမ့်သဘင်မှာကြေးမောင်းတီးတဲ့ဆရာကြီး ဦးအုန်းဖေပါ။ အဲဒီဆရာကြီးရဲ့သမီးက ယိုးဒယားပြန်အမာစိန် တဲ့။ ပီကင်းပြန် နွဲ့နွဲ့စန်းနဲ့ ယိုးဒယားပြန်အမာစိန်တို့ဟာ မန်းပန်တျာကျောင်းထွက်အဖြစ် အထူးကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးနှစ်လက်ဖြစ်ပါတယ်။ ခေတ်ပြိုင်တွေပါ။

အငြိမ့်မင်းသမီးယိုးဒယားပြန် အမာစိန်ဟာ ၁၉၅၆-၅၇ လောက် အငြိမ့်စင်ပေါ်တက်ကခဲ့ပါတယ်။ ဒီအချိန်မှာ မန်းတက္ကသိုလ်မောင်သာနိုး(တက္ကသိုလ်ဝင်း)၊ တက္ကသိုလ်မောင်တင့်ဝေ(ကျောက်ပန်းတောင်း) တို့က တက္ကသိုလ်ကို ရောက်နေကြပြီး မောင်စွမ်းရည်၊ ကြည်အောင်၊ မောင်သိန်းနိုင်၊ တင်မိုး တို့က နောက်မှရှေ့ဆင့် နောက်ဆင့်ရောက်လာခဲ့ကြပါတယ်။ မောင်သာနိုးက တကသအမှုဆောင် ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး၊ မောင်တင့်ဝေက အဆောင်သယာရနဲ့ စာဖတ်အသင်းတို့၊ မြင်းခြံခရိုင်အသင်းတို့မှာ အမှုဆောင်၊ တက္ကသိုလ်ဝင်း က လူထုတိုက်ထွက် စာရေးဆရာအဖြစ်နဲ့ မန်းတက္ကသိုလ်ကလောင်ရှင်အသင်းဥက္ကဋ္ဌ ကျောက်ပန်းတောင်းသား ထဲက ထွန်းနွယ်ဆိုသူတစ်ယောက်ပါ ထည့်ပြောဖို့လိုပါတယ်။ သူကတော့ သီချင်းဆိုဝါသနာကြီးသူတစ်ဦးပါ။ ဒါ ပေမဲ့ ဟိုသုံးဦးလောက် ရှေ့တန်းမရောက်ဘူး။ ဟိုသုံးဦးက အမာစိန်ကို တက္ကသိုလ်မှာ ပထမဆုံးစင်တင်ပွဲထုတ် သူတွေဖြစ်လို့ ဖော်ပြတာပါ။ သူတို့က တက္ကသိုလ်ပွဲတိုင်းမှာ အမာစိန်ကို ခေါ်တဲ့အပြင် ကလောင်ရှင်တွေဖြစ်လို့ စာနယ်ဇင်းတွေမှာလည်း ဆောင်းပါးတွေရေးကြပါတယ်။ “ညီမလေး” “ညီမလေး” နဲ့ တစ်လေးတည်း လေးနေ ကြပါပြီ။ မောင်သာနိုးဆိုရင် အင်္ဂလိပ်ဘာသာလူဖြူစကားနဲ့ ဆောင်းပါးရေးပြီး အမာစိန်ကိုသြဘာပေးခဲ့ဖူးပါ တယ်။ မှတ်မှတ်ရရပြောရရင် အဲဒီဆောင်းပါးမှာပါတဲ့ Pois ဆိုတဲ့စကားလုံးကို အဓိပ္ပာယ်မသိလို့ အဘိဓာန်လှန် လိုက်ရသေးသဗျ။

