နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ

August 22, 2017

နိုင်ဝင်းသီ ● ချစ်ခြင်းဂယ်လာရီ

(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁

(တစ်)
အချစ်ဟူသော စကားလုံးကို သူ့ဘဝထဲသို့ ပထမဦးဆုံးဆွဲသွင်းခဲ့သူမှာ သူ၏ ဦးလေးတော်စပ်သူဖြစ်သည်။

ဦးလေးမှာ မိန်းမရှိပါသည်။ ကလေးနှစ်ယောက်လည်းရှိသည်။ သူသတိပြုမိသလောက် ဦးလေး၏မိန်းမသည် စကားနည်းပြီး  အလွန်အေးချမ်းသူဖြစ်သည်။ သူတို့အိမ်ထောင်သက်တမ်းတလျှောက် ဦးလေးမူးပြီး ဆူဆူပူပူ ထလုပ်သည့်ရက်မျိုးကလွဲ၍ သူတို့လင်မယားနှစ်ယောက် အော်ဟစ်ပေါက်ကွဲနေတာမျိုးကို  တကြိမ်တခါမှ သူမကြုံခဲ့ဘူးပါ။ သို့သော်လည်း ဦးလေးသည် နူးညံ့သိမ်မွေ့သော သူ့မိန်းမကိုပစ်ပြီး နောက်မိန်းမတယောက် ယူသွားခဲ့လေသည်။

” မိန်းမတွေဟာ သူတို့ယောက်ျားဘဝကိုရမှ အချစ်ဆိုတာ ယောက်ျားလေးတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ
နားလည်လာမှာကွ”

အဲဒီနေ့တုန်းက ဦးလေး၏မျက်လုံးများသည် ခါတိုင်းမြင်တွေ့နေကျ မျက်လုံးများလို ပျော်ရွှင်နေသော မျက်လုံးမျိုးမဟုတ်ဘဲ
လျှို့ဝှက်မှုများဖြင့် တောက်ပနက်ရှိုင်းနေခဲ့သည်။

ဦလေး၏စကားလုံးတွေကို သူနားမလည်သလို ဦးလေး၏မျက်လုံးတွေထဲက လျှို့ဝှက်ချက်ကိုလည်း သူ အဓိပ္ပါယ်မဖော် တတ်ခဲ့ပါ။ ဦးလေးနောက်ယူလိုက်သော  မိန်းကလေးက အရင်မိန်းမထက် အသက်တဝက်ခန့်ငယ်ရွယ်ပြီး မော်ဒယ်လ်တ ယောက်နှင့် ဆင်ဆင်တူမှန်းတော့ သူသတိပြုမိခဲ့သည်။သို့သော်လည်း ဦးလေးသည် ထိုမိန်းကလေးနှင့်လည်း သုံးနှစ်ခန့်သာ ပေါင်းသင်းခဲ့လေသည်။

” မထူးပါဘူးကွာ .. မိန်းမဆိုတာ မိန်းမပါပဲ။ ဘာမှ မထူးခြားပါဘူး”  ဟု ခြူသံပါအောင်ညည်းညူပြီး တောရကျောင်းတကျောင်း မှာ ဘုန်းကြီးဝတ်သွားခဲ့သည်။ သူ့မိန်းမနှစ်ယောက်မှာသာ ပစ္စည်းခန်းကိစ္စအတွက် တရားတွေ တဘောင်တွေဖြစ်ပြီး ကျန် ရစ်ခဲ့လေသည်။

မှတ်မှတ်ရရ အဲဒီအချိန်ကစပြီး အချစ်ဆိုသောစကားလုံးသည် သူ့ဘဝထဲကို ဘာအဆက်အစပ်မှမရှိပါဘဲနှင့် လွင့်ဝင်လာခဲ့
သည်။ အဲဒီတုန်းက သူ အလွန်ငယ်ပါသေးသည်။