ဒေါ်ခင်နှင်းယုရဲ့ ၀တ္ထုကို မင်းသားကောလိပ်ဂျင်နေ၀င်း၊ တေးရေးအဆိုတော်ကိုမြတ်လေးနဲ့ မင်းသမီး ကြီး ကြည်ကြည်ဌေးတို့ ပါဝင်သရုပ်ဆောင်ခဲ့ကြတာ သတိရကြပါလိမ့်မယ်။ အငြိမ့်မင်းသမီးကြီးရဲ့အမည်က မဗေဒါ ဆိုတွင်ပါရဲ့။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာကို သီချင်းလုပ်ထားတာလေ။ ဆိုချင်တာက တက္ကသိုလ် ကျောင်းသားနဲ့အငြိမ့်မင်းသမီးဇာတ်လမ်းတွေဟာ ခေတ်တိုင်းမှာဖြစ်နေကြ။ ကြုံနေကြဇာတ်လမ်းတွေဖြစ်ခဲ့ကြ ပြီး ဒီနေ့ထိလည်း မရိုးနိုင်တဲ့ဇာတ်လမ်းတွေပါ။

ကျွန်တော် နောက်တစ်နှစ်နောက်ကျပြီး မုံရွာက မောင်သိန်းနိုင်နဲ့ မြင်းခြံက တင်မိုးတို့ မန်းတက္ကသိုလ် ရောက်လာကြတယ်။ ၁၉၅၇ ဖြစ်မယ်။ အဲဒီနှစ်မှာ တက္ကသိုလ်ဝင်းဆိုတဲ့ ကိုဝင်းမောင်က ကလောင်ရှင်အသင်း ဥက္ကဋ္ဌ၊ တင်မိုးခေါ် ကိုဘဂျမ်းက ဒုတိယဥက္ကဋ္ဌ၊ မောင်သိန်းနိုင်က အတွင်းရေးမှူး။ သူတို့က စာဆိုတော်နေ့စာဆို ကြီးများကန်တော့ပွဲမှာ အမာစိန်အငြိမ့်နဲ့ဧည့်ခံပါတယ်။ တက္ကသိုလ်အမာစိန်ဆိုတဲ့ ရွှေခြည်ထိုးစလွယ်ကြီးကို ဥက္ကဋ္ဌတက္ကသိုလ်ဝင်းက ချီးမြင့်ချင်ပါတယ်။ တက္ကသိုလ်ဝင်းဆိုတာ သစ်ကုန်သည်၊ သစ်စက်ပိုင်ရှင်တစ်ဦးရဲ့ သား ဆိုထင်ပါတယ်။ ဧရာဝတီမြစ်ကမ်း ပိုက်ကျုံးရပ်ကနေပြီး မော်တော်ဆိုင်ကယ်နဲ့ကျောင်းတက်သူပါ။ လက်ပတ်နာရီ ရွှေကြိုးနဲ့ ရွှေကြယ်သီးနဲ့။ လူပုံကတော့ ပုပု၊ ရုပ်က တက္ကသိုလ်ကျောင်သားရုပ်မပေါက်ဘဲ အညာ က ထန်းလျက်ပွဲစားရုပ်မျိုးပါ။ သူက အမာစိန်သွားရာ ရှမ်းပြည်နယ်၊ ပြည်နယ်တွေကို လိုက်ပြီးပွဲကြည့်သူ ပါ။ တက္ကသိုလ်မှာ အခမ်းအနားရှိတိုင်း အမာစိန်ကို ငှားခိုင်းပြီး တစ်ခါတစ်ရံမှာ သူကပဲ ငွေစိုက်ထုတ်ငှားစေ သူပါ။ အမာစိန်ကိုတော့ တိုင်းရင်းဆေး၊ တိုင်းရင်းသူမဂ္ဂဇင်းတွေနဲ့ အမြဲလက်ဆောင်ပေးပြီး ရိုက်နေသူပါ။ သူ့အ ကြောင်း လူတိုင်းသိနေကြတော့ အမာစိန်ကို ရွှေခြည်ထိုးစလွယ်ကြီးချီးမြင့်ဖို့ရာ သူ စင်ပေါ်မတက်ရဲပါ။ စင်ပေါ်မှာ သူ့ဆရာမကြီး ပါဠိပါမောက္ခဒေါ်အုန်းကလည်း သူ့တပည့် ယုဝတီကလောင်ရှင် ပင်းယမွှေးနဲ့အတူ ထိုင်နေကြဆဲပါ။ ဆုရတဲ့ကျောင်းသားတွေကို ဆုပေးဖို့ပါ။ ပရိသတ်ရှေ့တန်းမှာက ဆရာကြီးမြကေတု(ဦးချမ်းမြ)၊ ဆရာတက္ကသိုလ်ဘုန်းနိုင်၊ ဦးမောင်မောင်တင် စတဲ့သူ့ဆရာတွေက ထိုင်နေကြ တော့ သူစင်ပေါ်မတက်ရဲလို့ တင်မိုး ကိုတက်ခိုင်းတယ်။ တင်မိုးနဲ့သူက ပွဲမတိုင်ခင် ဒီစလွယ်ကြီးချီးမြင့်ပုံကို အကြိမ်ကြိမ်ထုတ် တိုက်ခဲ့ပေမယ့် တင်မိုးက စလွယ်ကို ဇောက်ထိုးပြောင်းပြန်ဆွဲချိတ်ပေးခဲ့ပါတယ်။ ပရိသတ်က “ ဇောက်ထိုး ပြောင်းပြန်ကြီးဗျို” အော်တော့ တင်မိုး လည်းဆင်းခါနီးမှ နောက်ပြန်လှည့်ပြီး စလွယ်ကိုပြန်ဖြုတ်ဖို့ လုပ်ပါတယ်။ အမာစိန်က သူ့ဖာသာပြန်ပြင်ပြီးနေတာကို သူက အမာစိန်ရဲ့ခါးမှာရှိတဲ့ (စလွယ်ကိုတွယ်တဲ့)တွယ် ချိတ်ကို လိုက်ဖြုတ်ပါတယ်။ အမာစိန်က နောက်ဆုတ်၊ သူက လိုက်နဲ့ ပရိသတ်ကလည်းပွဲကျ။ ဆိုင်းကလည်း ဗိန်းမောင်းရိုက်ပေးပေါ့။ နောက်ဆုံးတော့ တင်မိုးက စင်ပေါ်ကခုန်ချပြီး ပရိသတ်ဆီးပွေ့တဲ့ကြား ရုန်းထွက်ပြေး လိုက်တာ ပရိသတ်ထဲကိုပြန်မလာတော့ပါဘူး။ အဲဒိဖြစ်ရပ်ဟာ တက္ကသိုလ်မှာပြောစမှတ်ပြုကျန်ရစ်တဲ့ “တင်မိုး နဲ့ အမာစိန်” ဇာတ်လမ်းပါ။ တင်မိုးက တက္ကသိုလ်ဝင်းရဲ့ကိုယ်စား ကြားထဲ တင်မိုး ခါးနာ မဟုတ်ပဲ၊ ကြားထဲက တင်မိုး ခါးထိုး ဇာတ်လမ်းဖြစ်သွားခဲ့ရတာပါပဲ။