(နှစ်)
အချစ်ဟူသော စကားလုံးနှင့် ဒုတိယအကြိမ် ပတ်သက်ရသည်မှာ နောက်ဆုံးနှစ်စာမေးပွဲကို ဖြေဆိုရန်အတွက် မြို့ပြသို့ တက်လာခဲ့စဉ်ကဖြစ်သည်။ ထိုအချိန်တုန်းက ကုမ္ပဏီတခုမှာ အလုပ်လုပ်ပြီး ပြင်ပဘော်ဒါဆောင်တခုမှာ သူ နေထိုင်ပါသည်။

ထိုဘော်ဒါဆောင်မှာ နေထိုင်ခဲ့စဉ်ကာလတလျှောက်လုံး သူနှင့် ရင်းနှီးခင်မင်သူဟူ၍ နှစ်ယောက်သာ ရှိသည်။ ပထမလူမှာ လိုင်းပေါင်းစုံကိုင်သော ပွဲစားတယောက်ဖြစ်ပြီး ဒုတိယလူမှာ ဆင်ခြေဖုံးမြို့ကလေးများသို့ လှည့်လည်၍ မျက်လှည့်ပြစား နေသော  မျက်လှည့်ဆရာတယောက်ဖြစ်သည်။

သူသတိပြုမိသလောက်တော့ ပွဲစားမှာ လုပ်ငန်းခွင်ဝင်ဖို့ အမြဲတမ်း နိုးကြားလန်းဆန်းနေသော လျှာတချောင်းရှိသည်။ ငွေ စက္ကူများကို ခုန်ဟပ်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေသော သားရေအိတ်မည်းတလုံးရှိသည်။ ကြံရည်ဖန်ရည်အသင့်အတင့်ရှိ သော ဦးခေါင်းတလုံးရှိသည်။ မိုးလင်းသည်နှင့် ဘယ်သူ့ကို ဘယ်လိုခွင်ရိုက်ရပါမည်လည်းဟု ချောင်းမြောင်းနေသော မျက် လုံးတစုံရှိသည်။ ထိုခန်းဝင်ပစ္စည်းတွေနှင့်ပဲ ပျော်ရွှင်စရာကောင်းသော ရက်စွဲတချို့ကို သူ ရှာဖွေတွေ့ရှိလာခဲ့တာမဟုတ်လား။

လွန်ခဲ့သည့် သုံးနှစ်ခန့်ကတော့ ကြံရည်ဖန်ရည်အသင့်အတင့်ရှိသော သူ့ဦးခေါင်းထဲမှ ထက်မြက်မှုတွေ တခုပြီးတခု ထွက် ကျလာခဲ့သောကြောင့် ပွဲစား တော်တော်လေးကို အဆင်ပြေခဲ့သည်။ ထိုရက်စွဲတွေတုန်းက မြို့ပြ၏ညနေခင်းများကို ရီဝေ ပျော်မောစွာ ဖြတ်သန်းခဲ့နိုင်ရုံမက တိုက်ခန်းတခန်းနှင့် ဆလွန်းကားတစီးကိုပါ ပွဲစားဝယ်နိုင်ခဲ့သည်။ သို့သော်လည်း ပွဲစား သည် လှပဆန်းကြယ်သော ခေတ်သစ်ဘောဂဗေဒ  ကကြိုးသစ်များကို ကြာမြင့်စွာ မကနိုင်ခဲ့ရှာပါ။ ရောင်းမှား ဝယ်မှားခွင် တခုတွင်  ရုန်းထွက်ခြင်းငှာ မည်သို့မျှ မစွမ်းသာသောကြောင့်  ဆိတ်ဖလူးပန်းရနံ့ မွှေးရီထုံယစ်သောနေရာတခုသို့ မမျှော်လင့် ဘဲနှင့် ရောက်ခဲ့ရလေသည်။

ထိုကာလအတွင်း သူ အသေအချာပိုင်ဆိုင်ခဲ့သော ရုပ်ဝတ္ထုပစ္စည်းတွေအားလုံးကို ပွဲစား ဆုံးရှုံးခဲ့သည်။ ကာနှင့်တိုက်ခန်းကို
လည်း သူ ဆုံးရှုံးခဲ့ရသည်။ သူ ကိုးစားယုံကြည်ခဲ့သော မိတ်ဆွေတွေအားလုံးကိုလည်း သူ ဆုံးရှုံးခဲ့ရသည်။ ခိုင်မာသော ကတိကဝတ်တွေကိုလည်း သူ ဆုံးရှုံးခဲ့ရသည်။ အဆိုးတကာ အဆိုးဆုံးမှာ ပွဲစားနယ်ပယ်တွင် မတ်မတ်ခိုင်ခိုင် စိုက်ထူထားခဲ့ သော သူ၏အမည်နာမကို ဆုံးရှုံးသွားရခြင်းဖြစ်လေသည်။

ဆုံးရှုံးမှုပေါင်းများစွာကို ခါးသက်စွာ ကြုံဆုံခဲ့ရသော ပွဲစား၏ဘဝမှာ နာကျင်စရာပင် ကောင်းနေသေးတော့သည်။ သို့သော်
လည်း ထိုပွဲစား စိတ်ဓာတ်မကျပါ။ အမှောင်ထဲမှ ကျွတ်လွတ်လာသည်နှင့်နှစ်ပေါင်းများစွာသူ ကျင်လည်ခဲ့သော ပွဲစားအဝန်း အဝိုင်းထဲကိုပဲ သူ ခြေပြန်ချခဲ့သည်။ သူ့ဘဝနေမှုဟန်ပန်နှင့် လိုက်လျောညီထွေအဖြစ်ဆုံးနယ်ပယ်ဟာ ဒီနယ်ပယ်တခုပဲ ရှိ တာမဟုတ်လား။

တခါတခါတော့လည်း မြို့ပြ၏ ညခင်းထဲကို ငေးငေးရီရီကြည့်နေသော ပွဲစား၏မျက်ဝန်းတွေထဲမှာ နာကျည်းမုန်းတီးမှုများဖြင့်
တောက်ပလာသည်ကို သူ တွေ့ခဲ့ဖူးပါသည်။ ပွဲစားကတော့ သူ့ကိုပြောခဲ့ဖူးသည်။

“ကိုယ့်ရဲ့နံကြားထဲကို ထိုးစိုက်မယ့်ဓားဟာ ဘယ်တော့မှ အဝေးကြီးကမလာဘူးကွ။ ကိုယ်နဲ့ အနီးကပ်ဆုံးနေရာကပဲ လာ လေ့ရှိတာ”

မှားယွင်းခွင့် အလွန်နည်းပါးသော မိုင်တိုင်အမှတ်သို့ ရောက်ရှိနေသူတဦး၏ ရင်ထဲကလာသော စကားဖြစ်ပါသည်။ သူ့နံကြား
ထဲကို စိုက်ဝင်တုန်ခါသွားသော ဓားကို ဘယ်သောအခါမှ မေ့လျော့သွားမှာ မဟုတ်သလို အဲဒီဓားကိုပဲ မြည့်နေအောင်သွေးပြီး ထိုလူ့ကို ပြန်လည်ထိုးစိုက်ရမှာဖြစ်ကြောင်း ပြောခဲ့သောညက အေးစက်တောက်ပနေသော သူ့မျက်လုံးတွေကိုကြည့်ပြီး ခြေဖျားလက်ဖျားတွေ အေးစက်သွားခဲ့သေးသည်။

သူ့ရဲ့လုပ်ငန်းနယ်ပယ်ထဲမှာ မည်ကဲ့သို့သော နည်းဗျူဟာမျိုး ခင်းကျင်းဖြန့်ကျက်သည်မသိရသော်လည်း သူနှင့်ဆက်ဆံရာ မှာတော့ ရိုးသားဖြူစင်မှုကို ဆုပ်ကိုင်မိသောကြောင့် ထိုပွဲစားကိုတော့ သူ ခင်မင်မိသည်။

(သုံး)

မျက်လှည့်ဆရာ၏ ဘဝကောက်ကြောင်းကတော့ တဘာသာ။ ကနဦးက ကြေးနီရောင်တောက်ပနေသော အသားအရောင်၊ ပါးလျပိန်သွယ်သောကိုယ်ခန္ဓာအချိုးအဆက်၊ လှိုင်းထတွန့်ကွေးနေသော ဆံပင်နက်နက်များနှင့် အရောင်ရင့်ရင့်ရှပ်လက်ရှည် များကို သပ်ရပ်စွာ ဝတ်ဆင်လေ့ရှိသောသူ့ကို မျက်လှည့်ဆရာတဦးဖြစ်လိမ့်မည်ဟူ၍ ဘယ်သူကမှ မထင်ခဲ့ပါ။ အ ဆောင်မှ အစောဆုံးထွက်ခွာသူဖြစ်ပြီး အဆောင်သို့နောက်အကျဆုံး ပြန်ရောက်လာသူတဦးအဖြစ်နှင့်သာ သူတို့အားလုံးက သူ့ကို သိထားကြပါသည်။

အဆောင်မှ သူထွက်ခွာသွားတိုင်း အတော်အသင့်ကြီးမားသော ခရီးဆောင်အိတ်တလုံးကို လွယ်သွားတတ်သလို အဆောင် သို့ပြန်လာတိုင်းလည်း  ထိုအိတ်မည်းကြီး ပြန်ပါလာတတ်သည်ကို သူတို့အားလုံး သတိပြုမိကြသည်။ ထိုအိတ်က အနည်း ငယ် လေးပင်ပုံလည်း ရပါသည်။

သူနှင့် ရင်းနှီးခင်မင်သွားတော့မှ ထိုအိတ်ထဲတွင် ဆာလာအိတ်ဖြင့် ထုတ်ပိုးထားသော စပါးကြီးမြွေနှစ်ကောင် ထည့်ထားမှန်း
သူတို့သတိပြုမိတော့သည်။ ဒါ့အပြင် လူအရိုးခေါင်းခွံနှစ်ခုကိုလည်း မြွေတွေနှင့် ရောနှောပြီး ထည့်ထားပါသေးသည်။ ထို အခါကျမှ သူ့ကို မျက်လှည့်ဆရာတယောက်ဖြစ်နေမှန်း သူတို့ သိကြပါတော့သည်။

“မြွေတွေပါတဲ့မျက်လှည့်ဆရာကို ဘယ်လိုအဆောင်မျိုးက လက်ခံမှာလဲကွာ။ ဒါ့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ အလုပ်လုပ်နေတာပါပြောပြီး အဆောင်မှာခပ်တည်တည်နဲ့ နေနေရတာကွ”

ကာယကံရှင်တော့ ဘယ်လိုနေသည်မသိ။ သူနှင့်ပွဲစားကတော့ လက်မောင်းလုံးခန့်ရှိမည့် စပါးကြီးမြွေနှစ်ကောင်ကို နိစ္စဒူဝ
အသွားအပြန် သယ်မ နေရသော ပွဲစားကိုကြည့်ပြီး မောဟိုက်လာလေသည်။ ပွဲစားက ခေါင်းတရမ်းရမ်းနှင့်  …

“ခင်ဗျားဗျာ …ဒီမြွေနှစ်ကောင်နဲ့ အရိုးခေါင်းနှစ်လုံးကို တနေရာရာမှာ ထားခဲ့ဖို့ကောင်းတယ်။ အသွားသယ်  အပြန်သယ်နဲ့
ခင်ဗျားကိုကြည့်ရတာ ပင်ပန်းလိုက်တာဗျာ”

မျက်လှည့်ဆရာက ခြောက်ကပ်စွာပြုံးပြီး…

“ကျွန်တော် ပစ္စည်းထားနေကျအိမ်တွေက ဒီ့ပြင်ပစ္စည်းတွေကို လက်ခံတယ်ဗျ။ မြွေနှစ်ကောင်နဲ့ အရိုးခေါင်းကျတော့ လက် မခံတော့ဘူး။ ဒါကြောင့်မို့လည်း အသွားသယ် အပြန်သယ်နဲ့  အပင်ပန်းခံပြီးသယ်နေရတာပေါ့ဗျာ။ ဘယ်သူက အလေးခံပြီး သယ်ချင်ပါ့မလဲ။ ကားစီး၊ ရထားစီးလို့များ ဒီကျေးဇူးရှင် နှစ်ကောင်နဲ့ ဘယ်လောက်ဒုက္ခရောက်တယ်အောက်မေ့လဲ”