တင်မိုး အိမ်ထောင်ပြုတော့ သူ့အိမ်ငှားနေပါတယ်။ အရိုးအိုးဘုရားရဲ့ အရှေ့ဘက်တဲ့။ ကြံကြံဖန်ဖန် ဖြစ်ချင်တော့ အမာစိန်တို့အိမ်နဲ့ တင်မိုးအိမ်က မျက်နှာချင်းဆိုင်။ နောင်တစ်ချိန်မှာတော့ အမာစိန်မိသားစုအပြင် အငြိမ့်အဖွဲ့ တစ်ဖွဲ့လုံးနဲ့တင်မိုးနဲ့ ရင်းနှီးသွားခဲ့ကြပါတယ်။ ချစ်ဦးညိုနဲ့ တင်မိုးနဲ့က အတွေ့နောက်ကျပါတယ်။ ချစ်ဦးညို၊ ပန်းတျာကျောင်းအုပ်ပန်းချီဆရာကြီး ဦးဝင်းဖေ၊ ပေါ်ဦးသက်၊ မောင်စွမ်းရည်၊ ဒေါက်တာအောင်ခင် (လော့အိန်ဂျလိ)မှာ ကွယ်လွန်သူနဲ့။ ခုခါ မလေးရှားမှာထင်ပါရဲ့ဒေါက်တာမောင်မောင်ညိုတို့ဟာ မန္တလေး အမှတ် ၁ အ ထ က ကျောင်းထွက်တွေပါ။ ချစ်ဦးညိုက တက္ကသိုလ်ရောက်တာနောက်ကျလို့ စာပေနယ်ထဲ ရောက်ကြမှ တင်မိုးနဲ့ခင်မင်ကြရတာပါ။ ချစ်ဦးညိုနဲ့ဆိုရင် စာပေဟောပြောပွဲတွေထွက်တဲ့အခါ တင်မိုးက ဘယ်မဆို လိုက်ပါတယ်။

ချစ်ဦးညိုက ပန်တျာကျောင်းခေါင်းမိုးပေါ်မွေးသူဖြစ်လို့ အက ကောင်းပါ။ အမာစိန်က သူ့အဖေသင်ပေး လို့ လေဘာတီမမြင်ရင်သီချင်းတွေ အကုန်ရပါတယ်။ မြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့ရေးတဲ့ သီချင်း တွေပေါ့။ မန်းတက္ကသိုလ်မှာ မောင်သာနိုး၊ တင်မိုးနဲ့ ထွန်းနွယ်တို့ကလည်း အဲဒီသီချင်းတွေအကုန်ရပါတယ်။ အမာစိန်နဲ့ တက္ကသိုလ်ဘက်ထိသွားဆိုတော့ ဒီသီချင်းတွေဟာ မန္တလေးတစ်ခွင်ပြန်လည်ခေတ်စားသွားခဲ့ ပါတယ်။ စစ်ကိုင်းတောင် တန်ဆောင်မုန်းလပြည့် ညပွဲတွေမှာလည်း ဒီသီချင်းတွေချည်းပါပဲ။ ‘မန်ဒါလီ၊ နှစ်ယောက်တည်း၊ ဦးသ၀န်ကြောင်၊ ချစ်တာ ပဓာန၊ မင်းဂံတုတ်၊ တုံးကျော်မ၊ စတဲ့သီချင်းတွေကို မောင်သာနိုးနဲ့ တင်မိုး၊ ချစ်ဦးညိုနဲ့ တင်မိုး၊ ဆုံမိတိုင်းလိုလို ဆိုကြပါတယ်။

ချစ်ဦးညိုက သဘင်မဂ္ဂဇင်းကို တည်းဖြတ်ထုတ်ဝေဖူးပါတယ်။ ဘယ်မဂ္ဂဇင်းမှာမှ ပင်တိုင်ရေးလေ့မရှိတဲ့ တင်မိုးက သဘင်မဂ္ဂဇင်းမှာ ပင်တိုင်ရေးပေးပါတယ်။ ကျွန်တော်မှတ်မိသလောက်ကတော့ ကဗျာအဖွင့်၊ ကဗျာ ခံစားမှုဆောင်းပါးတွေကိုပဲ တင်မိုးရေးခဲ့တယ်။ တင်မိုးက မဂ္ဂဇင်း ၀ါသနာတော့ကြီးပါတယ်။ ချစ်ဦးညိုရဲ့ သဘင် မဂ္ဂဇင်းကို သူ့မဂ္ဂဇင်းလိုပဲ သံယောဇဉ်ကြီးပါတယ်။ စာမူပေးဖို့တစ်ခါ၊ မဂ္ဂဇင်းပေးဖို့တစ်ခါနဲ့ တစ်ခါတလေများနှစ်ခါအနည်းဆုံး ချစ်ဦးညိုနဲ့တင်မိုးတို့တွေ့ကြပါတယ်။ ပါးစပ်ကလည်း ချစ်ဦးညီ ၊ ချစ်ဦးညီနဲ့ တဖွဖွခေါ်လေ့ရှိပါတယ်။ အသိုင်းအ၀ိုင်းတစ်ခုလုံးကတော့ ဒါဟာ ဆရာမိုးက စောင်းချိတ်ပြီး ယောက်ဖ လို့ခေါ် နေတာလို့ နားလည်ထားကြပါတယ်။