ပွဲစားက လှုပ်စိလှုပ်စိဖြစ်နေသော ဆာလာအိတ်ကိုကြည့်၍ ပခုံးတချက်တွန့်လိုက်ပြီး …

“ဟေ့လူရာ…အိတ်ကိုချည်ထားတဲ့ကြိုးက ခိုင်ရဲ့လားဗျာ။ ကြည့်လည်းလုပ်ပါဦး။ တော်ကြာ ကြိုးပြေသွားလို့ ခင်ဗျားဘော် ဒါနှစ်ကောင်ထွက်လာရင် တဆောင်လုံး ပြေးနေရပါဦးမယ်ဗျာ”

“ကြိုးပြေသွားလို့ မဖြစ်ဘူးသူငယ်ချင်းရ၊ ခိုင်အောင်ချည်ထားရတယ်။ အရင်ဘော်ဒါဆောင်မှာနေတုန်းက ကြိုးပြေပြီး ထွက်သွားလို့ ဒီအဆောင်ကို ပြောင်းလာခဲ့ရတာဗျ”

ဆာလာအိတ်ထဲမှ လျှောခနဲထွက်သွားသည့် မြွေနှစ်ကောင်၏ အရွေ့အလျားကိုစိတ်ကူးထဲမှာ ပုံဖော်ကြည့်ပြီး သူ့ ခြေဖျား
လက်ဖျားတွေ အေးစက်သွားလေသည်။ သူသိချင်စိတ် ပြင်းပြစွာနှင့် …

“ဒါဆိုရင် ဒီမြွေတွေဟာ အပြင်ဘက်ကို ရောက်သွားတာပေါ့နော်”

မျက်လှည့်ဆရာက အစီခံမပါသော စီးကရက်တလိပ်ကို မီးညှိ၍ အားရပါးရ ရှိုက်ဖွာလိုက်ပြီး …

“ဒါပေါ့ကွ…အိတ်ထဲက ထွက်သွားပြီဆိုမှတော့ အပြင်ဘက်ကို ရောက်သွားပြီပေါ့ကွ”

“ဘယ်နေရာတွေကို ရောက်သွားလဲ”

မျက်လှည့်ဆရာက စီးကရက်မီးခိုးငွေ့များကို ဟူးခနဲ မှုတ်ထုတ်လိုက်ပြီး …

“ဘယ်နေရာ ရောက်သွားတယ်ထင်လို့လဲ။ တကောင်က အဆောင်ပိုင်ရှင် မိန်းမကြီးအိပ်တဲ့ အိပ်ရာပေါ် တက်ခွေနေတာကွ”

“ဟာ”

“မိန်းမကြီးကွာ အော်လိုက်တာမှ ငယ်သံကို ပါနေတာပဲ။ တော်သေးတာပေါ့ကွာ။ လန့်ဖျပ်ပြီး တခုခုဖြစ်မသွားတာ”
ပွဲစားက ဝိုင်းစက်အံသြသွားသော မျက်လုံးများဖြင့် မျက်လှည့်ဆရာကို ကြည့်လိုက်ပြီး …

“နောက်တကောင်ကရော”

“နောက်တကောင်က အဆောင်နားက ဓမ္မာရုံကို ရောက်သွားတာဗျ။ ဓမ္မာရုံမှာကလည်း တရားပွဲရှိနေတော့ ဘာပြောကောင်းမ
လဲဗျာ ဘုန်းကြီးလည်း ထပြေး။ တရားနာနေတဲ့ ပရိသတ်တွေလည်း ရုတ်ရုတ်သဲသဲဖြစ်ပြီး ထပြေးရတာပေါ့။ ပြောရရင်တော့ အဲဒီညကစပြီး ကျွန်တော်လည်း အဆောင်က ဆင်းခဲ့ရတာပါပဲဗျာ။ နောက်တနေ့လေးတောင် အကူးမခံတော့ဘူး။ ညတွင်း ချင်းကို မောင်းချလိုက်တာပါပဲ သူငယ်ချင်းတို့ရာ”