ကျွန်တော်ရယ်၊ ချစ်ဦးညိုရယ်၊ တင်မိုးရယ် အတူတူ စာပေဟောပြောပွဲသွားကြတဲ့အခါ အလွန်ဘက်ညီ ပါတယ်။ မန္တလေးအုပ်စုလည်းဖြစ်တဲ့အပြင် အမာစိန်အုပ်စုလို့လည်း ဆိုနိုင်ပါတယ်။ ချစ်ဦးညိုနဲ့ ဒီသုံးယောက် ဆုံမိရင် အမာစိန်ကိုလွမ်းကြရပါတယ်။ တကယ်တော့ နောက်ကြ စကြတာပါ။ ကျွန်တော်တို့အားလုံးက အမာစိန် ကို သန့်သန့်ရှင်းရှင်းချစ်ကြတာပါ။ နှမလေးတစ်ယောက်လို ချစ်ကြတာပါ။ သူ့ရဲ့အနုပညာကိုလည်း လေးစား တန်ဖိုးထားကြပါတယ်။ သူကလည်း အဖေကိုယ်တိုင်နောက်ကတီးမှုတ်နေတော့ ကလက်တက်တက်မပြောပါ။ ၀ါသနာလည်း မပါရှာပါ။ နွဲ့နွဲ့စန်းနဲ့သူနဲ့ တက္ကသိုလ်မှာ ခေတ်ပြိုင်ကျော်ကြားခဲ့ကြတယ်။ နှစ်ယောက်စလုံး မန်းပန်တျာကျောင်းထွက်တွေပါ။ ဒါပေမဲ့ နွဲ့နွဲ့စန်းက လုံးကြီးပေါက်လှ ဆိုပါစို့။ နွဲ့နွဲ့စန်း က တဲ့အခါ ကျောင်းသားတွေက နှာတွန်သံပေးကြလို့ ဆုံကြပါစို့။ လက်ခေါက်မှုတ်ပြီး တွန် တတ်ကြပါတယ်။ ဒါတွေကို ကျွန်တော်က ခရီးသွားရင်း ချစ်ဦးညိုကိုပြောပြပါတယ်။

ချစ်ဦးညိုနဲ့တွဲစ ပထမပိုင်းခရီးတူထွက်ကြတို့ ညအိပ်ရင် တက္ကသိုလ်အကြောင်း စားမြုံပြန်ကြတော့ ချစ်ဦးညိုက အမာစိန်အကြောင်း စကား စလာပါတယ်။ သူ့အဖေနဲ့ အမာစိန်အဖေ ညီအစ်ကိုဆိုတာကြားဖူးပေမဲ့ အမာစိန်နဲ့မောင်နှမဆိုတာကိုသတိမထားမိတဲ့ တက္ကသိုလ်မှာ အမာစိန်ခေတ်စားခဲ့ပုံတွေကို စိတ်ပါလက်ပါပြော ရင်း တက္ကသိုလ်ဝင်း နောက်ပိုးခန်းတွေကိုပါ ပြောပြခဲ့ပါတယ်။ တင်မိုးနဲ့အမာစိန် ဇာတ်ကောင်လည်းပြောပြဖူးပါ တယ်။ တော်ပါသေးရဲ့ မကြားဝံ့မနာသာ တစ်ခုမှမပါခဲ့ပါ။ အတင်းအဖျင်းပြောစရာအကြောင်းလည်း မရှိပါ။ အားလုံးစကားတွေပြီးတော့မှ ချစ်ဦးညိုက သူနဲ့အမာစိန် မောင်နှမတွေဆိုတာ ပြောလိုက်ပါတယ်။ တော်သေးရဲ့ ဘာမှ အတင်းအဖျင်းမပါလို့။

ကျွန်တော်တို့သုံးယောက်သား ရခိုင်ခရီးတစ်ခု သွားဖူးတယ်။ ခုပြန်ကြားရေးဝန်ကြီးဖြစ်နေတဲ့ ဒေါက် တာဖေမြင့်က သံတွဲမှာ စာရေးဆရာဖြစ်စအခါပေါ့။ ဒေါက်တာဖေမြင့်က ကျွန်တော်တို့ကို ပင်လယ်ကမ်းစပ် တည်းခိုခန်းမှာ နေရာချထားပေးပါတယ်။ တစ်ယောက်တစ်ခန်းစီအိပ်ကြတော့ သန်းခေါင်ကျော်နေပြီ။ တင်မိုးက တစ်ယောက်တည်း ဆေးလိပ်ဖွာနေရာကထွက်လာတော့ ကျွန်တော်အထွက်နဲ့ဆုံတယ်။ ဟေ့ ဘယ်လဲဆိုတော့ ချစ်ဦးညီတဲ့။ မှတ်မှတ်ရရ ချစ်ဦးညိုနဲ့ဆုံတိုင်း မာမာအေးနဲ့ဆုံတိုင်း တင်မိုးက သီချင်းဆိုချင်တာပါ။ သူများဆိုတာ နားထောင်ချင်တာထက် သူကိုယ်တိုင်ဆိုချင်တာက ပိုကဲပါတယ်။

ကျွန်တော်အလွမ်းဆုံးကတော့ တင်မိုးက ချစ်ဦးညိုနဲ့ကျွန်တော့ကို တစ်ဖက်တချက် ပုခုံးဖက်ပြီး သီချင်း ဆိုခဲ့ကြတဲ့ ညတစ်ညပါပဲ။ တက္ကသိုလ်အဓိပတိလမ်းမကြီးမှာ လူရှင်းချိန် လသာတဲ့ညမှာ ရောက်တတ်ရာရာ သီချင်းတွေဆိုကြတော့ နောက်ဆုံးတင်မိုးဆိုလိုက်တဲ့သီချင်းက ကျွန်တော်တို့လည်းမမျှော်လင့်၊ တခြားသူ့မိတ် တွေအပေါင်းအသင်းတွေလည်း မျှော်လင့်ထားမှာမဟုတ်တဲ့ သီချင်းပါ။ ဂိုယာရမ် တဲ့။ သူဆိုတော့ ချစ်ဦးညိုနဲ့ ကျွန်တော်ပါ သံပြိုင်လိုက်ဆိုမိကြပါတယ်။ ချစ်ဦးညိုရေ မှတ်မိတယ်မဟုတ်လား။ ဒါဟာ ကျွန်တော်တို့ သုံးယောက် နောက်ဆုံးတွဲခဲ့ကြတာဖြစ်မယ် ထင်ပါတယ်။