သူတို့အားလုံး ရယ်မောလိုက်ကြပါသည်။

မျက်လှည့်ဆရာနှင့်မသိကျွမ်းခင်က သူ့ရဲ့အသွင်သဏ္ဌာန်ဟာ အေးစက်စက်နိုင်လှသော်လည်း ခင်မင်သွားချိန်မှာတော့ သူ့ဘဝဟာ စိတ်ဝင်စားစရာကောင်းလာပါသည်။

ပွဲစားကတော့ မျက်လှည့်ဆရာကို ရှေ့တည့်တည့်မှာထားပြီး ပြောခဲ့ဖူးသည်။

“ဒီလူက တွံတေးတောကြီးတန်းတောင်ရောက်ဖူးတဲ့လူ မဟုတ်ဘူး။ ဒါပေမဲ့ နှင်းဖုံးနေတဲ့ ရေခဲတောင်ထိပ်က သစ်ဥသစ်ဖုတွေ
ကို သက်စွန့်ဆံဖျား တူးဖော်ပြီး မိဘပြည်သူများရဲ့ ကျန်းမာရေးအတွက် လာပြီးရောင်းချပေးတာပါလို့ ပြောတဲ့လူကွ။ သူ ပြောပုံ ဆိုပုံနဲ့ သူပစ်သွင်းလိုက်တဲ့အလုံးတွေက တော်ရုံလူမပြောနဲ့။ သူများမျက်ခုံးမွေးပေါ် စင်္ကြန်လျှောက်နေတဲ့ ငါတို့လို လူမျိုးတွေတောင် ငိုင်ဆင်းသွားရတာကွ”

မျက်လှည့်ဆရာ စိတ်ဆိုးပုံမရပါ။ သူ့ရဲ့ဝသီအတိုင်း ငွေ့ငွေ့ကလေး ပြုံးပြီး …

“ဒါက ကျွန်တော်မို့လို့ ဒီလောက်ပြောနိုင်တာပါဗျာ။ ခင်ဗျားသာ ကျွန်တော့်နေရာမှာဆိုရင် ဒီဆေးမြစ်ကို တနေ့နှစ်ကြိမ် သွေးလူးပေးရင် လေဖြတ်ပြီးလဲနေတဲ့ လူမမာတောင် ဆယ်ရက်အတွင်း ထထိုင်လိမ့်မယ်လို့ ခင်ဗျားပြောမှာမို့လား”

ပွဲစားဟာ စားပွဲကို လက်ဖဝါးနှင့် ဖြန်းခနဲ ရိုက်လိုက်ပြီး …

“သိပ်သေချာတာပေါ့ဗျာ။ပြောမှာပေါ့။ ဒါပေမဲ့ ပြောတယ်ဆိုတဲ့နေရာမှာ ခင်ဗျားပြောသလို ဆယ်ရက်အတွင်း ထထိုင်မှာလို့
တော့ မပြောဘူး။ ခင်ဗျားပြောတဲ့ ဆယ်ရက်က ရက်ရှည်နေသေးတယ်။ ကျုပ်ဆို သုံးရက်တည်းနဲ့ ငေါက်ခနဲ ထထိုင်မှာလို့ ပြောမှာ”

အကြောင်းရင်း မသိသေးသည့်လူတွေဆိုလျှင် သူတို့နှစ်ယောက်၏ ပြူးပြူးပြဲပြဲ အမူအရာကိုကြည့်ပြီး စိတ်တွေ ရှုပ်ထွေး သွားနိုင်ပါသည်။ သို့သော်လည်း သူတို့နှစ်ယောက်ဟာ ဘာမှ မဖြစ်ပါ။ နယ်နိမိတ် ကန့်သတ်မထားသော သူတို့နှစ်ယောက် ရဲ့ဆက်ဆံရေးဟာ အမြဲတမ်း ထိုအတိုင်းပဲရှိခဲ့သည်။

တခါတခါတော့လည်း ဘဝအခင်းအကျင်းနှင့် စိတ်ဖွဲ့စည်းပုံချင်း အနည်းငယ်မျှလောက်ပင်တူညီမှုမရှိသော သူတို့နှစ်ယောက် ၏ချစ်ခင်ရင်းနှီးမှုကို သူ ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရသည်။ သူတို့နှစ်ယောက်မှာ တူညီတာဆိုလို့ တခုပဲရှိသည်။
မိန်းမများကို ခါးခါးသီးသီးမုန်းတီးရာတွင် သွားတူနေခြင်းပင်ဖြစ်လေသည်။

မျက်လှည့်ဆရာက “မိန်းမနဲ့ရှေ့နေသာမရှိရင် မဟာဘဒ္ဒကမ္ဘာကြီးဟာ အတော့်ကို သာယာလှပလာမှာကွ” ဟု မြွက်ကြားခဲ့ဖူး
သလို ပွဲစားကလည်း “ကမ္ဘာလောကကြီးကိုစိမ်းလန်းစိုပြည်စေချင်ရင် မိန်းမနဲ့ယင်ကောင်ကို ပြတ်ပြတ်သားသား ချေမှုန်းပေး ရမယ်ကွ” ဟု ရဲရဲတောက် သြဝါဒ ပေးခဲ့ဖူးပါသည်။
သည်လို မိန်းမမုန်းတီးရေးဝါဒီတွေကြားမှာ ချစ်ခြင်းမေတ္တာကို ထိစမ်းပွတ်သပ်ဖို့ရာ သူ့အတွက် အခွင့်အလမ်း သိပ်မရှိလှပါ။ မည်ကဲ့သို့သော ခံစားမှုမျိုးကို ဖြစ်တည်စုဖွဲ့ထားမှန်း သူ မသိသော်လည်း မိန်းမများကို မုန်းတီးသည့်နေရာမှာတော့ နှစ် ယောက်စလုံးဟာ ခါးသီးတူးခြစ်နေအောင်ကို မုန်းတီးကြကြောင်း သူ သတိပြုမိသည်။

မြို့ပြညခင်းများမှာ သူတို့အဆောင်နှင့် ခပ်လှမ်းလှမ်းမှာရှိသော ရထားသံလမ်းဘေးက အရက်ဆိုင်လေးမှာ ထိုင်လိုက်တိုင်း သူတို့စကားဝိုင်းတွင် မပါမဖြစ်သောအဓိကဘာသာရပ်မှာ မိန်းမမုန်းတီးရေးဘာသာရပ်ပင် ဖြစ်သည်။ မိန်းမတွေ မကောင်း ကြောင်းသာ ထိုင်ပြောပါဟုဆိုလျှင်  ဒီလူတွေဟာ ခုနှစ်ရက်ခုနှစ်လီ ထမင်းမစားဟင်းမစားဘဲ ထိုင်ပြောမည့် လူတွေဖြစ်သည်။

အဲသည်လိုများ တစိမ့်စိမ့်နှင့် ပြောနေရလျှင် သူတို့မျက်လုံးတွေဟာ ကြယ်ပွင့်တွေလို တဖျတ်ဖျတ်နှင့် တောက်ပနေတတ်ပါ
သည်။ မျက်လှည့်ဆရာတွင် ချောမောလှပသော မိန်းမတယောက် ရှိခဲ့ဖူးပြီး ထိုမိန်းမသည် မျက်လှည့်ဝိုင်းတွင် ဘင်တီးသော သူ့တပည့်တယောက်နှင့် လိုက်ပြေးသွားခဲ့ကြောင်း အဆောင်ထဲမှာ သူ ကြားခဲ့ဖူးသည်။