ချစ်ဦးညိုနဲ့ကျွန်တော်နဲ့ နောက်ဆုံးအကြိမ်ဆုံမိကြတာကိုလည်း လွမ်းမိပါတယ်။ ကျွန်တော် ပြည်ပ မထွက်ခင် နောက်ဆုံးတွေ့ခဲ့ကြတာ ဆိုလိုပါတယ်။ ညီလေး ချစ်ဦးညို မှတ်မိပါလေစ။ ဒေါ်ခင်မျိုးချစ်ရဲ့ နောက်ဆုံးခရီးမှာပေါ့။ ဒေါ်ခင်မျိုးချစ်ရဲ့ ရုပ်အလောင်းဘေးမှာ ကျွန်တော်နဲ့ချစ်ဦးညို နှစ်ယောက်သား ရှိုက်ကြီး တင် ငိုကြွေးရင်း အမေ ဒေါ်ခင်မျိုးချစ်ကို ပြိုင်တူဦးချနှုတ်ဆက်လိုက်ကြပါတယ်။ နောက်တော့ ကျွန်တော်ပြည်ပ ထွက်လာလို့ ချစ်ဦးညိုနဲ့မဆုံဖြစ်တော့ပါ။

ချစ်ဦးညိုကို ဆရာမကြီးဒေါ်ခင်မျိုးချစ်တို့ ဇနီးမောင်နှံက အလွန်ချစ်ပါတယ်။ ကျွန်တော်နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ဇနီးမောင်နှံက ရင်းနှီးကြတာက အိမ်နီးချင်းမို့ပါ။ အဝေးကြီးနေတဲ့ ချစ်ဦးညိုကို ခဏခဏ တွေ့ချင် လို့ တစ်ခါတစ်လေ ကျွန်တော့်ကိုရှာခိုင်းတတ်ပါတယ်။ ဒေါ်ခင်မျိုးချစ်နဲ့ လူထုဒေါ်အမာတို့ကလည်း အသက်ကြီးသွားလို့သာ။ တကယ်တော့ သူတို့လည်း တင်မိုးလိုပါပဲ။ လေဘာတီ မမြရင်ဆိုတဲ့သီချင်းတွေကို အလွန်ဟဲချင်ကြရှာပါတယ်။ ချစ်ဦးညိုက ဆိုတတ်၊ ကတတ်တဲ့အပြင် သဘင်လောကအကြောင်းလည်း ထဲထဲ ၀င်ဝင်သိလို့ ဇာတ်သဘင်စိတ်ဝင်စားသူတွေက ချစ်ဦးညိုနဲ့ပြောကြဆိုကြရတာ မွေ့လျော်တတ်ကြပါတယ်။

အခု အမေရိကားကို ချစ်ဦးညိုတို့လာမယ်ဆိုတော့ ချစ်ဦးညိုအလွမ်းငွေ့တွေက ထောင်းထောင်းထလာ တာနဲ့ စာထရေးလိုက်တော့ ချစ်ဦးညိုမဟုတ်ဘဲ ချစ်ဦးညီ ဖြစ်သွားပါလေရော။ ချစ်ဦးညီဆိုတော့ ချစ်ဦးအစ်ကိုကြီးတို့ ချစ်ဦးကချေသည်မလေးတို့ပါ တသီကြီးပါလာလို့ မလည်းကလောင်ချုပ်ယူရပါတယ်။ သြော် လွမ်းသလေး၊ မန်းမြေ တ မိပြန်တော့၊ စွမ်းကဖေးမှာ လွမ်းပွေစွရယ်နဲ့ ဂျမ်းရေ … လိုပဲတော့ ထန်းရေက တငုံ နှစ်ငုံ…..။ ကာရန်ဆွဲရာ ရေးမိပါလေရော။

မောင်စွမ်းရည်၊ ဇူလိုင် ၃၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်စွမ်းရည်

One Response to မောင်စွမ်းရည် – ချစ်ဦးညီနဲ့ တင်မိုး

  1. Ba Ba Gyi on August 18, 2017 at 7:45 pm

    ပီကင်းပြန် နွဲ့နွဲ့စန်းမဟုတ်ပါ။ ဆိုဗီယက်ပြန် နွဲ့နွဲ့စန်းပါ။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်