အလားတူပင် ပွဲစားတွင်လည်း ဆယ်မာဟေးယက်စ်နှင့်တူသော မိန်းမခပ်ချောချောတယောက်ရှိပြီး ထိုမိန်းမသည်လည်း ပွဲစားထက်လက်ရောခြေပါ ပိုပြီးသွက်လက်သော အခြားပွဲစားတယောက်နှင့် လိုက်ပြေးသွားခဲ့ကြောင်း  သူကြားခဲ့ဖူးပါသည်။ ဘာပဲပြောပြောကိုယ့်မိန်းမတွေ နောက်ယောက်ျားနောက်လိုက်သွားရုံနဲ့ တကမ္ဘာလုံးက မိန်းမတွေအပေါ် သိမ်းကြုံးမုန်းတီး နေတာကတော့ မကောင်းလှပါဘူး။

သည်လိုနှင့်ပဲ လရောင်ပျောက်ဆုံးနေသော မြို့ပြညများကို တညပြီးတည အေးစက်လေးကန်စွာနှင့် သူ ဖြတ်သန်းလာ ခဲ့ရသည်။ နောက်ဆုံးနှစ်ဖြေဆိုပြီး၍  ခွင့်ဆယ်ရက်ယူပြီး နယ်ကို ခေတ္တပြန်တော့ သူတို့နှစ်ယောက်စလုံး သူ့ကို သင်္ဘောဆိပ် သို့ လိုက်ပို့ကြပါသည်။

ခွင့်ရက်ကုန်ဆုံး၍ အဆောင်ကို သူပြန်ရောက်တော့  ဘယ်လိုမှ ယုံကြည်နိုင်စရာမရှိသော သတင်းတပုဒ်ကို အံ့သြတုန်လှုပ်စွာ
သူ ကြားရတော့သည်။ ပေါင်တံရှည်ရှည်မုဆိုးမတယောက်နှင့် ပွဲစားယူလိုက်သော သတင်းဖြစ်သည်။ ထိုသတင်းကို ကြား ကြားချင်း မျက်လှည့်ဆရာသည် အရက်ကို လူမှန်းသူမှန်းမသိအောင်သောက်ပြီး တညလုံး အော်ဟစ်နေခဲ့သည်ဟု အ ဆောင်ကလူတွေ ပြောပြ၍ သူသိခဲ့ရသည်။

သူ အဆောင်ကို ပြန်ရောက်တော့ မိန်းမယူသွားသော ပွဲစားရော၊ အဆောင်ပြောင်းသွားသော မျက်လှည့်ဆရာပါ အဆောင် မှာမရှိတော့ပါ။ အဆောင်မှူးထံမှာ သူတို့နေထိုင်သည့် လိပ်စာပေးသွားခဲ့သော်လည်း သူတို့ဆီကို သူ မသွားဖြစ်ပါ။

နောက်နှစ်လလောက်နေတော့ မိန်းမဆိုလျှင် အသံပင်မကြားချင်သော မျက်လှည့်ဆရာ၏ နောက်ဆက်တွဲသတင်းကို သူ ကြားရပြန်သည်။

ကလေးသုံးယောက်ပါသော နှစ်ခုလပ် နှစ်လင်ကွာ မိန်းမတယောက်နှင့် မျက်လှည့်ဆရာယူလိုက်သောသတင်းဖြစ်သည်။ ထိုသတင်းကို ကြားသိစဉ်ကာလက သူတို့အဆောင်ကလူတွေအားလုံး မီးကိုစတင်တွေ့ရှိခဲ့သော ကမ္ဘာဦးလူသားများလို တ အံ့တသြဖြစ်ကုန်ကြကြောင်း သူတွေ့ရှိရပါသည်။

သူကတော့ သူတို့နှစ်ယောက်နှင့် တွေ့ခဲ့လျှင် အချစ်ကို သူတို့က ရှာဖွေတွေ့ရှိသွားတာလား။ ဒါမှမဟုတ် အချစ်က သူတို့ကို ရှာဖွေတွေ့ရှိသွားတာလား မေးမြန်းဖို့ စိတ်ကူးထားလိုက်သည်။ ။

နိုင်ဝင်းသီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်